အထူးအမွေအနှစ်ဖြင့် ကောင်းချီးခံရခဲ့
ဘဝအတ္ထုပ္ပတ္တိ
အထူးအမွေအနှစ်ဖြင့် ကောင်းချီးခံရခဲ့
ကယ်ရယ်လ် အယ်လင် ပြောပြသည်
ကျွန်မရဲ့စာအုပ်သစ်လှလှလေးကို ဆုပ်ကိုင်ထားရင်း အထီးကျန်ဖြစ်နေခဲ့တယ်။ ကြောက်ရွံ့စိတ်က စိုးမိုးထားလေတော့ ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။ အဖြစ်ကတော့ ခုနစ်နှစ်ပဲရှိသေးတဲ့ကျွန်မဟာ မရောက်ဖူးတဲ့ မြို့တစ်မြို့မှာ တစ်သိန်းကျော်တဲ့လူတွေကြားထဲမှာ လမ်းပျောက်ခဲ့တာပါ!
မကြာခင်က ကျွန်မခင်ပွန်းပေါလ်နဲ့အတူ နယူးယောက်မြို့၊ ပက်တာစင်နယ်က လှပတဲ့ကင်းမျှော်စင်ပညာရေးဌာနကို အလည်သွားရာကနေ လွန်ခဲ့တဲ့အနှစ် ၆၀ နီးပါး ကလေးဘဝအတွေ့အကြုံကို ပြန်ပြီးကွင်းကွင်းကွက်ကွက်မြင်ယောင်လာတယ်။ သူဟာ ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးကျောင်းရဲ့ ဒုတိယမြောက်သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။
နေရောင်နဲ့လင်းနေတဲ့ဧည့်ခန်းကို ကျွန်မတို့လှည့်ပတ်ကြည့်ရင်း “စည်းဝေးကြီးများ” ဆိုတဲ့ စာတန်းရေးထားတဲ့ ပြကွက်ကြီးတစ်ခုကို ကျွန်မသတိထားခဲ့မိတယ်။ အလယ်တည့်တည့်မှာ ကလေးဘဝစာအုပ်တစ်အုပ်စီကိုကိုင်ပြီး တက်တက်ကြွကြွဝှေ့ရမ်းပြနေတဲ့ ကလေးတွေရဲ့အဖြူအမဲဓာတ်ပုံတစ်ပုံရှိတယ်။ ဓာတ်ပုံရဲ့စာတန်းကို ကျွန်မမြန်မြန်ဆန်ဆန်ပဲ ဖတ်ခဲ့တယ်– “၁၉၄၁ ခုနှစ်—မစ်ဇူရီပြည်နယ် စိန့်လူးဝစ္စမြို့တွင် နံနက်ပိုင်းအစီအစဉ်စတင်သောအခါ အသက် ၅ နှစ်မှ ၁၈ နှစ်ကြား ကလေး ၁၅,၀၀၀ ကိုစင်မြင့်၏အရှေ့တည့်တည့် အဓိကနေရာတွင် စုဝေးစေခဲ့သည်။ . . . ညီအစ်ကိုရပ်သဖော့ဒ်က ကလေးများ စာအုပ်သစ်ကို ထုတ်ဝေလိုက်ကြောင်း ကြေညာခဲ့သည်။”
ကလေးတစ်ယောက်စီကို စာအုပ်တစ်အုပ်စီပေးခဲ့တယ်။ ပြီးတဲ့နောက်မှာ ကျွန်မကလွဲလို့ ကလေးတွေအားလုံး သူတို့မိဘတွေထိုင်နေတဲ့နေရာကို ပြန်သွားခဲ့ကြတယ်။ ကျွန်မလမ်းပျောက်ခဲ့တယ်! ဖော်ရွေတဲ့ဧည့်ကြိုတစ်ယောက်က ကျွန်မကိုပွေ့ချီ၊ အလှူငွေသေတ္တာမြင့်တစ်ခုပေါ်မှာ ရပ်ခိုင်းပြီး ကျွန်မနဲ့သိတဲ့သူတစ်ယောက်ယောက်ကို ရှာခိုင်းပါတယ်။ လှေကားကနေ ဆင်းသွားနေကြတဲ့ လူအုပ်ကြီးကို စိုးရိမ်တကြီး ကျွန်မလိုက်ကြည့်ခဲ့တယ်။ အမှတ်မထင် ကျွန်မသိတဲ့လူတစ်ယောက်ကိုတွေ့ပြီ။ “အန်ကယ်လ်ဘော့ဘ်! အန်ကယ်လ်ဘော့ဘ်!” ကျွန်မကိုတွေ့သွားတယ်! စိုးရိမ်တကြီးစောင့်နေကြတဲ့ မိဘတွေဆီကို ဘော့ဘ် ရိန်းနာက ခေါ်သွားပေးခဲ့တယ်။
ကျွန်မဘဝကိုပုံသွင်းပေးခဲ့သော အစောပိုင်းအဖြစ်အပျက်များ
အဲဒီပြကွက်ကို ကြည့်ပြီး မှတ်သားထားတဲ့အရာတွေအများကြီး—ကျွန်မဘဝကိုပုံသွင်းပေးပြီး နှစ်သက်စရာကောင်းတဲ့ ပက်တာစင်အဆောက်အအုံကို ရောက်ရှိစေတဲ့ဖြစ်ရပ်တွေ—ကို ပြန်ပြီး ရုပ်လုံးပေါ်လာစေတယ်။ ကျွန်မရဲ့အတွေးတွေဟာ လွန်ခဲ့တဲ့အနှစ်တစ်ရာကျော်က အဖြစ်အပျက်တွေ အထူးသဖြင့် ကျွန်မရဲ့အဘိုးအဘွားနဲ့ မိဘတွေဆီကနေ ကြားရတာတွေဆီ ပြန်ရောက်သွားပါတယ်။
၁၈၉၄၊ ဒီဇင်ဘာလမှာ အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများတဲ့ ယေဟောဝါသက်သေတွေထဲက အချိန်ပြည့်အမှုဆောင်တစ်ဦးဟာ ယူ.အက်စ်.အေ. ပဲင်စီလ်ဘေးနီးယား၊ ဆရိန်းတန်က ကျွန်မအဖေဘက်ကအဘိုး ကလင်တန် ဂျေ. ဝုဒ်ဝေါ့ရဲ့အိမ်ကို ရောက်လာတယ်။ ကလင်တန်က အိမ်ထောင်ပြုပြီးစပဲရှိသေးတယ်။ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းဥက္ကဋ္ဌ ချားလ်စ် တေဇ် ရပ်စယ်လ်ဆီကို စာတစ်စောင် သူရေးခဲ့တယ်၊ အဲဒါကို ၁၈၉၅၊ ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ဖော်ပြထားတယ်။ သူဒီလိုရှင်းပြခဲ့ပါတယ်–
