မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်နိုင်ငံတော်မှ ဆောင်ရွက်ပေးမည့်အရာ

ဘုရားသခင်နိုင်ငံတော်မှ ဆောင်ရွက်ပေးမည့်အရာ

“[ဘုရားသခင်]နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။”—မဿဲ ၆:၁၀

၁။ ဘုရားသခင့်​နိုင်ငံတော်​ရောက်ရှိခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​မည်​နည်း။

ယေရှုသည် မိမိ၏​နောက်လိုက်​များ​ကို ဘုရားသခင့်​နိုင်ငံတော်​အတွက် ဆုတောင်း​ရန်​သင်ကြား​ပေး​ချိန်​တွင် ထို​နိုင်ငံတော်​ရောက်ရှိ​လာ​ခြင်း​က နှစ်ပေါင်း​ထောင်နှင့်ချီ​၍ ဘုရားသခင်​ထံ​တော်​မှ​ခွဲထွက်​ရပ်တည်​သော လူ့​အုပ်ချုပ်ရေး​ကို အဆုံးသတ်​ပေး​မည်​ဖြစ်​ကြောင်း ကိုယ်တော်​သိတော်မူ၏။ ယေဘုယျ​အားဖြင့် ထို​ကာလ​တစ်လျှောက်​လုံး​အတွင်း ကမ္ဘာ​ပေါ်​တွင် ဘုရားသခင့်​အလိုတော်ကို မပြီးမြောက်​စေ​ခဲ့​ချေ။ (ဆာလံ ၁၄၇:၁၉၊ ၂၀) သို့သော် ကောင်းကင်​၌​ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပြီး​နောက် ဘုရားသခင့်​အလိုတော်ကို နေရာတိုင်း​တွင်​ပြီးမြောက်​စေ​ရမည်​ဖြစ်သည်။ လူ့​အုပ်ချုပ်ရေး​မှ ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​အုပ်ချုပ်ရေး​သို့ ပြောင်းလဲ​သည့် စိုးရွံ့​ထိတ်လန့်ဖွယ်​ကူး​ပြောင်း​ချိန်မှာ အလွန်​နီးနေပြီ။

၂။ လူ့​အုပ်ချုပ်ရေး​မှ ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်ရေး​သို့ ကူး​ပြောင်း​ချိန်​ကို အဘယ်အရာက​မှတ်သား​ပြ​မည်​နည်း။

ဤ​ကူး​ပြောင်း​ချိန်​ကို မှတ်သား​ပြ​သည့်​အရာ​မှာ ယေရှု​ခေါ်ဆို​ခဲ့​သည့် “ကမ္ဘာဦး​မှ​စ၍​ယခု​တိုင်အောင်​မဖြစ်​စ​ဖူး နောက်​၌​လည်း​မဖြစ်​လတ္တံ့​သော ကြီးစွာ​သော [ဆင်းရဲခြင်း]” အချိန်ကာလ​ဖြစ်​မည်။ (မဿဲ ၂၄:၂၁) ထို​ကာလ မည်မျှ​ကြာရှည်​မည်​ကို သမ္မာကျမ်းစာ​၌​မဖော်​ပြ​ထား​ချေ၊ သို့သော် ထို​အချိန်အတွင်း​ဖြစ်ပျက်​မည့် ဘေးဆိုးများ​မှာ ကမ္ဘာ​တွင်​တွေ့ကြုံ​ဖူး​ခဲ့​သမျှ​ထက် သာ၍​ဆိုးရွား​လိမ့်​မည်။ ကြီးစွာ​သော​ဆင်းရဲခြင်း​၏​အစ​တွင် ကမ္ဘာ​မြေကြီးပေါ်​ရှိ​လူအများစု​ကို အကြီးအကျယ်​စိတ်​ချောက်ချား​စေ​မည့်​အရာတစ်ခု– ဗာဗုလုန်​ဘာသာ​တရား​အားလုံး​၏​ဖျက်ဆီး​ခံရ​ခြင်း​ဖြစ်ပျက်​လိမ့်​မည်။ ယေဟောဝါသက်သေ​များ​မူ ယင်းကို ကြာမြင့်စွာ​ကတည်းက​မျှော်လင့်​လာ​ခဲ့​သောကြောင့် စိတ်​ချောက်ချား​စ​ရာ​ဖြစ်​မည်​မဟုတ်​ချေ။ (ဗျာဒိတ် ၁၇:၁၊ ၁၅-၁၇; ၁၈:၁-၂၄) ဘုရားသခင့်​နိုင်ငံတော်​က စာတန်​စနစ်​တစ်ခုလုံး​ကို ချိုးဖဲ့​ဖျက်ဆီး​ပစ်​မည့် အာမဂေဒုန်​တွင် ကြီးစွာ​သော​ဆင်းရဲခြင်း အဆုံးသတ်​သွားပေ​မည်။—ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၆:၁၄၊ ၁၅

၃။ နာခံမှု​မရှိသူ​တို့၏​နောင်​အလားအလာကို ယေရမိ​က​မည်သို့​ဖော်ပြ​သနည်း။

ယင်းသည် “ဘုရားသခင်​ကို​မသိသော​သူ” တို့​နှင့် ခရစ်တော်​လက်ထဲ​တွင်ရှိသော ကိုယ်တော်​၏​ကောင်းကင်​နိုင်ငံတော် “၏​ဧဝံဂေလိတရား​ကို နားမထောင်” သူတို့နှင့်​ပတ်သက်​၍ အဘယ်​အဓိပ္ပာယ်ဆောင်​မည်​နည်း။ (၂ သက်သာလောနိတ် ၁:၆-၉) သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​က ကျွန်ုပ်​တို့အား ဤသို့​ဆို​သည်– “ဘေးသည် တစ်​ပြည်​မှ​တစ်​ပြည်​သို့ ကူးသွား​လိမ့်​မည်။ မြေကြီး​အစွန်း​အနား​တို့​မှ ပြင်းစွာ​သော​လေပွေ​သည်​ထ​လိမ့်​မည်။ ထို​အခါ ထာဝရ​ဘုရား​ကွပ်မျက်​တော်​မူ​ခြင်း​ကို​ခံရ​သော​သူတို့သည် မြေကြီး​တစ်ဖက်​မှ​တစ်ဖက်​တိုင်အောင် နှံ့ပြား​ကြလိမ့်မည်။ သူတို့ကို​မမြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေပေါ်မှာ မ​စင်​ကဲ့သို့​ဖြစ်​ကြလိမ့်မည်။”—ယေရမိ ၂၅:၃၂၊ ၃၃

