မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကြာမီ စိတ်ပျက်အားလျော့မှု မရှိတော့မည့်ကမ္ဘာ

မကြာမီ စိတ်ပျက်အားလျော့မှု မရှိတော့မည့်ကမ္ဘာ

မကြာမီ စိတ်ပျက်​အားလျော့​မှု မရှိတော့​မည့်​ကမ္ဘာ

ဘဝ​သည် တောင်းဆိုချက် များသည်ထက်​များ​လာ​ရာ စိတ်ပျက်ဖွယ်​ရာ​အကြောင်း​များ တိုးများ​လျက်​ရှိသည်။ စိတ်ပျက်​အားလျော့​သောအခါ ကျွန်ုပ်​တို့၏​စိတ်​လှုပ်ရှားမှု​ကို ထိန်းချုပ်ဖို့​ခက်​ကြောင်း တွေ့ရ​ပေမည်။ ဘဝကို​မွေ့ပျော်​သူ​ပင် အလွန်အမင်း​စိတ်သောက​ရောက်​သူ ဖြစ်လာ​နိုင်​သည်! ဥပမာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

ရှေး​အချိန်​က ပရောဖက်​မောရှေ​သည် စိတ်ဓာတ်ကျ​လွန်း​သဖြင့် ဘုရားသခင်​ထံ ဤသို့​လျှောက်ဆို​ခဲ့​သည်– “စိတ်​တွေ့​တော်​မူလျှင် . . . အကျွန်ုပ်​ကို အလျင်အမြန်​သေစေ​တော်​မူ​ပါ။ ကိုယ်​ဆင်းရဲ​ကို ကိုယ်​မသိ​မမြင်​ပါစေ​နှင့်။” (တောလည်ရာ ၁၁:၁၅) ရန်သူ​တို့​လက်​မှ ထွက်ပြေး​တိမ်းရှောင်​နေရ​သော ပရောဖက်​ဧလိယ​က– “အို​ထာဝရ​ဘုရား ယခု​တန်​ပါ​၏။ အကျွန်ုပ်​အသက်ကို​သိမ်းယူ​တော်​မူ​ပါ” ဟု​ဟစ်ကြွေး​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၄) ပရောဖက်​ယောန​က​လည်း– “အို​ထာဝရ​ဘုရား အကျွန်ုပ်​အသက်ကို​နုတ်ယူ​တော်​မူ​ပါ။ အကျွန်ုပ်​အသက်ရှင်ခြင်း​ထက် သေခြင်း​သည်​သာ၍​ကောင်း​ပါ​သည်” ဟု​ဆို​ခဲ့​သည်။ (ယောန ၄:၃) သို့သော် မောရှေ၊ ဧလိယ၊ ယောန​တို့​တွင် မည်သူမျှ ကိုယ့်​ကိုယ်ကို​သတ်​သေခြင်း​မပြု​ခဲ့​ပါ။ သူတို့​အားလုံး ဘုရားသခင့်​ဤ​အမိန့်တော်ကို​သိ​ကြသည်– “လူ​အသက်ကို​မ​သတ်​နှင့်။” (ထွက်မြောက်ရာ ၂၀:၁၃) ဘုရားသခင်​၌ ခိုင်မြဲ​သော​ယုံကြည်ခြင်း​ရှိ​ကာ မျှော်လင့်ချက်မဲ့​သည့်​အခြေအနေ​ဟူ၍​မရှိကြောင်း​နှင့် အသက်သည် ဘုရားသခင်​ထံ​မှ​ဆုလာဘ်​ဖြစ်​ကြောင်းကို သူတို့​သိ​ကြသည်။

