မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖီဂျီကျွန်းများတွင် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာခြင်း

ဖီဂျီကျွန်းများတွင် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာခြင်း

ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​ရှိသော​လူစား​ဖြစ်​ကြ

ဖီဂျီ​ကျွန်း​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​ကို​ကြေညာ​ခြင်း

ယေရှု​ခရစ်​သည် တစ်ချိန်က လမ်း​နှစ်​လမ်း​အကြောင်း မိန့်ဆိုခဲ့သည်။ တစ်​လမ်းမှာ ကျယ်ဝန်း​ပြီး ပျက်စီးခြင်း​သို့​ရောက်​၏။ နောက်​တစ်​လမ်းမှာ ကျဉ်း​မြောင်း​သော်လည်း အသက်ရှင်ခြင်း​သို့​ရောက်​သည်။ (မဿဲ ၇:၁၃၊ ၁၄) မှန်သော​လမ်းကို လူ​တို့​ရွေးချယ်​နိုင်​ရန် ယေဟောဝါ​ဘုရားသခင်​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်းလုံး​တွင် ဟောပြောရန် ရည် ရွယ်​တော်​မူ​ခဲ့​၏။ (မဿဲ ၂၄:၁၄) ထို့​ကြောင့် နေရာတကာ​မှ​လူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို နားထောင်​လျက်​ရှိပြီး အချို့​သည် “စိုးလ်​ဝိညာဉ်​အသက်ရှင်​အံ့​သော​ငှာ ယုံကြည်ခြင်း​ရှိသော​လူစား” ဖြစ်လာ​ခြင်း​ဖြင့် အသက်ရှင်ခြင်းကို ရွေးချယ်​နေကြ​သည်။ (ဟေဗြဲ ၁၀:၃၉က​ဘ) ဖီဂျီ​နှင့် အခြား​အနီးအနား​ရှိ တောင်​ပစိဖိတ်ကျွန်း​များ​မှ အချို့​သည် အသက်ရှင်ခြင်းကို ရွေးချယ်​ခဲ့​သည့်​အကြောင်း ဖတ်ရှု​ရန် သင့်​အား ဖိတ်ခေါ်ပါ​သည်။

သူတို့သည် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ခဲ့

မီ​ရာ​သည် ၁၉၆၄ ခုနှစ်​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ဦးဆုံး​ကြား​ရချိန်​၌ ကျောင်းသူ​အရွယ်​သာ​ရှိသေး​သည်။ ဝေးခေါင်​သော​ကျွန်း​ပေါ်​တွင် သီးခြား​ဖြစ်နေ​သောကြောင့် သူသည် ယေဟောဝါသက်သေ​များနှင့် အဆက်အသွယ်​မရှိခဲ့​ချေ။ သို့သော် နောက်ဆုံး​၌ သူသည် သမ္မာကျမ်းစာ​၏ တိကျ​မှန်ကန်သော​အသိပညာကို ရရှိနိုင်​ခဲ့​၏။ ထို​အချိန်၌ သူသည် ရွာ​မှ​ရိုးရာ​တူ​လူစု​၏ အကြီးအမှူး​ဖြစ်သူ​နှင့် အိမ်ထောင်ပြု​ခဲ့​သည်။ ကျမ်းစာမူ​များနှင့်​အညီ အသက်ရှင်​ရန် မီ​ရာ​ရွေးချယ်မှု​ကြောင့် သူ၏​ခင်ပွန်း​နှင့်​ဆွေမျိုး​များ​က သူ့ကို​ရက်စက်​စွာ​ဆက်ဆံ​ပြုမူ​ခဲ့​ကြ​သည့်​အပြင် ရွာသား​ချင်း​များ​က​လည်း အဖက်မတန်သလို​ဆက်ဆံ​ခဲ့​ကြသည်။ သို့​ဖြစ်စေ​ကာ​မူ၊ သူသည် ၁၉၉၁ ခုနှစ်​တွင် နှစ်ခြင်း​ခံ​ခဲ့​သည်။