ဆိုးညစ်မှု​၏​နိဂုံး

၄။ ဤ​ဆိုးညစ်[မှု]ကို ယေဟောဝါ အဆုံးသတ်​ပစ်​ခြင်း​သည် အဘယ်ကြောင့် သင့်မြတ်​လျော်​ကန်​သနည်း။

ဆိုးညစ်မှု​ကို ယေဟောဝါ​ဘုရားသခင် သည်းခံ​လာ​ခဲ့​သည်​မှာ နှစ်ပေါင်း​ထောင်နှင့်ချီ​၍ ရှိ​ပေ​ပြီ၊ လူ့​အုပ်ချုပ်ရေး​သည် အကြီးအကျယ်​ဘေး​ဖြစ်စေ​သည့်​အရာ​သာ​ဖြစ်​ကြောင်း စိတ်နှလုံး​ရိုး​ဖြောင့်​သူတို့​တွေ့မြင်​ရန် အချိန်​အလုံအလောက်​ရခဲ့​ပြီ။ ဥပမာ၊ ၂၀ ရာစု​တစ်ခု​တည်း​တွင် စစ်ပွဲ​များ၊ တော်လှန်ရေး​များနှင့် အခြား​ပြည်တွင်း​ပဋိပက္ခ​များ​ကြောင့် လူ​သန်းပေါင်း ၁၅၀ ကျော်​သေဆုံး​ခဲ့​ရသည်​ဟု သတင်း​ရပ်ကွက်​တစ်ခု​က​ဆို​သည်။ လူသား​တို့၏​ရက်စက်မှု​ကို အထူးသဖြင့် သန်းပေါင်း ၅၀ ခန့်​အသတ်ခံခဲ့ရ​သော ဒုတိယ​ကမ္ဘာ​စစ်​အတွင်း​တွေ့မြင်​ရသည်၊ ထို​သူတို့​ထဲ​မှ​များစွာ​သည် နာဇီ​တို့၏​ချွေး​တပ်​စခန်း​များ​၌ ကြောက်မက်​ဖွယ်​ရာ​အသေ​ဆိုး​ဖြင့်​သေ​ခဲ့​ကြ​ရ၏။ သမ္မာကျမ်းစာ​၌ တင်ကူး​ဖော်ပြ​ထား​သည့်​အတိုင်း ကျွန်ုပ်​တို့​အချိန်တွင် ‘ဆိုးညစ်သော​သူနှင့် လှည့်ဖြား​သော​သူတို့သည် ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား​လာ​ခဲ့​သည်။’ (၂ တိမောသေ ၃:၁-၅၊ ၁၃) ယနေ့ အကျင့်​ယိုယွင်းမှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက်​ပြား​မှု​နှင့် ဘုရားသခင်​၏​စံနှုန်း​များ​ကို မထီမဲ့မြင်​ပြု​မှု​တို့​မှာ အနှံ့အပြား​ဖြစ်နေ​သည်။ သို့​ဖြစ်၍ ဤ​ဆိုးညစ်[မှု]ကို ယေဟောဝါ အဆုံးသတ်​ပစ်​ခြင်း​သည် သင့်မြတ်​လျော်​ကန်​လှ​ပေ​သည်။

၅၊ ၆။ ရှေး​ခါ​နာ​န်​ပြည်​၌​တည်ရှိ​ခဲ့​သော​ဆိုးညစ်မှု​ကို ဖော်ပြ​ပါ။

ယခု​အခြေအနေ​သည် လွန်ခဲ့သော​နှစ်ပေါင်း ၃,၅၀၀ ခန့်​က ခါ​နာ​န်​ပြည်​၏​အခြေအနေ​နှင့်​တူ​နေသည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သူတို့သည် ထာဝရ​ဘုရား​စက်ဆုပ်​ရွံရှာ​တော်​မူသမျှ​တို့ကို သူတို့​ဘုရား​၌​ပြု​ကြပြီ။ ကိုယ်​သားသမီးကို​ပင် သူတို့​ဘုရား​အား​ဝတ်ပြု​၍ မီးရှို့​ကြပြီ။” (တရားဟောရာ ၁၂:၃၁) ဣသရေလ​လူမျိုး​ကို ယေဟောဝါ ဤသို့​မိန့်ကြား​ခဲ့​သည်– “ထို​လူမျိုး​တို့၏​မကောင်းမှု​ကြောင့် . . . သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သူတို့ကို သင့်​ရှေ့​မှ​နှင်ထုတ်​တော်​မူ​၏။” (တရားဟောရာ ၉:၅) ကျမ်းစာ​သမိုင်း​ပညာရှင် ဟင်နရီ အိပ်ခ်ျ. ဟေ​လီ​က ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “ဗာလ၊ အာရှတရက်​နှင့် အခြား​အခြား​ခါ​နာ​န်​ဘုရား​များ​၏ ဝတ်ပြု​ကိုးကွယ်​ရေး​တွင် တရားလွန်​သောက်​စား၊ မြူးထူး​ပျော်ပါး​မှုများ​ပါဝင်​သည်; သူတို့၏​ဝတ်ပြုရာ​နေရာများ​သည် မကောင်းမှု​ကျက်စား​ပြုကျင့်​ရာ​ဌာန​များ​ဖြစ်သည်။”

ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် ထို​ဒေသ​များစွာ​ထဲ​မှ​တစ်ခု​တွင် “ဗာလ​ထံ​ပူဇော်​ခဲ့​သော ကလေးငယ်​များ​၏​ရုပ်ကြွင်း​ကို​ထည့်​ထားသော စ​ဉ့်​အိုး​များစွာ တွေ့ရှိ​ခဲ့” ခြင်း​ဖြင့် သူတို့သည် မည်မျှ​အထိ​လွန်​စွာ​ဆိုးညစ်​လာ​ကြောင်းကို ဟေ​လီ​က​ဖော်ပြ​ပေး​ခဲ့​၏။ သူက​ဤသို့​ပြော​သည်– “ဒေသ​တစ်ခုလုံး​က မွေး​စ​ကလေးငယ်​များ​အတွက် သင်္ချိုင်း​တစ်ခု​ဖြစ်​နေကြောင်း​ထင်ရှား​သည်။ . . . ခါ​နာ​န်​လူမျိုး​သည် ဘာသာရေးဆိုင်ရာ​ထုံးတမ်း​စဉ်​လာ​တစ်ခု​အဖြစ် သူတို့​ဘုရား​များ​၏​ရှေ့မှောက်​တွင် ကာ​မ​ဂုဏ်​လွန်ကျူးခြင်း​ဖြင့်​လည်းကောင်း၊ သားဦးများ​ကို ထို​ဘုရား​များ​ထံ ပူဇော်​သည့်​ယဇ်​အဖြစ် သတ်ဖြတ်​ခြင်း​ဖြင့်​လည်းကောင်း ဝတ်ပြု​ကိုးကွယ်​မှု​ပြု​ကြသည်။ ခါ​နာ​န်​တစ်ပြည်လုံး​သည် အကြီးစား​သောဒုံ​နှင့် ဂေါမောရ​ဖြစ်နေ​ပုံ​ရှိသည်။ . . . ဤမျှ​စက်ဆုပ်​ရွံရှာဖွယ်​ကောင်း​သည့်​အထိ ညစ်ညမ်း​ပြီး ကြမ်းကြုတ်​သည့် ယဉ်ကျေးမှု​မျိုး​သည် ဆက်​တည်ရှိ​ဖို့​တန်​ပါ​ဦး​မည်​လော။ . . . ခါ​နာ​န်​တို့၏​အပျက်အယွင်း​များ​ကို​တူးဖော်​သည့် ရှေးဟောင်း​သုတေသန​ပညာရှင်​များ​က သူတို့ကို ဘုရားသခင်​ဖျက်ဆီး​ချိန်​သည် နောက်​တောင်​ကျနေ​သေး​သည်​ဟု ယူမှတ်​ကြ​၏။”

ကမ္ဘာ​မြေကြီးကို​အမွေခံ​ခြင်း

၇၊ ၈။ ဤ​ကမ္ဘာ​မြေကြီးကို ယေဟောဝါ​မည်သို့​သန့်စင်​ရှင်းလင်း​မည်​နည်း။

ခါ​နာ​န်​လူမျိုးများ​ကို ဘုရားသခင် ရှင်းလင်း​ခဲ့​သကဲ့သို့ မကြာမီ ကိုယ်တော်​သည် ကမ္ဘာ​မြေကြီး​တစ်ခုလုံး​ကို သန့်စင်​ရှင်းလင်း​ပစ်​ကာ မိမိ၏​အလိုတော်​ဆောင်​သူတို့အား ယင်းကို​ပေး​လိမ့်​မည်။ “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​၌​နေ၍ စုံလင်သော​သူတို့သည် နေရာ​ကျ​ကြလိမ့်မည်။ [မတရားသော] လူ​တို့​မူ​ကား ပြည်တော်​မှ​ပယ်ရှင်း​ခြင်း၊ လွန်ကျူး​သော​သူတို့သည် နုတ်​ပစ်​ခြင်း​ကို​ခံရ​ကြလိမ့်မည်။” (သု. ၂:၂၁၊ ၂၂) ထို့​ပြင် ဆာလံဆရာ​က ဤသို့​ဆို​သည်– “ခဏ​ကြာပြီး​မှ မတရားသော​သူသည်​မရှိ​ရ။ . . . စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁) ထို့​ပြင် “အနှစ်​တစ်ထောင်​မကုန်​မီ​တိုင်အောင်၊ လူအမျိုးမျိုး​တို့ကို​မ​လှည့်ဖြား” စေရန် စာတန်​ကိုလည်း ဖယ်ရှားပစ်​မည်။ (ဗျာဒိတ် ၂၀:၁-၃) မှန်ပါသည်၊ “ဤ​လောက​နှင့်​လော [က] တပ်မက်​ခြင်း​သည် ကွယ်ပျောက်​ဆဲ​ဖြစ်၏။ ဘုရားသခင်​၏​အလိုတော်ကို ဆောင်ရွက်​သော​သူ​မူ​ကား . . . ထာဝရ​တည်​၏။”—၁ ယောဟန် ၂:၁၇သမ္မာ။

