မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ အဖိုးထိုက်အမွေအနှစ်—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

ကျွန်ုပ်တို့၏ အဖိုးထိုက်အမွေအနှစ်—သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

ကျွန်ုပ်​တို့၏ အဖိုးထိုက်​အမွေအနှစ်—သင့်အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း

ငါ့​ခမည်းတော်​ထံ​ကောင်းချီး​မင်္ဂလာ​ကို​ခံ​သော​သူတို့၊ ကမ္ဘာဦး​က​ပင် သင်တို့​အဖို့​ပြင်ဆင်​သော​နိုင်ငံ​ကို လာ၍​အမွေခံ​ကြလော့။”—မဿဲ ၂၅:၃၄

၁။ အဘယ်အရာ​မျိုးကို အမွေ​အဖြစ် လူ​တို့​ရရှိခဲ့ကြ​သနည်း။

လူသား​အားလုံး မိမိတို့​အမွေ​ရခဲ့​သော​အရာများ ရှိကြ​၏။ အချို့​ရရှိခဲ့​သော​အမွေအနှစ်​တွင် စည်းစိမ်ဥစ္စာ​ရှိ အသက်တာ​ပါဝင်​ပေမည်။ အခြားသူ​တို့​မှာ​မူ ဆင်းရဲ​သည့်​ဘဝ​ဖြစ်​ပေမည်။ ကိစ္စ​အချို့​တွင် ရှေး​လူကြီး​များ ကိုယ်တိုင်​တွေ့ကြုံ​ခဲ့​ကြ​ရ သို့​မဟုတ် ကြားသိ​ခဲ့​ကြ​ရသော​အရာ​ကြောင့် အခြား​လူမျိုးစု​တစ်စု​အပေါ် ခါးသီး​သော​မုန်းတီးမှု​ကို အမွေ​အဖြစ် လက်ဆင့်ကမ်း​ခဲ့​ကြသည်။ သို့သော် ကျွန်ုပ်​တို့အားလုံး​၌ တူညီမှု​တစ်ခု​ရှိ၏။ ကျွန်ုပ်​တို့အားလုံး​သည် ပထမဦးဆုံး​လူသား​အာဒံ​ထံ​မှ အပြစ်ကို​အမွေ​အဖြစ်​ရရှိ​ထား​ကြသည်။ ထို​အမွေ​က နောက်ဆုံး​တွင်​သေစေ​သည်။—ဒေ. ၉:၂၊ ၁၀; ရောမ ၅:၁၂

၂၊ ၃။ အာဒံ​နှင့်​ဧဝ​၏​သားစဉ်မြေးဆက်​အတွက် ရနိုင်​ခြေ​ရှိသော အဘယ်​အမွေအနှစ်​ကို အစအဦး​က ယေဟောဝါ​စီမံ​ခဲ့​သနည်း၊ ၎င်းကို သူတို့ အဘယ်ကြောင့်​မရခဲ့​ကြ​သနည်း။

မေတ္တာ​ရှိသော​ကောင်းကင်​ခမည်းတော် ယေဟောဝါ​သည် မူလအစ​က လူသား​တို့ကို ထူးကဲ​ခြားနား​လှ​သည့်​အမွေအနှစ်​တစ်ခု​ဖြစ်သော ပရဒိသု​တွင်​စုံလင်စွာ ထာဝစဉ်​အသက်ရှင်ခြင်းကို ကမ်း​လှမ်း​ခဲ့​သည်။ ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​ဖြစ်သော အာဒံ​နှင့်​ဧဝ​သည် အစ​က စုံလင်​၍​အပြစ်မဲ့​ခဲ့​ကြ​၏။ ယေဟောဝါ​ဘုရားသခင်​သည် ကမ္ဘာ​ဂြိုဟ်​ကို လူသားတို့အား လက်ဆောင်​အဖြစ်​ပေး​တော်​မူ​၏။ (ဆာလံ ၁၁၅:၁၆) ကမ္ဘာ​တစ်ခုလုံး ဖြစ်ပေါ်​လာနိုင်​သည့်​ပုံစံ​နမူနာ​အဖြစ် ဧဒင်ဥယျာဉ်​ကို ကိုယ်တော်​ပြင်ဆင်​ပေး​ခဲ့​ပြီး ကျွန်ုပ်​တို့၏​ကနဦး​မိဘများ​အတွက် အထူး​ကောင်းမွန်​၍ အလွန်​စိတ်ဝင်စားဖွယ်​တာဝန်​ကို​ပေး​ခဲ့​သည်။ သူတို့သည် ကလေး​များ​မွေးဖွား​ရန်၊ ကမ္ဘာ​မြေ​နှင့် ၎င်း​ပေါ်​ရှိ​သစ်ပင်​နှင့် တိရစ္ဆာန်​သတ္တဝါ​အမျိုးမျိုး​တို့ကို စောင့်ရှောက်​ရန်​နှင့် ပရဒိသု​ဝန်းကျင်​ကို ကမ္ဘာ​တစ်ဝန်း​သို့ တိုးချဲ့​ရန်ဖြစ်​သည်။ (ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၉၊ ၁၅) ၎င်း​တွင် သူတို့၏​သားစဉ်မြေးဆက်​လည်း ပါဝင်​ကြ​မည်​ဖြစ်သည်။ သားသမီးတို့​အား လက်ဆင့်ကမ်း​နိုင်သော တကယ်​ကောင်းမွန်​သည့် အမွေအနှစ်​ပါ​တကား!

သို့သော် ယင်း​တို့အားလုံး​ကို သူတို့​ပျော်မွေ့​ကြ​ရန် အာဒံ၊ ဧဝ​နှင့် သူတို့၏​သားစဉ်မြေးဆက်​တို့သည် ဘုရားသခင်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး ရှိကြ​ရမည်​ဖြစ်သည်။ အာဒံ​နှင့်​ဧဝ​သည် ယေဟောဝါ​အပေါ် မေတ္တာ​နှင့် နာခံမှု​အကြွေးတင်​နေကြ​သော်လည်း ဘုရားသခင်​ပေး​သော​အရာ​ကို မ​လေးမြတ်​ကြ​ဘဲ ကိုယ်တော်​၏​ပညတ်​ကို မနာခံ​ခဲ့​ကြ​ချေ။ ထို​အခါ သူတို့၏​ပရဒိသု​နေအိမ်​နှင့် သူတို့ရှေ့ ဘုရားသခင်​ချပေး​ထားသော ခမ်းနား​ထည်ဝါ​သည့်​အလားအလာ​များ​ကို သူတို့​ဆုံးရှုံး​လိုက်​ကြ​ရသည်။ သို့​နှင့် သူတို့သည် မိမိတို့၏​သားစဉ်မြေးဆက်​ထံ​သို့ ၎င်းတို့ကို လက်​ဆ​င့်​မ​ကမ်း​နိုင်​တော့​ချေ။—ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၁-၂၄

