မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရ ပျော်ရွှင်မှု—ကောင်းကင်ဘုံတွင်လော၊ မြေကြီးပေါ်တွင်လော

ထာဝရ ပျော်ရွှင်မှု—ကောင်းကင်ဘုံတွင်လော၊ မြေကြီးပေါ်တွင်လော

ထာဝရ ပျော်ရွှင်မှု—ကောင်းကင်ဘုံ​တွင်​လော၊ မြေကြီးပေါ်​တွင်​လော

သင့်​ပျော်ရွှင်မှု​သည် သင်​နေထိုင်ရာ​ဒေသ​အပေါ် အဓိက​မူတည်​ပါသလော။ လူအများစုက ပျော်ရွှင်မှု​သည် ကောင်းသော​ကျန်းမာ​ရေး၊ ဘဝ​ရည်ရွယ်ချက်၊ အခြား​သူများ​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ကဲ့သို့​သော​အရာများ​အပေါ် ပို​၍​မူတည်​သည်​ဟု လိုလိုလားလား အသိအမှတ်ပြု​ကြသည်။ နယပုံပြင်​ကျမ်း​တစ်ချက်​က ယင်းကို ဤသို့​ဖော်ပြ​ထား​သည်– “ဆူ​အောင်​ကျွေး​သော နွား​တစ်ကောင်​လုံး​ကို အချင်းချင်း အငြိုး​ထားသော​စိတ်​နှင့်​စား​ရသည်​ထက် ချစ်ခြင်း . . . ပါ​သော ဟင်းရွက်​တစ်​နပ်​စာ​သည် သာ၍​ကောင်း​၏။”—သု. ၁၅:၁၇

သို့ရာတွင် ကျွန်ုပ်​တို့၏​မြေကြီး​စံအိမ်​သည် မုန်းတီးမှု၊ အကြမ်းဖက်မှု​နှင့် အခြား​ဆိုးသွမ်းမှု​ပုံစံ​မျိုးစုံ​၏ ရှည်လျားသော​သမိုင်း​ရှိ​နေသည်​မှာ ဝမ်းနည်းစရာပင်။ သို့သော် သေဆုံး​ပြီး​နောက်​တွင်​သွား​ရန် များစွာသော​သူတို့​မျှော်လင့်​ကြ​သည့် ကောင်းကင်ဘုံ သို့​မဟုတ် နာမ်ဝိညာဉ်​ဘုံ​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ယင်းသည် အများ​က ထင်မြင်​ယူဆ​ထား​သကဲ့သို့ မည်သည့်​အနှောင့်အယှက်​မျှ​မရှိသည့် ငြိမ်သက်​အေးချမ်းမှု​ပြည့်စုံသော နေရာတစ်ခု အမြဲ​ဖြစ်​ခဲ့​ပါသလော။

ဘုရားသခင်​သည် ကောင်းကင်တမန်​များ​ဟု​ခေါ်​သည့် သန်းပေါင်း​များစွာသော နာမ်ဝိညာဉ်​သတ္တဝါများ​နှင့်အတူ ကောင်းကင်​တွင်​ကျိန်းဝပ်​သည်​ဟု ကျမ်းစာ​က ဖော်ပြ​သည်။ (မဿဲ ၁၈:၁၀; ဗျာဒိတ် ၅:၁၁) ထို​သူတို့ကို နာမ်ဝိညာဉ် “ဘုရားသခင်​၏​သားများ” ဟု​ဖော်ပြ​သည်။ (ယောဘ ၃၈:၄၊) လူသားများ​ကဲ့သို့​ပင် ကောင်းကင်တမန်​များ​တွင်​လည်း လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ရှိကြသည်၊ သူတို့သည် စက်ရုပ်​များ​မဟုတ်​ကြ​ပါ။ ထို့​ကြောင့် သူတို့​သည်လည်း မှန်ရာ​ပြု​ရန် သို့​မဟုတ် အမှား​ကို​ပြု​ရန် ရွေးချယ်​နိုင်​ခွင့်​ရ​ကြသည်။ ကောင်းကင်တမန်​များသည် အမှား​ပြု​ရန် ရွေးချယ်​ပါ​မည်​လော။ လွန်ခဲ့သော​နှစ်ထောင်​ပေါင်း​များစွာက ကောင်းကင်တမန်​အတော်များများ ဘုရားသခင်​ကို​ပြစ်မှား​သည့်​အပြစ်—ကိုယ်တော်​ကို ဆန့်ကျင်​ပုန်ကန်မှု—ပြု​ခဲ့​ကြသည်​ကို သိ​ရှိလျှင် လူ​အချို့​အတွက် အံ့ဩစရာ​ဖြစ်သွား​ပေမည်!—ယုဒ ၆