ကျွန်ုပ်​တို့​ယခု​ရင်ဆိုင်​ရသော ပြဿနာ​များ​ကော​အသို့နည်း။ စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ဖိစီးမှု သို့​မဟုတ် ကျန်းမာ​ရေး​ချို့တဲ့မှု​များ​အပြင် ရံဖန်ရံခါ မိသားစုဝင်​များ၊ အိမ်နီးချင်း​များ သို့​မဟုတ် လုပ်ဖော်ဆောင်ဖက်​များ​၏​ရက်စက်​စွာ​ပြုကျင့်​မှု​ကို​သည်းခံ​ကြ​ရ​ပေမည်။ “အလုံးစုံသော[မတရားမှု]၊ မတရားသော​မေထုန်​ကို​ပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ​လွန်ကျူးခြင်း၊ မနာလို​ခြင်း၊ ငြူစူ​ခြင်း၊ လူ​အသက်ကို​သတ်​ခြင်း၊ ရန်တွေ့​ခြင်း၊ လှည့်ဖြားခြင်း၊ သူတစ်ပါးကို​မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်စုံသော​သူ၊ ချောစား​သော​သူ၊ ဆဲရေး​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ ကြမ်းတမ်းသော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ဝါကြွား​သော​သူ၊ မတတ်​ကောင်းသော​အတတ်ကို​စီရင်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ သတိ​မရှိသော​သူ၊ သစ္စာပျက်​သော​သူ၊ မိဘ သားမယား စ​သည်​တို့ကို​မချစ်​သော​သူ၊ ရန်ငြိုး​ထားသော​သူ၊ သနားခြင်း . . . စိတ်​မရှိသော​သူ” များနှင့်​ပြည့်နေ​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ (ရောမ ၁:၂၈-၃၁) နေ့စဉ်​နေ့တိုင်း ထိုသို့​သော​သူများ​နှင့်​ဝိုင်းရံ​လျက်​ရှိသောကြောင့် ဘဝ​သည် ဝန်ထုပ်ဝန်ပိုး​သဖွယ်​ဖြစ်နေ​ပုံ​ရှိသည်။ နှစ်သိမ့်မှု​နှင့် စိတ်သက်သာ​မှု​လို​နေ​သူများကို ကျွန်ုပ်​တို့​မည်သို့​ကူညီပေး​နိုင်​မည်​နည်း။

ကြည်​ကြည်ဖြူ​ဖြူ​နားထောင်ပေး​လို​စိတ်​ရှိ​ခြင်း

ခက်ခဲ​ဆင်းရဲမှု​နှင့် ဆင်းရဲ​ဝေဒနာ​ခံစားရ​မှု​တို့သည် လူတစ်ဦးကို စိတ်​ဗ​ယောက်​ဗယက်​ဖြစ်စေ​နိုင်​သည်။ ပညာရှိ​တစ်ဦး​က ဤသို့​ဆို​သည်– “အကယ်စင်စစ် ညှဉ်းဆဲခြင်း​သည် ပညာရှိ​သော​သူကို ရူး​စေ​တတ်၏။” (ဒေ. ၇:၇) ထို့​ကြောင့် ကိုယ့်​ကိုယ်ကို​သတ်​သေခြင်း​အကြောင်း​ပြောဆိုသူ​တစ်ဦး​ကို အလေးအနက်​ထား စဉ်းစား​ပေး​သင့်​သည်။ သူ့​တွင် စိတ်​လှုပ်ရှားမှု​ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း​ဆိုင်ရာ သို့​မဟုတ် ဝိညာဉ်​ရေး​ဆိုင်ရာ​ပြဿနာ​တစ်ခုခု​ရှိနေ​မည်​ဆိုလျှင် ချက်ချင်း​ဂရုစိုက်​ပေး​ရန်လို​အပ်​ပေမည်။ အဆင့်မြင့်​ကုသမှု​များနှင့် ကုထုံး​များ အမျိုးမျိုး​အဖုံဖုံ​ရှိရာ ကုထုံး​ပုံစံ​များနှင့်​ပတ်သက်​၍​မူ ကိုယ်ပိုင်​ဆုံးဖြတ်​ရမည်​သာ။

သတ်​သေချင်စိတ်​ဖြစ်ပေါ်​ရသည့်​အကြောင်း​သည် အဘယ်အရာ​ကြောင့်​ပင်​ဖြစ်ပါစေ ကောင်းစွာ​နားလည်​ပေး​သူ၊ ထောက်ထား​စာနာမှု​ရှိသူ​နှင့် စိတ်ရှည်သော​သူကို ရင်ဖွင့်​လိုက်ရ​ခြင်း​သည် တကယ်​ထူးခြား​သွားပေ​မည်။ မိသားစုဝင်​များနှင့် မိတ်ဆွေများ​သည် ကြည်​ကြည်ဖြူ​ဖြူ​နားထောင်ပေး​လို​စိတ်​ရှိပါက အကူအညီ​ဖြစ်စေ​နိုင်​သည်။ စာနာစိတ်​ပြ​မှု​နှင့် သနား​ကြင်နာ​မှု​အပြင် ဘုရားသခင့်​နှုတ်မြွက်တော်​မှ တည်ဆောက်မှု​ဖြစ်စေ​သည့် စဉ်းစား​တွေးခေါ်မှု​များ​က မျှော်လင့်ချက်​ပျောက်ဆုံး​နေ​သူများကို အလွန်​အထောက်အကူ​ပြု​နိုင်​သည်။

