“အသစ်ပြုပြင်တော်မူသော ကပ်ကာလ” နီးပြီ!
“အသစ်ပြုပြင်တော်မူသော ကပ်ကာလ” နီးပြီ!
ယေရှုကောင်းကင်သို့မတက်မီကလေးတွင် ကိုယ်တော်၏သစ္စာရှိတပည့်အချို့က “သခင်ဘုရား၊ ယခုအခါ ကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လော” ဟူ၍မေးခဲ့ကြသည်။ ယေရှု၏အဖြေက ဘုရားသခင့်နိုင်ငံတော်မလာမီ အချိန်အတန်ကြာကုန်လွန်မည်ဟု အဓိပ္ပာယ်သက်ရောက်စေသည်။ ထိုအချိန်အတောအတွင်း ကိုယ်တော်၏နောက်လိုက်များသည် လုပ်ငန်းကြီးတစ်ခုကို လုပ်ဆောင်ကြရပေမည်။ သူတို့သည် “ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင်” ယေရှု၏သက်သေများ ဖြစ်ခဲ့ကြရမည်။—တမန်တော် ၁:၆-၈။
ထိုတာဝန်ကို ရက်အနည်းငယ်၊ အပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အတွင်း ပြီးမြောက်နိုင်ကြလိမ့်မည်မဟုတ်ပါ။ သို့ရာတွင် တပည့်တော်များသည် နည်းနည်းမျှမတုံ့ဆိုင်းဘဲ စတင်ဟောပြောခဲ့ကြသည်။ သို့တိုင် သူတို့သည် အသစ်ပြုပြင်ခြင်းကိစ္စကို စိတ်ဝင်စားမှုမပျောက်ခဲ့ကြချေ။ ယေရုရှလင်မြို့၌ စုရုံးခဲ့ကြသော လူအုပ်စုကြီးကို တမန်တော်ပေတရုက ဤသို့ပြောခဲ့သည်– “ထာဝရဘုရားထံတော်မှ ချမ်းအေးသောအချိန်ကာလသည်ရောက်လာ၍၊ သင်တို့အဖို့အလိုငှာ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့။ ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်ဆရာတော်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသောကပ်ကာလ မရောက်မီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကိုခံယူသိမ်းဆည်းရမည်။”—တမန်တော် ၃:၁၉-၂၁။
ဤ “အသစ်ပြုပြင်တော်မူသောကပ်ကာလ” သည် ယေဟောဝါထံမှ “ချမ်းအေးသောအချိန်ကာလ” ၏ရှေ့ပြေးဖြစ်သည်။ ကြိုတင်ဟောထားသော ဤအသစ်ပြုပြင်ခြင်းသည် အဆင့်နှစ်ဆင့်ဖြင့် ဖြစ်ပျက်လာမည်။ ပထမမှာ ယခုပင်ဖြစ်ပျက်ဆဲ ဝိညာဉ်ရေးရာ ချမ်းအေးသော အသစ်ပြုပြင်ခြင်းဖြစ်သည်။ ဒုတိယမှာ ၎င်းနောက် ပကတိမြေကြီးပရဒိသု တည်ထောင်လာမည်ဖြစ်သည်။
အသစ်ပြုပြင်တော်မူရာကာလစတင်ပြီ
ယေရုရှလင်မြို့ရှိ ထိုလူအုပ်စုကြီးကို တမန်တော်ပေတရု ညွှန်ပြခဲ့သည့်အတိုင်း ကောင်းကင်ဘုံသည် ‘ယေရှုကိုခံယူသိမ်းဆည်းထားသည်။’ ၁၉၁၄ ခုနှစ်တွင် ယေရှုသည် တော်ဝင်တန်ခိုးတော်ကိုယူဆောင်၍ ဘုရားသခင်၏ခန့်အပ်ခံဘုရင်အဖြစ် စတင်အုပ်စိုးချိန်အထိ ထိုသို့ပင်ဖြစ်ခဲ့သည်။ ထိုအချိန်၌ ယေဟောဝါသည် မိမိ၏သားတော်ကို “စေလွှတ်” တော်မူမည်ဟု ပေတရုကြိုတင်ဟောခဲ့သည်အတိုင်း ဘုရားသခင့် ရည်ရွယ်ချက်များတွင် အဓိကပုဂ္ဂိုလ်အဖြစ် သူ၏အခန်းကဏ္ဍကို ယေရှုအား ထမ်းဆောင်ခွင့်ပြုမည်။ သမ္မာကျမ်းစာက ထိုအဖြစ်အပျက်ကို ပုံဆောင်စကားဖြင့် ဤသို့ ဖော်ပြသည်– “[ဘုရားသခင်၏ ကောင်းကင်ဆိုင်ရာအဖွဲ့အစည်း] သည် လူမျိုးတကာတို့ကို သံလှံတံနှင့်အုပ်စိုးလတ္တံ့သော သားယောက်ျား [ယေရှုခရစ်၏လက်၌ရှိသော ဘုရားသခင့်နိုင်ငံတော်] ကိုဖွားမြင်၏။”—ဗျာဒိတ် ၁၂:၅။
