မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ထံ သင်နီးကပ်လာနိုင်ပုံ

ဘုရားသခင်ထံ သင်နီးကပ်လာနိုင်ပုံ

ဘုရားသခင်​ထံ သင်​နီးကပ်​လာနိုင်​ပုံ

ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ ပြု​လျှင်၊ သင်တို့ ၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု ယာကုပ် ၄:၈ က​ဆို​သည်။ ကျွန်ုပ်​တို့​အကျိုး​အ​လို့​ငှာ မိမိ၏​သားတော်ကို​စွန့်​တော်​မူ​ခြင်း​ဖြင့် လူသားများ မိမိ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် ယေဟောဝါ​ဘုရားသခင် မည်မျှ​လိုလား​ကြောင်း​ဖော်ပြ​သည်။

ထို​မေတ္တာ​တင်ပြမှု​ကို တုံ့ပြန်​သော​အားဖြင့် တမန်​တော်​ယောဟန် ဤသို့​ရေးခဲ့​သည်– “ကိုယ်တော်​သည် ငါ​တို့ကို​ရှေ့​ဦးစွာ​ချစ်တော်မူ​သောကြောင့် ငါ​တို့သည် [ဘုရားသခင်] ကို​ချစ်​ကြ​၏။” (၁ ယောဟန် ၄:၁၉သမ္မာ) သို့သော် ဘုရားသခင်​ထံ ကျွန်ုပ်​တို့​ကိုယ်တိုင်​ချဉ်းကပ်​ရန် ခြေလှမ်း​အချို့​ကို လှမ်း​ရမည်​ဖြစ်သည်။ ယင်း​တို့သည် ရှေ့​ဆောင်းပါး​တွင်​ဖော်ပြ​ခဲ့​သကဲ့သို့ လူသား​အချင်းချင်း​နှင့် ကျွန်ုပ်​တို့​ရင်းနှီး​စေသည့် အချက်လေး​ချက်​နှင့်​ဆင်တူ​မှု​ရှိသည်။ ယခု ယင်း​တို့ကို ဆန်းစစ်​ကြည့်​ကြ​စို့။

ဘုရားသခင်​၏​အံ့ဖွယ်​အရည်အချင်းများ​ကို ဂရုပြုပါ

ဘုရားသခင်​၌ အံ့ဖွယ်​အရည်အချင်းများ​စွာ​ရှိသည်။ အပေါ်လွင်ဆုံး​ထဲ​မှ​အချို့​မှာ ကိုယ်တော်​၏ မေတ္တာ၊ ဉာဏ်ပညာ၊ တရား​မျှတမှု​နှင့် တန်ခိုး​တို့​ဖြစ်သည်။ ကိုယ်တော်​၏​ဉာဏ်ပညာ​နှင့်​တန်ခိုးတော်​ကို အလှမ်း​ကွာဝေး​သော​စကြဝဠာ​နှင့် ကျွန်ုပ်​တို့​ဝန်းကျင်ရှိ​လောက၊ ကြီးမားသော​ဂလက်ဆီ​များ​မှ​သည် သေးနုပ်​သော​အဏုမြူ​များ​အထိ အလျှံပယ် ထင်ရှားပြ​လျက်​ရှိသည်။ ဆာလံဆရာ​က “မိုးကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို​ကြား​ပြော​၍ မိုး​မျက်နှာကြက်​သည် လက်တော်​နှင့်​လုပ်သော​အရာများ​ကို​ပြသ​၏” ဟု​ရေးသားခဲ့​သည်။—ဆာလံ ၁၉:၁; ရောမ ၁:၂၀

ဖန်ဆင်း​ခြင်း​သည်လည်း ဘုရားသခင်​၏​မေတ္တာတော်ကို ပေါ်လွင်​စေ​သည်။ သာဓက​အနေ​နှင့် ကျွန်ုပ်​တို့အား​ဖန်ဆင်း​ထား​ပုံ​က ဘဝကို​မွေ့လျော်​စေရန် ဘုရားသခင်​လိုလား​ကြောင်း ဖော်ပြ​သည်။ အရောင်အသွေး​များ​ကို​မြင်နိုင်စွမ်း၊ အနံ့​အရသာ​ခံနိုင်စွမ်း၊ တေးဂီတ​ကို​နှစ်သက်​နိုင်စွမ်း၊ ရယ်မော​ပြီး အလှအပ​ကို​ခံစား​နိုင်စွမ်း၊ အခြား​မြောက်မြားစွာ​သော​အရည်အချင်းများ​ကိုလည်း​ပေး​ထားပြီး အသက်ရှင်​ရန်​မရှိမဖြစ်​လိုအပ်ရာ​မဟုတ်သည့် ပင်ကိုစရိုက်​များ အစ​ရှိသည့် အရည်အသွေးများ​ကို ကိုယ်တော်​ပေး​ထား​သည်။ မှန်ပါသည်၊ ဘုရားသခင်​သည် အမှန်ပင် ရက်ရော​ကြင်နာ​ပြီး မေတ္တာပြည့်​ဝ​သော​ဘုရား​ဖြစ်​ရာ၊ ဤ​အရည်အချင်းများ​က ကိုယ်တော်​သည် “ပျော်ရွှင်သော ဘုရားသခင်” ဖြစ်​ကြောင်း မလွဲမသွေ​ထောက်ခံ​ပေး​သည်။—၁ တိမောသေ ၁:၁၁က​ဘ; တမန်​တော် ၂၀:၃၅

