မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းတီးမှုကို အမြစ်မှနုတ်ပစ်ရန် တစ်ခုတည်းသောနည်းလမ်း

မုန်းတီးမှုကို အမြစ်မှနုတ်ပစ်ရန် တစ်ခုတည်းသောနည်းလမ်း

မုန်းတီးမှု​ကို အမြစ်​မှ​နုတ်​ပစ်​ရန် တစ်ခု​တည်း​သော​နည်းလမ်း

“စိုးရိမ်​ကြောက်ရွံ့​မှုမရှိ​က မုန်းတီးမှု​မရှိ​ချေ။ . . . ကျွန်ုပ်​တို့​ကြောက်​သော​အရာ​ကို မုန်း​တတ်ကြ​သဖြင့် မုန်းတီးမှု ရှိပါက ကြောက်ရွံ့ ခြင်း​ကိန်းအောင်း​လျက်​ရှိ၏။” စာပေ​ဝေဖန်ရေး​သ​မား​နှင့် အယ်ဒီတာ စီ​ရ​ယ်လ် ကွန်​နို​လီ။

မုန်းတီးမှု​သည် လူတို့၏​မသိ​စိတ်​တွင် နက်ရှိုင်း​စွာ​အမြစ်တွယ်​နေသည်​ဟု လူမှုရေး​ပညာရှင်​အများ​က​ယုံကြည်​ကြ​၏။ လူတို့၏​ပင်ကိုသဘော​ထား​အတွင်း “၎င်း​စိတ်ထား အတော်များများ စွဲမြဲ​နေ​ပေမည်” ဟု​နိုင်ငံရေး​သိပ္ပံ​ပညာရှင်​တစ်ဦး​က​ဆို​သည်။

လူ့​သဘောထားကို သုတေသန​ပြုသူ​များ ထိုသို့​ကောက်ချက်​ချ​ကြ​ခြင်း​မှာ နားလည်​နိုင်​ပါ​သည်။ သူတို့​လေ့လာ​စ​ရာ တစ်ခု​တည်း​သော​အကြောင်း​မှာ မှုတ်သွင်းခံ​သမ္မာကျမ်းစာ​မှတ်တမ်းအရ ယောက်ျား​နှင့်​မိန်းမ​တို့သည် “အပြစ်ပါလျက်”၊ “အပြစ်​စွဲ” လျက်​မွေးလာ​ကြ​ခြင်း​ဖြစ်သည်။ (ဆာလံ ၅၁:၅) ဖန်ဆင်း​ရှင်​ကိုယ်တော်တိုင်​ပင် လွန်ခဲ့သော​နှစ်ပေါင်း​ထောင်ချီ​အချိန်​က မစုံလင်​သော​လူသား​တို့ကို တန်ဖိုး​ဖြတ်​ခဲ့​ရာ “မြေကြီး​ပေါ်မှာ လူ​အပြစ်ကြီး​၍ သူ၏​စိတ်နှလုံး​အကြံအစည်​ရှိသမျှ​တို့သည် အစဉ်မပြတ်​ဆိုးညစ်ခြင်း​သက်​သက်ရှိ​ကြောင်း . . . သိမြင်​တော်​မူ” ခဲ့​သည်။—ကမ္ဘာဦး ၆:၅

စိတ်​စွန်းကွက်​မှု၊ ခွဲခြား​မှု​နှင့် ၎င်း​ကြောင့်​ဖြစ်ပေါ်​လာ​သည့် မုန်းတီးမှု​မှာ လူတို့၏​မွေးရာပါ​မစုံလင်မှု​နှင့် တစ်ကိုယ်ကောင်း​ဆန်​မှု​တို့​ကြောင့်​ဖြစ်၏။ (တရားဟောရာ ၃၂:၅) ဝမ်းနည်းစရာ​ကား အဘယ်​ပေါ်လစီ​ပင်​ရှိပါစေ မည်သည့်​လူ့​အဖွဲ့ သို့​မဟုတ် အစိုးရ​က​မျှ ထို​ကိစ္စ​များနှင့်​ပတ်သက်​၍ လူ့​စိတ်နှလုံး​ကို​ပြောင်းလဲ​ပေး​ရန် တတ်စွမ်း​နိုင်​ခြင်း​မရှိခဲ့​ပေ။ “မည်မျှ​ပင်​အစွမ်းအစ​ရှိနေပါစေ အဘယ်​ကမ္ဘာ့​ပုလိပ်​က​မျှ ဘော့စနီးယား၊ ဆို​မား​လီး​ယား၊ လိုင်ဘေးရီးယား၊ က​က်ရှ်​မီး​ယား၊ ကော့​ကေး​ဆပ်​၌ သွေး​ချောင်း​စီး​ခြင်း​ကို ဖြစ်ပေါ်​စေ​ခဲ့​သည့် မုန်းတီးမှု​များ​ကို ဖယ်ရှား​မပေးနိုင်ပါ” ဟု နိုင်ငံ​ခြား​သတင်းထောက် ဂျို​ဟန်​နာ​မက်​ဂီ​အာ​ရီ​က ကောက်ချက်​ချ​ခဲ့​သည်။

