မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာဖတ်ခြင်း —အကျိုးဖြစ်ထွန်း၍ ပျော်ရွှင်မှုရ

ကျမ်းစာဖတ်ခြင်း —အကျိုးဖြစ်ထွန်း၍ ပျော်ရွှင်မှုရ

ကျမ်းစာ​ဖတ်ခြင်း—အကျိုး​ဖြစ်ထွန်း​၍ ပျော်ရွှင်မှု​ရ

‘သင်သည် ကျမ်းစာ​ကို . . . နေ့​ည​မပြတ်​ကြည့်ရှု​ဖတ်ရွတ်​ရမည်။’—ယောရှု ၁:၈

၁။ ကောင်း​နိုး​ရာ​ရာ​ဖတ်ရှုခြင်း​နှင့် ကျမ်းစာ​ကို အထူးပြု​ဖတ်ရှုခြင်း​တို့​နှင့်​စပ်​လျ​ဉ်း​သော အကျိုးကျေးဇူး​အချို့​ကား အဘယ်နည်း။

ဖတ်​သင့်​ဖတ်​ထိုက်​သော​အကြောင်းအရာကို ဖတ်ရှုခြင်း​သည် အကျိုးရှိ​သော​လေ့လာမှု​တစ်ရပ်​ဖြစ်၏။ ပြင်သစ်​နိုင်ငံရေး​အတွေးအခေါ်​ပညာရှင် မွန်​တီ​စ်​က​ရူး (ချားလ်စ်-လူး​ဝ​စ္စ ဒီ စ​ကန်း​ဒက်တ်) က​ဤသို့​ရေးသားခဲ့​သည်– “ကျွန်တော့်​အတွက်​တော့ ဖတ်ရှု​လေ့လာခြင်း​ဟာ ဘဝရဲ့​ငြီးငွေ့မှု​ကို ကုစား​ရာ​မှာ အမြဲတစေ သမားတော်​တစ်ဦး​ပါ​ပဲ။ ကျွန်တော်​တွေ့ကြုံ​ရတဲ့ ဘယ်​ဖိစီးမှု​မဆို​ဟာ တစ်​နာရီ​လောက်​စာဖတ်​လိုက်ရင် ပျောက်ပျက်​ကုန်​တာ​ပဲ။” ယင်းသည် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​တွင် အတိုင်း​ထက်​အလွန် မှန်ကန်​လှ​ပေ​၏။ မှုတ်သွင်းခံ​ဆာလံဆရာ​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​၏​တရားတော်​သည် စုံလင်​သည်​ဖြစ်၍ စိတ်​ဝိညာဉ်​ကို​ပြုပြင်​တတ်၏။ ထာဝရ​ဘုရား​၏​သက်သေခံ​တော်​မူ​ချက်​သည် ဟုတ်မှန်​သည်​ဖြစ်၍ မ​လိမ္မာ​သော​သူတို့ကို လိမ္မာ​စေ​တတ်၏။ ထာဝရ​ဘုရား​၏​နည်း​ဥပဒေသ​တို့သည် ဖြောင့်မတ်​သည်​ဖြစ်၍ စိတ်နှလုံး​ကို​ရွှင်လန်း​စေ​တတ်၏။”—ဆာလံ ၁၉:၇၊ ၈

၂။ နှစ်ကာလ​များ​တစ်လျှောက် ယေဟောဝါ​သည် သမ္မာကျမ်းစာ​ကို အဘယ်ကြောင့် ထိန်းသိမ်း​ကာကွယ်​ပေး​ခဲ့​သနည်း၊ ယင်း​နှင့်​ပတ်သက်​၍ မိမိ၏​လူ​တို့ အဘယ်အရာ​ပြုလုပ်​ဖို့ ကိုယ်တော်​မျှော်လင့်​သနည်း။

သမ္မာကျမ်းစာ​၏​အာဘော်ရှင်၊ ယေဟောဝါ​ဘုရားသခင်​သည် သမ္မာကျမ်းစာ​ကို ဘာသာရေး​များနှင့် လောက​ရေးရာ​နှစ်ရပ်​စ​လုံး​မှ​ရန်သူများ​၏ ပြင်းပြင်းထန်ထန်​ဆန့်ကျင်မှု​မှ ရာစုနှစ်များ​တစ်လျှောက် ထိန်းသိမ်း​ကာကွယ်​ပေး​ခဲ့​သည်။ “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်] တရားကို​သိစေ​ခြင်း” မှာ ကိုယ်တော်​၏​အလိုတော်​ဖြစ်သော​ကြောင့် မိမိ၏​စကားတော်​ကို လူသား​အားလုံး​ရရှိနိုင်​စေရန် ကိုယ်တော်​စီမံ​ပေး​ခဲ့​၏။ (၁ တိမောသေ ၂:၄) ဘာသာ​စကား ၁၀၀ ကို​သုံး​မည်​ဆိုလျှင် ကမ္ဘာ​သူ​ကမ္ဘာ​သား ၈၀ ရာခိုင်နှုန်း​ခန့်​ဖတ်ရှု​နိုင်​ကြ​ကြောင်း ခန့်မှန်း​ရသည်။ သမ္မာကျမ်းစာ​တစ်အုပ်လုံး​ကို ဘာသာ​စကား​ပေါင်း ၃၇၀ ဖြင့်​ရရှိနိုင်​ကြ​ပြီး ကျမ်းစာ​၏ တစ်စိတ်​တစ်ပိုင်း​ကို နောက်ထပ်​ဘာသာ​စကား​ကြီး​နှင့် ဒေသ​အလိုက်​စကား​ပေါင်း ၁၈၆၀ တို့​ဖြင့် ဖတ်ရှု​နိုင်​ကြသည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​စကားတော်​အား မိမိ၏​လူ​တို့ကို ဖတ်ရှု​စေ​လို​သည်။ မှန်ပါသည်၊ မိမိ၏​စကားတော်​ကို​အာရုံစိုက်​သော ကိုယ်တော်​၏​ကျေးကျွန်​များ၊ ယင်းကို နေ့စဉ်​ဖတ်ရှု​သူတို့အား ကိုယ်တော်​ကောင်းချီး​ပေး​တော်​မူ​၏။—ဆာလံ ၁:၁၊ ၂