ကိုယ်တော်​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို​အသုံးပြုခြင်း​နှင့် ယင်းကို အသိဉာဏ်​ရှိ​သတ္တဝါများ​ထောက်ခံကြ​ခြင်း​သည် ချစ်ခြင်း​မေတ္တာ​ပေါ်​အဓိက​အခြေခံ​ခြင်း​ကို ယေဟောဝါ​ဂုဏ်ယူ​တော်​မူ​၏။ (၁ ယောဟန် ၄:၈) ယေဟောဝါ​သည် စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​အမှန်​ဖြစ်သော်လည်း လူသားများ၊ အထူးသဖြင့် ကိုယ်တော်​၏​သစ္စာရှိ​ကျေးကျွန်​များနှင့် ဆက်ဆံ​တော်​မူ​သောအခါ မေတ္တာပြည့်​ဝ​သော​ဖခင်​တစ်ဦး​က မိမိ၏​ရင်သွေး​များ​ကို​ဆက်ဆံ​သကဲ့သို့ ဆက်ဆံ​တော်​မူ​သည်။ (မဿဲ ၅:၄၅) သူတို့​ကောင်းကျိုး​အတွက် အစွမ်းကုန်​ဆောင်ရွက်​တော်​မူ​သည်။ (ရောမ ၈:၃၈၊ ၃၉) ဖော်ပြ​ခဲ့​သည့်​အတိုင်း ကျွန်ုပ်​တို့​အကျိုး​အ​လို့​ငှာ မိမိ၏​တစ်ပါး​တည်း​သော​သားတော်​၏​အသက်ကို​ပင် ကိုယ်တော်​ပေး​တော်​မူ​ခဲ့​သည်။ မှန်ပါသည်၊ ဘုရားသခင်​၏​မေတ္တာတော်​ကြောင့်​သာ ကျွန်ုပ်​တို့​တည်ရှိ​နေပြီး ထာဝရ​အသက်​မျှော်လင့်ချက်​ရှိနေခြင်း​ဖြစ်သည်။—ယောဟန် ၃:၁၆

ယေရှုသည် မိမိ​ခမည်းတော်​ကို လုံးလုံးလျားလျား​တုပ​တော်​မူ​ခဲ့​သောကြောင့် ကျွန်ုပ်​တို့အား ဘုရားသခင်​၏​ကိုယ်​ရည်​ကိုယ်​သွေး​များ​ဆိုင်ရာ နက်နဲ​သော​ထိုးထွင်း​သိမြင်မှု​ကို ပေး​တော်​မူ​သည်။ (ယောဟန် ၁၄:၉-၁၁) ကိုယ်တော်​သည် တစ်ကိုယ်ကောင်း​စိတ်​နှင့်​လုံးဝ​ကင်းစင်​ကာ ထောက်ထား​စာနာ​ပြီး ဉာဏ်​အမြော်အမြင်​ကြီးမား​တော်​မူ​သည်။ တစ်ခါ​၌ နားပင်း၍​စကား​အ​သော​သူ​တစ်ဦး ယေရှု​ရှေ့တော်မှောက်​တွင် ရောက်နေ​သည်။ လူအုပ်​ထဲ​တွင် ထို​သူ​အနေရခက်​မည်​ကို သင်​မြင်ယောင်​ကြည့်​နိုင်​သည်။ စိတ်ဝင်စားဖွယ်​ကောင်း​သည်​မှာ ယေရှုသည် ထို​သူအား သီးသန့်​နေရာတစ်ခု​သို့​ခေါ်သွား​ပြီး ထို​နေရာ၌ သူ့​အား​ကုသ​ပေး​ခဲ့​သည်။ (မာကု ၇:၃၂-၃၅) သင့်​ခံစားချက်​များ​ကို​နားလည်​ပေး​ပြီး သင့်​ဂုဏ်​သိက္ခာ​ကို​လေးစား​သူကို သင်​လေးမြတ်ပါ​သလော။ သို့​ဖြစ်​လျှင် ယေဟောဝါ​နှင့် ယေရှု​အကြောင်း​ပိုမို​သိရှိ​လာ​လေ​လေ သူတို့​ထံ သင်​အမှန်ပင် ပို​၍​ချဉ်းကပ်​လေ​လေ​ဖြစ်​မည်။