သို့သော် ဖြေရှင်းချက်​များ​ကို ကျွန်ုပ်​တို့​စ​တင်၍​မ​ရှာဖွေ​မီ မုန်းတီးမှု​ပေါ်လာ​ခဲ့​ခြင်း​၏ နောက်ဝယ်​အကြောင်းကို အခြေခံ​နားလည်မှု​ရှိဖို့လို​အပ်​သည်။

ကြောက်ရွံ့​ခြင်း​ကြောင့် မုန်းတီး​လာ​ခြင်း

မုန်းတီးမှု​တွင် ပုံစံ​အမျိုးမျိုး၊ အတိုင်းအတာ​အမျိုးမျိုး​ရှိ၏။ ကလောင်ရှင် အန်ဒရူး စ​လ​ဗန်​က အဆိုပါ​ကိစ္စ​ကို ဤသို့​သင့်လျော်​စွာ​အကျဉ်းချုပ်​ဖော်ပြ​သည်– “စိုးရိမ်​ကြောက်ရွံ့​၍ မုန်းတီးခြင်း၊ စက်ဆုပ်​၍​သာ မုန်းတီးခြင်း; အာဏာပြ​သော​မုန်းတီးခြင်း၊ တန်ခိုး​အာဏာ​မ​ရှိ၍ မုန်းတီးခြင်း; ကလဲ့စားချေ​လို​ခြင်း​နှင့် မနာလို​ဝန်​တို​ခြင်း​ကြောင့် မုန်းတီးခြင်း​တို့​ရှိသည်။ . . . ဖိနှိပ်​သူ၏​မုန်းတီးမှု​နှင့် နစ်နာ​သူ၏​မုန်းတီးမှု​တို့​လည်း​ရှိသည်။ တ​မြ​ည့်​မြ​ည့်​တောက်လောင်​နေသော မုန်းတီးမှု​နှင့် ပျက်ပြယ်​သွားသော​မုန်းတီးမှု​လည်း​ရှိ၏။ ပေါက်ကွဲ​သော​မုန်းတီးမှု​ရှိသကဲ့သို့ ဘယ်​သောအခါ​မျှ မီး​မ​လောင်​သည့် မုန်းတီးမှု​တို့​ရှိပါ​သည်။”

ကျွန်ုပ်​တို့​အချိန်၌ မုန်းတီး​စွာ​ဆိုင်ပြိုင်​တိုက်လှန်မှု​ကို​ဖြစ်ပွား​စေသည့် အဓိက​အချက်​အချို့​ကား လူမှုရေး၊ စီးပွားရေး​နှင့် အမှန်တကယ်​ပင် ပတ်သက်​နေသည်။ လူနည်းစု​သာ စီးပွားရေး​အခြေအနေ​ပို​ကောင်းသော နယ်မြေ​ဒေသ​များ​တွင် စိတ်​စွန်းကွက်​မှု​ပြင်းထန်​ပြီး မုန်းတီးခြင်းပေါက်ကွဲ​စ​ရာ​အကြောင်း​များ ဖြစ်ပေါ်​လေ့​ရှိသည်။ ထို့​ပြင် ရပ်ကွက်​တစ်ခု​အတွင်း နိုင်ငံခြားသား​များ မြောက်မြားစွာ​ဝင်လာ​သဖြင့် ၎င်း​၏​လူနေမှု​အဆင့်အတန်း ထိခိုက်လာ​စ​ရာ​အကြောင်း​ရှိသည့်​အခါ မုန်းတီးမှု​ဖြစ်ပေါ်​လေ့​ရှိသည်။