စိတ်သောက​ရောက်​သူများ​အတွက် ဝိညာဉ်​ရေး​ဆိုင်ရာ​အထောက်အမ

ကျမ်းစာ​ဖတ်ရှုခြင်း​သည် အလွန်​အားတက်စေ​နိုင်​ကြောင်း သင်​သိရှိ​လာသော​အခါ အံ့အားသင့်​ပေမည်။ သမ္မာကျမ်းစာ​သည် စိတ်​ကျန်းမာ​ရေး​လက်စွဲ​စာအုပ်​တစ်အုပ်​မဟုတ်သော်လည်း ယင်းက အသက်တာ​ဘဝကို တန်ဖိုး​ထား​တတ်​ရန် ကျွန်ုပ်​တို့ကို ကူညီပေး​နိုင်​သည်။ ဘုရင်​ရှောလမုန်က ဤသို့​ဆို​သည်– “ရွှင်လန်းခြင်း​အမှု​နှင့်​အသက်ရှင်စဉ်​တွင် ကျေးဇူးပြု​ခြင်း​အမှု​မှတစ်ပါး အခြားသော​အမှုအရာ​တို့​၌ အကျိုးကျေးဇူး​မရှိ​သည်ကို ငါ​သိ​၏။ လူတိုင်း စားသောက်ခြင်း​ငှာ​လည်းကောင်း၊ မိမိ​ကြိုးစား​အားထုတ်​သမျှ​သော​အမှု၌ ပျော်မွေ့ခြင်း​ငှာ​လည်းကောင်း ဘုရားသခင်​၏​ကျေးဇူးတော်​ကြောင့်​သာ အခွင့်​ရှိ၏။” (ဒေ. ၃:၁၂၊ ၁၃) ဘဝကို​အဓိပ္ပာယ်​ရှိစေ​သည့် ကျေနပ်မှု​ပေး​သော​အလုပ်​အပြင် သာမန်​ရိုး​စင်း​သော​အရာများ—လေ​ကောင်း​လေ​သန့်၊ နေရောင်​ခြည်၊ ပန်း​မ​န်​များ၊ သစ်ပင်​များနှင့် ကျေးငှက်သာရကာ​များ စ​သည်​တို့—သည် ကျွန်ုပ်​တို့​ပျော်မွေ့နိုင်​စေရန် ဘုရားသခင်​ပေး​ထားသော လက်ဆောင်​များ​ဖြစ်သည်။

ပို​၍​ပင်​အားတက်စေ​သည်​မှာ ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​သားတော်​ယေရှု​ခရစ်​သည် ကျွန်ုပ်​တို့ကို​ဂရုစိုက်​သည်​ဟူ​သည့် ကျမ်းစာ​အာမခံချက်​ဖြစ်သည်။ (ယောဟန် ၃:၁၆; ၁ ပေတရု ၅:၆၊ ၇) ဆာလံဆရာ​က သင့်လျော်​စွာ​ဤသို့​ဆို​သည်– “ငါ​တို့၏​ဝန်ကို နေ့စဉ်​ထမ်း​တော်​မူ​သော​ဘုရားရှင်၊ ငါ​တို့ကို ကယ်တင်ခြင်း​အကြောင်း​ဖြစ်​တော်​မူ​သော ဘုရားသခင်​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။” (ဆာလံ ၆၈:၁၉သမ္မာ) ကျွန်ုပ်​တို့သည် အရေးမပါ၊ မထိုက်တန်​ဟု ခံစား​ရနိုင်​သော်လည်း ဘုရားသခင်​သည် မိမိ​ထံ​ဆုတောင်း​ရန် ကျွန်ုပ်​တို့ကို​ဖိတ်ခေါ်​ထား​သည်။ အကူအညီ​အတွက် နှိမ့်ချ၍​အရိုးခံ​စိတ်ဖြင့်​တောင်းလျှောက်​သူ မည်​သူ့ကို​မျှ အထင်အမြင်​သေး​မည်​မဟုတ်​ကြောင်း စိတ်ချ​ပါ။