ဘုရားသခင်​၏​အရည်အချင်းများ​ကို စဉ်းစား​တွေးတောပါ

တစ်စုံ​တစ်ယောက်​တွင် အံ့ဖွယ်​အရည်အချင်းများ​ရှိ​နိုင်​သော်လည်း ထို​ပုဂ္ဂိုလ်​နှင့်​နီးစပ်​စေရန် သူ့​အကြောင်းကို​စဉ်းစား​တွေးတော​ဖို့​လို​သည်။ ယေဟောဝါ​နှင့်​စပ်လျဉ်း၍​လည်း အလားတူ​ပင်​ဖြစ်သည်။ ကိုယ်တော့်​အရည်အချင်းများ​ကို စဉ်းစား​ဆင်ခြင်ခြင်း​သည် နီးစပ်​စေရန် ကိုယ်တော်​ထံ​ချဉ်းကပ်​ခြင်း​တွင် အရေးပါသည့်​ဒုတိယ​ခြေလှမ်း​ဖြစ်သည်။ ယေဟောဝါ​ကို​အမှန်ချစ်​ပြီး “[ယေဟောဝါ​၏] စိတ်နှလုံး​နှင့်​ညီညွတ်” ခဲ့​သူ​ဘုရင်​ဒါဝိဒ်က ဤသို့​ဆို​သည်– “ရှေး​လွန်​လေ​ပြီး​သော​ကာလ​ကို​အောက်မေ့​၍ အလုံးစုံသော​အမှုတော်​တို့ကို​လည်းကောင်း၊ လက်တော်​နှင့်​ပြုပြင်​သော​အရာ​များ​ကိုလည်း​ကောင်း ဆင်ခြင်​ပါ​၏။”—တမန်​တော် ၁၃:၂၂; ဆာလံ ၁၄၃:၅

အံ့ချီးဖွယ်​ဖန်ဆင်း​ရာ​များ​ကို သင်​တွေ့မြင်​သည့်​အခါ သို့​မဟုတ် ဘုရားသခင့်​နှုတ်မြွက်တော်​သမ္မာကျမ်းစာ​ကို​ဖတ်​သည့်​အခါ ဒါဝိဒ်​ကဲ့သို့ သင်​မြင်ရ၊ ဖတ်​ရသည့်​အရာ​ကို တွေးတော​ဆင်ခြင်​ပါသလော။ သူ​အလွန်​ချစ်ခင်​တွယ်တာ​သော​ဖခင်​ထံ​မှ ယခု​ပင်​စာ​တစ်စောင်​လက်ခံ​ရရှိခဲ့​သည့် သား​တစ်ယောက်ကို စိတ်​တွင်​မြင်ယောင်​ကြည့်​ပါ။ ထို​စာ​ကို သူ​မည်သို့​ရှုမြင်​မည်​နည်း။ စာ​ကို ဟို​လှန်​ဒီ​လှန်​ကြည့်​ပြီး အံဆွဲ​အတွင်း​ပစ်ထား​မည်​မဟုတ်​သည်​မှာ သေချာ​ပါ​သည်။ ယင်းအစား ၎င်းကို​သေချာ​စွာ​ဖတ်​ပြီး ယင်း​မှ​အသေးစိတ်​အချက်များ​နှင့် ခြားနား​ချက်​တိုင်း​ကို ထုတ်နုတ်​ကာ​ဆင်ခြင်​သုံးသပ်​နေ​ပေမည်။ ထို​နည်းတူ​စွာ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်တော်​ကို ဆာလံဆရာ​ကဲ့သို့​ပင် တန်ဖိုး​ထား​သင့်​သည်။ သူ​ဤသို့​ဆို​သည်– “ကိုယ်တော်​၏​တရားကို အကျွန်ုပ်သည်​အလွန်​နှစ်သက်ပါ​၏။ တစ်နေ့လုံး ဆင်ခြင်​အောက်မေ့​လျက်​နေပါ​၏။”—ဆာလံ ၁၁၉:၉၇

ဆက်သွယ်မှု​ကောင်း​ကို​ထိန်းသိမ်း​ခြင်း

ဆက်သွယ်မှု​ကောင်းခြင်း​သည် မည်သည့်​ဆက်ဆံ​ရေး​မဆို​၏ အသက်သွေး​ကြော​ဖြစ်သည်။ ၎င်း​တွင် စိတ်ထဲ​က​သာမက နှလုံး​ထဲ​က​ပါ ပြောဆိုခြင်း​နှင့် နားထောင်ခြင်း​ပါဝင်​ပတ်သက်​သည်။ ဘုရားသခင်​ထံ ဦး​တိုက်​သည့် ဆုတောင်းခြင်း​အားဖြင့် ဖန်ဆင်း​ရှင်​ကို ကျွန်ုပ်​တို့​စကားပြော​ကြသည်။ ကိုယ်တော်​ကို​ချစ်​မြတ်နိုး​ကာ အမှုတော်ကို​ဆောင်ရွက်​သူနှင့် ကိုယ်တော်​၏​ကိုယ်စားလှယ်​ချုပ် ယေရှု​ခရစ်​ကို​အသိအမှတ်ပြု​သူများ​၏ ဆုတောင်းချက်​များ​ကို ကိုယ်တော်​နှစ်သက်​တော်​မူ​သည်။—ဆာလံ ၆၅:၂; ယောဟန် ၁၄:၆၊ ၁၄

