မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် နှစ်ခြိုက်သော ယဇ်များ

ဘုရားသခင် နှစ်ခြိုက်သော ယဇ်များ

ဘုရားသခင် နှစ်ခြိုက်​သော ယဇ်များ

“ယဇ်ပုရောဟိတ်မင်း​မည်​သည်​ကား၊ ပူဇော်​သကာ [“လက်ဆောင်​များ၊” က​ဘ] နှင့်​ယဇ်ကို​ပူဇော်​စေခြင်း​ငှာ ခန့်​ထား​လျက်​ရှိ . . . ၏။”—ဟေဗြဲ ၈:၃

၁။ ဘုရားသခင်​ထံ​လှည့်လာ​ဖို့​လို​သည်​ဟု လူ​တို့​အဘယ်ကြောင့်​ယူမှတ်​ကြ​သနည်း။

“ယဇ်​ပူဇော်​ခြင်း​သည် လူ့​အတွက် ဆုတောင်းခြင်း​ကဲ့သို့ ‘သဘာဝဗီဇ’ ဖြစ်ပုံရ​သည်; တစ်ခု​က သူ့ကိုယ်သူ​နှင့်​ပတ်သက်​၍ ခံစားရ​သည့်​အရာ​ကို​ဖော်ပြ​ပြီး အခြား​တစ်ခု​မှာ​မူ ဘုရားသခင်​နှင့်​ပတ်သက်​၍ သူ၏​ခံစားချက်​ကို​ဖော်ပြ​၏” ဟု​ကျမ်းစာ​သမိုင်း​ပညာရှင် အဲလ်​ဖ​ရ​ဒ် အယ်​ဒရှိုင်း​က​ရေးသား​ဖော်ပြ​ခဲ့​သည်။ ဤ​လောက​သို့ အပြစ်​တရားဝင်​လာချိန်​မှ​စ၍ အပြစ်ရှိ​သည်​ဟု ခံစား​ရသော​စိတ်၊ ဘုရားသခင်​ထံ​မှ​ကင်းကွာ​ခြင်း​နှင့် အကူအညီ​မဲ့​ဖြစ်​ခြင်း​ဝေဒနာ​ကို ခံစား​ကြ​ရလေ​တော့​သည်။ ၎င်း​တို့​မှ​လွတ်ငြိမ်း​ဖို့​လို​ပေ​သည်။ ထိုသို့​သော မျှော်လင့်ချက်​ကင်းမဲ့​သည့် အခြေအနေ​သို့​ရောက်နေ​ကြောင်း လူ​တို့​သိရှိ​လာ​ကြသောအခါ သူတို့သည် ဘုရားသခင်​ထံ​လှည့်၍ အကူအညီ​တောင်း​ဖို့​လို​သည်​ဟု ယူမှတ်​လာ​ကြ​ခြင်း​ကို နားလည်​ရလွယ်​ကူ​ပါ​သည်။—ရောမ ၅:၁၂

၂။ သမ္မာကျမ်းစာ​တွင် အစောပိုင်း​ယဇ်​ပူဇော်မှု​များ​ဆိုင်ရာ အဘယ်​မှတ်တမ်း​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသနည်း။

ဘုရားသခင်​အား​ယဇ်​ပူဇော်​ခြင်း​အကြောင်း ဦးဆုံး​ကျမ်းစာ​မှတ်တမ်းမှာ ကာဣန​နှင့်​အာဗေလ​တို့​နှင့် ပတ်သက်​သည်။ ကျွန်ုပ်​တို့​ဤသို့​ဖတ်ရှု​ကြ​ရသည်– “အချိန်စေ့​သောအခါ ကာဣန​သည် ထာဝရ​ဘုရားထံ ပူဇော်​သကာ​ဖို့ မြေ​အသီးကို​ဆောင်​ခဲ့​၏။ အာဗေလ​သည်လည်း မိမိ​သိုးစု​တွင် အ​ဦး​ဖွား​သော​သား​အချို့​နှင့် သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့​၏။ ထာဝရ​ဘုရား​သည် အာဗေလ​နှင့် သူ၏​ပူဇော်​သကာ​ကို ပမာဏ​ပြု​တော်​မူ​၏။” (ကမ္ဘာဦး ၄:၃၊ ၄) ထို့နောက် နောဧ​ခေတ်​မှ ဆိုးသွမ်း​သော​လူမျိုးဆက်​ကို ရေလွှမ်းမိုး​ဘေး​ကြီး​ဖြင့် ဖျက်ဆီး​ခဲ့​ရာ​တွင် ဘုရားသခင်​၏​ကာကွယ်​စောင့်ရှောက်မှု​ကို​ခံ​ခဲ့​ရသော နောဧ​သည် ယေဟောဝါ​အား “ယဇ်​ပလ္လင်​ပေါ်မှာ မီးရှို့​သော​ယဇ်ကို ပူဇော်” ရန်​လှုံ့ဆော်​ခံ​ခဲ့​ရ​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ရသည်။ (ကမ္ဘာဦး ၈:၂၀) ဘုရားသခင်​၏​သစ္စာရှိ​ကျေးကျွန်​နှင့် မိတ်ဆွေ​ဖြစ်သူ​အာဗြဟံ​သည် ဘုရားသခင်​၏​ကတိတော်​များနှင့် ကောင်းချီး​များ​၏​လှုံ့ဆော်မှု​ကို​ခံရ​သဖြင့် ချိန်​ခါ​များစွာ​၌ ‘ယဇ်ပလ္လင်ကို​တည်​ပြီး​လျှင် ယေဟောဝါ​၏​နာမတော်​ကို​ခေါ်​ခဲ့’ သည်။ (ကမ္ဘာဦး ၁၂:၈; ၁၃:၃၊ ၄၊ ၁၈) နောက်ပိုင်း​တွင် ယေဟောဝါ​က မီးရှို့​ရာ​ယဇ်​အဖြစ် သူ၏​သား​ဣဇာက်​ကို​ပူဇော်​ဖို့ အာဗြဟံ​အား​မိန့်ဆို​သောအခါ သူသည် ယုံကြည်ခြင်း​ဆိုင်ရာ အကြီးမားဆုံး​စမ်းသပ်မှု​ကို ခံ​ခဲ့​ရသည်။ (ကမ္ဘာဦး ၂၂:၁-၁၄) ဤ​မှတ်တမ်းများ​သည် တိုတုတ်​သော်လည်း ကျွန်ုပ်​တို့​တွေ့ရ​မည်​ဖြစ်သည့်​အတိုင်း ယဇ်​ပူဇော်​ခြင်း​အကြောင်းကို များစွာ​အလင်းဖြာ​သည်။

