မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်—မြေကြီး၏အုပ်ချုပ်ရေးသစ်

ဘုရားသခင့်နိုင်ငံတော်—မြေကြီး၏အုပ်ချုပ်ရေးသစ်

ဘုရားသခင့်​နိုင်ငံတော်—မြေကြီး​၏​အုပ်ချုပ်ရေး​သစ်

“ထို​နိုင်ငံ​သည် . . . အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။”—ဒံယေလ ၂:၄၅

၁။ သမ္မာကျမ်းစာ​၌ ကျွန်ုပ်​တို့​အဘယ်​သို့​သော​ယုံကြည်​စိတ်ချမှု ရှိ​နိုင်​သနည်း။

သမ္မာကျမ်းစာ​သည် လူသား​တို့​ထံ ဘုရားသခင်​၏​ဖွင့်ဟ​ဖော်ပြချက်​ဖြစ်သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့​ဟောပြောသော ဘုရားသခင်​၏​နှုတ်[မြွက်]တရားကို သင်တို့သည်​ကြားနာ​၍ ခံယူ​ကြသောအခါ လူ​၏​နှုတ်ထွက်​စကား​ကဲ့သို့ မခံမယူ​ဘဲ၊ ဘုရားသခင်​၏​နှုတ်[မြွက်​စကား]တော်​အမှန် . . . ကဲ့သို့ ခံယူ​ကြသည်။” (၁ သက်သာလောနိတ် ၂:၁၃သမ္မာ) သမ္မာကျမ်းစာ​၌ ဘုရားသခင်​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့​သိ​အပ်သော​အကြောင်း​များ​ပါရှိ​သည်– ကိုယ်တော်​၏​အရည်အသွေး​နှင့်​ပတ်သက်သော အချက်အလက်၊ ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များနှင့် ကျွန်ုပ်​တို့​ထံ​မှ ကိုယ်တော်​တောင်းဆိုချက်​များ​ဖြစ်သည်။ ယင်း​တွင် မိသားစု​ဘဝ​နှင့် နေ့စဉ်​အကျင့်အကြံ​ပေါ် အကောင်းဆုံး​သွန်သင်ချက်​ပါရှိ​သည်။ အတိတ်​က​ပြည့်စုံ​ခဲ့​ပြီး​သော၊ လက်ရှိ​ပြည့်စုံဆဲ​ဖြစ်သော၊ အနာဂတ်​တွင်​ပြည့်စုံ​လာ​မည်​ဖြစ်သော ပရောဖက်ပြုချက်​များ​ကို ယင်း​၌​အသေးစိတ်​ဖော်ပြ​ထား​သည်။ မှန်ပါသည်၊ “ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ ဘုရားသခင်​၏​လူသည် စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို​ပြုစု​ခြင်း​အလို​ငှာ ပြင်ဆင်​သော​သူ​ဖြစ်​မည်​အကြောင်း၊ [ဆုံးမ]ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏။”—၂ တိမောသေ ၃:၁၆၊ ၁၇

၂။ သမ္မာကျမ်းစာ​၏​အဓိက​အချက်​ကို ယေရှု မည်သို့​အလေးပေး​ခဲ့​သနည်း။

သမ္မာကျမ်းစာ​၌ ထူးကဲ​သာလွန်​ဆုံး​အရေးပါသော​အရာ​မှာ ယင်း​၏​အဓိက​ခေါင်းစဉ်​ဖြစ်သည်– ဘုရားသခင်​၏​ကောင်းကင်​နိုင်ငံတော်​အားဖြင့် ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု (ကိုယ်တော်​၏​အုပ်စိုးပိုင်ခွင့်) ကို သံသယ​ကင်းရှင်း​စေ​ရေး​ဖြစ်သည်။ ယေရှုသည် ယင်းကို မိမိ​ခရစ်ယာန်​ဓမ္မ​အမှု​၏​အဓိက​အာရုံစိုက်​ရာ ဖြစ်စေ​ခဲ့​သည်။ “ယေရှု​က၊ ‘နောင်တ​ရ​ကြလော့။ ကောင်းကင်​နိုင်ငံတော်​သည် တည်​လု​နည်း​ပြီ’ ဟူသော​တရားကို ဟော​စ​ပြု​တော်​မူ​၏။” (မဿဲ ၄:၁၇) ယင်းသည် ကျွန်ုပ်​တို့၏​အသက်တာတွင် မည်သည့်​နေရာ၌​ရှိ​သင့်​ကြောင်း​ဖော်ပြ​၍ ကိုယ်တော်​ဤသို့​တိုက်တွန်း​သည်– “ဘုရားသခင်​၏ နိုင်ငံတော်​နှင့်​ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့ ဦးစွာရှာ​ကြလော့။” (မဿဲ ၆:၃၃) မိမိ၏​နောက်လိုက်​များ​အား ဘုရားသခင်​ထံ ဤသို့​ဆုတောင်း​ရန်​သွန်သင်ခြင်း​ဖြင့် ယင်းသည် မည်မျှ​အရေးကြီးကြောင်း​ကိုလည်း ကိုယ်တော်​ပြသ​ခဲ့​သည်– “[ဘုရားသခင်]နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။”—မဿဲ ၆:၁၀

မြေကြီး​၏​အုပ်ချုပ်ရေး​သစ်

၃။ ဘုရားသခင့်​နိုင်ငံတော်​သည် ကျွန်ုပ်​တို့အတွက် အဘယ်ကြောင့် အရေးတကြီး​လိုအပ်ရာ​ဖြစ်​ရသနည်း။

ဘုရားသခင့်​နိုင်ငံတော်​သည် လူသားတို့​အတွက် အဘယ်ကြောင့် ဤမျှ​အထိ အလွန်​အရေးကြီးရ​သနည်း။ အကြောင်း​မှာ မကြာမီ ယင်းသည် ဤ​ကမ္ဘာ​မြေကြီး​ရှိ​အုပ်ချုပ်ရေး​ကို ထာဝစဉ်​ပြောင်းလဲ​ပစ်​မည့်​အရေးယူ​မှု​တစ်ရပ်​ကို ဆောင်ရွက်​လိမ့်​မည်​ဖြစ်သော​ကြောင့်​တည်း။ ဒံယေလ ၂:၄၅ ရှိ​ပရောဖက်ပြုချက်​၌ ဤသို့​ဖော်ပြ​ထား​သည်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော နိုင်ငံ​တစ်ခု [ကောင်းကင်​၌​အစိုးရ​တစ်ခု] ကို ထို​မင်းကြီး​များ​လက်ထက် [ယခု​မြေကြီးပေါ်​တွင်​အုပ်ချုပ်မှု] ၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှ​တို့ [မြေကြီးဆိုင်ရာ​အုပ်ချုပ်မှု​များ] ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​က လုံးလုံးလျားလျား​အုပ်ချုပ်​သောအခါ ကမ္ဘာ​ပေါ်​တွင် လူတို့၏​ထိန်းချုပ်မှု​သည် မည်သည့်​အခါ​မျှ ပြန်​ရှိတော့မည်​မဟုတ်​ချေ။ အုပ်စု​ကွဲ​နေပြီး ကျေနပ်​နိုင်​ဖွယ်​မရှိသော​လူ့​အုပ်ချုပ်ရေး​သည် အတိတ်​တွင်​ထာဝစဉ်​ကျန်​ခဲ့​သော​အရာတစ်ခု ဖြစ်သွား​မည်။