ယနေ့​အချိန်တွင် ပြဿနာ​ကင်း​သည့်​ဘဝမျိုးကို မည်သူမျှ မှန်ကန်​စွာ မမျှော်လင့်​နိုင်​ပါ။ (ယောဘ ၁၄:၁) သို့​တိုင် ဘုရားသခင့်​နှုတ်မြွက်တော်​မှ အမှန်တရားက ကိုယ့်​ကိုယ်ကို​သတ်​သေခြင်း​သည် ပြဿနာ​များ​ကို​ဖြေရှင်းရန် မှန်ကန်​သည့်​နည်းလမ်း​မဟုတ်​ကြောင်း များစွာသော​သူတို့ကို​ပြသ​ခဲ့ပြီ။ “နိုး​၍ ထောင်​တံခါးများ​ပွင့်​လျက်​ရှိသည်​ကို​မြင်လျှင်၊ နှောင်ဖွဲ့​ခြင်း​ကို​ခံရ​သော​သူတို့သည် ထွက်ပြေး​ကြပြီ​ဟု​ထင်​ရသည်​နှင့်၊ ဓားကို​အိမ်​မှ​ဆွဲထုတ်၍ ကိုယ်​အသက်ကို​သတ်​မည်​ပြု” သော ကြံရာမရ​သည့် ထောင်မှူး​တစ်ဦး​ကို တမန်​တော်​ပေါလု​ကူညီပေး​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ။ တစ်ခဏ​အတွင်း ထို​ထောင်မှူး​က သူ၏​ပျက်ကွက်မှု​အတွက် အရှက်တကွဲ​ဖြစ်​ရခြင်း၊ သေရ​မည့်​ရက်ကို အချိန်ဆွဲ​ထားခြင်း​ထက်​စာ​လျှင် ကိုယ့်​ကိုယ်ကို​သတ်​သေခြင်းက သာ၍​ကောင်း​သည်​ဟု​တွက်​လိုက်​သည်။ တမန်​တော်​ပေါလု​က– “ကိုယ်ကို​အပြစ်​မပြု​နှင့်။ ငါ​တို့​အပေါင်း​သည်​ရှိကြ​၏” ဟု​ဟစ်​၍​ပြောဆို​ခဲ့​သည်။ ပေါလု​သည် ထိုသို့​ပြော​ပြီး​မ​ရပ်​လိုက်ပါ။ သူနှင့်​သိလ​သည် ထောင်မှူးကို​နှစ်သိမ့်​ပေး​ပြီး– “သခင်​တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်း​သို့​ရောက်​အံ့​သော​ငှာ အဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း” ဟု​မေး​သော ထောင်မှူး​၏​မေးခွန်း​ကို ဖြေဆို​ပေး​ခဲ့​သည်။ “သခင်​ယေရှု​ခရစ်​ကို​ယုံကြည်​လော့။ ယုံကြည်​လျှင် သင်​နှင့်​သင်၏​အိမ်သူအိမ်သား​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​ကြလိမ့်မည်” ဟု​ဖြေဆိုခဲ့သည်။ ထို​နောက် သူနှင့်​သူ့​အိမ်သူအိမ်သား​များ​အား ယေဟောဝါ​၏​နှုတ်မြွက်တော်​ကို​ဟောပြောပြီး ရလဒ်​မှာ– “မိမိလူ​အပေါင်း​တို့​နှင့်​တကွ ဗတ္တိဇံ​ကို​ချက်ချင်း​ခံ​လေ​၏။” ထို​ထောင်မှူး​နှင့် သူ့​အိမ်သူအိမ်သား​များသည် အလွန်​ဝမ်းမြောက်​ရွှင်လန်း​ကြ​ပြီး ဘဝ​အသက်တာ​၏ အဓိပ္ပာယ်​သစ်​ကို တွေ့ရှိ​ခဲ့​ကြသည်။—တမန်​တော် ၁၆:၂၇-၃၅

