ကျင့်ဝတ်သန့်ရှင်းမှုဆိုင်ရာ ဘုရားသခင်ရေးရာအမြင်
ကျင့်ဝတ်သန့်ရှင်းမှုဆိုင်ရာ ဘုရားသခင်ရေးရာအမြင်
“ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇။
၁၊ ၂။ (က) လိင်ဆိုင်ရာကိုယ်ကျင့်တရားကို လူအများမည်သို့ရှုမြင်ကြသနည်း။ (ခ) ခရစ်ယာန်များ၌ အဘယ်လိင်ဆိုင်ရာကိုယ်ကျင့်တရားအမြင် ရှိကြသနည်း။
ယနေ့ ကမ္ဘာ့ဒေသများစွာ၌ ကိုယ်ကျင့်တရားကို ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအဖြစ် ယူမှတ်လာကြပြီ။ လိင်ဆက်ဆံခြင်းကို အိမ်ထောင်ရေးအတွက် ကန့်သတ်ထားသင့်သော အရာတစ်ခုအဖြစ်မဟုတ်ဘဲ မိမိတို့အလိုရှိချိန်တိုင်း၌ခံစားဖို့ ချစ်ကြိုက်မှုဆိုင်ရာသဘာဝဖော်ပြနည်းအဖြစ် လူတို့ရှုမြင်ကြသည်။ သူတစ်ပါးကိုမထိခိုက်လျှင် မိမိမည်သို့ကျင့်ကြံရမည်ကို ဆုံးဖြတ်ခြင်းသည် ဘာမျှမမှားပါဟု သူတို့ယူဆကြသည်။ ကိုယ်ကျင့်တရားကိစ္စတွင် အထူးသဖြင့် လိင်နှင့်ပတ်သက်လာသောအခါ ဝေဖန်ပြစ်တင်ခြင်းမပြုသင့်ဟု လူတို့သဘောထားကြသည်။
၂ ယေဟောဝါကိုသိရှိလာသူတို့၌ ခြားနားသောအမြင်ရှိ၏။ ယေဟောဝါကိုချစ်၍ ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုကြသောကြောင့် ကျမ်းစာလမ်းညွှန်ချက်များကို ဝမ်းသာအားရလိုက်လျှောက်ကြသည်။ ယေဟောဝါသည် မိမိတို့ကိုချစ်ပြီး အမှန်ပင်အကျိုးပြု၍ ပျော်ရွှင်စေမည့်ညွှန်ကြားချက်ကို မိမိတို့အကျိုးအတွက် ညွှန်ကြားပေးကြောင်း သူတို့အသိအမှတ်ပြုကြသည်။ (ဟေရှာယ ၄၈:၁၇) ဘုရားသခင်သည် အသက်၏ပင်ရင်းဖြစ်သောကြောင့် သူတို့၏ကိုယ်ခန္ဓာများအသုံးပြုပုံ၌ အထူးသဖြင့် အသက်ကိုလက်ဆင့်ကမ်းခြင်းနှင့် အနီးစပ်ဆုံးဆက်စပ်နေသည့် ဤကိစ္စတွင် ကိုယ်တော်ထံမှလမ်းညွှန်မှုကို သူတို့မျှော်ကိုးသင့်သည်မှာ ကျိုးကြောင်းညီညွတ်ပါသည်။
မေတ္တာရှိသောဖန်ဆင်းရှင်ထံမှလက်ဆောင်
၃။ ခရစ်ယာန်ဘောင်မှအများသောသူတို့သည် လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ အဘယ်သို့သွန်သင်ခံခဲ့ရပြီနည်း၊ ယင်းကို ကျမ်းစာသွန်သင်ရာနှင့် နှိုင်းယှဉ်သော် မည်သို့နည်း။
၃ မျက်မှောက်ခေတ်လောကနှင့်မတူဘဲ ခရစ်ယာန်ဘောင်ရှိအချို့သူတို့က လိင်ဆက်ဆံခြင်းသည် ရှက်ဖွယ်ရာအပြစ်ဖြစ်ပြီး ဧဒင်ဥယျာဉ်မှ “ကနဦးအပြစ်” မှာ ဧဝက အာဒံကို လိင်ဆိုင်ရာသွေးဆောင်ခြင်းဖြစ်သည်ဟု သွန်သင်သည်။ ဤရှုမြင်ပုံသည် မှုတ်သွင်းကမ္ဘာဦး ၂:၂၅) ဘုရားသခင်က “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟုဆိုလျက် သားသမီးယူဖို့ သူတို့ကိုမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) အာဒံနှင့်ဧဝကို သားသမီးမွေးဖွားဖို့ ဘုရားသခင်မိန့်မှာပြီးနောက် ထိုညွှန်ကြားချက်များလိုက်နာသည့်အတွက် သူတို့ကိုဒဏ်ပေးခြင်းသည် အဓိပ္ပာယ်ရှိမည်မဟုတ်ပါ။—ဆာလံ ၁၉:၈။
ခံကျမ်းစာဖော်ပြရာနှင့် ဆန့်ကျင်၏။ ကျမ်းစာမှတ်တမ်းက ပထမလူသားမောင်နှံကို “လင်မယားနှစ်ဦး” အဖြစ်ဖော်ပြထားသည်။ (၄။ ဘုရားသခင်သည် လူသားတို့အား အဘယ်ကြောင့် လိင်ဆိုင်ရာအစွမ်းကိုပေးခဲ့သနည်း။