ရှေး​အချိန်​က အဆင်း​အာရုံများ၊ အိပ်မက်များ​နှင့် ကောင်းကင်တမန်​များ​အပါအဝင် နည်း​အမျိုးမျိုးဖြင့် လူသားများ​ကို ဘုရားသခင်​စကားပြော​ခဲ့​သည်။ သို့သော် ယခု​အချိန်တွင် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ဖြစ်သည့် သန့်ရှင်းသော​ကျမ်းစာ​အားဖြင့် စကားပြော​တော်​မူ​သည်။ (၂ တိမောသေ ၃:၁၆) နှုတ်မြွက်​စကားတော်​သည် သာ​သည့်​အရာများ​စွာ​ရှိသည်။ မည်သည့်​အချိန်၌​မဆို ယင်းကို​ရှာဖွေ​ကြည့်ရှု​နိုင်​သည်။ စာ​တစ်စောင်​ကဲ့သို့​ပင် ယင်းကို​ထပ်ခါထပ်ခါ ဖတ်ရှု​ခံစား​နိုင်​သည်။ ထို့​ပြင် ၎င်း​သည် အလွဲလွဲ​အမှား​မှား​ဖြစ်မှု​များ​တွေ့ရ​တတ်​သည့် နှုတ်​တိုက်​လက်ဆင့်ကမ်း​လာသော အကြောင်းအရာ​မဟုတ်ပေ။ ထို့​ကြောင့် ကျမ်းစာ​ကို သင်​ချစ်​မြတ်နိုးသည့် ကောင်းကင်​ခမည်းတော်​ထံ​မှ​လာသော စာစောင်​ပေါင်း​ချုပ်၊ ယင်း​စာ​များ​အားဖြင့် ကိုယ်တော်​က သင့်​အား နေ့စဉ်​စကားပြော​ဆို​ခွင့်​ရစေ​သည့်​အရာ​အဖြစ် ယူမှတ်ပါ။—မဿဲ ၄:၄

သာဓက​အနေ​ဖြင့် ကျမ်းစာ​သည် အမှားအမှန်​နှင့်​ပတ်သက်သော ယေဟောဝါ​၏​သဘော​တော်​ကို ဖော်ပြ​ထား​သည်။ လူသားများ​နှင့် ကမ္ဘာကြီး​အတွက် ကိုယ်တော့်​ရည်ရွယ်ချက်ကို ယင်း​တွင် ရှင်းလင်း​ဖော်ပြ​ထား​သည်။ ထို့​အပြင် သစ္စာစောင့်သိ​သော ဝတ်ပြုသူ​များ​မှ​သည် အငြိုး​ကြီး​ရန်သူများ​အထိ အမျိုးမျိုး​အဖုံဖုံ​သော​လူများ၊ လူမျိုးများ​နှင့်​ကိုယ်တော်​ဆက်ဆံပုံ​ကို ဖွင့်ပြ​သည်။ ဤနည်းဖြင့် လူသားများ​နှင့် ကိုယ်တော်​၏​အပြန်အလှန်​သက်ရောက်မှု​ကို မှတ်တမ်းတင်​ထားခြင်း​ဖြင့် ယေဟောဝါ​သည် ကျွန်ုပ်​တို့အား ကိုယ်တော့်​အရည်အသွေး​၏​သရုပ်သကန်​ကို အသေးစိတ်​ထူးခြား​စွာ ဖော်ပြ​ပေး​ထား​သည်။ ကိုယ်တော်​၏ သဘောထားများ၊ ခံစားချက်​များနှင့် ယင်း​နောက်ကွယ်​ရှိ​အကြောင်းရင်း​များ​ဖြစ်သော ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ အမျက်ထွက်ခြင်း၊ သနား​ကြင်နာ​တတ်​ခြင်း၊ စိုးရိမ်​ပူပန်ခြင်း​များ​ကို လူသားများ အလွယ်တကူ​နားလည်​နိုင်သော​နည်းဖြင့် ဖွင့်ပြ​ထား​သည်။—ဆာလံ ၇၈:၃-၇

ဘုရားသခင့်​နှုတ်မြွက်တော်​၏ အပိုင်း​တစ်ခု​ကို​ဖတ်ရှု​ပြီး​နောက် ဖတ်ရှုခြင်း​မှ သင်​မည်သို့​အကျိုး​ရရှိနိုင်​မည်​နည်း။ အထူးသဖြင့် ဘုရားသခင်​ထံ သင်​မည်သို့​ပို​၍​နီးကပ်​လာနိုင်​မည်​နည်း။ ဦးစွာ သင်​ဖတ်ရှု​ခဲ့​သည့်​အရာ​နှင့် ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ဘုရားသခင်​အကြောင်း သိရှိ​ခဲ့​ရာ​များ​ကို စဉ်းစားပါ။ အချက်အလက်​များ​ကို သင့်​နှလုံး​အထိ ရောက်​စေပါ။ ထို့နောက် ဆင်ခြင်​သုံးသပ်​ခဲ့​ရာ​များနှင့် ယင်း​မှ​အကျိုး​ရရှိရန် မည်သို့​ကြိုးစား​မည်​နှင့်​စပ်လျဉ်း၍ သင်၏​ထင်မြင်​ယူဆ​ချက်​များနှင့် အတွင်းအကျဆုံး​သော​ခံစားချက်​များ​ကို ဆုတောင်းခြင်း​အားဖြင့် ယေဟောဝါ​ကို​ပြောပြ​ပါ။ ယင်းသည် ဆက်သွယ်ခြင်း​ဖြစ်သည်။ သင့်​စိတ်​တွင် အခြား​အကြောင်းအရာများ​လည်း ရှိ​နေလျှင် သင်​ဆုတောင်းရာ​တွင် ယင်း​တို့ကို​ပါ,ပါဝင်​စေနိုင်​သည်။