“ကျွန်တော်တို့က ဆယ်နှစ်လောက်အထိ အမည်ခံချာ့ခ်ျအဖွဲ့ဝင်တွေဖြစ်ခဲ့ကြတဲ့ ငယ်ရွယ်တဲ့ဇနီးမောင်နှံပါ; ဒါပေမဲ့ အခုတော့ အမြင့်မြတ်ဆုံးအရှင်ရဲ့ ဆက်ကပ်အပ်နှံထားတဲ့သားသမီးတွေအဖြစ် အမှောင်ကနေ နေ့သစ်ရဲ့အလင်းထဲကို လှမ်းနေကြပြီလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ . . . ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးခင် ကြာမြင့်စွာကတည်းက ကျွန်တော်တို့ရဲ့ အပြင်းပြဆုံးဆန္ဒကတော့ သခင့်အလိုတော်ကို ဆောင်ရွက်ဖို့၊ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်တော်ရဲ့အလိုတော်ကို တိုင်းတစ်ပါးလယ်ကွင်းမှာ ခရစ်ယာန်သာသနာပြုတွေအနေနဲ့ အမှုဆောင်ဖို့ပါပဲ။”
ဒီလိုနဲ့ ၁၉၀၃ ခုနှစ်မှာ ကျွန်မအမေဘက်က ဘေးနဲ့ဘေးမဖြစ်တဲ့ ဆဘဲစ်ရှင်းနဲ့ ကက်သရင်း ခရက်ဂျီတို့ဟာ ပဲင်စီလ်ဘေးနီးယားပြည်နယ် လှပတဲ့ပိုကိုနိုတောင်တန်းဒေသက သူတို့နေထိုင်တဲ့လယ်ယာကြီးထဲအထိ ကင်းမျှော်စင်ကိုယ်စားလှယ်နှစ်ယောက် သယ်ဆောင်လာတဲ့ ကျမ်းစာသတင်းကို ဝမ်းပန်းတသာနားထောင်ခဲ့ကြတယ်။ အဲဒီမှာ သမီးတွေဖြစ်ကြတဲ့ ကော်ရာနဲ့မေရီအပြင် သူတို့ရဲ့ခင်ပွန်း ဝါရှင်တန်နဲ့ အဒ်မဲန် ဟာဝါတို့နဲ့အတူနေကြတယ်။ ကင်းမျှော်စင်ကိုယ်စားလှယ် ကားလ် ဟဲမရာလီနဲ့ ရေ ရာတ်ကလစ်ဖ်တို့ဟာ သူတို့နဲ့တစ်ပတ်လုံးနေခဲ့ကြပြီး အကြောင်းအရာအတော်များများ သင်ပေးခဲ့ကြတယ်။ အဲဒီမိသားစုခြောက်ယောက်စလုံးဟာ နားထောင်၊ လေ့လာပြီး မကြာခင်မှာပဲ ထက်သန်တဲ့ကျမ်းစာကျောင်းသားတွေဖြစ်လာခဲ့ကြတယ်။
အဲဒီ ၁၉၀၃ ခုနှစ်မှာပဲ ကော်ရာနဲ့ဝါရှင်တန် ဟာဝါတို့ဟာ သမီးလေးကက်သရင်းကိုမွေးဖွားခဲ့ပါတယ်။ သူဟာ နောက်ဆုံး ကျွန်မအဖေ ကလင်တန် ဂျေ. ဝုဒ်ဝေါ့ ဂျူနီယာကို လက်ထပ်ခဲ့တာဟာ တကယ့်ကိုစိတ်ဝင်စားစရာကောင်းပြီး ထူးခြားတဲ့အဖြစ်အပျက်လို့ ကျွန်မထင်တယ်။ ဒါက ကျွန်မအဘိုးကလင်တန် ဂျေ. ဝုဒ်ဝေါ့ ဆီနီယာရဲ့ ချစ်မြတ်နိုးမှုပါတဲ့ ထိုးထွင်းသိမြင်မှုနဲ့ မိဘဆန်တဲ့ဂရုစိုက်မှုတို့ကို ဖော်ပြနေပါတယ်။
ချစ်မြတ်နိုးစွာကူညီမှုကို ကျွန်မအဖေရရှိ
၁၉၀၆ ခုနှစ်မှာ ကျွန်မအဖေ ကလင်တန် ဂျူနီယာကို ဟာဝါလယ်ယာကနေ မိုင် ၅၀ လောက်ရှိတဲ့ ဆရိန်းတန်မြို့မှာမွေးတယ်။ အဲဒီအစောပိုင်းနှစ်တွေမှာ အဘိုးဝုဒ်ဝေါ့ဟာ ဟာဝါမိသားစုကြီးနဲ့ အတော်လေးကိုရင်းနှီးလာပြီး သူတို့ရဲ့အံ့မခန်းဖွယ်ဧည့်ခံကျွေးမွေးမှုမှာ ပါဝင်သုံးဆောင်လေ့ရှိခဲ့တယ်။ ဒီဒေသကကျမ်းစာကျောင်းသားတွေရဲ့ အသင်းတော်ကို အဘိုးက အများကြီးကူညီပေးခဲ့တယ်။ အချိန်တန်လာတာနဲ့အမျှ ဟာဝါသားသုံးယောက်ရဲ့မင်္ဂလာဆောင်ကို ဆောင်ရွက်ပေးဖို့ အဘိုးကိုဖိတ်တယ်၊ အဘိုးက သူ့ရဲ့သား ကောင်းကျိုးအတွက် အဲဒီမင်္ဂလာဆောင်ပွဲတိုင်းကိုသွားတဲ့အခါ သားကိုမပါပါအောင်ခေါ်သွားခဲ့တယ်။
