မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖတ်ရှုလေ့လာမှုအတွက် အချိန်ဝယ်ယူခြင်း

ဖတ်ရှုလေ့လာမှုအတွက် အချိန်ဝယ်ယူခြင်း

ဖတ်ရှု​လေ့လာမှု​အတွက် အချိန်​ဝယ်ယူခြင်း

“ယခု​နေ့ရက်​ကာလ​တို့သည် ဆိုးယုတ်​သောကြောင့် ကာလ​အချိန်ကို [“ဝယ်ယူ၊” က​ဘ] ရွေးနုတ်​ကြလော့။”—ဧဖက် ၅:၁၆

၁။ ကျွန်ုပ်​တို့၏​အချိန်ကို လျာထား​ခြင်း​က အဘယ်ကြောင့်​ပညာရှိရာ​ကျ​သနည်း၊ ကျွန်ုပ်​တို့၏​အချိန်ကို အသုံးပြုပုံ​က ကျွန်ုပ်​တို့​အကြောင်း အဘယ်အရာ​ဖော်ပြ​နိုင်​သနည်း။

“အချိန်​ရွေး​တတ်​လျှင် အချိန်ကုန်​သက်သာ​၏” ဟု​ဆိုရိုး​ရှိသည်။ ပြုလုပ်​ရန်လို​အပ်​ရာ​များ​အတွက် အချိန်​ပမာဏ အတိအကျ​ခွဲဝေ​သတ်မှတ်မှု​ရှိသူ​သည် သူ၏​အချိန်​မှ​အကျိုးကို ပို​ရ​တတ်​သည်။ ပညာရှိ​ရှောလမုန်က ဤသို့​ရေးသားခဲ့​သည်– “အရာခပ်သိမ်း​အဖို့​ဆိုင်ရာ​အချိန်​ရှိ၏။ မိုးကောင်းကင်​အောက်​၌​အမှု​အရေး​ရှိသမျှကို​ပြု​ရသော​အချိန်​ရှိ၏။” (ဒေ. ၃:၁သမ္မာ) ကျွန်ုပ်​တို့​ပြု​လို​ရာ​ကို​ပြုလုပ်​ရန် ကျွန်ုပ်​တို့အားလုံး​၌​ရှိကြ​သော အချိန်​ပမာဏ​မှာ အတူတူ​ပင်; ယင်းကို​အသုံးပြုပုံ​မှာ ကျွန်ုပ်​တို့​အပေါ်​တွင်​မူတည်​၏။ ကျွန်ုပ်​တို့၏​ဦးစားပေး​ချမှတ်​ရာ​များ ထား​ရှိ​ပုံ​နှင့် အချိန်ကို ခွဲဝေ​သတ်မှတ်​ပုံ​တို့​က ကျွန်ုပ်​တို့၏​စိတ်နှလုံး​၌ တန်ဖိုး​အထား​ဆုံး​အရာ​ကို ကြီးမား​သည့်​အတိုင်းအတာ​တစ်ခု​အထိ ဖော်ပြ​ပေး​သည်။—မဿဲ ၆:၂၁

၂။ (က) ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​တွင် ယေရှု​က ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​နှင့်​ပတ်သက်ပြီး အဘယ်အရာကို​မိန့်မြွက်​ခဲ့​သနည်း။ (ခ) မိမိကိုယ်ကို အဘယ်​သို့​ဆန်းစစ်​လျှင် ကောင်း​မည်​နည်း။

ခန္ဓာကိုယ်​လိုအပ်ချက်​များ​ကြောင့် ကျွန်ုပ်​တို့သည် စားချိန်၊ အိပ်ချိန် ပေး​ရ​ကြသည်။ သို့သော် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​အတွက်​ကော။ ယင်း​တို့ကို​လည်း ဖြည့်စွက်​ပေး​ရမည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိထားကြ​၏။ ယေရှု၏​တောင်ပေါ်​တရားတော်​တွင် ကိုယ်တော်​က ဤသို့​မိန့်မြွက်​ခဲ့​သည်– “ဝိညာဉ်ရေးတွင် မိမိတို့​လိုလျက်​နေကြောင်း သတိပြု​သူများ​သည် ဝမ်းမြောက်စရာ​ရှိကြ​၏။” (မဿဲ ၅:၃က​ဘ) ထို့​ကြောင့် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ သည် သမ္မာကျမ်းစာ​ဖတ်ရှု​လေ့လာမှု​အတွက် အချိန်​သီးသန့်​ထားခြင်း​၏​အရေးပါမှု​ကို ကျွန်ုပ်​တို့အား မှန်မှန်​ဆော်သြ​ပေးခြင်း​ဖြစ်သည်။ (မဿဲ ၂၄:၄၅) ယင်းသည် မည်မျှ​အရေးကြီးကြောင်း သင်​သိမည်​ဖြစ်သော်လည်း သင့်​၌ သမ္မာကျမ်းစာ လေ့လာ​ဖို့ သို့​မဟုတ် ဖတ်ရှု​ဖို့​ပင် အချိန်​မရှိ​ဟု​ခံစားရ​ပေမည်။ သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာ​၌ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဖတ်ရှုခြင်း၊ ကိုယ်ပိုင်​လေ့လာမှု​နှင့် စဉ်းစား​ဆင်ခြင်မှု​တို့အတွက် သာ၍​အချိန်​ရ​ရန်​ဖန်တီး​နိုင်​သည့်​အခွင့်အလမ်း​နှင့် နည်းလမ်းများ​ကို ကျွန်ုပ်​တို့​ဆန်းစစ်​ကြည့်​ကြ​စို့။

ကျမ်းစာ​ဖတ်ရှု​လေ့လာမှု​အတွက် အချိန်ကို​ရှာဖွေခြင်း

၃၊ ၄။ (က) ကျွန်ုပ်​တို့၏​အချိန် အသုံးပြုပုံ​နှင့်​ပတ်သက်​၍ အဘယ်​ဆုံးမ​စကား​ကို တမန်​တော်​ပေါလု​ပေး​ခဲ့​သနည်း၊ ယင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ (ခ) ‘ကျွန်ုပ်​တို့​ကိုယ်နှိုက်​အတွက် ကာလ​အချိန်​ဝယ်ယူ’ ပါ​ဟု ပေါလု​အကြံပေး​သောအခါ သူ​ဘာကို​ဆိုလို​သနည်း။

