မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာခြင်း —ဆုကျေးဇူးဖြစ်ကာ နှစ်သက်ဖွယ်ဖြစ်

လေ့လာခြင်း —ဆုကျေးဇူးဖြစ်ကာ နှစ်သက်ဖွယ်ဖြစ်

လေ့လာခြင်း—ဆုကျေးဇူး​ဖြစ်​ကာ နှစ်သက်ဖွယ်​ဖြစ်

‘ပညာ​ကို​ဆက်​ရှာဖွေ​လျှင် ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။’—သု. ၂:၄၊ ၅

၁။ ကိုယ်ပိုင်​အားလပ်ချိန်​၌ ဖတ်ရှုခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​သာ၍​ပျော်မွေ့​စေနိုင်​သနည်း။

များစွာသော​လူတို့သည် အပျော်သက်သက်​အတွက်သာ စာဖတ်​ကြ​၏။ ကျန်းမာ​ရေး​အကြောင်း​ဖြစ်​မည်​ဆိုလျှင် စာဖတ်ခြင်း​သည် ကျန်းမာ​ရေး​အထောက်အကူ​ပြု အပန်းဖြေ​စ​ရာ​ရင်းမြစ်​တစ်ခု ဖြစ်​နိုင်​သည်။ ခရစ်ယာန်​အချို့​သည် မိမိတို့၏​မှန်မှန်​ကျမ်းစာ​ဖတ်ရှုခြင်း​အစီအစဉ်​အပြင် ဆာလံကျမ်း၊ နယပုံပြင်​ကျမ်း၊ ခရစ်ဝင်​ကျမ်း​များနှင့် သမ္မာကျမ်းစာ​၏ အခြားအပိုင်း​များ​ကို အလျင်း​သင့်​သလို​ဖတ်ရှုခြင်း​မှ အမှန်တကယ်​ပျော်ရွှင်မှု​ရရှိကြ​၏။ အလွန်​လှပ​စွာ သုံးနှုန်း​တွေးခေါ်​ထား​ပုံ​က သူတို့ကို​အလွန်​ပျော်မွေ့​စေ​သည်။ အခြားသူ​တို့​မူ မိမိတို့၏​ကိုယ်ပိုင်​အားလပ်ချိန်​၌​ဖတ်​ရန် ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ်၊ နိုးလော့! မဂ္ဂဇင်း၊ ဤ​ဂျာနယ်​ရှိ​ဘဝ​အတ္ထုပ္ပတ္တိ​များ၊ သို့​မဟုတ် သမိုင်း​မှတ်တမ်းတင်​အကြောင်း၊ ပထဝီဝင်​ဆိုင်ရာ​နှင့် သဘာဝ​ဆိုင်ရာ​လေ့လာမှု​များ​ကို ရွေးချယ်​တတ်ကြ​သည်။

၂၊ ၃။ (က) နက်နဲ​သော​ဝိညာဉ်​ရေး​ဆိုင်ရာ​အချက်အလက်​ကို အဘယ်​နည်းဖြင့် ကြေ​ခဲ​သော​အစာ​နှင့်​နှိုင်းယှဉ်​နိုင်​သနည်း။ (ခ) လေ့လာမှု​တွင် အဘယ်အရာ​အကျုံးဝင်​သနည်း။

အလျင်း​သင့်​သလို​ဖတ်ရှုခြင်း​သည် စိတ်​ပြေ​လက်​ပျောက်​နား​နား​နေ​နေ နေခြင်း​တစ်မျိုး​ဖြစ်​နိုင်​ပြီး လေ့လာမှု​တွင်​မူ စိတ်ပိုင်း​ဆိုင်ရာ​ကြိုးစား​အားထုတ်မှု​လိုအပ်​သည်။ အင်္ဂလိပ်​ဒဿနိက​ပညာရှင် ဖရန်စစ် ဘေ​ကွန်​က​ဤသို့​ရေးသားခဲ့​သည်– “စာအုပ်​အချို့​မှာ မြည်းစမ်း​ရန်၊ အခြား​တို့​မှာ မျိုချ​ရန်​နှင့် အချို့​အနည်းငယ်​သာ ည​က်​ည​က်​ဝါး​၍​အစာ​ချေဖျက်​ရန်ဖြစ်​သည်။” သမ္မာကျမ်းစာ​သည် အမှန်ပင် နောက်ဆုံး​အမျိုးအစား​၌​ပါဝင်​၏။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ထို [ခရစ်တော်၊ တင်ကူး​ပုံဖော်​ထား​နှင့်​သည့် ရှင်ဘုရင်-ယဇ်ပုရောဟိတ်] မေလခိဇေဒက်​၏​အကြောင်းကို ငါ​တို့​ပြောစရာ​စကား​အများ​ရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ်​နု​န့်​သောကြောင့် အပြော​ခက်လှ​၏။ ကောင်းကျိုး​မကောင်း​ကျိုး​ကို ပိုင်းခြား​၍​သိနိုင်​သော​ဉာဏ်​ပေး​တတ်သော၊ အကြား​အမြင် အတွေ့​အစမ်း​များသော​သူ​တည်း​ဟူသော၊ စုံလင်သော​အရွယ်​ရှိသော​သူတို့မူကား၊ ကြေ​ခဲ​သော​အစာ​အာဟာရကို သုံးဆောင်​ရ​ကြ​၏။” (ဟေဗြဲ ၅:၁၁၊ ၁၄) ကြေ​ခဲ​သော​အစာကို မျိုချ​၍​မချေဖျက်​မီ ည​က်​ည​က်​ဝါး​ရမည်။ နက်နဲ​သော​ဝိညာဉ်​ရေး​ဆိုင်ရာ အချက်အလက်​သည် ခံ​ယူ၍​စွဲမှတ်​မထား​မီ အပြန်အလှန်​စဉ်းစား​ဆင်ခြင်ခြင်း​လိုအပ်​သည်။