အဲဒီတုန်းက အဖေဟာ ကျမ်းစာကျောင်းသားတွေရဲ့ ခရစ်ယာန်ဓမ္မအမှုမှာ တက်တက်ကြွကြွမပါဝင်ခဲ့ဘူး။ အဖေဟာ အဘိုး ခရစ်ယာန်ဓမ္မအမှုတာဝန်တွေထမ်းဆောင်ဖို့ ကားမောင်းပေးခဲ့တာမှန်တယ်၊ ဒါပေမဲ့ အဘိုးက တိုက်တွန်းအားပေးခဲ့ပေမဲ့ အဖေဟာ တက်တက်ကြွကြွမပါဝင်ခဲ့ဘူး။ အဲဒီအချိန်မှာ အဖေရဲ့ဂီတဝါသနာဟာ အ
ခြားအရာအားလုံးရဲ့နေရာကို ဝင်ရောက်နေရာယူခဲ့ပြီး စီးပွားဖြစ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ဖို့ ခြေလှမ်းလှမ်းခဲ့တယ်။ကော်ရာနဲ့ဝါရှင်တန် ဟာဝါတို့ရဲ့သမီး ကက်သရင်းလည်း စန္ဒရားကို တီးခတ်သင်ပြပြီး ကျွမ်းကျင်တဲ့ဂီတပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်။ သူ့အတွက် စီးပွားဖြစ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းပွင့်နေပေမဲ့ အဲဒီလိုက်စားမှုကို ဘေးဖယ်ပြီး အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ စပါဝင်ခဲ့တယ်။ အဘိုးရဲ့စိတ်ထဲမှာ ယုတ်စွအဆုံး ကျွန်မရဲ့အမြင်အရ သူ့သားအတွက် ဒီထက်ကောင်းတဲ့အဖော်အဖက်မရှိနိုင်တော့ဘူးလို့ ယူမှတ်ပုံရတယ်။ အဖေနှစ်ခြင်းခံခဲ့ပြီး နောက်ခြောက်လအကြာ ၁၉၃၁၊ ဇွန်လမှာ အမေနဲ့လက်ထပ်ခဲ့တယ်။
အဘိုးက သူ့သားရဲ့ဂီတစွမ်းရည်နဲ့ပတ်သက်ပြီး အမြဲတမ်းဂုဏ်ယူတတ်တယ်။ အိုဟိုင်အို၊ ကလီဗ်လန်မြို့မှာကျင်းပတဲ့ ၁၉၄၆ ခုနှစ်အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးအတွက် စည်းဝေးကြီးသံစုံတီးဝိုင်းကြီးရဲ့ပင်မဌာနမှာ သွားရောက်လေ့ကျင့်ဖို့ အဖေ့ကိုတောင်းဆိုတဲ့အခါ အဘိုးက အရမ်းဝမ်းသာခဲ့တယ်။ နောက်နှစ်တွေမှာ အဖေက ယေဟောဝါသက်သေတွေရဲ့ တခြားစည်းဝေးကြီးအတော်များများမှာ သံစုံတီးဝိုင်းကို ကြီးကြပ်ပေးခဲ့ရတယ်။
အဘိုး တရားရုံးရောက်ပြီး အကျဉ်းခံရ
ပက်တာစင်ဧည့်ခန်းထဲမှာ ပေါလ်နဲ့ကျွန်မတို့ဟာ နောက်တစ်မျက်နှာမှာ ဓာတ်ပုံတစ်ပုံပြထားတာကို အမှတ်မထင်တွေ့ခဲ့တယ်။ လွန်ခဲ့တဲ့အနှစ် ၅၀ ကျော်က ကျွန်မအတွက် အဲဒီဓာတ်ပုံတစ်ပုံ အဘိုးပို့ပေးထားလို့ ဒီပုံကို ကျွန်မချက်ချင်းမှတ်မိခဲ့တာ။ လက်ယာဘက်ခပ်လှမ်းလှမ်းမှာရပ်နေတဲ့သူကတော့ အဘိုးပါပဲ။
ပထမကမ္ဘာစစ်ဝန်းကျင် မျိုးချစ်စိတ်ပြင်းထန်ချိန်အတွင်းမှာ ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ် (အလယ်မှာ ထိုင်နေသူ) အပါအဝင် အဲဒီကျမ်းစာကျောင်းသားရှစ်ယောက်ကို မတရားထောင်ချခဲ့တဲ့အပြင် အာမခံလည်းမပေးဘူး။ သူတို့အပေါ်စွဲချက်တွေဟာ ကျမ်းစာစောင်များမှလေ့လာစရာများစာအုပ်ရဲ့ အတွဲခုနစ်ဖြစ်တဲ့ ပြီးဆုံးလေသောနက်နဲရာထဲက ရေးသားထားချက်တွေပေါ်မှာ ဗဟိုပြုပါတယ်။ အဲဒီမှာရေးသားထားတာတွေဟာ အမေရိကန်ပြည်ထောင်စု ပထမကမ္ဘာစစ်ထဲပါဝင်ခြင်းကို ရပ်တန့်သွားအောင်လုပ်နေတယ်လို့ မှားယွင်းစွာနားလည်သွားကြတယ်လေ။
နှစ်အတော်ကြာကြာ ချားလ်စ် တေဇ် ရပ်စယ်လ်ဟာ ကျမ်းစာစောင်များမှ လေ့လာစရာများ ရဲ့ပထမဆုံးအတွဲခြောက်တွဲကို ရေးခဲ့ပေမဲ့ အတွဲခုနစ်မရေးခင်မှာ ကွယ်လွန်သွားခဲ့တယ်။ ဒါကြောင့် သူရဲ့မှတ်စုကို အဘိုးနဲ့ကျမ်းစာကျောင်းသားနောက်တစ်ယောက်ကို ပေးခဲ့တဲ့အတွက် သူတို့တွေက အတွဲခုနစ်ကို ရေးခဲ့တာဖြစ်တယ်။ စစ်မပြီးခင် ၁၉၁၇ ခုနှစ်မှာ အတွဲခုနစ်ကိုထုတ်ခဲ့တယ်။ တရားရုံးက အဘိုးနဲ့ အခြားသူတွေအများစုလည်းပဲ တစ်ခုစီဟာ အနှစ် ၂၀ ဖြစ်တဲ့ အချိန်အပိုင်းအခြားလေးခုကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချခဲ့တယ်။