ဘုရားသခင်​နှင့်အတူ​တကွ​လုပ်ဆောင်ပါ

ဘုရားသခင်​နှင့်အတူ သို့​မဟုတ် ဘုရားသခင့်​မျက်မှောက်တော်၌ လျှောက်လှမ်း​ခဲ့​သည့် တည်ကြည်မှု​ရှိသူ​အချို့​အကြောင်း ကျမ်းစာ​ထဲ​တွင် ဖော်ပြ​ထား​သည်။ (ကမ္ဘာဦး ၆:၉; ၃ ဓမ္မ​ရာဇဝင် ၈:၂၅) ယင်းက အဘယ်အရာကို​ဆိုလို​သနည်း။ အခြေခံ​အားဖြင့် သူတို့​အနား​တွင် ဘုရားသခင်​ရှိနေ​သကဲ့သို့ နေ့စဉ်​အသက်ရှင်နေ​ထိုင်​ခဲ့​ကြသည်။ သူတို့သည် အပြစ်သား​များ​ဖြစ်​ကြသည်။ သို့သော်လည်း ဘုရားသခင်​၏​ပညတ်တော်​များနှင့် မူများ​ကို ချစ်​မြတ်နိုး​ပြီး ဘုရားသခင်​၏​ရည်ရွယ်ချက်​နှင့်​အညီ နေထိုင်ခဲ့​ကြသည်။ ယေဟောဝါ​သည် ထိုသို့​သော​သူများ​ထံ ချဉ်းကပ်​ပြီး ဆာလံ ၃၂:၈ တွင်– “သင့်ကို​ငါ​သွန်သင်​မည်။ သင်​သွား​ရမည်​လမ်းကို​ပြညွှန်​မည်။ သင့်ကို​ကြည့်ရှု​ပြုစု​မည်” ဟု​ဖော်ပြ​ထား​သည့်​အတိုင်း သူတို့ကို​ဂရုစိုက်​တော်​မူ​သည်။

သင့်အတွက်​လည်း ယေဟောဝါ​သည် သင်​နှင့်အတူ​လျှောက်လှမ်း​သူ၊ သင့်ကို​ဂရုစိုက်​စောင့်ရှောက်​သူနှင့် ဖခင်သဖွယ်​အကြံဉာဏ်​ပေး​တတ်သော ရင်းနှီး​သည့်​မိတ်ဆွေ​တစ်ဦး​ကဲ့သို့​ဖြစ်​နိုင်​သည်။ ပရောဖက်​ဟေရှာယ​က ယေဟောဝါ​အား “သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော” အရှင်​အဖြစ်​ဖော်ပြ​ခဲ့​သည်။ (ဟေရှာယ ၄၈:၁၇) ယင်း​အကျိုးကျေးဇူးများ​ကို တွေ့ကြုံ​ခံစားရ​စဉ် ဘုရင်​ဒါဝိဒ်​ကဲ့သို့​ပင် “[ကျွန်ုပ်​တို့၏] လက်ယာဘက်​၌” ယေဟောဝါ​ရောက်ရှိ​နေ​ဘိ​သကဲ့သို့ ကျွန်ုပ်​တို့​ခံစား​ကြ​ရသည်။—ဆာလံ ၁၆:၈

ဘုရားသခင်​၏​နာမတော် —ကိုယ်တော့်​အရည်အချင်းများ​စူးစိုက်​ရာ

မြောက်မြားစွာ​သော​ဘာသာ​တရား​များနှင့် အရေအတွက်​တိုးများ​လာ​နေသော ဘာသာပြန်​သူများ​သည် ဘုရားသခင်​၏ ကိုယ်ပိုင်​နာမတော်​ကို အသုံးပြုရန်​နှင့် ဖော်ပြ​ရန် ပျက်ကွက်​ကြသည်။ (ဆာလံ ၈၃:၁၈) သို့​တိုင် မူရင်း​ဟေဗြဲ​ကျမ်းစာ​တွင် ယေဟောဝါ​ဟူ​သည့်​နာမတော်​ကို အကြိမ်ပေါင်း ၇,၀၀၀ ခန့်​တွေ့ရ​ပါ​သည်​တကား! (ဘုရားသခင့်နာမတော်​ကို ထုတ်ပစ်​နေစဉ် ကျမ်းစာ​ဘာသာပြန်​သူ​အများစု​သည် မူရင်း​ကျမ်းစာ​တွင်​ဖော်ပြ​ထား​သည့် ဗာလ၊ ဗေလ၊ မေရောဒပ်​နှင့် စာတန်​ကဲ့သို့​သော မှား​သော​ဘုရား​များစွာ​၏​အမည်​နာမ​များ​ကို ထိန်းသိမ်း​ထားခြင်း​မှာ ရှေ့နောက်​မညီ​ပေ!)