ကျွန်ုပ်​တို့​အသက်ရှင်နေ​သော​အချိန်ကို ထောက်ရှု​ကာ ကျွန်ုပ်​တို့အားလုံး တမန်​တော်​ပေါလု​၏ ဤ​စကား​များ​ကို ဂရုစိုက်​လိုက်နာ​ရန်လို​အပ်​သည်– “ပညာ​မဲ့​ကဲ့သို့​မဟုတ်၊ ပညာရှိ​ကဲ့သို့ စေ့စေ့​မြေ့​မြေ့ကျင့်​ဆောင်​မည်​အကြောင်း သတိပြု​ကြလော့။ ယခု​နေ့ရက်​ကာလ​တို့သည် ဆိုးယုတ်​သောကြောင့် ကာလ​အချိန်ကို [“ဝယ်ယူ၊” က​ဘ] ရွေးနုတ်​ကြလော့။ ထို​ကြောင့် သတိ​မရှိသော​သူ​မဖြစ်၊ သခင်​ဘုရား​၏​အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍​သိ​သော​သူ​ဖြစ်​ကြလော့။” (ဧဖက် ၅:၁၅-၁၇) မှန်ပါသည်၊ ဤ​လမ်းညွှန်ချက်​သည် ဆုတောင်းခြင်း၊ လေ့လာခြင်း၊ အစည်းအဝေး​တက်​ခြင်း​နှင့် ဖြစ်​နိုင်​သ၍ “[ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို” ဟောပြောခြင်း​၌ အတတ်နိုင်ဆုံး​ပြည့်ဝ​စွာ​ပါဝင်ခြင်း​အပါအဝင် ဆက်ကပ်​အပ်နှံ​ပြီး​သား ခရစ်ယာန်​များ​အဖြစ် ကျွန်ုပ်​တို့​အသက်တာ​၏ ကဏ္ဍအသီးသီး​တွင်​အကျုံးဝင်​သည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀

ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များစွာ​သည် ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် နက်နက်နဲနဲ​လေ့လာခြင်း​တို့ကို သူတို့၏​ဘဝ​အသက်တာတွင် အခြေ​တ​ကျ​ဖြစ်စေ​ရန်​လုပ်ဆောင်ဖို့ အခက်တွေ့​နေ​ပုံ​ရသည်။ ကျွန်ုပ်​တို့၏​တစ်ရက်တာ​တွင် နာရီ​ထပ်၍​မ​ဖြည့်​နိုင်​သည်​မှာ ရှင်း​ပါ​သည်၊ သို့​ဖြစ်၍ ပေါလု​၏​အကြံပေး​ချက်​တွင် ခြားနား​သော​အဓိပ္ပာယ်​ရှိ​ရ​ပေမည်။ ဂရိ​စကား​တွင် “ကာလ​အချိန်ကို​ဝယ်ယူ” ဟူသော​စကားစု​သည် အခြား​အရာ​တစ်ခုခု​ကို ဆုံးရှုံး​ခံ​ကာ ဝယ်ယူခြင်း​ဟူ​သည့် အဓိပ္ပာယ်ဆောင်​သည်။ ဒဗလျူ. အီး. ဗိုင်း​၏ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​တွင် သူက ယင်း​၏​အဓိပ္ပာယ်​ကို “အရာတစ်ခု​ကို လက်လွတ်​သွားပြီ​ဆိုလျှင် မည်သို့​မျှ​ပြန်​မရနိုင်​သောကြောင့် ရ​သမျှ​အခွင့်အလမ်း​ကို​အရ​ယူ၍ အခွင့်အလမ်း​တစ်ခုစီ​ကို အကျိုး​အရှိဆုံး​အသုံးပြုခြင်း” ဟု​ဖော်ပြ​ထား​သည်။ သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​ရန်​အတွက် ကာလ​အချိန်ကို အဘယ်အရာ သို့​မဟုတ် မည်သည့်​နေရာ​မှ​ကျွန်ုပ်​တို့​ဝယ်ယူ​နိုင်​သနည်း။

ဦးစားပေး​ရာ​များ​ကို ချမှတ်​ရမည်

၅။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့်​နှင့် မည်သို့ “သာ၍​အရေးကြီးသော​အရာများ​ကို . . . သေချာ​စေ” သင့်​သနည်း။

ကျွန်ုပ်​တို့​လုပ်ဆောင်​ရမည့် လောက​ဆိုင်ရာ​တာဝန်​ဝတ္တရား​များ​အပြင် ကျွန်ုပ်​တို့​၌ ဂရုစိုက်​ပေး​ရမည့် ဝိညာဉ်​ရေး​သဘောတရား​ဆိုင်ရာ ကိစ္စရပ်​များစွာ​ရှိသည်။ ယေဟောဝါ​၏ ဆက်ကပ်​အပ်နှံ​ပြီး​သား​ကျေးကျွန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့​တွင် “သခင်​ဘုရား​၏​အမှုတော်​၌​လုပ်ကိုင်​စ​ရာ​များစွာ” ရှိသည်။ (၁ ကောရိန္သု ၁၅:၅၈က​ဘ) ဤ​အကြောင်းကြောင့် ပေါလု​က ဖိလိပ္ပိ​ရှိ​ခရစ်ယာန်​များ​အား “သာ၍​အရေးကြီးသော​အရာများ​ကို . . . သေချာ” စေရန် ညွှန်ကြား​ခဲ့​သည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀က​ဘ) ယင်းက ဦးစားပေး​ရာ​များ​ချမှတ်​ရမည်ဟု ဆိုလိုခြင်း​ဖြစ်၏။ ဝိညာဉ်​ရေးရာ​များသည် ရုပ်ပစ္စည်း​ရေးရာ​များ​အထက် ဦးစားပေး​နေရာ၌ အမြဲ​ရှိ​သင့်​သည်။ (မဿဲ ၆:၃၁-၃၃) သို့​တိုင် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​တာဝန်​များ​ကို ဖြည့်ဆည်း​ဆောင်ရွက်​ရာ​၌ မျှတမှု​လည်း​လိုအပ်​သည်။ ကျွန်ုပ်​တို့၏​ခရစ်ယာန်​အသက်တာ​၏ ကဏ္ဍအသီးသီး​တွင် မိမိတို့၏​အချိန်ကို မည်သို့​ခွဲဝေ​သတ်မှတ်​ပေး​နေသနည်း။ ခရစ်ယာန်​တစ်ဦး ဂရုစိုက်​သင့်​သည့် “သာ၍​အရေးကြီးသော​အရာများ” ထဲ​တွင် လျစ်လျူရှု​မိ​တတ်​သည့် ကိုယ်ပိုင်​လေ့လာမှု​နှင့် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​ပါဝင်​ကြောင်း နယ်လှည့်​ကြီးကြပ်မှူး​များ​က အစီရင်ခံ​သည်။