ယနေ့ခေတ် ဆိုးသွမ်းမှု​များသည် ဘုရားသခင်​ကြောင့်​မဟုတ်​ကြောင်း သိရှိ​ရသည်မှာ မည်မျှ​စိတ်သက်သာ​စ​ရာ​ပါ​တကား! ကိုယ်တော့်​နှုတ်မြွက်တော်​က “လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား” သူ​မှာ “စာတန်​အမည်​ရှိ” နာမ်ဝိညာဉ်​ဆိုး​ဖြစ်​ကြောင်း ဖော်ပြ​ထား​သည်။ သို့သော် သူ၏​အချိန် ကုန်​လု​ပြီ။ (ဗျာဒိတ် ၁၂:၉၊ ၁၂) မကြာမီ ဘုရားသခင်​ကြားဝင်​ဆောင်ရွက်​ပေးခြင်း​ဖြင့် မြေကြီးသား​များ​အပေါ် စာတန်​နှင့်​သူ၏နတ်ဆိုး​များ ကျရောက်​စေ​ခဲ့​သည့် ပူ​ပင်​သောက​မှန်သမျှ ကင်းဝေး​တော့​မည်။ ထို​နောက် ဘုရားသခင်​ကတိထားရာ ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် မျှော်လင့်ချက်​ကင်းမဲ့​ခြင်း​နှင့် ကိုယ့်​ကိုယ်ကို​သတ်သေမှု​နောက်ကွယ်​ရှိ​အကြောင်း​များ ထာဝစဉ်​နိဂုံး​ချုပ်​သွား​မည်​ဖြစ်သည်။—၂ ပေတရု ၃:၁၃

အကူအညီ​ပေး​ရန် အသနားခံ​သူများ​အတွက် နှစ်သိမ့်မှု

ယခု​ပင် စိတ်ပျက်​အားလျော့​နေ​သူများ​သည် ကျမ်းစာ​မှ​နှစ်သိမ့်မှု​ရယူ​နိုင်​ပါ​သည်။ (ရောမ ၁၅:၄) ဆာလံဆရာ​ဒါဝိဒ်က ဤသို့​သီဆို​ခဲ့​သည်– “အို​ဘုရားသခင် ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး​ကို မထီမဲ့မြင်​ပြု​တော်​မူ​မည်​မဟုတ်ပါ။” (ဆာလံ ၅၁:၁၇သမ္မာ) ကျွန်ုပ်​တို့သည် စမ်းသပ်မှု​အချို့​ကို မလွဲ​မရှောင်​သာ​တွေ့ကြုံ​ရပြီး မစုံလင်မှု​၏​အကျိုးဆက်များ​ကို ခံစားရ​သည်​မှာ​မှန်​၏။ သို့သော် ချစ်​ကြင်နာ​၍ အကျိုးသင့်အကြောင်းသင့်​သဘော​ရှိသည့် ကောင်းကင်​ခမည်းတော်​၏ တိကျ​မှန်ကန်သော​အသိပညာကို​ဆည်းပူးခြင်း​က ကျွန်ုပ်​တို့သည် ကိုယ်တော့်​ရှေ့တော်တွင် တန်ဖိုး​ရှိ​သူများ​ဖြစ်​ကြောင်း စိတ်ချ​စေမည်​ဖြစ်သည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏ အရေးပါဆုံး​မိတ်ဆွေ​နှင့် သွန်သင်ပေး​သူ​ဖြစ်လာ​နိုင်​သည်။ ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ပျိုးထောင်​လျှင် ကျွန်ုပ်​တို့ကို ကိုယ်တော်​ဘယ်တော့မှ​စိတ်ပျက်​စေမည်​မဟုတ်။ “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏” ဟု​ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင် မိန့်တော်မူသည်။—ဟေရှာယ ၄၈:၁၇