၄ နောဧနှင့်သူ၏သားများအား ထပ်မံမိန့်မှာခဲ့သော ကျွန်ုပ်တို့၏ကနဦးမိဘများအားပေးခဲ့သည့် ထိုမိန့်မှာချက်က လိင်ဆက်ဆံခြင်း၏အဓိကရည်ရွယ်ချက်မှာ သားသမီးမွေးဖွားရန်ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ (ကမ္ဘာဦး ၉:၁) သို့သော် ကိုယ်တော်၏အိမ်ထောင်သည်ကျေးကျွန်များသည် လိင်ဆက်ဆံခြင်းကို သားသမီးမွေးဖွားရန်ကြိုးပမ်းဖို့တစ်ခုတည်းအတွက်သာ ကန့်သတ်ထားရန် တာဝန်မရှိကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကဖော်ပြသည်။ ထိုသို့သောဆက်ဆံခြင်းသည် စိတ်လှုပ်ရှားမှုနှင့် ကိုယ်ခန္ဓာလိုအပ်ရာများကို ကောင်းစွာဖြည့်ဆည်းပေးနိုင်ပြီး မောင်နှံစုံတို့အတွက် သာယာမှုခံစားစရာအကြောင်းတစ်ခုဖြစ်နိုင်သည်။ သူတို့အတွက် ယင်းသည် တစ်ဦးကိုတစ်ဦးအလွန်တွယ်တာမြတ်နိုးကြောင်း ဖော်ပြသည့်နည်းတစ်နည်းဖြစ်၏။—ကမ္ဘာဦး ၂၆:၈၊ ၉; သု. ၅:၁၈၊ ၁၉; ၁ ကောရိန္သု ၇:၃-၅။
ဘုရားသခင့်ကန့်သတ်ချက်များ
၅။ ဘုရားသခင်သည် လူ့လိင်မှုကိစ္စရေးရာနှင့်ပတ်သက်၍ အဘယ်တားမြစ်ချက်များချမှတ်ခဲ့သနည်း။
၅ လိင်မှုကိစ္စသည် ဘုရားသခင့်ထံတော်မှ လက်ဆောင်တစ်ခုဖြစ်သော်လည်း ယင်းကို အထိန်းအကွပ်မရှိပြဖို့မဟုတ်ပါ။ ဤမူသည် အိမ်ထောင်ရေးအစီအစဉ်အတွင်း၌သာ သက်ဆိုင်သည်။ (ဧဖက် ၅:၂၈-၃၀; ၁ ပေတရု ၃:၁၊ ၇) အိမ်ထောင်ဖက်မဟုတ်သူနှင့်လိင်ဆက်ဆံခြင်းတို့ကို တားမြစ်ထားသည်။ သမ္မာကျမ်းစာသည် ဤကိစ္စ၌အတော်ပင်တိကျသည်။ ဣသရေလလူမျိုးတို့ကို ဘုရားသခင်ပေးခဲ့သောပညတ်၌ ဤသို့ဖော်ပြထားသည်– “သူ့မယားကိုမပြစ်မှားနှင့်။” (ထွက်မြောက်ရာ ၂၀:၁၄) ထို့နောက် “မိန်းမလွတ်နှင့်မှားယွင်းခြင်း” နှင့် “သူ့မယားကိုပြစ်မှားခြင်း” တို့ကို ယေရှုက နှလုံးထဲမှစတင်ပြီး လူတစ်ဦးကိုညစ်ညူးစေသည့် “မကောင်းသောကြံစည်ခြင်း” ၌ထည့်သွင်းခဲ့သည်။ (မာကု ၇:၂၁၊ ၂၂) တမန်တော်ပေါလုသည် ကောရိန္သုမြို့ရှိခရစ်ယာန်များကို ဤသို့မှာကြားရန် မှုတ်သွင်းခံခဲ့ရသည်– “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့။” (၁ ကောရိန္သု ၆:၁၈) ထို့ပြင် ဟေဗြဲမြို့သားများထံ ပေါလုဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူတို့ကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်။”—ဟေဗြဲ ၁၃:၄။
၆။ ကျမ်းစာထဲမှ “မတရားသောမေထုန်” ဟူသောစကားလုံးတွင် အဘယ်အရာအကျုံးဝင်သနည်း။
၆ “မတရားသောမေထုန်” ဟူသောစကားလုံးသည် အဘယ်အရာကိုဆိုလိုသနည်း။ ယင်းသည် လက်မထပ်ထားသူများလိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ တစ်ခါတစ်ရံအသုံးပြုသည့် ဂရိစကားလုံး ပေါ်နီယာမှလာသည်။ (၁ ကောရိန္သု ၆:၉) ၎င်းပြင် မဿဲ ၅:၃၂ နှင့် မဿဲ ၁၉:၉ စသည်တို့တွင် ထိုစကားလုံးသည် ပို၍အဓိပ္ပာယ်ကျယ်ဝန်းပြီး သူ့သားအိမ်ရာပြစ်မှားခြင်း၊ သွေးနီးချင်းကာမဆက်ဆံခြင်းနှင့် တိရစ္ဆာန်နှင့်ဆက်ဆံခြင်းတို့ကို ထပ်ဆင့်ရည်ညွှန်းထားသည်။ ပါးစပ်၊ စအိုဝဖြင့်လိင်ဆက်ဆံခြင်းနှင့် အခြားသူ၏အင်္ဂါဇာတ်ကို လိင်စိတ်ဖြင့်ကိုင်တွယ်ခြင်းစသည့် လက်မထပ်ထားသူအချင်းချင်းပြုသည့် အခြားလိင်ဆိုင်ရာအကျင့်များကိုလည်း ပေါ်နီယာအဖြစ်သတ်မှတ်နိုင်သည်။ ဤသို့သောအမူအကျင့်အားလုံးကို ဘုရားသခင့်နှုတ်မြွက်စကားတော်က—အတိအလင်းသော်လည်းကောင်း၊ ပတ်သက်ကြောင်းပြဆိုခြင်းဖြင့်သော်လည်းကောင်း—ပြစ်တင်ရှုတ်ချထားသည်။—ဝတ်ပြုရာ ၂၀:၁၀၊ ၁၃၊ ၁၅၊ ၁၆; ရောမ ၁:၂၄၊ ၂၆၊ ၂၇၊ ၃၂။ *
