သန့်ရှင်းသောဝိညာဉ်တော်ကို မိမိ၏ကိုယ်ပိုင်အထောက်အမ ဖြစ်စေခဲ့ပြီလော
သန့်ရှင်းသောဝိညာဉ်တော်ကို မိမိ၏ကိုယ်ပိုင်အထောက်အမ ဖြစ်စေခဲ့ပြီလော
သာမန်လူသားများကိုမထည့်ဘဲ၊ ကျမ်းပညာရှင်များပင် သန့်ရှင်းသောဝိညာဉ်တော် အဘယ်အရာဖြစ်သည်နှင့်ပတ်သက်၍ အယူအဆများစွာရှိကြသည်။ သို့တိုင်၊ ထိုကဲ့သို့ မသေချာမရေရာဖြစ်နေစရာမလိုပါ။ သမ္မာကျမ်းစာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်အရာဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ အချို့သူများဆိုသကဲ့သို့ ပုဂ္ဂိုလ်တစ်ပါးမဟုတ်ဘဲ မိမိအလိုတော်ဆောင်ရွက်ရန် ဘုရားသခင့်အသုံးပြုသော တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။—ဆာလံ ၁၀၄:၃၀; တမန်တော် ၂:၃၃; ၄:၃၁; ၂ ပေတရု ၁:၂၁။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင့်ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်မှုနှင့် အနီးကပ်ဆက်စပ်နေသောကြောင့် ကျွန်ုပ်တို့၏ဘဝအသက်တာကို ဝိညာဉ်တော်နှင့် သဟဇာတဖြစ်လိုစိတ်ရှိသင့်သည်။ ယင်းကို ကျွန်ုပ်တို့၏ကိုယ်ပိုင်အထောက်အမ ဖြစ်စေလိုသင့်သည်။
အထောက်အမ—အဘယ်ကြောင့်လိုအပ်သနည်း
မြေကြီးပေါ်မှ မိမိထွက်ခွာရမည်ကို ကြိုတင်စီစဉ်ရန် မိမိ၏တပည့်တော်များကို ယေရှုဤသို့စိတ်ချစေခဲ့သည်– “ငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် . . . အခြားသောထောက်မသူကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အား ပေးတော်မူမည်။” ထပ်၍ဤသို့ဆို၏– “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ထောက်မသူသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။”—ယောဟန် ၁၄:၁၆၊ ၁၇; ၁၆:၇၊ ကဘ။
ယေရှုသည် မိမိ၏တပည့်တော်များကို ဤသို့ညွှန်ကြားကာ အရေးကြီးသည့်တာဝန်တစ်ခုကိုပေးခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ပေးကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယင်းကို ဆန့်ကျင်မှုများအကြား ပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် လွယ်ကူမည်မဟုတ်ပါ။—မဿဲ ၁၀:၂၂၊ ၂၃။
အပြင်မှလာသောဆန့်ကျင်မှုသည် အသင်းတော်အတွင်း အကြီးအကျယ်စိတ်ဝမ်းကွဲပြားမှုနှင့် ပေါင်းစပ်သွားသည်။ စီ.အီး. ၅၆ ခန့်တွင် ရောမရှိခရစ်ယာန်များထံ ပေါလုဤသို့ရေးခဲ့သည်– “ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသောဆုံးမ[ခြင်း]နှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကိုပြုတတ်သောသူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။” (ရောမ ၁၆:၁၇၊ ၁၈) ဤအခြေအနေသည် တမန်တော်များသေဆုံးပြီးနောက် ပိုဆိုးလာခဲ့သည်။ ပေါလုဤသို့သတိပေးခဲ့သည်– “ငါမရှိသည်နောက် ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်းပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။”—တမန်တော် ၂၀:၂၉၊ ၃၀။