၄၊ ၅။ (က) ယေရှုသည် ဘုရားသခင့်​နိုင်ငံတော်​အတွက် အရည်အချင်း​အရှိဆုံး​သော​ဘုရင်​တစ်ပါး အဘယ်ကြောင့်​ဖြစ်​ရသနည်း။ (ခ) မဝေးတော့​သည့်​အနာဂတ်​တွင် အဘယ်​တာဝန်​ကို ယေရှု​အပ်နှင်း​ခံရ​လိမ့်​မည်​နည်း။

ယေဟောဝါ​၏​တိုက်ရိုက်​ညွှန်ကြားမှု​အောက် ကောင်းကင်​နိုင်ငံတော်​၌ အဓိက​အုပ်ချုပ်သူ​မှာ အရည်အချင်း​အပြည့်မီဆုံး​ပုဂ္ဂိုလ်—ယေရှု​ခရစ်​ဖြစ်သည်။ ကမ္ဘာ​သို့​ကြွ​မလာ​မီ ကိုယ်တော်​သည် ဘုရားသခင်​၏​ဦးဆုံး​ဖန်ဆင်း​သူ​ဖြစ်​ပြီး ကောင်းကင်​၌ “လုပ်သား​ချုပ်” အဖြစ်​တည်ရှိ​ခဲ့​သည်။ (သု. ၈:၂၂-၃၁က​ဘ) “ထို​သားတော်​သည် မျက်မြင်မရ​သော ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်၏။ . . . သတ္တဝါ​အပေါင်းတို့တွင်​လည်း သားဦး​ဖြစ်​တော်​မူ​၏။ အကြောင်း​မူ​ကား၊ ထို​သားတော်​သည် . . . ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​၏။” (ကောလောသဲ ၁:၁၅၊ ၁၆) ထို့​ပြင် ဘုရားသခင်​သည် ယေရှုကို​မြေကြီးပေါ်​စေလွှတ်​သောအခါ ကိုယ်တော်​သည် ဘုရားသခင့်​အလိုတော်ကို​တစ်ချိန်​လုံး​ဆောင်ရွက်​ခဲ့​သည်။ ကိုယ်တော်​သည် အခက်ခဲဆုံး​သော​စမ်းသပ်မှု​များ​ကို ခံရပ်​ခဲ့​ပြီး မိမိ၏​ခမည်းတော်​အပေါ် သေ​သည့်​အထိ​သစ္စာရှိခဲ့​၏။—ယောဟန် ၄:၃၄; ၁၅:၁၀

သေ​သည့်​အထိ ဘုရားသခင်​ကို​သစ္စာစောင့်​ခဲ့​သောကြောင့် ယေရှုသည် ဆုချခြင်း​ခံ​ခဲ့​ရ၏။ ကိုယ်တော့်​အား ကောင်းကင်​သို့​ဘုရားသခင်​ထမြောက်​စေတော်မူ​ခဲ့​ပြီး ကောင်းကင်​နိုင်ငံတော်​၏​ဘုရင်​အရိုက်အရာကို ပေးအပ်​ခဲ့​သည်။ (တမန်​တော် ၂:၃၂-၃၆) ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အနေ​နှင့် ခရစ်တော်​ယေရှုသည် ကမ္ဘာ​မြေကြီးပေါ်​မှ လူသား​အုပ်ချုပ်ရေး​ကို​ဖယ်ရှားပစ်​ခြင်း​နှင့် ကမ္ဘာ​တစ်ဝန်း​ရှိ​ဆိုးသွမ်းမှု​အားလုံး​ကို သုတ်သင်​ရှင်းလင်း​ပစ်​ခြင်း​တို့​တွင် တန်ခိုး​ရှိသည့် မြောက်မြားစွာ​သော​နာမ်ဝိညာဉ်​သတ္တဝါများ​ကို ဦးစီး​ရန် ဘုရားသခင်​ထံ​တော်​မှ စိုးရွံ့​ထိတ်လန့်ဖွယ်​ကောင်းသော​တာဝန် အပ်နှင်း​ခံရ​ပေ​လိမ့်​မည်။ (သု. ၂:၂၁၊ ၂၂; ၂ သက်သာလောနိတ် ၁:၆-၁၀; ဗျာဒိတ် ၁၉:၁၁-၂၁; ၂၀:၁-၃) ထို​အခါ ခရစ်တော်​လက်အောက်​၌ ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​သည် အုပ်ချုပ်ရေး​အခွင့်အာဏာ​သစ်​ကို​ရရှိ​ပြီး ကမ္ဘာ​မြေတစ်ပြင်လုံး​တွင် တစ်ခု​တည်း​သော​အစိုးရ​ဖြစ်​ပေ​လိမ့်​မည်။—ဗျာဒိတ် ၁၁:၁၅

၆။ ဘုရားသခင့်​နိုင်ငံတော်​၏​ဘုရင်​ထံ​မှ အဘယ်​အုပ်ချုပ်ရေး​မျိုးကို ကျွန်ုပ်​တို့​မျှော်လင့်​နိုင်​သနည်း။