ကောင်းကင်​သူပုန်များ

စာတန် (ဆန့်ကျင်သူ) နှင့် . . . (သွားပုပ်လေလွင့်​ပြောသူ) ဟု​အမည်​ရလာ​သည့် ကောင်းကင်တမန်​တစ်ပါး​၏​ပုန်ကန်မှု​ကြောင့် နာမ်ဝိညာဉ်​ဘုံ​တွင် အပြစ်​တရား​ပေါ်ပေါက်​ခဲ့​ရသည်။ တစ်ချိန်က​နာခံမှု​ရှိခဲ့​သော ထို​ကောင်းကင်တမန်​သည် မိမိ​စိတ်လို​ကိုယ်​လျောက် အမှား​ပြု​ရန်​ရွေးချယ်​ခဲ့​သည်။ ထို့နောက် အခြား​နာမ်ဝိညာဉ်​သတ္တဝါများ​အပေါ် သူ၏​ဖောက်ပြန်​ယိုယွင်းသော​သြဇာ လွှမ်းမိုး​လာ​ခဲ့​ရာ ရေလွှမ်းမိုးခြင်း​မတိုင်မီ နောဧ​ခေတ်တွင် သူတို့​ထဲ​မှ​အမြောက်အမြား​သည် ဘုရားသခင်​ကို ဆန့်ကျင်​ပုန်ကန်မှု​တွင် စာတန်​နှင့် ပူးပေါင်း​ခဲ့​ကြသည်။—ကမ္ဘာဦး ၆:၂၊ အောက်ခြေမှတ်ချက်; ၂ ပေတရု ၂:၄

ဖောက်ပြန်​သွား​သည့် ထို​ကောင်းကင်တမန်​များ​ကို ကောင်းကင်​မှ​ချက်ချင်း​မ​နှင်ထုတ်​ခဲ့​ပေ။ ယင်းအစား ကန့်သတ်ချက်​အချို့​ထား​ရှိ​ကာ သူတို့၏​ဝင်ရောက်ခွင့်​ကို နှစ်ပေါင်း​ထောင်နှင့်ချီ​၍ သည်းခံ​ခွင့်ပြု​ထားခဲ့​ကြောင်း​ထင်ရှား​သည်။ * သို့သော်လည်း ဘုရားသခင်​၏​သည်းခံခွင့်​လွှတ်​ချိန်​ကုန်​သောအခါ ထို​ဆိုးသွမ်းမှု​ပြုသူ​များ​ကို အစတုံး ဖျက်ဆီး​ပစ်​ရန် ကောင်းကင်​မှ “ပစ်ချ” ခဲ့​သည်။ ထို​နောက် ကောင်းကင်ဘုံ​၌​အသံတော်​ကား– “ကောင်းကင်​နှင့် ကောင်းကင်သား​တို့ ရွှင်လန်း​ကြလော့!” (ဗျာဒိတ် ၁၂:၇-၁၂) နောက်ဆုံး​တွင် ကောင်းကင်​သည် ယုတ်မာ​သော​အနှောင့်အယှက်​ပေး​သူများ ကင်းရှင်း​သွားသော​ကြောင့် သစ္စာစောင့်​သော​ကောင်းကင်တမန်​များ ဝမ်းမြောက်​ရွှင်လန်း​ခဲ့​ရသည်​တကား!

