မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်နာမည်ကို ထိန်းသိမ်းပါ

သင့်နာမည်ကို ထိန်းသိမ်းပါ

သင့်​နာမည်​ကို ထိန်းသိမ်းပါ

လူတစ်ဦး​ဆွဲ​လိုက်​သည့် လှပသော​အဆောက်အအုံ​ဒီဇိုင်း​များ​က ထို​သူအား ပြောင်မြောက်​သော​ဗိသုကာ​ပညာရှင်​အဖြစ် နာမည်​ရသွား​စေ​သည်။ ပညာရေး​တွင် ထူးချွန်​သော​အမျိုးသမီးငယ်​တစ်ဦး​သည် ထက်မြက်​သော​ကျောင်းသူ​အဖြစ် လူသိ​များ​လာ​သည်။ ဘာမျှ​အလုပ်,မ​လုပ်​သူ​ပင် လူပျင်း​ဟု နာမည်​ရလာ​နိုင်​သည်။ နှစ်သက်ဖွယ်​နာမည်​ရရှိစေ​ခြင်း​၏​တန်ဖိုး​ကို အလေးပေး​ကာ ကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “နာမည်​ကောင်း​သည် များစွာသော​ဥစ္စာ​ထက် သာ၍​နှစ်သက်ဖွယ်​ကောင်း​၏။ ကောင်းသော​ဂုဏ်​သတင်း​သည် ငွေ၊ ရွှေ​ထက်​သာ၍​ကောင်း​၏။”—သု. ၂၂:၁အမေရိကန်​ဘာသာပြန်​ကျမ်း။

အချိန်​အတိုင်းအတာ​တစ်ခု​အတွင်း သေးငယ်သော​လုပ်ရပ်များ​စွာ​ဖြင့် နာမည်​ကောင်း​တစ်ခု ရလာ​စေ​သည်။ သို့သော် မိုက်မဲ​သော​လုပ်ရပ်​တစ်ခု​လေး​က ၎င်းကို​ဖျက်ဆီး​ပစ်လိုက်​နိုင်​သည်။ ဥပမာ၊ လိင်ဆိုင်ရာ​အကျင့်ပျက်မှု​တစ်ခု​တည်း​နှင့်​ပင် နာမည်​ကောင်း​ပျက်ပြား​သွား​နိုင်​သည်။ နယပုံပြင်​ကျမ်း​၏ ၆ ခု​မြောက် အခန်းကြီး​တွင် ရှေး​ဣသရေလ​ဘုရင် ရှောလမုန်က နာမည်​ကောင်း​ကို​ပျက်စီး​စေနိုင်​သည့်​အပြင် ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ပျက်​နိုင်သော စိတ်သဘောထား​နှင့်​အပြု​အမူ​များနှင့်​စပ်လျဉ်း၍ သတိပေး​ထား​သည်။ ယင်း​တို့​ထဲ​တွင် အထူးသဖြင့် ယေဟောဝါ​ရွံမုန်း​သည့် မဆင်မခြင်​အာမခံခြင်း၊ ပျင်းရိခြင်း၊ လိမ်လည်​လှည့်ဖြားခြင်း​နှင့် လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းခြင်း​တို့​ပါဝင်​သည်။ အဆိုပါ​အကြံဉာဏ်​ကို ဂရုပြု​ခြင်း​သည် ကျွန်ုပ်​တို့၏​နာမည်​ကောင်း​ကို ထိန်းသိမ်း​ရန် အထောက်အကူ​ရ​ပါ​လိမ့်​မည်။

မဆင်မခြင်​အာမခံမှု​များ​မှ သင့်ကိုယ်ကို​ကယ်နုတ်

နယပုံပြင်​ကျမ်း​၏ ၆ ခု​မြောက်​အခန်းကြီး​တွင် ဤ​စကား​များ​ဖြင့် အစပျိုး​ထား​သည်– “ငါ့​သား သင်သည် အပေါင်းအဖော်​အတွက် အာမခံ​မိ​သော်လည်း​ကောင်း၊ သူတစ်ပါး​နှင့်​လက်ဝါး​ချင်း​ရိုက်​မိ​သော်လည်း​ကောင်း၊ ကိုယ့်​နှုတ်ခမ်း​စကား​ဖြင့် ကျော့မိ​သော်လည်း​ကောင်း၊ ကိုယ်​မြွက်​သော​စကား​ဖြင့် အဖမ်းခံရ​သော်လည်း​ကောင်း ငါ့​သား သင်သည် အပေါင်းအဖော်​လက်​တွင်း​သို့​ရောက်​ပြီး​ဖြစ်၍ ကိုယ်ကို​နုတ်​အံ့​သော​ငှာ ဤသို့​ပြု​လော့။ အပေါင်းအဖော်​ထံ​သို့ အလျင်အမြန်​သွား​၍ [“ကိုယ်ကို​နှိမ့်ချလျက်၊” ယုဒသန်] ပူပြင်း​စွာ​နှိုးဆော်​တောင်းပန်​လော့။”—သု. ၆:၁-၃၊ သမ္မာ။