ကမ္ဘာ​မြေကြီး​၏​အုပ်စိုးရှင်​သစ်​နှင့်​စပ်လျဉ်း၍ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​သည်– “အရပ်ရပ်​တို့​၌​နေ၍ အသီးသီးအခြားခြား​သော ဘာသာ​စကား​ကို​ပြော​သော လူမျိုးတကာ​တို့ကို​အုပ်စိုး​စေခြင်း​ငှာ ထို​သူသည် နိုင်ငံ​နှင့်​တကွ အာဏာစက်​တန်ခိုး​ကို​ရ၏။” (ဒံယေလ ၇:၁၄) ယေရှုသည် ဘုရားသခင်​၏​ချစ်ခြင်း​ကို​အတုယူ​မည်​ဖြစ်သော​ကြောင့် ကိုယ်တော်​၏​အုပ်ချုပ်မှု​အောက်တွင် အကြီးအကျယ်​ငြိမ်သက်​ပျော်ရွှင်​ကြ​ရမည်။ (မဿဲ ၅:၅; ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၇-၁၀) “တရား​စောင့်​ခြင်း​နှင့် ဖြောင့်မတ်ခြင်း​ဖြင့်​စီရင်၍ တည်မြဲ​စေတော်မူ​မည်​အကြောင်း အာဏာတော်​နှင့် ငြိမ်သက်ခြင်း​သည်​မကုန်မဆုံး . . . အမြဲ​တိုးတက်​လိမ့်​မည်။” (ဟေရှာယ ၉:၇သမ္မာ) ချစ်ခြင်း၊ တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​တို့​ဖြင့် အုပ်ချုပ်​သော​အုပ်စိုးရှင်​တစ်ပါး​ရရှိ​ခြင်း​က ကောင်းချီး​တစ်ရပ်​ဖြစ်​လိမ့်​မည်​တကား! သို့​နှင့် ၂ ပေတရု ၃:၁၃ ၌​ဤသို့​တင်ကူး​ဖော်ပြ​သည်– “ယခု​ရှိသမျှ​သော​အရာ​တို့သည် ပျက်​ရ​သော်လည်း ဖြောင့်မတ်ခြင်း​တရား​တည်နေရာ မိုးကောင်းကင်​သစ် [ဘုရားသခင်​၏​ကောင်းကင်​နိုင်ငံတော်] နှင့်​မြေကြီး​သစ် [မြေကြီးဆိုင်ရာ​လူ့​ဘောင်​သစ်] ကို ငါ​တို့သည် ကတိတော်​နှင့်​အညီ မျှော်လင့်​ကြ​၏။”

၇။ မဿဲ ၂၄:၁၄ သည် ယနေ့ မည်သို့​ပြည့်စုံ​လျက်​ရှိ​သနည်း။

မှန်ကန်​ရာ​ကို​ချစ်​မြတ်နိုးသူ​အားလုံး​အတွက် ဘုရားသခင့်​နိုင်ငံတော်​မှာ အကောင်းဆုံး​သတင်း​ဖြစ်သည်​ကား အမှန်ပင်။ ထို​အတွက်​ကြောင့် ဤ​ဆိုးညစ်သော​စနစ်​၏ “နောက်ဆုံးသော​နေ့ရက်​များ” ၌ ကျွန်ုပ်​တို့​အသက်ရှင်နေ​ရ​ကြောင်း နိမိတ်​လက္ခဏာ​၏​တစ်စိတ်​တစ်ပိုင်း​ကို ယေရှု​က ဤသို့​တင်ကူး​မိန့်တော်မူ​ခဲ့​သည်– “လူမျိုးအပေါင်း​တို့အား​သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင်] နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို လော[က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။” (၂ တိမောသေ ၃:၁-၅သမ္မာ; မဿဲ ၂၄:၁၄) အဆိုပါ​ပရောဖက်ပြုချက်​သည် ယခု​ပြည့်စုံ​လျက်​ရှိသည်၊ နိုင်ငံ​ပေါင်း ၂၃၄ နိုင်ငံ​တွင် ခြောက်​သန်း​ခန့်​သော​ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နိုင်ငံတော်​အကြောင်း အခြား​သူတို့ကို​ပြောပြ​ရာ​၌ တစ်နှစ်​လျှင် နာရီ​ပေါင်း​သန်း​တစ်ထောင်​ကျော်​ကို အသုံးပြု​ကြသည်။ ကမ္ဘာ​တစ်ဝန်း​ရှိ သူတို့၏​ဝတ်ပြု​ကိုးကွယ်​ရာ​နေရာ​ဖြစ်သော အသင်းတော်​ပေါင်း ၉၀,၀၀၀ ခန့်​ကို ဘုရားသခင်​၏​နိုင်ငံတော်​ခန်းမ​ဟု​ခေါ်ဆို​ခြင်း​မှာ ဆီလျော်​လှ​ပေ​သည်။ ထို​တွင် လူတို့သည် ရောက်ရှိ​လာတော့​မည်​အစိုးရသစ်​နှင့်​ပတ်သက်​၍ သင်ယူ​သိရှိ​လာ​ကြသည်။

တွဲဖက်​အုပ်စိုးရှင်​များ

၈၊ ၉။ (က) ခရစ်တော်​၏​တွဲဖက်​အုပ်စိုးရှင်​တို့​မှာ မည်သည့်​နေရာ​မှ​လာ​ကြ​သနည်း။ (ခ) ရှင်ဘုရင်​နှင့် ကိုယ်တော့်​တွဲဖက်​အုပ်စိုးရှင်​တို့၏ အုပ်ချုပ်မှု​၌ ကျွန်ုပ်​တို့သည် မည်သို့သော​ယုံကြည်​စိတ်ချမှု​ရှိ​နိုင်​သနည်း။

ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​တွင် ခရစ်တော်​ယေရှု​နှင့်အတူ တွဲဖက်​အုပ်စိုးရှင်​များ​ရှိ​လိမ့်​မည်။ ဗျာဒိတ် ၁၄:၁-၄ က ၁၄၄,၀၀၀ သော​ပုဂ္ဂိုလ်​တို့သည် “လူ​တို့​အထဲ​က​ရွေးနုတ်” ခံရ​ကာ ကောင်းကင်​အသက်တာ​သို့ ထမြောက်​ခံရ​မည်​ဖြစ်​ကြောင်း တင်ကူး​ဖော်ပြ​ထား​သည်။ ထို​သူတို့​ထဲ​တွင် အမျိုးသား၊ အမျိုးသမီးများ​ပါဝင်​ပြီး အလုပ်​အကျွေး​ခံ​မည့်​အစား ဘုရားသခင်​နှင့် လူသားချင်း​တို့၏​အမှုကို နှိမ့်ချစွာ​ထမ်းဆောင်​ကြ​သူများ​ဖြစ်သည်။ “ထိုသို့​သော​သူသည် . . . ဘုရားသခင်​၏​ယဇ်ပုရောဟိတ်၊ ခရစ်တော်​၏​ယဇ်ပုရောဟိတ်​ဖြစ်၍ အနှစ်​တစ်ထောင်​ပတ်လုံး ခရစ်တော်​နှင့်အတူ​စိုးစံ​ရ​ကြလိမ့်မည်။” (ဗျာဒိတ် ၂၀:၆) သူတို့၏​အရေအတွက်​မှာ ဤ​အစီအစဉ်​စနစ်​ဆုံးခန်း​ကို ကပ်ကျော်​ကြ​မည့် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ​ထွက်၍၊ အဘယ်သူမျှ​မရေတွက်​နိုင်သော လူများ​အပေါင်း​တို့” နှင့်​စာ​လျှင် အလွန်​နည်း​သည်။ ထို​သူတို့​သည်လည်း “ဘုရား[သခင်]ဝတ်​ကို နေ့​ည​မပြတ်​ပြု​ရ​ကြ​၏”၊ သို့သော် သူတို့သည် ကောင်းကင်​ခေါ်တော်မူ​ခြင်း​မခံရ​ချေ။ (ဗျာဒိတ် ၇:၉၊ ၁၅) သူတို့သည် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၏ လက်အောက်ခံ​များ​အဖြစ် ကမ္ဘာသစ်​၏​အခြေခံ​အုတ်မြစ်​ဖြစ်သည်။—ဆာလံ ၃၇:၂၉; ယောဟန် ၁၀:၁၆

