မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘောထားကွဲလွဲမှုများကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း

သဘောထားကွဲလွဲမှုများကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း

သဘောထား​ကွဲလွဲ​မှုများ​ကို သင်​မည်သို့ ကိုင်တွယ်​ဖြေရှင်း​သနည်း

ကျွန်ုပ်​တို့သည် နေ့စဉ်​နေ့တိုင်း စရိုက်​အမျိုးမျိုးနှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​ရသည်။ ယင်းကြောင့် ကျွန်ုပ်​တို့သည် ပျော်ရွှင်မှု​ရသည့်​အပြင် ရှုထောင့်​အသစ်များ​ကိုလည်း ရရှိ​တတ်ကြ​၏။ တစ်ခါတစ်ရံ ၎င်း​ကြောင့်​လည်း သဘောထား​ကွဲလွဲ​မှုများ ဖြစ်ပေါ်​လာ​တတ်​ကာ ၎င်း​တို့​မှ အချို့​သည် ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာတွင် မပြော​ပ​လောက်​သော်လည်း အခြား​မှာ​မူ အလေးထား​စ​ရာ​ဖြစ်​ပေ​သည်။ မည်သို့​ပင်​ဖြစ်ပါစေ၊ သဘောထား​ကွဲလွဲ​မှုများ​ကို ကျွန်ုပ်​တို့​ကိုင်တွယ်​ဖြေရှင်းပုံ​သည် ကျွန်ုပ်​တို့၏​ကာယရေး၊ စိတ္တ​ရေး​နှင့် ဝိညာဉ်​ရေး​တို့​အပေါ် အရာထင်​သည်။

သဘောထား​ကွဲလွဲ​မှုများ​ကို ကျွန်ုပ်​တို့​အတတ်နိုင်ဆုံး သင့်တင့်​စွာ​ဖြေရှင်း​နိုင်​ခြင်း​သည် ကျွန်ုပ်​တို့ကို​ပို​ကျန်းမာ​စေ​၍ အခြား​သူများ​နှင့်​ဆက်ဆံ​ရေး ပို​၍​ပြေပြစ်​စေ​လိမ့်​မည်။ ရှေး​ပညာရှိ​စကား​တစ်ခု​က ဤသို့​ဆို​သည်– “ကျန်းမာ​သော​နှလုံး​သည် ကိုယ်​အသက်ရှင်​စေ” သည်။—သု. ၁၄:၃၀

ဤ​ဆိုရိုး​နှင့် အခြားကြီး​ခြား​သည်​ကား “ကိုယ်​စိတ်​ကို​မချုပ်တည်း​နိုင်သော​သူသည် မြို့ရိုး​ပြိုပျက်​၍ ဟင်း​လင်း​ရှိသော​မြို့​နှင့်​တူ​၏” ဟူ၍​ဖြစ်သည်။ (သု. ၂၅:၂၈) ကျွန်ုပ်​တို့​တွင် မည်သူသည် အခြား​သူများ​နှင့် ကျွန်ုပ်​တို့ကို​ပါ ထိခိုက်​စေနိုင်​သည့် မတော်မလျော်​ပြုမူ​စေနိုင်​သော အတွေးအခေါ်​မှား​များ​အဝင်​ခံ​လို​မှာ​နည်း။ ဒေါသကို​မထိန်းချုပ်​ဘဲ တုံ့ပြန်​ခြင်း​သည် ထို​ကဲ့သို့​ပင်​ဖြစ်စေ​နိုင်​သည်။ ယေရှု​က တောင်ပေါ်​တရားတော်​တွင် သဘောထား​ကွဲလွဲ​မှုများ​ကို ကိုင်တွယ်​ဖြေရှင်းပုံ​အပေါ် ဩဇာ​သက်ရောက်​နိုင်​သည့် ကျွန်ုပ်​တို့၏​စိတ်​နေ​စိတ်ထား​ကို ဆန်းစစ်​ရန် အကြံပြု​ခဲ့​သည်။ (မဿဲ ၇:၃-၅) သူတစ်ပါးကို ဝေဖန်​ပြစ်တင်​မည့်​အစား ရှုထောင့်​ချင်း​မတူ၊ နောက်ခံ​ချင်း​ကွဲပြား​ကြ​သူများ​နှင့် မည်သို့​မိတ်ဖွဲ့​ကာ မိတ်​မြဲ​စေနိုင်​မည်​တို့ကို စဉ်းစား​သင့်​သည်။