ကြီးကြပ်မှူး​များ ကျမ်းစာ​ဖတ်ရှု​ရန် တောင်းဆို​ခံရ

၃၊ ၄။ ယေဟောဝါ​သည် ဣသရေလ​ရှင်ဘုရင်များ​ကို ဘာ​တောင်းဆို​ခဲ့​သနည်း၊ ဤသို့​တောင်းဆို​ရသည့် အဘယ်​အကြောင်းရင်း​များသည် ယနေ့ ခရစ်ယာန်​အကြီးအကဲ​များနှင့်​လည်း သက်ဆိုင်​သနည်း။

ဣသရေလ​လူမျိုး​၌ လူသား​ရှင်ဘုရင်​တစ်ပါး ချီးမြှောက်​ပေး​မည်​ဟု တင်ကူး​ပြောဆိုချိန်​၌ ယေဟောဝါ​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ထို​ရှင်ဘုရင်​သည် . . . သူ၏​ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ဤ​ပညတ်တရား​စကားတော်​အလုံးစုံ​တို့ကို ကျင့်​စောင့်​အောင်​သွန်သင်​မည်​အကြောင်း၊ သူ၏​ညီအစ်ကို​တို့ကို မထီမဲ့မြင်​ပြု​၍ မာန​ထောင်လွှား​သဖြင့် တရားလမ်း​မှ လက်ယာဘက်၊ လက်ဝဲဘက်​သို့​မလွှဲ​မည်​အကြောင်း၊ နန်းတော်​ပေါ်မှာ​ထိုင်​သောအခါ လေဝိ​သား​ယဇ်ပုရောဟိတ်​၌​ရှိသော ဤ​ဓမ္မ​ပညတ်တရား​စာ​ကို ရေး​ကူး​၍ လက်ခံ​စာ​ကို တစ်သက်လုံး​စောင့်ရှောက်​ကြည့်ရှု​ဖတ်ရွတ်​ရမည်။”—တရားဟောရာ ၁၇:၁၈-၂၀

ဘုရားသခင့်​ပညတ်​ပါရှိ​သော​စာအုပ်​အား နေ့စဉ်​ဖတ်ရှု​ရန် ဣသရေလ​လူမျိုး၏ မင်းလောင်း​အားလုံး​အား ယေဟောဝါ​တောင်းဆို​ခဲ့​ရသည့်​အကြောင်းရင်း​များ​ကို သတိပြုပါ– (၁) “သူ၏​ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ဤ​ပညတ်တရား​စကားတော်​အလုံးစုံ​တို့ကို ကျင့်​စောင့်​အောင်​သွန်သင်​မည်​အကြောင်း”; (၂) ‘သူ၏​ညီအစ်ကို​တို့ကို မထီမဲ့မြင်​ပြု​၍ မာန​ထောင်လွှား​ခြင်း​မရှိ​မည်​အကြောင်း’; (၃) “တရားလမ်း​မှ လက်ယာဘက်၊ လက်ဝဲဘက်​သို့​မလွှဲ​မည်​အကြောင်း” ဖြစ်သည်။ ယနေ့ ခရစ်ယာန်​ကြီးကြပ်မှူး​များသည် ယေဟောဝါ​အား​ကြောက်ရွံ့​ရန်၊ ကိုယ်တော်​၏​ပညတ်​များ​ကို​နာခံ​ရန်၊ မိမိ​ညီအစ်ကို​ချင်း​၌ မာန​ထောင်လွှား​မှု​ကို​ရှောင်ကြဉ်​ရန်​နှင့် ယေဟောဝါ​၏​ပညတ်တော်​များ​မှ လမ်းလွဲ​သွားခြင်း​ကို ရှောင်ရှား​ရန်​မလို​အပ်​ပေ​လော။ ဣသရေလ​ရှင်ဘုရင်များ​တ​မျှ​ပင် နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​သည် သူတို့​အတွက် အမှန်ပင်​အရေးကြီး​ပေ​သည်။

၅။ အုပ်ချုပ်ရေး​အဖွဲ့​သည် ဌာနခွဲ​ကော်မတီဝင်​များ​ထံ​သို့ ကျမ်းစာ​ဖတ်ရှုခြင်း​နှင့်​ပတ်သက်ပြီး အဘယ်​အကြောင်း မကြာသေးမီ​က ရေးသားခဲ့​သနည်း၊ ယင်း​သို့​သော​အကြံပြုချက်ကို ခရစ်ယာန်​အကြီးအကဲ​များ​အားလုံး အဘယ်ကြောင့် ကောင်းစွာ​လိုက်နာ​ကြ​ရမည်​နည်း။

ယနေ့ ခရစ်ယာန်​အကြီးအကဲ​များသည် လွန်​စွာ​အလုပ်များ​ကြ​ရာ နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​သည် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်နေ​၏။ ဥပမာ၊ ယေဟောဝါသက်သေ​များ​၏​အုပ်ချုပ်ရေးအဖွဲ့ဝင်​များနှင့် ကမ္ဘာ​တစ်ဝန်း​ရှိ ဌာနခွဲ​ကော်မတီဝင်​များ​အားလုံး​သည် အလွန်​အလုပ်များ​သူများ​ဖြစ်​ကြသည်။ သို့​တိုင် မကြာသေးမီ​က ဌာနခွဲ​ကော်မတီ​အားလုံး​သို့ အုပ်ချုပ်ရေး​အဖွဲ့​မှ​ပေး​ပို့​သော​စာ​တစ်စောင်​တွင် နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေ့လာမှု​အကျင့်ကောင်း​များ​အတွက် လိုအပ်မှု​ကို​အလေးပေး​ဖော်ပြ​ခဲ့​သည်။ စာ​တွင်​ထောက်ပြ​ထား​သည့် ဤ​အရာ​သည် ယေဟောဝါ​နှင့် အမှန်တရား​အတွက် ကျွန်ုပ်​တို့၏​မေတ္တာကို​တိုးပွား​စေမည်​ဖြစ်​ပြီး “ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း၊ ရွှင်လန်းမှု​နှင့် အဆုံး​၌​ဘုန်း​စည်းစိမ်​ဝင်စား​ရန် စွဲစွဲမြဲမြဲ​ဆက်​ရှိစေဖို့ ကျွန်ုပ်​တို့ကို​ကူညီပေး” မည်​ဖြစ်သည်။ ယေဟောဝါသက်သေ​များ​၏​အသင်းတော်များ​ရှိ အကြီးအကဲ​အားလုံး​သည် ထပ်တူ​လိုအပ်ချက်​ရှိကြောင်း ခံစားရ​ကြသည်။ ကျမ်းစာ​ကို​နေ့စဉ်​ဖတ်ရှုခြင်း​က သူတို့အား ‘ပညာရှိ​စွာ​လုပ်ဆောင်ရန်’ ကူညီပေး​လိမ့်​မည်။ (ယောရှု ၁:၇၊ ၈) သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​သည် အထူးသဖြင့် သူတို့​အတွက် “သွန်သင်ခြင်း၊ အပြစ်​ဖော်ပြ​ဆုံးမခြင်း၊ အမှား​ကို​ပြုပြင်ခြင်း​နှင့် ဖြောင့်မတ်​စွာ​လေ့ကျင့်​ပေးခြင်း​တို့အတွက် အကျိုး​ဖြစ်ထွန်း” သည်။—၂ တိမောသေ ၃:၁၆ပြင်ဆင်​တည်းဖြတ်​စံတင်​ကျမ်း။