ဤ​လူသစ်​တို့သည် လစာ​နည်းနည်း​နှင့်​အလုပ်လုပ်​ကြ​ရာ အလုပ်အကိုင်​များ​ကို လုယူ​ကြလိမ့်မည်၊ သို့​မဟုတ် ပစ္စည်းဥစ္စာ​များ​၏​တန်ဖိုး​ကို ကျဆင်း​စေ​လိမ့်​မည်​ဟု အချို့​ယူဆကြ​ပေမည်။ ထိုသို့​စိုးရိမ်​စ​ရာ​အကြောင်း​များ ရှိ​ထိုက်​မရှိ​ထိုက်​သည်​မှာ သီးခြား​ကိစ္စ​တစ်ခု​ဖြစ်သည်။ စီးပွားရေး​ကျ​မည်​ကို စိုးရိမ်ခြင်း​နှင့် ရပ်ကွက်​တစ်ခု​၏​အဆင့်အတန်း သို့​မဟုတ် ဘဝ​ပုံစံ​ထိခိုက်​မည်​ကို​စိုးရိမ်ခြင်း​တို့​ကား စိတ်​စွန်းကွက်​မှု​နှင့် မုန်းတီးမှု​ကို​လှုံ့ဆော်ပေး​သည့် ဩဇာ​အရှိန်​ကြီးမားသော​အချက်များ​ဖြစ်သည်။

မုန်းတီးမှု​ကို​အမြစ်​မှ​နုတ်​ပစ်​ခြင်း​၏ ပထမ​ခြေလှမ်း​ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။ စိတ်သဘောထား ပြောင်းလဲခြင်း​ဖြစ်သည်။

စိတ်သဘောထား​ပြောင်းလဲခြင်း

“ပတ်သက်​နေသူတို့​ကိုယ်တိုင် ဆုံးဖြတ်​ပြုလုပ်​မှ​သာ​လျှင် စစ်မှန်သော​ပြောင်းလဲမှု​ရှိ​နိုင်၏” ဟု​မက်​ဂီ​အာ​ရီ​က​ပြောဆို​ခဲ့​သည်။ လူတို့၏​ကိုယ်ပိုင်​ဆုံးဖြတ်​မှု​ကို မည်သို့​ပြောင်းလဲ​နိုင်​မည်​နည်း။ မုန်းတီးမှု​မဖြစ်​ပွား​စေရန် တန်ခိုး​အ​ပါ​ဆုံး၊ လှုံ့ဆော်မှု​အဖြစ်​ဆုံး​နှင့် တည်မြဲ​သည့်​သြဇာလွှမ်း​မိုး​မှု​အရှိဆုံး​အရာ​မှာ ဘုရားသခင့်​စကားတော်၊ သမ္မာကျမ်းစာ​မှ​လာ​ကြောင်း အတွေ့အကြုံ​က ပြသ​ခဲ့​ပြီး​ဖြစ်သည်။ ထိုသို့​ဖြစ်​ရခြင်း​မှာ “ဘုရားသခင်​၏​နှုတ် [မြွက်] တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့် စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့် ခြင်ဆီ​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်” သောကြောင့်​ဖြစ်သည်။—ဟေဗြဲ ၄:၁၂

ဝန်ခံ​ရမည်​မှာ စိတ်​စွန်းကွက်​မှု​နှင့် မုန်းတီးမှု​ကို အမြစ်​မှ​ဆွဲနုတ်​ပစ်​ခြင်း​သည် အလိုအလျောက် သို့​မဟုတ် ည​တွင်း​ချင်း မဖြစ်​နိုင်​ပေ။ သို့သော် ယင်းကို ဖြစ်စေ​နိုင်​ပါ​သည်။ စိတ်နှလုံး​များ​ကို စေ့ဆော်​၍ ကိုယ်ကို​ကိုယ်​သိသောစိတ်​များ​ကို အကဲဆတ်​စေခြင်း​၌​စွမ်းပကား​ကြီး​သူ ယေရှု​ခရစ်​သည် လူ​တို့ကို ပြောင်းလဲ​စေနိုင်​ခဲ့​သည်။ ယေရှု​ခရစ်​၏ ဤ​ပညာရှိ​ဆုံးမ​စကား​ကို အောင်မြင်စွာ​လိုက်လျှောက်​နိုင်​ခဲ့​သူ သန်းပေါင်း​များစွာ​ရှိနေ​ပေ​ပြီ– “သင်တို့၏​ရန်သူ​တို့ကို​ချစ်​ကြလော့။ သင်တို့ကို​ကျိန်ဆဲ​သော​သူတို့အား မေတ္တာ​ပို့ ကြလော့။”—မဿဲ ၅:၄၄