ကောင်းကင်​တွင် ခရစ်တော်​နှင့်အတူ​အုပ်စိုး​မည့်​သူများကို​ရွေးချယ်ရာ​၌ ယေဟောဝါ​သည် လူ့​ဘဝ၏​ပြဿနာ​အရပ်ရပ်​ကို​တွေ့ကြုံ​ပြီး​သည့် သစ္စာရှိ​လူသားများ​ကို ရွေးချယ်​တော်​မူ​ခဲ့​၏။ ဤ​ဘုရင်-ယဇ်ပုရောဟိတ်​တို့သည် လူသား​တို့​ဖြတ်သန်း​ခဲ့​ရသည့် အရာ​မှန်သမျှ​နီးပါး​ကို တွေ့ကြုံ​ခဲ့​သည်။ ထို့​ကြောင့် ကမ္ဘာ​မြေကြီးပေါ်​တွင် သူတို့​အသက်ရှင်ခဲ့​ခြင်း​က လူသား​တို့​အပေါ် သူတို့၏​အုပ်စိုး​နိုင်စွမ်း​ကို တိုးမြှင့်​သွား​စေမည်​ဖြစ်သည်။ ယေရှု​ကိုယ်တော်တိုင်​ပင် “ဆင်းရဲ[ခက်ခဲ​မှု]ကို​ခံ​သော​အားဖြင့် နားထောင်ခြင်း​အကျိုးအကြောင်းကို သင်​တော်​မူ​၏။” (ဟေဗြဲ ၅:၈) တမန်​တော်​ပေါလု​က ကိုယ်တော်​နှင့်​ပတ်သက်​၍ ဤသို့​ပြော​ခဲ့​သည်– “ငါ​တို့​ယဇ်ပုရောဟိတ်မင်း​သည် ငါ​တို့​ခံရ​သော​ဆင်းရဲ[ခက်ခဲ​မှု]များ​ကြောင့် မကြင်နာ​နိုင်သော​သူ​မဟုတ်။ ငါ​တို့​ခံရ​သည်​နည်းတူ အမျိုးမျိုးသော​စုံစမ်း​နှောင့်ယှက်ခြင်း​တို့ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ​၏။ သို့ရာတွင် . . . အပြစ်​နှင့် ကင်းလွတ်​တော်​မူ​၏။” (ဟေဗြဲ ၄:၁၅) ဘုရားသခင်​၏​ဖြောင့်မတ်​သော​ကမ္ဘာသစ်​တွင် လူ​တို့ကို​ချစ်၍ ထောက်ထား​စာနာမှု​ပြ​သော ရှင်ဘုရင်များ​နှင့်​ယဇ်ပုရောဟိတ်​များ အုပ်စိုး​လိမ့်​မည်​ဖြစ်​ကြောင်း​သိရခြင်းက မည်မျှ​နှစ်သိမ့်​ဖွယ်​ရာ​ပါ​တကား!

ဘုရားသခင့်​ရည်ရွယ်တော်မူချက်​၌ နိုင်ငံတော်​ပါရှိ​ခဲ့​သလော

၁၀။ ကောင်းကင်​နိုင်ငံတော်​သည် ဘုရားသခင့်​မူလ​ရည်ရွယ်တော်မူချက်တွင် အဘယ်ကြောင့်​မပါဝင်​ခဲ့​သနည်း။

၁၀ အာဒံ​နှင့်​ဧဝ​ကို ဖန်ဆင်း​ခဲ့​ချိန်​က ကောင်းကင်​နိုင်ငံတော်​သည် ဘုရားသခင့်​မူလ​ရည်ရွယ်တော်မူချက်​၏ တစ်စိတ်​တစ်​ဒေသ​ဖြစ်​ခဲ့​ပါသလော။ ဖန်ဆင်း​ခြင်း​ဆိုင်ရာ ကမ္ဘာဦး​မှတ်တမ်း​၌ လူသား​တို့ကို​အုပ်စိုး​မည့် ထိုသို့​သော​ဘုရားသခင်​နိုင်ငံတော်​နှင့်​ပတ်သက်​၍ ဖော်ပြချက်​မရှိ​ချေ။ ယေဟောဝါ​ကိုယ်တော်တိုင်​သည် သူတို့၏​အုပ်စိုးရှင်​ဖြစ်​ပြီး ကိုယ်တော်​အား သူတို့​နာခံ​သမျှ​ကာလပတ်လုံး အခြား​မည်သည့်​အုပ်ချုပ်မှု​မျှ မလို​အပ်​ခဲ့​ချေ။ ဖြစ်​နိုင်​ဖွယ်​ရှိသည်​မှာ ကမ္ဘာဦးကျမ်း အခန်းကြီး ၁ က ယေဟောဝါ​သည် အာဒံ​နှင့်​ဧဝ​တို့ကို မိမိ၏​ကောင်းကင်သား​ဦး​မှ​တစ်ဆင့် ဆက်သွယ်မှု​ပြု​ခဲ့​ကြောင်း​ဖော်ပြ​သည်။ အဆိုပါ​မှတ်တမ်း​၌ ‘သူတို့ကို ဘုရားသခင်​မိန့်တော်မူ​ခဲ့​သည်’ နှင့် ‘သူတို့ကို ဘုရားသခင်​မိန့်ဆိုခဲ့သည်​မှာ’ ဟူ​သည့် အသုံးအနှုန်း​ကို သုံးနှုန်းထား​သည်။—ကမ္ဘာဦး ၁:၂၈၊ ၂၉က​ဘ; ယောဟန် ၁:၁က​ဘ။