၄။ အာဒံ​ဆုံးရှုံး​ခဲ့​သော​အမွေအနှစ်​ကို ကျွန်ုပ်​တို့ မည်သို့​ရရှိနိုင်​ကြ​သနည်း။

ယေဟောဝါ​သည် အာဒံ​ဆုံးရှုံး​ခဲ့​သော အမွေအနှစ်​ကို အာဒံ​နှင့်​ဧဝ​၏​သားစဉ်မြေးဆက်​တို့​ရနိုင်​ရန် ကရုဏာ​သက်​စွာ​ပြင်ဆင်​ပေး​ခဲ့​သည်။ မည်သို့​နည်း။ ဘုရားသခင်​သတ်မှတ်​ထားချိန်​၌ ကိုယ်တော့်​သားတော်ရင်း ယေရှု​ခရစ်​သည် အာဒံ​၏​သားစဉ်မြေးဆက်​အတွက် သူ၏​စုံလင်သော​လူ့​အသက်ကို စတေး​ခဲ့​သည်။ ခရစ်တော်​သည် ဤနည်းဖြင့် သူတို့​အားလုံး​ကို​ဝယ်ယူ​လိုက်​၏။ သို့သော် အဆိုပါ​အမွေအနှစ်​သည် သူတို့၏​ပိုင်ဆိုင်ရာ အလိုအလျောက်​ဖြစ်​မလာ​ပါ။ သူတို့သည် ယေရှု​ပူဇော်​သကာ​၏ အပြစ်ဖြေ​သည့်​တန်ဖိုး​ကို ယုံကြည်​ကြောင်း​တင်ပြ​ကြ​ကာ အဆိုပါ​ယုံကြည်ခြင်း​ရှိကြောင်း နာခံမှု​တင်ပြ​ကြ​ခြင်း​ဖြင့် ဘုရားသခင်​ရှေ့ မျက်နှာသာ​ရ​အနေအထား​ရှိ​ရန်လို​သည်။ (ယောဟန် ၃:၁၆၊ ၃၆; ၁ တိမောသေ ၂:၅၊ ၆; ဟေဗြဲ ၂:၉; ၅:၉) သင့်​ဘဝ​လမ်းစဉ်​က ထို​ပြင်ဆင်​ပေး​မှု​ကို​လေးမြတ်​ကြောင်း ဖော်ပြ​ပါသလော။

အာဗြဟံ​မှ​တစ်ဆင့် လက်ဆင့်ကမ်း​ခဲ့​သော​အမွေအနှစ်​တစ်ခု

၅။ ယေဟောဝါ​နှင့် မိမိ၏​ဆက်ဆံ​ရေး​ကို အာဗြဟံ​လေးမြတ်​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။

ယေဟောဝါ​သည် ကမ္ဘာ​မြေကြီး​အတွက် မိမိ၏​ရည်ရွယ်တော်မူချက်​ကို အကောင်အထည်ဖော်​ရာ​၌ အာဗြဟံ​နှင့် အထူးတလည်​ဆက်ဆံ​ခဲ့​သည်။ ဘုရားသခင်​သည် ထို​သစ္စာရှိ​အမျိုးသားကို သူ၏​နေရင်းပြည်​မှ​ထွက်ခွာ​၍ ကိုယ်တော်တိုင်​ညွှန်ပြ​မည့် တိုင်းပြည်​တစ်​ပြည်​သို့ ရွှေ့​ပြောင်း​သွား​စေ​ခဲ့​၏။ အာဗြဟံ​သည် စိတ်လို​ကိုယ်​လျောက်​နာခံ​ခဲ့​သည်။ ထို​နေရာသို့ အာဗြဟံ​ရောက်သွား​ပြီး​နောက် ယေဟောဝါက အာဗြဟံ​ကိုယ်တိုင်​မဟုတ်ဘဲ သူ၏​သားစဉ်မြေးဆက်​သည် အဆိုပါ​ပြည်​ကို အမွေ​အဖြစ်​ရရှိ​လိမ့်​မည်​ဟု မိန့်တော်မူ​ခဲ့​သည်။ (ကမ္ဘာဦး ၁၂:၁၊ ၂၊ ၇) အာဗြဟံ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ အာဗြဟံ​သည် သူ၏​သားစဉ်မြေးဆက် အမွေအနှစ်​ရရှိနိုင်​ရန် မည်သည့်​နေရာ၌​မဆို မည်သို့​ပင်​ယေဟောဝါ​ညွှန်ကြား​ပါစေ ဘုရားသခင့်​အမှုတော်​ဆောင်​ဖို့ အသင့်​ရှိခဲ့​၏။ အာဗြဟံ​သည် သူ၏​နေရင်းပြည်​မဟုတ်သော​နေရာ၌ သေ​သည့်​အထိ နှစ်ပေါင်း ၁၀၀ ယေဟောဝါ​အမှုဆောင်ခဲ့သည်။ (ကမ္ဘာဦး ၁၂:၄; ၂၅:၈-၁၀) ယင်း​သို့​ပင် သင်​ပြုလုပ်​ခဲ့​မည်​လော။ အာဗြဟံ​ကို မိမိ၏ “အဆွေ” ဟု​ယေဟောဝါ​ခေါ်ဆို​ခဲ့​သည်။—ဟေရှာယ ၄၁:၈

၆။ (က) အာဗြဟံ​သည် သားဖြစ်သူကို ပူဇော်​ရန်​အသင့်ရှိခြင်း​က အဘယ်အရာကို​သရုပ်ဖော်​သနည်း။ (ခ) အာဗြဟံ​သည် မိမိ၏​သားစဉ်မြေးဆက်​ထံ အဘယ်​အဖိုးတန်​သော​အမွေအနှစ်​ကို လက်ဆင့်ကမ်း​နိုင်​ခဲ့​သနည်း။