လူငယ်​နှင့် လူကြီး​တို့အတွက် လိုအပ်ချက်​တစ်ရပ်

၆။ ယောရှု​သည် စုဝေး​လာ​ခဲ့​သော​ဣသရေလ​အနွယ်​များနှင့် တစ်ကျွန်း​တစ်နိုင်ငံ​သားတို့​ရှေ့၌ ယေဟောဝါ​မိန့်မြွက်​သမျှ​ကို အဘယ်ကြောင့်​ကျယ်ကျယ်​ဖတ်ရွတ်​ပြ​ခဲ့​ရသနည်း။

ရှေး​အချိန်​က ကိုယ်ပိုင်​အသုံးပြုရန်​အတွက် ကျမ်းစာ​တစ်စောင်​ချင်း​စီ မရရှိ​နိုင်သော​ကြောင့် စုဝေး​လာ​ကြသော​ပရိသတ်​အရှေ့​၌ သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ခဲ့​ကြသည်။ ယေဟောဝါ​သည် အာဣ​မြို့ကို​အနိုင်​ရ​ခွင့်​ပေး​ပြီး​နောက် ယောရှု​သည် ဂေ​ရ​ဇိမ်​တောင်​နှင့် ဧ​ဗလ​တောင်​ရှေ့တွင် ဣသရေလ​အနွယ်​တို့ကို စုဝေး​လိုက်​၏။ ထို့နောက် ကျွန်ုပ်​တို့ကို မှတ်တမ်းက ဤသို့​ဖော်ပြ​သည်– “ပညတ္တိကျမ်း​၌​ရေးထားသမျှ​သော ကောင်းချီး​မင်္ဂလာ​စကား​နှင့် ကျိန်ခြင်း​အမင်္ဂလာ​စကား​တည်း​ဟူသော တရား​စကား​အလုံးစုံ​တို့ကို ဖတ်ရွတ်​လေ​၏။ ယောရှု​သည် မောရှေ​မှာ​ထားသော​စကား​တစ်ခွန်း​ကို​မျှ မချန်​မထား၊ မိန်းမ၊ သူငယ်၊ တစ်ကျွန်း​တစ်နိုင်ငံ​သားပါ​သော ဣသရေလ​အမျိုးသား ပရိသတ်အပေါင်း​တို့​ရှေ့မှာ အကုန်အစင်​ဖတ်ရွတ်​လေ​၏။” (ယောရှု ၈:၃၄၊ ၃၅) လူငယ်​နှင့် လူကြီး၊ ဇာတိ​ဖွား​နှင့် တစ်ကျွန်း​တစ်နိုင်ငံ​သား​မကျန် အဘယ်​အပြုအမူက ယေဟောဝါ​၏​ကောင်းချီး​ကို​ခံစား​ရစေ​ပြီး အဘယ်အရာက ကိုယ်တော်​၏​ကျိန်ခြင်း​ခံရ​လိမ့်​မည်​ဖြစ်​ကြောင်း သူတို့၏​စိတ်နှလုံး​တွင် ထွင်း​ထည့်​ထား​ဘိ​သကဲ့သို့ စွဲမှတ်စေ​ရန်လို​အပ်​ခဲ့​သည်။ သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​သွားခြင်းက ယင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ကို အမှန်ပင်​ကူညီပေး​လိမ့်​မည်။

၇၊ ၈။ (က) ယနေ့ မည်သူ​တို့သည် “တစ်ကျွန်း​တစ်နိုင်ငံ​သား” ကဲ့သို့​ဖြစ်သနည်း၊ ကျမ်းစာ​ကို သူတို့​နေ့စဉ်​ဖတ်ရှု​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း။ (ခ) မည်သည့်​နည်း​များ​အားဖြင့် ယေဟောဝါ​၏​လူများ​အလယ်​၌​ရှိသော “သူငယ်” တို့သည် ယေရှု၏​ပုံသက်သေ​ကို လိုက်လျှောက်​နိုင်​ကြ​သနည်း။

ယနေ့ သန်းပေါင်း​များစွာသော ယေဟောဝါ​၏​ကျေးကျွန်​တို့သည် ဝိညာဉ်​ရေး​သဘော​အရ “တစ်ကျွန်း​တစ်နိုင်ငံ​သား” များနှင့်​တူညီ​ကြ​၏။ ယခင်​က သူတို့သည် လောက​၏​စံနှုန်း​များနှင့်​အညီ အသက်ရှင်နေ​ထိုင်​ခဲ့​ကြသည်၊ သို့သော် သူတို့သည် မိမိတို့၏​အသက်ရှင်​နေထိုင်ပုံ​များ​ကို ပြောင်းလဲ​ပစ်​ခဲ့​ကြပြီ။ (ဧဖက် ၄:၂၂-၂၄; ကောလောသဲ ၃:၇၊ ၈) ယေဟောဝါ​၏​စံနှုန်း​အရ အကောင်း၊ အဆိုး​တို့​နှင့်​ပတ်သက်​၍ မိမိတို့​ကိုယ်ကို​မပြတ်​နှိုးဆော်​ပေးဖို့​လိုအပ်​သည်။ (အာမုတ် ၅:၁၄၊ ၁၅) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နေ့စဉ်​ဖတ်ရှုခြင်း​က သူတို့အား ယင်း​သို့​နှိုးဆော်​ပေး​သည်။—ဟေဗြဲ ၄:၁၂; ယာကုပ် ၁:၂၅