၆။ လောက​အလုပ် သို့​မဟုတ် အိမ်အလုပ်​နှင့်​ပတ်သက်​လာသော​အခါ ကာလ​အချိန်ကို​ဝယ်ယူခြင်း​၌ အဘယ်အရာ​ပါဝင်​နိုင်​သနည်း။

ကျွန်ုပ်​တို့​သိ​ရှိခဲ့​ပြီး​သည့်​အတိုင်း အချိန်ကို​ဝယ်ယူခြင်း​တွင် “ရ​သမျှ​အခွင့်အလမ်း​ကို​အရ​ယူ၍ အခွင့်အလမ်း​တစ်ခုစီ​ကို အကျိုး​အရှိဆုံး​အသုံးပြုခြင်း” ပါဝင်​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​အလေ့အထ​များ​တွင် ချို့တဲ့​အားနည်းမှု​များ​ရှိနေ​မည်​ဆိုလျှင် မိမိ၏​အချိန်ကို မည်သို့​အသုံးပြု​နေကြောင်း​သိရှိဖို့ ကိုယ်တိုင်​ဆန်းစစ်မှု​ပြု​ရန် ကောင်း​ပေမည်။ ကျွန်ုပ်​တို့၏​လောက​အလုပ်​က လွန်ကြူး​စွာ​တောင်းဆိုရာ ကျွန်ုပ်​တို့၏​အချိန်​နှင့် ခွန်အား​ကို အကြီးအကျယ်​ကုန်ခန်း​စေမည်​ဆိုလျှင် ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍ ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ဆုတောင်း​သင့်​သည်။ (ဆာလံ ၅၅:၂၂) လေ့လာခြင်း​နှင့် ကျမ်းစာ​ဖတ်ရှုခြင်း​အပါအဝင် ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​ခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် အရေးကြီးသော​အရာများ​အတွက် အချိန်ပို​၍​ပေး​နိုင်​စေ​မည့် ပြုပြင်​ပြောင်းလဲမှု​များ​ကို ကျွန်ုပ်​တို့​ပြုလုပ်​နိုင်​ပေမည်။ အမျိုးသမီး​တစ်ဦး၏​အလုပ်​သည် ဘယ်​သောအခါ​မျှ​ပြီးပြတ်​သည်​မရှိ​ဟု တော်မှန်​စွာ​ပြော​ကြသည်။ သို့​ဖြစ်၍ ခရစ်ယာန်​ညီအစ်မ​များသည် မိမိတို့၏ ဦးစားပေး​ရာ​များ​ကို ချ​မှတ်၍ ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေးလေးနက်နက်​လေ့လာခြင်း​အတွက် တိကျသော​အချိန်ပိုင်း​များ​ကို ဖယ်​ထား​ရမည်​ဖြစ်သည်။

၇၊ ၈။ (က) ဖတ်ရှု​လေ့လာခြင်း​အတွက် အဘယ်​လုပ်ဆောင်မှုများ​မှ အချိန်ကို​ဝယ်ယူ​နိုင်​လေ့​ရှိ​သနည်း။ (ခ) အပန်းဖြေ​ခြင်း​၏​ရည်​ရွက်​ချက်​ကား အဘယ်နည်း၊ ယင်းကို သတိရခြင်းက ကျွန်​ပ်​တို့​ဦးစားပေး​ရာ​များ​ချမှတ်​ရာ​တွင် မည်သို့​အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

ယေဘုယျ​အားဖြင့် ကျွန်ုပ်​တို့​အများစု​သည် မလို​အပ်သော​လှုပ်ရှား​ဆောင်ရွက်မှု​များ​ကို လက်လွှတ်​လိုက်ခြင်း​ဖြင့် လေ့လာမှု​အတွက် အချိန်ကို​ဝယ်ယူ​နိုင်​ကြသည်။ ကျွန်ုပ်​တို့​ကိုယ်ကို ဤသို့​မေးမြန်း​ကြ​ရမည်၊ ‘လောက​မဂ္ဂဇင်း​တွေ ဒါမှ​မဟုတ် သတင်းစာ​ဖတ်ရှုခြင်း၊ ရုပ်မြင်သံကြား​အစီအစဉ်များ​ကြည့်ရှု​ခြင်း၊ တေးဂီတ​နားထောင်ခြင်း ဒါမှ​မဟုတ် ဗီဒီယို​ဂိမ်း​ကစား​ခြင်း​မှာ ငါ့ရဲ့​အချိန်ကို ဘယ်လောက်တောင်​အသုံးပြု​နေသလဲ။ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​ထက် ကွန်ပျူတာ​ရှေ့​ထိုင်တဲ့​အချိန်​က ပို​ပြီး​များနေ​သလား။’ ပေါလု​က ဤသို့​ဆို​သည်– “သတိ​မရှိသော​သူ​မဖြစ်၊ သခင်​ဘုရား​၏​အလိုတော်​ရှိရာ​ကို ပိုင်းခြား​၍​သိ​သော​သူ​ဖြစ်​ကြလော့။” (ဧဖက် ၅:၁၇) ရုပ်မြင်သံကြား​ကို သတိ​မရှိ​အလွန်အကျွံ​ကြည့်ရှု​ခြင်း​က များစွာသော​သက်သေခံ​တို့ကို ကိုယ်ပိုင်​လေ့လာမှု​နှင့် ကျမ်းစာ​ဖတ်ရှုခြင်း​အတွက် အချိန်​အလုံအလောက်​မပေးနိုင်​စေသည့် အဓိက​အကြောင်းရင်း​တစ်ရပ်​ဖြစ်​ဟန်​ရှိသည်။—ဆာလံ ၁၀၁:၃; ၁၁၉:၃၇၊ ၄၇၊ ၄၈