ထိုအတားအဆီးများကို တိုက်ဖျက်ရန် ဘုရားသခင့်အကူအညီလိုအပ်ခဲ့သည်။ ကိုယ်တော်သည် ယင်းကို ယေရှုမှတစ်ဆင့်ပေးခဲ့သည်။ ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးနောက် စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ကိုယ်တော်၏နောက်တော်လိုက် ၁၂၀ သည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်” ခဲ့သည်။—တမန်တော် ၁:၁၅; ၂:၄။
ဤအချိန်အခါတွင် သွန်းလောင်းခဲ့သောသန့်ရှင်းသောဝိညာဉ်တော်မှာ ယေရှုကတိပြုခဲ့သည့် အထောက်အမဖြစ်ကြောင်း တပည့်တော်များ အသိအမှတ်ပြုခဲ့ကြသည်။ သူတို့သည် ယေရှုပြင်ဆင်ပေးခဲ့သည့်အရာသည် မည်သည့်အရာဖြစ်သည်ကို ယခုပို၍နားလည်သဘောပေါက်ခဲ့ကြသည်မှာ သေချာသည်– “ခမည်းတော်သည် ငါ့အတွက်ကြောင့်စေလွှတ်တော်မူသော . . . ဆရာ [“ထောက်မသူ၊” ကဘ] တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။” (ယောဟန် ၁၄:၂၆) ယင်းကို ‘ထောက်မသူ၊ အမှန်တရားဝိညာဉ်တော်’ ဟူ၍လည်း ကိုယ်တော်ခေါ်ဆိုခဲ့သည်။—ယောဟန် ၁၅:၂၆။
ဝိညာဉ်တော်သည် ထောက်မသူ မည်သို့ဖြစ်သနည်း
ဝိညာဉ်တော်သည် အခြေအနေအမျိုးမျိုးတွင် ထောက်မသူတစ်ဦးအလား လုပ်ဆောင်ခဲ့သည်။ ဦးဆုံး၊ ၎င်းသည် မိမိတပည့်တော်များအား ယေရှုပြောဆိုခဲ့ရာများကို ပြန်၍သတိရစေမည်ဟု ကိုယ်တော်ကတိပေးခဲ့သည်။ ယင်းတွင် စကားလုံးများကို ပြန်၍သတိရစေရန် ထောက်မပေးခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ ဝိညာဉ်တော်သည် ကိုယ်တော်သွန်သင်ပေးခဲ့ရာများနှင့်သက်ဆိုင်သော သာ၍နက်နဲသည့်အဓိပ္ပာယ်နှင့် အရေးပါမှုတို့ကို နားလည်သဘောပေါက်ရန် ထောက်မကူညီပေးခဲ့သည်။ (ယောဟန် ၁၆:၁၂-၁၄) ခြုံပြောရလျှင် ဝိညာဉ်တော်သည် ကိုယ် တော်၏တပည့်တော်များ အမှန်တရားကို ပို၍နားလည်သဘောပေါက်ရန် ဦးဆောင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။” (၁ ကောရိန္သု ၂:၁၀) ယေရှု၏ကောင်းကင်အတန်းအစားနောက်လိုက်များသည် တိကျမှန်ကန်သောအသိပညာကို အခြားသူများအား လက်ဆင့်ကမ်းရမည်ဖြစ်သောကြောင့် သူတို့ကိုယ်တိုင် ကောင်းစွာနားလည်သဘောပေါက်ရန်လိုသည်။
ဒုတိယ၊ မိမိ၏တပည့်တော်များကို မကြာခဏဆုတောင်းရန် ယေရှုသွန်သင်ပေးခဲ့သည်။ တစ်ခါတစ်ရံ သူတို့သည် အဘယ်အရာကိုတောင်းဆိုသင့်သည်ကို မသေမချာဖြစ်နေပါက ဝိညာဉ်တော်သည် ကြားဝင်ဆောင်ရွက်ပေးနိုင် သို့မဟုတ် သူတို့ကိုထောက်မပေးနိုင်သည်။ “ထိုမှတစ်ပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကိုတောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။”—ရောမ ၈:၂၆။
တတိယ၊ ဝိညာဉ်တော်သည် ယေရှု၏တပည့်တော်များ အမှန်တရားကို လူထုရှေ့တွင်ခုခံကာကွယ်ရန် ထောက်ကူပေးမည်ဖြစ်သည်။ ကိုယ်တော် သူတို့ကိုဤသို့ကြိုတင်မိန့်ဆိုခဲ့သည်– “သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကိုပို့ဆောင်ကြလိမ့်မည်။ သင်တို့ကိုအပ်နှံသောအခါ အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏခြင်းတွင် သင်တို့သည်ရကြလိမ့်မည်။ အကြောင်းမူကား သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့်ပြောတော်မူ၏။”—မဿဲ ၁၀:၁၇-၂၀။
သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်အသင်းတော်ကို ခွဲခြားသိမြင်ရန်လည်း အကူအညီပေးမည်ဖြစ်ပြီး ယင်း၏အသင်းသားများအား ပညာရှိသောကိုယ်ပိုင်ဆုံးဖြတ်ချက်များချစေရန် လှုံ့ဆော်ပေးမည်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်သည့် ဤကဏ္ဍနှစ်ခုကို ပို၍အသေးစိတ်ဆွေးနွေးပြီး ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်းကို ကြည့်ကြစို့။
ခွဲခြားသိမြင်စေသောအမှတ်အသားတစ်ခုအဖြစ် ဆောင်ရွက်ရန်
ဂျူးများသည် ဘုရားသခင့်ရွေးချယ်ထားသည့်လူမျိုးအနေဖြင့် ရာစုနှစ်ချီ၍ မောရှေပညတ်အောက်တွင် အမှုဆောင်ခဲ့ကြသည်။ သူတို့သည် ယေရှုအား မေရှိယအဖြစ် လက်မခံငြင်းပယ်ကြသောကြောင့် မကြာမီအချိန်တွင် သူတို့ကိုယ်တိုင်ငြင်းပယ်ခံရမည်ကို ကိုယ်တော်ဤသို့ကြိုပြောခဲ့သည်– “‘တိုက်ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့သြဖွယ်ဖြစ်၏’ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တစ်ရံတစ်ခါမျှမဖတ်ဖူးသလော။ ထိုကြောင့် ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။” (မဿဲ ၂၁:၄၂၊ ၄၃) စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ခရစ်ယာန်အသင်းတော်ကို ဖွဲ့စည်းတည်ထောင်လိုက်သည့်အခါ ခရစ်တော်၏နောက်လိုက်များသည် “နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုး” ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ဤအသင်းတော်သည် ဘုရားသခင်၏ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့သည်။ ဘုရားသခင့်မျက်နှာသာ ဤသို့လွှဲပြောင်းသွားခြင်းကို လူများသိနိုင်ရန် ဘုရားသခင်သည် မမှားနိုင်သော ခွဲခြားသိမြင်စေသည့်အမှတ်အသားတစ်ခုကို ပေးခဲ့သည်။
ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် တပည့်တော်များအား သူတို့တစ်ခါမှမသင်ယူခဲ့သည့် ဘာသာစကားများကိုပြောနိုင်စေခဲ့ပြီး၊ ဘေးမှတွေ့မြင်သူများသည် အံ့အားသင့်ကာ ဤသို့မေးကြသည်– “ငါတို့သည် အသီးအသီးမွေးဖွားရာဌာန၏ဘာသာစကားများကိုကြားရသည်ကား အဘယ်သို့နည်း။” (တမန်တော် ၂:၇၊ ၈) မသိသောဘာသာစကားများကို ပြောဆိုနိုင်သည့်စွမ်းရည်အပြင် “တမန်တော်များသည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြု” ခြင်းက သုံးထောင်ခန့်သောသူတို့အား ဘုရားသခင့်ဝိညာဉ်တော် အမှန်သက်ရောက်ကြောင်းကို အသိအမှတ်ပြုစေခဲ့သည်။—တမန်တော် ၂:၄၁၊ ၄၃။
ထို့အပြင် ‘ဝိညာဉ်အသီးများ’—ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း—ကိုသီးခြင်းအားဖြင့် ခရစ်တော်၏တပည့်တော်များကို ဘုရားသခင့်ကျေးကျွန်များဖြစ်ကြောင်း ရှင်းလင်းစွာခွဲခြားသိမြင်စေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) အမှန်ဆိုလျှင် မေတ္တာသည် စစ်မှန်သည့်ခရစ်ယာန်အသင်းတော်ကို အထင်အရှားခွဲခြားသိမြင်စေသည်။ ယေရှုဤသို့ကြိုပြောခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅။