ယေဟောဝါ​၏​လူမျိုးတော်​ထဲ​တွင် ယေဟောဝါ​၏​စံနှုန်း​များ​အကြောင်း မိဘများ​၏​သွန်သင်​ပေးခြင်း​ခံရ​သော်လည်း ကိုယ်တော့်​အလိုတော်သည် ဖြောင့်မှန်​ကြောင်း သူတို့​ကိုယ်တိုင်​ယုံကြည်မှု​ရှိ​ရန်လို​သည့် “သူငယ်” များစွာ​ရှိပါ​သည်။ (ရောမ ၁၂:၁၊ ၂) ထိုသို့​ယုံကြည်မှု​ရှိ​ရန် သူတို့​မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ ဣသရေလ​နိုင်ငံ​တွင် ယဇ်​ပုရော​ဟိတ်​များနှင့် အသက်ကြီးသူတို့​ကို ဤသို့​ညွှန်ကြား​ထား​သည်– “ဤ​ပညတ်တရား​ကို ထို​ပရိသတ်အပေါင်း​တို့​ရှေ့မှာ ဖတ်ရွတ်​ရမည်။ ယောက်ျား၊ မိန်းမ၊ သူငယ်​များ၊ တည်းခို​သော​တစ်ပါး​အမျိုးသားများ​တို့သည်​ကြား​၍ နားလည်​သဖြင့်၊ သင်တို့၏​ဘုရားသခင် ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​၍ ဤ​ပညတ်တရား​စကား​အလုံးစုံ​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ပရိသတ်​တို့ကို​စုဝေး​စေ​ကြလော့။ ထို​သို့ပြုလျှင် နားမလည်​သေး​သော​သူငယ်​တို့သည်​ကြား​သဖြင့် . . . သင်တို့​ဘုရားသခင်​ထာဝရ​ဘုရား​ကို ကြောက်ရွံ့​စေခြင်း​ငှာ​သင်​ကြလိမ့်မည်။” (တရားဟောရာ ၃၁:၁၁-၁၃) ပညတ်တော်​အောက်​၌​အသက်ရှင်ခြင်း​က ယေရှု အသက် ၁၂ နှစ်အရွယ် ငယ်​ငယ်ရွယ်​ရွယ်​နှင့် မိမိ​ခမည်းတော်​၏​ပညတ်တော်​များ​ကို သိ​နားလည်​လို​စိတ်​ပြင်းပြ​ခဲ့​ကြောင်း ဖော်ပြ​ခဲ့​၏။ (လုကာ ၂:၄၁-၄၉) နောက်ပိုင်း​တွင် တရား​ဇရပ်​များ​၌​နားထောင်ခြင်း​နှင့် ကျမ်းစာ​ဖတ်ရွတ်​မှု​၌​ပါဝင်ခြင်း​မှာ ကိုယ်တော်​၏​ထုံးစံ​ဖြစ်လာ​ခဲ့​သည်။ (လုကာ ၄:၁၆; တမန်​တော် ၁၅:၂၁) ယနေ့ လူငယ်​လူရွယ်​တို့သည် နေ့စဉ်​ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှုခြင်း​နှင့် သမ္မာကျမ်းစာ​ကို​ဖတ်ရှု​လေ့လာ​သည့် အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​ဖြင့် ယေရှု၏​ပုံသက်သေ​ကို​လိုက်လျှောက်ရန် အားပေးခံရ​ပေမည်။

ကျမ်းစာ​ဖတ်ရှုခြင်း—ဦးစားထားရာ

၉။ (က) ကျွန်ုပ်​တို့​ဖတ်ရှု​သော​အရာ​ကို အဘယ်ကြောင့်​ရွေးချယ်​ရန် လိုအပ်​သနည်း။ (ခ) ကျမ်းစာ​လေ့လာ​ဖို့​အထောက်အကူ​ပြု​စာပေ​များနှင့်​ပတ်သက်​၍ ဤ​မဂ္ဂဇင်း​၏​ဦးဆုံး​အယ်ဒီတာ​က ဘာ​ပြော​ခဲ့​သနည်း။

ပညာရှိ ရှောလမုန်​ဘုရင်​က ဤသို့​ရေးသားခဲ့​သည်– “ဆုံးမခြင်း​ကို​ခံ​လော့။ စာ​များ​ကို​စီရင်၍​မကုန်မဆုံး။ စာ​ကို​အားကြီး​စွာ​သင်ကြား​လေ့​ကျက်​ခြင်း​အမှုသည် ကိုယ်ကို​ပင်ပန်း​စေသော​အမှု​ဖြစ်၏။” (ဒေ. ၁၂:၁၂သမ္မာ) ထပ်ဆင့်​အချက်​မှာ ယနေ့​ပုံနှိပ်​ထုတ်ဝေ​ထားသော စာပေ​များစွာကို​ဖတ်ရှုခြင်း​သည် ကိုယ်ကို​ပင်ပန်း​စေ​ရုံ​မ​က ပွင့်ပွင့်လင်းလင်း​ဆို​ရ​လျှင် စိတ်ပိုင်း​တွင်​ဘေးအန္တရာယ်​ဖြစ်စေ​သည်။ သို့​ဖြစ်၍ ရွေးချယ်​ဖတ်ရှု​ရန် အရေးကြီး​၏။ ကျွန်ုပ်​တို့၏​ကျမ်းစာ​လေ့လာမှု​ဆိုင်ရာ​စာပေ​များ​ကို ဖတ်ရှုခြင်း​အပြင် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကိုယ်နှိုက်​ကိုလည်း ဖတ်ရှု​ရန်လို​သည်။ ဤ​မဂ္ဂဇင်း​၏ ဦးဆုံး​အယ်ဒီတာ​က ဖတ်ရှု​သူများ​ထံ ဤသို့​စာရေး​ခဲ့​သည်– “သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့၏​စံနှုန်း​ဖြစ်​ကြောင်း၊ အထောက်အကူ​စာပေ​များသည် ဘုရားသခင်​ပေး စာပေ​များ​ဖြစ်​လင့်​ကစား ယင်း​တို့သည် ‘အထောက်အကူ​များ’ သာ​ဖြစ်​ပြီး သမ္မာကျမ်းစာ​ကို အစားမထိုး​နိုင်​ကြောင်း ဘယ်တော့​မျှ​မမေ့​ပါ​နှင့်။” * ထို​ကြောင့် ကျွန်ုပ်​တို့သည် ကျမ်းစာ​အခြေခံ​စာပေ​များ​ကို လျစ်လျူ​မ​ရှု​ဘဲ​ဖတ်ရှု​စဉ် သမ္မာကျမ်းစာ​ကိုယ်နှိုက်​ကိုလည်း ဖတ်ရှု​ရန်လို​သည်။