ပက်တာစင်ဧည့်ခန်းထဲက ဓာတ်ပုံစာတန်းက ဒီလိုရှင်းပြတယ်– “ရပ်သဖော့ဒ်နှင့်သူ၏အပေါင်းပါများ အပြစ်စီရင်ခံရပြီး ကိုးလအကြာ—စစ်အပြီး—၁၉၁၉၊ မတ် ၂၁ ရက်နေ့၌ အယူခံတရားရုံးက တရားခံရှစ်ယောက်စလုံးကို အာမခံပေးရန် အမိန့်ထုတ်ခဲ့ပြီးနောက်
မတ် ၂၆ ရက်နေ့ ဘရွတ်ကလင်မြို့တွင် အာမခံဒေါ်လာ ၁၀,၀၀၀ စီဖြင့် လွတ်မြောက်လာခဲ့သည်။ ၁၉၂၀၊ မေ ၅ ရက်နေ့တွင် ဂျေ. အက်ဖ်. ရပ်သဖော့ဒ်နှင့် တခြားသူတို့သည် အာမခံပေးဆောင်မှုမှကင်းလွတ်ခဲ့သည်။”အပြစ်စီရင်ချက်ချပြီးနောက် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာရှိ ဖယ်ဒရယ်အကျဉ်းထောင်ကိုမပို့ခင် အဲဒီရှစ်ဦးဟာ ဦးဆုံး နယူးယောက်၊ ဘရွတ်ကလင်၊ ရေမန်ဒ်လမ်းအကျဉ်းထောင်မှာ ရက်အနည်းငယ်နေခဲ့ရတယ်။ အဲဒီကနေ အဘိုးဟာ “အင်မတန်ညစ်ပတ်ရှုပ်ပွနေတဲ့ နေရာရဲ့အလယ်မှာရှိတဲ့” ခြောက်ပေxရှစ်ပေအချုပ်ခန်းရဲ့အကြောင်းကို ရေးခဲ့တယ်။ “သတင်းစာတစ်ပုံရှိခဲ့တယ်၊ ပထမမှာ အဲဒီသတင်းစာကို အလေးမထားခဲ့ဘူး၊ ဒီသတင်းစာတွေကို ရေအိမ်သုံးစက္ကူ၊ ဆပ်ပြာ၊ လက်သုတ်ပဝါအနေနဲ့ အသုံးပြုဖို့ မကြာခင် သဘောပေါက်လာတယ်၊ သန့်ရှင်းမှုနဲ့ကိုယ့်ကိုယ်ကိုလေးစားဖို့အတွက် အဲဒါတွေဟာ တစ်ခုတည်းသော အခွင့်အလမ်းပဲ” ဆိုပြီး အဘိုးကပြောခဲ့တယ်။
ဒါတောင် အဘိုးက အကျဉ်းထောင်ကို “ဟိုတယ် ဒီ ရာမောန်ဒီ” လို့ပြောပြီး “ငါ့ရဲ့တည်းခိုခွင့်ကုန်တာနဲ့ ဒီကနေထွက်သွားရမှာ” ဆိုပြီး ဟာသနှောခဲ့တယ်။ ထောင်ဝင်းထဲ လမ်းလျှောက်ထွက်တာတွေကိုလည်း ပြောပြခဲ့တယ်။ အဘိုးက ခဏရပ်ပြီး ဆံပင်ဖြီးပေးတာကို ခံနေတဲ့အချိန်မှာ အဘိုးရဲ့အိတ်ဆောင်နာရီကို ခါးပိုက်နှိုက်က ရုတ်တရက်ဆောင့်ဆွဲလိုက်တယ်၊ ဒါပေမဲ့ “နာရီကြိုးပြတ်သွားလို့ နာရီလေးတော့ပါမသွားဘူး” ဆိုပြီး အဘိုးကစာရေးခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ ဘရွတ်ကလင်ဗေသလကို ကျွန်မသွားလည်တဲ့အခါ အဲဒီတုန်းက ကင်းမျှော်စင်အသင်းရဲ့ အတွင်းရေးမှူးနဲ့ဘဏ္ဍာရေးမှူး ဂရဲန့် စူတာက ကျွန်မကို သူ့ရုံးခန်းထဲခေါ်ပြီး အဲဒီနာရီကိုပေးခဲ့တယ်။ ခုထိ ကျွန်မအမြတ်တနိုးသိမ်းထားတုန်းပဲ။
အဖေ့အပေါ်သက်ရောက်သည့်အကျိုး
၁၉၁၈ ခုနှစ်၊ အဘိုး မတရားထောင်ချခံရတဲ့အချိန်မှာ အဖေ့အသက် ၁၂ နှစ်ပဲရှိသေးတယ်။ အဘွားက အိမ်ကိုပိတ်၊ အဖေ့ကိုခေါ်ပြီး သူ့အမေရယ်၊ ညီမသုံးယောက်ရယ်နဲ့အတူသွားနေခဲ့တယ်။ အဘွားရဲ့အပျိုစင်ဘဝနာမည်က အာသာဖြစ်တယ်၊ ဆွေမျိုးထဲက ချက်စတာ အဲလဲန် အာသာဟာ ၂၁ ယောက်မြောက် အမေရိကန်ပြည်ထောင်စုသမ္မတဆိုပြီး မိသားစုက ဝင့်ကြွားစွာပြောတတ်ကြတယ်။
အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်တဲ့ရာဇဝတ်သားစွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်စီရင်ချက်ချခံရပြီးနောက်မှာ အာသာတို့က အဘိုးဟာ မိသားစုနာမည်ဖျက်တဲ့သူဆိုပြီး လုံးဝယူမှတ်ခဲ့ကြတယ်။ အဖေ့အတွက် ကြေကွဲစရာကောင်းတဲ့အချိန်ပေါ့။ အစပိုင်းမှာ အဖေဟာ လူသိရှင်ကြားအမှုဆောင်ထွက်ဖို့ တွန့်ဆုတ်နေခြင်းဟာ အဲဒါကြောင့်ဖြစ်နိုင်တယ်။