ကျွန်ုပ်​တို့၏​စိတ်​နေ​စိတ်ထား

သဘောထား​ကွဲလွဲ​မှု​ရှိသည်​ဟု အထင်​ရှိ​ခြင်း သို့​မဟုတ် အမှန်တကယ် သဘောထား​ကွဲလွဲ​မှု​ကို ဖြေရှင်းရန် ပထမ​အဆင့်​မှာ ကျွန်ုပ်​တို့​၌​အတွေးအခေါ်​မှား​များနှင့် စိတ်​နေ​စိတ်ထား​မှား​များ​ရှိ​နိုင်​ကြောင်းကို အသိအမှတ်​ပြုခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့အားလုံး​သည် ဒုစရိုက်​ကို​ပြု​၍ “ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ” ဟု​သမ္မာကျမ်းစာ​က သတိပေး​သည်။ (ရောမ ၃:၂၃) ထို့​ပြင် ပြဿနာ​၏​ဇာစ်​မြစ်​သည် အခြားသူ​မဟုတ်​ကြောင်း ပိုင်းခြား​သိမြင်မှု​က ဖော်ပြ​ပေမည်။ ယင်း​နှင့်​စပ်လျဉ်း၍ ယောန​၏​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ကြ​စို့။

ယောန​သည် ယေဟောဝါ​၏​ညွှန်ကြားမှု​ဖြင့် နိနေဝေ​မြို့သား​များ​အပေါ် ဘုရားသခင်​စီရင်ချက်​ချ​တော့​မည်​အကြောင်း ဟောပြောရန် ထို​မြို့​သို့​သွားခဲ့သည်။ ဝမ်းသာစရာ​မှာ နိနေဝေ​မြို့​တစ်မြို့လုံး​သည် နောင်တ​ရ​ကာ စစ်မှန်သော​ဘုရားသခင်​ကို ယုံကြည်​ကိုးကွယ်​လာ​ခဲ့​ကြသည်။ (ယောန ၃:၅-၁၀) သူတို့၏​နောင်တ​ရသော စိတ်သဘောထား​သည် ခွင့်လွှတ်​မှု​ရထိုက်​သည်​ဟု ယေဟောဝါ​ယူဆ​သောကြောင့် သူတို့ကို သက်ညှာ​ခဲ့​သည်။ သို့သော် “ယောန​သည် အလွန်​စိတ်ညစ်​၍ အမျက်ထွက်” ခဲ့​သည်။ (ယောန ၄:၁) ယေဟောဝါ​၏​ကရုဏာ​ကို ယောန​တုံ့ပြန်​ခဲ့​ပုံ​သည် အံ့အားသင့်​စ​ရာ​ဖြစ်​ခဲ့​သည်။ ယောန​သည် ယေဟောဝါ​ကို အဘယ်ကြောင့် အမျက်ထွက်​သင့်​သနည်း။ ယောန​သည် ဒေသ​တွင် မျက်နှာ​ပျက်​ရပြီ​ဟု စဉ်းစား​ကာ သူကိုယ်တိုင်​၏​ခံစားချက်​ကို​သာ ထည့်တွက်​နေကြောင်း ထင်ရှား​ပါ​သည်။ ယေဟောဝါ​၏​ကရုဏာ​ကို သူ​သဘောမပေါက်​ခဲ့​ချေ။ ယေဟောဝါ​သည် ယောန​ကို သနား​ကြင်နာ​စွာ​ဖြင့် ဘုရားသခင့်​ကရုဏာ​၏ ထူးကဲ​မွန်မြတ်​မှု​ကို​သိမြင်​၍ စိတ်သဘောထား​ပြောင်းလဲ​စေရန် ရုပ်​ပြ​သင်ခန်းစာ​တစ်ခု​ကို​ပေး​ခဲ့​သည်။ (ယောန ၄:၇-၁၁) ယေဟောဝါ​၏​စိတ်သဘောထား​မဟုတ်ဘဲ ယောန​၏​စိတ်​နေ​စိတ်ထား​သည်​သာ ပြုပြင်​ပြောင်းလဲ​ရန်လို​အပ်​နေကြောင်း ထင်ရှား​ပါ​သည်။