အချို့​က မိမိတို့​အနေ​ဖြင့် တစ်ချိန်​လုံး​မ​လေ့လာ​နိုင်၊ အပန်းဖြေမှု​အတော်အတန်​လို​သည်​ဟု ပြော​ကြ​ပေ​လိမ့်​မည်။ ယင်းသည် မှန်​သော်လည်း အနားယူခြင်း​အတွက် ကျွန်ုပ်​တို့​အသုံးပြု​လိုက်​သည့် အချိန်​ပမာဏ​နှင့် ကျမ်းစာ​ကို အမှန်တကယ်​လေ့လာ​ဖတ်ရှု​ရာ​တွင် အသုံးပြုသည့်​အချိန်​တို့ကို နှိုင်းယှဉ်​သုံးသပ်​သင့်​ပေ​သည်။ ထွက်ပေါ်​လာ​သည့်​အဖြေ​မှာ အံ့အားသင့်​လောက်​ပေ​လိမ့်​မည်။ အပန်းဖြေ​အနားယူခြင်း​လိုအပ်​သော်လည်း ယင်းကို သူ​နေရာ​နှင့်​သူ ထား​ရမည်​ဖြစ်သည်။ ယင်း​တို့၏​ရည်ရွယ်ချက်မှာ ကျွန်ုပ်​တို့အား ဝိညာဉ်​ရေးရာ​ဆောင်ရွက်မှု​များ​ကို အားသစ်လောင်း​လုပ်ဆောင်ရန်​အတွက် လန်းဆန်း​စေရန်​ဖြစ်သည်။ များစွာသော​ရုပ်မြင်သံကြား​အစီအစဉ်များ​နှင့် ဗီဒီယို​ဂိမ်း​များသည် လူတစ်ဦးကို အားအင်ကုန်ခန်း​မှု​သာ​အဖတ်တင်​စေပြီး တစ်ဖက်​က​ကြည့်​ပြန်​လျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​မူ လန်းဆန်းမှု​ဖြစ်စေ​၍ အားအင်တိုး​စေ​သည်။—ဆာလံ ၁၉:၇၊ ၈

အချို့​သူများ လေ့လာမှု​ပြု​ရန် အချိန်ပေး​ကြ​ပုံ

၉။ ၁၉၉၉—ကျမ်းစာ​ကို နေ့စဉ်​စေ့စေ့​ကြည့်ရှု​ခြင်း စာအုပ်​၌​ပေး​ထားသော​အကြံဉာဏ်​ကို လိုက်လျှောက်ခြင်း​၏​အကျိုးကျေးဇူးများ​ကား အဘယ်နည်း။

၁၉၉၉ ခုနှစ်​အတွက်​ထုတ်ဝေ​ထားသော ကျမ်းစာ​ကို နေ့စဉ်​စေ့စေ့​ကြည့်ရှု​ခြင်း စာအုပ်​၏​ကျမ်း​ဦး​စကား​တွင် ဤသို့​ဖော်ပြ​ထား​သည်– “နံနက်ပိုင်း​အချိန်တွင် ဤ​စာအုပ်​ငယ်​မှ နေ့စဉ်​ကျမ်းချက်​နှင့်​မှတ်ချက်များ​ကို ဆင်ခြင်​သုံးသပ်ခြင်း​သည် အကျိုး​အရှိဆုံး​ဖြစ်​မည်။ မဟာသွန်သင်ရှင်​ဖြစ်သည့် ယေဟောဝါ​သည် မိမိ၏​သွန်သင်ချက်​များ​ဖြင့် သင့်ကို​လှုံ့ဆော်​တိုက်တွန်း​ပေး​နေ​သကဲ့သို့ သင်​ခံစားရ​ပေမည်။ ယေရှု​ခရစ်​သည် နံနက်​တိုင်း ယေဟောဝါ​၏​သွန်သင်ချက်​များ​မှ အကျိုးကျေးဇူး​ခံရ​မည်​အကြောင်းကို ဤသို့​ပရောဖက်ပြု​ပြောဆို​ထား​သည်– ‘နံနက်​အစဉ်​အတိုင်း [ယေဟောဝါ] ငါ့ကို​နှိုးဆော်​တော်​မူ​၏။ စာသင်​သော​သူ​ကဲ့သို့​နားထောင်​စေမည်​အကြောင်း ငါ့​နား​ကို​နှိုးဆော်​တော်​မူ​၏။’ ထို​သွန်သင်ချက်​များ​က ယေရှုကို ‘ပင်ပန်း​သော​သူအား​မစခြင်း​ငှာ စကားပြော​တတ်​မည်​အကြောင်း’ ‘လူ​တတ်၏​နှုတ်​သတ္တိ​ကို’ ရရှိစေ​ခဲ့​သည်။ (ဟေရှာ. ၃၀:၂၀; ၅၀:၄; မ. ၁၁:၂၈-၃၀) နံနက်​တိုင်း ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ အချိန်တန်​ဆုံးမ​စကား​အတွက် နိုးနိုးကြားကြား​ရှိ​ခြင်း​က သင်၏​ကိုယ်ပိုင်​အခက်အခဲ​များ​ကို​ဖြေရှင်းရန် အကူအညီ​ဖြစ်စေ​သည်​သာမက အခြား​သူများကို​ကူညီပေး​ရန် ‘လူ​တတ်၏​နှုတ်​သတ္တိ​ကို’ ပါ​ရရှိစေ​မည်​ဖြစ်သည်။” *

၁၀။ အချို့​တို့သည် ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​အတွက် မည်သို့​အချိန်ပေး​ကြ​သနည်း၊ အဘယ်​အကျိုးကျေးဇူး​ရရှိ​သနည်း။