အများအားဖြင့် မသိ​ရှိကြ​သည့် ဤ​အသေးစိတ်​အချက်အလက်​များ​ကို သုံးသပ်ကြည့်​လျှင် အသိဉာဏ်​ရှိသော​သတ္တဝါများ​သည် ဘုရားသခင့်​ပညတ်တော်​များနှင့် မူများ​ကို​လျစ်လျူရှု​ပါ​က မည်သည့်​အခါ​မှ စစ်မှန်သော​ငြိမ်းချမ်းရေး မရနိုင်​ကြောင်း အထင်အရှား​တွေ့ရ​သည်။ (ဟေရှာယ ၅၇:၂၀၊ ၂၁; ယေရမိ ၁၄:၁၉၊ ၂၀) တစ်ဖက်​တွင်​မူ ဘုရားသခင့်​ပညတ်တော်​ကို လူတိုင်း​နာခံ​သောအခါ ငြိမ်သက်​အေးချမ်းမှု လွှမ်းမိုး​နေ​မည်​သာ။ (ဆာလံ ၁၁၉:၁၆၅; ဟေရှာယ ၄၈:၁၇၊ ၁၈) ထို့​ကြောင့် လူသား​အားလုံး ဘုရားသခင်​ကို​ချစ်​ပြီး​နာခံ​ကာ အချင်းချင်းချစ်​မြတ်နိုးကြ​လျှင် ကမ္ဘာ​မြေ​သည် အမှန်​အားရ​နှစ်လိုဖွယ်​ကောင်းသော ပျော်ရွှင်ဖွယ်စံအိမ်​တစ်ခု​ဖြစ်​မည်​မဟုတ်ပေ​လော။ သမ္မာကျမ်းစာ​က ဟုတ်​သည်​ဟု​ဖြေဆို​သည်!

သို့သော် ကိုယ်ကျိုး​ကို​သာ​ရှာ၍ သူတို့၏​ဆိုးသွမ်း​သည့်​လမ်းစဉ်​များ​ကို ပြောင်းလဲ​ရန် ငြင်းဆန်သူ​များနှင့်​ပတ်သက်​၍​ကော အသို့နည်း။ သူတို့သည် ဘုရားသခင့်​အလိုတော်ကို အမှန်​ဆောင်ရွက်​လို​သူများ​၏ ငြိမ်သက်မှု​ကို ထာဝစဉ်​အနှောင့်အယှက်​ပေး​သွား​မည်​လော။ မဟုတ်ပါ၊ ကောင်းကင်​ရှိ ဆိုးသွမ်း​သော​ကောင်းကင်တမန်​များ​ကို ဘုရားသခင် ကိုင်တွယ်​ဖြေရှင်း​ခဲ့​သကဲ့သို့ ကမ္ဘာ​ပေါ်​ရှိ လူဆိုးများ​ကိုလည်း ကိုယ်တော်​ကိုင်တွယ်​ဖြေရှင်း​တော်​မူ​လိမ့်​မည်။

ရှင်းလင်း​သန့်စင်​ပြီး ကမ္ဘာ​မြေ

“ကောင်းကင်ဘုံ​သည် ငါ့​ပလ္လင်​ဖြစ်၏။ မြေကြီး​သည် ငါ့​ခြေတင်ရာ​ခုံ​ဖြစ်၏” ဟု​ထာဝရ​ဘုရား​မိန့်တော်မူ၏။ (ဟေရှာယ ၆၆:၁) ဘုရားသခင်​သည် အသန့်ရှင်းအမြင့်မြတ်ဆုံး​အရှင်ဖြစ်​တော်​မူ​သောကြောင့် ကိုယ်တော်​၏ “ခြေတင်ရာ​ခုံ” ကို​ဆိုးသွမ်းမှု​များနှင့် ကာလ​အကန့်အသတ်​မရှိ​ညစ်ပေ​နေ​စေရန် ခွင့်ပြု​မည်​မဟုတ်ပေ။ (ဟေရှာယ ၆:၁-၃; ဗျာဒိတ် ၄:၈) နာမ်ဝိညာဉ်​ဆိုး​များ​ကို ကောင်းကင်​မှ​ကိုယ်တော်​ရှင်းလင်း​ခဲ့​သည်​နည်းတူ အောက်ပါ​ကျမ်းပိုဒ်​များ​ဖော်ပြ​သကဲ့သို့ လူဆိုး​အားလုံး​ကိုလည်း ကမ္ဘာ​ပေါ်​မှ​ကိုယ်တော်​ပယ်ရှင်း​တော်​မူ​လိမ့်​မည်–