ယေရှုသည် သူ၏​သွန်သင်ချက်​များနှင့်​အညီ မိမိ​ယုံကြည်​စိတ်ချ​ရ​ဆုံး မိတ်ဆွေများ​တွင် ယခင်​က အခွန်ခံ​တစ်ဦး​ဖြစ်၍ ဂျူး​အသိုင်းအဝိုင်း​မှ စွန့်ပစ်​ထား​ခံ​ခဲ့​ရ​၍ အမုန်းခံ​ရသူ မဿဲ​ကို​ပါဝင်​စေ​ခဲ့​သည်။ (မဿဲ ၉:၉; ၁၁:၁၉) ထို​ထက်မက ယေရှုသည် ယခင်​က ဝိုင်း​ပယ်​ထား​၍ မုန်းတီး​ခံရ​သည့် ထောင်နှင့်ချီ​သော တစ်ပါး​အမျိုးသား​မြောက်မြားစွာ​ပါဝင်​လာ​မည့် စင်ကြယ်သော​ဝတ်ပြုရေး နည်းလမ်း​တစ်ရပ်​ကို​တည်ထောင်​ခဲ့​သည်။ (ဂလာတိ ၃:၂၈) ထို​စဉ်​က လူ​တို့​သိထားကြ​သည့် ကမ္ဘာ​တစ်ဝန်း​မှ​သူတို့သည် ယေရှု​ခရစ်​၏​နောက်လိုက်​များ ဖြစ်လာ​ကြ​၏။ (တမန်​တော် ၁၀:၃၄၊ ၃၅) ထို​သူတို့သည် သူတို့၏​ထူးကဲ​သော​မေတ္တာ​ကြောင့် ကျော်ကြား​လာ​ခဲ့​ကြသည်။ (ယောဟန် ၁၃:၃၅) မုန်းတီးစိတ်​ပြင်းထန်​သူတို့သည် ယေရှု၏​တပည့်​ဖြစ်သူ သတေဖန်​ကို ကျောက်ခဲ​ဖြင့်​ပေါက်သတ်​သောအခါ သူ၏​နောက်ဆုံး​စကား​မှာ ဤသို့​ဖြစ်သည်– ‘[“ယေဟောဝါ၊” က​ဘ] ဤသူတို့​ပြုသော​အပြစ်ကို မှတ်​တော်​မ​မူ​ပါ​နှင့်။’ သတေဖန်​သည် မိမိကို မုန်းတီး​သူတို့​အတွက် အကောင်းဆုံး​အရာ​ဖြစ်စေ​လို​ခဲ့​သည်။—တမန်​တော် ၆:၈-၁၄; ၇:၅၄-၆၀

မျက်မှောက်ခေတ် စစ်မှန်သော​ခရစ်ယာန်​များလည်း သူတို့၏​ခရစ်ယာန်​ညီအစ်ကို​များ​ကို​သာမက သူတို့အား မုန်းတီး​သူတို့ကို​ပင် ကောင်းမှု​ပြု​ရန် ယေရှု၏​ဆုံးမ​စကား​ကို အလားတူ​နာခံ​ပြုမူ​ခဲ့​ကြသည်။ (ဂလာတိ ၆:၁၀) သူတို့သည် မိမိတို့၏​ဘဝ​အသက်တာ​မှ မုန်းတီးမှု​ရန်ငြိုး မရှိစေရန် ကြိုးစား​လျက်​ရှိကြသည်။ သူတို့​ထဲ​တွင် မုန်းတီးမှု​ဖြစ်ပေါ်​စေနိုင်​သည့် ဩဇာ​သက်ရောက်မှု​များ​ကို အသိအမှတ်ပြု​ကြ​ကာ အပြုသဘောပါပါ ပြုမူ​ဆောင်ရွက်လျက် မုန်းတီးခြင်း​ကို ချစ်ခြင်း​ဖြင့်​အစားထိုး​ကြသည်။ မှန်ပါသည်၊ ရှေးခေတ်​ပညာရှိ​တစ်ဦး ပြော​ခဲ့​သကဲ့သို့ပင် “မုန်း​သော​စိတ်​သည် ရန်​တွေ့​ရာ​သို့​တိုက်တွန်း​တတ်၏။ ချစ်သော​စိတ်​မူ​ကား ခပ်သိမ်း​သော​အပြစ်​တို့ကို ဖုံးအုပ်​တတ်၏။”—သု. ၁၀:၁၂