ဘုရားသခင့်ကျင့်ဝတ်ဆိုင်ရာပညတ်ချက်များမှ အကျိုးရယူခြင်း
၇။ ကိုယ်ကျင့်တရားသန့်ရှင်းနေစေခြင်းမှ ကျွန်ုပ်တို့မည်သို့အကျိုးရရှိကြသနည်း။
၇ လိင်ဆိုင်ရာအမူအကျင့်နှင့်ပတ်သက်သော ယေဟောဝါ၏ညွှန်ကြားချက်ကိုနာခံခြင်းသည် မစုံလင်သောလူသားများအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ ၁၂ ရာစုမှ ကျော်ကြားသောဂျူးအတွေးအခေါ်ပညာရှင် မိုင်မွန်နီးဒီးစ်က ဤသို့ရေးသားခဲ့သည်– “တိုရာ [မောရှေပညတ်] ထဲရှိ တားမြစ်ချက်အားလုံးထဲတွင် သွေးသားစပ်ယှက်ခြင်းနှင့် တရားမဝင်လိင်ဆက်ဆံခြင်းတားမြစ်ချက်တို့ကို စောင့်ထိန်းရခြင်းလောက်ခက်သည့်အရာမရှိ။” သို့သော် ဘုရားသခင့်ညွှန်ကြားချက်ကို ကျွန်ုပ်တို့နာခံမည်ဆိုလျှင် အကျိုးများစွာခံစားရကြသည်။ (ဟေရှာယ ၄၈:၁၈) ဥပမာ၊ ဤကိစ္စ၌နာခံခြင်းသည် အချို့မှာ ကုသ၍မရဘဲ အသက်သေစေနိုင်သော လိင်ဆိုင်ရာကူးစက်ရောဂါများမှ ကျွန်ုပ်တို့ကိုကာကွယ်ရန် ထောက်ကူပေးသည်။ * လက်မထပ်ဘဲကိုယ်ဝန်ရသွားခြင်းမှ အကာအကွယ်ရကြသည်။ ဘုရားသခင်ရေးရာဉာဏ်ပညာကို ကျင့်သုံးခြင်းက ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်စေသည်။ ထိုသို့ပြုခြင်းက မိမိကိုယ်ကိုလေးစားမှုနှင့် ကျွန်ုပ်တို့၏ဆွေမျိုးများ၊ အိမ်ထောင်ဖက်များ၊ သားသမီးများနှင့် ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများအပါအဝင် အခြားသူတို့၏လေးစားမှုကိုရရှိစေသည်။ ယင်းသည် အိမ်ထောင်၌ပျော်ရွှင်မှုရရှိစေမည့် လိင်အပေါ် အကျိုးရှိပြီး အပြုသဘောဆောင်သော သဘောထားကိုလည်း ဖြစ်ပေါ်စေသည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင့်နှုတ်မြွက်စကားတော်အမှန်တရားဟာ အကောင်းဆုံးအကာအကွယ်ပါပဲ။ ကျွန်မအိမ်ထောင်ပြုဖို့အသင့်ဖြစ်နေပြီ၊ အိမ်ထောင်ပြုတဲ့အခါကျရင် ကျွန်မလက်ထပ်တဲ့ခရစ်ယာန်အမျိုးသားကို ကျွန်မဟာအပျိုစင်ပါလို့ ဂုဏ်ယူပြီးပြောမှာပဲ။”
၈။ ကျွန်ုပ်တို့၏သန့်ရှင်းသောအကျင့်သည် အဘယ်နည်းများဖြင့် စစ်မှန်သောဝတ်ပြုရေးကို မြှင့်တင်ပေးသနည်း။
၈ ကျွန်ုပ်တို့၏စင်ကြယ်သောအကျင့်ကို ထိန်းသိမ်းထားခြင်းအားဖြင့် စစ်မှန်သောဝတ်ပြုရေးနှင့်ပတ်သက်သည့် အမြင်မှားမှုများပပျောက်စေရန်နှင့် ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်ထံ လူတို့ကိုဆွဲဆောင်ရန် များစွာလုပ်ဆောင်နိုင်ပါသည်။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “[ပြင်လူ] တို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။” (၁ ပေတရု ၂:၁၂) ယေဟောဝါအားဝတ်မပြုသူတို့က ကျွန်ုပ်တို့၏သန့်ရှင်းသောအကျင့်ကို အသိအမှတ်ပြုခြင်း သို့မဟုတ် နှစ်သက်လက်ခံခြင်းမရှိလျှင်ပင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကိုယ်တော့်ညွှန်ကြားချက်ကိုလိုက်နာရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကို တွေ့မြင်၊ နှစ်သက်လက်ခံသည်သာမက အားရရွှင်လန်းတော်မူကြောင်း စိတ်ချနိုင်ပါသည်။—သု. ၂၇:၁၁; ဟေဗြဲ ၄:၁၃။