ဤ​စကား​သည် သူတစ်ပါး၊ အထူးသဖြင့် သူစိမ်း​တစ်ရံ​ဆံ​တို့၏ စီးပွားရေး​ကိစ္စ​များ​တွင် မပတ်သက်​ရန် ဆုံးမ​ထားခြင်း​ဖြစ်သည်။ ဣသရေလလူ​များသည် ‘ဆင်းရဲ​၍ လက်​အားလျော့​သော သူတို့၏​ညီအစ်ကို​ကို​မစ’ ရမည်​မှာ​မှန်​၏။ (ဝတ်ပြုရာ ၂၅:၃၅-၃၈) သို့သော် စီးပွားရေး​လုပ်သော ဣသရေလ​အချို့​သည် ကုန်​လှောင်​ဈေး​ကစား​ရသည့် စီးပွားရေး​စွန့်စားမှု​များ​တွင် ပါဝင်​လုပ်ကိုင်​ခဲ့​ကြ​ကာ မိမိတို့​အတွက် ‘အာမခံ​ပေး’ ရန်​အခြားသူများ​အား အယုံသွင်း​၍ ငွေကြေး​အကူအညီယူ​ခဲ့​ကြသည်၊ သို့ဖြင့် အကြွေးဆပ်​ရန်​တာဝန်​ရှိလာ​ခဲ့​သည်။ ယနေ့ အလားတူ​အခြေအနေ​မျိုး ပေါ်ပေါက်​နိုင်​သည်။ ဥပမာ၊ ငွေကြေး​ဆိုင်ရာ​အဖွဲ့အစည်း​များသည် အရဲစွန့်​ပြီး​ပေး​ရသည်​ဟု ၎င်း​တို့​ယူမှတ်​ထားသော ချေးငွေ​တစ်ရပ်​ကို ချေး​ရန်​အတည်မပြု​မီ လူ​နှစ်ဦး​က​လက်မှတ်ထိုး​ဖို့ တောင်းဆို​ပေမည်။ အခြားသူများ​ကိုယ်စား ဤသို့​အလျင်စလို​တာဝန်ခံ​ပေး​လိုက်ခြင်း​သည် မည်မျှ​မိုက်မဲ​လိုက်​လေ​စွ! ယင်းကြောင့် ကျွန်ုပ်​တို့သည် ငွေကြေး​ထောင်ချောက်​ထဲ​ကျော့ဖမ်း​မိ​သွား​နိုင်ရာ ဘဏ်​များနှင့် အခြား​မြီ​ရှင်​များ​အသိုင်းအဝိုင်း​တွင် နာမည်​ပင်​ပျက်​သွား​စေနိုင်​သည်!

အစ​တွင် အမြော်အမြင်​ရှိရာ​ကျ​သည်​ဟု​ထင်​ရ​သော်လည်း အသေအချာ​ဆန်းစစ်​ကြည့်​သော် မိုက်မဲ​ရာ​ကျနေ​ကြောင်း​ထင်ရှား​သည့် လုပ်ရပ်​တစ်ခု​ကို လက်ခံ​မိ​လျက်​သား​ဖြစ်၍ အကြံ​ရ​ခက်​နေကြောင်း​တွေ့ရ​လျှင်​ကော အသို့နည်း။ ဤ​အကြံပေး​ချက်​မှာ မာန်​မာန​ကို ခဝါချ​ပြီး “အပေါင်းအဖော် . . . ထံ​သို့​သွား​၍ ပူပြင်း​စွာ​နှိုးဆော်​တောင်းပန်”—ဇွဲ​မလျှော့​တမ်း​တောင်းဆို—ရန်ဖြစ်​သည်။ ကျွန်ုပ်​တို့သည် ကိစ္စရပ်​များ ပုံမှန်​အခြေအနေ​ပြန်ရောက်​စေရန် အတတ်နိုင်ဆုံး​လုပ်ဆောင်​ရမည်။ ကိုးကားချက်​တစ်ခု​က ဤသို့​ဖော်ပြ​သည်– “သင့်​ကတိ​စာချုပ်​ကြောင့် သင် သို့​မဟုတ် သင့်​မိသားစုကို မထိခိုက်​စေရန် သင်၏​ရန်ဘက်​နှင့်​သဘောတူညီ​မှု​ရပြီး ကိစ္စရပ်​ပြေလည်​သွား​သည့်​အထိ နည်း​ကုန်​လမ်း​ကုန်​ကြိုးစား​ပါ။” ယင်းကို အချိန်​မ​ဆွဲ​ဘဲ​ပြုလုပ်​သင့်​ကြောင်း ရှင်ဘုရင်​က ဤသို့​ထပ်ဆင့်​ဆို​သည်– “အိပ်မပျော်​နှင့်။ မျက်စိမှိတ်၍​မ​ငိုက်​နှင့်။ မုဆိုး​လက်​မှ သမင်​ဒရယ်​ကိုလည်း​ကောင်း၊ ငှက်​ကိုလည်း​ကောင်း နုတ်​ရသကဲ့သို့ ကိုယ်ကို​နုတ်​လော့။” (သု. ၆:၄၊ ၅) ကျော့မိ​ခံ​ခြင်း​ထက် ဖြစ်​နိုင်သော​အခါ ဉာဏ်ပညာ​မဲ့​သော​အာမခံခြင်း​ကို ပြန်​ရုပ်သိမ်းခြင်း​သည် သာ၍​ကောင်း​၏။