သို့သော် လူမျိုးတကာတို့သည် ခရစ်တော်၏အုပ်စိုးမှုကို လက်အောက်ခံလိုစိတ်မရှိခဲ့ကြချေ။ အမှန်မှာ ယေဟောဝါသက်သေများဟု ယနေ့လူတို့သိရှိကြသော ကိုယ်တော်၏မြေကြီးဆိုင်ရာ သစ္စာရှိလက်အောက်ခံများကို သူတို့ပုတ်ခတ်ပြောဆိုကြလေသည်။ သက်သေခံများသည် သူတို့၏ရှေ့ပြေး တမန်တော်များကဲ့သို့ပင် ‘ယေရှု၏သက်သေခံတော်မူခြင်းလုပ်ငန်း’ ကိုမဆိုင်းမတွ လုပ်ဆောင်ခဲ့ကြသည်။ (ဗျာဒိတ် ၁၂:၁၇) ဤစိတ်ရင်းမှန်သောခရစ်ယာန်များ လုပ်ဆောင်နေကြသောလုပ်ငန်းကို နိုင်ငံတစ်ခုပြီးတစ်ခုတွင် ရုတ်တရက်ဆန့်ကျင်လာကြသည်။ ၁၉၁၈ တွင် နယူးယောက်၊ ဘရွတ်ကလင်ရှိ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဌာနချုပ်မှ တာဝန်ခံအမှုထမ်းအဖွဲ့ဝင်များသည် တရားရုံးသို့ အမှုဆင်ဆွဲခေါ်ခံခဲ့ကြရပြီး ရှည်လျားသောထောင်ဒဏ်ကို မတရားသဖြင့် ချမှတ်ခံခဲ့ရကြသည်။ “မြေကြီးစွန်းတိုင်အောင်” မျက်မှောက်ခေတ် သက်သေခံခြင်းလုပ်ငန်းသည် ရှုံးနိမ့်မည့်ပုံ အခိုက်အတန့်ပေါ်ခဲ့သည်။—ဗျာဒိတ် ၁၁:၇-၁၀။
သို့သော် ၁၉၁၉ တွင် အကျဉ်းကျနေသော ဌာနချုပ်မှဝန်ထမ်းအဖွဲ့ဝင်များ လွတ်မြောက်လာခဲ့ကြပြီး နောက်ပိုင်းတွင် မှားယွင်းသောစွဲချက်အားလုံးမှ သူတို့လွတ်ကင်းခဲ့ကြသည်။ သူတို့သည် ဝိညာဉ်ရေးရာအသစ်ပြုပြင်ခြင်းလုပ်ငန်းကို ချက်ချင်းပြန်လုပ်ဆောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ယေဟောဝါ၏လူမျိုးတော်သည် ဝိညာဉ်ရေးကြွယ်ဝမှုကို မကြုံစဖူးခံစားခဲ့ရကြပြီ။
မိမိ၏နောက်လိုက်များလုပ်ဆောင်ဖို့ ခရစ်တော်မိန့်မှာခဲ့ရာများကို လူမျိုးအပေါင်းမှလူတို့သိမြင်လာကြရန် သွန်သင်ပေးဖို့ ကျယ်ပြန့်သောကင်ပိန်းတစ်ခုကို စတင်ခဲ့လေသည်။ (မဿဲ ၂၈:၂၀) ယခင်က တိရစ္ဆာန်ကဲ့သို့သော စရိုက်လက္ခဏာများတင်ပြခဲ့ကြသူအချို့က အမြင်ပြောင်းလဲခဲ့ခြင်းကို မြင်တွေ့ရခြင်းသည် တကယ်လန်းဆန်းနှစ်သက်ဖွယ်ပါတကား! သူတို့သည် “စိတ်ဆိုးခြင်း၊” “သူ့အသရေပျက်အောင်ပြောဆိုခြင်း၊” နှင့် “ညစ်ညူးသောစကား” သုံးခြင်းစသည့်စရိုက်များကိုဖြစ်ပေါ်စေသည့် ဥပဓိရုပ်ဟောင်းကိုချွတ်ပယ်ခဲ့ကြပြီး “ဖန်ဆင်းတော်မူသော [ဘုရားသခင်] ၏ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော” ဥပဓိရုပ်သစ်ကို ဝတ်ဆင်လာကြသည်။ ပရောဖက်ဟေရှာယ၏ ဤစကားများသည် ဝိညာဉ်ရေးသဘောအရ ယခုပင်ပြည့်စုံနေပြီ– “တောခွေး [ယခင်က တောခွေးကဲ့သို့ စရိုက်လက္ခဏာတင်ပြခဲ့သူတစ်ဦး] သည် သိုးသငယ် [စိတ်နူးညံ့သည့်သဘောတင်ပြနေသူတစ်ဦး] နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။”—ကောလောသဲ ၃:၈-၁၀; ဟေရှာယ ၁၁:၆၊ ၉။
ထပ်ဆင့်အသစ်ပြုပြင်ခြင်း နီးပြီ!