အာဗြဟံ​သည် မိမိ၏​ချစ်လှစွာ​သော​သား၊ ဣဇာက်​ကို​ရရှိရန် နှစ်ပေါင်း​များစွာ​စောင့်မျှော်​ခဲ့​၏။ ထို​သား လူပျို​အရွယ်​သို့​ရောက်လာသော​အခါ သူ့ကို​သတ်​၍ ယဇ်​သကာ​အဖြစ် မိမိ​အား​ပူဇော်​ရန် ယေဟောဝါ​က အာဗြဟံ​ကို​ညွှန်ကြား​ခဲ့​သည်။ ဘုရားသခင်​ကိုယ်တော်တိုင် သူ၏​သားတော်ကို ရွေးနုတ်ဖိုး​အဖြစ် ပေးဆက်​မည့်​အမှု​အား မိမိ​သရုပ်ဖော်​အံ့​ဆဲ​ဆဲ​ဖြစ်​ကြောင်းကို အာဗြဟံ​မသိ​ခဲ့​ချေ; သို့​တိုင် သူသည် နာခံ​ပြီး ဣဇာက်​ကို​ယဇ်​သကာ​အဖြစ် ပူဇော်​အံ့​ဆဲ​ဆဲ​တွင် ယေဟောဝါ​၏​ကောင်းကင်တမန်​က သူ့​အား ရပ်တန့်​စေ​ခဲ့​သည်။ (ကမ္ဘာဦး ၂၂:၉-၁၄) အာဗြဟံ​ကို ယေဟောဝါ​ပေး​သော ကတိတော်​များသည် ဣဇာက်​မှ​တစ်ဆင့် ပြည့်စုံ​လာ​လိမ့်​မည်​ဟု မိန့်တော်မူ​နှင့်​ခဲ့ပြီ။ သို့​ဖြစ်၍ သေခြင်း​မှ​ထမြောက်ခြင်း တစ်ခါမျှ​မဖြစ်​ဖူး​ခဲ့​သော်လည်း လိုအပ်​မည်​ဆိုလျှင် ဘုရားသခင်​သည် ဣဇာက်​ကို​သေ​ရာ​မှ​ပြန်ရှင်​စေနိုင်​ကြောင်း အာဗြဟံ​ယုံကြည်​စိတ်ချ​သည်​မှာ သေချာ​၏။ (ကမ္ဘာဦး ၁၇:၁၅-၁၈; ဟေဗြဲ ၁၁:၁၇-၁၉) အာဗြဟံ​သည် မိမိ၏​သားကို​ပင် မ​နှမြော​သောကြောင့် ယေဟောဝါ​က ဤသို့​ကြေညာ​ခဲ့​သည်– “သင်၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို ခံရ​ကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၅-၁၈) ကမ္ဘာဦး ၃:၁၅ တွင်​ဖော်ပြ​ထားသော မျိုးနွယ်တော်၊ ကယ်တင်ရှင်​မေရှိယ​သည် အာဗြဟံ​၏​ဆွေစဉ်မျိုးဆက်​မှ ဆင်းသက်လာ​လိမ့်​မည်​ဖြစ်​ကြောင်း ၎င်း​က​ညွှန်ပြ​သည်။ လက်ဆင့်ကမ်း​ရန် အလွန်​တန်ဖိုး​ရှိသော အမွေအနှစ်​ပါ​တကား!

၇။ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်တို့​သည် သူတို့၏​အမွေအနှစ်​ကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

ထို​အချိန်တွင် ယေဟောဝါ​ဆောင်ရွက်​တော်​မူ​ခဲ့​သော​အမှု​၏​ဆိုလိုရင်း​ကို အာဗြဟံ​မသိ​ခဲ့​ချေ; “ထို​ကတိတော်​ကို​အမွေခံ​ရသော အဖော်အဖက်” များ​ဖြစ်လာ​ကြ​သည့် သူ့​သား​ဣဇာက်​သော်လည်း​ကောင်း၊ သူ၏​မြေး​ယာကုပ်​သော်လည်း​ကောင်း မသိ​ခဲ့​ကြ​ချေ။ သို့သော် သူတို့​အားလုံး​သည် ယေဟောဝါ​ကို​ယုံကြည်​စိတ်ချ​ခဲ့​ကြ​၏။ သူတို့သည် သာ၍​ကောင်းသော​နေရာ—“ဘုရားသခင်​တည်ထောင်​ပြုစု​တော်​မူ​သော အခြေအမြစ်​များ​ရှိသော​မြို့”—ကို စောင့်မျှော်​နေကြ​ရာ ထို​ပြည်​ရှိ မည်သည့်​မြို့-နိုင်ငံငယ်​များ​ကို​မျှ အားမကိုး​ခဲ့​ကြ​ချေ။ (ဟေဗြဲ ၁၁:၈-၁၀၊ ၁၃-၁၆) သို့​တိုင် အာဗြဟံ​မှ​တစ်ဆင့် ရရှိကြ​မည့် အမွေအနှစ်​၏​အဖိုးထိုက်တန်​မှု​ကို အာဗြဟံ​၏​သားစဉ်မြေးဆက်​တိုင်း တန်ဖိုး​မထား​ခဲ့​ချေ။

ထို​အမွေအနှစ်​ကို မထီမဲ့မြင်​ပြုသူ​အချို့

၈။ ဧသော​သည် မိမိ​အမွေအနှစ်​ကို တန်ဖိုး​မထား​ကြောင်း မည်သို့​ပြသ​ခဲ့​သနည်း။

ဣဇာက်​၏​သားကြီး​ဖြစ်သူ ဧသော​သည် မိမိ၏​သားဦး​အရာ​ကို တန်ဖိုး​မထား​ခဲ့​ပါ။ သူသည် မြင့်မြတ်​သော​အရာများ​ကို မ​လေးမြတ်​ခဲ့​ပါ။ သို့​နှင့် တစ်နေ့​တွင် ဧသော​သည် ဆာလောင်​သောအခါ မိမိ၏​သားဦး​အရာ​ကို ညီ​ဖြစ်သူ​ယာကုပ်​အား ရောင်းချ​လိုက်​သည်။ အဘယ်အရာ​အတွက်​နည်း။ တစ်​နပ်​စာ မုန့်​နှင့်​ပဲ​ဟင်း ရဖို့​အတွက်​ပါ​တကား! (ကမ္ဘာဦး ၂၅:၂၉-၃၄; ဟေဗြဲ ၁၂:၁၄-၁၇) အာဗြဟံ​အား ဘုရားသခင်​ပေး​ခဲ့​သောက​တိ​တော်​များ ပြည့်စုံ​လာ​လိမ့်​မည့်​လူမျိုး​သည် ဣသရေလ​ဟူ၍ ဘုရားသခင်​အမည်​ပြောင်း​ပေး​ခဲ့​သူ ယာကုပ်​မှ ဆင်းသက်လာ​သော​လူမျိုး​ဖြစ်​မည်။ ထို​အမွေအနှစ်​က သူတို့​အတွက် အဘယ်​အခွင့်အလမ်း​များ​ပွင့်​စေ​သနည်း။

၉။ သူတို့၏​ဝိညာဉ်​ရေး​ဆိုင်ရာ​အမွေအနှစ်​ကြောင့် ယာကုပ် သို့​မဟုတ် ဣသရေလ​၏​သားစဉ်မြေးဆက်​သည် အဘယ်​ကယ်လွှတ်​မှု​ကို ကြုံတွေ့​ခဲ့​ကြ​ရသနည်း။

