နှိမ့်ချသောယောရှိ—ယေဟောဝါ၏မျက်နှာသာရရှိခဲ့
နှိမ့်ချသောယောရှိ—ယေဟောဝါ၏မျက်နှာသာရရှိခဲ့
အသက်ငါးနှစ်အရွယ် ယုဒမင်းသားယောရှိသည် စိုးရိမ်ထိတ်လန့်နေမည်။ သူ၏မိခင်ယေဒိဒ ငိုကြွေးနေသည်။ ယေဒိဒသည် ယောရှိ၏အဖိုးဖြစ်သူ ဘုရင်မနာရှေကွယ်လွန်သွားသောကြောင့် ငိုကြွေးရသည့်အကြောင်းရင်းရှိနေသည်။—၄ ဓမ္မရာဇဝင် ၂၁:၁၈။
ယခု ယောရှိ၏ဖခင်အာမုန်သည် ယုဒရှင်ဘုရင်ဖြစ်မည်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၃၃:၂၀) နောက်နှစ်နှစ် (ဘီ.စီ.အီး. ၆၅၉) အကြာတွင် အာမုန်ကို သူ၏လက်အောက်ငယ်သားများက လုပ်ကြံလိုက်သည်။ ပြည်သူပြည်သားများသည် ပူးပေါင်းကြံစည်သူများကို ကွပ်မျက်၍ ငယ်ရွယ်သောယောရှိကို နန်းတင်ကြ၏။ (၄ ဓမ္မရာဇဝင် ၂၁:၂၄; ၂ ရာဇဝင်ချုပ် ၃၃:၂၅) အာမုန်အုပ်ချုပ်ချိန်အတွင်း လူတို့သည် ခေါင်မိုးပေါ်ရှိယဇ်ပလ္လင်များစွာရှေ့တွင် . . . ပျပ်ဝပ်ကိုးကွယ်ကြသောကြောင့် ယောရှိသည် ယေရုရှလင်လေထုထဲတွင် ပျံ့နှံ့နေသော နံ့သာပေါင်းအနံ့များနှင့် ရင်းနှီးလာခဲ့သည်။ ဝင့်ကြွားစွာသွားလာနေသော အယူမှားယဇ်ပုရောဟိတ်များကို တွေ့မြင်နိုင်ပြီး သူတို့ကိုဆည်းကပ်သူများ—ယေဟောဝါကိုကိုးကွယ်ပါသည်ဟု ဆိုကြသူအချို့ပင်—မာလခံဘုရားကို တိုင်တည်ကျိန်ဆိုနေကြသည်။—ဇေဖနိ ၁:၁၊ ၅။
အာမုန်သည် မှားယွင်းသောနတ်ဘုရားများကိုကိုးကွယ်ခြင်းဖြင့် ဆိုးညစ်စွာပြုမူခဲ့သည်ကို ယောရှိသိမြင်သည်။ ထို့ပြင် ယုဒပြည်၏ငယ်ရွယ်သောဘုရင်သည် ဘုရားသခင့်ပရောဖက်ဇေဖနိ၏ ကြွေးကြော်ချက်များကို သာ၍သဘောပေါက်လာသည်။ ယောရှိအသက် ၁၅ နှစ် (ဘီ.စီ.အီး. ၆၅၂) ရောက်သောအခါ သူ၏နန်းသက်သည် ရှစ်နှစ်ရှိပြီး ဇေဖနိ၏စကားများကို အလေးထားဆင်ခြင်ရန် သန္နိဋ္ဌာန်ချခဲ့သည်။ ယောရှိသည် အသက်တော်ငယ်ရွယ်သော်လည်း ယေဟောဝါကို စတင်ရှာဖွေသည်။—၂ ရာဇဝင်ချုပ် ၃၃:၂၁၊ ၂၂; ၃၄:၃။
ယောရှိသည် အားကြိုးမာန်တက်လုပ်ဆောင်!