၁၀။ ကျမ်းစာ​ဖတ်ရှုခြင်း​၏​အရေးပါမှု​ကို ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ က မည်သို့​အလေးထား​ခဲ့​သနည်း။

၁၀ ဤ​လိုအပ်ချက်​ကို​သိမြင်​ကာ နှစ်ချီ၍ ယခု​ထိ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ က ကျမ်းစာ​ဖတ်ရှုခြင်း​ကို အသင်းတော်​တစ်ခု​ချင်း​စီ​၌ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​အစီအစဉ်​၏ အပိုင်း​တစ်ခု​အဖြစ် ထည့်သွင်း​ပေး​ထား​သည်။ (မဿဲ ၂၄:၄၅) လက်ရှိ​ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်သည် ခု​နစ်​နှစ်​ခန့်​ကာလ​အတွင်း ကျမ်းစာ​တစ်အုပ်လုံး​ကို ပြီးဆုံး​စေ​သည်။ ဤ​အစီအစဉ်မှာ လူတိုင်း​အတွက် အကျိုး​ဖြစ်ထွန်း​သော်လည်း အထူးသဖြင့် ကျမ်းစာ​ကိုတစ်​အုပ်​လုံး​ဆုံး​အောင် တစ်ခါမျှ​မဖတ်ဖူး​သည့် လူသစ်များ​အတွက်​အကျိုး​ရှိ၏။ ခရစ်ယာန်​သာသနာပြု​များ​ဖြစ်​ရန် ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်းတက်​ရောက်​သူတို့နှင့် ဓမ္မ​အမှုထမ်း​သင်တန်း​ကျောင်းတက်​ရောက်​သူတို့​အပြင် ဗေသလ​မိသားစုဝင်​သစ်​များသည် တစ်နှစ်​အတွင်း ကျမ်းစာ​တစ်အုပ်လုံး​ကို​ဖတ်ရှု​ရန် တောင်းဆိုခြင်း​ခံရ​သည်။ သင်သည် တစ်ဦးချင်း​ဖြစ်စေ၊ မိသားစု​လိုက်​ဖြစ်စေ မည်သည့်​ဇယား​အတိုင်း​လိုက်ပါ​စေ၊ ယင်း​သို့​လိုက်ခြင်း​၌ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​ကို ဦးစားပေး​အစီအစဉ်​တွင် ထား​ရှိ​ရန်ဖြစ်​သည်။

သင်၏​ဖတ်ရှုခြင်း​အလေ့အထ​များ​က ဘာကို​ဖော်ပြ​သနည်း

၁၁။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​နှုတ်ထွက်​စကား​ကို မည်သို့​နှင့် အဘယ်ကြောင့် နေ့စဉ်​မှီဝဲ​သုံးဆောင်​သင့်​သနည်း။

၁၁ သင်၏​ကျမ်းစာ​ဖတ်ရှုခြင်း​ဇယား​အတိုင်း​လိုက်​ရန် အခက်အခဲ​တွေ့​နေ​မည်​ဆိုလျှင် သင့်ကိုယ်ကို ဤသို့​မေး​ရန်​သင့်လျော်​သည်– ‘ငါ့ရဲ့​ဖတ်ရှုခြင်း ဒါမှ​မဟုတ် တီဗွီ​ကြည့်ရှု​ခြင်း​အကျင့်တွေက ယေဟောဝါ​ရဲ့​နှုတ်မြွက်​စကားတော် ဖတ်ရှု​နိုင်စွမ်း​အပေါ် အဘယ်​သြဇာ​သက်ရောက်​နိုင်​သလဲ။’ မောရှေ​ရေးသား​၍ ယေရှု​ထပ်မံ​မိန့်တော်မူ​ခဲ့​သော “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်” ဟူသော​စကား​ကို​ပြန်သတိရ​ပါ။ (မဿဲ ၄:၄; တရားဟောရာ ၈:၃) ကျွန်ုပ်​တို့၏​ကိုယ်ခန္ဓာ​ကို ထောက်ပံ့​ပေး​ရန် ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာ​၌ အစာရေစာ သို့​မဟုတ် ယင်း​နှင့်​တူညီသော​အရာ​ကို စားသုံး​ရန်လို​အပ်​သကဲ့သို့ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​ကို​ထောက်ပံ့​ပေး​ရန် ယေဟောဝါ​၏​အတွေးအခေါ်​များ​ကို နေ့စဉ် ကျွန်ုပ်​တို့​ခံယူ​ဖို့​လို​သည်။ ကျမ်းစာ​ကို​ဖတ်ရှုခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် နေ့စဉ် ဘုရားသခင့်​အတွေးအခေါ်​များ​ကို ရယူ​နိုင်​သည်။

၁၂၊ ၁၃။ (က) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အတွက် ကျွန်ုပ်​တို့​တမ်းတမ်းတတ​ရှိ​သင့်​ကြောင်းကို တမန်​တော်​ပေတရု​က မည်သို့​ဥပမာ​ပေး​၍​ဖော်ပြ​သနည်း။ (ခ) နို့​နှင့်​ပတ်သက်​၍​ဥပမာ​ပေး​ရာ​၌ ပေါလု​သည် ပေတရု​နှင့်​ခြားနား​စွာ မည်သို့​အသုံးပြု​သနည်း။

၁၂ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို “လူ​၏​နှုတ်ထွက်​စကား​ကဲ့သို့ မခံမယူ​ဘဲ၊ ဘုရားသခင်​၏ နှုတ် [မြွက်​စကား] တော်​အမှန်​ဖြစ်သည်” ဟု​လေးမြတ်​တန်ဖိုး​ထား​မည်​ဆိုလျှင် မိခင်၏​နို့​ကို တောင့်တ​သည့်​ကလေး​တစ်ဦး​ကဲ့သို့ ကျွန်ုပ်​တို့​ဆွဲဆောင်​ခံရ​မည်​ဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၁၃သမ္မာ) တမန်​တော်​ပေတရု​က ဤသို့​ရေးသား​ရာ​၌ ထို​နှိုင်းယှဉ်​ချက်​ကို​ဖော်ပြ​ခဲ့​သည်– “သင်တို့သည် သခင်​ဘုရား​၏​ကျေးဇူးတော်​ကို မြည်းစမ်း​ကြသည်​ဖြစ်၍ . . . ကယ်တင်ခြင်း​အ​လို့​ငှာ နှုတ် [မြွက်] တရား​၏​နို့​စစ်​အားဖြင့်​ကြီးပွား​မည်​အကြောင်း၊ ဖွား​စ​သော​သူငယ်​ကဲ့သို့၊ ထို​တရား​နို့​ကို အလွန်​လိုချင်​သော​စိတ်​ရှိကြလော့။” (၁ ပေတရု ၂:၁-၃) ကျွန်ုပ်​တို့သည် ကိုယ်ပိုင်​တွေ့ကြုံမှု​မှ “သခင်​ဘုရား​၏​ကျေးဇူးတော်​ကို” အမှန်တကယ်​မြည်းစမ်း​ခဲ့ပြီ​ဆိုလျှင် ကျမ်းစာ​ဖတ်ရှု​လို​သည့် တောင့်တစိတ်​မှာ တိုးပွား​လာ​ပေ​လိမ့်​မည်။