၁၁။ လူသား​တို့​တွင် အဘယ်​စုံလင်သော​အစ ရှိခဲ့​ကြ​သနည်း။

၁၁ ကျမ်းစာ​က ဤသို့​ဆို​သည်– “ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​သမျှ​သော​အရာ​တို့ကို​ကြည့်ရှု​လျှင် အလွန်​ကောင်း​သည်ကို​မြင်တော်မူ . . . ၏။” (ကမ္ဘာဦး ၁:၃၁) ဧဒင်ဥယျာဉ်​တွင် အရာအားလုံး လို​လေ​သေး​မရှိ​ပြည့်စုံ​ခဲ့​သည်။ အာဒံ​နှင့်​ဧဝ​တို့သည် ပရဒိသု​တွင်​နေထိုင်ခဲ့​ရ​ကြသည်။ သူတို့သည် ကိုယ်​စိတ်​နှစ်​ဖြာ​စုံလင်​ခဲ့​ကြ​၏။ မိမိတို့ကို ဖန်ဆင်း​သော​အရှင်​နှင့် သူတို့​ဆက်သွယ်​နိုင်​ခဲ့​ကြ​ပြီး ကိုယ်တော်​သည် သူတို့နှင့်​အတူ​ရှိ​တော်မူ​သည်။ ထို့​ပြင် သူတို့​သစ္စာ​ဆက်​ရှိ​ခြင်း​အားဖြင့် စုံလင်သော​ကလေး​များ​ကို​ဖွားမြင်​ကြလိမ့်မည်။ ထို​တွင် ကောင်းကင်​ဆိုင်ရာ​အစိုးရသစ် လိုအပ်​ခဲ့​မည်​မဟုတ်​ချေ။

၁၂၊ ၁၃။ စုံလင်သော​လူသား​တို့ တိုးများ​လာ​သည်​နှင့်​အမျှ ဘုရားသခင်​သည် သူတို့နှင့် အဘယ်ကြောင့်​ဆက်၍​ဆက်သွယ်​နိုင်​ခဲ့​မည်​နည်း။

၁၂ လူ့​မိသားစု​တိုးများ​လာ​သည်​နှင့်​အမျှ သူတို့​အားလုံး​ကို ဘုရားသခင်​မည်သို့​ဆက်သွယ်​မည်​နည်း။ ကောင်းကင်​ရှိ ကြယ်​များ​ကို စဉ်းစား​ဆင်ခြင်​ကြည့်​ပါ။ ၎င်းတို့သည် ဂလက်စီ​များ​ဟု​ခေါ်​သည့် ကျွန်း​စကြဝဠာ​များ​၌ အုပ်စု​လိုက်​စုဝေး​တည်ရှိ​နေကြ​သည်။ ဂလက်စီ​အချို့​တွင် ကြယ်​ပေါင်း သန်း​တစ်ထောင်​ပါဝင်​သည်။ အခြား​ဂလက်စီ​များ​တွင် ကြယ်​သန်းပေါင်း​တစ်သန်း​ခန့်​ပါဝင်​၏။ ထို့​ပြင် မြင်တွေ့​နိုင်သော​စကြဝဠာ​တွင် ဂလက်စီ​ပေါင်း သန်း​တစ်​သိန်း​ခန့်​ရှိကြောင်း သိပ္ပံ​ပညာရှင်​တို့​က​ခန့်မှန်း​ကြသည်။ သို့​တိုင် ဖန်ဆင်း​ရှင်​က​ဤသို့​ဆို​သည်– “အထက်​သို့ မျှော်ကြည့်​ကြလော့။ ထို​အရာ​တို့ကို အဘယ်သူ​ဖန်ဆင်း​သနည်း။ ထို​သူသည် သူတို့​အလုံးအရင်း​ကို အရေအတွက်​အားဖြင့် ထုတ်ဆောင်​တော်​မူ​၏။ အလုံးစုံ​တို့ကို နာမည်​ဖြင့်​ခေါ်တော်မူ​၏။ ခွန်အား​ကြီး​၍ တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သောကြောင့် တစ်စုံတစ်ခု​မျှ မ​ပေါ်​ဘဲ​မနေ​ရ။”—ဟေရှာယ ၄၀:၂၆

၁၃ ဘုရားသခင်​သည် ဤ​ကောင်းကင်​တန်ဆာ​အားလုံး​ကို မျက်ခြည်မပြတ်​သိရှိနိုင်စွမ်း​ရှိ​တော်​မူ​သည်​ဖြစ်​ရာ အရေအတွက်​သာ၍​များစွာ​နည်းသော လူသားများ​ကို မျက်ခြည်မပြတ်​သိရှိ​ရန်​မှာ ကိုယ်တော်​အတွက် ခဲယဉ်း​မည်​မဟုတ်​သည်​မှာ​သေချာ​သည်။ ယခု​ပင်​လျှင် သန်းနှင့်ချီ​သော​ကိုယ်တော်​၏​ကျေးကျွန်​များသည် နေ့စဉ် ကိုယ်တော်​ထံ​သို့​ဆုတောင်း​ကြ​၏။ ထို​တောင်းလျှောက်​ချက်​များသည် ဘုရားသခင်​ထံ​ချက်ချင်း​ရောက်​သည်။ သို့​ဖြစ်၍ စုံလင်သော​လူသား​အားလုံး​နှင့် ဆက်သွယ်ခြင်း​သည် ကိုယ်တော့်​အတွက် ခဲယဉ်း​မှု​လုံးဝ​ရှိ​မည်​မဟုတ်ပေ။ သူတို့ကို ဆက်လက်​ခြေရာ​ခံ​မိ​စေရန် ကိုယ်တော်​အတွက် ကောင်းကင်​နိုင်ငံတော်​တစ်ခု လိုအပ်​လိမ့်​မည်​မဟုတ်။ အုပ်စိုးရှင်​အဖြစ် ယေဟောဝါ​ရှိ​တော်​မူ​ပြီး ကိုယ်တော်​ထံ​သို့ တိုက်ရိုက်​ချဉ်းကပ်​ခွင့်​ရစေ​ကာ ဘယ်​သောအခါ​မျှ မသေ​နိုင်သော​အလားအလာ​ဖြင့် မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​စေသည့် အလွန်​အံ့မခန်းဖွယ်​အစီအစဉ်​တစ်ရပ်​ပါ​တကား!

