မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီပေးရန် အသနားခံချက်

အကူအညီပေးရန် အသနားခံချက်

အကူအညီ​ပေး​ရန် အသနားခံချက်

“ဘုရားသခင် ကျွန်မ​ကို​မေ့သွား​ပြီ!” ဟု​ဘရာဇီး​အမျိုးသမီး​တစ်ဦး ဟစ်ကြွေး​ခဲ့​သည်။ ခင်ပွန်း​သည် ရုတ်တရက်​သေဆုံး​ပြီး​နောက် သူ့​ဘဝ ဘာမျှ​အဓိပ္ပာယ်​မရှိတော့​ဟု ခံစား​ခဲ့​ရသည်။ ထို​ကဲ့သို့ စိတ်​ဆင်းရဲ​နေ​သူ သို့​မဟုတ် အကူ​ညီ​ပေး​ရန် အသနားခံ​နေ​ဖွယ်​ရှိသူ​တစ်ဦးဦး​ကို နှစ်သိမ့်​ပေးဖို့ သင်​ကြိုးစား​ဖူး​ပါသလော။

အချို့​သည် အလွန်​စိတ်ပျက်​အားလျော့​လာသော​ကြောင့် သူတို့​ဘဝကို အဆုံးစီရင်​ကြသည်—သူတို့​အထဲ​မှ​အများစုမှာ လူငယ်များ​ဖြစ်​ကြသည်။ ဖိုလ်ယား ဒီ အက်စ်. ပေါ​လို​သတင်းစာ​အရ ဘရာဇီး​တွင်​လေ့လာချက်​တစ်ခု​က “လူငယ်များ​အလယ်တွင် ကိုယ့်​ကိုယ်ကို​သတ်သေမှု​သည် ၂၆ ရာခိုင်နှုန်း​အထိ တိုးများ​လာ​ခဲ့​သည်” ဟု​ဖော်ပြ​သည်။ ဥပမာ​အနေ​နှင့် ဆော​ပေါ​လို​မှ လူငယ်​ဗော်လ်​တာ *၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ သူသည် မိဘ​မရှိ၊ အိမ်​မရှိ၊ လွတ်လပ်မှု​မရှိ၊ အားထား​နိုင်​သည့် မိတ်ဆွေများ​မရှိ​ချေ။ စိတ်​ဆင်းရဲမှု​ကို အဆုံးသတ်​ပစ်​ရန် ဗော်လ်​တာ​သည် တံတား​တစ်ခု​မှ​ခုန်ချ​ရန်​ဆုံးဖြတ်​ခဲ့​သည်။

အခြား​အမျိုးသား​တစ်ဦး​နှင့်​ဆုံ​မိ​ချိန်​တွင် ကြင်ဖော်​မဲ့​မိခင်​အက်ဒ်နာ​၌ ကလေး​နှစ်ယောက်​ရှိပြီး​ဖြစ်သည်။ တစ်လ​သာ​ကြာပြီးနောက် နတ်​ဝိဇ္ဇာ​ယောင်​ယောင် အရက်စွဲနေ​သော​မိခင်​အိမ်​တွင် လက်မ​ထပ်​ဘဲ စ၍​ပေါင်းသင်း​နေထိုင်ကြ​သည်။ အက်ဒ်နာ​သည် နောက်ထပ်​ကလေး​ရပြီး အရက်​ကို စတင်​လွန်ကြူး​စွာ​သောက်​လာ​သည်၊ အလွန်​စိတ်ဓာတ်ကျ​လာ​ရာ ကိုယ့်​ကိုယ်ကို​သတ်​သေ​ရန်​ကြိုးစား​သည့်​အထိ​ပင်။ နောက်ဆုံး​တွင် သူသည် ကလေး​များ​ကို​ထိန်းသိမ်း​စောင့်ရှောက်ခွင့် ဆုံးရှုံး​ခဲ့​ရသည်။

သက်ကြီးရွယ်အို​များ​ကော အသို့နည်း။ မာ​ရီး​ယား​သည် ပျော်ပျော်​နေတတ်​ပြီး စကားပြော​ကောင်း​သူ​ဖြစ်သည်။ သို့သော် အသက်ကြီး​လာသော​အခါ သူနာပြု​ဖြစ်သော မိမိ၏​အလုပ်​တွင် အမှားအယွင်း​ပြု​မိ​လေ​မည်​ကို စ​တင်၍​စိုးရိမ်​လာ​သည်။ ယင်းက​သူ့ကို​စိတ်ဓာတ်ကျ​စေ​ခဲ့​သည်။ မိမိကိုယ်ကို ဆေး​ပြန်​ကု​ရန်​ကြိုးစား​ပြီး​နောက် ဆေး​ကုသမှု​ကို ကြိုးစား​ရှာဖွေခဲ့​ပြီး အထောက်အကူ​ပြု​ပုံ​ရသည့်​ကုသမှု​ခံ​ခဲ့​သည်။ သို့သော် အသက် ၅၇ နှစ်​တွင် သူ​အလုပ်ပြုတ်​သွားသော​အခါ ဖြေရှင်း​စ​ရာ​နည်းလမ်း​မရှိ​သည်ကို သိမြင်​လာသော​ကြောင့် အကြီးအကျယ်​စိတ်ဓာတ်ကျ​ခဲ့​ရ​ပြန်​သည်။ မာ​ရီး​ယား​သည် ကိုယ့်​ကိုယ်ကို​သတ်​သေ​ရန် စတင်​တွေးတော​လာ​သည်။