၁၃ ဤ​စာပိုဒ်​တွင် နို့​နှင့်​ပတ်သက်​၍ ပေတရု​အသုံးပြု​ထားသော​ပုံ​ဥပမာ​သည် တမန်​တော်​ပေါလု​အသုံးပြုပုံ​နှင့်​ကွာခြား​ကြောင်းကို သတိပြု​သင့်​သည်။ ဖွား​စ​ကလေး​တစ်ဦး​အတွက် နို့​ရည်​သည် လိုအပ်သမျှ​အာဟာရ​အပြည့်​ရရှိစေ​၏။ ပေတရု​၏​ပုံ​ဥပမာ​က ‘ကယ်တင်ခြင်း​အ​လို့​ငှာ ကြီးပွား​ရန်’ ကျွန်ုပ်​တို့​လိုအပ်သမျှ​အရာအားလုံး ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၌ ပါဝင်​ကြောင်း ဖော်ပြ​သည်။ တစ်ဖက်​တွင်​မူ ပေါလု​က ဝိညာဉ်​ရေးရာ​၌​အရွယ်ရောက်​ပြီ​ဟု ဆို​သူ​အချို့​တို့၏ မပြည့်စုံ​သော​စားသုံး​မှု​အလေ့အထ​များ​ကို ပုံဖော်​ရန် နို့​သောက်သုံး​ရန်လို​အပ်​ပုံ​ကို အသုံးပြုခြင်း​ဖြစ်သည်။ ဟေဗြဲ​အသင်းတော်​ရှိ​ခရစ်ယာန်​များ​ထံ ပေး​ပို့​သော​စာ​၌ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “သင်တို့သည် ကာလ​ကြာ​သောကြောင့် ဆရာ​အဖြစ်သို့​ရောက်​သင့်​သော်လည်း၊ ဘုရားသခင်​၏​ဗျာဒိတ်တော်​၌ ရှေးဦး​စွာ​သင်​ရသော​တရား​နု​တို့ကို သူတစ်ပါး​ထံ​၌ တစ်ဖန်​သင်​ရသော​အကြောင်း​ရှိသည်​ဖြစ်၍၊ ကြေ​ခဲ​သော​အစာကို​မသုံးဆောင်၊ နို့​ကို​သာ​သုံးဆောင်​ရသော​သူ​ဖြစ်​ကြ​၏။ နို့​ကို​သာ​သုံးဆောင်​သော​သူ​မည်​သည်​ကား၊ သူငယ်​ဖြစ်သော​ကြောင့် ဖြောင့်မတ်ခြင်း​တရား၌ လေ့လာခြင်း​မရှိ။ ကောင်းကျိုး​မကောင်း​ကျိုး​ကို ပိုင်းခြား​၍​သိနိုင်​သော​ဉာဏ်​ပေး​တတ်သော၊ အကြား​အမြင် အတွေ့​အစမ်း​များသော​သူ​တည်း​ဟူသော၊ စုံလင်သော​အရွယ်​ရှိသော​သူတို့မူကား၊ ကြေ​ခဲ​သော​အစာ​အာဟာရကို သုံးဆောင်​ရ​ကြ​၏။” (ဟေဗြဲ ၅:၁၂-၁၄) သမ္မာကျမ်းစာ​ကို ဂရုတစိုက်​ဖတ်ရှုခြင်း​က ကျွန်ုပ်​တို့၏​ပိုင်းခြား​သိမြင်​နိုင်သော​ဉာဏ်​ကို တိုးပွား​လာ​စေရန်​နှင့် ဝိညာဉ်​ရေးရာ​များ​၌ ကျွန်ုပ်​တို့၏​ခံတွင်း​လိုက်​စေရန် များစွာ​တတ်စွမ်း​နိုင်​သည်။

သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ပုံ

၁၄၊ ၁၅။ (က) ကျမ်းစာ​အာဘော်ရှင်​က ကျွန်ုပ်​တို့အား အဘယ်​အခွင့်အလမ်း ပေး​ထား​သနည်း။ (ခ) ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ​မှ ကျွန်ုပ်​တို့ မည်သို့​အကျိုးကျေးဇူး​ရရှိနိုင်​သနည်း။ (ဥပမာ​များ​ပေး​ပါ။)