၉။ ကိုယ်တော့်အကြောင်းရင်းများကို ကျွန်ုပ်တို့အပြည့်အဝ နားလည်မည်မဟုတ်သော်လည်း ဘုရားသခင့်ညွှန်ကြားချက်ကို အဘယ်ကြောင့်ယုံကြည်စိတ်ချသင့်သနည်း။ သာဓကပေးရှင်းပြပါ။
၉ ဘုရားသခင်အားယုံကြည်ခြင်းတွင် ထိုသို့ကိုယ်တော်ညွှန်ကြားရသည့် အကြောင်းရင်းအားလုံးကို အပြည့်အဝနားမလည်လျှင်ပင် ကျွန်ုပ်တို့အတွက် အဘယ်အရာအကောင်းဆုံးဖြစ်သည်ကို ကိုယ်တော်သိရှိကြောင်း ယုံကြည်စိတ်ချခြင်းပါဝင်သည်။ မောရှေပညတ်မှ သာဓကတစ်ခုကိုသုံးသပ်ကြည့်ပါ။ တပ်စခန်းချမှုများနှင့်ပတ်သက်သော ပြဋ္ဌာန်းချက်တစ်ခုက မစင်ကို တပ်ပြင်၌မြေမြှုပ်ရန် တောင်းဆိုသည်။ (တရားဟောရာ ၂၃:၁၃၊ ၁၄) ဤသို့ညွှန်ကြားရသည့်အကြောင်းရင်းကို ဣသရေလလူမျိုးတို့ သိလိုကြပေမည်; အချို့က ယင်းသို့ပြုဖို့မလိုဟု ယူဆခဲ့ကြမည်။ သို့သော် ထိုအချိန်မှစ၍ ၎င်းပညတ်သည် ရေထုညစ်ညမ်းမှုမှကင်းဝေးစေပြီး အင်းဆက်ပိုးများသယ်ဆောင်သည့် ဖျားနာမှုများစွာမှကာကွယ်ပေးခဲ့ကြောင်း ဆေးသိပ္ပံပညာက သိရှိလာခဲ့သည်။ ထိုနည်းတူ လိင်ဆက်ဆံခြင်းကို အိမ်ထောင်ရှင်များအတွက်သာ ဘုရားသခင်ကန့်သတ်ရသည့် ဝိညာဉ်ရေး၊ လူမှုရေး၊ စိတ်လှုပ်ရှားမှု၊ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ်ရေးဆိုင်ရာ အကြောင်းရင်းများရှိသည်။ ကျင့်ဝတ်စင်ကြယ်စွာနေထိုင်ခဲ့သော ကျမ်းဆိုင်ရာသာဓကအချို့ကို ယခုသုံးသပ်ကြည့်ကြပါစို့။
ယောသပ်—သူ၏ကိုယ်ကျင့်တရားကြောင့် ကောင်းချီးခံစားခဲ့ရ
၁၀။ မည်သူသည် ယောသပ်ကိုသွေးဆောင်ဖြားယောင်းဖို့ ကြိုးပမ်းခဲ့သနည်း၊ သူမည်သို့တုံ့ပြန်ခဲ့သနည်း။
၁၀ ကျမ်းစာပါ ယာကုပ်၏သား၊ ယောသပ်၏ပုံသက်သေနှင့် သင်ရင်းနှီးကောင်းရင်းနှီးပေမည်။ အသက် ၁၇ နှစ်တွင် သူသည် အီဂျစ်ဘုရင်ဖာရော၏ ကိုယ်ရံတော်မှူး ပေါတိဖာ၏ကျွန်တစ်ဦးဘဝရောက်နေရသည်။ ယေဟောဝါသည် ယောသပ်အားကောင်းချီးပေးခဲ့ပြီး အချိန်တန်သော် သူသည် ပေါတိဖာ၏အိမ်အုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အသက် ၂၀ ကျော်အရွယ်ရောက်သော် ယောသပ်သည် “ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူ” ဖြစ်လာခဲ့သည်။ ပေါတိဖာ၏မယားက သူ့ကိုစွဲလမ်းခဲ့ပြီး သွေးဆောင်ဖြားယောင်းဖို့ကြိုးပမ်းခဲ့သည်။ သဘောတူလိုက်မည်ဆိုလျှင် မိမိသခင်ကိုသစ္စာဖောက်သည်သာမက “ဘုရားသကမ္ဘာဦး ၃၉:၁-၉။
ခင်ကို . . . ပြစ်မှား” ရာရောက်မည်ဖြစ်ကြောင်း ယောသပ်ရှင်းပြကာ မိမိ၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ ယောသပ် အဘယ်ကြောင့်ထိုသို့ဆင်ခြင်သုံးသပ်ခဲ့ရသနည်း။—၁၁၊ ၁၂။ မတရားသောမေထုန်နှင့် သူ့သားအိမ်ရာပြစ်မှားခြင်းတို့ကို တားမြစ်ထားသော ဘုရားသခင်ပေး ရေးသားထားသောပညတ်မရှိသော်လည်း ယောသပ်အဘယ်ကြောင့်ထိုသို့ဆင်ခြင်ခဲ့ခြင်းဖြစ်ရမည်နည်း။