ထို​နည်းတူ​စွာ တစ်ခါတစ်ရံ ကိစ္စ​တစ်ရပ်​အပေါ် ကျွန်ုပ်​တို့၏​စိတ်သဘောထား​ပြောင်းလဲ​ရန် လိုအပ်​နေပါသလော။ တမန်​တော်​ပေါလု​က “ချီးမွမ်း​ခြင်း​အရာ​မှာ သူတစ်ပါးကို ကိုယ်​ထက်​ချီးမြှောက်​ကြလော့” ဟူ၍ ကျွန်ုပ်​တို့ကို ဆုံးမ​ထား​သည်။ (ရောမ ၁၂:၁၀) အဘယ်အရာကို သူ​ဆိုလို​ခဲ့​သနည်း။ တစ်ချက်​အနေ​နှင့် ကျွန်ုပ်​တို့သည် အကျိုးသင့်အကြောင်းသင့်​ရှိပြီး အခြား​ခရစ်ယာန်​များ​ကို အလွန်​ရိုသေ​ခန့်ညား​စွာ ဆက်ဆံ​ကြ​ရန် ကျွန်ုပ်​တို့ကို​အားပေးနေ​ခြင်း​ဖြစ်သည်။ ဤ​တွင် လူတစ်ဦး​စီ​၌ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ရှိကြောင်း အသိအမှတ်​ပြုခြင်း​ပါဝင်​သည်။ ထို့​ပြင် ကျွန်ုပ်​တို့ “အသီးအသီး​တို့သည် မိမိတို့​ဝန်ကို ဆောင်ရွက်​ရ​ကြ​မည်” ဟု​ပေါလု​သတိပေး​သည်။ (ဂလာတိ ၆:၅) ထို့​ကြောင့် သဘောထား​ကွဲလွဲ​မှုများ​မှ စိတ်ဝမ်းကွဲ​မှု​မဖြစ်​ပေါ်​မီ ကျွန်ုပ်​တို့၏​စိတ်​နေ​စိတ်ထား​ကို လိုအပ်​သလို​ပြုပြင်​ပြောင်းလဲ​ဖို့ စဉ်းစားခြင်း​သည် မည်မျှ​ပညာရှိ​လေ​စွ! ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စဉ်းစား​ပုံ​ကို ရောင်ပြန်ဟပ်​ရန်​နှင့် ဘုရားသခင်​ကို အမှန်တကယ်​ချစ်​မြတ်နိုးသူ​များနှင့် အသင့်အတင့်​ဆက်​ရှိ​ရန် ကြိုးစား​အားထုတ်​ရမည်​ဖြစ်သည်။—ဟေရှာယ ၅၅:၈၊ ၉