၃။ ဝတ်ပြုရေးတွင် ယဇ်​ပူဇော်​ခြင်း​သည် အဘယ်​ကဏ္ဍ​မှ​ပါဝင်​သနည်း။

ဤ​ကျမ်းစာ​မှတ်တမ်းများ​နှင့် အခြား​မှတ်တမ်းများ​အရ ယဇ်​ပူဇော်​ခြင်း​နှင့်​ပတ်သက်​၍ သီးသန့်​ပညတ်​များ​ကို ယေဟောဝါ​မပေး​မီ ကြာမြင့်စွာ​အချိန်​ကတည်းက ယဇ်​တစ်မျိုး​မျိုးကို​ပူဇော်​ခြင်း​သည် ဝတ်ပြုမှု​၏ အခြေခံ​အစိတ်အပိုင်း​တစ်ခု​ဖြစ်​ကြောင်း ထင်ရှား​သည်။ ၎င်းနှင့်​အညီ ကိုးကားချက်​တစ်ခု​က “ယဇ်​ပူဇော်​ခြင်း” ကို “လူသား​သည် မြင့်မြတ်​သည်​ဟု​ယူဆ​သော​ပုဂ္ဂိုလ်​နှင့် မျက်နှာသာ​ရ ဆက်ဆံ​ရေး​ကို ထူထောင်​ရန်၊ ဆက်​ထိန်းသိမ်း​ရန် သို့​မဟုတ် ပြန်​ရရှိစေရန် အရာဝတ္ထု​တစ်ခု​ကို ဘုရားသခင်​အားဆက်​ကပ်​သည့် ဘာသာရေး​အခမ်းအနား​တစ်ခု” အဖြစ်​ရှင်းပြ​ထား​သည်။ သို့သော် ယင်းက ကျွန်ုပ်​တို့​အလေးအနက်​သုံးသပ်ထိုက်​သော အရေးပါသည့် ဤ​မေးခွန်း​အချို့​ကို ပေါ်ထွက်​လာ​စေ​သည်– ဝတ်ပြုရေးတွင် ယဇ်​ပူဇော်​ဖို့ အဘယ်ကြောင့်​လိုအပ်​သနည်း။ အဘယ်​ယဇ်မျိုး​ကို ဘုရားသခင်​နှစ်သက်​လက်ခံ​သနည်း။ ရှေးခေတ်​မှ​ယဇ်​ပူဇော်မှု​များ​က ယနေ့​ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

အဘယ်ကြောင့်​ယဇ်​ပူဇော်​ဖို့​လို​သနည်း

၄။ အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​သောအခါ သူတို့​အတွက် ရလဒ်​ကား​အဘယ်နည်း။

အာဒံသည် တမင်တကာ​အပြစ်ပြု​ခဲ့​သည်။ ကောင်း​မကောင်း​သိကျွမ်းရာ​အပင်​မှ​အသီးကို သူ​ယူ၍​စားခြင်း​သည် မနာခံမှု​ဆိုင်ရာ တမင်​ပြု​သည့်​လုပ်ရပ်​ဖြစ်သည်။ ဘုရားသခင်​က “စား​သော​နေ့တွင် ဧကန်​အမှန်​သေရ​မည်” ဟု​ရှင်းလင်း​ပြတ်သား​စွာ မိန့်တော်မူ​ခဲ့​သည့်​အတိုင်း နာခံမှု​မရှိသော ထို​လုပ်ရပ်​၏​အ​ခ​ကား သေခြင်း​ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၇) အာဒံ​နှင့်​ဧဝ​တို့သည် နောက်ဆုံး​တွင် အပြစ်​၏​အ​ခ​ကို​ရိတ်သိမ်း​ပြီး သေဆုံး​ခဲ့​ကြ​ရသည်။—ကမ္ဘာဦး ၃:၁၉; ၅:၃-၅

၅။ ယေဟောဝါ​သည် အာဒံ​၏​သားစဉ်မြေးဆက်​များ​အကျိုးအတွက် အဘယ်ကြောင့်​အစပြု​လုပ်ဆောင်ခဲ့​သနည်း၊ သူတို့​အတွက် ကိုယ်တော်​အဘယ်အရာ​ပြု​ခဲ့​သနည်း။

သို့သော် အာဒံ​၏​သားစဉ်မြေးဆက်​များ​ကော အသို့နည်း။ အာဒံ​ထံ​မှ အပြစ်​နှင့်​မစုံလင်မှုကို အမွေခံ​ခဲ့​ကြ​ရာ သူတို့သည် ပထမ​လူသား​မောင်နှံ​ကြုံတွေ့​ခဲ့​ကြ​ရသော ဘုရားသခင်​ထံ​မှ​ကင်းကွာ​ခြင်း၊ အကူအညီ​မဲ့​ဖြစ်​ခြင်း​နှင့် သေခြင်း​တို့ကို​ခံ​ကြ​ရသည်။ (ရောမ ၅:၁၄) သို့သော် ယေဟောဝါ​သည် တရား​မျှတသော၊ တန်ခိုး​ရှိသော​ဘုရားသခင်​ဖြစ်​ရုံ​မ​က အမှန်​မှာ ကိုယ်တော်​သည် အဓိက​အားဖြင့် မေတ္တာ​ရှိသော​ဘုရားသခင်​လည်း ဖြစ်​တော်​မူ​၏။ (၁ ယောဟန် ၄:၈၊ ၁၆) ထို့​ကြောင့် ထို​ကွာဟမှု​ကို​စေ့စပ်​ပေးဖို့ ကိုယ်တော်တိုင်​အစပြု​လုပ်ဆောင်ခဲ့​သည်။ “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း” ဟု​ဖော်ပြ​ပြီး​နောက် ကျမ်းစာ​က​ဤသို့​ဆက်​ပြော​သည်– “ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား၊ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း။”—ရောမ ၆:၂၃

၆။ အာဒံ​၏​အပြစ်​ကြောင့်​ရရှိသော နစ်နာ​ဆုံးရှုံးမှု​နှင့်​ပတ်သက်​သည့် ယေဟောဝါ​၏​အလိုတော်​ကား အဘယ်နည်း။

ထို​ဆုကျေးဇူး​ကို​သေချာ​စေဖို့ နောက်ဆုံး​တွင် ယေဟောဝါ​ပြုလုပ်​ခဲ့​ရာ​မှာ အာဒံ​၏​အပြစ်​ကြောင့် ဆုံးရှုံး​ခဲ့​ရာ​ကို ဖုံးအုပ်​နိုင်​မည့်​အရာတစ်ခု စီမံ​ပေးခြင်း​ဖြစ်သည်။ ဟေဗြဲ​ဘာသာ​စကား​၌ ကာ​ဖာရ်​ဟူသော​စကားလုံး​သည် အစပိုင်း​၌ “ဖုံးအုပ်” သို့​မဟုတ် “ချေဖျက်” ဟု​အဓိပ္ပာယ်​ရှိ​နိုင်​ပြီး ၎င်းကို “အပြစ်ဖြေ​ခြင်း” ဟု​လည်း​ပြန်ဆို​ကြသည်။ * တစ်နည်း​အားဖြင့်​ဆိုလျှင် ယေဟောဝါ​သည် အာဒံ​မှ အမွေ​ရသော​အပြစ်ကို ဖုံးအုပ်​ရန်​နှင့် ၎င်း​ကြောင့်​ဖြစ်ပေါ်​လာသော နစ်နာမှု​ကို​ချေဖျက်​ရန် သင့်လျော်​သော​နည်း​တစ်နည်း​ကို စီစဉ်​တော်​မူ​ခဲ့​၍ ထို​ဆုကျေးဇူး​ကို​ရရှိရန် အရည်အချင်း​ပြည့်မီ​သူများ​သည် အပြစ်​နှင့်​သေခြင်း ဒဏ်​စီရင်ချက်​မှ​လွတ်မြောက်​နိုင်​ကြ​မည်​ဖြစ်သည်။—ရောမ ၈:၂၁