၁၀ ခရစ်ယာန်​များစွာ​သည် နံနက်​စောစော​တွင် နေ့စဉ်​ကျမ်းချက်​နှင့် မှတ်ချက်များ​ကို ဖတ်ရှုခြင်း​ဖြင့်​လည်းကောင်း၊ သမ္မာကျမ်းစာ​ကို​ဖတ်ရှုခြင်း သို့​မဟုတ် လေ့လာခြင်း​အားဖြင့်လည်း​ကောင်း ဤ​အကြံပေး​ချက်​ကို​လိုက်နာ​ကြသည်။ ပြင်သစ်​နိုင်ငံ​တွင် သစ္စာ​ရှိသော​ရှေ့ဆောင်​တစ်ဦး​သည် နံနက်​တိုင်း​စောစော​ထ၍ သမ္မာကျမ်းစာ​ကို​သီးသန့်​မိနစ် ၃၀ ဖတ်ရှု​သည်။ နှစ်များ​တစ်လျှောက် ဤသို့ သူ့ကို အဘယ်အရာ​က​ပြုလုပ်​စေနိုင်​ခဲ့​သနည်း။ သူက​ဤသို့​ပြောပြ​သည်– “ကျွန်မ​ဟာ အတော့်​ကို​စေ့ဆော်​ခံရ​ပြီး ဘာကြီးပဲ​ဖြစ်​နေပါ​စေ ကျွန်မ​ရဲ့​ဖတ်ရှုခြင်း​ဇယား​အတိုင်း ထက်​ကြပ်​မ​ကွာ​လိုက်တယ်!” တစ်နေ့တာ​အတွင်း ကျွန်ုပ်​တို့​မည်သည့်​အချိန်ကို​ပင်​ရွေးချယ်​ပါစေ၊ အရေးကြီး​သည်​မှာ ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့၏​ဇယား​အတိုင်း ထက်​ကြပ်​မ​ကွာ​လိုက်​ရန်ဖြစ်​သည်။ ဥရောပ​နှင့် မြောက်​အာဖရိက​ရှိ ရှေ့ဆောင်​လုပ်ငန်း​တွင် နှစ်ပေါင်း ၄၀ ကျော်​ထမ်းဆောင်​ခဲ့​သော ရီ​နာ မ​စ်​ကာ​က ဤသို့​ပြောပြ​သည်– “၁၉၅၀ ပြည့်နှစ်​ကတည်းက နှစ်စဉ် သမ္မာကျမ်းစာ​တစ်အုပ်လုံး​ကို ဖတ်ရှု​ပြီးစီး​ရေး​ဟာ ကျွန်တော့်​ရဲ့​ပန်းတိုင်​ဖြစ်​ခဲ့​ပြီး အခု​ဆိုရင် ကျွန်တော်​ဟာ ၄၉ ခေါက်​လောက်​ဖတ်​ပြီး​နေပါ​ပြီ။ ကျွန်တော့်​ရဲ့ ဖန်ဆင်း​ရှင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံ​ရေး​ကို ထိန်းထား​ပေး​ရာ​မှာ ဒါဟာ မရှိမဖြစ်​အလွန်​အရေးပါတယ်လို့ ကျွန်တော်​ခံစား​မိတယ်။ ဘုရားသခင့်​စကားတော်​ကို စဉ်းစား​ဆင်ခြင်ခြင်း​က ယေဟောဝါ​ရဲ့​တရား​မျှတမှု​နဲ့ ကိုယ်တော်​ရဲ့​အခြား​အရည်အချင်းတွေကို ပို​ပြီး​နားလည်စေဖို့ ကျွန်တော့်​ကို​ကူညီပေး​သလို မယုံနိုင်​လောက်​တဲ့ အစွမ်း​ခွန်အား​ရင်းမြစ်​တစ်ခု​ပါ​ပဲ။” *

‘အချိန်တန်​အစာကို ပြင်ဆင်​ပေး’

၁၁၊ ၁၂။ (က) ‘သစ္စာ​ရှိသော​ကျွန်’ အားဖြင့် အဘယ်​ဝိညာဉ်​ရေးရာ “အစားအသောက်​တို့” ကို ပြင်ဆင်​ပေး​လာ​ခဲ့​သနည်း။ (ခ) အခန့်သင့်​အချိန်တွင် “အစားအသောက်​တို့” ကို မည်သို့​ပြင်ဆင်​ပေး​ထား​သနည်း။

၁၁ အစားအစာ​မှန်မှန်​စား​သည့်​အကျင့်​သည် ခန္ဓာကိုယ်​ကျန်းမာ​ရေး​ကောင်း​စေရန် ထောက်ကူ​ပေး​သကဲ့သို့ လေ့လာခြင်း​နှင့် ကျမ်းစာ​ဖတ်ရှုခြင်း​အတွက် ပုံမှန်​ဇယား​တစ်ခု​သည်လည်း ဝိညာဉ်​ရေး​ဆိုင်ရာ ကျန်းမာ​ရေး​ကောင်း​ရှိစေသည်။ လုကာ​ခရစ်ဝင်​ကျမ်း​တွင် ယေရှု၏​စကား​များ​ကို ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “အိမ်ရှင်​သည် မိမိ​အိမ်သား​တို့အား အချိန်တန်လျှင် အစားအသောက်​တို့ကို​ဝေဖန်​စေခြင်း​ငှာ အ​အုပ်​အချုပ်​ခန့်​ထား​၍၊ သစ္စာ​နှင့်​လည်းကောင်း၊ သတိပညာ​နှင့်​လည်းကောင်း ပြည့်စုံသော​ကျွန်​ကား​အဘယ်သူ​နည်း။” (လုကာ ၁၂:၄၂) ကင်းမျှော်စင်​အပြင် အခြား​ကျမ်းစာ​အခြေခံ​စာအုပ်​စာပေ​များ​ဖြင့် ယခု​ထိ နှစ်ပေါင်း ၁၂၀ တိုင် ဝိညာဉ်​ရေးရာ ‘အချိန်တန်​အစာကို ပြင်ဆင်​ပေး’ လာ​ခဲ့​သည်။