ကမ္ဘာ​မြေကြီးပေါ်​တွင် ထာဝစဉ်​နေထိုင်​လို​သူတို့​အတွက် ကြီးမြတ်သော​မျှော်လင့်ချက်ကို အကျဉ်းချုပ်​၍ ယေရှု​ဤသို့​မိန့်တော်မူသည်– “စိတ်​နူးညံ့​သိမ်မွေ့​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူတို့သည် ပြည်တော်​ကို အမွေခံ​ရ​ကြ​လတ္တံ့။” (မဿဲ ၅:၅) ဤသို့​တင်ကူး​ဖော်ပြ​ခဲ့​သော ဆာလံ ၃၇:၂၉ ကို ကိုယ်တော်​ရည်ညွှန်းခဲ့​ဖွယ်​ရှိသည်– “ဖြောင့်မတ်​သော​သူတို့သည် ပြည်တော်​ကို​အမွေခံ​၍ အစဉ်အမြဲ​နေရ​ကြလိမ့်မည်။” ဖြောင့်မတ်​သော​သူတို့ မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝစဉ်​နေထိုင်သွား​ခြင်း​သည် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ဖြစ်​ခဲ့​ကြောင်း ယေရှု​သိတော်မူ၏။ ယေဟောဝါ​က ဤသို့​မိန့်တော်မူသည်– “ငါသည် မဟာ​တန်ခိုး​နှင့် . . . မြေကြီးကို​လည်းကောင်း၊ မြေကြီး​ပေါ်မှာ​ရှိသော​လူ​နှင့် တိရစ္ဆာန်​တို့ကို​လည်းကောင်း ဖန်ဆင်း​သည်​ဖြစ်၍ ငါသည် ပေး​လို​သော​သူတို့အား​ပေး​၏။”—ယေရမိ ၂၇:၅

အံ့မခန်းဖွယ်​ကမ္ဘာသစ်​တစ်ခု

၉။ မည်သို့သော​ကမ္ဘာ​မျိုးကို ဘုရားသခင့်​နိုင်ငံတော်​က ဆောင်ကြဉ်း​ပေး​လိမ့်​မည်​နည်း။

အာမဂေဒုန်​ပြီး​နောက် ဘုရားသခင့်​နိုင်ငံတော်​သည် “ဖြောင့်မတ်ခြင်း​တရား​တည်နေရာ” အံ့မခန်းဖွယ် “မြေကြီး​သစ်” ပေါ်​တွင် နေရာကျ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃) အာမဂေဒုန်​ကပ်ကျော်​သူတို့​အတွက် ဖိနှိပ်မှု​ဖြစ်စေ​သည့်​ဤ​ဆိုးသွမ်း​သော​အစီအစဉ်​စနစ်​မှ ကယ်တင်​ခံရ​ခြင်း​က အလွန်အမင်း​စိတ်သက်သာရာ​ရစေသည်​တကား! အံ့မခန်းဖွယ်​ကောင်းချီး​များနှင့် ထာဝရ​အသက်​တို့ကို ရှုမျှော်​ကာ ကောင်းကင်​နိုင်ငံတော်​အစိုးရ​အောက်​ရှိ ဖြောင့်မတ်ခြင်း​တည်နေရာ​ကမ္ဘာသစ်​ထဲ​သို့ ဝင်ရောက်ခွင့်​ရသူ​တို့အတွက် အင်မတန်​ဝမ်းမြောက်​ပီတိ​ဖြစ်စရာ​ပင်!—ဗျာဒိတ် ၇:၉-၁၇

၁၀။ ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက်တွင် အဘယ်​အခြေအနေ​ဆိုး​များ တည်ရှိ​တော့​မည်​မဟုတ်​သနည်း။

၁၀ စစ်မှု၊ ရာဇဝတ်မှု၊ ငတ်မွတ်​ခေါင်းပါး​မှု သို့​မဟုတ် သား​ရိုင်း​တိ​ရိစ္ဆာန်​များ​၏​ခြိမ်းခြောက်​မှု​ကို​ပင် လူ​တို့​ခံရ​ကြလိမ့်မည်​မဟုတ်။ “[ငါ​၏​လူ​တို့] နှင့် ငြိမ်သက်ခြင်း​ပဋိညာဉ်​ကို ငါ​ဖွဲ့​၍ ဆိုးသော​သားရဲ​တို့ကို ထို​ပြည်​၌​ပယ်​ဖြတ်​မည်။ . . . တော​သစ်ပင်​သည် အသီးကို​သီး​လိမ့်​မည်။ မြေ​သည်လည်း အသီးအနှံ​ကို​ပေး​လိမ့်​မည်။ ပြည်သား​တို့သည် ငြိမ်​ဝပ်​စွာ​နေရ​ကြလိမ့်မည်။” “သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။ တစ်​ပြည်​ကိုတစ်​ပြည်​စစ်​မ​တိုက်၊ စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်​ရ​ကြ။ လူအပေါင်း​တို့သည် ကိုယ်ပိုင်​သော စပျစ်​ပင်၊ ကိုယ်ပိုင်​သော​သင်္ဘောသဖန်း​ပင်​အောက်မှာ ထိုင်​ကြလိမ့်မည်။ ကြောက်​စေသော​သူ တစ်ယောက်မျှ​မရှိ​ရ။”—ယေဇကျေလ ၃၄:၂၅-၂၈; မိက္ခာ ၄:၃၊ ၄