ငတ်မွတ်​ခေါင်းပါး​ရာ​ကာလ​တွင် ယာကုပ်နှင့် သူ၏​မိသားစု​သည် အီဂျစ်​ပြည်​သို့​ပြောင်းရွှေ့​နေထိုင်ခဲ့​ကြသည်။ ထို​တွင် သူတို့သည် လူဦးရေ​တိုးပွား​၍ အလွန်​များပြား​လာ​ကြသော်လည်း ကျွန်​များ​ဖြစ်သွား​ကြ​၏။ သို့သော် ယေဟောဝါ​သည် အာဗြဟံ​နှင့် ဖွဲ့​ခဲ့​သော​မိမိ၏​ပဋိညာဉ်​ကို မေ့လျော့​တော်​မ​မူ​ခဲ့​ချေ။ ဘုရားသခင်​သတ်မှတ်​ထားချိန်​၌ ဣသရေလ​လူမျိုး​ကို ကျွန်​အဖြစ်​မှ​ကယ်လွှတ်​၍ အာဗြဟံ​အား ကိုယ်တော်​ကတိပေး​တော်​မူ​ခဲ့​သည့် “နို့​နှင့်​ပျားရည်​စီး​တတ်သော​ပြည်​သို့” သူတို့ကို ပို့ဆောင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း အသိပေးခဲ့​သည်။—ထွက်မြောက်ရာ ၃:၇၊ ၈; ကမ္ဘာဦး ၁၅:၁၈-၂၁

၁၀။ သိနာ​တောင်​တွင် ဣသရေလ​အမျိုးသား​တို့၏​အမွေအနှစ်​နှင့်​ပတ်သက်​၍ နောက်ထပ်​သာမန်​ထက်​ထူးကဲ​သော အဘယ်​အမှု​များ​ဖြစ်ပျက်​ခဲ့​သနည်း။

၁၀ ဣသရေလ​အမျိုးသား​တို့သည် ကတိထားရာပြည်​သို့ ခရီးနှင်​ကြ​စဉ် ယေဟောဝါ​သည် သိနာ​တောင်​တွင် သူတို့ကို စုဝေး​စေ​သည်။ ထို​တွင် သူတို့အား ကိုယ်တော် ဤသို့​မိန့်တော်မူသည်– “ယခု​တွင် သင်တို့သည် ငါ့​စကား​ကို​အမှန်​နားထောင်​၍ ငါ့​ပဋိညာဉ်​ကို​စောင့်ရှောက်​လျှင် အခြားသော​လူမျိုးတကာ​တို့​ထက် သင်တို့သည် ငါ​ပိုင်ထိုက်​သော ဘဏ္ဍာတော်​ဖြစ်​ရ​ကြလိမ့်မည်။ မြေကြီး​ရှိသမျှသည် ငါ​၏​ဥစ္စာ​ဖြစ်၏။ သင်တို့သည်လည်း မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး ဖြစ်​ရ​ကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၅၊ ၆) သို့​ပြု​မည်​ဟု လူတို့က စိတ်လို​ကိုယ်​လျောက်​နှင့် တစ်စိတ်​တစ်ဝန်း​တည်း​သဘောတူညီ​ကြ​ပြီး​နောက် ယေဟောဝါ​သည် သူတို့အား မိမိ၏​ပညတ်​ကို​ပေး​ခဲ့​သည်—အခြား​မည်သည့်​လူမျိုး​နှင့်​မျှ မပြု​ခဲ့​သော​အရာ​ဖြစ်သည်။—ဆာလံ ၁၄၇:၁၉၊ ၂၀

၁၁။ ဣသရေလ​အမျိုးသား​တို့၏ ဝိညာဉ်​ရေး​ဆိုင်ရာ​အမွေအနှစ်​တွင်​ပါဝင်​သည့် တန်ဖိုး​ရှိသော​အရာအချို့​ကား အဘယ်နည်း။

၁၁ ထို​လူမျိုးသစ်​သည် တကယ်​ထူးမြတ်​သော ဝိညာဉ်​ရေး​ဆိုင်ရာ​အမွေအနှစ်​တစ်ခု​ကို ရရှိခဲ့သည်​တကား! သူတို့သည် စစ်မှန်သော​ဘုရားသခင် တစ်ပါး​တည်း​ကို​သာ ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​၏။ သူတို့သည် အီဂျစ်​ပြည်​မှ​ကယ်လွှတ်​ခံ​ခဲ့​ကြ​ရပြီး သိနာ​တောင်​တွင် ပညတ်တော်​ရခဲ့​သောအခါ​၌ အံ့သြဖွယ်​ကောင်းသော​ဖြစ်ရပ်​များ​ကို မျက်မြင်​ကိုယ်တွေ့ တွေ့မြင်​ခဲ့​ကြသည်။ ပရောဖက်​များ​မှ​တစ်ဆင့် “ဘုရားသခင်​၏​ဗျာဒိတ်တော် [မိန့်မြွက်ချက်] များ” ကို​သူတို့​ထပ်ဆင့်၍ လက်ခံရ​ရှိကြ​သောအခါ သူတို့၏​အမွေအနှစ်​မှာ ထပ်မံ​တိုးပွား​လာ​သည်။ (ရောမ ၃:၁၊ ၂) ယေဟောဝါ​က သူတို့ကို မိမိ၏​သက်သေ​များ​အဖြစ် သတ်မှတ်​ခဲ့​သည်။ (ဟေရှာယ ၄၃:၁၀-၁၂) မေရှိယ​မျိုးနွယ်​သည် သူတို့​လူမျိုး​တွင် ပေါ်ထွက်​လာ​ရမည်​ဖြစ်သည်။ ပညတ်တော်​က ကိုယ်တော်​ထံ​သို့​ညွှန်ပြ​၍ ခွဲခြား​သိမြင်​စေ​လိမ့်​မည်​ဖြစ်​ပြီး ကိုယ်တော်​အား သူတို့​လိုအပ်ကြောင်း​ကို လေးမြတ်​ရန်​ထောက်ကူ​ပေး​သင့်​သည်။ (ဂလာတိ ၃:၁၉၊ ၂၄) ထို​ထက်​ကား သူတို့သည် မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး​အဖြစ် မေရှိယ​မျိုးနွယ်တော်​နှင့်အတူ ပေါင်းဖော်​၍ အမှုထမ်းဆောင်​ခွင့် ရ​ကြလိမ့်မည်​ဖြစ်သည်။—ရောမ ၉:၄၊ ၅

၁၂။ ဣသရေလ​တို့သည် ကတိထားရာပြည်​ထဲ ဝင်ရောက်​ခဲ့​ကြ​စေ​ကာ​မူ အဘယ်အရာကို မခံစား​ခဲ့​ရသနည်း။ အဘယ်ကြောင့်​နည်း။