၁၂ “အချိန်တန်” ဟူသော​အသုံးအနှုန်း​ကို သတိပြုပါ။ အခန့်သင့်​အချိန်၌ ကျွန်ုပ်​တို့၏ ‘မဟာ​သွန်သင်ပေး​ရှင်’ ယေဟောဝါ​သည် မိမိ၏​သားတော်​နှင့် ကျွန်​အတန်းအစား​အားဖြင့် အယူဝါဒ​နှင့် အမူအကျင့်​ဆိုင်ရာ ကိစ္စရပ်​များ​၌ မိမိ၏​လူ​တို့ကို လမ်းပြ​ညွှန်ကြား​ပေး​ခဲ့​သည်။ ယင်းက ကျွန်ုပ်​တို့အား ပြော​သော​ဤ​စကားသံ​ကို တစ်​ခဲနက်​တည်း​ကြားကြ​ရသကဲ့သို့ ဖြစ်​ချေ​သည်– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်​သို့​လမ်းလွဲ​လျှင် ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့။” (ဟေရှာယ ၃၀:၂၀၊ ၂၁) ထို​ထက်​ကား တစ်ဦးချင်း​စီ​အနေ​ဖြင့် သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​စာပေ​အားလုံး​ကို ဂရုတစိုက်​ဖတ်ရှု​ကြသောအခါ ထို​ထဲ​တွင်​ပါရှိ​သော​ရည်စူး​ချက်​များ​မှာ အထူးသဖြင့် သူတို့ကို​ရည်ညွှန်း​၍​ပြော​နေသည်​ဟု ခံစား​ကြ​ရသည်။ မှန်ပါသည်၊ ဘုရားသခင့်​ရေးရာ​ဆုံးမ​စကား​နှင့် ညွှန်ကြားချက်​သည် ကျွန်ုပ်​တို့အတွက် သင့်တော်​သော​အချိန်တွင်​ရရှိ​လာ​မည်​ဖြစ်​ပြီး ကျွန်ုပ်​တို့အား စုံစမ်းမှု​များ​ကို​တွန်းလှန်​ရန်​နှင့် ပညာ​ရှိသော​ဆုံးဖြတ်ချက်​ချရန် ကူညီပေး​နိုင်​သည်။

အစာ​ကောင်းကောင်း​စား​သည့်​အကျင့်​ရ​ရန် တဖြည်းဖြည်း​လုပ်ယူ​ခြင်း

၁၃။ ဝိညာဉ်​အစာ ကောင်းစွာ​မစားသုံး​သည့်​အကျင့်​အချို့​ကား အဘယ်နည်း။

၁၃ အခန့်သင့်​အချိန်တွင် ပြင်ဆင်​ပေး​ထားသော ထို “အစားအသောက်​တို့” မှ အကျိုးကျေးဇူး​အပြည့်အဝ​ရရှိရန် ကျွန်ုပ်​တို့​တွင် ကောင်းကောင်း​စား​သည့်​အကျင့်​ရှိ​ရန်လို​အပ်​သည်။ သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​နှင့် ကိုယ်ပိုင်​လေ့လာမှု​အတွက် ပုံမှန်​ဇယား​တစ်ခု​ထား​ရှိပြီး ယင်းကို ထက်​ကြပ်​မ​ကွာ​လိုက်​ရန် မရှိမဖြစ်​လိုအပ်​သည်။ သင့်​၌ ဝိညာဉ်​ရေးရာ​အစာ​ကောင်းကောင်း​စား​သည့်​အကျင့်​များနှင့် နက်နက်နဲနဲ​ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​သည့် ပုံမှန်​အချိန်​များ​ရှိပါ​သလော။ သို့​မဟုတ် သင့်အတွက် ဂရုတစိုက်​ပြင်ဆင်​ပေး​ထား​သည့်​အကြောင်းအရာကို အပြေးအလွှား​စား​သည်​ဟု​ဆို​ဘိ​သကဲ့သို့ သာမန်​ကာလျှံ​ကာ​မျှ​သာ ဖတ်​သွားခြင်း​လော သို့​မဟုတ် နပ်​ကျော်​၍ ရော​ပေါင်း​စား​သလော။ ဝိညာဉ်​အစာ ကောင်းကောင်း​မစား​သည့်​အကျင့်​များ​ကြောင့် အချို့​တို့သည် သူတို့၏​ယုံကြည်ခြင်း၌ အားနည်း​သွား​စေ​သည်—လဲကျ​သွား​သည့်​အထိ​ပင်။—၁ တိမောသေ ၁:၁၉; ၄:၁၅၊ ၁၆

၁၄။ ရင်းနှီး​ကျွမ်းဝင်​နှင့်​ပြီး​သား​ရှိ​ပုံ​ရသည့် အကြောင်းအရာ​တို့ကို ဂရုတစိုက်​လေ့လာခြင်း​က အဘယ်ကြောင့်​အကျိုးရှိ​သနည်း။