တမန်​တော်​ယောဟန်​က ဤသို့​ဖော်ပြ​ခဲ့​သည်– “မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အသက်ကို​သတ်​သော​သူ​ဖြစ်၏။ လူ​အသက်ကို​သတ်​သော​သူ​တစ်စုံ​တစ်ယောက်​၌​မျှ ထာဝရ​အသက်​မတည်​သည်ကို သင်တို့​သိ​ကြ​၏။” (၁ ယောဟန် ၃:၁၅) ၎င်းကို ယေဟောဝါသက်သေ​များ ယုံကြည်​လက်ခံ​ထား​ကြသည်။ ရလဒ်​အဖြစ် သူတို့သည် လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာရေး​နှင့် နိုင်ငံရေး​နောက်ခံ​မျိုး​မျိုး​မှ စုဝေး​လာ​ကြ​ရာ တစ်စု​တစ်​စည်း​တည်း​ရှိ၊ မုန်းတီးမှု​မရှိသော စစ်မှန်​သည့် ကမ္ဘာချီ​ညီအစ်ကို​များ​အသင်းအပင်း​တစ်ခု​ဖြစ်နေ​ကြပြီ။—ပူးတွဲ​ပါ​လေးထောင့်ကွက်များ​ရှု။

မုန်းတီးမှု အမြစ်​မှ​နုတ်​ပစ်​ခံရ​လိမ့်​မည်!

‘အဲ့​ဒါက ပတ်သက်​နေ​သူတွေ​အတွက်​တော့ ဟုတ်​ပါ​တယ်၊ ဒါပေမဲ့ အဲ့​ဒါက ကျွန်ုပ်​တို့​ကမ္ဘာ​ပေါ်ကနေ မုန်းတီးမှု​ပျောက်​သွား​စေမှာ​မဟုတ်ဘူး’ ဟု​သင်​ဆို​ပေ​လိမ့်​မည်။ မှန်ပါသည်၊ သင့်​နှလုံး​ထဲ မုန်းတီးမှု​မရှိ​လင့်​ကစား သင်သည် ယင်း​၏​သားကောင်​ဖြစ်​နိုင်၏။ ထို့​ကြောင့် ဤ​ကမ္ဘာချီ​ပြဿနာ​အတွက် စစ်မှန်သော​ဖြေရှင်းချက်​ရရှိရန် ဘုရားသခင်​ကို​ကျွန်ုပ်​တို့​မျှော်ကိုး​အားထားကြ​ရမည်။

များ​မကြာမီ ဤ​ကမ္ဘာ​မြေကြီးပေါ်​မှ မုန်းတီးမှု​ရှိရှိသမျှ ပယ်ရှား​ပစ်​ဖို့ ဘုရားသခင်​ရည်ရွယ်​ထား​တော်​မူ​၏။ ကျွန်ုပ်​တို့အား တောင်းလျှောက်​ရန် ယေရှု​သင်ကြား​ပေး​ခဲ့​သော ကောင်းကင်​အစိုးရ​၏ အုပ်ချုပ်​မှု​အောက်တွင် ထိုသို့​ဖြစ်ပျက်​လာ​လိမ့်​မည်– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။”—မဿဲ ၆:၉၊ ၁၀

ထို​ဆုတောင်းချက်​သည် အပြည့်အဝ​ဖြေကြား​ခံရသော​အခါ မုန်းတီးမှု​ဖြစ်ပွား​စေသည့်​အခြေအနေ​များ လုံးဝ​ရှိတော့မည်​မဟုတ်။ ယင်းကို​အခွင့်ကောင်း​ယူ​သည့်​အခြေအနေ​များ ပယ်ရှင်း​ခံရ​လိမ့်​မည်။ ဝါဒဖြန့်မှု၊ လျစ်လျူရှု​မှု​နှင့် စိတ်​စွန်းကွက်​မှုများ​အစား ထွန်းလင်း​မှု၊ အမှန်တရား​နှင့် ဖြောင့်မတ်ခြင်း​ရှိ​ပေ​လိမ့်​မည်။ ထို​အခါ ဘုရားသခင်​သည် အမှန်တကယ်​ပင် “မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။”—ဗျာဒိတ် ၂၁:၁-၄

ယခု သာ၍​ကောင်းသော​သတင်း​ရှိသေး​သည်​တကား! ကျွန်ုပ်​တို့သည် ‘နောက်ဆုံး​ကာလ’ တွင် အသက်​ရှင်​နေကြ​ရ​ကြောင်း ငြင်း​၍​မရနိုင်​သည့်​သာဓက​များ ရှိ​လေ​သည်။ သို့​ဖြစ်၍ များ​မကြာမီ ဘုရားသခင်​ရေးရာ​မ​ဆန်​သော​မုန်းတီးမှု​သည် ဤ​ကမ္ဘာ​မြေပေါ်​မှ ပျောက်ကွယ်​သွား​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ (၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၃-၁၄) ဘုရားသခင် ကတိ​ထား​တော်​မူ​သော​ကမ္ဘာသစ်​၌ လူသားထု​သည် စုံလင်ခြင်း​သို့ ပြန်ရောက်​ကြ​မည်​ဖြစ်သော​ကြောင့် စစ်မှန်သော​ညီအစ်ကို​အသင်းအပင်း​စိတ်ဓာတ်​ရှိ​လိမ့်​မည်။—လုကာ ၂၃:၄၃; ၂ ပေတရု ၃:၁၃