ပုရွက်ဆိတ်​ကဲ့သို့ လုံ့လ​ဝီရိယ​ရှိ​လော့

“အချင်း​လူပျင်း ပုရွက်ဆိတ်​ထံ​သို့​သွား​၍ သူ၏​အပြု​အမူ​တို့ကို​ဆင်ခြင်​သဖြင့် ပညာရှိ​စေ​လော့” ဟူ၍ ရှောလမုန်က​သတိပေး​ဆုံးမ​သည်။ ကျွန်ုပ်​တို့သည် သေးငယ်သော​ပုရွက်ဆိတ်​လေး​တစ်ကောင်​၏​အပြု​အမူ​များ​မှ မည်သည့်​ဉာဏ်ပညာ​ကို ရရှိနိုင်​သနည်း။ ရှင်ဘုရင်​က ဤသို့​ဖြေ​သည်– “ပုရွက်ဆိတ်​သည် ဆရာမ​ရှိ၊ ပဲ့ပြင်​သော​သူ​မရှိ၊ မင်း​မရှိဘဲ​လျက်၊ နွေ​ကာလ​နှင့်​စပါး​ရိတ်​ရာ​ကာလ​၌ မိမိ​စားစရာ​အစာကို ရှာဖွေ​သိုထား​တတ်၏။”—သု. ၆:၆-၈

ပုရွက်ဆိတ်​များ​၏​ဖွဲ့စည်း​တည်ဆောက်​ပုံ​သည် အလွန်​အံ့သြစရာ​ကောင်းပြီး အချင်းချင်း ထူးခြား​စွာ​ပူးပေါင်း​လုပ်ဆောင်ကြ​သည်။ သူတို့သည် ပင်ကို​အသိဉာဏ်​ဖြင့် အနာဂတ်​အတွက် ရိက္ခာ​စုဆောင်း​တတ်ကြ​သည်။ သူတို့၌ “ဆရာမ​ရှိ၊ ပဲ့ပြင်​သော​သူ​မရှိ၊ မင်း​မရှိ” ချေ။ မှန်သည်၊ ဘုရင်မ,ရှိသော်လည်း သူသည် ဥ​ဥ​ပေးဖို့​နှင့် ထို​ပုရွက်ဆိတ်​အုံ​၏​မိခင်​အနေ​ဖြင့်​သာ ဘုရင်မ​ဖြစ်နေ​သည်။ သူသည် မည်သည့်​အမိန့်​မျှ​မပေး​ချေ။ ဆော်သြ​ပေး​မည့်​ဦးစီး သို့​မဟုတ် စစ်ဆေး​မည့်​ကြီးကြပ်ရေးမှူး​မရှိ​သော်လည်း ပုရွက်ဆိတ်​တို့သည် သူတို့၏​အလုပ်ကို မမော​နိုင်​မ​ပန်း​နိုင် မရပ်မနား​လုပ်တတ်​ကြသည်။

ကျွန်ုပ်​တို့သည် ပုရွက်ဆိတ်​နည်းတူ ဝီရိယ​စိုက်ထုတ်​လုပ်ဆောင်​သင့်​သည်မဟုတ်​လော။ ကြီးကြပ်​ပေး​သူ​ရှိသည်​ဖြစ်စေ၊ မရှိ​သည်​ဖြစ်စေ အလုပ်ကို ကြိုးစား​လုပ်​ကာ တိုးတက်​ရန် အားထုတ်ခြင်း​သည် ကျွန်ုပ်​တို့အတွက် ကောင်းကျိုး​ဖြစ်စေ​သည်။ မှန်​၏၊ ကျွန်ုပ်​တို့သည် ကျောင်း​၌​ဖြစ်စေ၊ အလုပ်​၌​ဖြစ်စေ၊ ဝိညာဉ်​ရေးရာ​လုပ်ဆောင်မှုများ​တွင် ပါဝင်​နေစဉ်​ဖြစ်စေ အကောင်းဆုံး​လုပ်ဆောင်​သင့်​သည်။ ပုရွက်ဆိတ်​တို့သည် လုံ့လ​ဝီရိယ​စိုက်ထုတ်​ခြင်း​မှ အကျိုးကျေးဇူး​ရရှိ​သည့်​နည်းတူ ဘုရားသခင်​သည် ကျွန်ုပ်​တို့အား ‘မိမိတို့​ကြိုးစား​အားထုတ်​သမျှ​မှ​ရသည့် ကောင်းကျိုး​ကို​တွေ့မြင်​စေ’ လို​တော်​မူ​သည်။ (ဒေ. ၃:၁၃၊ ၂၂က​ဘ; ၅:၁၈) ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် စိတ်​ကျေနပ်မှု​တို့သည် ကြိုးစား​အားထုတ်မှု​မှ​ရသော အကျိုးကျေးဇူးများ​ဖြစ်သည်။—ဒေ. ၅:၁၂