အဘိဓာန်​ကျမ်း​တစ်ခု​က “လေ့လာခြင်း” ကို “ဖတ်ရှုခြင်း၊ စူးစမ်း​ရှာဖွေခြင်း အစ​ရှိသည်​တို့အား​ဖြင့် အသိပညာ သို့​မဟုတ် တတ်သိ​နားလည်မှု​ရှိလာ​ရန်​အ​လို့​ငှာ စိတ်​ကို​အသုံးချ​သည့် လုပ်ရပ် သို့​မဟုတ် ဆက်တိုက်​အပြု​အမူ​တစ်ခု​အဖြစ်” အဓိပ္ပာယ်​ဖွင့်ဆို​ထား​သည်။ ယင်းက သာမန်​ကာလျှံ​ကာ​ဖတ်ရှုခြင်း၊ ဖတ်ရှု​နေရင်း​နှင့် အချို့​စကားလုံး​များ​ကို မျဉ်း​သား​ကောင်း​မျဉ်း​သား​ခြင်း​ထက်မက သာ၍​အကျုံးဝင်​ကြောင်း နားလည်​ရသည်။ လေ့လာမှု​ဟူသည် လုပ်ဆောင်မှု၊ စိတ်ပိုင်း​ဆိုင်ရာ​ကြိုးစား​အားထုတ်မှု​နှင့် ပိုင်းခြား​၍​သိနိုင်​သော​ဉာဏ်​အသုံးပြုမှု​တို့ကို ဆိုလို​သည်။ လေ့လာမှု​သည် အားထုတ်မှု​လိုအပ်​သော်လည်း ယင်းက ပျော်စရာ​မဖြစ်​နိုင်​ဟု မဆိုလို​ချေ။

လေ့လာမှု​ကို ပျော်ရွှင်ဖွယ်​ရာ​ဖြစ်စေ​ခြင်း

၄။ ဆာလံဆရာ​၏​စကား​များ​အရ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို​လေ့လာခြင်း​က ကျွန်ုပ်​တို့အား လန်းဆန်းမှု​နှင့် ဆုကျေးဇူး မည်သို့​ဖြစ်စေ​နိုင်​သနည်း။

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှု​လေ့လာခြင်း​က ကျွန်ုပ်​တို့အား လန်းဆန်း​၍ အားအင်တိုး​စေနိုင်​သည်။ ဆာလံဆရာ​က ဤသို့​ကြွေးကြော်​ခဲ့​သည်– “ထာဝရ​ဘုရား​၏​တရားတော်​သည် စုံလင်​သည်​ဖြစ်၍ စိတ်​ဝိညာဉ်​ကို​ပြုပြင်​တတ်၏။ ထာဝရ​ဘုရား​၏​သက်သေခံ​တော်​မူ​ချက်​သည် ဟုတ်မှန်​သည်​ဖြစ်၍ မ​လိမ္မာ​သော​သူတို့ကို လိမ္မာ​စေတတ်၏။ ထာဝရ​ဘုရား​၏​နည်း​ဥပဒေသ​တို့သည် ဖြောင့်မတ်​သည်​ဖြစ်၍ စိတ်နှလုံး​ကို​ရွှင်လန်း​စေ​တတ်၏။ ထာဝရ​ဘုရား​၏​ပညတ်တော်​သည် စင်ကြယ်​သည်​ဖြစ်၍ မျက်စိ​ကို​ရှင်းလင်း​စေ​တတ်၏။” (ဆာလံ ၁၉:၇၊ ၈) ယေဟောဝါ​၏​ပညတ်​များနှင့် သတိပေး​ချက်​များသည် ကျွန်ုပ်​တို့၏​စိတ်​ဝိညာဉ်​ကို​လန်းဆန်း​စေ​၍ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကောင်းကျိုး​ချမ်းသာ​ကို တိုးပွား​စေ​ကာ စိတ်တွင်း​ပျော်ရွှင်မှု​ရှိစေပြီး ကျွန်ုပ်​တို့၏​မျက်စိ​ကို​ရှင်းလင်း​စေခြင်း​အားဖြင့် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​များ​ကို ကွင်းကွင်းကွက်ကွက်​မြင်​စေ​သည်။ မည်မျှ​ကျေနပ်​နှစ်ခြိုက်​ဖွယ်​ရာ​ပါ​တကား!

၅။ လေ့လာခြင်း​က အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့ကို ကြီးမားသော​ပျော်ရွှင်မှု​ရစေ​နိုင်​သနည်း။

ကျွန်ုပ်​တို့၏​လုပ်ဆောင်မှု​မှ ရလဒ်ကောင်း​များ​ကို တွေ့မြင်​ကြသောအခါ ယင်း​သို့​လုပ်ဆောင်​ရာ​၌ ပျော်မွေ့​တတ်ကြ​သည်။ သို့​ဖြစ်၍ လေ့လာမှု​ကို​ပျော်ရွှင်စရာ​ဖြစ်စေ​ရန် ကျွန်ုပ်​တို့သည် အသစ်​ဆည်းပူး​ရယူ​ထား​သည့်​အသိပညာကို အမြန်​အသုံးချ​သင့်​သည်။ ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– “လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံလင်သော​တရား၌​စေ့စေ့​ကြည့်ရှု​၍ တည်ကြည်သော​သူ​မူ​ကား၊ တရား​နာ​၍​မေ့လျော့​သော​သူ​မဟုတ်၊ အကျင့်​ကျင့်​သော​သူ​ဖြစ်​သဖြင့်၊ မိမိ​ကျင့်​သော​အကျင့်​၌ [“ပျော်ရွှင်၊” က​ဘ] မင်္ဂလာ​ရှိသောသူ​ဖြစ်၏။” (ယာကုပ် ၁:၂၅) တတ်သိ​ခဲ့​သော​အချက်များ​ကို ချက်ချင်း​လက်တွေ့​ကျင့်သုံး​ခြင်း​က အ​ကျေနပ်​ကြီး​ကျေနပ်မှု​ရစေသည်။ ကျွန်ုပ်​တို့၏​ဟောပြောခြင်း သို့​မဟုတ် သွန်သင်ခြင်း​ပြုလုပ်​စဉ်​အတွင်း​၌ မေး​သော​မေးခွန်း​တစ်ခု​ကို ဖြေကြား​ရန်​ဟူ​သည့် သတ်သတ်မှတ်မှတ်​ရည်ရွယ်ချက်​ဖြင့် သုတေသန​ပြုခြင်း​သည်လည်း ကြီးမားသော​ပျော်ရွှင်မှု​ကို​ရစေ​မည်။

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နှစ်သက်​မြတ်နိုးမှု​တိုးပွား​စေခြင်း

၆။ ဆာလံ ၁၁၉ ကို​ရေးသားသူ​က ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​အား သူ၏​နှစ်သက်​မြတ်နိုးမှု​ကို မည်သို့​ဖော်ပြ​ခဲ့​သနည်း။