သို့သော် သင်သည် စစ်မှန်သော​ညီအစ်ကို​အသင်းအပင်း​တွင်​မွေ့လျော်​ရန် ထို​အချိန်အထိ စောင့်နေ​စ​ရာ​မလို​ချေ။ အမှန်​မှာ၊ ပူးတွဲ​ပါ​မှတ်တမ်းများတွင် ဖော်ပြ​ထား​သည်​အတိုင်း မုန်းတီးမှု​ပြည့်နှက်​နေနိုင်​သည့် သန်းပေါင်း​များစွာသော​သူတို့၏​နှလုံးထဲတွင် ခရစ်ယာန်​မေတ္တာ အစားထိုး​ရှိ​နေသည်​ကို တွေ့ခဲ့​ကြ​ရပြီ။ ထို​မေတ္တာ​ရှိသော​ညီအစ်ကို​အသင်းအပင်း​တွင် သင်လည်း တစ်ဦး​အပါအဝင်​ဖြစ်လာ​ရန် သင့်​အား​ဖိတ်ခေါ်ပါ​သည်!

[စာမျက်နှာ ၇ လေးထောင့်ကွက်]

“ယေရှု ဘာလုပ်ခဲ့​မည်​နည်း”

၁၉၉၈ ခုနှစ်၊ ဇွန်လ​တွင် အမေရိကန်​ပြည်ထောင်စု၊ တက္ကဆက်​ပြည်နယ်​ကျေးလက်​ဒေသ​၌ လူဖြူ​သုံးဦးသည် လူမည်း​ဖြစ်သော ဂျိန်းမ်စ် ဘာ့ဒ် ဂျူနီယာ​ကို​တိုက်ခိုက်​ခဲ့​ကြ​၏။ သူတို့သည် ဂျိန်းမ်စ်​ကို ဝေးခေါင်​၍ လူ​မနေ​သော​နေရာတစ်ခု​သို့ ခေါ်ဆောင်​သွား​ကာ ရိုက်နှက်​ပြီး ခြေထောက်​ကို​သံကြိုး​ဖြင့် ပူး​ချည်​ခဲ့​ကြသည်။ ထို​နောက် ထရပ်ကား​တွင်​ချိတ်ဆွဲ​ကာ သူ၏​ကိုယ်ခန္ဓာ​မှာ ရေ​မြောင်း​ဖြင့်​ရိုက်​မိ​သည့်​အထိ လမ်းတစ်လျှောက်​သုံး​မိုင် တ​ရွတ်​တိုက်​ဆွဲခေါ်​သွား​သည်။ ယင်းသည် ထို​ဆယ်စုနှစ်​အတွင်း (၁၉၉၀ ပြည့်လွန်​နှစ်များ) မုန်းတီးခြင်း​ကြောင့်​ဖြစ်ပွား​သော ကြောက်စရာ​အကောင်းဆုံး ရာဇဝတ်မှု​ဟု ခေါ်ဆို​ခဲ့​၏။