ရှောလမုန်​သည် အဖြေ​မလို​သော​ဤ​မေးခွန်း​နှစ်ခု​ကို အသုံးပြု၍ ပျင်းရိ​သူကို သူ၏​လတ်​လျား​နေခြင်း​မှ နိုးထ​လာရန်​ကြိုးပမ်း​သည်– “အို​လူပျင်း သင်သည် အဘယ်မျှ​ကာလပတ်လုံး အိပ်​လျက်​နေ​လိမ့်​မည်​နည်း။ အဘယ်​သောအခါ နိုး​လိမ့်​မည်​နည်း။” ရှင်ဘုရင်​သည် ပျင်းရိ​သူကို ဤသို့​ထပ်ဆင့်​ဆို​သည်– “ခဏ​အိပ်​လျက်၊ ခဏ​ပျော်​လျက်၊ အိပ်ပျော်​အံ့​သော​ငှာ ခဏ​လက်ချင်းပိုက်​လျက်​နေစဉ်​တွင်၊ ဆင်းရဲခြင်း​သည် ခရီး​သွားသော​သူ​ကဲ့သို့​လည်းကောင်း၊ ဥစ္စာ​ပြုန်းတီး​ခြင်း​သည် သူ​ရဲ​ကဲ့သို့​လည်းကောင်း ရောက်လာ​လိမ့်​မည်။” (သု. ၆:၉-၁၁) ပျင်းရိ​သူသည် လတ်​လျား​လတ်​လျား​လုပ်​နေစဉ် ဆင်းရဲခြင်း​သည် တောပုန်း​ဓားပြ​ကဲ့သို့ ရုတ်​က​နဲ ပေါ်လာ​ကာ ရှားပါးမှု​သည် သူ​ရဲ​ကဲ့သို့​တိုက်ခိုက်​လေ​သည်။ လူပျင်း​၏​လယ်ယာများ​တွင် ပေါင်းပင်​များနှင့်​ဖက်ယားပင်​များ​ဖြင့် လျင်မြန်​စွာ​ဖုံးလွှမ်း​သွား​သည်။ (သု. ၂၄:၃၀၊ ၃၁) သူ၏​စီးပွားရေး​လုပ်ငန်း​သည် တစ်ခဏ​အတွင်း လက်လွတ်​ဆုံးရှုံး​သွားလေသည်။ အလုပ်ရှင်​တစ်ဦး​သည် လတ်​လျား​လတ်​လျား​နေသူကို မည်မျှ​ကြာကြာ လက်သင့်ခံ​ထား​မည်​နည်း။ လေ့လာ​ကျက်​မှတ်​ရန် အလွန်​ပျင်းရိ​သော​ကျောင်းသား​တစ်ဦး​သည် ကျောင်းသား​ကောင်း​ဖြစ်​မည်​ဟု မျှော်လင့်​နိုင်​ပါသလော။

ရိုးသားပါ

အကြမ်းဖျင်း​ဖော်ပြချက်​ဖြစ်သော်လည်း ရပ်ရွာ​တွင် နာမည်​ပျက်​စေသည့်​အပြင် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ပျက်​စေသော အမူအကျင့်​နောက်တစ်ခု​ကို ရှောလမုန် ဤသို့​ဆက်ဆို​သည်– “ဆိုးယုတ်​သော​သူနှင့် မတရားသော​သူသည် ကောက်လိမ်​သော​စကား​၌ ကျင်လည်​တတ်၏။ မျက်​တောင်​မ​ခတ်​လျက်၊ ခြေ​ဖြင့်​အမှတ်ပေး​လျက်၊ လက်ချောင်း​တို့​ဖြင့်​သွန်သင်​လျက် ပြု​တတ်၏။ ကောက်​သော​စိတ်​သဘော​နှင့်​ပြည့်စုံ​၍ မကောင်းသော​အကြံ​ကို အစဉ်​ကြံစည်​တတ်၏။ သူတစ်ပါး​ချင်း​ရန်​တွေ့​စေခြင်း​ငှာ ပြု​တတ်၏။”—သု. ၆:၁၂-၁၄

ယင်းသည် လိမ်လည်​လှည့်ဖြားသူ​အကြောင်း ဖော်ပြ​နေခြင်း​ဖြစ်သည်။ မုသာ​ပြောသူ​သည် မိမိ၏​မဟုတ်မမှန်​မှု​ကို ထိန်ချန်​ထား​ရန် ကြိုးစား​တတ်​သည်။ မည်သို့​အားဖြင့်​နည်း။ “ကောက်လိမ်​သော​စကား” ဖြင့်​သာမက အမူအရာ​ဖြင့်​လည်း​ပါ​သည်။ ပညာရှင်​တစ်ဦး​က ဤသို့​ဖော်ပြ​သည်– “ဟန်​အမူအရာ​များ၊ အသံနေအသံထား​နှင့် မျက်နှာ​အမူအရာ​တို့​က​ပင် လှည့်​ကွက်​များ​ဖြစ်သည်; အပြင်ပန်း​ရိုးသားမှု​၏​နောက်ကွယ်​တွင် ဖောက်ပြန်သော​စိတ်ထား​နှင့် ရန်လိုစိတ်​တို့ကို ဖုံးကွယ်​ထား​သည်။” ဤ​ကဲ့သို့​သော အသုံးမကျ​သူသည် မကောင်းသော​အကြံ​ကို ကြံစည်​တတ်​၍ အစဉ်​ရန်​တွေ့​ငြင်းခုံ​နေတတ်​သည်။ သူ့​အတွက် အခြေအနေ​များ မည်သို့​ဖြစ်ပျက်​လာ​မည်​နည်း။

“ထို့​ကြောင့် သူ၌ ရုတ်တရက်​ဘေးသင့်​ရောက်​၍ သက်သာရာ​မရအောင် ချက်ချင်း​ကျိုးပဲ့​ပျက်စီး​ရ​လိမ့်​မည်” ဟု​ဣသရေလ​ရှင်ဘုရင်​က ဖြေဆို​သည်။ (သု. ၆:၁၅သမ္မာ) မုသာ​သုံး​သူသည် ဖော်ထုတ်​ခံရသော​အခါ သူ၏​နာမည် ချက်ချင်း​ပျက်​သွား​သည်။ နောက်​တစ်ဖန် သူ့ကို မည်သူ​ယုံကြည်​မည်​နည်း။ “မုသာ​သုံး​သူ​ဟူ​သမျှ” ကို​ထာဝရ​ဖျက်ဆီး​ခံရ​မည့်​သူများ​၏​စာရင်း​တွင် ထည့်​ထားသော​ကြောင့် သူ၏​နိဂုံး​သည် အမှန်ပင်​ရ​စ​ရာ​မရှိ​အောင် ကြီးမားသော​ဘေးဒဏ်​ဖြစ်သည်။ (ဗျာဒိတ် ၂၁:၈သ​မ) “အနည်း​နည်း​တွင် ရိုး​ဖြောင့်​စွာ ငါ​တို့​ကျင့်ကြံ​ပြုမူ” ကြပါစို့။—ဟေဗြဲ ၁၃:၁၈သ​မ။