၁၁ လူတို့သိသွားမည်စိုးသောကြောင့် ယောသပ်ထိုသို့ဆုံးဖြတ်ခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ ယောသပ်၏မိသားစုမှာ ရပ်ဝေးတွင်နေထိုင်ကြပြီး သူ့ဖခင်က သူသေဆုံးသွားပြီဟုယူမှတ်ထားသည်။ ယောသပ်သည် လိင်အကျင့်ယိုယွင်းမှုပြုခဲ့လျှင်ပင် သူ့မိသားစု မည်သို့မျှသိမည်မဟုတ်။ ၎င်းအပြစ်ကို ပေါတိဖာနှင့် သူ၏ကျွန်ယောက်ျားများမသိအောင် ထိမ်ဝှက်ထားနိုင်ဖွယ်ရှိသည်၊ အကြောင်းမှာ အိမ်တွင်သူတို့မရှိသောအခါများရှိသောကြောင့်ပင်။ (ကမ္ဘာဦး ၃၉:၁၁) သို့တိုင် ဤသို့သောအမူအကျင့်ကို ဘုရားသခင်မသိအောင် ဝှက်၍မထားနိုင်ကြောင်း ယောသပ်သိထားသည်။
၁၂ ယောသပ်သည် ယေဟောဝါနှင့်ပတ်သက်၍ သူသိရှိထားရာများကို ဆင်ခြင်သုံးသပ်ခဲ့ပေမည်။ ဧဒင်ဥယျာဉ်၌ ယေဟောဝါဤသို့ကြေညာခဲ့ကြောင်း သူသိထားသည်မှာအမှန်– “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၄) ထို့ပြင် ယောသပ်၏ဘွားတော်စာရာကို စွဲစွဲလမ်းလမ်းဖြစ်ပြီး ဖြားယောင်းခဲ့သူ ဖိလိတ္တိဘုရင်အား ယေဟောဝါမိန့်ဆိုခဲ့ရာကို ယောသပ်သိခဲ့ဟန်တူသည်။ ထိုရှင်ဘုရင်ကို ယေဟောဝါဤသို့မိန့်ဆိုခဲ့သည်– “သင်သည် လူသေဖြစ်၏။ အကြောင်းမူကား၊ သင်ယူသောမိန်းမသည် သူ့မယားဖြစ်၏ဟုမိန့်တော်မူ၏။ . . . သင်သည် ငါ့ကိုမပြစ်မှားစေခြင်းငှာ၊ သင့်ကိုငါဆီးတားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့်ပေါင်းဖော်ရသောအခွင့်ကို ငါမပေး။” (ကမ္ဘာဦး ၂၀:၃၊ ၆) ထို့ကြောင့် ရေးသားထားသောပညတ်ကို ယေဟောဝါမပေးသေးသော်လည်း အိမ်ထောင်ရေးနှင့်ပတ်သက်သော ကိုယ်တော်၏သဘောထားမှာ ရှင်းလင်းနေပါသည်။ ယောသပ်၏ကိုယ်ကျင့်တရားဆိုင်ရာသဘောထားနှင့် ယေဟောဝါ၏နှစ်သက်မှုရလိုသော သူ၏ဆန္ဒတို့က အကျင့်ယိုယွင်းခြင်းကို ငြင်းပယ်စေခဲ့သည်။
၁၃။ ယောသပ်သည် ပေါတိဖာ၏မယားကို အဘယ်ကြောင့်မရှောင်ကွင်းနိုင်ခြင်းဖြစ်ဖွယ်ရှိသနည်း။
၁၃ သို့ရာတွင် ပေါတိဖာ၏မယားက အလျော့မပေးဘဲ သူနှင့်အတူအိပ်ဖို့ “နေ့တိုင်း” တောင်းပန်လျက်ရှိသည်။ ယောသပ်ကသူ့ကို အဘယ်ကြောင့်လုံးလုံးမရှောင်ခဲ့သနည်း။ ကျွန်တစ်ဦးအနေနှင့် သူ့မှာ ဆောင်ရွက်ရမည့်တာဝန်များရှိပြီး အခြေအနေကို သူပြောင်းလဲနိုင်စွမ်းမရှိချေ။ ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများက သိုလှောင်ခန်းသို့ရောက်ရန် အိမ်မကြီးကိုကျော်ဖြတ်ဖို့လိုသည့်ပုံစံဖြင့် အီဂျစ်နေအိမ်များကိုဆောက်လုပ်ထားကြောင်း ဖော်ပြသည်။ ထို့ကြောင့် ပေါတိဖာ၏မယားကိုရှောင်ဖို့ ယောသပ်အတွက် မဖြစ်နိုင်ခြင်းဖြစ်ပေမည်။—ကမ္ဘာဦး ၃၉:၁၀။
၁၄။ (က) ပေါတိဖာ၏မယားထံမှထွက်ပြေးပြီးနောက် ယောသပ်၌အဘယ်သို့ဖြစ်ပျက်ခဲ့သနည်း။ (ခ) သူ၏သစ္စာရှိမှုအတွက် ယေဟောဝါမည်သို့ကောင်းချီးပေးခဲ့သနည်း။