ကျွန်ုပ်​တို့​ချဉ်းကပ်​ပုံ

အရုပ်​တစ်ခု​ကို​ရဖို့​အတွက် တအား​ဆွဲ​လု​နေကြ​သော ကလေး​နှစ်ဦး​ကို မြင်ယောင်​ကြည့်​ပါ။ နောက်ဆုံး​တွင် တစ်ဦး​က အလျှော့မပေး​မချင်း၊ သို့​မဟုတ် တစ်ဦး​တစ်ယောက်​က ကြားဝင်​ဖြေရှင်း​မပေး​မချင်း ထိုသို့​ဆွဲ​လု​နေစဉ် ဒေါသ​စကား​များ ပြောဆို​ခဲ့​ကြ​ပေမည်။

အာဗြဟံ​သည် မိမိ၏​နွား​ကျောင်းသား​များနှင့် တူ​ဖြစ်သူ လောတ​၏​နွား​ကျောင်းသား​များ ခိုက်ရန်​ဖြစ်​ကြသည်​ကို ကြား​ခဲ့​၏​ဟု ကမ္ဘာဦးကျမ်း​က မှတ်တမ်းတင်​ဖော်ပြ​သည်။ အာဗြဟံ​က​အစပြု​၍ လောတ​သို့​ချဉ်းကပ်​ကာ “ငါ​တို့သည် ညီအစ်ကို​ချင်း​ဖြစ်​လျက် ငါ​နှင့်​သင်၌​လည်းကောင်း၊ ငါ့​နွား​ကျောင်းသား​တို့​နှင့် သင့်​နွား​ကျောင်းသား​တို့​၌​လည်းကောင်း ခိုက်ရန်​မရှိပါ​စေ​နှင့်” ဟု​ပြော​သည်။ အာဗြဟံ​၏​ဆုံးဖြတ်ချက်​မှာ အဘယ်​သဘောထား​ကွဲလွဲ​မှု​ကြောင့်​မျှ သူတို့၏​ဆက်ဆံ​ရေး ပျက်ပြား​မသွား​စေရန်​ဖြစ်သည်။ အဘယ်​အထိ ပြုလုပ်​လို​သနည်း။ သူသည် ပို​၍​အသက်ကြီးသူ​အနေ​နှင့် သူ၏​ရွေးချယ်ပိုင်ခွင့်​ကို​စွန့်လွှတ်​ရန် အသင့်​ရှိခဲ့​၏။ လောတ​သည် သူ၏​အိမ်ထောင်စု​နှင့် တိရစ္ဆာန်​အုပ်​များနှင့်​တကွ ပြောင်း​သွား​လို​သည့်​နေရာသို့​သွား​ရန် အာဗြဟံ​က သူ့ကို​ရွေးချယ်ခွင့်​ပြု​ခဲ့​သည်။ ထို​အခါ အဆုံး​တွင် လောတ​သည် စိမ်းလန်း​စိုပြည်​သော သောဒုံ​နှင့်​ဂေါမောရ​မြို့ကို ရွေးချယ်​ခဲ့​၏။ အာဗြဟံ​နှင့်​လောတ​သည် အေးဆေး​သင့်တင့်​စွာ လမ်းခွဲ​ခဲ့​ကြသည်။—ကမ္ဘာဦး ၁၃:၅-၁၂