အချို့​သူများ​က ဘုရားသခင့်​နာမတော်​ကို ချန်လှပ်​ထားခြင်း​သည် အသေးအဖွဲ​ကိစ္စ​ဖြစ်သည်ဟု ယူမှတ်​ကြသည်။ သို့သော် စဉ်းစား​ကြည့်​ပါ– နာမည်​မရှိသော​ပုဂ္ဂိုလ်​တစ်ဦး​နှင့် ရင်းနှီး​ကျွမ်းဝင်​သော​ဆက်ဆံ​ရေး​ရရှိရန် ပို​၍​ခက်ခဲ​မည်​လော၊ လွယ်ကူ​မည်​လော။ ဘုရား၊ သခင်​ကဲ့သို့​သော​ဂုဏ်ပုဒ်​များ (ယင်းကို မှောက်မှား​သည့်​ဘုရား​များ​၌​လည်း​အသုံးပြု) သည်​ယေဟောဝါ​၏ တန်ခိုးတော်၊ အခွင့်အာဏာ သို့​မဟုတ် အနေအထား​များ​ကို အာရုံစိုက်​စေနိုင်​သော်လည်း ကိုယ်တော်​၏​ကိုယ်ပိုင်​နာမတော်​က​သာ ကိုယ်တော်​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း တပ်အပ်​သေချာ​စွာ​ခွဲခြား​ပြ​သည်။ (ထွက်မြောက်ရာ ၃:၁၅; ၁ ကောရိန္သု ၈:၅၊ ၆) စစ်မှန်သော​ဘုရားသခင်​၏ ကိုယ်ပိုင်​နာမတော်​က ကိုယ်တော်​၏​အရည်အချင်းများ​နှင့် ဂုဏ်ရည်တော်​များ​ကို ထိန်းချုပ်​ထား​သည်။ ကျမ်း​ပညာရှင် ဝေါလ်တာ လောင်​ရီး​က သင့်လျော်​စွာ​ဤသို့​ဖော်ပြ​ခဲ့​သည်– “ဘုရားသခင်​ကို အမည်​နာမ​နှင့်​မသိ​သူ​တစ်ဦး​သည် ဘုရားသခင်​ကို ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် တကယ်တမ်း​မသိ။”

ဩစတြေးလျ​တွင်​နေထိုင်​သော စိတ်ရင်းမှန်​သည့်​ကက်သလစ်​တစ်ဦး​ဖြစ်သူ မာ​ရီး​ယား​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ယေဟောဝါသက်သေ​များ သူနှင့်​ပထမ​အကြိမ်​တွေ့ဆုံ​ချိန်​တွင် မာ​ရီး​ယား​သည် ကျမ်းစာ​ထဲ​မှ ဘုရားသခင်​၏​နာမတော်​ကို​ပြသ​ရန် သက်သေခံ​များ​ကို ခွင့်ပြု​ခဲ့​သည်။ သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ “ကျမ်းစာ​ထဲ​က ဘုရားသခင့်​နာမတော်​ကို ပထမ​ဆုံး​အကြိမ်​မြင်တွေ့ရ​တဲ့​အခါ ကျွန်မ​မျက်ရည်ကျခဲ့​တယ်။ ဘုရားသခင့်​ကိုယ်ပိုင်​နာမတော်​ကို အမှန်တကယ်​သိရှိပြီး အသုံးပြုနိုင်​စေ​ခဲ့​တဲ့​အသိပညာက ကျွန်မ​ကို​အရမ်း​လှုံ့ဆော်မှု​ဖြစ်စေ​ခဲ့တယ်။” မာ​ရီး​ယား​သည် ကျမ်းစာ​သင်အံမှု​ကို ဆက်​ပြုလုပ်​ခဲ့​သောကြောင့် သူ့​ဘဝတွင် ပထမ​ဆုံး​အကြိမ် ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ယေဟောဝါ​ကို​သိလာပြီး ကိုယ်တော်​နှင့်​တည်မြဲသော​ဆက်ဆံ​ရေး​ကို ပျိုးထောင်​နိုင်​ခဲ့​သည်။

မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ပကတိ​မျက်စိဖြင့် ကိုယ်တော်​ကို​မမြင်နိုင်​သည့်​တိုင် “ဘုရားသခင်​ထံ​ချဉ်းကပ်” နိုင်​ပါ​သည်။ ကျွန်ုပ်​တို့၏ စိတ်နှလုံး​ထဲ​တွင် ကိုယ်တော်​၏​အလွန်​လှပသော​ကိုယ်​ရည်​ကိုယ်​သွေး​များ​ကို “မြင်” နိုင်​ပြီး ယင်းကြောင့် ကိုယ်တော်​ကို ချစ်ခင်မှု​တိုးပွား​လာ​မည်။ ထိုသို့​သော​ချစ်ခြင်း​သည် “စုံလင်ခြင်း​အဖွဲ့အစည်း” ဖြစ်​သတည်း။—ကောလောသဲ ၃:၁၄