၇။ (က) စာတန်​အပေါ်​ချမှတ်​သည့် ဘုရားသခင့်​စီရင်ချက်​မှ​တစ်ဆင့် အဘယ်​မျှော်လင့်ချက်​ပေး​ခဲ့​သနည်း။ (ခ) အပြစ်​နှင့်​သေခြင်း​မှ လူသား​တို့၏​လွတ်မြောက်မှု​အတွက် အဘယ်​အ​ခ​ပေး​ရမည်​နည်း။

ပထမ​လူသား​မောင်နှံ အပြစ်​ပြုပြီး​ပြီး​ချင်း အပြစ်​နှင့်​သေခြင်း​၏ ကျွန်​သားပေါက်​ဘဝ​မှ လွတ်မြောက်ခြင်း​မျှော်လင့်ချက်ကို အရိပ်အမြွက်​ဖော်ပြ​ခဲ့​သည်။ မြွေ​ကိုယ်စား​ပြု​သည့် စာတန်​ကို တရား​စီရင်​သောအခါ ယေဟောဝါ​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်​နှင့်​မိန်းမကို​လည်းကောင်း၊ သင်၏​အမျိုးအနွယ်​နှင့် မိန်းမ​၏​အမျိုးအနွယ်​ကိုလည်း​ကောင်း ငါသည်​ရန်ငြိုး​ဖွဲ့​စေမည်။ သူသည် သင်၏​ခေါင်း​ကို​ကြိတ်​လိမ့်​မည်၊ သင်သည် သူ၏​ဖနောင့်​ကို​ကြိတ်​လိမ့်​မည်။” (ကမ္ဘာဦး ၃:၁၅) ထို​ပရောဖက်ပြုချက်​စကား​အားဖြင့် ၎င်း​ကတိတော်​ကို ယုံကြည်​မည့်​သူအား​လုံး​အတွက် မျှော်လင့်ချက်​ရောင်ခြည် ရုတ်တရက်​ထွက်ပေါ်​လာ​ခဲ့​သည်။ သို့သော် ထို​လွတ်မြောက်မှု​အတွက် ပေးဆက်​ရမည့်​အ​ခ​ရှိ၏။ ကတိထားရာ​မျိုးနွယ်တော်​သည် ရောက်​လာ၍ စာတန်​ကို ချက်ချင်း​ဖျက်ဆီး​လိုက်​မည်​မဟုတ်ပါ; မျိုးနွယ်တော်​သည် ဖနောင့်​တွင် အကြိတ်​ခံရ​မည်​ဖြစ်သည်၊ တစ်နည်း​အားဖြင့် ထာဝစဉ်​မဟုတ်သော်လည်း အသေခံ​ရဦး​မည်။

၈။ (က) ကာဣန​သည် မည်သို့​စိတ်ပျက်​စ​ရာ​အကြောင်း​ဖြစ်လာ​ခဲ့​သနည်း။ (ခ) အာဗေလ​၏​ယဇ်​သည် ဘုရားသခင့်​ရှေ့မှောက်​တွင် အဘယ်ကြောင့်​လက်ခံနိုင်ဖွယ်​ဖြစ်​ခဲ့​သနည်း။

အာဒံ​နှင့်​ဧဝ​တို့သည် ကတိထားရာ​မျိုးနွယ်တော်​မှာ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း များစွာ​ဆင်ခြင်​သုံးသပ်​ခဲ့​ကြ​ပေမည်။ သားဦး​ကာဣန​ဖွားမြင်​သောအခါ ဧဝ​က “ထာဝရ​ဘုရား​၏​လူကို ငါ​ရပြီ” ဟု​ကြေညာ​ခဲ့​သည်။ (ကမ္ဘာဦး ၄:၁) သူ၏​သား​သည် မျိုးနွယ်တော်​ဖြစ်​ကောင်း​ဖြစ်​မည်​ဟု သူ​ယူမှတ်ခဲ့​ခြင်း​လော။ ထိုသို့​သူ​ယူမှတ်ခဲ့​သည်​ဖြစ်စေ၊ မယူမှတ်​ခဲ့​သည်​ဖြစ်စေ ကာဣန​သာမက သူ၏​ယဇ်​သကာ​ပါ စိတ်ပျက်​စ​ရာ ဖြစ်လာ​ခဲ့​သည်။ အခြား​တစ်ဖက်​တွင်​မူ သူ့​ညီ​အာဗေလ​သည် ဘုရားသခင့်​ကတိတော်​ကို ယုံကြည်​ကြောင်း​တင်ပြ​ခဲ့​ပြီး သူ၏​သိုးစု​မှ အ​ဦး​ဖွား​သော​သား​အချို့​ကို ယေဟောဝါ​ထံ​ယဇ်​သကာ​အဖြစ် ပေးဆက်​ခဲ့​သည်။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “အာဗေလ​သည် ကာဣန​ပူဇော်​သော​ယဇ်​ထက် သာ၍​မြတ်သော​ယဇ်ကို ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​အား​ပူဇော်​၏။ ထိုသို့​သော​ယဇ်ကို​ပူဇော်​၍၊ မိမိ​ဖြောင့်မတ်​သည်​ဟု သက်သေခံ​တော်​မူ​ခြင်း​ကို​ရလေ​၏။”—ဟေဗြဲ ၁၁:၄

၉။ (က) အာဗေလ​သည် အဘယ်အရာ​၌​ယုံကြည်ခဲ့​ပြီး ယင်းကို သူ​မည်သို့​တင်ပြ​ခဲ့​သနည်း။ (ခ) အာဗေလ​၏​ပူဇော်​သကာ​က အဘယ်အရာကို​ပြီးမြောက်​စေ​သနည်း။