နောက်လေးနှစ်အကြာတွင် ယောရှိသည် ယုဒနယ်နှင့် ယေရုရှလင်မြို့မှ မှားယွင်းသောဘာသာကို (ဘီ.စီ.အီး. ၆၄၈) စတင်သုတ်သင်ရှင်းလင်းသည်။ ဗာလဝတ်ပြုရေးတွင် အသုံးပြုခဲ့သော ရုပ်ပုံများ၊ ဝတ်ပြုရေးတိုင်များနှင့် နံ့သာပေါင်းယဇ်ပလ္လင်များကို ဖျက်ဆီးပစ်သည်။ မှားယွင်းသောနတ်ဘုရားရုပ်များကို ညက်ညက်ချေပစ်ပြီးနောက် ယင်းဘုရားများကို ပူဇော်ခဲ့ကြသူများ၏ သင်္ချိုင်းဂူများပေါ်တွင် ဖြူးပစ်လိုက်သည်။ မစင်ကြယ်သောကိုးကွယ်မှုအတွက် အသုံးပြုခဲ့သည့်ယဇ်ပလ္လင်များကို ရှုတ်ချပြီးနောက် ဖြိုဖျက်ခဲ့၏။—၄ ဓမ္မရာဇဝင် ၂၃:၈-၁၄။
ယေရုရှလင်မြို့သို့ လေဝိယဇ်ပုရောဟိတ်တစ်ဦး၏သား ယေရမိရောက်လာသောအခါ (ဘီ.စီ.အီး. ၆၄၇) ယောရှိ၏သုတ်သင်ရှင်းလင်းရေးသည် ပို၍ပင်အင်တိုက်အားတိုက်ဖြစ်လာသည်။ ယေဟောဝါဘုရားသခင်သည် လူငယ်ယေရမိကို မိမိ၏ပရောဖက်အဖြစ် ခန့်အပ်ခဲ့သည်၊ သူသည် မှားယွင်းသောဘာသာနှင့်စပ်လျဉ်း၍ ယေဟောဝါ၏သတင်းစကားကို မည်မျှအားပါပါဖြင့် ကြေညာလိုက်မည်ဖြစ်ခြင်း! ယောရှိသည် ယေရမိနှင့်တစ်ရွယ်တည်းခန့်ရှိခဲ့သည်။ ယောရှိ၏ရဲရင့်စွာသုတ်သင်ရှင်းလင်းခြင်းနှင့် ယေရမိ၏မကြောက်မရွံ့ကြွေးကြော်ချက်များရှိသော်ငြားလည်း လူတို့သည် မှားယွင်းသောဘာသာသို့ ပြန်သွားကြသည်။—ယေရမိ ၁:၁-၁၀။
တန်ဖိုးဖြတ်မရသောရှာဖွေတွေ့ရှိချက်တစ်ခု
ငါးနှစ်ခန့်ကုန်လွန်သွားသည်။ အသက်နှစ်ဆယ့်ငါးနှစ်ရှိသောယောရှိသည် ၁၈ နှစ်ခန့်အုပ်ချုပ်ခဲ့ပြီ။ သူသည် စာရေးတော်ရှာဖန်၊ မြို့ဝန်မာသေယ၊ အတွင်းဝန်ယောအာတို့ကို ဆင့်ခေါ်လိုက်သည်။ ‘ယေဟောဝါ၏အိမ်တော်ကို ပြန်လည်မွမ်းမံရန်အတွက် လူများလက်မှ တံခါးစောင့်တို့ ခံယူထားသောငွေကိုယူ၍ အလုပ်သမားများကို ပေးရမည်အကြောင်း ယဇ်ပုရောဟိတ်မင်းဟိလခိကို သွားပြောလော့’ ဟုရှင်ဘုရင်သည် ရှာဖန်ကို အမိန့်ပေးသည်။—၄ ဓမ္မရာဇဝင် ၂၂:၃-၆; ၂ ရာဇဝင်ချုပ် ၃၄:၈။
နံနက်စောစောမှစ၍ ဝတ်ပြုရာအိမ်တော်ပြင်ဆင်သူများသည် အားသွန်ခွန်စိုက်အလုပ်လုပ်လျက်ရှိသည်။ ယောရှိသည် မိမိ၏ဆိုးညစ်သောဘိုးဘေးအချို့ကြောင့် ဘုရားသခင့်အိမ်တော်ပျက်စီးခဲ့ရာများကို အလုပ်သမားများက ပြုပြင်ပေးနေကြပြီဖြစ်သည့်အတွက် ယေဟောဝါကို ကျေးဇူးတင်မည်မှာ သေချာသည်။ အလုပ်လုပ်နေစဉ် အစီရင်ခံစာ လျှောက်တင်ရန် ရှာဖန်ရောက်လာ၏။ သို့သော် ယင်းကားအဘယ်နည်း။ သူသည် စာလိပ်တစ်လိပ်ကို ယူလာ၏! သူက ယဇ်ပုရောဟိတ်မင်းဟိလခိသည် “မောရှေရေးထားသော ထာဝရဘုရား၏ပညတ္တိ၂ ရာဇဝင်ချုပ် ၃၄:၁၂-၁၈) ရှာဖွေ့တွေ့ရှိမှုကား ပညတ်တော်၏မူရင်းစာစောင်ဖြစ်သည်မှာ သေချာပါသည်!