သူတစ်ပါး​နှင့် ပြေပြစ်​သော​ဆက်ဆံ​ရေး​ကို ဆက်​ထိန်းသိမ်း​ထား​ရန် အာဗြဟံ​နည်းတူ ကျွန်ုပ်​တို့​ပြုမူ​ရန် အသင့်ရှိ​ကြ​ပါသလော။ သဘောထား​ကွဲလွဲ​မှု​တစ်ခု​ကို ကိုင်တွယ်​ဖြေရှင်း​သောအခါ ကျွန်ုပ်​တို့​တုပ​ရန် အလွန်​ထူးမြတ်​သော​စံနမူနာ​တစ်ခု​ကို ဤ​ကျမ်းစာ​အဖြစ်အပျက်က ဖော်ပြ​သည်။ အာဗြဟံ​က ဆက်၍ “ခိုက်ရန်​မရှိပါ​စေ​နှင့်” ဟု​တောင်းပန်​ခဲ့​သည်။ အာဗြဟံ​သည် သင့်တင့်​ပြေပြစ်​စွာ​ဖြေရှင်း​လို​စိတ် အမှန်တကယ်​ပင်​ရှိခဲ့​သည်။ ပြေပြစ်​သော​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ထား​ကြ​ရန် ဤသို့​မေတ္တာ​ရပ်ခံ​ခြင်း​သည် အဘယ်​အထင်လွဲ​မှား​မှု​ကို​မဆို ဖယ်ရှား​ရန် ထောက်ကူ​ပေး​မည်​မှာ သေချာ​သည်။ ထို့နောက် အာဗြဟံ​က “ငါ​တို့သည် ညီအစ်ကို​ချင်း​ဖြစ်” ကြသည်​ဟူ၍​အဆုံးသတ်​ပြောဆို​ခဲ့​သည်။ ကိုယ့်​စိတ်ကြိုက်​အတွက်၊ သို့​မဟုတ် မာန​စိတ်​ကြောင့် ဤ​တန်ဖိုး​ရှိသော​ဆက်ဆံ​ရေး​ကို အဘယ်ကြောင့်​ဆုံးရှုံး​ခံ​မည်​နည်း။ အာဗြဟံ​သည် အရေးကြီး​ရာ​ကို ရှင်းလင်း​ပြတ်သား​စွာ အာရုံစိုက်ခဲ့​သည်။ သူသည် ကိုယ့်​ကိုယ်ကို​ရိုသေ​လေးစားမှု​နှင့် ဂုဏ်​သိက္ခာ​ရှိ​စွာ​ဖြင့် ထိုသို့​ပြု​ခဲ့​သည့်​အပြင် တစ်ချိန်တည်း​တွင် သူ၏​တူ​ကိုလည်း အသရေ​ရှိစေခဲ့​သည်။

သဘောထား​ကွဲလွဲ​မှု​တစ်ခု​ကို ဖြေရှင်းဖို့​အတွက် ပြင်ပ​မှ​ကြားဝင်​ဖြေရှင်း​မှု​လိုအပ်​မည့် အခြေအနေ​များ ပေါ်ပေါက်​လာနိုင်​သော်လည်း ကိစ္စ​တစ်ခု​ကို အချင်းချင်း​ဖြေရှင်း​နိုင်​ခြင်း​သည် အမှန်တကယ်​ပင် သာ၍​ကောင်း​မည်​ဖြစ်​ခြင်း! ကျွန်ုပ်​တို့၏​ညီအစ်ကို​နှင့် သင့်တင့်​ဖို့​ရန် ကိုယ်တိုင်​အစပြု​လုပ်ဆောင်ခြင်း၊ လိုအပ်​ပါ​က တောင်းပန်​ခြင်း​ကို ယေရှု​အားပေး​သည်။ * (မဿဲ ၅:၂၃၊ ၂၄) ဤသို့​ပြု​ရန် နှိမ့်ချမှု၊ သို့​မဟုတ် စိတ်​နှိမ့်ချ​ခြင်း​ရှိ​ရန် လို​မည်​ဖြစ်သော်လည်း ပေတရု​က “အချင်းချင်း​တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချလျက်​နေ၍၊ နှိမ့်ချ​ခြင်း​တန်ဆာ​ကို​ဆင်​ကြလော့။ အကြောင်း​မူ​ကား ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏” ဟု​ရေးခဲ့​သည်။ (၁ ပေတရု ၅:၅) ဝတ်ပြုသူချင်း​များနှင့် ကျွန်ုပ်​တို့​ဆက်ဆံပုံ​သည် ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အပေါ် တိုက်ရိုက်​ပတ်သက်​နေသည်။—၁ ယောဟန် ၄:၂၀