“လူသည် . . . မိမိ​ခြေရာ​များ​ကို မစီရင်ပိုင်”

၁၄။ လူသား​တို့သည် ယေဟောဝါ​၏​အုပ်စိုးမှု​ကို အဘယ်ကြောင့် ထာဝစဉ်​လိုအပ်​မည်​နည်း။

၁၄ သို့သော် လူသားများ​သည်—စုံလင်​သူများ​ပင်​ဖြစ်ပါစေ—ယေဟောဝါ​၏​အုပ်စိုးမှု​ကို ထာဝစဉ်​လိုအပ်​မည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေဟောဝါ​သည် သူတို့ကို မိမိ၏​အုပ်စိုးမှု​မှ အောင်မြင်စွာ​ခွဲထွက်​ရပ်တည်​နိုင်စွမ်း​ဖြင့် မဖန်ဆင်း​ထားသော​ကြောင့်​ဖြစ်သည်။ ယင်းက ပရောဖက်​ယေရမိ ဤသို့​အသိအမှတ်ပြု​ခဲ့​သကဲ့သို့ လူသားတို့​အတွက် နိယာမ​တရား​တစ်ခု​ဖြစ်သည်– “အို​ထာဝရ​ဘုရား၊ လူသည် မိမိ​သွားရာလမ်းကို အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​များ​ကို မစီရင်ပိုင်​ကြောင်း အကျွန်ုပ်​သိပါ​၏။ အို​ထာ​ရ​ဘုရား၊ အကျွန်ုပ်​တို့ကို ဆုံးမ​တော်​မူ​ပါ။” (ယေရမိ ၁၀:၂၃၊ ၂၄သမ္မာ) လူသား​တို့သည် ယေဟောဝါ​၏​အုပ်စိုးမှု​မပါဘဲ လူ့​ဘောင်​အဖွဲ့အစည်း​ကို မိမိတို့​ဘာသာ အောင်မြင်စွာ​စီမံ​သွား​နိုင်​သည်​ဟု ယူမှတ်​မည်​ဆိုလျှင် အလွန်​မိုက်မဲ​ရာ​ကျ​ပေ​လိမ့်​မည်။ ယင်းသည် သူတို့အား​ဖန်ဆင်း​ထား​ပုံ​နှင့် ဆန့်ကျင်ဖီလာ​နေ​မည်။ ယေဟောဝါ​၏​အုပ်စိုးမှု​မှ​ခွာ​ထွက်​ခြင်း​သည် တစ်ကိုယ်ကောင်း​ဆန်​မှု၊ မုန်းတီးမှု၊ ရက်စက်မှု၊ အကြမ်းဖက်မှု၊ စစ်မှု​နှင့် သေဆုံးမှု​တို့​သာ မလွဲမသွေ​ဖြစ်စေ​မည်။ ‘လူသည် တစ်ဦး​ကိုတစ်​ဦး အကျိုး​ပျက်​အောင်​အုပ်စိုး​ခဲ့​ကြပြီ။’—ဒေ. ၈:၉

၁၅။ ကျွန်ုပ်​တို့​ကနဦး​မိဘများ​၏ မှားယွင်းသော​ရွေးချယ်မှု​မှ အဘယ်​ဆိုးမွေ​ကို​ရရှိခဲ့ကြ​သနည်း။

၁၅ ဝမ်းနည်းစရာမှာ ကျွန်ုပ်​တို့၏​ကနဦး​မိဘများသည် ဘုရားသခင်​အား သူတို့၏​အုပ်စိုးရှင်​အဖြစ်​မလို​အပ်​ဟု ဆုံးဖြတ်​ခဲ့​ကြ​ပြီး ကိုယ်တော်​ထံ​မှ​ခွာ​ထွက်​ရပ်တည်​ရန် ရွေးချယ်​ခဲ့​ကြ​၏။ ရလဒ်​အနေ​ဖြင့် ဘုရားသခင်​သည် စုံလင်​နေ​ရန် သူတို့အား ဆက်​ထောက်ပံ့​မပေး​တော့​ချေ။ ယခု သူတို့သည် ဓာတ်အား​ပေး​စက်ရုံ​မှ​ဖြတ်တောက်​ခံ​လိုက်ရ​သော လျှပ်စစ်ပစ္စည်း​တစ်ခု​နှယ် ဖြစ်​ခဲ့​ချေ​ပြီ။ သို့​နှင့် အချိန်​ကြာ​လာသော သူတို့သည် တဖြည်းဖြည်း​ယိုယွင်း​လာပြီး သေခြင်း​၌​ရပ်စဲ​သွား​သည်။ သူတို့သည် အပြစ်​အနာအဆာ​ပါ​သော​နမူနာ​ပုံစံ​ဖြစ်သွား​ပြီး ထို​အခြေအနေ​ကို သူတို့၏​သားစဉ်မြေးဆက်​အား လက်ဆင့်ကမ်း​နိုင်​သမျှ​အားလုံး ကမ်းပေး​ခဲ့​သည်။ (ရောမ ၅:၁၂) “ကိုယ်တော် [ယေဟောဝါ] သည် ကျောက်ဖြစ်​တော်​မူ​၏။ အမှုတော်​သည် စုံလင်​ပေ​၏။ နည်းလမ်းတော်​ရှိသမျှသည် တရား​နှင့်​ညီ . . . ၏။ သူတို့သည် ဖောက်ပြန်​ကြပြီ။ ဘုရားသခင်​၏​သား​မဟုတ်၊ အပြစ်​အနာ​ရှိသူ​သာ​ဖြစ်​ကြ​၏။” (တရားဟောရာ ၃၂:၄၊ ၅သမ္မာ) အာဒံ​နှင့်​ဧဝ​တို့သည် စာတန်​ဖြစ်လာ​သော ပုန်ကန်​သည့်​နာမ် ဝိညာဉ်​သတ္တဝါ​၏ ဩဇာ​လွှမ်းမိုးမှု​ခံ​ခဲ့​ရသည်​ကား​အမှန်ပင်၊ သို့သော် သူတို့၌​စုံလင်သော​စိတ်နှလုံး​ရှိခဲ့​ပြီး သူ၏​မှားယွင်း​သည့်​အကြံပြုချက်ကို ငြင်းပယ်​မည်​ဆိုလျှင်​ငြင်းပယ်​နိုင်​ခဲ့​ကြသည်။—ကမ္ဘာဦး ၃:၁-၁၉; ယာကုပ် ၄:၇

၁၆။ ဘုရားသခင့်​ထံ​တော်​မှ​ခွဲထွက်​ခြင်း​၏​ရလဒ်ကို သမိုင်းက မည်သို့​သက်သေခံ​သနည်း။