များ​မကြာမီ မီ​ရာ​၏​ခင်ပွန်း​ဂျော့​ဆူး​အာ​သည် စိတ်ထား​ပျော့ပျောင်း​လာ​ကာ ကလေး​များနှင့်​မီ​ရာ ကျမ်းစာ​ဆွေးနွေးမှု​များ​ပြု​ရာ​တွင် စ၍​ပင်​ထိုင်​ခဲ့​သည်။ ဂျော့​ဆူး​အာ​သည် မက်သဒစ်​ချာ့ခ်ျ​ကို မ​တက်​တော့​ချေ။ သို့သော် သူသည် အကြီးအမှူး​တစ်ဦး​အနေ​ဖြင့် အပတ်စဉ်​ကျင်းပ​သော ရွာ​အစည်းအဝေး​များ​တွင် ဦးစီး​နာ​ယ​က​လုပ်​ရ​ဆဲ​ဖြစ်သည်။ မက်သဒစ်​ချာ့ခ်ျ​သည် ဖီဂျီ​ရွာ​၏​အသွေးအသား​ကဲ့သို့​ဖြစ်သော​ကြောင့် ရွာသား​များ​၏​အမြင်​တွင် ဂျော့​ဆူး​အာ​သည် သစ္စာ​မရှိသူ​ဖြစ်သည်။ ထို့​ကြောင့် ဒေသခံ​ပါစတာ​သည် ဂျော့​ဆူး​အာကို သူ၏​ယခင်​ဘာသာ​သို့​ပြန်လာ​ရန် တိုက်တွန်း​ခဲ့​သည်။

ဂျော့​ဆူး​အာ​က သူနှင့်​သူ့​မိသားစု​သည် ရွေးချယ်​ခဲ့​ပြီးပြီ​ဟု သတ္တိရှိရှိ​ပြောဆို​ကာ ယေဟောဝါ​ဘုရားသခင်​ကို “နာမ်ဝိညာဉ်​နှင့်​လည်းကောင်း၊ သစ္စာ​နှင့်​လည်းကောင်း” ကိုးကွယ်​ရန်​ဆုံးဖြတ်​ခဲ့​သည်။ (ယေ​ဟန် ၄:၂၄) ရွာ​၏ နောက်​အစည်းအဝေး​တစ်ခု​တွင် စော်ဘွား​က ဂျော့​ဆူး​အာ​နှင့်​သူ့​မိသားစုကို ဝိုင်း​ပယ်​ထား​သူများ​အဖြစ် ရွာ​မှ​ထွက်သွား​ရန် အမိန့်ထုတ်​ခဲ့​သည်။ သူတို့ကို ကျွန်း​မှ​ထွက်သွား​ရန် ခု​နစ်​ရက်​အချိန်ပေး​ခဲ့​ပြီး သူတို့၏​အိမ်၊ မြေ​နှင့် ကောက်ပဲသီးနှံ​တို့ကို ထားရစ်​ခဲ့​ရသည်—မှန်သည်၊ သူတို့၏​အသက်မွေး​မှု​တစ်ခုလုံး​ကို ထားခဲ့​ရ၏။

တခြား​ကျွန်း​ပေါ်​မှ ဝိညာဉ်​ရေး​ညီအစ်ကို​များသည် ဂျော့​ဆူး​အာ​နှင့်​သူ့​မိသားစုကို ကူညီပေး​ကာ သူတို့​နေထိုင်​မည့်​နေရာ​နှင့် ကောက်ပဲသီးနှံ​များ​စိုက်​ပျိုး​၍​ရမည့်​မြေ​ကို ကူညီ​ရှာဖွေ​ပေး​ခဲ့​သည်။ ယခု ဂျော့​ဆူး​အာ​နှင့် အကြီးဆုံးသား​သည် နှစ်ခြင်း​ခံ​ပြီး​ဖြစ်၍ သား​အငယ်​သည် နှစ်ခြင်း​မခံရ​သေး​သော သတင်းကောင်း​ကြေညာသူ​တစ်ဦး​ဖြစ်နေ​ပေ​ပြီ။ မကြာမီတွင် မီ​ရာ​သည် မှန်မှန်ရှေ့ဆောင် (အချိန်ပြည့်​ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ) အဖြစ် စာရင်း​သွင်း​ခဲ့​၏။ ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ရန် သူတို့၏​ရွေးချယ်မှု​ကြောင့် ရာထူး​နှင့်​ရုပ်ပစ္စည်း​များ​ဆုံးရှုံး​ခဲ့​ရ​သော်လည်း တမန်​တော်​ပေါလု​နည်းတူ ယင်းကို သူတို့​ရရှိခဲ့​ရာ​များသည် ဘာ​နှင့်​မျှ​မ​နှိုင်းယှဉ်​နိုင်​ဟု ယူမှတ်​ကြသည်။—ဖိလိပ္ပိ ၃:၈

ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့်​ပတ်သက်​နေသော ရွေးချယ်မှု​တစ်ခု