ကျွန်ုပ်​တို့သည် ခရစ်ယာန်​အသင်းတော်​အတွင်း သင့်တင့်​မှု​ရှိစေဖို့​အတွက် လုပ်ပိုင်ခွင့်​တစ်ခု​ကို စွန့်လွှတ်​ရန် တောင်းဆို​ခံရ​ပေမည်။ ယခု ယေဟောဝါသက်သေ​များနှင့် ပေါင်းသင်း​သူ​အတော်များများသည် ဘုရားသခင်​၏​စစ်မှန်သော​ဝတ်ပြုသူ​များ​မိသားစု​ထဲ လွန်ခဲ့သော​ငါး​နှစ်​အတွင်း ဝင်လာ​ခဲ့​ကြ​သူများ​ဖြစ်သည်။ ၎င်း​ကြောင့် ကျွန်ုပ်​တို့​တကယ်​ပျော်ရွှင်​နေကြ​ရသည်​တကား! ကျွန်ုပ်​တို့​ပြုမူ​ဆက်ဆံပုံ​သည် အသင်းတော်​ရှိ ဤ​သူများ​နှင့် အခြား​သူများကို​ပါ အမှန်ပင်​အကျိုး​သက်ရောက်​ပေမည်။ ယင်းကြောင့် ကျွန်ုပ်​တို့အား အခြားသူများ မည်သို့​ရှုမြင်​မည်​ကို​ထောက်ရှု၍ ကျွန်ုပ်​တို့၏​အပန်းဖြေမှု၊ ဝါသနာ​များ၊ လူမှုရေး​လုပ်ငန်းများ သို့​မဟုတ် အလုပ်အကိုင်​တို့ကို သေချာ​စဉ်းစား​ရွေးချယ်ခြင်း​သည် အကြောင်းကောင်း​တစ်ခု​ဖြစ်သည်။ ကျွန်ုပ်​တို့၏​အပြု​အမူ​များ သို့​မဟုတ် စကား​များသည် အထင်မှား​စ​ရာ​ဖြစ်စေ​ပြီး အခြား​သူများကို ထိမိ​လဲ​စေနိုင်​သလော။

တမန်​တော်​ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “ငါသည် အပြစ်​မသင့်​ဘဲ ခပ်သိမ်း​သော​အမှုအရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ ခပ်သိမ်း​သော​အမှုအရာ​ကို ပြုသင့်​သည်မဟုတ်။ အပြစ်​မသင့်​ဘဲ ခပ်သိမ်း​သော​အမှုအရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ ခပ်သိမ်း​သော​အမှုအရာ​တို့သည် သူတစ်ပါးကို တည်ဆောက်​တတ်​သည်မဟုတ်။ ကိုယ်​အကျိုးကို အဘယ်သူမျှ​မ​ရှာ​စေ​နှင့်။ သူ့​အကျိုးကို​လူတိုင်း​ရှာ​စေ။” (၁ ကောရိန္သု ၁၀:၂၃၊ ၂၄) ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ကို အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ချစ်​မြတ်နိုး​ပြီး စည်းလုံးစေ​ရန် အမှန်တကယ်​စိတ်ဝင်စား​ကြသည်။—ဆာလံ ၁၃၃:၁; ယောဟန် ၁၃:၃၄၊ ၃၅

အနာ​ပျောက်ကင်း​စေနိုင်​သော​စကား

စကား​သည် ကောင်းကျိုး​ဖြစ်ထွန်း​စေနိုင်​သည့် တန်ခိုး​ရှိသည်။ “သာယာသော​စကား​တို့သည် ပျား​လ​ပို့​ကဲ့သို့​ဖြစ်၍ စိတ်​ဝိညာဉ်​၌​ချိုမြိန်​လျက် ကိုယ်​အရိုး​ကို ကျန်းမာ​စေ​လျက်​ရှိကြ​၏။” (သု. ၁၆:၂၄) အဆိုပါ​ပညာရှိ​စကား​မှန်ကန်ကြောင်း ဧဖရိမ်​လူ​တို့​နှင့် ပဋိပက္ခ​ဖြစ်​နိုင်​ဖွယ်​ရာ​ကို ဂိဒေါင်​ရှောင်ရှား​ခဲ့​ခြင်း​ကိစ္စ​က ဖော်ပြ​သည်။