၁၆ ဘုရားသခင့်​ထံ​တော်​မှ​ခွာ​ထွက်​ခြင်း​၏ ရလဒ်ကို သမိုင်းက အကြီးအကျယ်​သက်သေခံ​သည်။ နှစ်ပေါင်း​ထောင်နှင့်ချီ​၍ လူတို့သည် လူ့​အုပ်ချုပ်မှု​ပုံစံ​အမျိုးမျိုး၊ စီးပွားရေး​နှင့် လူမှုရေး​စနစ်​အားလုံး​ကို ကြိုးပမ်း​ကြည့်​ခဲ့​ကြပြီ။ သို့သော် ဆိုးညစ်ခြင်း​သည်​ဆက်၍ “တရွေ့ရွေ့​တိုးပွား” လျက်​ရှိသည်။ (၂ တိမောသေ ၃:၁၃) ယင်းကို ၂၀ ရာစု​က​သက်သေထူ​ခဲ့ပြီ။ သမိုင်း​တွင် မည်သည့်​အချိန်တွင်​မျှ​မရှိခဲ့​ဖူး​သည့် အငြိုး​ကြီးသော​မုန်းတီးမှု​များ​အပြင် အကြမ်း​အ​ဖက်​ဆုံး၊ စစ်မှု၊ ငတ်မွတ်​ခေါင်းပါး​မှု၊ ဆင်းရဲ​နွမ်းပါး​မှု​နှင့် ဆင်းရဲ​ကျပ်တည်း​မှု​တို့​ဖြင့် ပြည့်နှက်​ခဲ့ပြီ။ ထို့​ပြင် ဆေး​ဘက်​ဆိုင်ရာ​၌ မည်မျှ​ပင်​တိုးတက်​ပါစေ အနှေး​နှင့်​အမြန် လူတိုင်း​သေရ​စ​မြဲ​ဖြစ်သည်။ (ဒေ. ၉:၅၊ ၁၀) မိမိ​ခြေရာ​ကို စီရင်​ဖို့​အပြင်းအထန်​ကြိုးစား​ခြင်း​အားဖြင့် လူတို့သည် မိမိတို့​ကိုယ်ကို စာတန်​နှင့် သူ့​နတ်ဆိုးများ၏​သားကောင်​များ​ဖြစ်လာ​စေ​သည်၊ ထို့​ကြောင့် သမ္မာကျမ်းစာ​က စာတန်​ကို “ဤ​လောကကို​အစိုးရ​သော​ဘုရား” ဟု​ခေါ်ဆို​ထား​၏။—၂ ကောရိန္သု ၄:၄

လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်

၁၇။ ဘုရားသခင်​၏ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ဆုကျေးဇူး​ကို မည်သို့​အသုံးပြုရန်​ဖြစ်သနည်း။

၁၇ ယေဟောဝါ​သည် လူသား​တို့ကို အဘယ်ကြောင့် သူ့​လမ်း​သူ​လျှောက်​ခွင့်​ပေး​ခဲ့​သနည်း။ အကြောင်း​မှာ ကိုယ်တော်​သည် သူတို့ကို လွတ်လပ်​စွာ​ရွေးချယ်​နိုင်​သည့် အံ့ချီးဖွယ်​ဆုကျေးဇူး၊ လွတ်လွတ်လပ်လပ်​ရွေးချယ်​နိုင်စွမ်း​ပါ​လျက် ဖန်ဆင်း​ထားသော​ကြောင့်​ဖြစ်သည်။ ယေဟောဝါ​၏ “ဝိညာဉ်​တော်​ရှိရာ​၌ လွတ်ခြင်း​ချမ်းသာ​ရှိ​တတ်၏” ဟု​တမန်​တော်​ပေါလု​ပြော​ခဲ့​သည်။ (၂ ကောရိန္သု ၃:၁၇သမ္မာ) တစ်နေ့တာ​၏​စက္ကန့်​တိုင်း​တွင် တစ်စုံ​တစ်ဦး၏​ပြောဆို​လုပ်ဆောင်​ခိုင်းသမျှ ဆုံးဖြတ်ချက်​အတိုင်း​ပြုလုပ်​ရသည့် စက်ရုပ်​တစ်ရုပ်​ကဲ့သို့ မည်သူမျှ​မဖြစ်​လို​ကြ​ပါ။ သို့သော် ဘုရားသခင်​သည် လူ​တို့အား လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ဆုကျေးဇူး​ကို ယုံကြည်​ကိုးစား​ထိုက်​စွာ​အသုံးပြုရန်၊ ကိုယ်တော့်​အလိုတော်ကို ဉာဏ်ပညာ​ဖြင့်​ဆောင်ရွက်​ကြောင်း​တွေ့မြင်​ရ​ရန်​နှင့် ကိုယ်တော့်​အား​ဆက်၍​လက်အောက်ခံ​ရန် တောင်းဆို​ထား​သည်။ (ဂလာတိ ၅:၁၃) ထို့​ကြောင့် လွတ်လပ်မှု​သည် မင်းမဲ့​စိုး​မဲ့​ပရမ်းပတာ​ဖြစ်သွား​စေ​မည့်​အရာ​ကဲ့သို့​သော အကြွင်းမဲ့​ဖြစ်​ရန်​မဟုတ်​ချေ။ ဘုရားသခင်​၏ အကျိုး​ဖြစ်ထွန်း​စေသော​ပညတ်​များ​၏ နယ်နိမိတ်​ဘောင်​များ​အတွင်း ယင်းကို အံဝင်​နေ​စေ​ရမည်။

၁၈။ လွတ်လပ်​စွာ​ရွေးချယ်ခွင့်​ကို လူ​တို့​အသုံးပြု​စေခြင်း​ဖြင့် အဘယ်အရာကို ဘုရားသခင်​ဖော်ပြ​ပေး​ခဲ့​သနည်း။

၁၈ ဘုရားသခင်​သည် လူ့​မိသားစုကို သူ့​လမ်း​သူ​လျှောက်​ခွင့်ပြု​လိုက်ခြင်း​ဖြင့် ကျွန်ုပ်​တို့​တွင် ကိုယ်တော်​၏​အုပ်စိုးမှု​လိုအပ်ကြောင်း တစ်ကြိမ်​တည်း​နှင့်​အပြီး​ပြသ​ခဲ့​သည်။ ကိုယ်တော်​၏​အုပ်ချုပ်ပုံ​နည်းလမ်း၊ ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​တို့​မှာ တစ်ခု​တည်း​သော​နည်းလမ်း​မှန်​ဖြစ်သည်။ ယင်းက များစွာသော​ပျော်ရွှင်မှု၊ စိတ်​ကျေနပ်မှု​နှင့် တိုးပွား​ထွန်းကား​မှု​ကို​ဖြစ်စေ​သည်။ ထိုသို့​ဖြစ်​ရခြင်း​မှာ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​စိတ်​နှင့် ကိုယ်ခန္ဓာ​တို့ကို မိမိ၏​ပညတ်​များနှင့်​သဟဇာတ​ဖြစ်သည့်​အခါ အကျိုး​အဖြစ်​ထွန်း​ဆုံး​လုပ်ဆောင်ရန် ရည်ရွယ်​ဖန်ဆင်း​ထားခြင်း​ကြောင့်​ဖြစ်သည်။ “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။” (ဟေရှာယ ၄၈:၁၇) ဘုရားသခင့်​ပညတ်​များ​၏​နယ်နိမိတ်​ဘောင်​များ​အတွင်းရှိ လွတ်လပ်​စွာ​ရွေးချယ်မှု​သည် ဝန်ထုပ်ဝန်ပိုး​မဟုတ်ဘဲ အရသာ​ထူး​သော​အစားအသောက်​အမျိုးမျိုး၊ နေအိမ်များ၊ အနုပညာ​နှင့် တေးဂီတ​တို့ကို​ဖြစ်ပေါ်​စေမည်။ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို လျောက်ပတ်​စွာ​အသုံးပြုခြင်းက အထူး​ကောင်းမွန်​လှ​သော​အရာတစ်ခု၊ မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝစဉ်​စွဲမက်​ဖွယ်​ရာ​အသက်တာကို ရရှိစေ​ပေ​လိမ့်​မည်။