၁၁။ ကိုယ်ကာယ​မကျန်းမာ​ခြင်း အဆုံးတိုင်​လိမ့်​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ အဘယ်ကြောင့်​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၁ ဖျားနာခြင်း၊ ဝမ်းနည်းခြင်း​နှင့် သေခြင်း​ပင်​လျှင် ပပျောက်​သွား​မည်။ “မြို့သား​က​လည်း ငါ​နာ​သည်​ဟု​မဆို​ရ။ ထို​မြို့၌​နေသော​သူတို့သည် အပြစ်​ပြေ​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြလိမ့်မည်။” (ဟေရှာယ ၃၃:၂၄) “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။ . . . ‘ငါသည် ခပ်သိမ်း​သော​အရာ​တို့ကို အသစ်​ဖန်ဆင်း​သည်။’” (ဗျာဒိတ် ၂၁:၄၊ ၅) ယေရှု​မြေကြီးပေါ်​ရှိ​စဉ်​က မိမိ​အား​ဘုရားသခင်​ပေး​သောတန်​ခိုး​အားဖြင့် ယင်း​တို့ကို​လုပ်ဆောင်​နိုင်​ကြောင်း ကိုယ်တော်​၏​စွမ်းရည်​ကို​ပြသ​ခဲ့​သည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီ​ဖြင့် ယေရှုသည် သွား​လေ​ရာ​ရာ​ဒေသ​ရှိ ခြေမစွမ်း​သူကို​ကုသ​ပေးခြင်း​နှင့် ဖျားနာသူ​တို့ကို​ပျောက်ကင်း​စေခြင်း​အား ပြုလုပ်​ပေး​ခဲ့​သည်။—မဿဲ ၁၅:၃၀၊ ၃၁

၁၂။ ထို​တွင် လူသေများ​အတွက် အဘယ်​မျှော်လင့်ချက်​ရှိ​သနည်း။

၁၂ ယေရှုသည် ထို​ထက်မက​ပြုလုပ်​ခဲ့​သည်။ လူသေကို ပြန်ရှင်​စေ​ခဲ့​သည်။ စိတ်​နှိမ့်ချ​သူတို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ အသက် ၁၂ နှစ်အရွယ်​ကလေး​မ​ကို ရှင်ပြန်ထမြောက်​ပေး​လိုက်​သောအခါ သူ၏​မိဘများသည် “အလွန်​မိန်းမော​တွေဝေ​ခြင်း​သို့​ရောက်​ကြ​၏။” (မာကု ၅:၄၂) ယင်းက ဘုရားသခင့်​နိုင်ငံတော်​၏​အုပ်ချုပ်မှု​အောက်တွင် ယေရှု​ပြုလုပ်​ပေး​တော်​မူ​မည့် နောက်ထပ်​ပုံ​နမူနာ​တစ်ခု​ဖြစ်​ပြီး ထို​အချိန်တွင် “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်။” (တမန်​တော် ၂၄:၁၅) လူသေ​တို့သည် တစ်စု​ပြီး​တစ်စု အသက်ပြန်ရှင်​လာ​ကာ မိမိတို့၏​ချစ်​မြတ်နိုး​ရသူ​တို့​နှင့်အတူ ပြန်လည်​ပေါင်းစည်း​ကြ​သည့် အလွန်​ပီတိ​ဖြစ်စရာ​အခါသမယ​ကို မြင်ယောင်​ကြည့်​ပါ​လေ! “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ” လာ​စေရန် ဘုရားသခင့်​နိုင်ငံတော်​၏​ကြီးကြပ်မှု​အောက်တွင် ကြီးမား​လှ​သော​ပညာပေး​ရေး​လုပ်ငန်း​ရှိ​လိမ့်​မည်​မှာ မြေကြီး​လက်​ခတ်​မလွဲ​ပင်။—ဟေရှာယ ၁၁:၉

“ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်”

ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်း​စေ

၁၃။ ဘုရားသခင့်​အုပ်ချုပ်ရေး​၏​တော်မှန်မှု​ကို မည်သို့​ပြသ​မည်​နည်း။

၁၃ ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု အနှစ်​တစ်ထောင်​ကုန်ဆုံး​ချိန်​တွင် လူ့​မိသားစု​သည် ကိုယ်​စိတ်​နှစ်​ဖြာ​စုံလင်ခြင်း​သို့ ပြန်ရောက်​ရှိ​လိမ့်​မည်။ မြေကြီး​တစ်ပြင်လုံး​သည် ကမ္ဘာ့​ဧဒင်ဥယျာဉ်၊ ပရဒိသု​ဖြစ်သွား​မည်။ ငြိမ်သက်မှု၊ ပျော်ရွှင်မှု၊ လုံခြုံမှု​နှင့် မေတ္တာ​လွှမ်းသော​လူ့​ဘောင်​အဖွဲ့အစည်း​ကို ပြန်လည်​ရရှိကြ​မည်။ ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်ရေး​မတိုင်မီ လူ့​သမိုင်း​တွင် ဤ​မြင်ကွင်း​ကို တစ်ခါမျှ​တွေ့ရှိ​ခဲ့​ဖူး​မည်​မဟုတ်​ချေ။ ထို​အခါ ယခင်​က​နှစ်ပေါင်း​ထောင်နှင့်ချီ​၍ စိတ်​ဆင်းရဲ​စ​ရာ​လူသား​အုပ်ချုပ်ရေး​နှင့် ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​အားဖြင့် အနှစ်​တစ်ထောင်​၏​ခမ်းနား​ထည်ဝါ​သော​အုပ်စိုးမှု​စပ်ကြား အပြတ်အသတ်​ကွာခြား​ချက်​ကို အထင်အရှား​ပြသမှု​ပင်​တည်း! မိမိ​နိုင်ငံတော်​အားဖြင့် ဘုရားသခင်​၏​အုပ်ချုပ်မှု​သည် ကဏ္ဍရပ်​တိုင်း​တွင် အပြတ်အသတ်​သာလွန်​မှု​ကို ဖော်ပြ​ပေ​လိမ့်​မည်။ ဘုရားသခင်​၏​အစိုးပိုင်မှု၊ ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​သည် လုံးဝ​သံသယ​ကင်းရှင်း​သွား​မည်။