အာဗေလ​၏​ယုံကြည်ခြင်း​သည် ဘုရားသခင်​၌ ယေဘုယျ​အားဖြင့် ယုံကြည်​ရုံ​မျှ​သာ​မဟုတ်ပါ၊ ကာဣန​၌​လည်း ထို​ယုံကြည်ခြင်း​မျိုး ရှိခဲ့​ရ​ပေမည်။ သစ္စာရှိ​လူသားတို့အား ကယ်တင်​မည့်​မျိုးနွယ်တော် ရောက်လာ​လိမ့်​မည်​ဟူသော ဘုရားသခင့်​ကတိတော်​ကို အာဗေလ​ယုံကြည်ခဲ့​သည်။ မည်သို့​ဖြစ်ပျက်​လာ​မည်​ကို သူ​မသိ​ခဲ့​ရ​သော်လည်း ဘုရားသခင့်ကတိတော်​အရ တစ်စုံ​တစ်ဦး၏​ဖနောင့် အကြိတ်​ခံရ​မည်​ကို အာဗေလ​သိရှိ​ခဲ့​သည်။ မှန်ပါသည်၊ ယဇ်​ပူဇော်​ခြင်း​ဆိုင်ရာ ထင်မြင်​ယူဆချက်​ဖြစ်သည့် အသွေး​သွန်း​ဖို့​လို​ကြောင်း သူ​သဘောပေါက်ခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။ အာဗေလ​သည် အသက်​၏​ပင်ရင်း​အမြစ်​ထံ အသက်​နှင့်​အသွေး​ပါ​သော​ယဇ်ကို ပေးဆက်​ခဲ့​သည်၊ ထိုသို့​ပြု​ခဲ့​ခြင်း​မှာ ယေဟောဝါ​၏​ကတိတော်​ဖြစ်မြောက်​လာဖို့ သူ၏​ဆန္ဒ​နှင့် မျှော်လင့်ချက် ပြင်းပြ​ကြောင်း အမှတ်လက္ခဏာ​အနေ​နှင့် ဖြစ်ဖွယ်​ရှိသည်။ ဤ​ယုံကြည်ခြင်း​တင်ပြချက်​က အာဗေလ​၏​ယဇ်ကို ယေဟောဝါ နှစ်သက်​လက်ခံနိုင်စရာ​ဖြစ်စေ​ခဲ့​ပြီး ယင်းက အပြစ်ရှိ​သော​လူသားများ ဘုရားသခင်​ထံ​ချဉ်းကပ်​၍ ကိုယ်တော်​၏​မျက်နှာသာ​ရနိုင်​သည့် နည်း​တစ်ခု​ဖြစ်သည့် ယဇ်​ပူဇော်​ရသည့် အကြောင်းရင်းကို စ​တိ​အားဖြင့်​ဖော်ပြ​သည်။—ကမ္ဘာဦး ၄:၄; ဟေဗြဲ ၁၁:၁၊

၁၀။ ယေဟောဝါ​သည် ဣဇာက်​ကို​ပူဇော်​ဖို့ အာဗြဟံ​အား​တောင်းဆိုခြင်း​ဖြင့် ယဇ်​ပူဇော်​ခြင်း​၏​ဆိုလိုချက်​ကို မည်သို့​ထင်ရှားစေ​ခဲ့​သနည်း။

၁၀ ယေဟောဝါ​က အာဗြဟံ​အား သူ၏​သား​ဣဇာက်​ကို မီးရှို့​ရာ​ယဇ်​အဖြစ် ပူဇော်​ရန် မိန့်ဆိုခဲ့​သောအခါ ယဇ်​ပူဇော်​ခြင်း​၏ လေးနက်​သော​အဓိပ္ပာယ်​ကို သိသာ​ထင်ရှားစေ​ခဲ့​သည်။ ထို​ယဇ်ကို မ​ပူဇော်​ခဲ့​ရ​သော်လည်း နောက်ဆုံး​တွင် ယေဟောဝါ​ကိုယ်တော်တိုင် ပြု​မည့်​အမှု​ဖြစ်သော လူသား​တို့​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​အလိုတော် ပြည့်စုံ​စေဖို့ အကြီးမားဆုံး​ပူဇော်​သကာ​အဖြစ် မိမိ၏ တစ်ပါး​တည်း​သော သားတော်​အား​ပူဇော်​ခြင်း​ကို ပုံ​တင်ပြ​သည်။ (ယောဟန် ၃:၁၆) ယေဟောဝါ​သည် ကိုယ်တော်​၏​ရွေးချယ်​ထားသော​လူမျိုး အပြစ်လွှတ်​ခံရ​ဖို့​နှင့် သူတို့၏​ကယ်တင်ခြင်း​မျှော်လင့်ချက် မြဲမြံ​ခိုင်ခံ့​စေဖို့ သူတို့​ပြုလုပ်​ရမည့်​အမှုကို သွန်သင်ပေး​ရန် မောရှေ​ပညတ်​ဆိုင်ရာ ယဇ်များ၊ ပူဇော်​သကာ​များနှင့်​အတူ ပရောဖက်ပြုချက်​ဆိုင်ရာ ပုံဆောင်ချက်​များ​ကို ချမှတ်​ထား​တော်​မူ​ခဲ့​သည်။ ၎င်း​တို့​မှ အဘယ်အရာကို သင်ယူ​နိုင်​ကြ​သနည်း။

ယေဟောဝါ​နှစ်သက်​လက်ခံ​နိုင်သော ယဇ်များ

၁၁။ ဣသရေလ​ယဇ်ပုရောဟိတ်မင်း​များ ပေးဆက်​ခဲ့​ကြ​သည့် ပူဇော်​သကာ​နှစ်မျိုး​ကား အဘယ်နည်း၊ အဘယ်​ရည်ရွယ်ချက်များ​အတွက်​နည်း။

၁၁ တမန်​တော်​ပေါလု​က “ယဇ်ပုရောဟိတ်မင်း မည်​သည်​ကား၊ ပူဇော်​သကာ [“လက်ဆောင်​များ၊” က​ဘ] နှင့်​ယဇ်ကို​ပူဇော်​စေခြင်း​ငှာ ခန့်​ထား​လျက်​ရှိ . . . ၏” ဟု​ဆို​သည်။ (ဟေဗြဲ ၈:၃) ပေါလု​သည် ရှေးခေတ်​ဣသရေလ​ယဇ်ပုရောဟိတ်မင်း​များ ပူဇော်​ခဲ့​သည့် ပူဇော်​သကာ​များ​ကို ‘လက်ဆောင်​များ’ နှင့် “ယဇ်” များ၊ သို့​မဟုတ် “အပြစ်ဖြေရာ​ယဇ်” များ​ဟူ၍ နှစ်မျိုး​နှစ်​စား​ခွဲခြား​ဖော်ပြ​သည်ကို သတိပြုပါ။ (ဟေဗြဲ ၅:၁) လူတို့သည် ခင်မင်မှု​နှင့် တန်ဖိုး​ထား​လေးမြတ်မှု​ကို ဖော်ပြ​ဖို့​အတွက်သာ​မ​က မိတ်ဖွဲ့​ရန်၊ မျက်နှာ​ရ​ရန်၊ သို့​မဟုတ် လက်ခံနိုင်စရာ​ဖြစ်​ဖို့​အတွက်​လည်း လက်ဆောင်​များ​ပေး​တတ်ကြ​သည်။ (ကမ္ဘာဦး ၃၂:၂၀; သု. ၁၈:၁၆) အလားတူ၊ ပညတ္တိကျမ်း​တွင်​ပြဋ္ဌာန်း​ထားသော ပူဇော်​သကာ​များစွာကို ကိုယ်တော်​၏​လက်ခံမှု​နှင့် မျက်နှာသာ​ရဖို့​အတွက် ဘုရားသခင်​အား ပေးဆက်​သည့် ‘လက်ဆောင်​များ’ အဖြစ်​ရှုမြင်​နိုင်​သည်။ * ပညတ်တော်​ကို​ကျူးလွန်​ခြင်း​က အလျော်​ပေးဖို့​လိုအပ်​ခဲ့​ပြီး လျော်ကြေး​ပေး​ရန် “အပြစ်ဖြေရာ​ယဇ်များ” ကို​ပူဇော်​ကြ​ရသည်။ ပင်​တ​ကျွတ်​ကျမ်း၊ အထူးသဖြင့် ထွက်မြောက်ရာ၊ ဝတ်ပြုရာ​နှင့် တောလည်ရာကျမ်း​များ​တွင် ယဇ်နှင့် ပူဇော်​သကာ​အမျိုးမျိုး​တို့ကို​ဖော်ပြ​ထား​သည်။ အသေးစိတ်​အချက်အလက်​အားလုံး​ကို သဘောပေါက်၍ မှတ်မိ​ရန်​မှာ ကျွန်ုပ်​တို့အတွက် တကယ့်​စိန်ခေါ်ချက်​ဖြစ်​နိုင်​သော်လည်း ယဇ်​ပူဇော်​နည်း​အမျိုးမျိုးနှင့်​ပတ်သက်​၍ အဓိက​အချက်​အချို့​ကို အလေးဂရုပြု​ထိုက်​ပေ​သည်။