အစောပိုင်းခရစ်ယာန်အသင်းတော်အဝင်ဖြစ်သူများသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကိုလက်ခံရရှိခဲ့ပြီး ယင်းမှအကျိုးကျေးဇူး ရရှိခဲ့ကြသည်။ ယနေ့အချိန်တွင် ပထမရာစုကကဲ့သို့ ဘုရားသခင်သည် လူသေများကို ထမြောက်ပေးခြင်း၊ အံ့ဖွယ်အမှုများကိုပြုလုပ်ခြင်းမရှိတော့ကြောင်း ယနေ့ခရစ်ယာန်များသိထားကြစဉ် သူတို့အား ယေရှုခရစ်၏တပည့်မှန်များဖြစ်ကြောင်း ခွဲခြားသိမြင်စေရန် ဘုရားသခင့်ဝိညာဉ်တော်အသီးများကို တင်ပြကြသည်။—၁ ကောရိန္သု ၁၃:၈။
ကိုယ်ပိုင်ဆုံးဖြတ်ချက်များချရာတွင် ထောက်မသူ
သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဖန်တီးမှုအကျိုးတစ်ခုဖြစ်သည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် သမ္မာကျမ်းစာကို ယုံကြည်၂ တိမောသေ ၃:၁၆၊ ၁၇) ၎င်းသည် ကျွန်ုပ်တို့ကို ပညာရှိသောဆုံးဖြတ်ချက်များချရန် ထောက်မကူညီပေးနိုင်သည်။ သို့သော် ကျွန်ုပ်တို့ထိုသို့ခွင့်ပြုပါသလော။
လက်ခံရန်ခွင့်ပြုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အားလမ်းညွှန်ခွင့်ပြုလိုက်သကဲ့သို့ဖြစ်သည်။ (အလုပ်အကိုင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရွေးချယ်မှုတွင်ကော အသို့နည်း။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့အား အလားအလာရှိသည့်အလုပ်တစ်ခုကို ယေဟောဝါ၏ရှုထောင့်မှရှုမြင်တတ်စေနိုင်သည်။ ကျွန်ုပ်တို့၏အလုပ်အကိုင်သည် ကျမ်းစာစည်းမျဉ်းမူများနှင့် ကိုက်ညီရမည်ဖြစ်ပြီး သီအိုကရက်တစ်ပန်းတိုင်များ မီအောင်လိုက်ရန် ထောက်ကူပေးသည့်အလုပ်ဖြစ်လျှင် သာ၍သင့်တော်သည်။ အလုပ်တစ်ခုနှင့်ဆက်နွှယ်သော လစာ၊ ကျော်ကြားမှုနှင့် ဂုဏ်တို့သည် အမှန်အဓိကကျလှသောအရာများမဟုတ်ပေ။ ပို၍အရေးပါသည့်အရာမှာ ဘဝ၏လိုအပ်ရာများကို ထောက်ပံ့ပေးခြင်းရှိမရှိ၊ ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ရန်အတွက် အချိန်နှင့်အခွင့်အခါ အလုံအလောက်ရမရဆိုသည်သာဖြစ်သည်။
ဘဝကို ပျော်ပျော်နေလိုခြင်းသည် လူ့သဘာဝဖြစ်ပြီး ဖြစ်လည်းဖြစ်သင့်ပါသည်။ (ဒေ. ၂:၂၄; ၁၁:၉) ထို့ကြောင့် မျှတမှုရှိသောခရစ်ယာန်တစ်ဦးသည် လန်းဆန်းမှုနှင့် ပျော်ရွှင်မှုရရန် အပန်းဖြေနိုင်ပါသည်။ သို့သော် “ဇာတိပကတိအကျင့်” ထင်ရှားစေသည့်အရာမျိုးမဟုတ်ဘဲ ဝိညာဉ်အသီးများကိုထင်ဟပ်သည့် အပန်းဖြေမှုမျိုးကို ရွေးချယ်သင့်သည်။ ပေါလုဤသို့ဖော်ပြထားသည်– “ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား သူ့မယားကိုပြစ်မှားခြင်း၊ မတရား[ကာမစပ်ယှက်]ခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ . . . ကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။” “အချည်းနှီးသောကျော်စော . . . ကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်း” တို့ဖြစ်မလာရန်လည်း ရှောင်ကြဉ်ရမည်။—ဂလာတိ ၅:၁၆-၂၆။