ယေဟောဝါ​မုန်းတီး​ရာ​များ​ကို မုန်းတီး

မကောင်းမှုကို မုန်းတီးခြင်း—မိမိ၏​နာမည်​ပျက်​စေသော အပြု​အမူ​များ မပြုမိအောင် တားဆီး​ပါ​သည်​တကား! ကျွန်ုပ်​တို့သည် မကောင်းမှုကို စက်ဆုပ်​ရွံရှာ​စိတ်​ရှိ​လာအောင် ပြုစု​ပျိုးထောင်​သင့်​သည်မဟုတ်​လော။ သို့သော် မုန်းတီး​သင့်​သည့်​အရာများ​ကား အတိအကျ​အားဖြင့် အဘယ်နည်း။ ရှောလမုန်က ဤသို့​ဖော်ပြ​သည်– “ထာဝရ​ဘုရား​မုန်းတော်မူ​သော​အရာ ခြောက်ပါး​မ​က စက်ဆုပ်​ရွံရှာ​တော်​မူ​သော​အရာ ခု​နစ်​ပါး​ဟူ​မူ​ကား၊ ထောင်လွှား​သော မျက်နှာ​တစ်ပါး၊ မုသာ​၌​ကျင်လည်​သော လျှာ​တစ်ပါး၊ အပြစ်​မရှိသော​သူ၏​အသက်ကို သတ်​သော​လက်​တစ်ပါး၊ မကောင်းသော​အကြံ​ကို ကြံစည်​သော​နှလုံး​တစ်ပါး၊ အပြစ်ပြု​ရာ​သို့ အလျင်အမြန်​ပြေး​တတ်သော​ခြေ​တစ်ပါး၊ မုသာ​စကား​ကို​ပြော​၍ မမှန်​သော​သက်သေ​တစ်ပါး၊ အပေါင်းအဖော်​ချင်း ရန်​တွေ့​စေခြင်း​ငှာ​ပြု​တတ်သော​သူတစ်ပါး​တည်း။”—သု. ၆:၁၆-၁၉

နယပုံပြင်​ကျမ်း​က​ဖော်ပြ​ထားသော ဤ​ခု​နစ်​မျိုး​သည် အခြေခံ​ဖြစ်​ပြီး မကောင်းမှု​အမျိုးအစား အားလုံးနီးပါး​နှင့် အကျုံးဝင်​သည်။ “ထောင်လွှား​သော​မျက်နှာ​တစ်ပါး” နှင့် “မကောင်းသော​အကြံ​ကို ကြံစည်​သော​နှလုံး​တစ်ပါး” တို့သည် စိတ်ဖြင့်​အပြစ်​ကျူးလွန်​သည်။ “မုသာ​၌​ကျင်လည်​သော လျှာ​တစ်ပါး” နှင့် “မုသာ​စကား​ကို​ပြော​၍ မမှန်​သော​သက်သေ​တစ်ပါး” တို့သည် နှုတ်​စကား​ဖြင့် အပြစ်ပြု​ခြင်း​ဖြစ်သည်။ “အပြစ်​မရှိသော​သူ၏​အသက်ကို​သတ်​သော လက်​တစ်ပါး” နှင့် “အပြစ်ပြု​ရာ​သို့ အလျင်အမြန်​ပြေး​တတ်သော ခြေ​တစ်ပါး” တို့သည် မကောင်းမှု​ပြုခြင်း​ဖြစ်၏။ အတူတကွ​ငြိမ်းချမ်း​စွာ​နေထိုင်ကြ​သူတို့​ထဲ​တွင် ပဋိပက္ခ​ဖြစ်အောင် မီးမွေး​ပေး​ရခြင်း​ကို အလွန်​နှစ်သက်​ကြ​သည့်​လူစားမျိုး​ကို ယေဟောဝါ အထူး​မုန်းတီး​တော်​မူ​သည်။ လူတို့၏​မကောင်းသော​အကျင့်​များ ဆက်၍​ပင်​တိုးပွား​လာသော​ကြောင့် ထို​စာရင်း​မှာ ပြီးပြည့်စုံခြင်း​မရှိ​ဟူသော​သဘော​ဖြစ်သည်​ကို ခြောက်​မျိုး​မှ​ခု​နစ်​မျိုး​အထိ​များပြား​လာ​ခြင်း​က ဖော်ပြ​၏။