“အဆိုး​ပြုကျင့်​သော​သူတို့သည် ပယ်ရှင်း​ခြင်း​ခံရ​ကြလိမ့်မည်။ ယေဟောဝါ​ရှင်​အား စောင့်မျှော်သော​သူတို့မူကား မြေကြီးကို​အပိုင်ရ​ကြလိမ့်မည်။”—ဆာလံ ၃၇:၉က​ဘ။

“ဖြောင့်မတ်​သော​သူတို့သည် ပြည်တော် [“မြေကြီး၊” က​ဘ] ၌​နေ၍ စုံလင်သော​သူတို့သည် နေရာကျ​ကြလိမ့်မည်။ [မတရားသော] လူ​တို့​မူ​ကား ပြည်တော် [“မြေကြီး၊” က​ဘ] မှ​ပယ်ရှင်း​ခြင်း၊ လွန်ကျူး​သော​သူတို့သည် နုတ်​ပစ်​ခြင်း​ကို​ခံရ​ကြလိမ့်မည်။”—သု. ၂:၂၁၊ ၂၂

“သခင်​ယေရှု​ခရစ်​သည် တန်ခိုး​ရှိသော​ကောင်းကင်တမန်​တို့​နှင့်အတူ ကောင်းကင်ဘုံ​က​ပေါ်ထွန်း​တော်​မူ​၍ ဘုရားသခင်​ကို​မသိသော​သူ၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏​ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို မီးလျှံ​အားဖြင့်​ဒဏ်ပေး​တော်​မူ​သောအခါ သင်တို့ကို​ဆင်းရဲ​စေ​ဖူး​သော​သူတို့၌ ဆင်းရဲခြင်း​ကိုလည်း​ကောင်း၊ ဆင်းရဲခံ​ရ​ဖူး​သော​သင်တို့၌ ငါ​တို့​နှင့်အတူ ချမ်းသာခြင်း​ကိုလည်း​ကောင်း ဘုရားသခင်​ဆပ်ပေး​၍ တရား​သဖြင့်​စီရင်တော်မူ​လိမ့်​မည်။ . . . ထို​သူတို့သည် သခင်​ဘုရား​၏​မျက်နှာတော်​နှင့်​လည်းကောင်း၊ တန်ခိုး​ရှိသော​ဘုန်းတော်​နှင့်​လည်းကောင်း​ကွာ​၍ ထာဝရ​ပျက်စီးခြင်း​တည်း​ဟူသော အပြစ်ဒဏ်​ကို ခံရ​ကြ​လတ္တံ့။”—၂ သက်သာလောနိတ် ၁:၆-၁၀

“လောက [ဆိုးသွမ်း​သော​လူများ] နှင့်​လော[က]တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား . . . ထာဝရ​တည်​၏။”—၁ ယောဟန် ၂:၁၇

ကမ္ဘာ​မြေပေါ် ငြိမ်သက်ခြင်း​တည်မြဲ​မည်​လော

ဆိုးသွမ်းမှု​များ​ကို ဘုရားသခင်​သည်းခံ​ထားခြင်း​သည် အကန့်အသတ်​နှင့်​ဖြစ်​ကြောင်း ကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​ထား​သော်လည်း ဆိုးသွမ်းမှု​ကို ပယ်ရှား​လိုက်​သည်​နှင့် တစ်ဖန်​ပြန်​ပေါ်လာ​တော့​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​ယုံကြည်​နိုင်​မည်​နည်း။ အမှန်​မှာ နောဧ​ခေတ် ရေလွှမ်းမိုးခြင်း​ပြီး​နောက် မကြာမီ ဘုရားသခင်​သည် သူတို့၏​ဘာသာ​စကား​ကို ရှုပ်ထွေး​စေခြင်း​ဖြင့် လူသား​တို့၏​ဆိုးယုတ်​သော​အစီအစဉ်များ ပျက်ပြား​သွား​ရန်​ဟန့်တား​ခဲ့​ရသည့်​အထိ ယင်းသည် ပြန်​ပေါ်လာ​ခဲ့​သည်။—ကမ္ဘာဦး ၁၁:၁-၈

ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ရန် အဓိက​အကြောင်းရင်း​မှာ ရေလွှမ်းမိုးခြင်း​ပြီး​နောက် မကြာမီ​အချိန်​က​ကဲ့သို့ ကမ္ဘာကြီး​ကို လူသားများ​အုပ်ချုပ်​တော့​မည်​မဟုတ်သောကြောင့် ဆိုးသွမ်းမှု တစ်ဖန်​ပြန်​ဖြစ်လာ​တော့​မည်​မဟုတ်​ချေ။ ယင်းအစား ၎င်းကို ဘုရားသခင့်​နိုင်ငံတော်​က အုပ်ချုပ်​သွား​မည်​ဖြစ်သည်။ ကောင်းကင်​မှ​အုပ်ချုပ်​မည့် ထို​နိုင်ငံတော်​သည်​သာ ကမ္ဘာ​မြေ​၏ တစ်ခု​တည်း​သော​အစိုးရ​ဖြစ်​လိမ့်​မည်။ (ဒံယေလ ၂:၄၄; ၇:၁၃၊ ၁၄) ၎င်း​က မကောင်းမှုကို ပြန်​ဖြစ်ပွား​စေရန်​ကြိုးစား​သည့် ဆန့်ကျင်သူ​တိုင်း​ကို ချက်ချင်း​အရေးယူ​သွား​မည်​ဖြစ်သည်။ (ဟေရှာယ ၆၅:၂၀) သူ့​နောက်လိုက် ဆိုးညစ်သော​ကောင်းကင်တမန်​များ​ဖြစ်သော နတ်ဆိုး​များနှင့်​အတူ ဆိုးသွမ်းမှု​များ​ကို​အစပြု​သူ—စာတန်—သည် နောက်ဆုံး​၌ အမှန်ပင်​ဖျက်ဆီး​ခံရ​မည်​ဖြစ်သည်။—ရောမ ၁၆:၂၀

ထို့​အပြင် လူသားများ​သည် စား​ဝတ်​နေ​ရေး၊ အလုပ်အကိုင်​နှင့်​ပတ်​သတ်​၍ စိုးရိမ်​ပူပန်​စ​ရာ​အကြောင်း ရှိတော့မည်​မဟုတ်။ ယင်း​တို့​ချို့တဲ့​၍ ယနေ့ အချို့​သော​သူတို့သည် ရာဇဝတ်သား​ဘဝသို့​ရောက်သွား​ရသည်။ မှန်ပါသည်၊ ကမ္ဘာ​မြေ​တစ်ခုလုံး​သည် အားလုံး​အတွက် ပေါများ​ကြွယ်ဝခြင်း​နှင့်အတူ သီးနှံ​ဖြစ်ထွန်း​သော​ပရဒိသု​အဖြစ်သို့ ပြောင်းလဲ​သွား​မည်​ဖြစ်သည်။—ဟေရှာယ ၆၅:၂၁-၂၃; လုကာ ၂၃:၄၃