၁၉။ ဘုရားသခင်​ကိုယ်တော်တိုင်​နှင့် လူသား​တို့​ပြန်လည်​သင့်မြတ်​စေရန် မည်သည့်​ကိုယ်စားလှယ်​အဖွဲ့ကို ကိုယ်တော်​အသုံးပြု​သနည်း။

၁၉ မှားယွင်းသော​ရွေးချယ်မှု​ကြောင့် လူသား​တို့သည် ယေဟောဝါ​နှင့် မိမိတို့​ကိုယ်ကို​မိတ်ပျက်​စေ​ခဲ့​ကြ​ပြီး မစုံမလင်၊ ပျက်ယွင်း​ပြီး သေဆုံး​ရလေ​သည်။ ထို့​ကြောင့် သူတို့သည် ဝမ်းနည်းဖွယ်​ရာ​အခြေအနေ​ဆိုး​မှ ရွေးနုတ်​ခံရ​၍ ဘုရားသခင့်​သားသမီး​များ​အဖြစ် နဂို​ဆက်ဆံ​ရေး​ကို​ပြန်လည်​ရရှိစေရန် လိုအပ်​ပေ​လိမ့်​မည်။ ယင်းကို​ပြီးမြောက်​စေရန် ဘုရားသခင်​ရွေးချယ်​လိုက်​သည့် ကိုယ်စားလှယ်​အဖွဲ့မှာ ဘုရားသခင့်​နိုင်ငံတော်​ဖြစ်​ပြီး ရွေးနုတ်​ပေးရှင်​မှာ ယေရှု​ခရစ်​ဖြစ်သည်။ (ယောဟန် ၃:၁၆) ဤ​အစီအစဉ်​အားဖြင့် ယေရှု၏​ပုံ​ဥပမာ​ထဲ​မှ​သားမိုက်​ကဲ့သို့​သော စစ်မှန်သော​နောင်တ​ယူ​သူတို့ကို ဘုရားသခင်​နှင့် ပြန်လည်​သင့်မြတ်​စေ​ကာ ဘုရားသခင့်​သားသမီး​များ​အဖြစ် ကိုယ်တော်​ပြန်​လက်ခံပါ​လိမ့်​မည်။—လုကာ ၁၅:၁၁-၂၄; ရောမ ၈:၂၁; ၂ ကောရိန္သု ၆:၁၈

၂၀။ ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ဘုရားသခင့်​ရည်ရွယ်တော်မူချက် မည်သို့​ပြည့်စုံ​ဖို့​ဖြစ်သနည်း။

၂၀ ယေဟောဝါ​၏​အလိုတော်သည် ကမ္ဘာ​မြေပေါ်​တွင် မလွဲမသွေ​ပြည့်စုံ​လာ​မည်။ (ဟေရှာယ ၁၄:၂၄၊ ၂၅၊ ၂၇; ၅၅:၁၁) ခရစ်တော်​လက်အောက်​ရှိ ကိုယ်တော်​၏​နိုင်ငံတော်​အားဖြင့် ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ပိုင်သ​အုပ်စိုးရှင်​ဖြစ်ထိုက်​ကြောင်း လုံးဝ​သံသယ​ကင်းရှင်း​စေ (ထင်ရှားစေ သို့​မဟုတ် သက်သေထူ) ပါ​လိမ့်​မည်။ ဘုရားသခင့်​နိုင်ငံတော်​က ဤ​ကမ္ဘာ​ပေါ်​ရှိ လူသား​နှင့် နတ်ဆိုး​တို့၏​အုပ်ချုပ်ရေး​ကို အဆုံးသတ်​စေမည်​ဖြစ်​ပြီး ၎င်း​နိုင်ငံ​တစ်ခု​တည်း​သာ​လျှင် ကောင်းကင်​မှ​နေ၍ အနှစ်​တစ်ထောင်​အုပ်စိုး​မည်။ (ရောမ ၁၆:၂၀; ဗျာဒိတ် ၂၀:၁-၆) သို့သော် ထို​အချိန်​အတောအတွင်း ယေဟောဝါ​၏​အုပ်ချုပ်ပုံ​နည်းလမ်း​မှာ သာလွန်​ကောင်းမွန်​မည်​ဖြစ်​ကြောင်း မည်သို့​ထင်ရှားပြ​မည်​နည်း။ ထို့​ပြင် အနှစ်​တစ်ထောင်​ကုန်​ပြီး​နောက် ဘုရားသခင့်​နိုင်ငံတော်​၏ အခန်းကဏ္ဍ​ကား အဘယ်နည်း။ နောက်​ဆောင်းပါး​တွင် ဤ​မေးခွန်းများကို သုံးသပ်​သွား​မည်။

ပြန်လည်​သုံးသပ်ရန်​အချက်များ

• သမ္မာကျမ်းစာ​၏​အဓိက​အချက်​ကား အဘယ်နည်း။

• မြေကြီး​၏​အုပ်ချုပ်ရေး​သစ်​ကို မည်သူ​တို့ ဖြင့်​ဖွဲ့စည်းထား​သနည်း။

• ဘုရားသခင်​ထံ​မှ​ခွဲထွက်​သော လူ့​အုပ်ချုပ်ရေး​မှာ အဘယ်ကြောင့် ဘယ်တော့​မျှ​အောင်မြင်မှု​မရနိုင်​သနည်း။

• လွတ်လပ်​စွာ​ရွေးချယ်မှု​ကို မည်သို့​အသုံးပြု​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှု၏​သွန်သင်ချက်​က ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ဘုရားသခင်​၏​အုပ်စိုးမှု​ကို အလေးပေး​ဖော်ပြ​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

နိုင်ငံ​တိုင်း​တွင် ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နိုင်ငံတော်​ကို သူတို့၏​အဓိက​သွန်သင်ချက်​ဖြစ်စေ​ကြ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဘုရားသခင်​ထံ​တော်​မှ ခွဲထွက်​ခြင်း​သည် ဆိုးကျိုး​များ​ဖြစ်စေ​ကြောင်း သမိုင်းက​သက်သေခံ

[Credit Lines]

ပထမ​ကမ္ဘာ​စစ် စစ်သား​များ– U.S National Archives photo; ချွေး​တပ်​စခန်း– Oś​wię​cim Museum; ကလေး– UN PHOTO 186156/J. Isaac