ထောင်ကနေ အဘိုးလွတ်လာတဲ့အခါ သူ့မိသားစုကိုခေါ်ပြီး ဆရိန်းတန်၊ ကွင်န်စီလမ်းက တိုက်အိမ်ကြီးကိုပြောင်းခဲ့ကြတယ်။ ကလေးတစ်ယောက်အနေနဲ့ကျွန်မဟာ အဘိုးအဘွားရဲ့အိမ်ရယ်၊ အဘွားရဲ့ လှပတဲ့ တရုတ်ကြွေပန်းကန်တွေကို ကောင်းကောင်းမှတ်မိတယ်။ အဘွားက အဲဒီပန်းကန်တွေကို ဘယ်သူကိုမှပေးမဆေးတဲ့အတွက် သန့်ရှင်းမြင့်မြတ်တဲ့ပန်းကန်တွေလို့ ကျွန်မတို့ကခေါ်ခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ အဘွားကွယ်လွန်သွားပြီးတဲ့နောက် အမေက တစ်ခါတလေ လှပတဲ့ဒီပန်းကန်တွေနဲ့ ဧည့်ခံကျွေးမွေးခဲ့တယ်။
ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတော်တွင် အလုပ်များခြင်း
နောက်တစ်နေ့ ပက်တာစင်ဝင်းထဲမှာ စီဒါပွိုင့်၊ အိုဟိုင်အိုမှာကျင်းပတဲ့ ၁၉၁၉ ခုနှစ်စည်းဝေးကြီးမှာ ဟောပြောနေတဲ့ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဓာတ်ပုံကို အမှတ်မထင်တွေ့ခဲ့တယ်။ အဲဒီမှာ သူက ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းမှာ ဇွဲရှိရှိပါဝင်ကြဖို့၊ ဒီစည်းဝေးကြီးမှာ ထုတ်ဝေတဲ့ ရွှေခေတ် မဂ္ဂဇင်းအသစ်ကိုအသုံးပြုကြဖို့ အားလုံးကို တိုက်တွန်းအားပေးခဲ့တယ်။ အဘိုးကို အယ်ဒီတာအဖြစ် ခန့်အပ်ခဲ့တယ်၊ အဘိုးမဆုံးခင် ၁၉၄၀ ပြည့်လွန်နှစ်တွေတစ်လျှောက်အထိ ဆောင်းပါးတွေရေးသားပေးပို့ခဲ့တယ်။ အဲဒီမဂ္ဂဇင်းရဲ့အမည်ကို ၁၉၃၇ ခုနှစ်မှာ နှစ်သိမ့်မှု နဲ့ ၁၉၄၆ ခုနှစ်မှာ နိုးလော့! ဆိုပြီးပြောင်းခဲ့တယ်။
အဘိုးက ဆရိန်းတန်ကအိမ်မှာရော၊ မိုင် ၁၅၀ လောက်ရှိတဲ့ ဘရွတ်ကလင်က ကင်းမျှော်စင်ဌာနချုပ်မှာပါ စာရေးခဲ့တယ်၊ တစ်နေရာမှာ တစ်ခါစာရေးရင် နှစ်ပတ်ကြာတယ်။ မနက်တိုင်းလိုလိုငါးနာရီမှာ အဘိုးရဲ့လက်နှိပ်စက်ရိုက်သံကို သတိရတယ်လို့ အဖေကပြောပါတယ်။ ဒါအပြင် အဘိုးဟာ လူသိရှင်ကြားဟောပြောခြင်းလုပ်ငန်းမှာပါဝင်ရမယ့်တာဝန်ကိုလည်း အလေးအနက်ထားခဲ့တယ်။ တကယ်တော့၊ အဘိုးဟာ ကျမ်းစာစာပေတွေထည့်ဖို့ အတွင်းအိတ်ကပ်ကြီးတွေရှိတဲ့ စွပ်ကျယ်ကိုတီထွင်ခဲ့တာ။ အသက် ၉၄ နှစ်ရှိတဲ့ ကျွန်မအ
ဒေါ်နေအိုမီ ဟာဝါဆီမှာအခုထိ တစ်ထည်ရှိသေးတယ်။ အဘိုးဟာ အမျိုးသမီးတွေအတွက်လည်းပဲ စာအုပ်အိတ်တီထွင်ပေးခဲ့တယ်။တစ်ခါတုန်းက စိတ်အားတက်ကြွတဲ့ကျမ်းစာဆွေးနွေးပွဲပြီးတော့ အဘိုးရဲ့လုပ်ငန်းတော်အဖော်က “စီ. ဂျေ. ခင်ဗျား အမှားတစ်ခုလုပ်ခဲ့တယ်” လို့ပြောတယ်။
“ဘာအမှားလဲ” ဆိုပြီး အဘိုးကမေးခဲ့တယ်။ အဘိုးက သူ့ရဲ့စွပ်ကျယ်ကိုစစ်ကြည့်တယ်။ အိတ်နှစ်အိတ်စလုံးမှာ ဘာမှမရှိဘူး။
“သူ့ကို ရွှေခေတ် နှစ်စဉ်ကြေးကမ်းလှမ်းဖို့ ခင်ဗျားမေ့ခဲ့တယ်။” အယ်ဒီတာကပဲ သူ့ရဲ့မဂ္ဂဇင်းကို ပေးဖို့မေ့သွားလို့ သူတို့အားပါးတရရယ်ခဲ့ကြတယ်။
ကြီးပြင်းလာစဉ်အမှတ်ရမှုများ
အဘိုးက ကျွန်မကို “လက်ချောင်းပုံပြင်” ပြောပြရင်း အဘိုးပေါင်ခွင်ထဲထိုင်နေတဲ့ ကလေးဖြစ်တဲ့ကျွန်မရဲ့လက်ကလေးကို ကိုင်ထားတာ မှတ်မိသေးတယ်။ “လက်မ,တော်မီ” ကနေစပြီး “လက်ညှိုးပီတာ” အကြောင်းရောက်သွားပြီး လက်ချောင်းတစ်ချောင်းစီရဲ့ထူးခြားချက်ကို ပြောပြခဲ့တယ်။ ပြီးတော့ အဘိုးက လက်ချောင်းအားလုံးကို အသေအချာပူးလိုက်ပြီး “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုတဲ့သင်ခန်းစာကို သင်ပေးပါတယ်။