၁၄။ အနှစ်​တစ်ထောင်​ကုန်ဆုံး​သောအခါ ပုန်ကန်​သူများ ဘာ​ဖြစ်သွား​မည်​နည်း။

၁၄ အနှစ်​တစ်ထောင်​၏​အဆုံး​၌ ယေဟောဝါ​သည် စုံလင်​ပြီး​ဖြစ်သော​လူသားတို့အား မည်သူ​၏​အစေခံ​လို​ကြောင်း မိမိတို့၏​လွတ်လပ်​စွာ​ရွေးချယ်မှု​ကို အသုံးပြုခွင့်​ပေး​လိမ့်​မည်။ “စာတန်​သည် ထောင်​ထဲ​က​လွတ်​သော​အခွင့်​ကို​ရ” လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ သူသည် ထပ်မံ​၍​လူသား​တို့ကို​လှည့်ဖြား​လိမ့်​မည်​ဖြစ်​ပြီး အချို့​တို့သည် ဘုရားသခင်​ထံ​တော်​မှ ခွဲထွက်​ရပ်တည်​ရန် ရွေးချယ်​ကြလိမ့်မည်။ ‘ဒုတိယ​အကြိမ် ညှဉ်းဆဲ​မှု​ထပ်​ပေါ်လာ​ခြင်း​မျိုး’ မဖြစ်စေ​ရန် ယေဟောဝါ​သည် စာတန်၊ သူ၏​နတ်ဆိုး​များနှင့် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ပုန်ကန်​သူအား​လုံး​ကို အပြီးသတ်​ချေမှုန်း​ပေ​လိမ့်​မည်။ ထို​အချိန်တွင် ထာဝစဉ်​ဖျက်ဆီး​ခံရ​သူ မည်သည့်​လူသားက​မျှ မိမိတို့သည် အခွင့်အရေး​မရခဲ့​ဟူ၍လည်း​ကောင်း၊ မစုံလင်​သည့်​အတွက် မှားယွင်းသော​လမ်းစဉ်​လိုက်​မိ​သည်​ဟူ၍လည်း ကန့်ကွက်​စကား​ဆိုနိုင်​မည်​မဟုတ်​ချေ။ မှန်ပါသည်၊ သူတို့သည် ယေဟောဝါ​၏​ဖြောင့်မတ်​သော​အုပ်စိုးမှု​ကို​ပုန်ကန်​ရန် စိတ်လို​ကိုယ်​လျောက်​ရွေးချယ်​ခဲ့​သည့် စုံလင်သော​အာဒံ​နှင့်​ဧဝ​တို့​ကဲ့သို့​ဖြစ်​မည်။—ဗျာဒိတ် ၂၀:၇-၁၀; နာဟုံ ၁:၉က​ဘ။

သစ္စာစောင့်သိ​သူတို့သည် ယေဟောဝါ​နှင့် ဆက်ဆံ​ရေး​ကောင်း ပြန်လည်​ရရှိကြလိမ့်မည်

၁၅။ သစ္စာစောင့်သိ​သူတို့သည် ယေဟောဝါ​နှင့် မည်သို့သော​ဆက်ဆံ​ရေး​ကို​ရရှိ​မည်​နည်း။

၁၅ အခြား​တစ်ဖက်​တွင် လူအများစု​သည် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို​ထောက်ခံ​အားပေး​ရန် ရွေးချယ်​ကြ​ဖွယ်​ရှိသည်။ ပုန်ကန်မှု​မှန်သမျှ ချေမှုန်း​ခံရ​ခြင်း​နှင့်အတူ ဖြောင့်မတ်​သူတို့သည် ယေဟောဝါ​ရှေ့​ရပ်​ကာ သစ္စာစောင့်သိမှု​၏​နောက်ဆုံး​စမ်းသပ်ချက်​ကို ကျော်လွှား​ကြလိမ့်မည်။ ထို​အခါ ဤ​သစ္စာစောင့်သိ​သူတို့ကို ယေဟောဝါ​သည် မိမိ၏​သားသမီး​များ​အဖြစ် လက်ခံ​တော်​မူ​မည်။ သို့​ဖြစ်၍ သူတို့သည် ဘုရားသခင်​ကို​မ​ပုန်ကန်​မီ​က အာဒံ​နှင့်​ဧဝ​တို့​တွင်​ရှိခဲ့​သည့် ဆက်ဆံ​ရေး​မျိုးကို ပြန်လည်​ရရှိကြ​မည်။ ထို့​ကြောင့် ရောမ ၈:၂၁၊ (သတင်းကောင်း) ပြည့်စုံ​ပေမည်– ‘အ​ဖန်ဆင်း​ခံ​လူသား​ကမ္ဘာ​လောကသည် ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ လွတ်မြောက်​၍ ထာဝရ​ဘုရား​၏​သားသမီး​များ​အဖြစ် လွတ်လပ်မှု​နှင့်​ဘုန်း​အသရေ​ကို ခံစားခွင့်​ရရှိ​လိမ့်​မည်။’ ပရောဖက်​ဟေရှာယ​က ဤသို့​တင်ကူး​၍​ပြော​ခဲ့​သည်– “[ဘုရားသခင်​သည်] သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်။ အရှင်​ထာဝရ​ဘုရား​သည်လည်း ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။”—ဟေရှာယ ၂၅:၈