သာ၍​အရေးကြီးသော​အရာ​မှာ ဘုရားသခင့်​နိုင်ငံတော်​သည် မိမိ၏​လက်အောက်ခံ​များ​အား ငြိမ်သက်​အေးချမ်း​သည့်​အသက်တာ​လမ်းစဉ်​ကို ပြသ​သွန်သင်ပေး​မည်​ဖြစ်​ပြီး တစ်ချိန်တည်း​တွင် လူ့​စုံလင်မှု​၏​အထွတ်အထိပ်​သို့​ရောက်​ရန် မြှင့်တင်​ပေး​မည်​ဖြစ်သည်။ (ယောဟန် ၁၇:၃; ရောမ ၈:၂၁) ထို့နောက် လူသားများ​သည် အားနည်းချက်များ၊ အပြစ်​၏​အကျိုးဆက်များ​နှင့် ရုန်းကန်​တွန်းလှန်​ရခြင်း​မရှိတော့ဘဲ စုံလင်သော​လူသား​ယေရှု​ကိစ္စ​မှာ​ကဲ့သို့​ပင် ဘုရားသခင်​အား​အပြည့်အဝ​နာခံခြင်း​သည် ဖြစ်​လည်း​ဖြစ်​နိုင်​ပြီး နှစ်ထောင်း​အားရစရာ​လည်း​ဖြစ်​မည်။ (ဟေရှာယ ၁၁:၃) အမှန်​သော် ယေရှုသည် ပရဒိသု​အသက်တာ​နှင့် လုံးဝ​မအပ်စပ်​မည့် အကြီးအကျယ်​သွေးဆောင်မှု​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​တို့ကို​ရင်ဆိုင်​ရ​လျက်​ပင် ဘုရားသခင်​အပေါ် သစ္စာစောင့်သိ​တည်ကြည်​ခဲ့​သည်။—ဟေဗြဲ ၇:၂၆

အချို့​သူများ ကောင်းကင်​သို့​သွား​ရသည့်​အကြောင်းရင်း

သို့သော် များစွာသော​ကျမ်းစာ​ဖတ်ရှု​သူတို့သည် ယေရှု၏ ဤ​စကား​ကို​သိ​ကြသည်– “ငါ့​အဘ​၏​အိမ်တော်၌ နေစရာ​အခန်း​အများ​ရှိ၏။ . . . သင်တို့​နေစရာ​အရပ်​ကို​ပြင်ဆင်ခြင်း​ငှာ ငါ​သွားရ၏။” (ယောဟန် ၁၄:၂၊ ၃) ဤ​အချက်​က မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်ရှင်ခြင်း ယုံကြည်​ယူဆချက်​နှင့် ဆန့်ကျင်​သည်မဟုတ်​လော။

ဤ​သွန်သင်ချက်​များသည် ဖီ​လာ​ဆန့်ကျင်မှု​မရှိပေ။ အမှန်​မှာ တစ်ချက်​ကို ကျန်​အချက်​က ထောက်ပံ့​ပေး​သည်။ ဦးဆုံး​အနေ​နှင့် အရေအတွက်​ကန့်သတ်​ထားသော သစ္စာရှိ​ခရစ်ယာန်​များ​သာ—တစ်နည်း​ဆို​သော် ၁၄၄,၀၀၀ သော​သူများ—ကောင်းကင်​တွင်​နေထိုင်ရန် နာမ်ဝိညာဉ်​သတ္တဝါများ​အဖြစ် ချီးမြှင့်​ခံရ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​က​ဖော်ပြ​သည်။ ဤ​အံ့ဖွယ်ဆု​ကျေးဇူး​ကို သူတို့​အဘယ်ကြောင့် ပေးအပ်​ခံရ​သနည်း။ အဆင်းအာရုံ​တစ်ခု​တွင် ယောဟန်​မြင်ခဲ့​ရသည့် “အသက်ရှင်​၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ စိုးစံ​ရ” မည့်​အုပ်စု​တွင် ပါဝင်သော​ကြောင့်​ဖြစ်သည်။ (ဗျာဒိတ် ၁၄:၁၊ ၃; ၂၀:၄-၆) ကမ္ဘာ​ပေါ်​ရှိ သန်း​ထောင်ပေါင်း​များစွာသော​သူတို့နှင့် နှိုင်းယှဉ်​ကြည့်​လျှင် ၁၄၄,၀၀၀ သည် “သိုးစုငယ်” အမှန်​ဖြစ်သည်။ (လုကာ ၁၂:၃၂) ထို့​ပြင် လူသားများ​တွေ့ကြုံ​လေ့​ရှိသည့်​ပြဿနာ​များ​ကို တွေ့ကြုံ​ခဲ့​ရခြင်း​ကြောင့် လူသားများ​နှင့် ကမ္ဘာကြီး​တို့၏ ပြန်လည်​ထူထောင်​ရေး​ကို ကြီးကြပ်​သည်​နှင့်​အမျှ သူတို့သည် ယေရှု​နည်းတူ ‘ငါ​တို့၏​အားနည်းမှု​များ​အတွက် ကြင်နာ’ နိုင်​မည်​ဖြစ်သည်။—ဟေဗြဲ ၄:၁၅သတင်းကောင်း။

