ချီလီနိုင်ငံ၌ အမှန်တရားမျိုးစေ့များကို ရေလောင်းခြင်း
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ချီလီနိုင်ငံ၌ အမှန်တရားမျိုးစေ့များကို ရေလောင်းခြင်း
ချီလီနိုင်ငံမြောက်ပိုင်းရှိ သဲကန္တာရတွင် နှစ်များစွာကြာမှ မိုးရွာတတ်သည်။ သို့သော် မိုးရွာသောအခါ သွေ့ခြောက်၍ ကျောက်များသောမြေကြီးသည် ရောင်စုံပန်းကော်ဇောပမာ ပြောင်းလဲသွားသည်။ ရင်သပ်ရှုမောဖွယ်ဤရှုခင်းသည် တစ်နိုင်ငံလုံးမှသူများကို ဆွဲဆောင်လေ့ရှိသည်။
သို့သော် ချီလီလူမျိုးတို့အလယ်တွင် ထိုထက်ပို၍စိတ်ဝင်စားဖွယ်ရာအမှုတစ်ခု ဖြစ်ပျက်နေသည်။ ကျမ်းစာအမှန်တရားရေသည် တစ်နိုင်ငံလုံး၏အရပ်ဒေသအသီးသီးသို့ စီးဆင်းနေပြီး စိတ်ရင်းမှန်သူများစွာတို့သည် ယေရှုခရစ်၏တပည့်များအဖြစ်သို့ “ပွင့်လန်းလာနေ” ကြသည်။ ထိုအမှန်တရားရေပျံ့နှံ့စေဖို့ အသုံးပြုကြသောနည်းတစ်နည်းမှာ တယ်လီဖုန်းဖြစ်သည်။ အောက်ပါတွေ့ကြုံမှုများက ၎င်းသက်သေခံနည်း၏ ရလဒ်ကောင်းများကို ဖော်ပြသည်။
• ကာရီးနာအမည်ရှိ အချိန်ပြည့်ဧဝံဂေလိဟောပြောသူတစ်ဦးသည် တယ်လီဖုန်းဖြင့် မည်သို့သက်သေခံရမည်ကို တိုက်နယ်အစည်းအဝေးအစီအစဉ်တစ်ခု၌ သရုပ်ပြခဲ့ရသည်။ သို့ရာတွင် ကာရီးနာသည် တစ်ခါမျှ ထိုသို့သက်သေမခံခဲ့ဖူးပေ။ အစည်းအဝေးအစီအစဉ်ဖော်ပြသည့်အတိုင်း ကာရီးနာပါဝင်ရန် အားပေးသည့်အနေနှင့် အကြီးအကဲတစ်ဦးနှင့် သူ၏ဇနီးက တယ်လီဖုန်းဖြင့်သက်သေခံနိုင်ပုံအချို့ကို သူနှင့်ပြန်သုံးသပ်ကြသည်။ ဤကိစ္စတွင် ယေဟောဝါ၏ညွှန်ကြားချက်ရရှိဖို့ ဆုတောင်းရန်လည်း သူ့ကိုတိုက်တွန်းခဲ့ကြသည်။ သူဆုတောင်းခဲ့ပြီး နောက်ဆုံး ဖုန်းဆက်ကြည့်ဖို့ဆုံးဖြတ်ခဲ့သည်။
ကာရီးနာသည် အနီးတစ်ဝိုက်ရှိရွာတစ်ခုမှ ဖုန်းနံပါတ်တစ်ခုကို ရွေးချယ်ခဲ့သည်။ တယ်လီဖုန်းအော်ပရေတာက ဖုန်းကိုင်ရာ မိမိအဘယ်ကြောင့်ဖုန်းဆက်ရကြောင်းကို ကာရီးနာရှင်းပြခဲ့သည်။ အော်ပရေတာက လိုလိုလားလားတုံ့ပြန်ခဲ့ပြီး သုံးရက်ကြာလျှင် ပြန်ဆက်ဖို့ အစီအစဉ်များပြုခဲ့ကြသည်။ တယ်လီဖုန်းဖြင့်ပြန်လည်ပတ်ရာမှ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာကိုအသုံးပြုကာ ကျမ်းစာသင်အံမှုတစ်ခုရရှိခဲ့သည်။ ထိုအချိန်မှစ၍ စိတ်ဝင်စားစရာ အားတက်သရောရှိသည့်လေ့လာမှုများ ပြုလုပ်နိုင်ခဲ့ကြပြီး ကာရီးနာသည် ထိုအမျိုးသမီး၏မေးခွန်းများကို ဖြေဆိုပေးဖို့ စာပေများပို့ပေးခဲ့သည်။
• ဘာနာဒါသည် သူ့တယ်လီဖုန်းနံပါတ်ကိုမှားလှည့်မိသော အမျိုးသားတစ်ဦးအား အခွင့်အရေးယူသက်သေခံခဲ့သည်။ ဘာနာဒါသည် စိတ်အနှောင့်အယှက်ဖြစ်မည့်အစား မိမိကိုယ်ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် မိတ်ဆက်ခဲ့ပြီး အကူအညီပေးပါရစေဟုပြောခဲ့သည်။ ထိုနောက်စကားလက်ဆုံပြောဆိုခဲ့ရပြီး မကြာမီ ဘုရားသခင့်နိုင်ငံတော်က မတရားမှုကိုမည်သို့ဖယ်ရှားမည့်အကြောင်း သူရှင်းပြသည်ကို ထိုအမျိုးသားကနားထောင်ခဲ့သည်။ ထိုအမျိုးသားက ဘာနာဒါကို သူ့ဖုန်းနံပါတ်ပေးခဲ့ရာ သူသည် တယ်လီဖုန်းဖြင့်ပြန်လည်ပတ်ခဲ့သည်။ သူတို့၏စကားစမြည်ပြောဆိုခဲ့သည့်တစ်ကြိမ်တွင် ထာဝရအသက်ကိုရစေသောအသိပညာစာအုပ်မှ အပိုင်းတစ်ပိုင်းကို ထိုသူအားဖတ်ပြခဲ့သည်။ ယင်းစာအုပ်တစ်အုပ်ကို သူမည်သို့ရရှိနိုင်မည်နည်းဟုမေးခဲ့ရာ ဘာနာဒါက ၎င်းစာအုပ်တစ်အုပ်နှင့်အတူ ကျမ်းစာတစ်အုပ်ကိုပါ ပို့ပေးလိုက်သည်။ သူ့ထံ ဒေသခံညီအစ်ကိုတစ်ဦး သွားလည်ပတ်ပေးဖို့ အစီအစဉ်များပြုလုပ်ခဲ့ပြီး ယခု ထိုညီအစ်ကိုသည် ကြီးထွားဖြစ်ထွန်းနေသော ဤ “အပင်” ကိုဆက်၍ “ရေလောင်း” ပေးနေသည်။
မှန်ပါသည်၊ ဤလောက၏ ဝိညာဉ်ရေးရာသွေ့ခြောက်သောမြေတွင် အသက်ပေးသည့်အမှန်တရားရေကိုရသည့်အခါ အညှောက်ထွက်လာဖို့ တိမ်မြုပ်နေသောမျိုးစေ့များရှိသည်။ ရေငတ်သူထောင်ပေါင်းများစွာသောသူတို့သည် ဆက်၍ “ပေါက်ကြ” ပြီး ယေဟောဝါဘုရားသခင်၏ သစ္စာရှိကျေးကျွန်များအဖြစ်သို့ “ပွင့်လန်း” လာနေကြသည်။—ဟေရှာယ ၄၄:၃၊ ၄။