၁၂။ ပညတ်တရား​ရှိ ယဇ်များ သို့​မဟုတ် ပူဇော်​သကာ​များ​ဆိုင်ရာ ခြုံငုံ​သုံးသပ်ချက်​ကို ကျမ်းစာ​၏​အဘယ်​နေရာ၌ ကျွန်ုပ်​တို့​တွေ့ရှိ​နိုင်​သနည်း။

၁၂ အမှန်​အားဖြင့် ပူဇော်​သကာ​အချို့​ကို အတူတကွ​ပူဇော်​လေ့​ရှိကြ​သော်လည်း ဝတ်ပြုရာကျမ်း​အခန်းကြီး ၁ မှ ၇ တွင် အဓိက​ပူဇော်​သကာ​ငါး​မျိုး—မီးရှို့​ရာ​ယဇ်၊ ဘောဇ​ဉ်​ပူဇော်​သကာ၊ မိတ်သဟာယ​ယဇ်၊ အပြစ်ဖြေရာ​ယဇ်နှင့် လွန်ကျူး​မှု​ဖြေ​ရာ​ယဇ်—ကို သီးခြား​ဖော်ပြ​ထား​ကြောင်း ကျွန်ုပ်​တို့​သတိပြုမိ​ကြ​ပေမည်။ ထို့​ပြင် ၎င်း​အခန်းကြီး​များ​တွင် ထို​ပူဇော်​သကာ​များ​ကို ကွဲပြား​သော​အကြောင်းရင်း​ဖြင့် နှစ်ကြိမ်​ဖော်ပြ​ထား​သည်ကို​လည်း သတိပြုမိ​ကြ​ပေမည်– တစ်ကြိမ်​မှာ ဝတ်ပြုရာ ၁:၂ မှ ၆:၇ တွင် ယဇ်​ပလ္လင်​ပေါ်​တွင် ပူဇော်​ရမည့်​အရာ​ကို အသေးစိတ်​ဖော်ပြ​ထားပြီး နောက်​တစ်ကြိမ်​မှာ ဝတ်ပြုရာ ၆:၈ မှ ၇:၃၆ တွင် ယဇ်ပုရောဟိတ်​များနှင့် ပူဇော်​သူ​အတွက် သီးသန့်​ဖယ်​ထား​ရသည့် အစိတ်အပိုင်း​များ​ကို ဖော်ပြ​ထား​သည်။ ထို့နောက် တောလည်ရာ​အခန်းကြီး ၂၈ နှင့် ၂၉ တွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်​နှင့် နှစ်စဉ်​ကျင်းပ​သော ပွဲတော်​များ​၌ အဘယ်အရာ​ပူဇော်​ရမည်ကို ဖော်ပြ​ထားသော အသေးစိတ်​ကျ​သည့်​အချိန်ဇယား​တစ်ခု​အဖြစ် ရှုမြင်​နိုင်​မည့်​အရာ​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်။

၁၃။ လက်ဆောင်​များ​အဖြစ် ဘုရားသခင်​ထံ စေတနာအလျောက်​ပူဇော်​သည့် ပူဇော်​သကာ​များ​ကို​ဖော်ပြ​ပါ။

၁၃ လက်ဆောင်​များ​အဖြစ် သို့​မဟုတ် ဘုရားသခင်​၏​မျက်နှာ​ရဖို့ ကိုယ်တော်​ထံ​ချဉ်းကပ်​သည့်​အနေ​နှင့် စေတနာအလျောက်​ပူဇော်​သော ပူဇော်​သကာ​များ​မှာ မီးရှို့​ရာ​ယဇ်၊ ဘောဇ​ဉ်​ပူဇော်​သကာ​နှင့် မိတ်သဟာယ​ယဇ်များ​ဖြစ်​ကြသည်။ ကျမ်း​ပညာရှင်​အချို့​က “မီးရှို့​ရာ​ယဇ်” ဟူသော​ဟေဗြဲ​စကားလုံး​မှာ “အထက်​သို့​တက်​သော​ပူဇော်​သကာ” သို့​မဟုတ် “တက်​သွားသော​ပူဇော်​သကာ” ကို​ဆိုလို​သည်​ဟု ပြောဆို​ကြ​၏။ ဤသို့​ဆို​ခြင်း​သည် လျောက်ပတ်​ပေ​သည်၊ အကြောင်း​မှာ မီးရှို့​ရာ​ယဇ် ပူဇော်ရာ​တွင် အသေ​သတ်​ထားသော​တိရစ္ဆာန်​ကို ယဇ်​ပလ္လင်​ပေါ်​တွင်​မီးရှို့​ရ​၍ ဘုရားသခင်​ရှိရာ ကောင်းကင်ဘုံ​သို့ မွှေး​ကြို​င်​သင်း​ထုံ​သော​ရနံ့ တက်​သွားသော​ကြောင့်​ဖြစ်၏။ မီးရှို့​ရာ​ယဇ်​၏​ထူးခြားချက်​မှာ ယဇ်​ပလ္လင်​တစ်ဝိုက်​တွင် အသွေး​ဖျန်းပက်​ပြီး​နောက် တိရစ္ဆာန်​တစ်ကောင်​လုံး​ကို ဘုရားသခင်​ထံ ပူဇော်​ကြ​ရခြင်း​ဖြစ်၏။ ယဇ်ပုရောဟိတ်​များသည် “ထို​ယဇ်​တစ်ကောင်​လုံး​ကို ယဇ်​ပလ္လင်​ပေါ်မှာ မီးရှို့​ရမည်။ မီးရှို့​ရာ​ယဇ်​ဖြစ်​သတည်း။ ထာဝရ​ဘုရား​အား မီး​ဖြင့်​ဆက်ကပ်​၍ မွှေး​ကြို​င်​သော​ပူဇော်​သကာ​ဖြစ်​သတည်း။”—ဝတ်ပြုရာ ၁:၃၊ ၄၊ ၉; ကမ္ဘာဦး ၈:၂၁