ဂိဒေါင်​သည် မိဒျန်​လူ​တို့ကို​တိုက်ခိုက်မှု​တွင် အကြီးအကျယ်​ပါဝင်​နေခဲ့​ရာ ဧဖရိမ်​လူမျိုး၏​အကူအညီကို တောင်းဆို​ခဲ့​သည်။ သို့သော် တိုက်ပွဲ​ပြီး​နောက် ဧဖရိမ်​လူတို့သည် ဂိဒေါင်​ကို​ဒေါသ​ထွက်​ပြီး ပွဲဦးထွက်​တိုက်ပွဲ​၌ မိမိတို့ကို​မ​ခေါ်​ခဲ့​သည့်​အတွက် ခါးခါးသီးသီး​အပြစ်​ဆို​လေ​သည်။ သူတို့သည် “ကျပ်​ကျပ်​အပြစ်တင်​ကြ​၏” ဟု​မှတ်တမ်းက​ဆို​သည်။ ဂိဒေါင်​က “သင်တို့​ပြု​သကဲ့သို့ ငါသည်​အဘယ်​သို့​ပြုပြီး​သနည်း။ အ​ဗျေ​ဇာ​စပျစ်​သီး​သိမ်း​ခြင်း​ထက် ဧဖရိမ်​လိုက်​ကောက်ခြင်း​သည် သာ၍​ကောင်း​သည်မဟုတ်​လော။ ဘုရားသခင်​သည် မိဒျန်​ဗိုလ်ချုပ်​သြ​ရ​ဘ​နှင့် ဇေ​ဘ​တို့ကို သင်တို့​လက်၌​အပ်​တော်​မူ​ပြီ။ သင်တို့​ပြု​သကဲ့သို့ ငါသည် အဘယ်​သို့​ပြု​နိုင်​သနည်း” ဟု​ပြန်​ပြော​ခဲ့​သည်။ (တရားသူကြီး ၈:၁-၃) ဂိဒေါင်​သည် သူ၏​ကောင်းစွာ​ရွေးချယ်​ပြီး အေးဆေး​စွာ​ပြောဆို​သော​စကား​များ​ကြောင့် ဘေးသင့်​မည့် လူမျိုး​အချင်းချင်း​ဖြစ်ပွား​သော​တိုက်ပွဲ​တစ်ခု​ကို မဖြစ်စေ​ဘဲ​ရှောင်​ခဲ့​သည်။ ဧဖရိမ်​လူမျိုး​မှ​သူတို့သည် မိမိ​အရေးပါ​သည်​အထင်​နှင့် ဘဝင်မြင့်​ခြင်း​ပြဿနာ​ရှိခဲ့​ပေမည်။ သို့သော် ဂိဒေါင်​သည် ၎င်း​ကြောင့် သင့်တင့်​ပြေလည်​ဖို့​အတွက် မကြိုးစား​ဘဲ​မနေခဲ့ချေ။ ကျွန်ုပ်​တို့​လည်း ထို​နည်းတူ​စွာ ပြုမူ​လုပ်ဆောင်​နိုင်​သလော။