ယေဟောဝါ​ကို​အားထား​မှီခို​ခြင်း​က လူများစွာကို ကူညီပေး​ခဲ့ပြီ​ဖြစ်သည်။ သာဓက​အနေ​နှင့်– ယာဉ်တိုက်မှု​တစ်ခု​တွင် သူ၏​တစ်ဦးတည်း​သော​သား ဆုံးရှုံး​ခဲ့​ရချိန်​မှ ကြာရှည်​စွာ​စိတ်ကျ​ဝေဒနာ​ခံစား​ရခြင်း​ကြောင့် မာ​ရာ​သည် စိတ်အား​လျော့​နေ​သူ​ဖြစ်သည်။ * မွှန်​ထူ​သွားပြီး သူ့​ကိုယ်ကို သေကြောင်းကြံ​ခဲ့​သည်။ သို့သော် ယခု​သူသည် အိမ်အလုပ်​များ​လုပ်ကိုင်​ရန် နေ့တိုင်း​အိပ်ရာ​မှ​စောစောထ​သည်။ တေးဂီတ​နားထောင်ခြင်း​နှင့် အခြား​သူများကို​ကူညီ​ရခြင်း​ကို ပျော်မွေ့​နေသည်။ “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်” ဟူသော​မျှော်လင့်ချက်​က ချစ်လှစွာ​သော​သား​၏ ဝမ်းနည်းဖွယ်​သေဆုံး​ခြင်း​ကြောင့်​ရသည့် ဝေဒနာ​အချို့​ကို​ဖယ်ရှား​ပေး​ပြီး ဘုရားသခင်​၌ သူ၏​ယုံကြည်ခြင်းကို ခိုင်မာ​စေ​ခဲ့​သည်။ (တမန်​တော် ၂၄:၁၅) မာ​ရာ​သည် ကောင်းကင်​တွင် ကောင်းကင်တမန်​ကဲ့သို့​ဖြစ်​လို​စိတ် တစ်ခါ​မှ​မရှိခဲ့​သောကြောင့် ဆာလံ ၃၇:၁၁ ပါ​စကား​များ​က သူ့​နှလုံးကို​ထိမိ​ခဲ့​သည်– “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။”

နောက်​ဘရာဇီး​လ်​အမျိုးသမီး ဆန်​ဒ​ရာ​သည် မိမိ၏​သားသမီး​သုံးယောက်​အတွက် အကောင်းဆုံး​မိခင်​ဖြစ်လာ​ရန် အလွန်​ကြိုးစား​အလုပ်လုပ်​ခဲ့​သည်။ သူ​ဤသို့​ဝန်ခံ​သည်– “ကျွန်မ​အဖေ ရုတ်တရက်​ဆုံး​သွားတယ်၊ တစ်ချိန်​ထဲမှာ​ပဲ ကျွန်မ​ယောက်ျား​က အခြား​အမျိုးသမီး​တစ်ယောက်​နဲ့ ချစ်​ကြိုက်​နေတာကို​သိလိုက်​ရတဲ့အခါ ကျွန်မ​အရမ်း​အလုပ်များ​ခဲ့တယ်။ အကူအညီ​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ဖို့​တောင် သတိမရ​အား​ဘူး။” စိတ်ပျက်​အားလျော့​လာ​ရာ ဆန်​ဒ​ရာ​သည် မိမိကိုယ်ကိုသတ်​သေ​ရန်​ကြိုးစား​ခဲ့​သည်။ ပြန်​စိတ်​တည်ငြိမ်​လာရန် အဘယ်အရာက သူ့ကို အကူအညီ​ပေး​ခဲ့​သနည်း။ ဝိညာဉ်​ရေးရာ​များ​ကို တန်ဖိုး​ထား​လေးမြတ်ခြင်း​ဖြစ်သည်။ “အိပ်ရာ​မဝင်​ခင်​ည​တိုင်း ကျွန်မ​ကျမ်းစာ​ဖတ်​တယ်၊ ကျွန်မ​ဖတ်​တဲ့​အကြောင်းအရာ​မှာပါတဲ့ လူတွေရဲ့​နေရာမှာ ကိုယ့်​ကိုယ်ကို ထား​လိုက်တယ်။ ကင်းမျှော်စင်​နဲ့ နိုးလော့!မဂ္ဂဇင်း​တွေ​ကိုလည်း ကျွန်မ​ဖတ်​တယ်၊ ဘဝ​အတ္ထုပ္ပတ္တိ​တွေ​က ကိုယ့်​ဘဝ​အခြေအနေ​မှာ ကျေနပ်​ရောင့်ရဲ​နေ​စေဖို့ အကူအညီ​ပေး​တဲ့​အတွက် အဲ့​ဒါတွေကို ကျွန်မ​အထူး​နှစ်သက်ပါ​တယ်။” ယေဟောဝါ​သည် သူ၏​အကောင်းဆုံး​မိတ်ဆွေ​ဖြစ်​ကြောင်း​သိရှိခြင်း​ကြောင့် သတ်သတ်မှတ်မှတ်​အကြောင်း​များ​အတွက် ဆုတောင်း​တတ်လာ​သည်။