ကမ္ဘာ​မြေ—လူသားများ​၏​ထာဝရ​နေအိမ်

ယေရှု​ခရစ်​၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​ကို စီမံ​ပေးခြင်း​အားဖြင့် ဘုရားသခင်​သည် လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ နီးပါး​ခန့်​က ၁၄၄,၀၀၀ ကို​စတင်​စုသိမ်း​လာ​ခဲ့​ရာ ထို​အုပ်စု​သည် ယခု​ပြည့်​သွားပြီ​ဖြစ်​ကြောင်း ထင်ရှား​သည်။ (တမန်​တော် ၂:၁-၄; ဂလာတိ ၄:၄-၇) သို့သော်လည်း ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​သည် ၁၄၄,၀၀၀ တို့၏​အပြစ်​များ​အတွက်သာ​မ​က​ဘဲ “လော[က]သား​အပေါင်း​တို့အတွက်​လည်း” ပါ​သည်။ (၁ ယောဟန် ၂:၂) ထို့​ကြောင့် ယေရှုကို​ယုံကြည်​ကြောင်း​တင်ပြ​သူအား​လုံး ထာဝရ​အသက်​မျှော်လင့်ချက်​ရှိသည်။ (ယောဟန် ၃:၁၆) ဘုရားသခင့်​မှတ်ဉာဏ်​တွင်​ရှိသည့် သင်္ချိုင်း​တွင်​အိပ်ပျော်နေသူ​များလည်း ကောင်းကင်​သို့​မဟုတ်ဘဲ သန့်စင်​ထား​သည့်​ကမ္ဘာ​ပေါ်​တွင် နေထိုင်ရန် ရှင်ပြန်ထမြောက်​ကြလိမ့်မည်။ (ဒေ. ၉:၅; ယောဟန် ၁၁:၁၁-၁၃၊ ၂၅; တမန်​တော် ၂၄:၁၅) ထို​နေရာတွင် သူတို့ကို အဘယ်အရာ​စောင့်ကြို​နေ​မည်​နည်း။

ဗျာဒိတ် ၂၁:၁-၄ တွင်​ဤသို့​ဖြေဆို​ထား​သည်– “ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ . . . ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” မြင်ယောင်​ကြည့်​ပါ—လူသားများ သေခြင်း​မှ​ကင်းလွတ်​ပြီး နာကျင်ခြင်း​နှင့် အော်ဟစ်​ခြင်း​ကို​ဖြစ်စေ​သည့်​အရာများ ထာဝရ​ကွယ်ပျောက်​သွား​မည်! နောက်ဆုံး​တွင် ကမ္ဘာ​မြေ​နှင့် လူသားများ​အတွက် ယေဟောဝါ​၏​မူလ​ရည်ရွယ်ချက်​သည် ယင်း​၏​ဘုန်း​ကျက်သရေ​ရှိသော ပြည့်စုံမှု​အထိ ပြည့်မီ​သွား​မည်​ဖြစ်သည်။—ကမ္ဘာဦး ၁:၂၇၊ ၂၈