၁၄ သူတို့နှစ်ဦးတည်းသာ အိမ်၌ရှိသည့်နေ့ရောက်လာသည်။ ပေါတိဖာ၏မယားက ယောသပ်ကိုကိုင်ဆွဲ၍ “ငါနှင့်အတူအိပ်ပါ” ဟုဆို၏။ သူထွက်ပြေးခဲ့သည်။ ငြင်းပယ်ခံရ၍ နာကြည်းဒေါသထွက်သောဤအမျိုးသမီးက မိမိအား အဓမ္မကျင့်ဖို့ကြိုးစားသည်ဟု သူ့ကိုစွပ်စွဲခဲ့သည်။ အကျိုးဆက်များကား အဘယ်နည်း။ ယေဟောဝါသည် သူ၏တည်ကြည်မှုအတွက် ချက်ချင်းဆုချခဲ့သလော။ မချခဲ့ပါ။ ယောသပ်ထောင်ချခံခဲ့ရပြီး ခြေချင်းခတ်ခံခဲ့ရ၏။ (ကမ္ဘာဦး ၃၉:၁၂-၂၀; ဆာလံ ၁၀၅:၁၈) မတရားမှုကို ယေဟောဝါတွေ့မြင်ခဲ့ပြီး နောက်ဆုံးတွင် ယောသပ်ကို ထောင်ထဲမှထုတ်၍ နန်းတော်သို့ပို့ကာ ချီးမြှောက်ခဲ့သည်။ သူသည် အီဂျစ်ပြည်တွင် ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်လာပြီး ဇနီးတစ်ဦးနှင့်သားသမီးများဖြင့် ကောင်းချီးခံစားခဲ့ရသည်။ (ကမ္ဘာဦး ၄၁:၁၄၊ ၁၅၊ ၃၉-၄၅၊ ၅၀-၅၂) ၎င်းပြင် ယောသပ်၏တည်ကြည်ခြင်းဆိုင်ရာမှတ်တမ်းကို ထိုအချိန်ကတည်းကအသက်ရှင်လာခဲ့ကြသော ဘုရားသခင့်ကျေးကျွန်များအကျိုးအလို့ငှာ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ကတည်းက မှတ်တမ်းတင်ခဲ့သည်။ ဘုရားသခင့်ဖြောင့်မတ်သောပညတ်တော်များကို စွဲကိုင်ထားခြင်းအတွက်ခံစားရသည့် အံ့ဖွယ်ကောင်းချီးများပေတည်း! အလားတူ ယနေ့ ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားတည်ကြည်မှု ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးများကို အမြဲတစေ ချက်ချင်းမတွေ့မြင်နိုင်ကြပါ၊ သို့သော် ယင်းကို ယေဟောဝါတွေ့မြင်တော်မူပြီး အချိန်တန်သော် ကျွန်ုပ်တို့ကိုကောင်းချီးပေးမည်ကို စိတ်ချနိုင်ပါသည်။—၂ ရာဇဝင်ချုပ် ၁၆:၉။
ယောဘ၏ ‘မျက်စိနှင့်ပဋိညာဉ်ဖွဲ့ခြင်း’
၁၅။ ယောဘ၏ ‘မျက်စိနှင့်ပဋိညာဉ်ဖွဲ့ခြင်း’ ကားအဘယ်နည်း။
၁၅ သစ္စာတည်ကြည်သူနောက်တစ်ဦးမှာ ယောဘဖြစ်သည်။ စာတန်၏စုံစမ်းမှုများကိုခံရစဉ် ယောဘသည် သူ၏ဘဝကိုပြန်သုံးသပ်ကာ အရာများစွာအနက် အကျင့်ယိုယွင်းခြင်းဆိုင်ရာ ယေဟောဝါ၏မူကို သူဖောက်ဖျက်ခဲ့သော် ပြင်းထန်သည့်ပြစ်ဒဏ်ခံဖို့အသင့်ရှိကြောင်း ကြေညာခဲ့သည်။ ယောဘက “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း ကိုယ်မျက်စိနှင့်ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ” ဟုဆိုခဲ့သည်။ (ယောဘ ၃၁:၁) ဤနည်းဖြင့် ယောဘက ဘုရားသခင်အားတည်ကြည်ရန် မိမိ၏စိတ်ပိုင်းဖြတ်ချက်တွင် အမျိုးသမီးတစ်ဦးအား တပ်မက်စိတ်ဖြင့်ငေးစိုက်နေခြင်းကိုပင်ရှောင်ရန် သူသန္နိဋ္ဌာန်ချထားကြောင်းကိုဆိုလိုသည်။ မှန်ပါသည်၊ နေ့စဉ်အသက်တာ၌ အမျိုးသမီးများကို သူတွေ့မြင်ရပြီး သူတို့အကူအညီလိုပါက ကူညီကောင်းကူညီခဲ့ပေမည်။ သို့သော် စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖန်တီးဖို့ ရည်ရွယ်ကာ ကြည့်ခြင်းကိုမူ သူ့ကိုယ်ကိုခွင့်မပြုခဲ့ပေ။ စမ်းသပ်မှုမစတင်မီ သူသည် အလွန်ကြွယ်ဝချမ်းသာသူ၊ “အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” (ယောဘ ၁:၃) သို့သော် အခြားအမျိုးသမီးများအား ဆွဲဆောင်ဖို့ ကြွယ်ဝမှုအရှိန်အဝါကို အသုံးမပြုခဲ့ပါ။ ရှင်းနေသည်မှာ အမျိုးသမီးငယ်များနှင့် တရားမဝင်လိင်ဆက်ဆံဖို့ အလားအလာဖြင့် တစ်ခါမျှပလူးပလဲမနေခဲ့ပါ။