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ယေဟောဝါ​ကို​ချစ်​သည့်​သင့်​မေတ္တာကို ကိုယ်တော်​တုံ့ပြန်

ပေါင်းသင်း​ဆက်ဆံ​ရေး​သည် နှစ်​လမ်း​သွား​ဖြစ်သည်။ ဘုရားသခင်​ထံ ကျွန်ုပ်​တို့​နီးကပ်​လာ​သည်​နှင့်​အမျှ ကျွန်ုပ်​တို့​ထံ ကိုယ်တော်​ပို​၍​နီးကပ်​လာ​ခြင်း​ဖြင့် ကိုယ်တော်​တုံ့ပြန်​တော်​မူ​သည်။ ကျမ်းစာ​ပါ​အထူး​မိန့်မှာချက်ကို​ရရှိခဲ့​သည့် အသက်အရွယ်​ကြီးရင့်​သူ ရှု​မောင်​နှင့် အန္န​အပေါ်​ထား​ရှိသော ကိုယ်တော်​၏​သဘောထားကို သုံးသပ်ကြည့်​ပါ။ ခရစ်ဝင်​ကျမ်း​ရေးသူ​လုကာ​က ရှု​မောင်​သည် မေရှိယကို​စောင့်မျှော်​နေသည့် “ဖြောင့်မတ်​သော​သူ၊ ဘုရားတရား​ကြည်ညို​သော​သူ” ဖြစ်သည်ဟု​ဆို​သည်။ ရှု​မောင်​တွင်ရှိသော ထို​အရည်အချင်းကောင်းများကို ယေဟောဝါ​သတိပြုမိ​ခဲ့​ပြီး ထို​အသက်ကြီးသူ​အား “သူသည် ထာဝရ​ဘုရား​၏ ခရစ်တော်​ကို​မမြင်​မီ မသေ​ရ” ဟု​ဗျာဒိတ်​ဖွင့်ပြခြင်း​ဖြင့် မေတ္တာ​တင်ပြ​ခဲ့​သည်။ ယေဟောဝါ​သည် ကတိတည်​ကာ ယေရုရှလင်​ရှိ​ဝတ်ပြုရာ​အိမ်တော်​သို့ သူငယ်​ယေရှုကို သူ၏​မိဘများ​ခေါ်ဆောင်​လာ​စေ​ခဲ့​ခြင်း​ဖြင့် ရှု​မောင်​ကို လမ်းညွှန်​ခဲ့​သည်။ ဝမ်းသာ​ပီတိ​ဖြစ်​ပြီး အလွန်​တန်ဖိုး​ထား​လေးမြတ်​စွာ​နှင့် ရှု​မောင်​သည် သူငယ်​ကို​ပွေ့ ပိုက်​ကာ ဤသို့​ဆုတောင်း​ခဲ့​သည်– “အစိုးရ​တော်​မူ​သော​အရှင်၊ ဗျာဒိတ်တော်​အတိုင်း ကိုယ်တော်​၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ[သေဆုံး]ရသော​အခွင့်​ကို ကိုယ်တော်​သည် ယခု​တွင်​ပေး​တော်​မူ​ပြီ။ အကြောင်း​မူ​ကား  . . ကယ်တင်​သော​အရှင်ကို အကျွန်ုပ်သည် ကိုယ့်​မျက်စိ​နှင့်​မြင်ရ​ပါ​ပြီ။”—လုကာ ၂:၂၅-၃၅သမ္မာ။

“ထို​ခဏ​ခြင်း​တွင်” ယေဟောဝါ​သည် ၈၄ နှစ်အရွယ်​ရှိ​အန္န​ကိုလည်း ယေရှုကို​ပြညွှန်​ခြင်း​ဖြင့် မိမိ၏​မေတ္တာတော်ကို ထင်ရှားပြ​ခဲ့​သည်။ မြတ်နိုးဖွယ်​ကောင်းသော ထို​မုဆိုးမ​သည် ဝတ်ပြုရာ​အိမ်တော်၌​အစဉ်အမြဲ ယေဟောဝါ​အား “ဘုရား[သခင်]ဝတ်​ကို​ပြု” လျက်​နေသည်​ဟု ကျမ်းစာ​က​ဖော်ပြ​သည်။ ရှု​မောင်​ကဲ့သို့​ပင် ကျေးဇူး​တင်​လေးမြတ်စိတ်​များ​ပြည့်လျှံ​စွာ​ဖြင့် ယေဟောဝါ​၏​အထူးတလည်​ကြင်နာ​မှု​ပြ​ခြင်း​ကို ကျေးဇူး​တင်​ခဲ့​သည်။ ထို့နောက် “ယေရုရှလင်​မြို့၌ ရွေးနုတ်ခြင်း​အရာ​ကို​မျှော်လင့်​သော​သူအပေါင်း​တို့အား” သူငယ်​အကြောင်းကို ပြော​လေ​သည်။—လုကာ ၂:၃၆-၃၈