၁၄ အကျိုး​ဖြစ်ထွန်း​မှု​အရှိဆုံး ကျမ်းစာ​ဖတ်ရှုခြင်း​သည် ဖတ်ရှုခြင်း​ဖြင့်​မစ​ဘဲ ဆုတောင်းခြင်း​အားဖြင့်​စ​သည်။ ဆုတောင်း​ရခြင်း​သည် အခွင့်ထူး​တစ်ရပ်​ဖြစ်၏။ ယင်း​သို့​စ​ခြင်း​သည် သင့်​အနေ​ဖြင့် အတော်အတန်​နက်နဲ​သော​အကြောင်းအရာ​ပါရှိ​သည့် စာအုပ်​တစ်အုပ်​ကို​စတင်​ဆည်းပူး​လေ့လာ​လျှင် သင်​ဖတ်ရှု​တော့​မည့်​အရာ​နှင့်​ပတ်သက်​၍ သိမြင်​နားလည်​လာရန် ထို​အာဘော်ရှင်​၏​အကူအညီကို တောင်းခံ​သကဲ့သို့ပင်​ဖြစ်သည်။ ယင်းသည် အလွန်​အကျိုး​ဖြစ်ထွန်း​စေနိုင်​သည်​တကား! ကျမ်းစာ​၏​အာဘော်ရှင် ယေဟောဝါ​သည် သင့်​အား ထို​အခွင့်အလမ်း​ပေး​ထား​သည်။ ပထမ​ရာစုနှစ်​ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​က မိမိ​၏​ညီအစ်ကို​ချင်း​ထံ ဤသို့​ရေးသားခဲ့​သည်– “သင်တို့တွင် တစ်စုံ​တစ်ယောက်​သော​သူသည် ပညာ​ကို​လိုလျှင်၊ ကဲ့ရဲ့​ပြစ်တင်ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ၊ ခပ်သိမ်း​သော​သူတို့အား စေတနာ​စိတ်​နှင့်​ပေးသနား​တော်​မူ​သော ဘုရားသခင်​ကို​တောင်း​စေ။ တောင်းလျှင်​ရ​လိမ့်​မည်။ သို့ရာတွင် တွေးတောခြင်း​မရှိဘဲ ယုံကြည်​သော​စိတ်​နှင့်​တောင်း​ရမည်။” (ယာကုပ် ၁:၅၊ ၆) မျက်မှောက်ခေတ်​ရှိ အုပ်ချုပ်ရေး​အဖွဲ့​သည် ဆုတောင်းခြင်း​ပါဝင်သော​ကျမ်းစာ​ဖတ်ရှုခြင်း​ပြု​ရန် ကျွန်ုပ်​တို့ကို အမြဲတစေ​တိုက်တွန်း​နှိုးဆော်​သည်။

၁၅ ဉာဏ်ပညာ​ဟူသည် အသိပညာကို​လက်တွေ့ကျ​အသုံးချခြင်း​ဖြစ်သည်။ သို့​ဖြစ်၍ သင့်​ကျမ်းစာ​ကို​မ​ဖွင့်​မီ သင်​ဖတ်ရှု​စဉ်​တွင် သင်​ကိုယ်တိုင်​အသက်တာ​၌ ကျင့်သုံး​ရန်လို​အပ်​သည့်​အချက်များ​ကို သတိထား​မိ​ရန်​ကူညီ​ပေးဖို့ ယေဟောဝါ​ထံ တောင်းခံ​ပါ။ သိရှိ​လာ​သည့်​အကြောင်းအရာ​အသစ်များ​ကို ယခင်​သိထား​ရာ​နှင့် ဆက်စပ်​လိုက်ပါ။ ယင်း​တို့ကို သင်​မှတ်သား​ထား​သည့် “စင်ကြယ်သော​တရား​စကားပုံ​စံ” တွင်​သွင်း​လိုက်ပါ။ (၂ တိမောသေ ၁:၁၃သမ္မာ) အတိတ်​က ယေဟောဝါ​ကျေးကျွန်​တို့၏ အသက်တာ​များ​တွင်​ဖြစ်ပျက်​ခဲ့​သည့် ဖြစ်ရပ်​များ​ကို​ဆင်ခြင်​၍ အလားတူ​အခြေအနေ​များ​အောက်​၌ သင်​ရှိ​မည်​ဆိုလျှင် မည်သို့​လုပ်ဆောင်​မိ​မည်​နည်း​ဟု သင့်ကိုယ်ကို​ပြန်​မေးပါ။—ကမ္ဘာဦး ၃၉:၇-၉; ဒံယေလ ၃:၃-၆၊ ၁၆-၁၈; တမန်​တော် ၄:၁၈-၂၀

၁၆။ ကျွန်ုပ်​တို့၏​ကျမ်းစာ​ဖတ်ရှုခြင်း​ကို ပိုမို​အကျိုး​ဖြစ်ထွန်း​၍ အသုံးဝင်​စေနိုင်​ရန် အဘယ်​လက်တွေ့ကျ​အကြံပြုချက်များ ပေး​ထား​သနည်း။

၁၆ သတ်မှတ်​စာမျက်နှာ​ပြီး​ဖို့​လောက်​အတွက်သာ မဖတ်​ပါ​နှင့်။ အချိန်​ယူပါ။ သင်​ဖတ်​သည့်​အရာ​အပေါ် အာရုံ​နှစ်မြှုပ်​ထား​ပါ။ သိချင်စိတ်​ပြင်းပြ​စေသည့် အချက်​အချို့​တွေ့သော​အခါ သင့်​သမ္မာကျမ်းစာ​၌​ရှိ​မည်​ဆိုလျှင် ပြန်​လှန်​အညွှန်းများ​ကို ကြည့်​ပါ။ ထို​အချက် မ​ရှင်း​သေး​လျှင် နောက်ပိုင်း၌ ထပ်ဆင့်​ရှာဖွေ​လေ့လာမှု​ပြု​ရန် မှတ်သား​ထား​ပါ။ သင်​ဖတ်ရှု​နေစဉ် အထူးသဖြင့် သင်​မှတ်ကျုံး​လို​သော​ကျမ်းချက်​များ​ကို အမှတ်အသား​ပြု သို့​မဟုတ် ယင်း​တို့ကို​ကူးယူ​ထား​ပါ။ သင်သည် မာ​ဂျင်​ဘေး​တွင် ကိုယ်ပိုင်​မှတ်ချက်များ၊ ကိုယ်ပိုင်​ပြန်​လှန်​အညွှန်းများ ထည့်​ထား​နိုင်​သည်။ တစ်နေ့​နေ့​တစ်ချိန်ချိန်​တွင် သင်၏​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​၌ အသုံး​လို​မည်​ဟု​ယူဆ​သော​ကျမ်းချက်​များ​အတွက် အဓိက​စကားလုံး​ကို မှတ်သား​၍ သင့်​ကျမ်းစာ​နောက်ပိုင်း၌​ရှိသော ကျမ်းစာ​စကားလုံး​များ​အညွှန်း​တွင် ဆန်းစစ်​ကြည့်​ပါ။ *

ကျမ်းစာ​ဖတ်ခြင်း​ကို ပျော်ရွှင်စရာ​ဖြစ်စေ​ပါ

၁၇။ သမ္မာကျမ်းစာ​ကို​ဖတ်ရှုခြင်း​၌ ကျွန်ုပ်​တို့​အဘယ်ကြောင့် ပျော်ရွှင်​သင့်​သနည်း။