၁၄။ ဘောဇ​ဉ်​ပူဇော်​သကာ​ကို မည်သို့​ပူဇော်​ခဲ့​သနည်း။

၁၄ ဝတ်ပြုရာ​အခန်းကြီး ၂ တွင် ဘောဇ​ဉ်​ပူဇော်​သကာ​အကြောင်း​ဖော်ပြ​ထား​သည်။ ၎င်း​သည် ဆီ​ဆွတ်​ပြီး လောဗန်​ထည့်​ထား​လေ့​ရှိသည့် ဂျုံမုန့်ညက်​ပါဝင်သော စေတနာအလျောက်​ပြု​သည့် ပူဇော်​သကာ​ဖြစ်သည်။ “ယဇ်ပုရောဟိတ်​သည် မုန့်​ည​က်​တစ်လက်​ဆွန်း၊ ဆီ​အချို့၊ လောဗန်​ရှိသမျှကို​ယူ၍ ထို​အတွက်​အတာ​ကို ယဇ်​ပလ္လင်​ပေါ်မှာ မီးရှို့​ရမည်။ ထာဝရ​ဘုရား​အား မီး​ဖြင့်​ဆက်ကပ်​၍ မွှေး​ကြို​င်​သော​ပူဇော်​သကာ​ဖြစ်​သတည်း။” (ဝတ်ပြုရာ ၂:၂) ဝတ်ပြုရာ​တဲ​တော်​နှင့် ဗိမာန်တော်​ရှိ နံ့သာ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူဇော်​သော သန့်ရှင်းသော​နံ့သာပေါင်း​တွင် ပါဝင်​သည့်​နံ့သာ​တစ်မျိုး​မှာ လောဗန်​ဖြစ်သည်။ (ထွက်မြောက်ရာ ၃၀:၃၄-၃၆) ဘုရင်​ဒါဝိဒ်က “အကျွန်ုပ်၏ [ဆုတောင်းချက်] သည် မီးရှို့​သော​နံ့သာပေါင်း​ကဲ့သို့​လည်းကောင်း၊ လက်ကို​ချီ​ခြင်း​သည် ညဦးယံ​ပူဇော်​သကာ​ကဲ့သို့​လည်းကောင်း ရှေ့တော်၌​ပြင်ဆင်​လျက်​ရှိပါစေ​သော” ဟူ၍​ဆို​ခဲ့​ချိန်​တွင် ၎င်းကို​အမှတ်ရ​ခဲ့​ပေမည်။—ဆာလံ ၁၄၁:၂

၁၅။ မိတ်သဟာယ​ယဇ်​၏ ရည်ရွယ်ချက်ကား​အဘယ်နည်း။

၁၅ စေတနာအလျောက်​ပြုသော အခြား​ပူဇော်​သကာ​တစ်ခု​မှာ ဝတ်ပြုရာကျမ်း​အခန်းကြီး ၃ ၌​ဖော်ပြ​ထားသော မိတ်သဟာယ​ယဇ်​ဖြစ်သည်။ ၎င်းကို “ငြိမ်သက်ခြင်း​ပူဇော်​သကာ​များ​ဆိုင်ရာ​ယဇ်” ဟူ၍လည်း​ပြန်ဆို​နိုင်​သည်။ ဟေဗြဲ​ဘာသာ​စကား​တွင် “ငြိမ်သက်ခြင်း” ဟူသော​စကားလုံး​သည် စစ်၊ သို့​မဟုတ် နှောင့်ယှက်မှု​မှ လုံးလုံး​လွတ်မြောက်ခြင်း​ထက်မက အဓိပ္ပာယ်​ရှိသည်။ မောရှေ၏​ပညတ်​ဥပဒေ​ဆိုင်ရာ​ထုံး​နည်း​များ​မှ လေ့လာ​စ​ရာ​များ​ဟူသော​စာအုပ်​က “သမ္မာကျမ်းစာ​၌ ဤသို့​ဖော်ပြ​သည့်​အပြင် ဘုရားသခင်​နှင့်​ငြိမ်သက်မှု​ရှိ​ခြင်း၊ သာယာ​ဝ​ပြော​ခြင်း​နှင့် ဝမ်းမြောက်​ပျော်ရွှင်​ခြင်း​အခြေအနေ သို့​မဟုတ် ဆက်ဆံ​ရေး​ကိုလည်း ဖော်ပြ​သည်” ဟု​ဆို​သည်။ ထို့​ကြောင့် မိတ်သဟာယ​ဇ်​များ​ကို ပူဇော်​ကြ​ခြင်း​သည် ဘုရားသခင်​အား​နှစ်သိမ့်​သည့်​အလား ကိုယ်တော်​နှင့်​ငြိမ်သက်မှု​ရဖို့​အတွက်​မဟုတ်ဘဲ ကိုယ်တော်​နှစ်သက်သူ​များ​ခံစားရ​သည့် ဘုရားသခင်​နှင့်​ငြိမ်သက်မှု​ရှိ​ခြင်း​၏ အခွင့်သာ​သည့်​အခြေအနေ​အတွက် ကျေးဇူး​တင်​ကြောင်း​ဖော်ပြ​ဖို့၊ သို့​မဟုတ် ချီးမွမ်း​ထောမနာပြု​ဖို့ ပူဇော်​ကြ​ခြင်း​ဖြစ်သည်။ အသွေး​နှင့်​ဆီ​ဥ​ကို ယေဟောဝါ​ထံ​ပူဇော်​ပြီး​နောက် ယဇ်ပုရောဟိတ်​များနှင့် ပူဇော်​သူတို့သည် ယဇ်​သားကို​စားသုံး​ကြသည်။ (ဝတ်ပြုရာ ၃:၁၇; ၇:၁၆-၂၁; ၁၉:၅-၈) သူတို့​စပ်ကြား​၌​ရှိသော ငြိမ်သက်​သည့်​ဆက်ဆံ​ရေး​ကို သရုပ်ဖော်​ပြ​လျက် ယဇ်​ပူဇော်​သူ၊ ယဇ်ပုရောဟိတ်​များနှင့် ယေဟောဝါ​ဘုရားသခင်​တို့သည် နှစ်လိုဖွယ် ပုံဆောင်​နည်း​အားဖြင့် အတူတကွ​စားသုံး​ကြ​ခြင်း​ဖြစ်သည်။

၁၆။ (က) အပြစ်ဖြေရာ​ယဇ်နှင့် ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်​တို့၏ ရည်ရွယ်ချက်ကား​အဘယ်နည်း။ (ခ) ၎င်းတို့သည် မီးရှို့​ရာ​ယဇ်နှင့် မည်သို့​ကွာခြား​သနည်း။