၁၆။ (က) ယောဘသည် အိမ်ထောင်သည်ခရစ်ယာန်များအတွက် အဘယ်ကြောင့်ပုံသက်သေကောင်းဖြစ်သနည်း။ (ခ) မာလခိလက်ထက်မှ အမျိုးသားတို့၏အမူအကျင့်သည် ယောဘနှင့်မည်သို့အခြားကြီးခြားသနည်း၊ ယနေ့ကော။
၁၆ ဤနည်းဖြင့် ယောဘသည် ကောင်းစားစဉ်အခါကကော ကျပ်တည်းသောအချိန်၌ပါ ကိုယ်ကျင့်တရားတည်ကြည်မှုကို တင်ပြခဲ့သည်။ ယင်းကို ယေဟောဝါတွေ့မြင်တော်မူပြီး ကြွယ်ဝစွာကောင်းချီးပေးခဲ့သည်။ (ယောဘ ၁:၁၀; ၄၂:၁၂) အိမ်ထောင်သည်ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးများအတွက် ယောဘသည် အလွန်ကောင်းသောပုံသက်သေပင်! ထို့ကြောင့် ယေဟောဝါကသူ့ကိုချစ်ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ! ယင်းနှင့်ခြားနားလျက် ယနေ့အများသောသူတို့၏ အမူအကျင့်သည် မာလခိလက်ထက်၌ဖြစ်ပျက်ခဲ့ရာနှင့် အလွန်ဆင်တူသည်။ ထိုပရောဖက်သည် အများအားဖြင့် ငယ်ရွယ်သောအမျိုးသမီးများကို လက်ထပ်ယူဖို့ မိမိတို့အိမ်ထောင်ဖက်များကို စွန့်ပစ်ကြခြင်းနှင့်ပတ်သက်၍ လင်ယောက်ျားများစွာကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယေဟောဝါ၏ယဇ်ပလ္လင်မှာ စွန့်ပစ်ခံရသောမယားများ၏ မျက်ရည်နှင့်လွှမ်းကာ မိမိတို့၏အိမ်ထောင်ဖက်အပေါ် ဤသို့ “သစ္စာမစောင့်” သူတို့ကို ဘုရားသခင်ပြစ်တင်ရှုတ်ချခဲ့သည်။—မာလခိ ၂:၁၃-၁၆။
ဖြူစင်သောအမျိုးသမီးငယ်တစ်ဦး
၁၇။ ရှုလမိတ်သည် “ဝင်းကာသောဥယျာဉ်” နှင့်မည်သို့ဆင်တူသနည်း။
၁၇ တတိယတည်ကြည်သူမှာ ရှုလမိတ်မိန်းမပျိုလေးဖြစ်သည်။ ငယ်ရွယ်လှပသောဤမိန်းမပျိုလေးကို သိုးထိန်းလုလင်တစ်ဦးကသာမက ဣသရေလနိုင်ငံ၏ ကြွယ်ဝချမ်းသာသောဘုရင် ရှောလမုန်ကပါ နှစ်သက်မြတ်နိုးခဲ့လေသည်။ ရှောလမုန်သီချင်း၌ ဖော်ပြထားသော လှပသည့်ဇာတ်ကြောင်းတစ်ပုဒ်လုံးတွင် ရှုလမိတ်သည် ဖြူဖြူစင်စင်နေထိုင်ခဲ့ပြီး ယင်းကြောင့် သူ့ပတ်ဝန်းကျင်ရှိသူတို့၏ လေးစားမှုကိုခံခဲ့ရသည်။ သူ၏ငြင်းပယ်မှုကိုခံခဲ့ရသော်လည်း ရှောလမုန်သည် သူငယ်မ၏ဇာတ်ကြောင်းကိုမှတ်တမ်းတင်ရန် မှုတ်သွင်းခံခဲ့ရသည်။ သူချစ်သောသိုးထိန်းကလည်း သူ၏စင်ကြယ်သောအကျင့်ကို လေးစားတန်ဖိုးထားခဲ့သည်။ ရှုလမိတ်သည် “ဝင်းကာသောဥယျာဉ်” နှင့်တူသည်ဟု သူတစ်ခါကပြန်ပြောင်းစဉ်းစားခဲ့သည်။ (ရှောလမုန်သီချင်း ၄:၁၂) ရှေးခေတ် ဣသရေလနိုင်ငံရှိ လှပသောဥယျာဉ်များတွင် စားဖွယ်ကောင်းသော ဟင်းသီးဟင်းရွက်မျိုးပေါင်းစုံ၊ သင်းပျံ့မွှေးကြိုင်သောပန်းမန်များနှင့် ခံ့ညားသောသစ်ပင်များပါဝင်သည်။ ထိုဥယျာဉ်များကို အများအားဖြင့် စည်းရိုး သို့မဟုတ် တံတိုင်းဖြင့်ခြံခတ်ထားပြီး သော့ခတ်ထားသည့်ဂိတ်ပေါက်မှသာ ဝင်ရောက်နိုင်သည်။ (ဟေရှာယ ၅:၅) သိုးထိန်းဖြစ်သူအတွက် ရှုလမိတ်၏ကိုယ်ကျင့်တရားသန့်စင်မှုနှင့် ချစ်ဖွယ်ကောင်းခြင်းတို့သည် တွေ့ရခဲသောလှပသည့်ဥယျာဉ်ကဲ့သို့ဖြစ်သည်။ သူသည် လုံးဝသန့်ရှင်းဖြူစင်သည်။ သူ၏ခင်ပွန်းလောင်းသာလျှင် သူ၏ချစ်ခင်တွယ်တာမှုကို ရရှိနိုင်မည်။
၁၈။ ယောသပ်၊ ယောဘနှင့် ရှုလမိတ်တို့၏မှတ်တမ်းများသည် ကျွန်ုပ်တို့အား အဘယ်အရာကို အမှတ်ရစေသနည်း။
မာလခိ ၃:၁၆၊ ကဘ။