ရှင်ဘုရင်​ဟေဇကိ​ဖြစ်​နိုင်​သည့် ဆာလံ ၁၁၉ ကို​စီ​ကုံး​ရေးဖွဲ့​သူသည် ငယ်ရွယ်​သော​မင်းသား​ဖြစ်​စဉ်​အခါ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​အပေါ် သူ၏​နှစ်သက်​မြတ်နိုးမှု​ကို ဖော်ပြ​ခဲ့​သည်။ လင်္ကာ​ဖြင့်​သီကုံး​ဖွဲ့နွဲ့​၍ သူ​ဤသို့​ဆို​သည်– “ကိုယ်တော်ရှင်​၏​အထုံးအဖွဲ့တော်​တို့ကို နှစ်သက်ပါ​၏။ အမိန့်တော်​တို့ကို မေ့လျော့​မည်​မဟုတ်ပါ။ ကိုယ်တော်ရှင်​၏​ဆုံးမ​သွန်သင်​တော်​မူ​ချက်​တို့သည် ကျွန်တော်​မျိုး​အား စိတ်​ရွှင်လန်း​စေပါ​၏။ ကျွန်တော်​မျိုး​သည် ကိုယ်တော်ရှင်​၏​ပညတ်တော်​တို့ကို နှစ်သက်​မြတ်နိုး​သည်​ဖြစ်၍ ယင်း​တို့ကို လိုက်နာ​စောင့်ထိန်း​ရာ​တွင် ရွှင်လန်း​အားရ​မှု​ရှိပါ၏။ ကျွန်တော်​မျိုး​သည် ကိုယ်တော်ရှင်​၏​တရားတော်​ကို နှစ်သက်​မြတ်နိုး​သည်​ဖြစ်၍ ကျွန်တော်​မျိုး​အား သနားတော်မူ​ပါ၊ သို့ပြုလျှင် ကျွန်တော်​မျိုး အသက်ရှင်​ရ​ပါ​လိမ့်​မည်။ အို ထာဝရ​ဘုရား၊ ကျွန်တော်​မျိုး​သည် ကိုယ်တော်ရှင် ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​ကို တောင့်တ​ပါ​၏။ ကိုယ်တော်ရှင်​၏​တရားတော်​သည် ကျွန်တော်​မျိုး​အား ပျော်ရွှင်​စေပါ​၏။”—ဆာလံ ၁၁၉:၁၆၊ ၂၄၊ ၄၇၊ ၇၇၊ ၁၇၄သတင်းကောင်း။

၇၊ ၈။ (က) ကိုးကားချက်​တစ်ခု​အရ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို “နှစ်သက်​မြတ်နိုးပါ​၏” ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ (ခ) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အား ကျွန်ုပ်​တို့၏​ချစ်​မြတ်နိုးမှု​ကို မည်သို့​ပြသ​နိုင်​သနည်း။ (ဂ) ယေဟောဝါ​၏​ပညတ်တော်​များ​ကို မဖတ်​ရှု​မီ ဧဇရ​သည် မိမိကိုယ်ကို​မည်သို့​ပြင်ဆင်​ခဲ့​သနည်း။

ဆာလံ ၁၁၉ ၌ “နှစ်သက်ပါ​၏” ဟု​ဘာသာပြန်​ထားသော​စကားလုံး​ကို ရှင်းလင်း​ဖော်ပြ​ရာ​တွင် ဟေဗြဲ​ကျမ်းစောင်​နှင့်​ပတ်သက်သော အဘိဓာန်​တစ်ခု​က ဤသို့​ဆို​သည်– “အခန်းငယ် ၁၆ ရှိ​အသုံးအနှုန်း​မှာ ဝမ်းသာမှု​နှင့် . . . စဉ်းစား​ဆင်ခြင်မှု​တို့အတွက် [ကြိယာ​များ] နှင့်​တွဲဖက်​ဖြစ်သည်။ . . . အဆင့်ဆင့်​တိုးတက်မှု​ဖြစ်​စဉ်​မှာ ဝမ်းမြောက်​၍ စဉ်းစား​ဆင်ခြင်​ရာ . . . ၌ ပျော်မွေ့​သည်။ . . . ဤ​ကြိယာ​တွဲ​က ရည်ရွယ်ချက်​ရှိ​ရှိ​ဆင်ခြင်​သုံးသပ်မှု​ဟူသည်​မှာ လူတစ်ဦး​အား ယာ​ဝေး​၏​စကားတော်​၌ မွေ့လျော်​လာ​စေသည့် နည်းလမ်း​ဖြစ်သည်​ဟူသော​သဘောဆောင်​နိုင်​သည်။ . . . အဆိုပါ​အဓိပ္ပာယ်​၌ စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ဝိ​သေ​သ​လက္ခဏာ ပါဝင်​သည်။” *

မှန်ပါသည်၊ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့၏​နှစ်သက်​မြတ်နိုးမှု​သည် စိတ်​လှုပ်ရှားမှု​၏​အချက်အချာ​ဖြစ်သော ကျွန်ုပ်​တို့၏​စိတ်နှလုံး​အတွင်းမှ ပေါ်ထွက်​လာ​သင့်​သည်။ ကျွန်ုပ်​တို့​ယခု​ပင်​ဖတ်ရှု​ခဲ့​ကြ​သည့် ကျမ်းပိုဒ်​အချို့​၌ အပြန်​ပြန်​စဉ်းစားခြင်း​တွင် နှစ်သက်​ပျော်မွေ့​သင့်​သည်။ ကျွန်ုပ်​တို့သည် နက်နဲ​သော​ဝိညာဉ်​ရေး​ဆိုင်ရာ​ယူဆချက်​ကို တွေးတော​ပြီး ယင်း​တို့​ထဲ​တွင် အာရုံ​နှစ်​ထား​ကာ တွေးတော​ဆင်ခြင်​သင့်​သည်။ ဤ​တွင် ပြန်ပြောင်း​သုံးသပ်ခြင်း​နှင့် ဆုတောင်းခြင်း​လိုအပ်​သည်။ ဧဇရ​ကဲ့သို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​အတွက် ကျွန်ုပ်​တို့၏​နှလုံးများ​ကို​ပြင်ဆင်​ရန်လို​အပ်​သည်။ သူနှင့်​ပတ်သက်​၍ ဤသို့​ရေးသား​ထား​သည်– “ဧဇရ​သည် ထာဝရ​ဘုရား​၏​တရားတော်​ကို လေ့​ကျက်​စောင့်ရှောက်ခြင်း​ငှာ​လည်းကောင်း၊ ထုံး​ဖွဲ့​ချက်၊ စီရင်ချက်​များ​ကို ဣသရေလ​လူမျိုး​တွင် သွန်သင်ခြင်း​ငှာ​လည်းကောင်း သဘောထား [“စိတ်နှလုံး​ကို ပြင်ဆင်​ထား၊” က​ဘ] သတည်း။” (ဧဇရ ၇:၁၀သမ္မာ) မိမိ​စိတ်နှလုံး​ကို ဧဇရ​ပြင်ဆင်ခြင်း​၏ ရည်ရွယ်ချက်​သုံးခု​ကို​သတိပြုပါ– လေ့လာ​ရန်၊ လက်တွေ့​ကျင့်သုံး​ရန်​နှင့် သွန်သင်ပေး​ရန်​တို့​ဖြစ်သည်။ သူ၏​ပုံသက်သေ​ကို ကျွန်ုပ်​တို့​လိုက်လျှောက်သင့်​သည်။