၁၄ အချို့​သူတို့က မိမိတို့သည် အခြေခံ​အယူဝါဒ​များ​ကို​သိထား​ပြီး ဆောင်းပါး​တိုင်း​သည် အသစ်စက်စက်​တင်ဆက်ခြင်း​မဟုတ်ပါ​ဟု ယူဆကြ​ပေမည်။ သို့​ဖြစ်၍ စနစ်တကျ​လေ့လာခြင်း​နှင့် အစည်းအဝေး​တက်ရောက်ခြင်း​တို့​မှာ မလို​အပ်​ဟု​ထင်​ပေမည်။ သို့သော် ကျွန်ုပ်​တို့​သိ​နှင့်​ပြီး​သား​အရာများ​ကို ထပ်မံ​၍​သတိပေး​ရန်လို​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ဆာလံ ၁၁၉:၉၅၊ ၉၉; ၂ ပေတရု ၃:၂; ယုဒ ၅) စားဖိုမှူး​ကောင်း​တစ်ယောက်​သည် တူညီသော အခြေခံ​ပစ္စည်း​အမည်များ​ကို အရသာ​ရှိစေ​သည့်​နည်း​အမျိုးမျိုးဖြင့် ချက်ပြုတ်​ပြင်ဆင်​ပေး​သကဲ့သို့ ကျေးကျွန်​အတန်းအစား​က အာဟာရ​ဖြစ်စေ​သော​ဝိညာဉ်​အစာကို နည်း​အမျိုးမျိုးဖြင့် စီမံ​ပေး​လေ​သည်။ သည့်​မတိုင်မီ​က အကြိမ်ကြိမ်​ရေးသား​ဖော်ပြ​လာ​ခဲ့​သည့် အကြောင်းအရာများ​ပါ​သော ဆောင်းပါး​များ​တွင်​ပင် ကျွန်ုပ်​တို့​လွတ်​လို​မည်​မဟုတ်သည့် အဓိကကျ​သော​အချက်များ ပါရှိ​တတ်၏။ အမှန်​မှာ ဖတ်ရှု​သည့်​အကြောင်းအရာ​မှ ကျွန်ုပ်​တို့​ရရှိ​ရာ​သည် ယင်းကို လေ့လာခြင်း​၌ ကျွန်ုပ်​တို့​အချိန်​မည်မျှ​ပေး​၍ ကြိုးစား​အားထုတ်ခြင်း​ပေါ်​တွင် များစွာ​မူတည်​သည်။

ဖတ်ရှု​လေ့လာခြင်း​မှ​ရသည့် ဝိညာဉ်​အကျိုးကျေးဇူးများ

၁၅။ သမ္မာကျမ်းစာ​ဖတ်ရှု​လေ့လာခြင်း​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ သာ၍​ကောင်းသော​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ​ဖြစ်လာ​ရန် ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​သနည်း။

၁၅ သမ္မာကျမ်းစာ​ဖတ်ရှု​လေ့လာခြင်း​မှ ရရှိသော​အကျိုးကျေးဇူးများ​မှာ အလွန်​များပြား​သည်။ ကျွန်ုပ်​တို့၏​အခြေခံ​ခရစ်ယာန်​တာဝန်​ထဲ​မှ တစ်ခု​ကို​မီနိုင်​ရန် ကျွန်ုပ်​တို့​ကူညီပေး​ခံရ​သည်၊ ကျွန်ုပ်​တို့​ယောက်​တိုင်း​သည် တစ်နည်း​ပြော​ရ​လျှင် “ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်] တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်” လာနိုင်​သည်။ (၂ တိမောသေ ၂:၁၅) သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ သာ၍​ဖတ်ရှု​လေ့လာ​လေ​လေ ကျွန်ုပ်​တို့​စိတ်နှလုံး​သည် ဘုရားသခင့်​အကြံတော်​များနှင့် သာ၍​ပြည့်​လေ​လေ​ဖြစ်​လိမ့်​မည်။ ထို​အခါ တမန်​တော်​ပေါလု​ကဲ့သို့ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ဆိုင်ရာ အံ့ချီးဖွယ်​အမှန်တရားကို ‘ကျမ်းစာ​ပေါ်​အမှီပြု၍ လူ​တို့​နှင့်​ဆွေးနွေး​နှီးနှော​ကာ အကြောင်းအရာ​တို့ကို ရှင်းလင်းစွာ​ဖွင့်ပြ’ နိုင်စွမ်း​ရှိလာ​လိမ့်​မည်။ (တမန်​တော် ၁၇:၂၊ ၃) ကျွန်ုပ်​တို့၏​သွန်သင်ခြင်း​အရည်အသွေး တိုးတက်လာ​ကာ ကျွန်ုပ်​တို့၏ စကားစမြည်​ပြောဆိုမှု​များ၊ ဟောပြောချက်​များနှင့် သွန်သင်ချက်​တို့သည် ဝိညာဉ်​ရေး​ဘက် သာ၍​တည်ဆောက်မှု​ဖြစ်စေ​ပေ​လိမ့်​မည်။—သု. ၁:၅၊ ၆

၁၆။ သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာခြင်း​မှ အဘယ်​ကိုယ်ပိုင်​နည်းလမ်းများ​ဖြင့် ကျွန်ုပ်​တို့ အကျိုး​ရသနည်း။

၁၆ ထို့​အပြင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဆန်းစစ်​ရန် သီးသန့်​အချိန်ပေး​ခြင်း​က ကျွန်ုပ်​တို့​အသက်တာတွင် ယေဟောဝါ​၏​နည်းလမ်းတော်​များ​အတိုင်း သာ၍​အပြည့်အဝ​လိုက်နာ​နိုင်​စေ​ပေမည်။ (ဆာလံ ၂၅:၄; ၁၁၉:၉၊ ၁၀; သု. ၆:၂၀-၂၃) နှိမ့်ချမှု၊ သစ္စာစောင့်သိမှု​နှင့် ပျော်ရွှင်မှု​ကဲ့သို့​သော ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​အရည်အသွေးများ​ကို ယင်းက သန်စွမ်း​စေ​လိမ့်​မည်။ (တရားဟောရာ ၁၇:၁၈-၂၀; ဗျာဒိတ် ၁:၃) သမ္မာကျမ်းစာ​ဖတ်ရှု​လေ့လာခြင်း​မှ ရရှိသော​အသိပညာကို ကျွန်ုပ်​တို့​လက်တွေ့​ကျင့်သုံး​သောအခါ ကျွန်ုပ်​တို့၏​အသက်တာတွင် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် အတားအဆီး​မရှိ​စီးဆင်း​မည်​ဖြစ်​ပြီး ရလဒ်​အနေ​ဖြင့် ကျွန်ုပ်​တို့​ပြုလုပ်​သမျှ​တွင် ဝိညာဉ်​အသီးများ လှိုင်လှိုင်​သီးပွင့်​လာ​မည်​ဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃

၁၇။ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ကိုယ်ပိုင်​ဖတ်ရှု​လေ့လာခြင်း​၏ အရေအတွက်​နှင့် အရည်အသွေး​တို့​က ကျွန်ုပ်​တို့​နှင့် ယေဟောဝါ​၏​ဆက်ဆံ​ရေး​အပေါ် မည်သို့​အကျိုး​သက်ရောက်​သနည်း။