မှန်​၏၊ ကျွန်ုပ်​တို့သည် ဘုရားသခင်​မုန်းတီး​ရာ​များ​ကို စက်ဆုပ်​ရွံရှာ​ဖို့​လို​သည်။ ဥပမာ၊ “ထောင်လွှား​သော​မျက်နှာ၊” သို့​မဟုတ် အခြား​မည်သည့်​မာန​ထောင်လွှား​မှု​မျိုးကို​မဆို ရှောင်​ရမည်။ ထို့​ပြင် ထိခိုက်​စေသော​အတင်းအဖျင်း​ပြော​ခြင်း​သည် အလွယ်တကူ​ပင် “အပေါင်းအဖော်​ချင်း​ရန်​တွေ့” စေနိုင်​သောကြောင့် ၎င်းကို မလွဲဧကန်​ရှောင်​ရမည်။ ကျွန်ုပ်​တို့သည် “အပြစ်​မရှိသော​သူ၏​အသက်ကို​သတ်” မည်​မဟုတ်သော်လည်း ကြင်နာ​မှု​မရှိသော​တစ်ဆင့်​စကား၊ မမှန်ကန်​သော​ဝေဖန်ချက် သို့​မဟုတ် မုသာ​တို့ကို လိုက်​ဖြန့်​ခြင်း​ဖြင့် အခြားသူ​၏​နာမည်​ကောင်း​ကို ဖျက်ဆီး​ပစ်​နိုင်​သည်​မှာ သေချာ​သည်။

“မိန်းမသည်​အဆင်းလှ​သော်လည်း တပ်မက်သော​စိတ်​မရှိ​နှင့်”

ရှောလမုန်​သည် သူ၏​ဆုံးမ​စကား နောက်​တစ်ပိုင်း​ကို ဤသို့​ပြော​ခြင်း​ဖြင့် စတင်​သည်– “ငါ့​သား အဘ​၏​ပညတ်စကား​ကို နားထောင်​လော့။ အမိ​ပေး​သော​တရားကို မ​ပယ်​နှင့်။ နှလုံး​ပေါ်မှာ​အမြဲ​ချည်​၍ လည်ပင်း​၌​ဆွဲ​ထား​လော့။” အကြောင်း​ကား​အဘယ်နည်း။ “သင်သည် အခြား​သို့​သွားသော​အခါ ထို​ပညတ်တရား​သည် လမ်းပြ​လိမ့်​မည်။ အိပ်​သောအခါ သင့်ကို​စောင့်​လိမ့်​မည်။ နိုး​သောအခါ သင်​နှင့်​နှုတ်ဆက်​လိမ့်​မည်။”—သု. ၆:၂၀-၂၂

ကျမ်းစာ​ပဲ့ပြင်​သွန်သင်မှု​သည် လိင်ဆိုင်ရာ​အကျင့်ပျက်မှု​ထောင်ချောက်​မှ ကျွန်ုပ်​တို့ကို အမှန်ပင်​ကာကွယ်​ပေး​နိုင်​သလော။ ကာကွယ်​ပေး​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့ကို ဤသို့​စိတ်ချ​စေ​သည်– “ပညတ်တော်​သည် မီးခွက်​ဖြစ်၏။ တရားတော်​သည် အလင်း​ဖြစ်၏။ အပြစ်ကို​ပြ​တတ်သော [ဆုံးမ]စကား​သည် အသက်​လမ်း​ဖြစ်၏။ ဆိုးသော​မိန်းမ​နှင့်လည်းကောင်း၊ အမျိုး​ပျက်​သော​မိန်းမ​ချော့မော့​တတ်သော နှုတ်​နှင့်​လည်းကောင်း လွတ်​စေခြင်း​ငှာ သင့်ကို​စောင့်​ဖို့​ရာ​ဖြစ်​သတည်း။” (သု. ၆:၂၃၊ ၂၄) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ ဆုံးမ​စကား​ကို သတိ​ရပြီး အသုံးပြုခြင်း​ဖြင့် ‘ကျွန်ုပ်​တို့​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ ကျွန်ုပ်​တို့​လမ်းခရီး​ကို​လင်း​စေ’ သောအခါ အကျင့်ပျက်​အမျိုးသမီး​တစ်ဦး သို့​မဟုတ် အလားတူ အကျင့်ပျက်​အမျိုးသား​တစ်ဦး၏ နှုတ်​ချို​သော​ဖြားယောင်း​သွေးဆောင်မှုများ​ကို တွန်းလှန်​ရန်​ထောက်ကူ​လိမ့်​မည်။—ဆာလံ ၁၁၉:၁၀၅

“ထိုသို့​သော​မိန်းမသည် အဆင်းလှ​သော်လည်း တပ်မက်သော​စိတ်​မရှိ​နှင့်။ သူသည် မျက်​ခ​မ်း​တို့​ဖြင့် သင့်ကို​မ​ကျော့မိ​စေ​နှင့်” ဟူ၍ ပညာရှိ​ဘုရင်​က သတိပေး​ဆုံးမ​သည်။ အဘယ်ကြောင့်​နည်း။ “အကြောင်း​မူ​ကား ပြည့်တန်ဆာမ​ကို မှီဝဲ​သော​ယောက်ျား​သည် ဆင်းရဲ​၍​မုန့်​တစ်လုံး​ကို​သာ​ရ​တတ်၏။ မျောက်​မထား​သော​မိန်းမသည်​လည်း မြတ်သော​အသက်ကို ဖမ်း​တတ်၏။”—သု. ၆:၂၅၊ ၂၆