ကျမ်းစာ​နှင့်​အညီ​လေ့ကျင့်​ထားသော ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို လိုက်နာ​ရန်​ရွေးချယ်ရာ​၌ ယုံကြည်ခြင်း​နှင့်​သတ္တိ​ရှိဖို့လို​သည်။ ကီရီဘာတီ​ကျွန်း​များ​မှ တာ​ရ​ဝါး​ကျွန်း​ပေါ်​တွင် နေထိုင်​သည့် နှစ်ခြင်း​ခံ​ပြီး​စ​အမျိုးသမီးငယ်​ဆူ​ရာ​အင်​၏​ဖြစ်ရပ်​တွင် ယင်း​သို့​ပင်​ဖြစ်​ခဲ့​သည်။ ဆူ​ရာ​အင်​သည် ဆေးရုံ​သူနာပြု​တစ်ဦး​အနေ​နှင့် သူ၏​အလုပ်​ထဲ​မှ​တစ်ခု​ကို မပြု​လုပ်ပါ​ရစေ​နှင့်​ဟု တောင်းဆို​ခဲ့​သည်။ သူ၏​တောင်းဆိုမှု​ကို တလိုတလား​လက်မခံ​သည့်​အပြင် ရလဒ်​ကား သီးခြား​ကျွန်း​ပေါ်​ရှိ ဆေးရုံ​ငယ်​တွင်​အလုပ်လုပ်​ရန် အ​ပို့​ခံရ​ကာ သူ၏​အခြား​ယုံကြည်သူများ​နှင့် အဆက်ဖြတ်​ပစ်​ခဲ့​သည်။

ထို​ကျွန်း​ပေါ်​သို့ ရောက်လာ​သူ​လူသစ်​အားလုံး​သည် ကျွန်းစောင့် “နတ်” ကို​ပူဇော်​ပ​သ​ရန် ထုံးတမ်း​စဉ်​လာ​ရှိသည်။ ယင်း​သို့​မပြု​လုပ်​လျှင် သေရ​လိမ့်​မည်​ဟု သူတို့​ယုံကြည်​ကြသည်။ ဆူ​ရာ​အင်​သည် သူနှင့်​သူ၏​အဖွဲ့​အတွက်​လုပ်ပေး​မည့် အဆိုပါ​အရုပ်​ကိုးကွယ်​မှု​အပြုအမူကို​ခွင့်ပြု​ရန် ငြင်းဆို​ခဲ့​သောကြောင့် မကျေမနပ်​ဖြစ်နေ​သော​နတ်​က သူ့​အား​လည်ပင်း​ညှစ်​သတ်​မည်​ကို ရွာသား​များ​က စောင့်ကြည့်​ခဲ့​ကြသည်။ ဆူ​ရာ​အင်​တွင်​ဖြစ်စေ၊ သူ၏​အဖွဲ့​တွင်​ဖြစ်စေ မည်သည့်​ဘေး​မျှ​မဖြစ်​သောအခါ သူ့​အတွက် ကောင်းစွာ​သက်သေ​ခံရန် အခွင့်အရေး​များစွာ လမ်းပွင့်​ခဲ့​သည်။

သို့သော် ဆူ​ရာ​အင်​၏​စမ်းသပ်မှု​များသည် အဆုံးမသတ်​သေး​ချေ။ ထို​ကျွန်း​ပေါ်​ရှိ လူငယ်​အချို့​သည် ရောက်ရှိ​လာသော​အမျိုးသမီးငယ်​များ​အား ဖြားယောင်း​ခြင်း​ကို စိန်ခေါ်​ပွဲ​တစ်ခု​အဖြစ် မှတ်ယူ​ကြသည်။ သို့ရာတွင် ဆူ​ရာ​အင်​သည် သူတို့၏​ချစ်ရေးဆို​မှု​ကို ငြင်းဆို​ခဲ့​ပြီး ဘုရားသခင်​အပေါ် သမာဓိ​စောင့်သိ​ခဲ့​သည်။ အမှန်​မှာ သူသည် တစ်ရက်​လျှင် ၂၄ နာရီ အရေးပေါ်​တာဝန်ကျ သူနာပြု​ဖြစ်သော်လည်း မှန်မှန်ရှေ့ဆောင်​ပြုလုပ်​နိုင်​ခဲ့​၏။

ဆူ​ရာ​အင်​သည် ဤ​ကျွန်း​မှ​ထွက်ခွာ​ရန် ပြင်ဆင်​နေချိန် သူ၏​ဂုဏ်ပြု​ပွဲ မ​ကျင်းပ​မီ ရပ်​မိ​ရပ်​ဖ​များ​က မိမိတို့​ထံ လည်ပတ်​ရောက်ရှိ​လာ​သည့် ပထမ​ဆုံး​ခရစ်ယာန်​သာသနာပြု​အစစ်အမှန်​ဖြစ်သည်ဟု ထုတ်ဖော်​ပြော​ခဲ့​သည်။ သူသည် ကျမ်းစာ​မူများ​အပေါ် ခိုင်မာ​စွာ​ရပ်တည်​သောကြောင့် ထို​ကျွန်း​ပေါ်​မှ အခြား​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို တလိုတလား​တုံ့ပြန်​ခဲ့​ကြသည်။