၁၂ ယေဟောဝါ​သည် ကတိတော်​အတိုင်း​ပင် ကတိထားရာပြည်​သို့ ဣသရေလလူ​တို့ကို ဦးဆောင်​သွားခဲ့သည်။ သို့သော် နောက်ပိုင်း​တွင် တမန်​တော်​ပေါလု​ရှင်းပြ​သကဲ့သို့ပင် သူတို့၏​ယုံကြည်ခြင်း​ကင်းမဲ့မှု​ကြောင့် အဆိုပါ​ပြည်​သည် သူတို့​အတွက် အမှန်ပင် ‘ချမ်းသာ​ရှိရာ​အရပ်’ မဖြစ်ခဲ့​ချေ။ သူတို့သည် လူမျိုးတစ်မျိုး​အနေ​ဖြင့် “ဘုရားသခင်​၏​ချမ်းသာ” ထဲ​သို့ မဝင်​ခဲ့​ကြ​ရ​ချေ။ အကြောင်း​မှာ၊ အာဒံ​နှင့်​ဧဝ​ကို​ဖန်ဆင်း​ပြီး​နောက် စတင်​ခဲ့​သည့် ဘုရားသခင်​ကိုယ်တော်တိုင်​၏ ငြိမ်​ဝပ်​ရာ​နေ့​ဆိုင်ရာ ရည်ရွယ်တော်မူချက်​ကို​မသိ၊ ၎င်းနှင့်​အညီ ပြုမူ​ဆောင်ရွက်ရန် ပျက်ကွက်​ခဲ့​ကြ​သဖြင့်​ဖြစ်သည်။—ဟေဗြဲ ၄:၃-၁၀

၁၃။ ဣသရေလ​လူမျိုး​သည် မိမိတို့၏​ဝိညာဉ်​ရေး​ဆိုင်ရာ​အမွေအနှစ်​ကို တန်ဖိုး​ထား​လေးမြတ်မှု မရှိခြင်း​ကြောင့် လူမျိုးတစ်မျိုး​အနေ​ဖြင့် အဘယ်အရာကို​ဆုံးရှုံး​ခဲ့​ရသနည်း။

၁၃ ဇာတိ​ဣသရေလလူ​တို့သည် မင်း​စည်းစိမ်​ရှိသော​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်းသော​လူမျိုး​အဖြစ် မေရှိယ​နှင့်အတူ ကိုယ်တော်​၏​ကောင်းကင်​နိုင်ငံတော်​တွင်​ပါဝင်​မည့်​သူများ​၏ အရေအတွက်​အပြည့်​ကို ပေးဆက်​နိုင်​သည့်​အခွင့်အလမ်း​ရှိခဲ့​သည်။ သို့သော် သူတို့သည် မိမိတို့၏​တန်ဖိုး​ရှိသော​အမွေအနှစ်​ကို တန်ဖိုး​ထား​လေးမြတ်မှု​မရှိခဲ့​ကြ​ချေ။ မေရှိယ​ကြွလာ​သောအခါ ဇာတိ​ဣသရေလ​အကြွင်းအကျန်​သာ ကိုယ်တော်​ကို​လက်ခံခဲ့​ကြ​၏။ ရလဒ်​အနေ​ဖြင့် အရေအတွက်​အနည်းငယ်​သာ​လျှင် တင်ကူး​ပြော​ထားခဲ့​သည့် မင်း​စည်းစိမ်​ရှိ​ယဇ်ပုရောဟိတ်​မျိုး​တွင် ပါဝင်​ခဲ့​ကြ​ရသည်။ အဆိုပါ​ဘုရားသခင့်​နိုင်ငံတော်​ကို ဇာတိ​ဣသရေလလူ​တို့​ထံ​မှ နုတ်​ယူ၍ “နိုင်ငံတော်​ဆိုင်ရာ​အသီးကို သီး​အံ့​သော​လူမျိုး​အားပေး” လေ​သည်။ (မဿဲ ၂၁:၄၃) ထို​လူမျိုး​ကား​အဘယ်နည်း။

ကောင်းကင်​ရှိ အမွေအနှစ်​တစ်ခု

၁၄၊ ၁၅။ (က) ယေရှု​သေဆုံး​ပြီး​နောက် လူမျိုး​တို့သည် အာဗြဟံ​၏ “အမျိုးအနွယ်” အားဖြင့် မည်သို့​ကောင်းချီး​စတင်​ရရှိခဲ့ကြ​သနည်း။ (ခ) “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ၌​ပါဝင်သူ​များသည် အမွေအနှစ်​အဖြစ် အဘယ်အရာကို​ရရှိ​သနည်း။

၁၄ ဘုရားသခင့်​နိုင်ငံတော်​အပ်နှင်း​ခံရ​သည့် လူမျိုး​မှာ ဝိညာဉ်​ရေး​ဆိုင်ရာ​ဣသရေလ၊ “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ဖြစ်​ပြီး ၎င်း​သည် ၁၄၄,၀၀၀ သော​ယေရှု၏​ဝိညာဉ်​တော်​ဖွား​နောက်လိုက်​များ​ဖြင့် ဖွဲ့စည်းထား​သည်။ (ဂလာတိ ၆:၁၆; ဗျာဒိတ် ၅:၉၊ ၁၀; ၁၄:၁-၃) ထို ၁၄၄,၀၀၀ သော​သူ​အချို့​မှာ ဇာတိ​ဣသရေလ​များ​ဖြစ်​ကြ​သော်လည်း အများစုမှာ တစ်ပါး​အမျိုးသားများ​ထဲ​မှ​ဖြစ်သည်။ ထို​နည်းဖြင့် အာဗြဟံ​၏ “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်း​သည် ကောင်းချီး​ခံစားရ​လိမ့်​မည်​ဟူသော ယေဟောဝါ​၏​ကတိတော် စတင်​ပြည့်စုံ​လာ​ခဲ့​သည်။ (တမန်​တော် ၃:၂၅၊ ၂၆; ဂလာတိ ၃:၈၊ ၉) ထို​အစ​ပထမ​ပြည့်စုံချက်​တွင် လူမျိုးအပေါင်း​မှ​လူတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဘိသိက်ပေး​ခံ​ကြ​ရပြီး ဝိညာဉ်​ရေး​ဆိုင်ရာ​သားများ၊ ယေရှု​ခရစ်​၏​ညီတော်​များ​အဖြစ် ယေဟောဝါ​ဘုရားသခင်​၏​မွေးစား​ခြင်း​ကို ခံ​ခဲ့​ကြ​ရသည်။ သို့​နှင့် သူတို့လည်း အဆိုပါ “အမျိုးအနွယ်” ၏​ဒုတိယ​အပိုင်း​ဖြစ်လာ​ကြသည်။—ဂလာတိ ၃:၂၈၊ ၂၉