ရှောလမုန်​သည် မျောက်​မထား​သော​ဇနီး​ကို ပြည့်တန်ဆာမ​အဖြစ် ရည်ညွှန်း​နေခြင်း​လော။ ဖြစ်​ကောင်း​ဖြစ်​နိုင်​ပါ​သည်။ သို့​မဟုတ် သူသည် ပြည့်တန်ဆာမ​နှင့် ဖောက်ပြန်မှု​၏​အကျိုးဆက်များ​နှင့် အခြား​ယောက်ျား​၏​မိန်းမ​နှင့် ပြစ်မှားမှု​၏​အကျိုးဆက်များ​ကို ခွဲခြား​ဖော်ပြခြင်း​ဖြစ်​နိုင်၏။ ပြည့်တန်ဆာမ​နှင့် မှားယွင်း​သူသည် “မုန့်​တစ်လုံး​ကို​သာ​ရ” သည့်​ဘဝ​ရောက်—မွဲ​ပြာကျ​သွား—နိုင်​သည်။ သူသည် သေစေနိုင်​သော အေအိုင်ဒီအက်စ်​အပါအဝင် နာကျင်​သော သို့​မဟုတ် ကိုယ်​အင်္ဂါ​ချို့တဲ့​စေသော လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ​ကို​ပင် ရရှိနိုင်​သည်။ အခြား​တစ်ဖက်​တွင်​မူ၊ သူတစ်ပါး​၏​အိမ်ထောင်ဖက်​နှင့် မှားယွင်း​ရန်ရှာ​ကြံ​သူသည် ပညတ်​အရ သာ၍​ကြီးမားသော ရုတ်ခြည်း​အန္တရာယ်​ရှိ​မည်​ဖြစ်သည်။ မျောက်​မထား​သော​မိန်းမသည် တရား​မဝင်​ပေါင်းဖက်​သူ၏ “မြတ်သော​အသက်ကို” အန္တရာယ်​ပြု​တတ်၏။ “အပျော်​ကြူး​ခြင်း​သည် အသက်​တို​ခြင်း​ထက်​ပင်မ​က​သည့် . . . အလားအလာ​ရှိသည်” ဟု​အကိုးအကား​ပြု​စာအုပ်​တစ်အုပ်​က ဆို​သည်။ “အပြစ်ရှိ​သူသည် သေဒဏ်​ခံရ​နိုင်​သည်။” (ဝတ်ပြုရာ ၂၀:၁၀; တရားဟောရာ ၂၂:၂၂) ဤသို့​သော​အမျိုးသမီး​သည် မည်မျှ​ပင်​လှပ​ပါစေ တပ်မက်သော​စိတ်​မရှိပါ​နှင့်​လေ။

‘သင့်​ရင်ခွင်တွင် မီးကို မ​ပိုက်​ဖက်​နှင့်’

သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း အန္တရာယ်ကြီး​မား​မှု​ကို သာ၍​လေးနက်​စေရန် ရှောလမုန်​သည် ဤသို့​မေးခွန်းထုတ်​သည်– “လူသည် အဝတ်​မ​လောင်​ဘဲ မီးကို​ပိုက်​ဖက်​နိုင်​သလော။ ခြေမ​လောင်​ဘဲ မီးခဲ​ပေါ်မှာ​နင်း​နိုင်​သလော။” ပုံဆောင်ချက်​၏​အဓိပ္ပာယ်​ကို ရှင်းပြ​ကာ ဤသို့​ဆို​သည်– “သူ့​မယား​ထံ​သို့​ဝင်​သော​သူသည် ထို​နည်းတူ​ဖြစ်၏။ သူ့​မယား​ကို​ပြစ်မှား​သော​သူ​မည်​သည်​ကား အပြစ်​နှင့်​မကင်း​မလွတ်​နိုင်ရာ။” (သု. ၆:၂၇-၂၉) ဤသို့​သော​အပြစ်ရှိ​သူသည် ဧကန်​မလွဲ​အပြစ်ဒဏ်​ခံရ​မည်​ဖြစ်သည်။

“မွတ်​သိပ်​သော​စိတ်​ပြေစေ​ခြင်း​ငှာ ခိုး​သော​သူ​ပင် အပြစ်​မလွတ်​ရ” ဟူ၍ ကျွန်ုပ်​တို့ကို သတိပေး​သည်။ သို့သော်​ငြား​လည်း “တွေ့​မိ​လျှင် ခု​နစ်​ဆ​ပြန်ပေး​ရမည်။ ကိုယ်​အိမ်​၌​ရှိသမျှ​သော ဥစ္စာ​တို့ကို​လျော်​ရမည်” ဖြစ်သည်။ (သု. ၆:၃၀၊ ၃၁) ရှေး​ဣသရေလ​ခေတ်တွင် သူခိုး​တစ်ယောက်​သည် သူ​ပိုင်ဆိုင်​သမျှ​အကုန်​ပေးလျော်​လိုက်​လျှင်​ပင် ဆက်၍​ပေးလျော်​ရန်လို​သည်။ * လုပ်ခဲ့သမျှ​အတွက် ခွင့်လွှတ်​စ​ရာ​အကြောင်း​မရှိသော သူ့​သား​အိမ်ရာ​ပြစ်မှားသူ​မှာ ပို​၍​ပင်​အပြစ်ပေး​ထိုက်​သူ​ဖြစ်​လိမ့်​မည်!