ကျွန်မမိဘတွေလက်ထပ်ပြီးတဲ့နောက် အိုဟိုင်အို၊ ကလီဗ်လန်မြို့ကို ပြောင်းခဲ့တယ်၊ အဲဒီမှာ အက်ဒ်နဲ့မေရီဟူးပါရ်တို့နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။ သူတို့ရဲ့မိသားစုဟာ ရာစုနှစ်အကူးအပြောင်းကတည်းက ကျမ်းစာကျောင်းသားတွေဖြစ်ခဲ့ကြတာပါ။ ကျွန်မမိဘတွေနဲ့ ကျွန်မခေါ်တဲ့ အန်ကယ်လ်အက်ဒ်နဲ့ အန်တီမေရီတို့ဟာ အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။ ဟူးပါရ်တို့ရဲ့တစ်ဦးတည်းသောသမီးလေး သေဆုံးခဲ့တဲ့အတွက် ၁၉၃၄ ခုနှစ်မှာ ကျွန်မရောက်သွားတဲ့အခါ မိန်းကလေးဖြစ်တဲ့ကျွန်မဟာ သူတို့ရဲ့အထူး “သမီးလေး” ဖြစ်လာခဲ့တယ်။ ဒီလိုဝိညာဉ်ရေးကြွယ်ဝတဲ့အခြေအနေမှာ ကြီးပြင်းလာရတဲ့အတွက် ကျွန်မရဲ့ရှစ်နှစ်မြောက်မွေးနေ့မတိုင်ခင် ဘုရားသခင်ဆီမှာ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။
ကျမ်းစာဖတ်ခြင်းဟာ ကျွန်မရဲ့အစောပိုင်းနှစ်ရဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့တယ်။ ဟေရှာယ ၁၁:၆-၉ မှာပါတဲ့ ဘုရားသခင့်ကမ္ဘာသစ်အသက်တာနဲ့ပတ်သက်တဲ့ ဖော်ပြချက်ဟာ ကျွန်မရဲ့အကြိုက်ဆုံးကျမ်းပိုဒ်ဖြစ်ခဲ့တယ်။ နယူးယောက်၊ ဘပ်ဖလိုစည်းဝေးကြီးမှာ အထူးတည်းဖြတ်ထုတ်ဝေလိုက်တဲ့ အမေရိကန်စံတင်ဘာသာပြန်ကျမ်း ကိုကိုယ်ပိုင်ရရှိတဲ့ ၁၉၄၄ ခုနှစ်နောက်ပိုင်းမှာ ကျမ်းစာတစ်အုပ်လုံးကိုဖတ်ဖို့ ကျွန်မဦးဆုံးကြိုးစားခဲ့တယ်။ ဘုရားသခင့်နာမတော်ယေဟောဝါကို “ဓမ္မဟောင်းကျမ်း” မှာအကြိမ်ပေါင်း ၇,၀၀၀ နီးပါးကို နေရာမှန်မှာ ပြန်ထည့်ပေးထားတဲ့ ဒီဘာသာပြန်ကျမ်းကို ဖတ်ရတာ တကယ့်ကိုဝမ်းသာပီတိဖြစ်စရာပါပဲ!
စနေ၊ တနင်္ဂနွေတွေဟာ ပျော်စရာကောင်းတဲ့အချိန်တွေပေါ့။ ကျွန်မမိဘတွေနဲ့ဟူးပါရ်တို့က ကျေးလက်တောရွာတွေမှာ အမှုဆောင်ထွက်တဲ့အခါ ကျွန်မကိုပါခေါ်သွားတယ်။ ကျွန်မတို့ဟာ နေ့လယ်စာထုပ်ပိုးပြီး စမ်းချောင်းလေးနားမှာ ပျော်ပွဲစားထွက်ခဲ့ကြတယ်။ အဲဒီနောက် ကျွန်မတို့ဖိတ်ခေါ်ထားတဲ့ မိတ်ဆွေတွေနဲ့ လေဟာပြင်ကျမ်းစာဟောပြောပွဲကျင်းပဖို့အတွက် တစ်ယောက်ယောက်ရဲ့လယ်ကွင်းကိုသွားခဲ့ကြတယ်။ အသက်တာဟာ ရိုးရှင်းခဲ့ပါတယ်။ ကျွန်မတို့မိသားစုလိုက် ပျော်ရွှင်ခဲ့ကြတယ်။ အက်ဒ် ဟူးပါရ်၊ ဘော့ဘ် ရိန်းနားနဲ့ သူ့ရဲ့သားနှစ်ယောက်အပါအဝင် ဒီအစောပိုင်းမိသားစုမိတ်ဆွေအတော်များများဟာ နောက်ပိုင်းမှာ နယ်လှည့်ကြီးကြပ်မှူးတွေဖြစ်လာခဲ့ကြတယ်။ ရစ်ချက် ရိန်းနားဟာ ဇနီးလင်ဒါနဲ့အတူ ခုထိလုပ်နေဆဲပါပဲ။
အထူးသဖြင့် နွေရာသီဟာ ပျော်စရာအချိန်ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ဝမ်းကွဲတွေနဲ့အတူ ဟာဝါလယ်မြေမှာ ကျွန်မနေခဲ့တယ်။ ၁၉၄၉ ခုနှစ်မှာ ကျွန်မရဲ့ဝမ်းကွဲဂရေ့စ်ဟာ မက်လ်ကန် အယ်လင်နဲ့အိမ်ထောင်ပြုခဲ့တယ်။ အဲဒီနှစ်တွေရဲ့နောက်ပိုင်းနှစ်တွေမှာ ကျွန်မဟာ သူ့ညီနဲ့လက်ထပ်ရမယ်ဆိုတာ အဲဒီတုန်းကမသိခဲ့ဘူး။ ကျွန်မရဲ့ဝမ်းကွဲညီမမာရီယွန်ဟာ ယူရုဂွေးမှာ ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်ခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာ သူက ဟောက်ဝဒ် ဟီဘုန်းနဲ့လက်ထပ်ခဲ့တယ်။ ဒီဝမ်းကွဲနှစ်ယောက်စလုံးဟာ သူတို့ရဲ့ခင်ပွန်းတွေနဲ့အတူ ဘရွတ်ကလင်ဌာနချုပ်မှာ နှစ်အတော်ကြာကြာ အမှုဆောင်ခဲ့ကြတယ်။
အဘိုးနဲ့ ကျွန်မရဲ့ကျောင်းပြီးချိန်