ဂျိန်းမ်စ် ဘာ့ဒ်​၏​ညီအစ်မ​သုံးယောက်မှာ ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်။ ဤ​ကြောက်မက်​ဖွယ် ပြစ်မှုကျူးလွန်​သူများ​အပေါ် သူတို့ အဘယ်​သဘောထား​ရှိကြ​သနည်း။ တစ်​လေသံ​တည်း​ဖြင့် သူတို့ ဤသို့​ပြောဆို​ခဲ့​ကြသည်– “ကိုယ်​ချစ်​မြတ်နိုး​ရသူ​တစ်ဦး နှိပ်စက်​ညှဉ်းပန်း၊ မင်းမဲ့​စရိုက်​ပြုမူ​ခံ​ခဲ့​ရတယ်ဆိုတာ​ဟာ စဉ်းစား​လို့​မရနိုင်​လောက်​အောင် ဆုံးရှုံးမှု​နဲ့ နာကျင်မှု​တစ်ခု​ဖြစ်ပါ​တယ်။ ဒီလို​ရက်စက်​ကြမ်းကြုတ်​တဲ့​လုပ်ရပ်​ကို ဘယ်လို​တုံ့ပြန်​မလဲ။ လက်စားချေ​မယ်၊ ခါးခါးသီးသီး​ပြောဆို​မယ်၊ ဒါမှ​မဟုတ် မုန်းတီးမှု​အပြည့်​နဲ့​ဝါဒဖြန့်​မယ်​လို့ ကျွန်မ​တို့​တစ်ခါ​မှ​မစဉ်း​စား​မိ​ဘူး။ ‘ယေရှု ဘာလုပ်​လိမ့်​မလဲ။ ကိုယ်တော် ဘယ်လို​တုံ့ပြန်​မလဲ’ လို့​ပဲ ကျွန်မ​တို့​စဉ်းစား​ခဲ့​ကြတယ်။ အဖြေကတော့ ရှင်းရှင်း​လေး​ပါ​ပဲ။ ကိုယ်တော့်​ရဲ့​သတင်းတရား​ဟာ ငြိမ်းချမ်းမှု​နဲ့ မျှော်လင့်ချက်​ပဲ​ဖြစ်ပါ​လိမ့်မယ်။”

သူတို့၏​စိတ်နှလုံး​ထဲ​တွင် အမုန်းပွား​ခြင်း​ကို​တားဆီး​သည့် အကူအညီ​ပေး​သော ကျမ်းစာ​ကိုးကားချက်​များ​မှ​တစ်ခု​မှာ ရောမ ၁၂:၁၇-၁၉ ဖြစ်သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​၏– “အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ . . . သင်တို့သည် တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေကြ​လော့။ ချစ်သူ​တို့၊ သူတစ်ပါး​သည် သင်တို့ကို​ပြစ်မှား​လျှင်၊ ကိုယ်တိုင်​အပြစ်​ပြန်၍​မတုံ့​ကြ​နှင့်။ အမျက်တော်ကို​အခွင့်ပေး​ကြလော့။ ကျမ်းစာ​လာ​သည်​ကား၊ ‘ငါသည် အပြစ်​တရားကို​စီရင်ပိုင်​၏။ အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေး​မည်’ ဟု​ထာဝရ​ဘုရား​မိန့်တော်မူ၏။”

သူတို့က​ဤသို့​ဆက်​ပြော​သည်– “မတရားမှု​အချို့၊ ဒါမှ​မဟုတ် ရာဇဝတ်မှု​အချို့​ဟာ အတော့်​ကို​ဆိုးရွား​လွန်းလို့ ‘သင့်ကို​ခွင့်လွှတ်​ပါ​တယ်’ လို့​ဆိုပြီး မေ့​ပစ်လိုက်​ဖို့​ခက်​မယ်​ဆိုတာ​ကို ကျွန်မ​တို့​ရဲ့​စာပေ​တွေ​ထဲမှာ ရေးသား​ထား​တဲ့ လက်တွေ့ကျ​ဖော်ပြချက်​တွေ​ကို ပြန်​မှတ်မိ​ခဲ့​ကြတယ်။ ဒီလို​ကိစ္စ​မျိုးမှာ ခွင့်လွှတ်​မှု​ဆိုတာ​ဟာ ကိုယ့်​ဘဝ​ဆက်လျှောက်​နိုင်​ဖို့ နာကြည်းမှု​ကို စိတ်ထဲ​ကနေ​ဖျောက်ပစ်​လိုက်ပြီး ရန်ငြိုး​သို​တဲ့​အတွက် ခန္ဓာပိုင်း​ဖြစ်စေ၊ စိတ်ပိုင်း​ဆိုင်ရာ​ဖြစ်စေ ရောဂါ​မရဖို့​ပဲ​ဖြစ်တယ်။” မုန်းတီးမှု​ကို အမြစ်တွယ်​မသွား​စေဖို့​ကာကွယ်​ရာ​၌ သမ္မာကျမ်းစာ​၏​တန်ခိုး​ပါ​သော ထူးချွန်​သည့်​သက်သေခံချက်​တစ်ရပ်​ပါ​တကား!