ကျွန်ုပ်​တို့ကို သူတစ်ပါး​အမျက်​ဒေါသ​ထွက်​ပြီး ရန်မူ​လာနိုင်​သည်။ ထို​အခါ သူတို့၏​ခံစားချက်​များ​ကို အသိအမှတ်​ပြုပြီး သူတို့၏​ရှုမြင်ချက်များ​ကို သဘောပေါက်​နားလည်​ရန်​ကြိုးစား​ပါ။ ကျွန်ုပ်​တို့သည် တစ်နည်း​နည်းဖြင့် သူတို့ကို ထိုသို့​ခံစား​စေ​ခဲ့​ပါသလော။ သို့​ဆိုလျှင် ပြဿနာ​ဖြစ်ပေါ်​စေ​ခဲ့​သော ကျွန်ုပ်​တို့၏​အမှား​ကို​ဝန်ခံ​ကာ ဝမ်းနည်း​ကြောင်း​ဖော်ပြ​ပါ​လေ။ ကောင်းစွာ​စဉ်းစား​ပြောဆို​သော စကား​တစ်ခွန်း​နှစ်​ခွန်း​သည် ပျက်ပြား​နေသော​ဆက်ဆံ​ရေး​ကို ပြန်လည်​ကောင်းမွန်​လာ​စေ​ပေမည်။ (ယာကုပ် ၃:၄) စိတ်​အနှောင့်အယှက်​ဖြစ်သူ​အချို့​သည် ကျွန်ုပ်​တို့၏​ကြင်နာ​သော​အားပေး​စကား​ကို​သာ လိုအပ်​နေ​ပေမည်။ “ထင်း​မ​ရှိလျှင် မီး​သေတတ်” သည်​ဟု ကျမ်းစာ​က​ဖော်ပြ​သည်။ (သု. ၂၆:၂၀) မှန်ပါသည်၊ စိတ်ရင်းမှန်​ဖြင့် သေချာ​စွာ​ရွေးချယ်​ပြောဆို​သော​စကား​များသည် ‘အမျက်ပြေ’ စေပြီး ကျေအေးစေ​နိုင်​သည်။—သု. ၁၅:၁

တမန်​တော်​ပေါလု​က “သင်တို့သည် တတ်နိုင်​သမျှ​အတိုင်း လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေကြ​လော့” ဟု​အကြံပေး​သည်။ (ရောမ ၁၂:၁၈) ကျွန်ုပ်​တို့သည် သူတစ်ပါး​၏​ခံစားချက်​များ​ကို မ​စိုးမိုး​နိုင်​သော်လည်း ကျွန်ုပ်​တို့​အနေ​နှင့် ငြိမ်သက်မှု​ကို တိုးပွား​စေနိုင်​ပါ​သည်။ ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် သူတစ်ပါး​၏ မစုံလင်​သော​တုံ့ပြန်မှု​များ​၏ အောက်​ရောက်​မည့်​အစား ကျွန်ုပ်​တို့သည် ခြေမြစ်​သော​ကျမ်းစာ​မူများ​ကို ယခု​ပင် လိုက်နာ​ကျင့်သုံး​နိုင်​ကြ​ပါ​သည်။ ယေဟောဝါ​သွန်သင်ပေး​သည့်​နည်း​အတိုင်း သဘောထား​ကွဲလွဲ​မှုများ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ထာဝရ​ငြိမ်းချမ်း​ပျော်ရွှင်မှု​ကို ဖြစ်စေ​ပါ​လိမ့်​မည်။—ဟေရှာယ ၄၈:၁၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 13 ၁၉၉၉၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင်​မှ “သင့်​စိတ်နှလုံး​ထဲ​မှ ခွင့်လွှတ်​လော့” နှင့် “သင့်​ညီအစ်ကို​ကို သင်​ရနိုင်” ဆောင်းပါး​များ​ရှု။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့​လမ်းစဉ်​အတိုင်း​ဖြစ်​ဖို့ ဇွတ်​တ​ရွတ်​ပြော​သလော

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အာဗြဟံ​သည် သဘောထား​ကွဲလွဲ​မှု​ကို ဖြေရှင်းရန် အလျှော့ပေး​လိုက်လျော​သော ပုံသက်သေ​ကောင်း​ပြ​ခဲ့