ဝတ်ပြုမှု​အစီအစဉ်​တစ်ရပ်​အဖြစ် လေ့လာမှု

၉၊ ၁၀။ (က) ဆာလံဆရာ​သည် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို အဘယ်​နည်းများဖြင့် ဆင်ခြင်​အောက်မေ့​ခဲ့​သနည်း။ (ခ) “[ကိုယ်တိုင်] ဆင်ခြင်​အောက်မေ့” သည်​ဟု​ပြန်ဆို​ထားသော ဟေဗြဲ​ကြိယာ​၏​အဓိပ္ပာယ်​ကား​အဘယ်နည်း။ (ဂ) သမ္မာကျမ်းစာ​လေ့လာခြင်း​ကို “ဝတ်ပြုမှု​အစီအစဉ်​တစ်ရပ်” အဖြစ် ကျွန်ုပ်​တို့​ယူမှတ်​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

ဆာလံဆရာ​က ယေဟောဝါ​၏​နည်း​ဥပဒေသ​များ၊ ပညတ်တော်​များ၊ သက်သေခံ​တော်​မူ​ချက်​များ​ကို သူ​ဆင်ခြင်​ကြောင်း ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​သီဆို​ခဲ့​သည်– “ပေး​တော်​မူ​သော [ဆုံးမ​စကား] ကို​ဆင်ခြင်​၍ လမ်းခရီးတော်​တို့ကို ကြည့်ရှု​ပါ​၏။ နှစ်သက်သော​ပညတ်တော်​တို့အား လက်​တို့ကို​ချီ​၍ အထုံးအဖွဲ့တော်​တို့ကို ဆင်ခြင်​အောက်မေ့ပါ​မည်။ ကိုယ်တော်​၏​တရားကို အကျွန်ုပ်သည်​အလွန်​နှစ်သက်ပါ​၏။ တစ်နေ့လုံး ဆင်ခြင်​အောက်မေ့​လျက်​နေပါ​၏။ သက်သေခံ​တော်​မူ​ချက်​တို့ကို အကျွန်ုပ်သည်​ဆင်ခြင်​အောက်မေ့​သောကြောင့် အကျွန်ုပ်၏​ဆရာ​အပေါင်း​တို့​ထက် သာ၍​နားလည်​ပါ​၏။” (ဆာလံ ၁၁၉:၁၅၊ ၄၈၊ ၉၇၊ ၉၉) ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို ‘သူကိုယ်တိုင် ဆင်ခြင်​အောက်မေ့​ခြင်း’ က အဘယ်အရာကို​ဆိုလို​သနည်း။

၁၀ “[ကိုယ်တိုင်] ဆင်ခြင်​အောက်မေ့” သည်​ဟု​ပြန်ဆို​ထားသော ဟေဗြဲ​ကြိယာ​သည် “တွေးတော​ဆင်ခြင်​သည်၊ တွေးတော​သည်” “ကိစ္စရပ်​တစ်ခု​ကို ပြန်၍​အသေအချာ​ဆန်းစစ်​သည်” ဟူ၍လည်း​အဓိပ္ပာယ်​ရှိသည်။ “ယင်းကို ဘုရားသခင့်​လက်ရာတော်​များ . . . နှင့်​ဘုရားသခင့်​စကားတော်​ကို တိတ်တဆိတ်​ပြန်ပြောင်း​တွေးတော​ဆင်ခြင်ခြင်း​အဖြစ် အသုံးပြု​ထား​သည်။” (ဓမ္မဟောင်း​ကျမ်း​ဆိုင်ရာ ဓမ္မ​ပညာ​သုံး​ဝေါဟာရ​စာအုပ်) “ဆင်ခြင်​အောက်မေ့” ၏​နာမ်​သဏ္ဌာန်​ကို “ဆာလံဆရာ​၏​တွေးတော​ဆင်ခြင်ခြင်း၊” “ဝတ်ပြုမှု​အစီအစဉ်​တစ်ရပ်” အဖြစ် ဘုရားသခင်​ပညတ်တော်​ကို “သူ၏ မြတ်​မြတ်နိုး​နိုး​လေ့လာမှု” ဟု​ရည်ညွှန်း​ထား​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကား​လေ့လာခြင်း​ကို ကျွန်ုပ်​တို့​ဝတ်ပြုမှု​၏​အစိတ်အပိုင်း​အဖြစ် ယူမှတ်​လျှင် ယင်းကို ပို​၍​အလေးအနက်​ထား​လာ​သည်။ သို့​ဖြစ်၍ ယင်းကို အသိ​ရှိ​ရှိတာ​ဝန်​သိ​သိ၊ ဆုတောင်းခြင်း​၏​အကူအညီ​ဖြင့် ပြုလုပ်​သင့်​သည်။ လေ့လာခြင်း​သည် ကျွန်ုပ်​တို့​ဝတ်ပြုမှု​၏ အစိတ်အပိုင်း​ဖြစ်​ပြီး ကျွန်ုပ်​တို့၏​ဝတ်ပြုပုံ တိုးတက်​လာစေဖို့ ပြုလုပ်ခြင်း​ဖြစ်သည်။

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို နက်နက်နဲနဲ​ရှာဖွေ​လေ့လာခြင်း

၁၁။ ယေဟောဝါ​သည် မိမိ၏​လူမျိုး​အား အလွန်​နက်နဲ​သော​အကြံတော်​များ​ကို မည်သို့​ဖော်ပြ​ပေး​သနည်း။