“သူ့​မယား​ကို ပြစ်မှား​သော​သူသည် ဉာဏ်​မရှိ” ဟူ၍ ရှောလမုန်​ဖော်ပြ​သည်။ ဉာဏ်​မရှိသော​သူသည် “မိမိ​အသက်ကို​ဖျက်ဆီး​တတ်” သောကြောင့် ကောင်းစွာ​ချင့်ချိန်​နိုင်စွမ်း​မရှိပါ။ (သု. ၆:၃၂) အပြင်ပန်း​အားဖြင့် သူသည် ဂုဏ်​အသရေ​ရှိသူ​ဟု ထင်မြင်​ရ​သော်လည်း အတွင်းလူ​မှာ လျော်​ကန်​သော​ကြီးထွား​ရင့်သန်​မှုမရှိ​ချေ။

သူ့​မယား​ပြစ်မှားသူ​တစ်ဦး ရိတ်သိမ်း​ရမည့်​အကျိုးဆက်များ​ထက်​ပင် ပို​၍​များသည်။ “နာကျင်​စွာ​ထိခိုက်​ခြင်း​နှင့် အသရေ​ရှုတ်ချခြင်း​ကို ခံရ​လိမ့်​မည်။ သူ၏​အရှက်ကွဲခြင်း​သည် မပြေ​နိုင်။ အကြောင်း​မူ​ကား၊ ယောက်ျား​သည် မယား​ကို​မယုံ​သော​စိတ်​ရှိလျှင် ပြင်းထန်​စွာ​အမျက်ထွက်​တတ်၏။ အပြစ်ပေး​ချိန်​ရောက်​သောအခါ သနားခြင်း​မရှိ​တတ်။ လျော်​ပြစ်​ငွေ​မည်မျှ​ကို ပမာဏ​မပြု​တတ်။ များစွာသော​လက်ဆောင်​တို့ကို​ပေး​သော်လည်း စိတ်​မပြေ​တတ်။”—သု. ၆:၃၃-၃၅

သူခိုး​တစ်ဦး​သည် ခိုးယူ​သည့်​အရာများ​အတွက် အလျော်​ပေး​နိုင်​သော်လည်း သူ့​သား​အိမ်ရာ​ပြစ်မှား​သူသည် ပေးချေ​၍​မရနိုင်​ချေ။ သူသည် အမျက်ထွက်​နေသော​ခင်ပွန်း​ကို မည်သည့်​လျော်ကြေး​ပေး​ဆပ်​နိုင်​မည်​နည်း။ မည်မျှ​ပင်​တောင်းပန်​စေ​ကာ​မူ အမှား​ပြုသူ​အတွက် သနား​ကြင်နာ​စိတ်​ပြန်​ရနိုင်​ဖွယ်​မရှိ​ချေ။ သူ့​သား​အိမ်ရာ​ပြစ်မှား​သူသည် သူ၏​အပြစ်​အတွက် အဘယ်​နည်းဖြင့်​မျှ လျော်ကြေး​ပေး​၍​မရနိုင်​ချေ။ အ​ကဲ့ရဲ့​ခံရ​ပြီး နာမည်​ပျက်​ခြင်း​သာ အဖတ်တင်​မည်။ ထို့​ပြင် သူ​ရထိုက်​သော​အပြစ်ဒဏ်​မှ လွတ်မြောက်​ဖို့ အဘယ်နည်း​နှင့်​မျှ ရွေးနုတ်​ရန် သို့​မဟုတ် ကျေအေး​ရန် မရနိုင်​တော့​ပါ။

ကျွန်ုပ်​တို့၏​နာမည်​ကောင်း​ကို​ပျက်​စေပြီး ဘုရားသခင်​အပေါ် ကဲ့ရဲ့​ရှုတ်ချ​စ​ရာ​ဖြစ်စေ​မည့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​အပြင် အခြား​အကျင့်အကြံ၊ စိတ်ထား​တို့​နှင့် ကင်းရှင်း​စွာ​နေထိုင်ခြင်း​သည် မည်မျှ​ပညာရှိ​လေ​စွ! ထို့​ပြင် မိုက်မဲ​သော​အာမခံချက်​မပြု​လုပ်ရန် သတိပြု​ကြ​ပါ​လေ။ ဝီရိယ​ရှိ​ရှိ​လုပ်ဆောင်ခြင်း​နှင့် မှန်ရာကို​ပြော​ခြင်း​တို့​ဖြင့် ကျွန်ုပ်​တို့၏​နာမည်​ကောင်း​ကို တန်ဆာဆင်​ကြ​စို့​လေ။ ကျွန်ုပ်​တို့သည် ယေဟောဝါ​မုန်းတီး​ရာ​များ​ကို မုန်းတီး​ရန်​ကြိုးစား​အားထုတ်​စဉ် ကိုယ်တော်​နှင့်​လူသားချင်း​ရှေ့တွင် ကျွန်ုပ်​တို့ နာမည်​ကောင်း​ရရှိရန် လုပ်ဆောင်​နိုင်​ပါစေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 28 မောရှေ​ပညတ်​အရ သူခိုး​သည် နှစ်ဆ၊ လေးဆ၊ သို့​မဟုတ် ငါး​ဆ ပြန်​လျော်​ရန် တောင်းဆို​ခံ​ခဲ့​ရသည်။ (ထွက်မြောက်ရာ ၂၂:၁-၄) “ခု​နစ်​ဆ” ဟူသော​ဝေါဟာရ​မှာ ခိုး​ခဲ့​သည့်​အရာ​ထက် အဆပေါင်း​များစွာ​ပို​များ​နိုင်သော အပြစ်ဒဏ်​အပြည့်အဝ​ဟု အဓိပ္ပာယ်​ရနိုင်​သည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ချေးငွေ​အတွက် နှစ်ဦး​လက်မှတ်ထိုး​ခြင်း​ကိစ္စ​ကို သတိပြုပါ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ပုရွက်ဆိတ်​ကဲ့သို့ ဝီရိယ​စိုက်ထုတ်​လုပ်ကိုင်​ပါ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ထိခိုက်​စေသော​အတင်းအဖျင်း​စကား​ကို မပြော​မိ​ရန်​ထိန်းပါ