ရုပ်ပိုင်းဆိုင်ရာ​စိန်ခေါ်ချက်​များ

ကျေးရွာ​အချို့​သည် သီးခြား​ဖြစ်နေ​သောကြောင့် ယေဟောဝါ​၏​လူမျိုး​တို့သည် အမှုဆောင်​တွင်​ပါဝင်​ရန်​နှင့် ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ရန် အလွန်​ကြိုးစား​အားထုတ်​ရသည်။ နာရီ​နှင့်​ချီ​ပြီး အစည်းအဝေး​အသွားအပြန် ခရီး​သွား​ရသည့် နှစ်ခြင်း​ခံ​ပြီး​သော​သက်သေခံ​လေးဦး—အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​သုံးဦး—၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ သူတို့၏​ခြေကျင်​ခရီးစဉ်​၌ ခရီး​တစ်ခုစီ​တွင် မြစ်​သုံးကြိမ်​ဖြတ်ကူး​ရသည်။ ရေ​တက်လာ​သောအခါ ညီအစ်ကို​သည် မိမိတို့၏​အိတ်များ၊ စာအုပ်​များနှင့် အစည်းအဝေး​အဝတ်အစား​များ​ထည့်​ထားသော ချက်ပြုတ်​အိုး​ကြီး​ကို ကြိုး​ဖြင့်​ဆွဲ​ကာ ဦးဆုံး​ကူးသွား​သည်။ ပြီး​နောက် သူသည် ညီအစ်မ​သုံးဦး​ကို ကူညီပေး​ရန် ပြန်​ကူး​လာ​သည်။

ကီရီဘာတီ​မှ ဝေးခေါင်​သော​နို​နို​နူး​တီး​ကျွန်း​ပေါ်​ရှိ အစည်းအဝေး​များ​ကို တက်ရောက်​ကြသော အခြား​အုပ်စုငယ်​လေး​သည် စိန်ခေါ်ချက်​အမျိုးမျိုးကို ရင်ဆိုင်​ရသည်။ အစည်းအဝေး​ကျင်းပ​သော​အိမ်သည် ခု​နစ်​ယောက်၊ ရှစ်ယောက်​သာ​ဆံ့​သည်။ တက်ရောက်​လာသော​အခြားသူများ​မှာ​မူ အပြင်ဘက်​တွင်​ထိုင်​ကာ သံဇကာ​ပေါက်​မှ​ကြည့်​ခဲ့​ကြ​ရသည်။ အထင်ကြီး​ဖွယ်​ချာ့ခ်ျ​များ​သို့ သွားလာ​နေကြ​သည့် အခြား​ရွာသား​များသည် ဤ​အစည်းအဝေး​နေရာကို အတိုင်း​သား​တွေ့​နေရ​သည်။ မှန်သည်၊ ဘုရားသခင့်​အမြင်​တွင် နှစ်သက်ဖွယ်ရာ​မှာ အဆောက်အအုံ​များ​မဟုတ်ဘဲ လူ​တို့​သာ​ဖြစ်သည်​ကို ယေဟောဝါ​၏​ကျေးကျွန်​များ သဘောပေါက်​ကြသည်။ (ဟဂ္ဂဲ ၂:၇) ထို​ကျွန်း​ပေါ်​ရှိ နှစ်ခြင်း​ခံ​ပြီး​သော​ညီအစ်မ​တစ်ဦး​သည် အသက်ကြီး​နေပြီ​ဖြစ်သော​ကြောင့် ဝေးဝေး​လမ်းမ​လျှောက်​နိုင်​ပေ။ သို့​တိုင် နှစ်ခြင်း​မခံရ​သေး​သော ကြေညာသူ​အမျိုးသမီးငယ်​တစ်ဦး​သည် သူ့ကို လက်​တွန်း​လှည်း​ပေါ်​တင်​ကာ အမှုဆောင်​သို့​ခေါ်သွား​ပေး​သည်။ အမှန်တရား​အတွက် တကယ့်​လေးမြတ်မှု​ပါ​တကား!

ဖီဂျီ​ကျွန်း​များ​တွင် အမှုဆောင်​လျက်​ရှိကြ​သော ကြေညာသူ ၂,၁၀၀ ကျော်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဆက်၍​ကြေညာ​မည်​ဟု သန္နိ​ဋ္ဌာန်​ချထား​ကြသည်။ ထို့​ပြင် နောက်ထပ်​များစွာသော​သူတို့သည် “စိုးလ်​ဝိညာဉ်​အသက်ရှင်​အံ့​သော​ငှာ ယုံကြည်ခြင်း​ရှိသော​လူစား” ဖြစ်လာ​မည်​ဟု သူတို့​ယုံကြည်​စိတ်ချ​ကြသည်။

[စာမျက်နှာ ၈ ပါ​မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဩစတြေးလျ​နိုင်ငံ

အဖီ​ဂျီ