ကျမ်းစာစောင်” ကိုတွေ့ရှိခဲ့သည်ဟု ရှင်းပြသည်။ (ယောရှိသည် ထိုကျမ်းစကားရှိသမျှကို ကြားနာရန် စိတ်စောလျက်ရှိသည်။ ရှာဖန်ဖတ်ပြသောအခါ ဘုရင်သည် ပညတ်တော်အသီးသီးကို မိမိနှင့်လည်းကောင်း၊ ပြည်သူပြည်သားတို့နှင့်လည်းကောင်း မည်သို့သက်ဆိုင်မည်ကို သိမြင်ရန် ကြိုးစားလေသည်။ အထူးသဖြင့် ထိုစာအုပ်တွင် စစ်မှန်သောဝတ်ပြုမှုကို အလေးအနက်ဖော်ပြထားပုံနှင့် လူတို့သည် မှားယွင်းမှုတွင်ပါဝင်လျှင် ကြုံတွေ့ရမည့်ဘေးများနှင့်ပြည်နှင်ဒဏ်တို့အကြောင်း ကြိုဟောထားပုံတို့က သူ့ကို စွဲမှတ်စေခဲ့သည်။ ယခု ဘုရားသခင်၏မိန့်မှာချက်အလုံးစုံအား လုပ်ဆောင်ခြင်းမရှိသည်ကို သဘောပေါက်ကာ ယောရှိသည် သူ၏အဝတ်ကိုဆုတ်၍ ဟိလခိ၊ ရှာဖန်နှင့် အခြားသူများကို ဤသို့အမိန့်ပေးလိုက်သည်– ‘ဤကျမ်းစကားအကြောင်းကို ယေဟောဝါအား မေးလျှောက်ကြလော့; ဤကျမ်းစကားများကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့် ယေဟောဝါဘုရားသည် ငါတို့၌ ပြင်းစွာအမျက်ထွက်တော်မူလိမ့်မည်။’—၄ ဓမ္မရာဇဝင် ၂၂:၁၁-၁၃; ၂ ရာဇဝင်ချုပ် ၃၄:၁၉-၂၁။
ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို လက်ဆင့်ကမ်းပေး
ယောရှိ၏စေတမန်များသည် ယေရုရှလင်မြို့ရှိ ပရောဖက်ဟုလဒထံသွားပြီး အစီရင်ခံချက်နှင့်အတူ ပြန်လာကြသည်။ ဟုလဒက တွေ့ရှိခါစကျမ်းတွင် မှတ်တမ်းတင်ထားသော ဘေးဆိုးများသည် အယူဖောက်ပြန်သောလူမျိုးများအပေါ် ကျရောက်လိမ့်မည်ဟု ဖော်ပြကာ ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို လက်ဆင့်ကမ်းပေးခဲ့သည်။ သို့သော် ယောရှိသည် ယေဟောဝါဘုရားသခင်ရှေ့တွင် နှိမ့်ချမှုရှိသောကြောင့် ထိုဘေးဆိုးကို တွေ့မြင်ရမည်မဟုတ်ချေ။ သူသည် ဘိုးဘေးစုဝေးရာသို့ပို့ဆောင်ခံရကာ ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်ဖြစ်သည်။—၄ ဓမ္မရာဇဝင် ၂၂:၁၄-၂၀; ၂ ရာဇဝင်ချုပ် ၃၄:၂၂-၂၈။