၁၆ အပြစ်လွှတ်​ခံရ​ဖို့ သို့​မဟုတ် ပညတ်တော်​ကို​ကျူးလွန်​မှုများ​အတွက် အပြစ်​ဖြေဖို့​ပြုသော ပူဇော်​သကာ​များ​တွင် အပြစ်ဖြေရာ​ယဇ်နှင့် ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်​တို့​ပါဝင်​ခဲ့​သည်။ ဤ​ယဇ်များ​ကို ယဇ်​ပလ္လင်​ပေါ်​၌​ပူဇော်​ကြ​ရ​သော်လည်း တိရစ္ဆာန်​တစ်ကောင်​လုံး​ကို​မဟုတ်ဘဲ ဆီ​ဥ​နှင့် အစိတ်အပိုင်း​အချို့​ကို​သာ ဘုရားသခင်​အား​ပူဇော်​ကြသည်​ဖြစ်​ရာ မီးရှို့​ရာ​ယဇ်နှင့်​ကွာခြား​၏။ တိရစ္ဆာန်​၏​ကျန်​သော​အပိုင်း​ကို တပ်ပြင်​၌​စွန့်ပစ်​ကြ​ရ၏၊ အချို့​အခါ​များ​တွင် ယဇ်ပုရောဟိတ်​များ​က စားသုံး​ကြသည်။ ဤ​ထူးခြားချက်​သည် အဓိပ္ပာယ်​ရှိ၏။ မီးရှို့​ရာ​ယဇ်ကို ဘုရားသခင်​ထံ​ချဉ်းကပ်​ခွင့်​ရဖို့ လက်ဆောင်​တစ်ခု​အနေ​နှင့် ဆက်သ​ကြသော​ကြောင့် ယင်းကို ဘုရားသခင်​အား​သီးသန့်၊ လုံးလုံးလျားလျား​ပူဇော်​ကြ​ရသည်။ မီးရှို့​ရာ​ယဇ်​အလျင် အပြစ်ဖြေရာ​ယဇ်၊ သို့​မဟုတ် ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်ကို ဦးစွာ​ပူဇော်​လေ့​ရှိကြသည်​မှာ စိတ်ဝင်စားစရာ​ဖြစ်၏၊ အပြစ်သား​တစ်ဦး၏​လက်ဆောင်​ကို ဘုရားသခင်​လက်ခံ​နိုင်​ရန် အပြစ်လွှတ်ခြင်း​လိုအပ်ကြောင်း ၎င်း​က​ဖော်ပြ​ဟန်​ရှိသည်။—ဝတ်ပြုရာ ၈:၁၄၊ ၁၈; ၉:၂၊ ၃; ၁၆:၃၊

၁၇၊ ၁၈။ အပြစ်ဖြေရာ​ယဇ်ကို အဘယ်​အတွက် ပူဇော်​ရသနည်း၊ ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်​၏ ရည်ရွယ်ချက်ကား အဘယ်နည်း။

၁၇ မရည်ရွယ်​ဘဲ​ပညတ်​ချိုးဖောက်​မိ​သည့်​အပြစ်၊ သွေးသား​အားနည်းမှု​ကြောင့် ကျူးလွန်​မိ​သော​အပြစ်​အတွက်သာ အပြစ်ဖြေရာ​ယဇ်ကို လက်ခံ​၏။ “တရားကို​မသိ၊ ထာဝရ​ဘုရား​၏​ပညတ်တော်​ကို လွန်ကျူး​ပြစ်မှား​၍ မပြု​အပ်သော​အမှုကို ပြု​မိ​သည်​အရာ​တွင်” အပြစ်သား​သည် အသိုင်းအဝိုင်း​ကြား​၌ မိမိ၏​အခြေအနေ၊ သို့​မဟုတ် အနေအထား​နှင့်​အညီ အပြစ်ဖြေရာ​ယဇ်ကို​ပူဇော်​ရသည်။ (ဝတ်ပြုရာ ၄:၂၊ ၃၊ ၂၂၊ ၂၇) အခြား​တစ်ဖက်​တွင်​မူ နောင်တ​မယူ​သော အပြစ်ပြု​သူများ​မူ​ကား ပယ်ရှင်း​ခံရ​ကြသည်; သူတို့​အသုံးပြုနိုင်​သော ပူဇော်​သကာ​မရှိ​ချေ။—ထွက်မြောက်ရာ ၂၁:၁၂-၁၅; ဝတ်ပြုရာ ၁၇:၁၀; ၂၀:၂၊ ၆၊ ၁၀; တောလည်ရာ ၁၅:၃၀; ဟေဗြဲ ၂:၂

၁၈ ဝတ်ပြုရာကျမ်း​အခန်းကြီး ၅ နှင့် ၆ တွင် လွန်ကျူး​မှု ဖြေ​ရာ​ယဇ်​၏​အဓိပ္ပာယ်​နှင့် ရည်ရွယ်ချက်ကို ရှင်းပြ​ထား​သည်။ လူတစ်ဦး​သည် မရည်ရွယ်​ဘဲ​အပြစ်ပြု​မိ​ပေမည်။ သို့​တိုင် သူသည် အမျိုးသားချင်း​၏ သို့​မဟုတ် ယေဟောဝါ​ဘုရားသခင်​၏ အခွင့်အရေး​များ​ကို ကျူးလွန်​မိ​နိုင်​ပြီး ထို​အမှား​ကို ကျေအေးစေ​ဖို့၊ သို့​မဟုတ် တည့်မတ်​ပေးဖို့​လို​ပါ​သည်။ အပြစ်​အမျိုးမျိုးကို ဖော်ပြ​ထား​၏။ အချို့​တို့သည် ပုဂ္ဂလိက​အပြစ်​များ (၅:၂-၆) ဖြစ်​ပြီး၊ အချို့​မှာ ‘ယေဟောဝါ​နှင့်​ဆိုင်သော​သန့်ရှင်း​ရာ​များ’ ကို​ဆန့်ကျင်​မိ​သော​အပြစ်​များ (၅:၁၄-၁၆) ဖြစ်၍ အချို့​တို့​မူ လုံးဝ​မသိသော​ကြောင့်​မဟုတ်သော်လည်း မှားယွင်းသော​ဆန္ဒ​များ၊ သို့​မဟုတ် သွေးသား​အားနည်းမှု​ကြောင့်​ပြု​မိ​သည့်​အပြစ်​များ (၆:၁-၃) ဖြစ်သည်။ ထိုသို့​သော​အပြစ်​များ​ကို ဝန်ချ​ရသည့်​အပြင် ပြစ်မှား​သူသည် ကျသင့်​ရာ​အစား​ပေးလျော်​ပြီး​နောက် ယေဟောဝါ​အား ကျူးလွန်​မှု​ဖြေ​ရာ​ယဇ်ကို​ပေးဆက်​ရန် လို​ပါ​သည်။—ဝတ်ပြုရာ ၆:၄-၇

ရောက်လာ​တော့​မည့် သာ၍​ကောင်းသော​အရာ

၁၉။ ဣသရေလ​လူမျိုး​သည် ပညတ်တော်​နှင့် ယဇ်​ပူဇော်​သကာ​များ​ရှိသည့်​ကြား​မှ ဘုရားသခင့်​မျက်နှာသာတော်​ကို အဘယ်ကြောင့်​မရခဲ့​ကြ​သနည်း။