၁၁ လေးစား​ကြည်ညို​ကာ ဆာလံဆရာ ဤသို့​ကြွေးကြော်​ခဲ့​သည်– “အို​ထာဝရ​ဘုရား စီရင်တော်မူ​သော​အမှုတို့​သည်​ကြီးမား​၍ အကြံအစည်​တော်​လည်း အလွန်​နက်​လှ​ပါ​၏။” (ဆာလံ ၉၂:၅) သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​ပေါ်​တွင် လှုပ်ရှား​သက်ရောက်​နေသည့် “မိမိ​ဝိညာဉ်​တော်​အားဖြင့်” မိမိ၏​လူမျိုးတော်ကို ယေဟောဝါ ဖွင့်ပြ​ပေး​တော်​မူ​သည့် နက်နဲ​သော​အကြံတော်​နှင့်​ပတ်သက်​၍ “ဘုရားသခင်​၏​နက်နဲ​သော​အရာ” ကို​တမန်​တော်​ပေါလု​လည်း​ပြော​ခဲ့​သည်။ (၁ ကောရိန္သု ၂:၁၀; မဿဲ ၂၄:၄၅) ကျေးကျွန်​အတန်းအစား​သည် လူအားလုံး​အတွက် ဝိညာဉ်​ရေး​အာဟာရ—လူသစ်များ​အတွက် “နို့” နှင့် “စုံလင်သော​အရွယ်​ရှိသောသူ” အတွက် “ကြေ​ခဲ​သော​အစာ​အာဟာရ” ကို ဝီရိယ​ရှိ​ရှိ​ပြင်ဆင်​ပေး​၏။—ဟေဗြဲ ၅:၁၁-၁၄

၁၂။ ကျေးကျွန်​အတန်းအစား​က ရှင်းပြ​ထား​သည့် “ဘုရားသခင်​၏​နက်နဲ​သော​အရာ” ဆိုင်ရာ ဥပမာတစ်ခု​ပေး​ပါ။

၁၂ ယင်း​သို့ “ဘုရားသခင်​၏​နက်နဲ​သော​အရာ” ကို နားလည်​သဘောပေါက်​ရန် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို ဆုတောင်း၍ ပြန်ပြောင်း​စဉ်းစား​ကာ လေ့လာ​ဖို့​လို​သည်။ ဥပမာ၊ ထုတ်ဝေ​ခဲ့​ပြီး​သော​အကြောင်းအရာ​ကောင်း​က ယေဟောဝါ​သည် တရား​မျှတ​ကာ တစ်ချိန်တည်း​တွင် သနား​ညှာတာ​နိုင်​ပုံ​ကို​ဖော်ပြ​ပေး​သည်။ မိမိ၏​သနား​ညှာတာမှု​ကို​ကျင့်သုံး​ရန် မိမိ၏​တရား​မျှတမှုကို လျှော့ပေါ့​မပေး​လိုက်​ချေ; ယင်းအစား ဘုရားသခင်​၏​သနား​ညှာတာမှု​သည် တရား​မျှတမှု​နှင့် ချစ်ခြင်း​တရား​တို့၏​သရုပ်သကန်​ဖြစ်သည်။ အပြစ်သား​တစ်ဦး​ကို တရား​စီရင်​သောအခါ ဦးဆုံး​အနေ​နှင့် ယေဟောဝါ​သည် မိမိ​သားတော်​၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​ပေါ် အခြေခံ​၍ သနား​ညှာတာမှု​ပြ​နိုင်​စ​ရာ ရှိ၊ မရှိ​ဆုံးဖြတ်​တော်​မူ​သည်။ အပြစ်သား​သည် နောင်တ​မယူ သို့​မဟုတ် ပုန်ကန်​မည်​ဆိုလျှင် ဘုရားသခင်​သည် သနား​ညှာတာမှု​မလိုအပ်ဘဲ တရားလမ်း​ကြောင်း​အတိုင်း စီရင်​အပြစ်ပေး​သည်။ ကိုယ်တော်​သည် တစ်နည်း​မဟုတ်​တစ်နည်း​ဖြင့် မိမိ၏​မြင့်မားသော​မူများ​ကို စောင့်စည်း​သည်။ * (ရောမ ၃:၂၁-၂၆) “ဘုရားသခင်​၏​ပညာ . . . သည် အလွန်​ကျယ်ဝန်း​နက်နဲ​စွ​တကား!”—ရောမ ၁၁:၃၃

၁၃။ ယခု​အထိ​ဖွင့်ပြ​လာ​သည့် “များပြား” လှ​သော​ဝိညာဉ်​ရေးရာ​အမှန်တရားကို တန်ဖိုး​ထား​ကြောင်း ကျွန်ုပ်​တို့​မည်သို့​ပြ​သင့်​သနည်း။

၁၃ ဆာလံဆရာ​ကဲ့သို့​ပင် ယေဟောဝါ​သည် မိမိ၏​အကြံတော်​များစွာ​ကို ကျွန်ုပ်​တို့အား​မျှဝေ​ထား​သည့်​အချက်​က ပီတိ​ဖြစ်စရာ​ပင်။ ဒါဝိဒ် ဤသို့​ရေးသားခဲ့​သည်– “အို​ဘုရားသခင် အကျွန်ုပ်​၌ ကိုယ်တော်​၏​အကြံအစည်​တို့သည် အလွန်​ထူးဆန်း​ကြ​ပါ​၏။ အလွန်​များပြား​ကြ​ပါ​၏။ ထို​အကြံအစည်​တော်​တို့ကို​ရေတွက်​လျှင် သဲလုံး​နှင့်​အမျှ​မ​က သာ၍​များပြား​ကြ​ပါ​၏။” (ဆာလံ ၁၃၉: ၁၇၊ ၁၈) ယနေ့ ကျွန်ုပ်​တို့၏​အသိပညာ​သည် ထာဝရ​ကာလ​တစ်လျှောက် ယေဟောဝါ​ဖော်ပြ​ပေး​လိမ့်​မည့် မရေတွက်​နိုင်သော​အကြံအစည်​များ​ထဲ​မှ အစ​အ​န​လေး​သာ​ဖြစ်သော်လည်း ယခု​အထိ ဖော်ပြ​ပေး​ခဲ့​သော တန်ဖိုး​ရှိ​လှ​သည့် “များပြား” လှ​သော​ဝိညာဉ်​ရေးရာ​အမှန်တရားကို ကျွန်ုပ်​တို့​အလွန်​တန်ဖိုး​ထား​ကြ​ပြီး ဘုရားသခင့်​စကားတော်​၏​အစုအပုံ​ထဲ သို့​မဟုတ် များပြား​မှု​ထဲ​တွင် နက်​သည်ထက်​နက်​စွာ ဆက်​ရှာဖွေ​ကြသည်။—ဆာလံ ၁၁၉:၁၆၀

ကြိုးစား​အားထုတ်မှု​နှင့် ထိရောက်​မှု​ရှိသော​ကိရိယာ​များ​လိုအပ်

၁၄။ နယပုံပြင် ၂:၁-၆ က​ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ရာ​၌ ကြိုးစား​အားထုတ်မှု​လိုအပ်ကြောင်း မည်သို့​အလေးပေး​ဖော်ပြ​ခဲ့​သနည်း။