၁၇ အရေးကြီးဆုံး​အရာ​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှု​လေ့လာ​နိုင်​ရန် အခြား​ဆောင်ရွက်မှု​များ​မှ​ဝယ်ယူ​လိုက်​သည့်​အချိန်​က ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​နှင့်​ပတ်သက်​၍ ကြွယ်ဝသော​အကျိုးကျေးဇူးများ ဖြစ်ထွန်း​လာ​စေခြင်း​ဖြစ်သည်။ ပေါလု​က သူ၏​ခရစ်ယာန်​ချင်း​တို့​အနေ​ဖြင့် “ဉာဏ်ပညာ​အမျိုးမျိုးနှင့် ဝိညာဉ်ရေး​သဘောပေါက်မှု​ဖြင့် [ဘုရားသခင့်] အလိုတော်ကို သိကျွမ်းခြင်း​ပညာ​မှန်​နှင့်​ပြည့်စုံ​၍ . . . စိတ်တော်နှင့်​တွေ့​ခြင်း​ငှာ ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်” နိုင်​စေရန် ဆုတောင်းပေး​ခဲ့​သည်။ (ကောလောသဲ ၁:၉၊ ၁၀က​ဘ) အလားတူ ကျွန်ုပ်​တို့​လည်း “ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်” လှမ်း​ရန်​အတွက် “ဉာဏ်ပညာ​အမျိုးမျိုးနှင့် ဝိညာဉ်​ရေး​သဘောပေါက်မှု​ဖြင့် ကိုယ်တော်​၏​အလိုတော်ကို သိကျွမ်းခြင်း​ပညာ​မှန်​နှင့်​ပြည့်စုံ” ရမည်​ဖြစ်သည်။ ယေဟောဝါ​၏​ကောင်းချီး​မင်္ဂလာ​နှင့် မျက်နှာသာတော်​ကို ကျွန်ုပ်​တို့​ရရှိ​မှု​သည် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ကိုယ်ပိုင်​ဖတ်ရှု​လေ့လာခြင်း​၏ အရေအတွက်​နှင့် အရည်အသွေး​တို့​ပေါ်​တွင် များစွာ​မူတည်​နေကြောင်း ထင်ရှား​ပါ​သည်။

၁၈။ ယောဟန် ၁၇:၃ တွင်​မှတ်တမ်း​တင်ထား​သည့် ယေရှု၏​စကား​အတိုင်း ကျွန်ုပ်​တို့​လိုက်နာ​လျှင် အဘယ်​ကောင်းချီး​များ​ကို ပိုင်ဆိုင်​နိုင်​သနည်း။

၁၈ “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ယင်းသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အား လေ့လာခြင်း​၏​အရေးကြီးမှုကို အခြားသူ​တို့​လေးမြတ်​တတ်​စေဖို့​ကူညီပေး​ရန် ယေဟောဝါသက်သေ​များ အ​တွင်ကျယ်​ဆုံး​အသုံးပြုသည့်​ကျမ်းချက်​များ​မှ တစ်ချက်​ဖြစ်သည်။ ကျွန်ုပ်​တို့​တစ်ဦးစီ​လည်း ထိုသို့​ပြု​ကြ​ရန် ထပ်တူ​အရေးကြီး​သည်​မှာ အမှန်ပင်။ ကျွန်ုပ်​တို့၏ ထာဝစဉ်​အသက်ရှင်ရေး​မျှော်လင့်ချက်​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​သားတော်​ယေရှု​ခရစ်​အား သိကျွမ်းခြင်း​ပညာ​တိုးပွား​လာ​ရေး​ပေါ်​မူတည်​သည်။ ထို့​ပြင် ယင်း​၏​ဆိုလိုရင်း​ကို စဉ်းစား​ကြည့်​ပါ။ ယေဟောဝါ​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ သင်ယူစရာ​မှာ ဘယ်တော့​မျှ​ကုန်ဆုံး​လိမ့်​မည်​မဟုတ်သကဲ့သို့ ကိုယ်တော်​အကြောင်း​သင်ယူ​ရန် ထာဝရ​အချိန်ကာလ​လည်း​ရှိ​မည်​ဖြစ်သည်။—ဒေ. ၃:၁၁; ရောမ ၁၁:၃၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း၊ မြန်မာ​မှ​ထုတ်ဝေ​သည်။

^ အပိုဒ်၊ 10 ကင်းမျှော်စင် ၁၉၉၅၊ မေ ၁ စာမျက်နှာ ၂၀-၁ မှ “အဘယ်​အချိန်တွင် သူတို့​ဖတ်ရှု​ကြ​၍ ခံစား​ရသော​အကျိုးကျေးဇူး” ဆောင်းပါး​ကို​ရှု။

ပြန်လည်​သုံးသပ်ရန်​မေးခွန်းများ

• ကျွန်ုပ်​တို့၏​အချိန်ကို​အသုံးပြုပုံ​က အဘယ်အရာကို​ဖော်ပြ​သနည်း။

• သမ္မာကျမ်းစာ​ဖတ်ရှု​လေ့လာခြင်း​အတွက် အဘယ်​လှုပ်ရှား​ဆောင်ရွက်မှု​များ​မှ အချိန်ကို​ဝယ်ယူ​နိုင်​သနည်း။

• ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ဆိုင်ရာ​အစာစား​သုံး​ခြင်း​အကျင့်​များ​ကို အဘယ်ကြောင့်​ဂရုပြု​သင့်​သနည်း။

• ကျမ်းစာ​ကို​ဖတ်ရှု​လေ့လာခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ​ရရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀၂၁ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​လေ့လာခြင်း​က ကျွန်ုပ်​တို့အား ‘အမှန်တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်’ စေနိုင်​မည်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အလုပ်များ​နေသော ကျွန်ုပ်​တို့​အသက်တာ​၏ အခြား​လှုပ်ရှား​ဆောင်ရွက်မှု​များနှင့် ဝိညာဉ်​ရေးရာ​လိုက်စားမှု​တို့ကို မျှမျှတတ​ရှိစေ​ခြင်း​သည် ကြွယ်ဝသော​အကျိုးကျေးဇူးများ​ကို ဖြစ်ထွန်း​စေ