ထာဝစဉ်​အသက်​မျှော်လင့်ချက်

၁၆။ ထာဝရ​အသက်ဆု​ကျေးဇူး​ကို မျှော်ကိုးခြင်း​သည် အဘယ်ကြောင့်​လျောက်ပတ်​သနည်း။

၁၆ ဘုရားသခင်​သည် မိမိတို့​အပေါ် ဝိညာဉ်​ရေး​ဆိုင်ရာ​နှင့် ရုပ်ပိုင်းဆိုင်ရာ​အကျိုးကျေးဇူးများ​ကို ထာဝစဉ်​သွန်းလောင်း​ချပေး​မည်​ဟု သိရှိ​ရခြင်း​သည် သစ္စာစောင့်သိ​သူတို့ကို စောင့်ကြို​လျက်​ရှိသော ကောင်းမွန်​သည့်​အလားအလာ​တစ်ရပ်​ပင်​တည်း! ဆာလံဆရာ​က တော်မှန်​စွာ​ဤသို့​ဆို​သည်– “လက်တော်ကို​ဖွင့်​၍ အသက်ရှင်​သော​သတ္တဝါ​အပေါင်း​တို့ကို [အမှန်ပင်] ရောင့်ရဲ​စေတော်မူ​၏။” (ဆာလံ ၁၄၅:၁၆) ကိုယ်တော်​ကို​ယုံကြည်ခြင်း​၏​တစ်စိတ်​တစ်​ဒေသ​အဖြစ် ပရဒိသု​တွင် အသက်ရှင်ဖို့ မျှော်လင့်ချက်​ထား​ရန် မြေကြီး​အတန်းအစားများ​ကို ယေဟောဝါ တိုက်တွန်း​တော်​မူ​သည်။ ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​မှာ သာ၍​အရေးကြီးသော​ကိစ္စ​ဖြစ်​စဉ် ဆုကျေးဇူး​ခံရ​မည့်​အလားအလာ​မပေး​ဘဲ မိမိ​အား​ဝတ်ပြု​ရန် လူ​တို့ကို ကိုယ်တော်​မတောင်းဆို​ခဲ့​ချေ။ သမ္မာကျမ်းစာ​တစ်အုပ်လုံး​တွင် ဘုရားသခင်​ကို​သစ္စာ​စောင့်သိ​ခြင်း​နှင့် ထာဝရ​အသက်​မျှော်လင့်ချက်​တို့သည် ဘုရားသခင်​၌ ခရစ်ယာန်​တစ်ဦး၏​ယုံကြည်ခြင်း​နှင့်​စပ်ဆိုင်​သော လိုအပ်​သည့်​အစိတ်အပိုင်း​များ​အဖြစ် ခွဲခြား​၍​မရနိုင်​လောက်​အောင် တွဲ​နေသော​အရာ​ဖြစ်သည်။ “ဘုရားသခင့်​အထံတော်​သို့ ချဉ်းကပ်​သော​သူသည်၊ ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း၊ ယုံကြည်​ရမည်။”—ဟေဗြဲ ၁၁:၆

၁၇။ ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​အားဖြင့် အားယူခြင်း​သည်​လျောက်ပတ်​ကြောင်း ယေရှု​မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၇ ယေရှု​က​ဤသို့​မိန့်တော်မူ၏– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ဤ​တွင် သူသည် ဘုရားသခင်၊ ကိုယ်တော့်​ရည်ရွယ်တော်မူချက်​တို့ကို​သိကျွမ်းခြင်း​နှင့် ယင်း​မှ ဖြစ်ပေါ်​စေသော​ဆုကျေးဇူး​တို့ကို ဆက်စပ်​ထား​သည်။ ဥပမာ​အနေ​ဖြင့် အမှား​ပြု​ခဲ့​သူ​တစ်ဦး​သည် ကိုယ်တော်​၏​နိုင်ငံတော်​သို့ ယေရှု​ကြွလာ​ပြီး​နောက် သူ့​အား​သတိရ​ရန် တောင်းဆို​ခဲ့​ပြီး​သောအခါ ယေရှု​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်သည်​ငါ​နှင့်အတူ ပရဒိသု​ဘုံ​၌​ရှိ​လိမ့်​မည်။” (လုကာ ၂၃:၄၃) ကိုယ်တော်​က ထို​လူဆိုး​အား ဆုကျေးဇူး​မရ​လျှင်​ပင် ယုံကြည်ခြင်း​ရှိပါ​ဟု မိန့်တော်​မ​မူ​ခဲ့​ချေ။ ဤ​ကမ္ဘာ​မြေပေါ်​၌ စမ်းသပ်မှု​အမျိုးမျိုးကို​ရင်ဆိုင်​ရသည်​နှင့်​အမျှ သူတို့အား ထောက်မ​ပေး​မည့် မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်ခြင်း​မျှော်လင့်ချက် မိမိ၏​ကျေးကျွန်​များ​တွင် ရှိ​ထား​စေရန် ယေဟောဝါ​အလိုရှိ​တော်​မူ​ကြောင်း ယေရှု​သိတော်မူ၏။ သို့​ဖြစ်၍ ခရစ်ယာန်​တစ်ဦး​အနေ​နှင့် ဆုကျေးဇူး​ကို​မျှော်လင့်​နေခြင်း​သည် ခံနိုင်ရည်​ရှိနေ​စေရန် အရေးပါသော​အကူအညီ​တစ်ရပ်​ဖြစ်၏။

ဘုရားသခင့်​နိုင်ငံတော်​၏​အနာဂတ်

၁၈၊ ၁၉။ အနှစ်​တစ်ထောင်​ကုန်ဆုံး​သောအခါ​၌ ရှင်ဘုရင်​နှင့် ဘုရားသခင့်​နိုင်ငံတော် ဘာ​ဖြစ်သွား​လိမ့်​မည်​နည်း။