၁၄ သမ္မာကျမ်းစာ​ကို နက်နက်နဲနဲ​လေ့လာ​ရာ​၌ ကြိုးစား​အားထုတ်မှု​လိုအပ်​သည်။ နယပုံပြင် ၂:၁-၆ ကို​ဂရုတစိုက်​ဖတ်​ကြည့်​လျှင် ဤ​လိုအပ်ချက်​ကို အထင်အရှား​တွေ့ရ​၏။ ဘုရားသခင်​ရေးရာ​အသိပညာ၊ ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​ကို​ရရှိရန် ကြိုးစား​အားထုတ်မှု​လိုအပ်ကြောင်း အလေးပေး​ဖော်ပြ​ရန် ပညာရှိ​ဘုရင်​ရှောလမုန်​အသုံးပြု​ခဲ့​သည့် ဆောင်ရွက်မှု​ပြ​ကြိယာ​များ​ကို သတိပြုပါ။ သူ​ဤသို့​ရေးသားခဲ့​သည်– “ငါ့​သား သင်သည်​ပညာ​စကား​ကို​နားထောင်​၍၊ စေတနာ​စိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နား​ခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌ သွင်း​မိ​လျှင်​လည်းကောင်း၊ သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း၊ ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း၊ ထာဝရ​ဘုရား​ကို​ကြောက်​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် ပညာ​ကို​ပေး​တော်​မူ​တတ်၏။ နားလည်​နိုင်သော​ဉာဏ်​သည် နှုတ် [မြွက်​စကား] အားဖြင့်​သာ​ဖြစ်တတ်​၏။” မှန်ပါသည်၊ အကျိုး​ဖြစ်ထွန်း​သည့် လေ့လာမှု​တွင် သုတေသန​ပြုခြင်း၊ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​ဘိ​သကဲ့သို့ တူးဆွ​ခြင်း​ပါဝင်​သည်။

၁၅။ သမ္မာကျမ်း​ဆိုင်ရာ အဘယ်​ပုံ​ဥပမာ​က ကောင်းသော​လေ့လာမှု​နည်းလမ်းများ လိုအပ်ကြောင်း​ကို အလေးပေး​ဖော်ပြ​သနည်း။

၁၅ ဝိညာဉ်​ရေး​အရ​ကုံလုံ​ကြွယ်ဝ​စေသည့် လေ့လာမှု​တွင် လေ့လာမှု​နည်းလမ်း​ကောင်း​များလည်း လိုအပ်​သည်။ ရှောလမုန်က ဤသို့​ရေးသားခဲ့​သည်– “ပုဆိန်​တုံး​သောအခါ​မ​သွေး​ဘဲ​နေလျှင် အလွန်​ပြင်းစွာ​အားစိုက်​ရမည်။” (ဒေ. ၁၀:၁၀သမ္မာ) လုပ်သား​တစ်ဦး​သည် မ​ထက်​သော​ဖြတ်တောက်​ကိရိယာ​တစ်ခု​ကို အသုံးပြု​မည်​ဆိုလျှင် သို့​မဟုတ် ယင်းကို ကျွမ်း​ကျွမ်းကျင်​ကျင်​အသုံးမပြု​တတ်​လျှင် သူသည် မိမိ၏​အစွမ်း​ခွန်အား​ကို အလဟဿ​ကုန်​စေ​၍ သူ၏​လုပ်ဆောင်မှု​မှာလည်း အချည်းနှီး​ဖြစ်သွား​ပေ​လိမ့်​မည်။ အလားတူ လေ့လာမှု​အတွက်​အသုံးပြု​သော​အချိန်​မှာ ကျွန်ုပ်​တို့၏​လေ့လာ​ပုံ​လေ့လာနည်း​များ​ပေါ်​မူတည်၍ အကျိုးကျေးဇူးများ လွန်​စွာ​ခြားနား​နိုင်​ပေ​သည်။ ကျွန်ုပ်​တို့​လေ့လာ​ပုံ​လေ့လာနည်း တိုးတက်လာ​စေသည့် အကောင်းဆုံး​လက်တွေ့ကျ အကြံဉာဏ်​များ​ကို သီအိုကရက်တစ်​ကျောင်း​လမ်းညွှန်​စာအုပ် သင်ခန်းစာ ၇ တွင်​တွေ့ရှိ​နိုင်​သည်။ *

၁၆။ နက်နက်နဲနဲ​လေ့လာမှု​ပြု​ရာ​၌ ကျွန်ုပ်​တို့ကို​အကူအညီ​ဖြစ်စေ​ရန် အဘယ်​လက်တွေ့ကျ​အကြံပေး​ချက်​များ ပေး​ထား​သနည်း။

၁၆ လက်မှုပညာ​သည်​တစ်ဦး မိမိ၏​လုပ်ငန်း​စတင်​သောအခါ သူလို​အပ်​မည့်​ကိရိယာ​တန်ဆာပလာ​များ​ကို ခင်း​ချထား​ရမည်​ဖြစ်သည်။ အလားတူ ကျွန်ုပ်​တို့သည် လေ့လာမှု​စတင်​သောအခါ ကျွန်ုပ်​တို့​ကိုယ်ပိုင်​စာကြည့်တိုက်​ရှိ လိုအပ်​မည်​ဖြစ်သော​လေ့လာ​စ​ရာ​ကိရိယာ​များ​ကို ရွေးချယ်​ထား​သင့်​သည်။ လေ့လာမှု​ဟူသည် အလုပ်​တစ်ခု​ဖြစ်​ပြီး စိတ်ပိုင်း​ဆိုင်ရာ​ကြိုးစား​အားထုတ်မှု​လိုအပ်ကြောင်း သတိရ​ကာ သင့်လျော်​သော​ကိုယ်ဟန်​အနေအထား​ကိုလည်း ရွေးချယ်​သင့်​သည်။ ကျွန်ုပ်​တို့သည် စိတ်ပိုင်း​ဆိုင်ရာ​နိုးနိုးကြားကြား​ဖြစ်​လို​မည်​ဆိုလျှင် စားပွဲ​တစ်လုံး သို့​မဟုတ် စာ​ကြည့်​စားပွဲ​၌ ကုလားထိုင်​ဖြင့်​ထိုင်​ခြင်း​က အိပ်ရာ​ထဲ​တွင်​လှဲ​၍ သို့​မဟုတ် ဇိမ်​ရှိသော​ဆိုဖာ​ပေါ်​တွင်​ထိုင်​ခြင်း​ထက် သာ၍​ထိရောက်​မှု​ရှိကြောင်း တွေ့ရ​ပေမည်။ အတန်ကြာ​အာရုံစိုက်​လေ့လာ​ပြီး​နောက် အ​ညောင်း​ဆန့်​ခြင်း သို့​မဟုတ် အပြင်​ထွက်၍ လေ​ကောင်း​လေ​သန့်​ရှူ​ခြင်း​တို့သည် အကျိုး​ဖြစ်ထွန်း​ကြောင်း သင်​တွေ့ရှိ​ပေ​လိမ့်​မည်။