မျက်မှောက်ခေတ် ဝိညာဉ်ရေးရာပရဒိသု ဖြစ်ပေါ်စေခဲ့သော အသစ်ပြုပြင်ခြင်းအပြင် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် ပကတိပရဒိသုဖြစ်လာမည့်အချိန် အလွန်နီးကပ်နေပြီ။ ကျွန်ုပ်တို့၏ဘိုးဘေးအာဒံနှင့်ဧဝတို့ကို ဧဒင်ဥယျာဉ်အတွင်း ယေဟောဝါနေရာချထားစဉ်က မြေကြီးအစိတ်အပိုင်းလေးတစ်ခုသာ ပရဒိသုဖြစ်ခဲ့၏။ (ကမ္ဘာဦး ၁:၂၉-၃၁) ထို့အတွက်ကြောင့် ပရဒိသုကို ပြန်လည်တည်ထောင်လာသည်ဟု ကျွန်ုပ်တို့ဆိုနိုင်ခြင်းဖြစ်၏။ သို့ရာတွင် ထိုသို့မဖြစ်ပျက်မီ မြေကြီးမှ ဘုရားသခင်အား ဂုဏ်ယုတ်စေသော ဗာဗုလုန်ဘာသာရေးကို ဖယ်ရှားပစ်ရပေမည်။ ယင်းကို ဤလောက၏ နိုင်ငံရေးအင်အားစုများက တာဝန်ယူထမ်းဆောင်ပါလိမ့်မည်။ (ဗျာဒိတ် ၁၇:၁၅-၁၈) ထို့နောက် [သားရဲ] နှင့် စီးပွားရေးအင်အားစုများသည် သူတို့ကိုထောက်ခံသူများနှင့်အတူ ဖျက်ဆီးခံရကြပါလိမ့်မည်။ အဆုံးတွင် ဘုရားသခင့်ရန်သူများမှ နောက်ဆုံးသူတို့ဖြစ်သည့် စာတန်နှင့် သူ၏နတ်ဆိုးများသည် အသစ်ပြုပြင်ခြင်းစီမံကိန်းကာလဖြစ်သော အနှစ်တစ်ထောင် ချုပ်နှောင်ခံရကြမည်။ ထိုအတောအတွင်း “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။” (ဟေရှာယ ၃၅:၁) မြေတစ်ပြင်လုံး အေးချမ်းသာယာလိမ့်မည်။ (ဟေရှာယ ၁၄:၇) သေလွန်ခဲ့ကြသူသန်းပေါင်းများစွာတို့ပင် မြေကြီးပေါ် အသက်ပြန်ရှင်လာကြမည်။ ရွေးနုတ်ဖိုးပူဇော်သကာ၏ အသစ်ပြုပြင်ခြင်းအကျိုးကျေးဇူးများကို လူအားလုံးခံစားရကြမည်။ (ဗျာဒိတ် ၂၀:၁၂-၁၅; ၂၂:၁၊ ၂) မြေကြီးပေါ်တွင် မျက်မမြင်သူ၊ နားမကြားသူ သို့မဟုတ် ခြေဆွံ့သူများရှိတော့မည်မဟုတ်။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” (ဟေရှာယ ၃၃:၂၄) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုပြီးဆုံးပြီး များမကြာမီ စာတန်နှင့်သူ၏နတ်ဆိုးများသည် ခေတ္တမျှ လွှတ်ခံရမည်ဖြစ်ပြီး ထိုအချိန်အထိ မြေကြီးနှင့်ဆိုင်သော ဘုရားသခင့်ရည်ရွယ်ချက် မည်သို့ပြည့်စုံလာခဲ့ကြောင်း သူတို့တွေ့ မြင်ရကြလိမ့်မည်။ နောက်ဆုံး၌ သူတို့သည် ထာဝစဉ်ဖျက်ဆီးခံရကြလိမ့်မည်။—ဗျာဒိတ် ၂၀:၁-၃။
မြေကြီးသည် အသစ်ပြုပြင်ခြင်းကာလ၏ အနှစ်တစ်ထောင်အဆုံးပိုင်းသို့ရောက်သောအခါ “အသက်ရှိသောသူအပေါင်းတို့သည်” ယေဟောဝါကိုချီးမွမ်းကြပြီး ထိုသို့ထာဝစဉ်ပြုကြလိမ့်မည်။ (ဆာလံ ၁၅၀:၆) သူတို့တွင် သင်ပါဝင်မည်လော။ ပါဝင်နိုင်ပါသည်။