မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ—စမ်းသပ်ရာ မြေပြင်မျှသာလော

ကမ္ဘာ—စမ်းသပ်ရာ မြေပြင်မျှသာလော

ကမ္ဘာ—စမ်းသပ်​ရာ မြေပြင်​မျှ​သာ​လော

မည်မျှ​စိတ်​ချမ်းသာ​စ​ရာ​ပါ​တကား! သူ​အောင်မြင်​သွားပြီ။ ပင်ပန်း​ခက်ခဲ​သော နှစ်ပတ်​ကြာ​စာမေးပွဲ​ကို ဖြေဆို​ခဲ့​သည့်​ကျောင်းသူ​တစ်ဦး​သည် နောက်ဆုံး​တွင် ကျေနပ်ဖွယ်​သတင်း​တစ်ခု​ရရှိခဲ့သည်။ ယခု သူလို​ချင်​တောင့်တ​ခဲ့​သည့်​အလုပ်ကို ရှေ့ဆက်​လုပ်ကိုင်​နိုင်ပြီ​ဖြစ်သည်။

များစွာသော​သူတို့သည် မြေကြီးပေါ်​အသက်ရှင်​ရခြင်း​ကို ဤ​နည်း​အတိုင်း​ရှုမြင်​ကြသည်။ သူတို့က ကမ္ဘာ​ကို လူတိုင်း​တွေ့ကြုံ​ရမည့် ပဏာမ​စမ်းသပ်​ရာ​နေရာ​အဖြစ် ယူမှတ်​ကြသည်။ “အောင်မြင်” သူများ​သည် နောင်​ဘဝ၏​အသွင်​တစ်မျိုး​မျိုး​တွင် သာ၍​ကောင်းသော​အရာ​ကို ရှေ့ဆက်​လုပ်နိုင်​ကြသည်။ လူများစွာ​အတွက် အသက်ရှင်ရုံ​မျှ​သက်​သက်သာ​ဖြစ်သော လက်ရှိ​ဘဝ​သည် လူသားများ​မျှော်လင့်​နိုင်​သည့် အကောင်းဆုံး​အရာ​ဖြစ်​ခဲ့​လျှင် ယင်းသည်​အမှန်ပင် ဝမ်းနည်းဖွယ်​ရာ​ဖြစ်​ပေမည်။ ကျမ်းစာ​ပါ ယောဘ​ဆို​သူသည် သူ့​အသက်တာ​နှစ်​အများစုမှာ ကျန်းမာ​ပြီး ချမ်းသာ​ကြွယ်ဝ​သော်​ငြား​လည်း ဤသို့​ဆို​ခဲ့​သည်– “လူသည် မိန်းမ​ဖွား​သော​သူ​ဖြစ်​သဖြင့် အသက်​တို​၍ ဒုက္ခ​နှင့်​ပြည့်စုံ​ပါ​၏။”—ယောဘ ၁၄:၁

လူများစွာ​တို့၏​ထင်မြင်​ယူဆချက်​ကို ထင်ဟပ်ပြ​ကာ ကက်သလစ်​စွယ်စုံ​ကျမ်း​သစ်​က ဤသို့​ဆို​သည်– “ကောင်းကင်​ဘုန်းဝင်စား​ခြင်း​သည် ဘုရားသခင်​ရည်ရွယ်​ထား​သူ၏ ကြမ္မာ​ဖြစ်သည်။ . . . လူတစ်ဦး​ပျော်ရွှင်​ရသည့်​အချက်​မှာ သူ​ပိုင်ဆိုင်​သည့်​ကောင်းကင်​သုခ​ချမ်းသာ​ပင်​ဖြစ်​ကြောင်း တွေ့မြင်​နိုင်​သည်။” မကြာမီ​က အမေရိကန်​ပြည်ထောင်စု​တွင် ချာ့ခ်ျ​အော့ဖ် ခရိုက်စ်​အသင်း​က စစ်တမ်း​တစ်ခု​ပြု​ရာ သဘောထား​မေးမြန်း​ခံ​သူများ​မှ ၈၇ ရာခိုင်နှုန်း​သည် သေဆုံး​ပြီး​နောက် ကောင်းကင်​သို့​သွား​မည်​ဟု​ယုံကြည်​ကြ​ကြောင်း ဖော်ပြ​သည်။ခရစ်ယာန်​မဟုတ်​သူများစွာ​သည်လည်း သေဆုံး​ပြီး​နောက် ကမ္ဘာ​မှ သာ၍​ကောင်းသော​နေရာသို့ ထွက်ခွာ​သွား​ရန် မျှော်လင့်​ကြသည်။ ဥပမာ မွတ်​စ​လင်​တို့သည် ကောင်းကင်​ဆိုင်ရာ​ပရဒိသု​သို့​သွား​ရန် မျှော်လင့်​ကြသည်။ တရုတ်​ပြည်​နှင့် ဂျပန်​ပြည်​ရှိ . . . သန့်ရှင်း​စင်ကြယ်သော​ပြည်​ဂိုဏ်း​များ​၏ နောက်လိုက်​များ​က . . . အမိ​တာ​ဘာကို မဆုံး​တမ်း​ရေရွတ်ခြင်း​ဖြင့် သန့်ရှင်း​စင်ကြယ်သော​ပြည် သို့​မဟုတ် အနောက်​အရပ်​ရှိ သုခ​ဝ​တီ​ပြည်​တွင် ပြန်လည်​မွေးဖွား​ခံရ​မည်​ဖြစ်​ပြီး ထို​တွင် ချမ်းသာ​သုခ​နှင့်​ပြည့်စုံ​စွာ​နေထိုင်​ရမည်ဟု ယုံကြည်​ကြသည်။