မှန်ပါသည်၊ ယေဟောဝါ​သည် မိမိကို ရှု​မောင်​နှင့်​အန္န​တို့ နှစ်နှစ်ကာကာ​ချစ်၍​ကြောက်ရွံ့​ခြင်း​နှင့် မိမိ၏​ရည် ရွယ်​ချက်​ပြီးမြောက်​စေ​ရေး​နှင့်​ပတ်သက်​၍ သူတို့၏ အလွန်​စိတ်ဝင်စားမှု​တို့ကို ကိုယ်တော်​သတိပြုမိ​ခဲ့​သည်။ ယင်း​သို့​သော ကျမ်းစာ​မှတ်တမ်းများ​က ယေဟောဝါ​နှင့် သင့်ကို​မ​နီးကပ်​စေ​ပေ​လော။

မိမိ​ခမည်းတော်​ကဲ့သို့​ပင် ယေရှုသည်​လည်း တကယ့်​လူ့​အတွင်းစိတ်​ကို သိတော်မူ​သည်။ ဝတ်ပြုရာ​အိမ်တော်၌ ဟောပြော​သွန်သင်​နေစဉ် “ဆင်းရဲသော​မုဆိုးမ” တစ်ဦး “ကြေးနီ​ဒ င်္ဂါး​နှစ်ပြား” မျှ​လှူဒါန်း​သည်ကို ကိုယ်တော်​သတိပြုမိ​ခဲ့​သည်။ အခြားသော​သတိထား​မိ​သူများ​အတွက် သူ၏​ပေးကမ်းမှု​သည် အသေးအဖွဲ​ဟု​ထင်​ခဲ့​မည်​ဖြစ်သော်လည်း ယေရှု​အတွက်​ထိုသို့​မဟုတ်​ခဲ့​ချေ။ သူ၌​ရှိသမျှကို​ပေးကမ်း​ခဲ့​သောကြောင့် ထို​အမျိုးသမီးကို ကိုယ်တော်​ချီးမွမ်း​ခဲ့​သည်။ (လုကာ ၂၁:၁-၄) ထို့​ကြောင့် ကျွန်ုပ်​တို့​ပေးကမ်းမှု​သည် များသည်​ဖြစ်စေ၊ နည်း​သည်​ဖြစ်စေ ကျွန်ုပ်​တို့​တွင်​ရှိသည့်​အကောင်းဆုံး​အရာ​ကို ပေးဆက်​မည်​ဆိုလျှင် ယေဟောဝါ​နှင့် ယေရှုသည် တန်ဖိုး​ထား​လေးမြတ်မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​သည်။

ဘုရားသခင်​သည် မိမိကို​ချစ်​မြတ်နိုးသူ​များ​ကြောင့် ဝမ်းမြောက်​ရွှင်လန်း​သော်လည်း လူသားများ ကိုယ်တော်​ထံ​မှ​သွေဖည်​သွားခြင်း​နှင့် မှားယွင်းသော​လမ်းစဉ်​ကို​လိုက်လျှောက်​သောအခါ ကိုယ်တော်​စိတ်နာ​တော်​မူ​သည်။ နောဧ​ခေတ် ရေလွှမ်းမိုးခြင်း​မတိုင်မီ လူ့​အပြစ်ကြီး​သောကြောင့် ယေဟောဝါ​သည် “နှလုံး​၌ နာကျင်​တော်​မူ” ကြောင်း ကမ္ဘာဦး ၆:၆ [က​ဘ] တွင်​ဖော်ပြ​သည်။ နောက်ပိုင်း​တွင် နာခံမှု​မရှိသော​ဣသရေလလူ​များသည် ကြိမ်ဖန်​များစွာ “ဘုရားသခင်​ကို စုံစမ်း​၍ ဣသရေလ​အမျိုး​၌ သန့်ရှင်းသော​ဘုရား​ကို ဆန့်ကျင်ဘက်​ပြု​ကြ” သည်​ဟု​ဆာလံ ၇၈:၄၁ တွင်​ဆို​သည်။ မှန်ပါသည်၊ ဘုရားသခင်​သည် ခံစားချက်​ကင်းမဲ့​သည့် ဘာသိဘာသာ​နေသော “ဦးဆုံး​သော​အကြောင်းတရား” မဟုတ်​ချေ။ ကိုယ်တော်​သည် အမှန်ပင် ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ပြီး ကျွန်ုပ်​တို့​ကဲ့သို့ မစုံလင်မှု​ကြောင့် စိတ်​မတည်ငြိမ်၊ ထုံထိုင်း​နေ​သူ​မဟုတ်ပေ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာများ​ကို စဉ်းစား​သုံးသပ်ခြင်း​သည် ကိုယ်တော်​ထံ​နီးကပ်​လာရန် နည်း​တစ်နည်း​ဖြစ်