၁၇ ဆာလံဆရာ​က “ထာဝရ​ဘုရား​၏​တရားတော်​ကို​မွေ့လျော်​၍ တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်​အောက်မေ့​သော​သူသည်” ပျော်ရွှင်သူ​ဖြစ်၏​ဟု ပြော​ခဲ့​သည်။ (ဆာလံ ၁:၂) ကျွန်ုပ်​တို့၏​နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း​သည် ငြီးငွေ့​ဖွယ်​အလုပ်​တစ်ခု​မဖြစ်​သင့်​ဘဲ အမှန်ပင်​ပျော်ရွှင်စရာ​ဖြစ်​သင့်​သည်။ ပျော်ရွှင်ဖွယ်​ရာ​ဖြစ်စေ​သည့် နည်းလမ်း​တစ်ခု​မှာ သင်ယူ​သော​အရာများ​၏​တန်ဖိုး​ကို အစဉ်​သတိရ​နေခြင်း​ဖြစ်သည်။ ပညာရှိ​ရှောလမုန်က ဤသို့​ရေးသားခဲ့​သည်– “ဉာဏ်ပညာ​ကို​ရှာ၍​ရသော​သူသည် [“ပျော်ရွှင်၊” က​ဘ] ၏။ ပညာ​လမ်း​တို့သည် သာယာသော​လမ်း၊ ပညာ​လမ်းခရီး​ရှိသမျှ​တို့သည် ငြိမ်​ဝပ်​လျက်​ရှိကြ​၏။ ပညာ​ကို​ကိုင်ဆွဲ​သော​သူသည် အသက်​ပင်ကို​ရပြီ။ လက်မလွှတ်​သော​သူသည် [“ပျော်ရွှင်၊” က​ဘ] ၏။” (သု. ၃:၁၃၊ ၁၇၊ ၁၈) ဉာဏ်ပညာ​ကို​ရရှိရန်​စိုက်ထုတ်​လိုက်ရ​သည့် အားထုတ်မှု​သည် အမှန်ပင် အကျိုးနပ်​ပေ​သည်၊ အကြောင်း​မှာ ယင်း​၏​လမ်းများ​သည် သာယာသော​လမ်း၊ ငြိမ်​ဝပ်​၍ ပျော်ရွှင်မှု​ဖြစ်စေ​ပြီး အဆုံး​၌​အသက်ကို​ရရှိစေ​သော​လမ်း​ဖြစ်သော​ကြောင့်​တည်း။

၁၈။ ကျမ်းစာ​ဖတ်ရှုခြင်း​အပြင် အဘယ်အရာ​လိုအပ်​သနည်း၊ နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့ အဘယ်အရာကို​သုံးသပ်ကြ​မည်​နည်း။

၁၈ မှန်ပါသည်၊ ကျမ်းစာ​ဖတ်ရှုခြင်း​သည် အကျိုး​လည်း​ဖြစ်ထွန်း​ပြီး ပျော်ရွှင်စရာ​လည်းကောင်း​၏။ သို့သော် ယင်းသည် လုံလောက်​သွားပြီ​လော။ ရာစု​နှစ်ချီ၍ သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ခဲ့​ကြသော ခရစ်ယာန်ဘောင် ချာ့ခ်ျ​အသင်းသားများ​သည် “[အမှန်] တရားကို သိကျွမ်းခြင်း​သို့ အဘယ်အခါ​မျှ​မ​ရောက်​နိုင်” ကြ​ချေ။ (၂ တိမောသေ ၃:၇သမ္မာ) အကျိုး​ဖြစ်ထွန်း​စေသော ကျမ်းစာ​ဖတ်ရှုခြင်း​ဖြစ်​ရန် ကျွန်ုပ်​တို့သည် ဆည်းပူး​ရရှိ​ထား​သည့်​အသိပညာကို မိမိတို့၏​အသက်တာတွင် လက်တွေ့​ကျင့်သုံး​ရန်၊ မိမိတို့၏​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​၌ အသုံးပြုရန် ရည်ရွယ်ပြီး ဖတ်ရှု​ရမည်​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယင်းက နောက်​ဆောင်းပါး​၌ ကျွန်ုပ်​တို့​သိရှိ​ရမည်​ဖြစ်သည့်​အတိုင်း ပျော်စရာ​ကောင်းပြီး အကျိုး​လည်း​ရှိ​နိုင်​ရန် ကြိုးပမ်း​အားထုတ်မှု​နှင့် လေ့လာမှု​နည်းလမ်း​ကောင်း​များ​လိုအပ်​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 နယူးယောက်၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ ထုတ်ဝေ​သည့် ယေဟောဝါသက်သေ​များ—ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ၊ [လိပ်] စာမျက်နှာ ၂၄၁ ကို​ရှု။

^ အပိုဒ်၊ 16 ကင်းမျှော်စင် ၁၉၉၅၊ မေ ၁၊ စာမျက်နှာ ၁၆-၁၇ ရှိ “သင့်​ကျမ်းစာ​ဖတ်ရှုခြင်း​ကို ပို​အကျိုးရှိ​စေရန် အကြံပြုချက်များ” ကို​ရှု။

ပြန်လည်​သုံးသပ်ရန်​မေးခွန်းများ

• ဣသရေလ​ရှင်ဘုရင်များ​ကို ပေး​ခဲ့​သော အဘယ်​သွန်သင်ချက်​သည် ယနေ့​ကြီးကြပ်မှူး​များနှင့် သက်ဆိုင်​သနည်း၊ အဘယ်ကြောင့်​နည်း။

• ယနေ့ မည်သူ​တို့သည် “တစ်ကျွန်း​တစ်နိုင်ငံ​သား” နှင့် “သူငယ်” တို့​နှင့်​တူ​သနည်း၊ သူတို့သည် သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း။

• သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​သွားစေရန် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ က​အဘယ်​လက်တွေ့ကျ​သော​နည်းလမ်းများ​ဖြင့် ကျွန်ုပ်​တို့ကို ကူညီပေး​ထားပြီ​နည်း။

• ကျွန်ုပ်​တို့၏​ကျမ်းစာ​ဖတ်ရှုခြင်း​မှ စစ်မှန်သော​အကျိုးကျေးဇူး​နှင့် ပျော်ရွှင်မှု​တို့ကို ကျွန်ုပ်​တို့ မည်သို့​ရယူ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အထူးသဖြင့်​အကြီးအကဲ​များသည် သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ရန်လို​အပ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တရား​ဇရပ်​တွင် သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ရာ​၌ ပါဝင်ခြင်း​မှာ ယေရှု၏​ထုံးစံ​ဖြစ်​ခဲ့