အပေါင်းအသင်းရွေးချယ်ရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဥစ္စာပေါရုပ်ချောကို ကြည့်ပြီးမရွေးဘဲ ဝိညာဉ်ရေးကိုကြည့်ပြီးရွေးချယ်ခြင်းသည် ပညာရှိရာကျသည်။ ဘုရားသခင်က ဒါဝိဒ်ကို ‘စိတ်နှလုံး၌ညီညွတ်သူ’ အဖြစ်ဖော်ပြခဲ့သောကြောင့် သူသည် ဘုရားသခင်၏မိတ်ဆွေ ဖြစ်ခဲ့ကြောင်းထင်ရှားသည်။ (တမန်တော် ၁၃:၂၂) ရုပ်ရည်ချောမောခြင်းကိုပမာဏမပြုဘဲ ဘုရားသခင်သည် ဒါဝိဒ်ကို ဣသရေလလူမျိုး၏ဘုရင်အဖြစ် ဤမူအတိုင်းရွေးချယ်ခဲ့သည်– “ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။”—၁ ဓမ္မရာဇဝင် ၁၆:၇။
ရုပ်ရည်ချောမောမှု သို့မဟုတ် ဥစ္စာပစ္စည်းကြွယ်ဝမှုတို့ပေါ်တွင်အခြေခံခဲ့သောကြောင့် မိတ်ဆွေဖွဲ့မှုထောင်ပေါင်းများစွာသည် ပျက်ပြားခဲ့ရသည်။ မမြဲသောစည်းစိမ်ပေါ်အခြေခံသည့် မိတ်ဆွေဖွဲ့မှုများသည် ရုတ်တရက်အဆုံးသတ်သွားနိုင်သည်။ (သု. ၁၄:၂၀) ဘုရားသခင့်ဝိညာဉ်တော်မှုတ်သွင်းခံ နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့အပေါင်းအသင်းရွေးချယ်သည့်အခါ ယေဟောဝါ၏အမှုတော်ကိုဆောင်ရွက်ရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည့်သူများကို ရွေးချယ်သင့်ကြောင်း အကြံပေးထားသည်။ ပေးကမ်းခြင်းသည် သာ၍ပျော်ရွှင်စေသောကြောင့် ရယူခြင်းမဟုတ်ဘဲ ပေးကမ်းခြင်းအပေါ် အာရုံစိုက်ရန် ကျွန်ုပ်တို့ကိုမိန့်မှာထားသည်။ (တမန်တော် ၂၀:၃၅) အချိန်နှင့် ချစ်ခင်စုံမက်မှုတို့သည် မိတ်ဆွေများကို ကျွန်ုပ်တို့ပေးနိုင်သည့် တန်ဖိုးအရှိဆုံးအရာများတွင်ပါဝင်သည်။
ခရစ်ယာန်တစ်ဦး အိမ်ထောင်ဖက်ရှာဖွေခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် ဝိညာဉ်တော်ဖြင့်မှုတ်သွင်းထားသော အကြံပေးချက်ပါရှိသည်။ ရှုထောင့်တစ်ခုတွင် ဤသို့ဆိုထားသည်– ‘မျက်နှာအသွင်အပြင်နှင့် ပုံပန်းသဏ္ဌာန်ထက် ကျော်၍ကြည့်ပါ။ ခြေထောက်ကိုကြည့်ပါ။’ ခြေထောက်ကို ဟုတ်စ။ ဤသဘောမျိုးဖြင့်ဖြစ်သည်– ယေဟောဝါ၏ သတင်းကောင်းဟောပြောခြင်းလုပ်ငန်း၌ အသုံးခံနေသလော၊ ဤသို့ဖြင့် သူတို့သည် ကိုယ်တော်၏အမြင်တွင် လှပတင့်တယ်နေပါသလော။ သူတို့သည် အမှန်တရားနှင့် ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းတို့ကို ဝတ်ဆင်ထားပါသလော။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ၊ ‘သင်၏ဘုရားသခင် စိုးစံတော်မူ၏’ ဟုဇိအုန်မြို့အားပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။”—ဟေရှာယ ၅၂:၇; ဧဖက် ၆:၁၅။
ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေရသောကြောင့် ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်ရန် အထောက်အမလိုအပ်သည်။ (၂ တိမောသေ ၃:၁) ထောက်မသူဖြစ်သည့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ပထမရာစုတွင် ပုဂ္ဂိုလ်ရေးအထောက်အမပေးခြင်းအပါအဝင် ခရစ်ယာန်လုပ်ငန်းလုပ်ဆောင်ရန် တန်ခိုးပါသောအထောက်အပံ့ကိုပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ထုတ်လုပ်ရာဖြစ်သော ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လုံ့လဝီရိယရှိရှိလေ့လာခြင်းသည် ကျွန်ုပ်တို့လည်း မိမိတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ကိုယ်ပိုင်ထောက်မပေးသူဖြစ်စေနိုင်သည့် အဓိကနည်းလမ်းတစ်ခုပင်။ ကျွန်ုပ်တို့ ဖြစ်စေခဲ့ပြီလော။
[Full-page picture on page 23]