ယောရှိသည် တိုက်ပွဲတွင် ကျဆုံးခဲ့သောကြောင့် ဟုလဒ၏ပရောဖက်ပြုချက်သည် မှန်ကန်ခဲ့သလော။ (၄ ဓမ္မရာဇဝင် ၂၃:၂၈-၃၀) မှန်ကန်ပါသည်၊ ယုဒနယ်အပေါ် ကျရောက်သည့် “ဘေး” နှင့်ယှဉ်လိုက်လျှင် သင်္ချိုင်းသို့ပို့ဆောင်ခံရခြင်းမှာ “ငြိမ်ဝပ်” သောကြောင့်ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၂၂:၂၀; ၂ ရာဇဝင်ချုပ် ၃၄:၂၈) ဗာဗုလုန်လူမျိုးတို့သည် ယေရုရှလင်မြို့ကို ဝိုင်းရံ၍ ဖျက်ဆီးခဲ့ချိန် ဘီ.စီ.အီး. ၆၀၉-၆၀၇ ခုနှစ် ဘေးဆိုးမဆိုက်မီ ယောရှိသေဆုံးခဲ့သည်။ ‘ဘိုးဘေးစုဝေးရာသို့ပို့ဆောင်ခံရခြင်း’ ကမရှုမလှသေခြင်းမျိုးမဖြစ်ရဟု မဆိုလိုချေ။ မရှုမလှသေဆုံးခြင်းနှင့် အေးဆေးစွာသေဆုံးခြင်းနှစ်ခုလုံးကိုရည်ညွှန်းလျက် နှိုင်းယှဉ်နိုင်သောအသုံးအနှုန်းကို အသုံးပြုထားသည်။—တရားဟောရာ ၃၁:၁၆; ၃ ဓမ္မရာဇဝင် ၂:၁၀; ၂၂:၃၄၊ ၄၀။
စစ်မှန်သောဝတ်ပြုမှုသည် ရှေ့သို့တိုးလာ
ယောရှိသည် ဝတ်ပြုရာအိမ်တော်၌ ယေရုရှလင်မြို့သားများကို စုဝေးစေ၍ ယေဟောဝါ၏အိမ်တော်၌တွေ့သော “ပဋိညာဉ်ကျမ်းစာရှိသမျှကို” သူတို့ရှေ့မှာ ဖတ်ပြ၏။ ထို့နောက် သူက “ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်” ဟုပဋိညာဉ်ပြုသည်။ လူအပေါင်းတို့သည် ထိုပဋိညာဉ်ကိုဝန်ခံကြ၏။—၄ ဓမ္မရာဇဝင် ၂၃:၁-၃။
ယခု ဘုရင်ယောရှိသည် နောက်တစ်ခုကို စတင်ဆောင်ရွက်ပြီး ရုပ်ကိုးကွယ်မှုကို ပို၍အရှိန်အဟုန်ပြင်းစွာ အရေးယူဆောင်ရွက်သည်မှာ ထင်ရှားပါသည်။ ယုဒပြည်၏ တိုင်းတစ်ပါးနတ်ဘုရားယဇ်ပုရောဟိတ်များမှာ စီးပွားပျက်ကုန်ကြ၏။ မစင်ကြယ်သောဝတ်ပြုရေးနှင့် ပါဝင်ပတ်သက်နေသော လေဝိယဇ်ပုရောဟိတ်များသည်လည်း ယေဟောဝါ၏ယဇ်ပလ္လင်တွင် အမှုထမ်းဆောင်ရသောအခွင့်အရေး ဆုံးရှုံးသွားပြီး ဘုရင်ရှောလမုန်အုပ်စိုးစဉ် တည်ဆောက်ခဲ့သည့် မြင့်သောအရပ်များသည် ဝတ်ပြုမှုအတွက် မသင့်တော်တော့ချေ။ ထို့ပြင် သုတ်သင်ရှင်းလင်းခြင်းတွင် အစောပိုင်းက အာရှုရိလူတို့ (ဘီ.စီ.အီး. ၇၄၀) ဖျက်ဆီးခဲ့သော ရှေးဣသရေလဆယ်နွယ်နိုင်ငံ၏နယ်မြေလည်း ပါဝင်သည်။