ကျွန်ုပ်​တို့၏​ရွေးချယ်မှု —အသက်ရှင်ခြင်း​လော၊ သေခြင်း​လော

အာဒံ​နှင့်​ဧဝ​တို့အား ကောင်းကင်​သို့​သွား​ရန်​အခွင့် တစ်ခါ​မှ​မပေးခဲ့​ပါ။ သူတို့​ရွေးချယ်​ရန်​မှာ ဘုရားသခင်​ကို​နာခံ​ကာ မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​မည်​လော၊ မနာခံ​ဘဲ သေ​မည်​လော​ဟူ၍​သာ​ဖြစ်သည်။ ဝမ်းနည်းစရာမှာ သူတို့သည် မနာခံမှု​ကို​ရွေးချယ်​ခဲ့​ကြ​ပြီး ယင်းကြောင့်“မြေမှုန့်” သို့​ပြန်​ခဲ့​ကြ​ရသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၂-၅၊ ၁၉) ယေဘုယျ​အားဖြင့် လူ့​မိသားစု​သည် သေဆုံး​ပြီး သင်္ချိုင်း​မှ​တစ်ဆင့် ကောင်းကင်​သို့​သွားရောက်​နေထိုင်ရန် ဘုရားသခင်​လုံးဝ​မရည်ရွယ်ခဲ့​ပါ။ ဘုရားသခင်​သည် ကောင်းကင်​တွင်​နေထိုင်ရန် ကောင်းကင်တမန်​အ​သင်္ချေ​တို့ကို ဖန်ဆင်း​ခဲ့​ပြီး ထို​နာမ်ဝိညာဉ်​သတ္တဝါများ​သည် သေဆုံး​ပြီး​နောက် ကောင်းကင်​အသက်တာ​သို့ ရှင်ပြန်ထမြောက်​သွား​ကြ​သည့် လူသားများ​မဟုတ်​ကြ​ပါ။—ဆာလံ ၁၀၄:၁၊ ၄; ဒံယေလ ၇:၁၀

မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ကောင်းချီး​ခံစားရ​ရန် ကျွန်ုပ်​တို့​အဘယ်အရာ​လုပ်ဆောင်​ရမည်​နည်း။ ပထမ​ခြေလှမ်း​မှာ သန့်ရှင်းသော​ကျမ်းစာ ဘုရားသခင့်​နှုတ်မြွက်တော်​ကို လေ့လာ​ရမည်​ဖြစ်သည်။ ဆုတောင်း​ခန်း​တွင် ယေရှု​ဤသို့​ဆို​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။”—ယောဟန် ၁၇:၃

ပရဒိသု​တွင် ထာဝစဉ်​ပျော်ရွှင်မှု​ရရှိရန် နောက်​ခြေလှမ်း​တစ်ဆင့်​မှာ ထို​အသိပညာကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြစ်သည်။ (ယာကုပ် ၁:၂၂-၂၄) ဘုရားသခင့်​နှုတ်မြွက်တော်​နှင့်​အညီ အသက်ရှင်နေ​ထိုင်​သူများ​သည် ဟေရှာယ ၁၁:၉ တွင်​မှတ်တမ်း​တင်ထား​သည့်– “ငါ​၏​သန့်ရှင်းသော​တောင်​တစ်ပြင်လုံး​၌ [လူသား] အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို​မပြုရ​ကြ။ အကြောင်း​မူ​ကား ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်” ဟု​ဆို​သည့် ပီတိ​ဖြစ်ဖွယ်​ပရောဖက်ပြုချက်​များ​ပြည့်စုံခြင်း​ကို သူတို့​မျက်စိဖြင့် မြင်တွေ့ ခွင့် ရရှိကြ​မည်​ဖြစ်သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 7 ကောင်းကင်​နှင့်​မြေကြီးပေါ်​တွင် ဆိုးသွမ်းမှု​ကို ဘုရားသခင်​အဘယ်ကြောင့်​ခွင့်ပြု​ထား​ရ​ကြောင်း ဆွေးနွေးချက်​ကို မြန်မာ၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​မှ​ထုတ်ဝေ​သည့် ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ် စာမျက်နှာ ၇၀-၉ တွင်​ရှု။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“ဖြောင့်မတ်​သော​သူတို့သည် မြေကြီးကို အပိုင်ရ​၍ အမြဲ​နေထိုင်​ရ​ကြလိမ့်မည်။” —ဆာလံ ၃၇:၂၉၊ က​ဘ