၁၇၊ ၁၈။ သင်​ရရှိနိုင်သော ကောင်းမွန်​သည့်​လေ့လာမှု​အထောက်အကူ​ပြု​ကိရိယာ​များ​ကို မည်သို့​အသုံးပြုပုံ​နှင့်​ပတ်သက်​၍ ဥပမာ​များ​ပေး​ပါ။

၁၇ ကျွန်ုပ်​တို့သည် ပြိုင်ဘက်​ကင်း​သော လေ့လာရေး​အထောက်အကူ​ပြု​ကိရိယာ​များ​ကိုလည်း ရရှိနိုင်​ကြသည်။ ယင်း​တို့​ထဲ​က ထိပ်ဆုံး​မှ​ဖြစ်သော​အရာ​ကား သမ္မာကျမ်း​၏ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​ဖြစ်​ပြီး ယခု တစ်အုပ်လုံး​ဖြစ်စေ၊ တစ်စိတ်​တစ်ပိုင်း​ဖြစ်စေ ၃၇ ဘာသာ​ဖြင့်​ရရှိနိုင်​ကြသည်။ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​၏ စံ​ထုတ်ဝေ​သည့်​စာအုပ်​၌ ပြန်​လှန်​အညွှန်းများ​နှင့် ရေးသားသူ၊ ရေးသား​သည့်​နေရာ၊ ခြုံငုံမိ​သည့်​ကာလ​တို့ကို ဖော်ပြ​ပေး​သည့် “သမ္မာကျမ်း​စာစောင်​များ​၏​ဇယား” တို့​ပါရှိ​သည်။ သမ္မာကျမ်းစာ​စကားလုံး​များ​အညွှန်း၊ နောက်ဆက်တွဲ​နှင့် မြေပုံများ​လည်း​ပါရှိ​သည်။ ဘာသာ​စကား​အချို့​တွင် ဤ​သမ္မာကျမ်းစာ​ကို စာအုပ်ကြီး​ဖြင့်​ပုံနှိပ်​ထုတ်ဝေ​ခဲ့​ပြီး အညွှန်း​ကျမ်းစာ​ဟု​သိရှိ​ကြသည်။ ယင်း​၌ အထက်​ဖော်ပြ​ပါ အင်္ဂါရပ်​အားလုံး​နှင့် ထပ်​ညွှန်း​ပါ​သည့် အဓိပ္ပာယ်​ကျယ်ဝန်း​သော​အောက်ခြေ​မှတ်ချက်များ​အပါအဝင် သာ၍​များစွာ​ပါရှိ​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သာ၍​နက်​သည်ထက်​နက်​စွာ​တူးဆွ​ရာ​၌ သင့်​အား အထောက်အကူ​ပြု​နိုင်​ရန် သင်၏​ဘာသာ​စကား​၌​ရရှိနိုင်သော​အရာ​ကို သင်​အပြည့်အဝ​အကျိုး​ရယူပါ​သလော။

၁၈ တန်ဖိုး​မ​ဖြတ်​နိုင်သော အခြား​လေ့လာရေး​အထောက်အကူ​ပြု ကိရိယာ​မှာ နှစ်အုပ်​တွဲ ကျမ်း​စာစောင်​များ​အပေါ်​ထိုးထွင်း​သိမြင်ခြင်း ကျမ်းစာ​စွယ်စုံ​ကျမ်း​ဖြစ်သည်။ သင်​နားလည်​နိုင်သော​ဘာသာ​စကား​ဖြင့် ဤ​စာအုပ်​ကို သင့်​လက်ဝယ်​ပိုင်ဆိုင်​ထား​ပါ​က သင်​လေ့လာမှု​ပြုသော​အခါ ယင်းသည် အမြဲ​ပင်​သင်၏​အဖော်​ဖြစ်​သင့်​သည်။ သမ္မာကျမ်းစာ​အကြောင်းအရာ​အများစု​နှင့်​ပတ်သက်​သည့် နောက်ခံ​အချက်အလက်​ဖြင့် ယင်းက သင့်ကို ထောက်ပံ့​ပေး​မည်။ အလားတူ​အထောက်အကူ​ပြု ကိရိယာ​တစ်ခု​မှာ “ကျမ်းစာ​တစ်ကျမ်း​လုံး ဘုရား​မှုတ်သွင်း​ရာ​ဖြစ်​ပြီး အကျိုး​လည်း​ပြု” စာအုပ်​ဖြစ်သည်။ သမ္မာကျမ်းစာ​စောင်​အသစ်​တစ်စောင်​ကို ဖတ်ရှု​ရန်စ​တင်သော​အခါ ပထဝီဝင်​နှင့်​သမိုင်း​နောက်ခံ​တို့​အပြင် သမ္မာ​ကျမ်းစောင်​များ​၏​ပါဝင်သော​အကြောင်းအရာ အကျဉ်းချုပ်​နှင့် ကျွန်ုပ်​တို့အတွက် ယင်း​တို့၏​အကျိုးရှိ​ပုံ​ကို​သိ​ရန် “ကျမ်းစာ​တစ်ကျမ်း​လုံး” စာအုပ်​ပါ သက်ဆိုင်ရာ​ကျမ်း​အကြောင်းကို​ဆန်းစစ်​လေ့လာ​သင့်​သည်။ မကြာသေးမီ​က ထပ်​တိုးလာ​သည့်​အရာ​မှာ ပုံနှိပ်​စာပေ​ပုံစံ​ဖြစ်သည့် များစွာသော​လေ့လာမှု​အထောက်အကူ​ပြု​ကိရိယာ​များ​ကို ကွန်ပျူတာ​၌​ကြည့်​နိုင်​ရန်​စီမံ​ထား​သည့် ကင်းမျှော်စင်​စာကြည့်တိုက်​ဖြစ်​ပြီး ဘာသာ​စကား​ပေါင်း​ကိုးခု​ဖြင့် ယခု​ရရှိနိုင်​သည်။