စိတ်ပျက်​အားလျော့​မှု မရှိတော့​မည့်​အနာဂတ်

လူသား​တို့​ခံစား​နေရ​သည့် ဆင်းရဲ​ဝေဒနာသည် တဒင်္ဂ​သာ​ဖြစ်​ကြောင်း သိရခြင်းက တကယ့်​နှစ်သိမ့်မှု​ပါ​တကား! ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက်တွင် ရာဇဝတ်မှု၊ မတရားမှု သို့​မဟုတ် စိတ်​စွန်းကွက်​မှု​၏ သားကောင်​များ ယခု​ဖြစ်နေ​ရသည့် ကလေး​သူငယ်​များနှင့် လူကြီး​များသည် ဝမ်းမြောက်​ရွှင်လန်း​ရ​လိမ့်​မည်။ ပရောဖက်​ဆိုင်ရာ​ဆာလံကျမ်း​တစ်ချက်​တွင် တင်ကြိုဟော​ထား​သည့်​အတိုင်း ယေဟောဝါ​၏​ခန့်အပ်​ခံ​ဘုရင်​ယေရှုသည် “ငတ်မွတ်​သော​သူ​အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ကိုးကွယ်​ရာ​မ​ရှိ၍ ဆင်းရဲသော​သူကိုလည်း​ကောင်း ချမ်းသာပေး​တော်​မူ​လိမ့်​မည်။” ထို့​ပြင် “ဆင်းရဲသော​သူနှင့် ငတ်မွတ်​သော​သူကို​သနား​၍ ငတ်မွတ်​သော​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​လိမ့်​မည်။” အမှန်ပင် “သူတို့​အသက်ကို လှည့်စားခြင်း​နှင့် ညှဉ်းဆဲခြင်း​၏​လက်​မှ ရွေးနုတ်​၍​သူတို့​အသွေးကို နှမြော​တော်​မူ​လိမ့်​မည်။”—ဆာလံ ၇၂:၁၂-၁၄

ထို​ပရောဖက်ပြုချက်​ဆိုင်ရာ​စကားတော်​များ ပြည့်စုံ​ရန်​အချိန်နီး​ပြီ။ ယင်း​သို့​သော​အခြေအနေ​များ​အောက် ကမ္ဘာ​ပေါ်​ထာဝရ​အသက်​ရနိုင်​သည်​ဟူ​သည့် အတွေး​သည် သင့်အတွက် စွဲမက်​စ​ရာ​မကောင်း​ပေ​လော။ စွဲမက်​စ​ရာ​ဖြစ်​လျှင် ဘဝကို​ပျော်မွေ့​ရန်​နှင့် ဘုရားသခင်​ထံ​မှ​လက်ဆောင်​အဖြစ် ဘဝ​အသက်တာကို​မြတ်နိုး​ရန် သင့်​တွင်​အကြောင်းရင်း​ရှိနေပြီ။ ဤ​နှစ်သိမ့်မှု​ဖြစ်စေ​သည့် ကျမ်း​ဆိုင်ရာ​ကတိတော်​များ​အား အခြား​သူများကို​ဝေမျှပေး​လျှင် စာနာမှု​ကင်းမဲ့​ပြီး ချစ်ခင်မှု​ခေါင်းပါး​သည့် ဤ​လောကတွင် အကူ​ညီ​ပေး​ရန် အသနားခံ​နေသူတို့​၏​ဘဝ​အသက်တာတွင် များစွာသော​ပျော်ရွှင်မှု​ကို သင်​စွမ်းဆောင်​ပေး​နိုင်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 15 နာမည်​အချို့​ကို​ပြောင်း​ထား​သည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယနေ့​ပျော်ရွှင်စရာ​အချိန်​အခါ​များစွာ​ရှိ

[စာမျက်နှာ ၇ ပါ​ပုံစာ]

စိတ်ပျက်​အားလျော့​စ​ရာ​မရှိတော့​မည့်​ကမ္ဘာ​ကို သင်​စောင့်မျှော်​ပါသလော