ကျွန်မ အထက်တန်းကျောင်းတက်နေတဲ့ နှစ်တွေအတွင်းမှာ အဘိုးက စာအမြဲရေးခဲ့တယ်။ အဘိုးရဲ့စာထဲမှာ ဟိုတုန်းကမိသားစုဓာတ်ပုံတွေပါပြီး အဲဒီနောက်ကျောမှာ မိသားစုရာဇဝင်ကို အသေးစိတ်ရေးပေးထားတယ်။ ဒီလိုနည်းနဲ့ မတရားထောင်ချခံရတဲ့ အဘိုးနဲ့တခြားသူတွေရဲ့ဓာတ်ပုံကို ကျွန်မရရှိခဲ့တာဖြစ်တယ်။
၁၉၅၁ ခုနှစ်ကုန်ခါနီးမှာ အဘိုးဟာ လည်ချောင်းကင်ဆာကြောင့် စကားမပြောနိုင်တော့ဘူး။ အဘိုးရဲ့ဖြတ်ထိုးဉာဏ်က မပျက်စီးသေးပေမဲ့ သူပြောချင်တာကို အမြဲဆောင်ထားတဲ့ မှတ်စုစာအုပ်လေးမှာ စာရေးပြီးပြောရတယ်။ ကျွန်မရဲ့အထက်တန်းကျောင်းဟာ ၁၉၅၂၊ ဇန်နဝါရီလမှာ ပညာသင်သက်တမ်းဝက် ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းမှာ ကျွန်မရဲ့ကျောင်းဆင်းပွဲမိန့်ခွန်းစာကြမ်းကို အဘိုးဆီပို့ခဲ့တယ်။ အဘိုးက တည်းဖြတ်ထားတဲ့အမှတ်အသားအချို့ကို လုပ်ပေးခဲ့ပြီး နောက်ဆုံးစာမျက်နှာမှာရေးခဲ့တဲ့ “အဘိုးဝမ်းသာတယ်” ဆိုတဲ့စကားနှစ်ခွန်းဟာ ကျွန်မနှလုံးထဲစိမ့်ဝင်သွားခဲ့တယ်။ ၁၉၅၁၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အသက် ၈၁ နှစ်ရှိတဲ့ အဘိုးဟာ သူရဲ့မြေကြီးအသက်တာကုန်ဆုံးခဲ့တယ်။ * နောက်ဆုံးစာမျက်နှာပေါ်မှာ အဲဒီစကားနှစ်ခွန်းပါတဲ့ ဟောင်းနွမ်းနေတဲ့ကျွန်မရဲ့ကျောင်းဆင်းပွဲမိန့်ခွန်းစာကြမ်းကို ခုထိ ကျွန်မအမြတ်တနိုးသိမ်းထားတုန်းပါပဲ။
ကျောင်းဆင်းပြီးပြီးချင်း အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုလို့ ယေ
ဟောဝါသက်သေတွေခေါ်တဲ့ ရှေ့ဆောင်လုပ်ငန်းကို ကျွန်မစလုပ်ခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ နယူးယောက်မှာကျင်းပတဲ့ စည်းဝေးကြီးကို ကျွန်မတက်ရောက်ခဲ့တယ်၊ ရန်ကီးအားကစားကွင်းနဲ့ ပိုလိုကွင်းမှာ နိုင်ငံပေါင်း ၁၂၃ နိုင်ငံကနေ အများဆုံးရောက်လာကြတဲ့ ၂၅၃,၉၂၂ ယောက်နဲ့ပြည့်နေတယ်။ အဲဒီမှာ တစ်နေ့ “ဝုဒ်ဝေါ့ မီလ်စ်” လို့ရေးထားတဲ့ ရင်ထိုးကတ်ပြားကိုတပ်ထားတဲ့ အာဖရိကက ကိုယ်စားလှယ်တစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ အဘိုးရဲ့နာမည်ကိုယူပြီး သူ့ကိုမှည့်ခဲ့တာ အနှစ် ၃၀ လောက်ရှိပြီလေ!ကျွန်မရဲ့အမွေအနှစ်အတွက်ပျော်ရွှင်
ကျွန်မအသက် ၁၄ နှစ်မှာ အမေ ရှေ့ဆောင်ပြန်စလုပ်တယ်။ နောက်အနှစ် ၄၀ အမေကွယ်လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်အထိ ရှေ့ဆောင်လုပ်နေတုန်းပဲ! အဖေလုပ်နိုင်တဲ့အချိန်မှာ ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ခဲ့တယ်။ အမေမဆုံးခင် ကိုးလမှာ အဖေဆုံးသွားတယ်။ ကျွန်မတို့နဲ့သင်အံမှုပြုလုပ်ခဲ့တဲ့သူတွေဟာ အသက်တာမှာ ချစ်ခင်တဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။ သူတို့သားတချို့ဟာ ဘရွတ်ကလင်ဌာနချုပ်မှာ အလုပ်သွားလုပ်ကြပြီး အခြားသူတွေက ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ခဲ့ကြတယ်။