စိတ်ဝင်စားဖွယ်​ကောင်း​သည်​မှာ ကမ္ဘာ​ပေါ်​တွင် ဘာသာ​အပြန်​ရ​ဆုံး​နှင့် အဖြန့်ဝေရဆုံး ဘာသာရေး​စာအုပ်​ဖြစ်သော သမ္မာကျမ်းစာ​က ကမ္ဘာ​သည် တစ်ခုခု​မှ​လွတ်မြောက်​ရန် လှမ်း​ကူး​ကျောက်တုံး​ကဲ့သို့​သော ကြားခံ​နေရာတစ်ခု​ဟု မဖော်​ပြ​ထားခြင်း​ဖြစ်သည်။ ဥပမာ၊ ၎င်း​က ဤသို့​ဆို​သည်– “ဖြောင့်မတ်​သော​သူတို့သည် မြေကြီးကို​အပိုင်ရ​၍ အမြဲ​နေထိုင်​ရ​ကြလိမ့်မည်။” (ဆာလံ ၃၇:၂၉က​ဘ) ကျမ်းစာ​တွင် ယေရှု၏​ကျော်ကြား​သည့် ဤ​မိန့်ကြားချက်​ကိုလည်း တွေ့ရ​သည်– “နူးညံ့​သိမ်မွေ့​သော​သူသည် ပျော်ရွှင်​၏၊ အကြောင်း​မူ​ကား ထို​သူတို့သည် မြေကြီးကို အမွေခံ​ရ​ကြလိမ့်မည်။”—မဿဲ ၅:၅ဂျိမ်း​ဘုရင်​ဘာသာပြန်​ကျမ်း။

ကျွန်ုပ်​တို့ ကမ္ဘာ​ပေါ်​နေထိုင်​ရခြင်း​သည် ခဏမျှ​သာ​ဖြစ်သည်​ဟူ​သည့် ယေဘုယျ​အားဖြင့်​လက်ခံ​ထားသော​ယူဆချက်​က သေခြင်း​သည် နောင်​ဘဝ​ချမ်းသာ​သုခ​၏​အဝင် တံခါးဝ​ဖြစ်သည်ဟု ဆိုလို​ရာ​ရောက်​သည်။ သို့​ဖြစ်​လျှင် သေခြင်း​သည် အမှန်ပင်​မင်္ဂလာ​တစ်ပါး​ဖြစ်သည်။ သို့သော် အများ​သော​သူတို့သည် သေခြင်းကို ထို​အတိုင်း ရှုမြင်ပါ​သလော၊ သို့​မဟုတ် ဤ​အသက်ကို ပို​ရှည်​အောင် ကြိုးစား​ကြ​သလော။ လူတို့သည် အတော်အတန် ကျန်းမာ​ရေး​ကောင်းပြီး ဘေးအန္တရာယ်​ကင်း​နေချိန်​တွင် မသေ​ချင်​ကြ​ကြောင်း အတွေ့အကြုံ​များ​က​ဖော်ပြ​သည်။

သို့သော်လည်း မြေကြီးပေါ်​ရှိ​အသက်တာသည် ဆိုးသွမ်းမှု၊ ဆင်းရဲမှု​များနှင့် ပြည့်နေ​သောကြောင့် ကောင်းကင်​သည် စစ်မှန်သော​ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု​ရနိုင်​သည့် တစ်ခု​တည်း​သော​နေရာ​အဖြစ် များစွာသော​သူတို့​ရှုမြင်ကြ​ဆဲ​ဖြစ်သည်။ ကောင်းကင်​သည် ဆိုးသွမ်းမှု​နှင့် စိတ်ဝမ်းကွဲ​ပြား​မှုများ​မှ လုံးဝ​ကင်းရှင်း​သည့် ချမ်းသာ​သုခ​ပြည့်စုံ​သည့်​နေရာတစ်ခု​သာ​လော။ နောင်​ဘဝ​သည် ကောင်းကင်​နယ်ပယ်​တစ်ခုခု​၌​သာ​လော။ ကျမ်းစာ​၏​အဖြေ​များ​ကို သင်​အံ့အားသင့်​သွားပေ​မည်။ ကျေးဇူးပြု​၍​ဆက်​ဖတ်​ကြည့်​ပါ​လေ။