၁၈ ရှုလမိတ်သည် ကိုယ်ကျင့်တရားတည်ကြည်ခြင်း၌ မျက်မှောက်ခေတ်ခရစ်ယာန်အမျိုးသမီးများအတွက် အကောင်းဆုံးပုံသက်သေချခဲ့သည်။ ယေဟောဝါသည် ရှုလမိတ်မိန်းမငယ်၏ မွန်မြတ်သောအကျင့်ကို တွေ့မြင်လေးစားခဲ့ပြီး ယောသပ်နှင့်ယောဘတို့ကဲ့သို့ သူ့ကိုကောင်းချီးပေးခဲ့သည်။ ကျွန်ုပ်တို့ကိုလမ်းညွှန်ပေးဖို့ တည်ကြည်ခြင်းဆိုင်ရာသူတို့၏လုပ်ရပ်များကို ဘုရားသခင့်နှုတ်မြွက်စကားတော်၌မှတ်တမ်းတင်ထားပါသည်။ မျက်မှောက်ခေတ်ကျွန်ုပ်တို့၏တည်ကြည်ရန် ကြိုးပမ်းမှုများကိုကျမ်းစာ၌မှတ်တမ်းမတင်သော်လည်း ကိုယ်တော့်အလိုတော်ကိုဆောင်လိုသူတို့အဖို့ ယေဟောဝါ၌ “သတိရအောက်မေ့ရာစာစောင်” ရှိတော်မူ၏။ ကိုယ်ကျင့်တရားသန့်ရှင်းစွာနေဖို့ ကျွန်ုပ်တို့သစ္စာရှိရှိကြိုးပမ်းနေကြစဉ် ယေဟောဝါသည် “ဂရုပြု” နေပြီး ရွှင်လန်းတော်မူကြောင်းကို ဘယ်သောအခါမျှမမေ့လျော့ကြစို့နှင့်။—၁၉။ (က) ကျင့်ဝတ်သန့်ရှင်းစင်ကြယ်မှုကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကိုသုံးသပ်မည်နည်း။
၁၉ ယုံကြည်ခြင်းမဲ့သူတို့က ကျွန်ုပ်တို့ကို လှောင်ပြောင်သရော်ကြမည်ဖြစ်သော်လည်း မေတ္တာရှိသောဖန်ဆင်းရှင်အား နာခံခြင်းကို ကျွန်ုပ်တို့ဝမ်းမြောက်ရွှင်မြူးကြသည်။ ကျွန်ုပ်တို့သည် သာ၍မြင့်မားသောကိုယ်ကျင့်တရားဖြစ်သည့် ဘုရားသခင်ရေးရာကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားသည်။ ယင်းသည် ဂုဏ်ယူစရာ၊ တန်ဖိုးထားစရာပင်။ စင်ကြယ်သောကိုယ်ကျင့်တရားရပ်တည်ချက်ကို ထိန်းသိမ်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ကောင်းချီး၌ မွေ့လျော်နိုင်ပြီး အဆုံးမဲ့အနာဂတ်ကောင်းချီးများဆိုင်ရာ တောက်ပသောမျှော်လင့်ချက်ကို ဆက်ထိန်းသိမ်းနိုင်ကြသည်။ သို့သော် လက်တွေ့သဘောဖြင့် ကိုယ်ကျင့်တရားသန့်ရှင်းနေဖို့ အဘယ်အရာပြုနိုင်သနည်း။ ဤအရေးပါသောမေးခွန်းကို နောက်ဆောင်းပါးကဆွေးနွေးပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 7 အပြစ်မဲ့ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်ညွှန်ကြားချက်ကို မလိုက်နာသော မယုံကြည်သူအိမ်ထောင်ဖက်ထံမှ လိင်ဆိုင်ရာကူးစက်ရောဂါရရှိသည့် အခြေအနေမျိုးရှိသည်မှာ ဝမ်းနည်းစရာပင်။
သင်ရှင်းပြနိုင်သလော
• သမ္မာကျမ်းစာက လိင်ဆက်ဆံခြင်းနှင့်စပ်လျဉ်း၍ အဘယ်သို့သွန်သင်သနည်း။
• ကျမ်းစာထဲမှ “မတရားမေထုန်” ဟူသောစကားလုံးတွင် အဘယ်အရာအကျုံးဝင်သနည်း။
• ကိုယ်ကျင့်တရားစင်ကြယ်စွာနေထိုင်ခြင်းဖြင့် မည်သို့အကျိုးရရှိသနည်း။
• ယောသပ်၊ ယောဘနှင့် ရှုလမိတ်မိန်းမပျိုလေးတို့သည် မျက်မှောက်ခေတ်ခရစ်ယာန်များအတွက် အဘယ်ကြောင့်ကောင်းသောပုံသက်သေများဖြစ်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အကျင့်ယိုယွင်းမှုမှ ယောသပ်ထွက်ပြေးခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရှုလမိတ်မိန်းမငယ်သည် “ဝင်းကာသောဥယျာဉ်” ကဲ့သို့ဖြစ်ခဲ့
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ယောဘသည် “ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်း” ပြုခဲ့