၁၉။ (က) သမ္မာကျမ်းစာ​လေ့လာ​ရန် ကျွန်ုပ်​တို့အတွက် ကောင်းမွန်သော​ကိရိယာ​များ​ကို ယေဟောဝါ အဘယ်ကြောင့်​စီမံ​ပေး​ခဲ့​သနည်း။ (ခ) လျောက်ပတ်​သော​ကျမ်းစာ​ဖတ်ရှုခြင်း​နှင့် လေ့လာခြင်း​အတွက် အဘယ်အရာ​လိုအပ်​သနည်း။

၁၉ ကမ္ဘာ​ပေါ်​ရှိ​မိမိ၏​ကျေးကျွန်​များ ‘ဘုရားသခင်​ကို​သိ​သော​ဉာဏ်​အား ရှာတွေ့’ နိုင်​ကြ​စေရန် ယေဟောဝါ​သည် ဤ​ကိရိယာ​အားလုံး​ကို ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ အားဖြင့် စီမံ​ပေး​ခဲ့​သည်။ (သု. ၂:၄၊ ၅) ကောင်းသော​လေ့လာမှု​အလေ့အကျင့်​က ယေဟောဝါ​အား သာ၍​သိကျွမ်း​လာစေဖို့ ကျွန်ုပ်​တို့ကို​ကူညီပေး​ပြီး ကိုယ်တော်​နှင့် သာ၍​ရင်းနှီးသော​ဆက်ဆံ​ရေး​ရရှိစေ​မည်​ဖြစ်သည်။ (ဆာလံ ၆၃:၁-၈) မှန်ပါသည်၊ လေ့လာခြင်း​ဟူသည် အလုပ်​ဖြစ်၏၊ သို့သော် ယင်းသည် ပျော်ရွှင်စရာ​ကောင်းပြီး အကျိုး​ဖြစ်ထွန်း​၏။ မည်သို့​ပင်​ဖြစ်စေ ယင်း​အတွက် အချိန်ပေး​ရသည်၊ သို့​ဖြစ်၍ သင့်​အနေ​ဖြင့် ‘ကျွန်တော့်​ရဲ့ ကျမ်းစာ​ဖတ်ရှုခြင်း​နဲ့ ကိုယ်ပိုင်​လေ့လာမှု​မှာ အပြည့်အဝ​အာရုံစိုက်​ဖို့ အချိန်ကို ဘယ်က​ရနိုင်​မှာ​လဲ’ ဟု​စဉ်းစား​ပေမည်။ ၎င်း​ကဏ္ဍ​ကို ဤ​အခန်းဆက်​၏ နောက်ဆုံး​ဆောင်းပါး​တွင် သုံးသပ်​သွား​ကြ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 7 ဓမ္မဟောင်း​ကျမ်း ဓမ္မ​ပညာ​သုံး​နိုင်ငံတကာ​အဘိဓာန်​သစ်​နှင့် အကျယ်​ဖွင့်​ကျမ်း အတွဲ ၄၊ စ​စ. ၂၀၅-၇။

^ အပိုဒ်၊ 12 ကင်းမျှော်စင်၊ ဩဂုတ် ၁၊ ၁၉၉၈၊ စာမျက်နှာ ၁၃၊ စာပိုဒ် ၇ ကို​ရှု။ သမ္မာကျမ်းစာ​လေ့လာခြင်း​၏​စီမံကိန်း​အဖြစ် သင့်​အနေ​နှင့် ထို​လထုတ်​မဂ္ဂဇင်း​ပါ လေ့လာ​ရန်​ဆောင်းပါး​များ​အပြင် နယူးယောက်၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ ထုတ်ဝေ​သည့် ကျမ်း​စာစောင်​များ​အပေါ်​ထိုးထွင်း​သိမြင်ခြင်း ကျမ်းစာ​စွယ်စုံ​ကျမ်း [လိပ်] ရှိ “တရား​မျှတခြင်း၊” “သနား​ညှာတာ​ခြင်း၊” “ဖြောင့်မတ်ခြင်း” ဆောင်းပါး​များ​ကိုလည်း ပြန်​သုံးသပ်​နိုင်​သည်။

^ အပိုဒ်၊ 15 မြန်မာ၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ ထုတ်ဝေ​သည်။ ဤ​လက်စွဲ​စာအုပ်​ကို သင်​ဘာသာ​စကား​ဖြင့်​မရရှိ​နိုင်​ပါ​က ကင်းမျှော်စင်– ဩဂုတ် ၁၅၊ ၁၉၉၃၊ စာမျက်နှာ ၁၃-၁၇; မေ ၁၅၊ ၁၉၈၆ [လိပ်]၊ စာမျက်နှာ ၁၉-၂၀ တို့​တွင် လေ့လာခြင်း​နည်းလမ်းများ​နှင့်​ပတ်သက်​၍ ကောင်းမွန်သော​အကြံပေး​ချက်​ကို တွေ့​နိုင်​ပါ​သည်။

ပြန်လည်​သုံးသပ်ရန်​မေးခွန်းများ

• ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​လေ့လာမှု​ကို လန်းဆန်း​စေ​၍ အကျိုး​ဖြစ်ထွန်း​စေရန် မည်သို့​လုပ်ဆောင်​နိုင်​သနည်း။

• ဆာလံဆရာ​ကဲ့သို့ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို “နှစ်သက်​မြတ်နိုး” ၍ “ဆင်ခြင်​အောက်မေ့” ကြောင်း မည်သို့​ပြသ​နိုင်​ကြ​သနည်း။

• ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ရာ​၌ ကြိုးစား​အားထုတ်​ရန်လို​ကြောင်း နယပုံပြင် ၂:၁-၆ က မည်သို့​ဖော်ပြ​သနည်း။

• အဘယ်​ကောင်းမွန်သော​လေ့လာမှု​အထောက်အကူ​ပြု​ကိရိယာ​များ​ကို ယေဟောဝါ​စီမံ​ပေး​ထား​တော်​မူ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

တိတ်ဆိတ်​စွာ​ပြန်ပြောင်း​စဉ်းစား​ဆင်ခြင်ခြင်း​နှင့် ဆုတောင်းခြင်း​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ချစ်​မြတ်နိုးမှု​တိုးပွား​လာ​စေရန် ကျွန်ုပ်​တို့ကို​ကူညီပေး

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ထဲ သာ၍​နက်နက်နဲနဲ​တူးဆွ​ရန် ရနိုင်​သမျှ​လေ့လာမှု​ကိရိယာ​များ​ကို သင်​အပြည့်အဝ​အသုံးပြုပါ​သလော