ယောရှိသည် ဗေသလ၌ ပထမမြောက် ဘုရင်ယေရောဗောင်တည်ခဲ့သော ယဇ်ပလ္လင်ပေါ်တွင် ဗာလယဇ်ပုရောဟိတ်တို့၏အရိုးများကို မီးရှို့မည်ဟူသော အစောပိုင်းအနှစ် ၃၀၀ ကအမည်မသိ “ဘုရားသခင်၏လူ” တစ်ဦး ဟောသောစကားပြည့်စုံခဲ့သည်။ ထိုနေရာနှင့်အခြားမြို့များရှိ မြင့်သောအရပ်တို့ကို ဖယ်ရှားပစ်ကာ ရုပ်ကိုးကွယ်သောယဇ်ပုရောဟိတ်များသည် သူတို့ကိုယ်တိုင်ပူဇော်ခဲ့သော ယဇ်ပလ္လင်များပေါ်တွင်ပင် သူတို့ပြန်၍မီးရှို့ပူဇော်ခံခဲ့ရသည်။—၃ ဓမ္မရာဇဝင် ၁၃:၁-၄; ၄ ဓမ္မရာဇဝင် ၂၃:၄-၂၀။
ခမ်းနားသောပသခါပွဲကျင်းပ
စစ်မှန်သောဝတ်ပြုရေးမြှင့်တင်ရာ၌ ယောရှိ၏လုပ်ဆောင်မှုများကို ဘုရားသခင်ကျောထောက်နောက်ခံပေးခဲ့သည်။ ရှင်ဘုရင်အသက်ရှင်နေသရွေ့ လူတို့သည် “ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လိုက်လျက်” နေကြသည့်အတွက် ဘုရင်သည် ဘုရားသခင်ကိုကျေးဇူးတင်လိမ့်မည်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၃၄:၃၃) ထို့ပြင် ယောရှိသည် မိမိ၏နန်းသက် ၁၈ နှစ်မြောက်တွင် လုပ်ဆောင်ခဲ့သော အံ့ဖွယ်အဖြစ်အပျက်ကို မည်သို့မေ့နိုင်မည်နည်း။
ဘုရင်က “ဤ [မကြာသေးမီက တွေ့ရှိခဲ့သော] ပဋိညာဉ်ကျမ်းစာ၌လာသည်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုဆောင်ကြလော့” ဟုလူတို့ကို မိန့်တော်မူသည်။ (၄ ဓမ္မရာဇဝင် ၂၃:၂၁) ယောရှိသည် တုံ့ပြန်မှုကောင်းကို တွေ့မြင်ရသောအခါ အားရရွှင်လန်းခဲ့သည်။ ဤပွဲတော်အတွက် သူကိုယ်တိုင် ပသခါတိရစ္ဆာန်အကောင် ၃၀,၀၀၀ နှင့်နွား ၃,၀၀၀ ကိုလှူဒါန်းသည်။ ကြီးကျယ်လှသည့် ပသခါပွဲပါတကား! ၎င်း၏ပူဇော်သကာများတွင် ကောင်းစွာစီစဉ်ထားသော အစီအစဉ်များနှင့် ဝတ်ပြုသူအရေအတွက်များပြားမှုတို့တွင် ပရောဖက်ရှမွေလခေတ်အချိန်ကတည်းက ကျင်းပခဲ့သော မည်သည့်ပသခါပွဲထက်မဆို သာလွန်သည်။—၄ ဓမ္မရာဇဝင် ၂၃:၂၂၊ ၂၃; ၂ ရာဇဝင်ချုပ် ၃၅:၁-၁၉။
သေဆုံး၍ ကြီးစွာဝမ်းနည်းပူဆွေးကြ
ယောရှိသည် သူ၏နန်းသက် ၃၁ နှစ် (ဘီ.စီ.အီး. ၆၅၉-၆၂၉) တစ်လျှောက်လုံး မင်းကောင်းတစ်ပါးအဖြစ် အုပ်စိုးခဲ့သည်။ ဖာရောနေခေါသည် ဗာဗုလုန်စစ်တပ်များကို ကြားဖြတ်တိုက်ခိုက်ကာ ဥဖရတ်မြစ်ပေါ်ရှိ ခါခေမိတ်မြို့မှ အာရှုရိဘုရင်ကို စစ်ကူပေးဖို့အတွက် ယုဒပြည်ကိုဖြတ်မည့်အကြံကို သူ၏နန်းသက်အဆုံးပိုင်းတွင် သိရှိရလေသည်။ ဖော်ပြမထားသည့် အကြောင်းတစ်ခုခုကြောင့် ယောရှိသည် အီဂျစ်တပ်ကို တိုက်ခိုက်ရန်ထွက်လာသည်။ နေခေါက “ငါ့ဘက်၌ရှိသောဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်” ဟုသံတမန်ကိုစေလွှတ်၍ မှာလိုက်သည်။ သို့ရာတွင် ယောရှိသည် ရုပ်ဖျက်၍ မေဂိဒ္ဒေါ၌ အီဂျစ်လူမျိုးတို့ကို တပ်ခေါက်သွားစေရန် ကြိုးစားသည်။—၂ ရာဇဝင်ချုပ် ၃၅:၂၀-၂၂။
ယုဒဘုရင်အတွက် အဖြစ်ဆိုးလှပါဘိ! ရန်သူလေးသမားများသည် သူတို့၏ပစ်မှတ်ကို ထိမှန်ကာ ယောရှိက “ငါ့ကိုဆောင်သွားလော့။ ပြင်းစွာအထိအခိုက်ခံရသည်” ဟုကျွန်တို့ကိုဆိုသည်။ သူတို့သည် ယောရှိကို သူ၏စစ်ရထားမှ အခြားစစ်ရထားတစ်ခုပေါ်သို့တင်၍ ယေရုရှလင်မြို့သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာ သို့မဟုတ် မြို့သို့ခေါ်ဆောင်သွားရာလမ်းပေါ်တွင် ယောရှိအသက်ထွက်သွားသည်။ “[သေဆုံး]၍ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့သည် ယောရှိမင်း[သေဆုံး]သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏” ဟူ၍ မှုတ်သွင်းခံမှတ်တမ်းကဆိုသည်။ ယေရမိသည် ဘုရင်အကြောင်းကို ကျူးရင့်ခဲ့ရာ နောင်တွင် သူ့အတွက် အထူးအခမ်းအနားများဖြင့် ဤမြည်တမ်းသီးချင်းကို ဆိုခဲ့ကြသည်။—၂ ရာဇဝင်ချုပ် ၃၅:၂၃-၂၅။
ဘုရင်ယောရှိသည် အီဂျစ်လူမျိုးတို့ကို ဝင်တိုက်သည့်နောင်တရဖွယ်အမှားတစ်ခုကို ပြုမိခဲ့သည်မှာမှန်၏။ (ဆာလံ ၁၃၀:၃) သို့သော်ငြားလည်း သူ၏နှိမ့်ချမှုနှင့် စစ်မှန်သောဝတ်ပြုရေးအတွက် တည်ကြည်မြဲမြံမှုတို့ကြောင့် ဘုရားသခင်၏မျက်နှာသာတော် ရရှိခဲ့သည်။ ယေဟောဝါသည် မိမိ၏စိတ်နှိမ့်ချသော သစ္စာရှိကျေးကျွန်များအား မျက်နှာသာပေးသည်ကို ယောရှိ၏အသက်တာက ကောင်းစွာဖော်ပြပါသည်တကား!—သု. ၃:၃၄; ယာကုပ် ၄:၆။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ငယ်ရွယ်သောဘုရင်ယောရှိသည် ယေဟောဝါအား စိတ်အားထက်သန်စွာရှာဖွေခဲ့
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယောရှိသည် မြင့်သောအရပ်များကို ဖျက်ဆီးခဲ့ပြီး စစ်မှန်သောဝတ်ပြုရေးကို မြှင့်တင်ခဲ့