၁၅ ယေရှု​မသေဆုံးမီ ကိုယ်တော်​သည် လူမျိုးအသစ်​တွင်​ပါဝင်​ရန် အလားအလာ​ရှိ ဂျူး​အဖွဲ့ဝင်​များ​ကို ကိုယ်တော်​၏​အသွေး​အားဖြင့် တရားဝင်​ဖြစ်လာ​စေ​မည့် ပဋိညာဉ်​သစ်​ကို​ဖွဲ့​ခဲ့​သည်။ တရားဝင်​စေ​မည့်​အဆိုပါ​ယဇ်ကောင်​၌ သူတို့​ယုံကြည်ခြင်း​အပေါ်​အခြေခံ​၍ အဆိုပါ​ပဋိညာဉ်​ထဲ​သွင်း​ခံရ​သူများ​သည် “ထာဝရ​စုံလင်ခြင်း​အကျိုး” ကို​ခံစားရ​လိမ့်​မည်။ (ဟေဗြဲ ၁၀:၁၄-၁၈) သူတို့သည် “ဖြောင့်မတ်​ရာ​သို့​ရောက်” နိုင်​ကြ​ပြီး အပြစ်​များ​ခွင့်လွှတ်​ခံ​ကြ​ရမည်။ (၁ ကောရိန္သု ၆:၁၁) သို့ဖြင့် သူတို့သည် အာဒံ​အပြစ်​မပြု​မီ​က​ကဲ့သို့ ဖြစ်လာ​ကြ​၏။ သို့သော် ဤ​သူတို့သည် မြေကြီး​ပရဒိသု​တွင် အသက်ရှင်နေ​ထိုင်​ကြ​ရမည်​မဟုတ်​ချေ။ ယေရှု​က ဤသူတို့​နေစရာ​အရပ်​ကို ကောင်းကင်​တွင် သွား​ပြင်ဆင်​မည်​ဟု မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၁၄:၂၊ ၃) သူတို့သည် “ကောင်းကင်ဘုံ​၌​သိုထား​လျက်​ရှိသော​အမွေ” ကို​ရရှိရန် မြေကြီး​အသက်တာကို အရှုံး​ခံ​ကြ​ရသည်။ (၁ ပေတရု ၁:၄၊ ၅) ကောင်းကင်​တွင် သူတို့​အဘယ်​အမှုကိုပြု​လုပ်ကြ​မည်​နည်း။ ယေရှု​က “[ဘုရားသခင့်] နိုင်ငံ​အတွက် . . . ငါသည် သင်တို့​နှင့်​ပဋိညာဉ်ဖွဲ့​၏” ဟု​ရှင်းပြ​ခဲ့​သည်။—လုကာ ၂၂:၂၉က​ဘ။

၁၆။ ဘိသိက်ခံ​အတန်းအစား​ခရစ်ယာန်​များ​အတွက် ထူးမြတ်​လှ​သည့် အဘယ်​လုပ်ငန်း​တာဝန်​ထမ်းဆောင်​ခွင့်​ရှိ​သနည်း။

၁၆ ကောင်းကင်​မှ​နေ၍ ခရစ်တော်​နှင့်အတူ​စိုးစံ​သူတို့သည် အခြား​အရာများ​အပါအဝင် ယေဟောဝါ​၏​အကြီး​မြင့်​ဆုံး​အာဏာတော်​အား ဆန့်ကျင်​ပုန်ကန်​ရာ​အားလုံး​ကို မြေကြီးပေါ်​မှ​ပယ်ရှား​ပစ်​ရေး​၌ ထောက်ကူ​လိမ့်​မည်။ (ဗျာဒိတ် ၂:၂၆၊ ၂၇) သူတို့သည် အာဗြဟံ​၏ ဝိညာဉ်​ရေးရာ​မျိုးနွယ်တော်​ဆိုင်ရာ ဒုတိယ​အပိုင်း​အဖြစ် လူမျိုး​အသီးသီး​မှ လူသား​အားလုံး​ကို စုံလင်သော​အသက်တာ​ရရှိစေ​မည့် ကောင်းချီး​ခံစား​စေ​ကြလိမ့်မည်။ (ရောမ ၈:၁၇-၂၁) သူတို့​ရရှိကြ​သည့် အမွေအနှစ်​သည် တန်ဖိုး​ရှိ​လှ​သည်​တကား!—ဧဖက် ၁:၁၆-၁၈

၁၇။ ဘိသိက်ခံ​အတန်းအစား​ခရစ်ယာန်​များသည် မြေကြီးပေါ်​ရှိ​စဉ် သူတို့​အမွေအနှစ်​၏ အဘယ်​အသွင်အပြင်​များ​ကို ခံစား​ကြ​ရသနည်း။

၁၇ သို့သော် ယေရှု၏​ဘိသိက်ခံ​နောက်လိုက်​များ​ဆိုင်ရာ အမွေအနှစ်​သည် အနာဂတ်​အတွက်သာ​မဟုတ်ပါ။ ယေရှုသည် အခြား​မည်သူမျှ​မပြု​လုပ်နိုင်​သည့်​နည်းဖြင့် သူတို့အား စစ်မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ယေဟောဝါ​ကို​သိကျွမ်း​စေတော်မူ​ခဲ့​သည်။ (မဿဲ ၁၁:၂၇; ယောဟန် ၁၇:၃၊ ၂၆) စကား​အားဖြင့်လည်း​ကောင်း၊ ပုံသက်သေ​အားဖြင့်လည်း​ကောင်း ‘ဘုရားသခင်​ကိုကိုး​စားခြင်း’ ၏​အဓိပ္ပာယ်​အပြင် ယေဟောဝါ​အား နာခံခြင်း​၌ အဘယ်အရာ​ပါဝင်​ကြောင်းကို သူတို့အား သင်ကြား​ပေး​ခဲ့​၏။ (ဟေဗြဲ ၂:၁၃; ၅:၇-၉) ဘုရားသခင့်​ရည်ရွယ်တော်မူချက်​နှင့်​ဆိုင်​သည့် အသိပညာ​မှန်​ကို ယေရှု​သိစေ​ခဲ့​ပြီး ယင်းကို အပြည့်အဝ​နားလည်​လာ​စေရန် သန့်ရှင်းသော​ဝိညာဉ်​တော်​က သူတို့ကို​ကူညီပေး​မည်​ဟု အာမခံခဲ့​သည်။ (ယောဟန် ၁၄:၂၄-၂၆) ဘုရားသခင့်​နိုင်ငံတော်​၏ အရေးပါမှု​ကို သူတို့၏​စိတ်နှလုံး​ထဲ​တွင် စွဲမှတ်စေ​ခဲ့​သည်။ (မဿဲ ၆:၁၀၊ ၃၃) သက်သေ​ခံရန်​နှင့် ယေရုရှလင်​မြို့မှ​စ၍ ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင် လူ​တို့ကို တပည့်​ဖြစ်စေ​ရမည့်​တာဝန်​အား သူတို့၌​ယေရှု​အပ်နှင်း​ခဲ့​၏။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; တမန်​တော် ၁:၈