၁၈ ဘုရားသခင့်​နိုင်ငံတော်​သည် ကမ္ဘာ​မြေကြီးပေါ်​ရှိ လူသား​တို့ကို​စုံလင်​စေရန်​နှင့် ယေဟောဝါ​နှင့်​ပြန်လည်​သင့်မြတ်​စေရန် ကိုယ်တော်​အသုံးပြု​တော်​မူ​သည့် အထောက်အကူ​အစိုးရ​တစ်ခု​ဖြစ်သော​ကြောင့် အနှစ်​တစ်ထောင်​ပြီး​နောက် ဘုရင်​ယေရှု​ခရစ်၊ ၁၄၄,၀၀၀ သော​ဘုရင်​များနှင့် ယဇ်ပုရောဟိတ်​များ​အတွက် ထို​တွင် အဘယ်​အခန်းကဏ္ဍ​ရှိ​သနည်း။ “ထို​အခါ ခရစ်တော်​သည် အထွတ်အမြတ်​အာဏာတန်ခိုး​အမျိုးမျိုးကို​ပယ်ရှင်း​၍၊ မိမိ​နိုင်ငံ​ကို ဘုရားသခင်​တည်း​ဟူသော ခမည်းတော်​၌​အပ်ပြန်တော်မူ​ပြီး​မှ ကမ္ဘာ​ကုန်​ရ​လတ္တံ့။ ခရစ်တော်​သည် ရန်သူ​အပေါင်း​တို့ကို ခြေဖဝါး . . . အောက်​၌ ချထား​တော်​မ​မူ​မီ​တိုင်အောင် အုပ်စိုး​တော်​မူ​ရမည်။”—၁ ကောရိန္သု ၁၅:၂၄၊ ၂၅

၁၉ ခရစ်တော်​သည် ဘုရားသခင်​ထံ​သို့ ဘုရားသခင်​နိုင်ငံတော်​ကို ပြန်အပ်​သောအခါ သမ္မာကျမ်း​စာစောင်​များ​၌ ယင်းသည် ထာဝစဉ်​တည်ရှိ​မည်​အဖြစ် ဖော်ပြ​ထားခြင်း​ကို မည်သို့​နားလည်​ရန်ဖြစ်​သနည်း။ အကြောင်း​မှာ ဘုရားသခင့်​နိုင်ငံတော်​၏​အောင်မြင်​ပြီးမြောက်မှု​သည် ထာဝစဉ်​တည်ရှိ​သွား​မည်​ဖြစ်သော​ကြောင့်​တည်း။ ဘုရားသခင်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်းရေး​အတွက် ဆောင်ရွက်​ရာ​တွင် ကိုယ်တော်​၏​အခန်းကဏ္ဍ​ကြောင့် ခရစ်တော်​သည် ထာဝစဉ်​ဂုဏ်ပြု​ခံရ​ပေမည်။ သို့သော် ထို​အခါ အပြစ်​နှင့် သေခြင်း​သည် လုံးဝ​ဖယ်ရှားပစ်​ခံရ​၍ လူသား​တို့​မှာ ရွေးနုတ်​ခံ​ခဲ့​ရပြီး​ဖြစ်​ရာ ယင်းက ကိုယ်တော်​အား ရွေးနုတ်ရှင်​တစ်ဦး​အဖြစ်​လိုအပ်မှု​မှာ အဆုံးတိုင်​လေ​ပြီ။ ဘုရားသခင့်​နိုင်ငံတော်​၏​အနှစ်​တစ်ထောင်​အုပ်စိုးမှု​သည်လည်း လုံးဝ​ပြီးပြည့်စုံ​လိမ့်​မည်; သို့​ဖြစ်၍ ယေဟောဝါ​နှင့် နာခံမှု​ရှိသော​လူသား​တို့​စပ်ကြား​ရှိ​ရမည့် အထောက်အကူ​အစိုးရ​တစ်ခု လိုအပ်​တော့​မည်​မဟုတ်​ချေ။ သို့​နှင့် “ဘုရားသခင်​သည် အလုံးစုံ​ဖြစ်​တော်​မူ​မည်။”—၁ ကောရိန္သု ၁၅:၂၈

၂၀။ ခရစ်တော်​နှင့် ၁၄၄,၀၀၀ တို့အတွက် အဘယ်​အနာဂတ်​ရှိ​မည်​ကို ကျွန်ုပ်​တို့ မည်သို့​သိမြင်​နိုင်​ကြ​သနည်း။

၂၀ အနှစ်​တစ်ထောင်​အုပ်ချုပ်ရေး အဆုံးသတ်​သွားပြီး​နောက် ခရစ်တော်​နှင့် ကိုယ်တော်​၏​တွဲဖက်​အုပ်စိုးရှင်​တို့အတွက် အနာဂတ်​အခန်းကဏ္ဍ​ကား အဘယ်နည်း။ သမ္မာကျမ်းစာ​က မဖော်​ပြ​ထား​ပါ။ သို့​တိုင် မိမိ၏​ဖန်ဆင်း​ရာ​တစ်ခွင်​တွင် အမှုဆောင်ရန် နောက်ထပ်​အခွင့်အလမ်း​များစွာကို သူတို့အား ယေဟောဝါ​ပေး​လိမ့်​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ပါ​သည်။ ယခု​တွင်​ရှိနေကြ​သော ကျွန်ုပ်​တို့အားလုံး​သည် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံကြ​ကာ ထာဝရ​အသက်ကို​ရရှိကြ​ပါ​လေ​စေ၊ သို့ဖြင့် အနာဂတ်​တွင် ရှင်ဘုရင်၊ ကိုယ်တော်​၏​အပေါင်းပါ​ဘုရင်​များနှင့် ယဇ်ပုရောဟိတ်​များ​အတွက် ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​အပြင် ကိုယ်တော်​၏​အံ့သြ​မိန်းမော​ဖွယ်​ရာ စကြဝဠာ​တစ်ခုလုံး​အတွက် ရည်ရွယ်ချက်ကို ကျွန်ုပ်​တို့​တွေ့မြင်​ရန် အသက်ရှင်​ကြ​ပါ​လိမ့်​မည်​တကား!