၁၉ ယဇ်များ​နှင့် ပူဇော်​သကာ​များစွာ​ပါဝင်​သည့် မောရှေ၏​ပညတ်​ကို ဣသရေလ​လူမျိုး​တို့အား ပေးအပ်​ခဲ့​ပြီး ၎င်း​အားဖြင့် သူတို့သည် ဘုရားသခင်​ထံ​ချဉ်းကပ်​၍ ကတိထားရာ​မျိုးနွယ်တော်​ရောက်လာ​သည့်​အထိ ကိုယ်တော်​၏​မျက်နှာသာတော်​နှင့် ကောင်းချီး​ကို​ရ​ရှိ၍ ဆက်လက်​ထိန်းသိမ်း​ထား​နိုင်​စေဖို့​အတွက်​ဖြစ်သည်။ ဇာတိ​ဂျူး​လူမျိုး​တစ်ဦး​ဖြစ်သူ တမန်​တော်​ပေါလု​သည် ၎င်းကို ဤသို့​ဖော်ပြ​သည်– “ထို​ကြောင့် ငါ​တို့သည် ယုံကြည်ခြင်း​အားဖြင့် ဖြောင့်မတ်​ရာ​သို့​ရောက်​စေခြင်း​ငှာ ပညတ်တရား​သည် ခရစ်တော်​ထံ​သို့ ငါ​တို့ကို​ပို့ဆောင်​၍ ငါ​တို့၏​အထိန်း​ဖြစ်​သတည်း။” (ဂလာတိ ၃:၂၄) ဝမ်းနည်းစရာမှာ ဣသရေလလူ​တို့သည် လူမျိုးတစ်မျိုး​အနေ​နှင့် ထို​အထိန်း​ကို​လက်မခံဘဲ ၎င်း​အခွင့်အရေး​ကို အလွဲသုံးစား​ပြု​ခဲ့​သည်။ သို့ဖြင့် သူတို့၏​များပြား​လှ​သော ယဇ်​ပူဇော်​သကာ​တို့​မှာ ယေဟောဝါ​အတွက် စက်ဆုပ်​ရွံရှာဖွယ်​ဖြစ်လာ​ခဲ့​ပြီး ကိုယ်တော်က​ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့​ပူဇော်​သော​ယဇ်​အများ​ကို ငါသည်​အဘယ်​သို့​ဆိုင်​သနည်း။ မီးရှို့​၍​ပူဇော်​သော​သိုး​ကောင်၊ ဆူဖြိုး​အောင်​ကျွေး​သော တိရစ္ဆာန်​တို့၏​ဆီ​ဥ​နှင့် ငါ​ဝ​ပြီ။ နွား​နှင့်​သိုးသငယ်၊ ဆိတ်​တို့၏​အသွေးကို ငါ​မနှစ်သက်။”—ဟေရှာယ ၁:၁၁

၂၀။ စီ.အီး. ၇၀ တွင်​ပညတ်တရား​နှင့် ၎င်း​၏​ယဇ်​ပူဇော်မှု​များနှင့်​ပတ်သက်​၍ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

၂၀ စီ.အီး. ၇၀ တွင် ဂျူး​အစီအစဉ်​စနစ်​နှင့်အတူ ၎င်း​၏​ဗိမာန်တော်​နှင့် ယဇ်ပုရောဟိတ်​အစီအစဉ်သည် အဆုံးတိုင်​ခဲ့​သည်။ ထို့နောက်​တွင် ပညတ်တရား​အားဖြင့်​ပြဋ္ဌာန်း​ထားသော ယဇ်​ပူဇော်​သကာ​များ​ကို ပူဇော်​စ​ရာ​အကြောင်း​မရှိတော့​ပေ။ သို့​ဖြစ်၍ ပညတ်တရား​၏​အရေးပါသော​အစိတ်အပိုင်း​တစ်ခု​ဖြစ်သော ယဇ်​ပူဇော်​သကာ​များသည် ယနေ့ ဘုရားသခင်​အား​ဝတ်ပြုသူ​တို့အတွက် အဓိပ္ပာယ်​လုံးလုံး​ပျောက်ဆုံး​ခဲ့ပြီ​ဟု ဆိုလို​သလော။ ဤ​အကြောင်းကို နောက်​ဆောင်းပါး​တွင် သုံးသပ်​ဆင်ခြင်​ကြ​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ကင်းမျှော်စင်၊ သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း​စာအုပ်​က ဤသို့​ရှင်းပြသည်– “ကျမ်းစာ​တွင်​အသုံးပြု​ထား​သည့်​အတိုင်း ‘အပြစ်ဖြေ​ခြင်း’ ဟု​ဆို​ရာ​၌ ‘ဖုံးအုပ်​သည်’ သို့​မဟုတ် ‘လဲလှယ်​သည်’ ဟူသော​အခြေခံ​သဘော​ပါရှိ​ပြီး အလဲအလှယ်​အဖြစ်​ပေး​သည့်​အရာ သို့​မဟုတ် ‘ဖုံးအုပ်’ သည့်​အရာ​ကား ယင်း​နှင့်​ပုံတူ​ဖြစ်​ရ​ပေမည်။ . . . အာဒံ​ဆုံးရှုံး​ခဲ့​သော​အရာ​အတွက် ပြည့်မီ​သည့် အပြစ်ဖြေ​ခြင်း​ပြု​ဖို့ စုံလင်သော​လူသား​အသက်​နှင့် အတိအကျ​ဖလှယ်​နိုင်သော​တန်ဖိုး​ရှိသည့် အပြစ်ဖြေရာ​ယဇ်ကို​ပေး​ရ​ပေမည်။”

^ အပိုဒ်၊ 11 “ပူဇော်​သကာ” ဟု​မကြာခဏ​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​မှာ ကော်ဘန်​ဖြစ်၏။ ကျမ်း​ပြု​ဆရာ​နှင့် ဖာရိရှဲ​တို့၏ မ​သ​မာ​သည့်​အလေ့အကျင့်​တစ်ခု​ကို ယေရှု​အပြစ်တင်​ခဲ့​ခြင်း​နှင့်​ပတ်သက်​သည့် မှတ်တမ်း​တစ်ခု​ကို​တင်ပြ​ရာ​၌ မာကု​က “ကော်ဘန်” ဆို​သည်​မှာ ‘ဘုရားသခင်​အား​လှူဒါန်း​သည့် လက်ဆောင်​တစ်ခု’ ဟု​အဓိပ္ပာယ်​ရှိကြောင်း ရှင်းပြ​ခဲ့​သည်။—မာကု ၇:၁၁

သင်​ရှင်းပြ​နိုင်​သလော

• ယေဟောဝါ​အား ယဇ်​ပူဇော်​ရန် ရှေး​သစ္စာရှိ​အမျိုးသားများ​ကို အဘယ်အရာက လှုံ့ဆော်ပေး​ခဲ့​သနည်း။

• ယဇ်​ပူဇော်​ဖို့ အဘယ်ကြောင့်​လိုအပ်​ခဲ့​သနည်း။

• ပညတ်တရား​အောက်တွင် အဓိက​အားဖြင့် အဘယ်​ယဇ်မျိုး​ကို​ပူဇော်​ခဲ့​ကြ​ရပြီး ၎င်းတို့၏​ရည်ရွယ်ချက်ကား​အဘယ်နည်း။

• ပေါလု​၏​စကား​အရ ပညတ်တရား​နှင့် ၎င်း​၏​ယဇ်​ပူဇော်​သကာ​များသည် အဘယ်​အရေးပါသော​ရည်ရွယ်ချက်ကို ပြီးမြောက်​စေ​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

အာဗေလ​၏​ယဇ်​သည် ယေဟောဝါ​၏​ကတိတော်​၌ သူ၏​ယုံကြည်ခြင်းကို ဖော်ပြ​သောကြောင့် နှစ်သက်ဖွယ်​ဖြစ်​ခဲ့

[စာမျက်နှာ ၁၅ ပါ​ပုံစာ]

ဤ​မြင်ကွင်း​၏​ဆိုလိုချက်​ကို သင်​လေးမြတ်ပါ​သလော