လူအုပ်ကြီး​အတွက် တန်ဖိုး​ရှိ​လှ​သော​အမွေအနှစ်​တစ်ခု

၁၈။ အာဗြဟံ​၏ “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​ခံစား​ကြ​ရမည်​ဟူ​သည့် ယေဟောဝါ​၏​ကတိတော် အဘယ်​နည်းဖြင့် ယနေ့​ပြည့်စုံ​လာ​ခဲ့ပြီ​နည်း။

၁၈ ဖြစ်​နိုင်​ဖွယ်​ရှိသည်​ကား ဝိညာဉ်​ရေး​ဆိုင်ရာ​ဣသရေလ၊ ဘုရားသခင့်​နိုင်ငံတော်​၏​အမွေခံ “သိုးစုငယ်” ၏​အရေအတွက်​အပြည့်အစုံကို ရွေးချယ်​ပြီးပြီ​ဖြစ်သည်။ (လုကာ ၁၂:၃၂) ယေဟောဝါ​သည် လူ​အမျိုးအနွယ်​ခပ်သိမ်း​မှ လူအုပ်ကြီး​ကို​စုသိမ်းခြင်း​အပေါ် အာရုံ​စူးစိုက်​လျက်​နေသည်​မှာ ယခု ဆယ်စု​နှစ်ချီ၍​ရှိပြီ။ သို့​နှင့် အာဗြဟံ​၏ “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်း​တို့ ကောင်းချီး​ခံစားရ​လိမ့်​မည်​ဟူ​သည့် ယေဟောဝါ​၏​ကတိတော်​မှာ ကြီးကျယ်​စွာ​ပြည့်စုံ​လျက်​ရှိသည်။ ကောင်းချီး​ခံစား​ရသော ဤသူတို့​သည်လည်း ယေဟောဝါ​၏​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ဝမ်းသာ​အားရ​ဆောင်ရွက်​ကြ​ပြီး သူတို့၏​ကယ်တင်ခြင်း​သည် ဘုရားသခင့်​သိုးသငယ်၊ ယေရှု​ခရစ်​အား ယုံကြည်ခြင်း​အပေါ် မူတည်​နေကြောင်း​ကို အသိအမှတ်ပြု​ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၀) ထို​ပျော်ရွှင်သော​အုပ်စု​တွင်​ပါဝင်​ရန် ကြင်နာ​စွာ ယေဟောဝါ​ဖိတ်ခေါ်​နေခြင်း​ကို အသင်​လက်ခံခဲ့​ပြီ​လော။

၁၉။ ယခု​ကောင်းချီး​ခံစား​နေကြ​ရသော လူမျိုး​တို့​မှ​သူများ​သည် အဘယ်​အမွေ​ရဖို့​မျှော်လင့်​ကြ​သနည်း။

၁၉ သိုးစုငယ်​တွင်​မပါဝင်​သူတို့အား တန်ဖိုး​ရှိ​လှ​သော​မည်သည့်​အမွေအနှစ်​ကို ယေဟောဝါ​ကမ်း​လှမ်း​တော်​မူ​သနည်း။ ကောင်းကင်​၌​ရမည့် အမွေ​မဟုတ်ပါ။ မိမိ၏​သားစဉ်မြေးဆက်​ထံ​သို့ အာဒံ​လက်ဆင့်ကမ်း​လာနိုင်​သည့် အမွေ—တဖြည်းဖြည်း​ပရဒိသု​ဖြစ်လာ​မည့် ကမ္ဘာ​တစ်ဝန်းလုံး​တွင် စုံလင်မှု​ဖြင့်​ထာဝရ​အသက်ရှင်ခွင့်​ရှိ​မည်​ဖြစ်သည်။ ထို​ကမ္ဘာ​ပေါ်​တွင် “သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ” တော့​ပေ။ (ဗျာဒိတ် ၂၁:၄) ထို့​ကြောင့် ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​က သင့်​အား ဤသို့​ဆို​နေခြင်း​ဖြစ်သည်– “ထာဝရ​ဘုရား​ကို​ခိုလှုံ​၍ ကောင်းသော​အကျင့်ကို​ကျင့်​လော့။ ပြည်တော်​၌​နေ၍ သစ္စာတရား​ကို​ကျက်စား​လော့။ ထာ​ဝရ​ဘုရား​၌ မွေ့လျော်ခြင်း​ရှိ​လော့။ သို့ပြုလျှင် စိတ်နှလုံး​အလို​ပြည့်စုံ​ရသော​အခွင့်​ကို ပေး​တော်​မူ​မည်။ ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ . . . စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။ ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။”—ဆာလံ ၃၇:၃၊ ၄၊ ၁၀၊ ၁၁၊ ၂၉

၂၀။ “အခြားသိုး” တို့သည် ဘိသိက်ခံ​အတန်းအစား​ခရစ်ယာန်​များ​၏ အမွေအနှစ်​အများအပြားကို မည်သို့​မွေ့လျော်​ကြ​ရသနည်း။