၁၉၅၉ ခုနှစ်ဟာ ကျွန်မအတွက် အထူးနှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ အဲဒီနှစ်ဟာ ကျွန်မကို ပေါလ် အယ်လင်နဲ့ မိတ်ဆက်ပေးခဲ့တာ။ သူ့ကို ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန်သာသနာပြုလေ့ကျင့်ရေး ဂိလဒ်ကျောင်း ခုနစ်ကြိမ်မြောက်သင်တန်းဆင်းတဲ့ ၁၉၄၆ ခုနှစ်မှာ နယ်လှည့်ကြီးကြပ်မှူးခန့်အပ်ခဲ့တယ်။ ကျွန်မတို့တွေ့တဲ့အချိန်မှာ ပေါလ်ရဲ့တာဝန်ကျမယ့်နောက်တစ်နေရာဟာ ကျွန်မရှေ့ဆောင်လုပ်နေတဲ့ အိုဟိုင်အိုနယ်၊ ကလီဗ်လန်မြို့မှာဖြစ်မယ်ဆိုတာ ကျွန်မတို့နှစ်ယောက်စလုံး မသိခဲ့ကြဘူး။ အဖေက သူ့ကိုချစ်တဲ့အတွက် အမေလည်းချစ်တယ်။ ကျွန်မတို့မိသားစုတွေဝိုင်းရံပြီး အက်ဒ် ဟူးပါရ်က မင်္ဂလာဟောပြောချက်ပေးခဲ့တဲ့ ဟာဝါလယ်မြေမှာ ၁၉၆၃၊ ဇူလိုင်လမှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်။ အိပ်မက်လေးက တကယ်ပဲဖြစ်လာခဲ့ပြီကိုး။
ပေါလ်ဆီမှာ တစ်ခါမှကားမရှိခဲ့ဖူးဘူး။ တာဝန်ကျတဲ့နောက်တစ်နေရာသွားဖို့ ကလီဗ်လန်ကနေ ထွက်တဲ့အခါ ပစ္စည်းအားလုံး ကျွန်မရဲ့ ၁၉၆၁ ခုနှစ်ထုတ် လိပ်ခုံးကားလေးနဲ့ အံကိုက်ပဲ။ နောက်အသင်းတော်တစ်ခုကို ကျွန်မတို့ပြောင်းတဲ့ တနင်္လာနေ့တွေဆိုရင် သက်သေခံမိတ်ဆွေတွေက ပစ္စည်းတင်တာကြည့်ဖို့ ရောက်လာတတ်ကြတယ်။ အဝတ်အိတ်တွေ၊ လက်ဆွဲအိတ်တွေ၊ စာတွဲသေတ္တာ၊ လက်နှိပ်စက်စတဲ့အထုပ်အပိုးတွေဟာ ကားသေးသေးလေးထဲမှာပြည့်ကျပ်နေတာကို တွေ့ရတာဟာ ဆပ်ကပ်ပြပွဲလိုပဲ။
လက်ရှိအသက်တာရဲ့ ကောင်းတစ်ချီ ဆိုးတစ်လှည့် ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပေါလ်နဲ့ကျွန်မ မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ကြတယ်—ယေဟောဝါပဲ ပေးစွမ်းနိုင်တဲ့ခွန်အားနဲ့ အရာရာကိုပြုလုပ်ခဲ့တာပါ။ အဲဒီနှစ်တွေဟာ ယေဟောဝါ၊ အချင်းချင်း၊ မိတ်ဟောင်းမိတ်သစ်တွေကို ချစ်တဲ့မေတ္တာပြည့်နေတဲ့ ပျော်ရွှင်တဲ့နှစ်တွေဖြစ်ခဲ့ကြတယ်။ ပေါလ်သင်တန်းတက်ခဲ့ရတဲ့ ပက်တာစင်က နှစ်လတာကာလဟာ ကျွန်မတို့အသက်တာမှာ တော်တော့်ကို အမှတ်ထင်ထင်ဖြစ်ခဲ့ရတယ်။ ယေဟောဝါရဲ့မြေကြီးအဖွဲ့အစည်းကို အနီးကပ်ရှုမြင်ရင်း တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်မရဲ့ဝိညာဉ်ရေးအမွေအနှစ်အဖြစ် ဒီအဖွဲ့အစည်းဟာ ဘုရားသခင်ရဲ့အဖွဲ့အစည်းအမှန်ပဲ ဆိုတာ ကျွန်မကို လက်ဆင့်ကမ်းပေးခဲ့တဲ့ ယုံကြည်စိတ်ချမှုကို ထပ်ဆင့်ခိုင်မာစေခဲ့တယ်။ ဒီအဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ဒေသလေးပဲဖြစ်ရတာတောင် တကယ့်ကိုပျော်ရွှင်စရာပါပဲ!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 44 ၁၉၅၂၊ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၂၈ ရှု။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
“ကလေးများ” အတွက်စာအုပ် ကျွန်မကိုယ်ပိုင်ရရှိခဲ့သည့် ၁၉၄၁ ခုနှစ် စိန့်လူးဝစ္စစည်းဝေးကြီးမတိုင်ခင် အက်ဒ် ဟူးပါရ်နှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၄၈ ခုနှစ်တွင်အဘိုး
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်မမိဘများ (ဝိုင်းပြထား) ဟာဝါလယ်ယာ၌ လက်ထပ်ချိန်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၉၁၈ ခုနှစ်တွင် မတရားထောင်ချခံခဲ့ရသော ကျမ်းစာကျောင်းသားရှစ်ယောက် (လက်ယာဘက်ခပ်လှမ်းလှမ်းတွင် အဘိုးရပ်နေသည်)
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျွန်မတို့ပိုင်ဆိုင်ရာ လောကပစ္စည်းအားလုံး လိပ်ခုံးကားလေးထဲဝင်ဆံ့ခဲ့
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျွန်မခင်ပွန်း ပေါလ်နှင့်အတူ