[စာမျက်နှာ ၆ လေးထောင့်ကွက်]

ရန်လို​မုန်းတီးမှု​မှ ခင်မင်​ရင်းနှီးမှု​သို့

မကြာသေးမီ​နှစ်များ​အတွင်း ဂရိ​နိုင်ငံ​တွင် အလုပ်အကိုင်​ရှာ​သူများ ထောင်နှင့်ချီ ပြောင်းရွှေ့​လာ​ခဲ့​ကြသည်။ သို့သော် ကျပ်တည်း​လာသော​စီးပွားရေး​အခြေအနေ​က အလုပ်​ရဖို့​အခွင့်အလမ်း​များ​ကို လျော့နည်း​သွား​စေ​ရာ ယင်းကြောင့် အလုပ်​ရ​ရန် အပြင်းအထန်​ကြိုးစား​အားထုတ်​ကြ​ရ၏။ ၎င်း​၏​ရလဒ်​မှာ လူမျိုးနွယ်​စု​အသီးသီး​အတွင်း အကြီးအကျယ်​ရန်လို​မုန်းတီးမှု​ဖြစ်ပွား​ရလေ​သည်။ စံနမူနာ​တစ်ခု​မှာ အယ်လ်ဘေးနီးယား​နှင့် ဘူလ်ဂေးရီးယား​နိုင်ငံ​များ​မှ ပြောင်းရွှေ့​လာ​သူတို့​စပ်ကြား ပြိုင်ဆိုင်မှု​ရှိ​ခြင်း​ဖြစ်သည်။ ဂရိ​နိုင်ငံ​၏​နယ်မြေ​ဒေသ​များစွာ​၌ ဤ​အုပ်စု​နှစ်ခု​အကြား ပြိုင်ဆိုင်မှု​အပြင်းအထန်​ဖြစ်လာ​ခဲ့​၏။

ပဲ​လို​ပေါ်​နီး​စော့စ်​အရှေ့​တောင်ပိုင်း ကီ​ဧ​တို​မြို့ငယ်​လေး​တွင် ဘူလ်ဂေးရီးယား​လူမျိုး​မိသားစု​တစ်စု​နှင့် အယ်လ်ဘေးနီးယား​အမျိုးသား​တစ်ဦး​သည် ယေဟောဝါသက်သေ​များနှင့် သမ္မာကျမ်းစာ​ကို စတင်​လေ့လာ​ခဲ့​ကြ​ရာ တစ်ဦး​နှင့်​တစ်ဦး​ရင်းနှီး​သိကျွမ်း​သွား​ကြသည်။ သမ္မာကျမ်းစာ​မူများ​ကို လက်တွေ့​လိုက်နာခြင်းက ဤ​အုပ်စု​နှစ်စု​ရှိ လူအများ​တွင်​ရှိကြ​သည့် ရန်လို​မုန်းတီးမှု​ကို အရည်ပျော်​စေ​ခဲ့​သည်။ ဤ​သူများ​အတွင်း ညီအစ်ကို​ရင်း​ပ​မာ စစ်မှန်သော​ခင်မင်​ရင်းနှီးမှု​လည်း ရှိလာ​ခဲ့​ကြသည်။ ဘူလ်ဂေးရီးယား​လူမျိုး​ဖြစ်သော အီဗန်​သည် အယ်လ်ဘေးနီးယား​လူမျိုး​ဖြစ်သော လူ​လ​စ္စ​ကို​ကူညီပေး​ကာ အီဗန်​၏​အိမ်နား​တွင် နေထိုင်​စ​ရာ​အိမ်​ရှာဖွေ​ပေး​ခဲ့​၏။ ထို​မိသားစု​နှစ်စု​သည် အစားအသောက်​ကို​သာမက သူတို့၏​ပိုင်ဆိုင်ရာ​ပစ္စည်း​အနည်းငယ်​ကို​ပင် မျှဝေ​သုံးစွဲ​လေ့​ရှိကြ​၏။ ယခု ထို​အမျိုးသား​နှစ်ဦးစလုံး နှစ်ခြင်း​ခံ​ပြီး​သော ယေဟောဝါသက်သေ​များ​ဖြစ်​ကြ​ပြီး သတင်းကောင်း​ဟောပြောခြင်း​၌ အတူတကွ​ပါဝင်​ဆောင်ရွက်​နေကြ​သည်။ ဤ​ခရစ်ယာန်​ခင်မင်​ရင်းနှီးမှုကို အိမ်နီးချင်း​များ သတိ​မပြုမိ​ဘဲ​နေ​မည်​မဟုတ်​သည်​မှာ ပြောစရာ​မလို​ချေ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​အောက်တွင် မုန်းတီးမှု​ရှိရှိသမျှ ကမ္ဘာ​မြေကြီးပေါ်​မှ ဖယ်ရှားခံ​ရ​လိမ့်​မည်