၂၀ ယေရှု၏ “အခြားသိုး” သည် ကောင်းကင်​နိုင်ငံတော်​၏ မြေကြီးဆိုင်ရာ​နယ်ပယ်​တွင် အမွေ​ရရှိ​ကြသည်။ (ယောဟန် ၁၀:၁၆က) သူတို့သည် ကောင်းကင်​၌​ရှိကြ​မည်​မဟုတ်သော်လည်း ဘိသိက်ခံ​များ မွေ့လျော်​ခံစားရ​ကြသော ဝိညာဉ်​ရေး​ဆိုင်ရာ​အမွေအနှစ်​အများအပြားကို သူတို့​ထံ လက်ဆက်​ကမ်းပေး​သည်။ စုပေါင်း​ဘိသိက်ခံ​ခရစ်ယာန်​အဖွဲ့​ဖြစ်သော ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ မှ​တစ်ဆင့် အခြားသိုး​တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင်​ပါရှိ​သော တန်ဖိုး​ရှိ​လှ​သည့်​ကတိတော်​များ​ကို နားလည်​လာ​ရ​ကြသည်။ (မဿဲ ၂၄:၄၅-၄၇; ၂၅:၃၄) ဘိသိက်ခံ​နှင့် အခြားသိုး​တို့သည် မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်သော ယေဟောဝါ​ကို​သိကျွမ်း​ကာ အတူတကွ​ဝတ်ပြု​ကိုးကွယ်​နေကြ၏။ (ယောဟန် ၁၇:၂၀၊ ၂၁) သူတို့သည် ယေရှု​ယဇ်​ပူဇော်​သကာ​၏ အပြစ်ဖြေရာ​တန်ဖိုး​အတွက် ဘုရားသခင်​အား အတူတကွ​ကျေးဇူး​တင်​ကြသည်။ သူတို့သည် သိုးထိန်း​တစ်ပါး​တည်း​ဖြစ်သူ ယေရှု​ခရစ်​၏​လက်အောက်​တွင် သိုးစု​တစ်စု​တည်း​အဖြစ် အတူတကွ​အမှုထမ်းဆောင်​ကြသည်။ (ယောဟန် ၁၀:၁၆ခ) သူတို့သည် မေတ္တာ​ရှိသော၊ ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​တစ်ခု​တွင် တစ်စိတ်​တစ်ပိုင်း​ပါဝင်​ကြသည်။ ယေဟောဝါ​နှင့် ကိုယ်တော့်​နိုင်ငံတော်​၏ သက်သေ​များ​ဖြစ်​ရသည့်​အခွင့်အရေး​ကို သူတို့​အတူတကွ​ခံယူ​ကြသည်။ မှန်​ပါ​၏၊ သင်သည် ယေဟောဝါ​၏ ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ပြီး​သား ကျေးကျွန်​တစ်ဦး ဖြစ်​မည်​ဆိုလျှင် သင်၏​ဝိညာဉ်​ရေး​အမွေအနှစ်​တွင် ဤ​အရာအားလုံး​အကျုံးဝင်​ပေ​သည်။

၂၁၊ ၂၂။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကို မြတ်နိုး​ကြောင်း ကျွန်ုပ်​တို့အားလုံး မည်သို့​ပြသ​နိုင်​ကြ​သနည်း။

၂၁ ဤ​ဝိညာဉ်​ရေး​အမွေအနှစ်​သည် သင့်အတွက်​မည်မျှ​တန်ဖိုး​ရှိ​သနည်း။ ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​ကို သင့်​ဘဝ​အသက်တာ​၌ အရေး​အကြီးဆုံး​အဖြစ်​ယူမှတ်​သည်​အထိ တော်လျော်​စွာ တန်ဖိုး​ထား​သလော။ ယင်း​၏​သာဓက​အနေ​ဖြင့် သင်သည် ခရစ်ယာန်​အသင်းတော်​၏ စည်းဝေး​အားလုံး​ကို မှန်မှန်​တက်ရောက်​ရန် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​နှင့် အဖွဲ့အစည်း​၏​ဆို​ဆုံးမမှု​ကို နာခံ​သလော။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အခက်အခဲ​ကြား ဘုရားသခင့်​အမှုကို​ဆောင်ရွက်​သည်​အထိ ထို​အမွေအနှစ်​က သင့်အတွက်​တန်ဖိုး​ရှိပါ​သလော။ ၎င်းကို​ဆုံးရှုံး​သွား​စေနိုင်​သည့် လမ်းစဉ်​တစ်ခု​ကို​လိုက်​ရန် မည်သည့်​သွေးဆောင်မှု​ကို​မဆို တွန်းလှန်​ရန်​ခွန်အား​ရှိစေသည်​အထိ သင့်​တန်ဖိုး​ထား​လေးမြတ်မှု​သည် ပြင်းထန်​ပါသလော။

၂၂ ဘုရားသခင်​ပေး​ထား​သည့် ဝိညာဉ်​ရေး​အမွေအနှစ်​ကို ကျွန်ုပ်​တို့အားလုံး မြတ်နိုးကြ​ပါစေ။ ကျွန်ုပ်​တို့​ရှေ့တွင်​ရှိသော​ပရဒိသု​ကို မျက်ခြည်မပြတ်​အာရုံ​စူးစိုက်​နေကြ​စဉ် ယခု​ပင် ကျွန်ုပ်​တို့အား ယေဟောဝါ​အပ်နှင်း​ထား​သည့် ဝိညာဉ်​ရေး​ဆိုင်ရာ​အခွင့်အရေး​များ​ကို အပြည့်အဝ​ယူ​ကြပါစို့။ ကျွန်ုပ်​တို့၏​ဘဝ​အသက်တာကို ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အပေါ်​မူတည်၍ အမှန်တကယ်​တည်ဆောက်​ကြ​ခြင်း​အားဖြင့် ဘုရားသခင်​ပေး​သော​အမွေအနှစ်​ကို ကျွန်ုပ်​တို့ မည်မျှ​တန်ဖိုး​ထား​ကြောင်း အမှန်​သက်သေထူ​သည်။ ကျွန်ုပ်​တို့သည် “အကျွန်ုပ်၏​ရှင်ဘုရင်၊ အကျွန်ုပ်၏​ဘုရားသခင် ကိုယ်တော်​ကို​ချီးမြှောက်​ပါ​မည်။ ကမ္ဘာ​အဆက်ဆက် နာမတော်​ကို​ကောင်းချီး​ပေး​ပါ​မည်” ဟု​ကြွေးကြော်​သူများ​တွင် ပါဝင်​နိုင်​ကြ​ပါစေ။—ဆာလံ ၁၄၅:၁

သင်​မည်သို့ ရှင်းပြ​မည်​နည်း

• ဘုရားသခင်​အား အာဒံ​သစ္စာရှိခဲ့​မည်​ဆိုလျှင် အဘယ်​အမွေအနှစ်​ကို ကျွန်ုပ်​တို့​ထံ​သို့ လက်ဆင့်ကမ်း​ခဲ့​မည်​နည်း။

• အာဗြဟံ​၏​သားစဉ်မြေးဆက်​တို့သည် သူတို့​ရရှိနိုင်​ကြသော အမွေအနှစ်​ကို မည်သို့ ရှုမှတ်​ခဲ့​ကြ​သနည်း။

• ခရစ်တော်​၏​ဘိသိက်ခံ​အတန်းအစား​နောက်လိုက်​များ​ဆိုင်ရာ အမွေအနှစ်​တွင် အဘယ်အရာ​ပါဝင်​သနည်း။

• လူအုပ်ကြီး​၏ အမွေအနှစ်​ကား​အဘယ်နည်း၊ ၎င်းကို သူတို့ အမှန်တကယ်​တန်ဖိုး​ထား​ကြောင်း မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အာဗြဟံ​၏​သားစဉ်မြေးဆက်​သည် တန်ဖိုး​ရှိ​လှ​သော​အမွေအနှစ်​တစ်ခု​ရမည်ဟု ကတိတော်​ရရှိခဲ့ကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သင်၏​ဝိညာဉ်​ရေးရာ​အမွေအနှစ်​ကို သင်​လေးမြတ်ပါ​သလော