“စိတ်ဓာတ်ကျ​သူများ​၏ ၁၀ ရာခိုင်နှုန်း​ခန့်​သည် ကိုယ့်​ကိုယ်ကို​သတ်​သေ​ရန် ကြိုးပမ်း​ကြသည်” ဟု ဆော​ပေါ​လို​တက္ကသိုလ်​မှ ပါမောက္ခ ဇိုဇီး အယ်​လ်ဗာ​တို ဒဲလ် ပေါ​တူး က​ဆို​သည်။ “လူသတ်မှု​ထက် ကိုယ့်​ကိုယ်ကို​သတ်သေမှု​ကြောင့် သေဆုံး​သူ​ပို​များနေ​ခြင်း​မှာ ယုံကြည်ဖို့​ခက်ခဲ​သည်၊ သို့သော် ယင်းသည်​ဝမ်းနည်းဖွယ်​ဖြစ်ရပ်မှန်​ဖြစ်သည်” ဟု ယူ. အက်စ်. အမေရိကန်​သမားတော်ချုပ် ဒေါက်တာ ဒေးဗစ် စက်​ချာ​က ဖော်ပြ​သည်။

တစ်ခါတစ်ရံ ကိုယ့်​ကိုယ်ကို​သတ်​သေ​ရန်​ကြိုးပမ်းမှု​သည် တစ်နည်း​အားဖြင့် အကူအညီ​ပေး​ရန် အသနားခံခြင်း​ဖြစ်သည်။ မိသားစုဝင်​များနှင့် မိတ်ဆွေများ​သည် မျှော်လင့်ချက်​ပျောက်ဆုံး​နေ​သူ​အတွက် မှန်ကန်​ရာ​များ​ကို လုပ်ဆောင်ပေး​လို​ကြသည်။ ဤ​ကဲ့သို့​သော​စကား​များသည် အကူအညီ​ဖြစ်စေ​မည်​မဟုတ်ပေ– “ဝမ်းနည်း​မနေ​စမ်း​ပါ​နဲ့၊” “တခြား​သူတွေက မင်း​ထက်​ပို​ဆိုးတယ်” သို့​မဟုတ် “ငါ​တို့အားလုံး တစ်ခါ​တ​လေ​တော့ စိတ်​ဆင်းရဲ​ရမှာ​ပေါ့။” ယင်းအစား မိတ်ဆွေစစ်​တစ်ဦး​နှင့် ကောင်းစွာ​နားထောင်သူ​တစ်ဦး ဖြစ်ပါ​လေ။ မှန်ပါသည်၊ စိတ်ပျက်​အားလျော့​နေ​သူများကို ဘဝ​သည် အသက်ရှင်​ရကျိုးနပ်​ကြောင်း​သိမြင်​ရန် ကြိုးစား​ကူညီ​ပါ။

ပြင်သစ်​စာရေး​ဆရာ ဗော်လ်​တဲ​ယား​က– “အလွန်အမင်း စိတ်​အားငယ်​သောကြောင့် ယနေ့​မိမိကိုယ်ကို​သတ်​သေ​ခဲ့​သည့်​လူတစ်ဦး​သည် တစ်ပတ်​လောက်​စောင့်​ခဲ့​မည်​ဆိုလျှင် အသက်ရှင်​လို​သည့်​ဆန္ဒ ရှိလာ​လိမ့်​မည်” ဟု​ရေးသားခဲ့​သည်။ လူများ​သည် စိတ်ပျက်​အားလျော့​မှု​ကြား​မှာ​ပင် အသက်ရှင်​ရကျိုးနပ်​ကြောင်း မည်သို့​တွေ့ရှိ​နိုင်​မည်​နည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 အမည်​အချို့​ကို​ပြောင်း​ထား​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကိုယ့်​ကိုယ်ကို​သတ်​သေ​သည့် လူငယ်များနှင့် လူကြီး​များ​၏ အရေအတွက် တိုးများ​နေ

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မျှော်လင့်ချက်​ပျောက်ဆုံး​နေသူကို သင်​မည်သို့​ကူညီပေး​နိုင်​သနည်း