“တွန့်ဆုတ်မည်မဟုတ်သည့် ယုံကြည်ခြင်း”!
ဘဝအတ္ထုပ္ပတ္တိ
“တွန့်ဆုတ်မည်မဟုတ်သည့် ယုံကြည်ခြင်း”!
ဟာဘတ် မူးလာ ပြောပြသည်
ဟစ်တလာတပ် နယ်သာလန်ကို ချင်းနင်းဝင်ရောက်ပြီး လအနည်းငယ်အကြာမှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်ခဲ့တယ်။ မကြာခင် နာဇီရဲ့အလိုအရှိဆုံးစာရင်းထဲမှာ ကျွန်တော့်နာမည်ပါလာပြီး အမဲတစ်ကောင်လို လိုက်ဖမ်းခဲ့ကြတယ်။
တစ်ခါကဆိုရင် ကျွန်တော်ဟာ ပုန်းလိုက်၊ ပြေးလိုက်နဲ့ အရမ်းကိုမောပန်းနွမ်းနယ်လွန်းလို့ တပ်ရဲ့အဖမ်းခံလိုက်တာကမှ သက်သာဦးမယ်လို့ ကျွန်တော့်ဇနီးကို ပြောခဲ့တယ်။ အဲဒီအချိန်မှာ “တွန့်ဆုတ်မည်မဟုတ်သည့် ယုံကြည်ခြင်း၊ ရန်သူတိုင်းက တိုက်ခိုက်ငြား” ဆိုတဲ့ သီချင်းစာသားလေးကို သတိရခဲ့မိတယ်။ * အဲဒီသီချင်းက ကျွန်တော့်ကို ပြန်ပြီးအားသစ်လောင်းပေးတာကို ပြန်သုံးသပ်ကြည့်ရင်း ဂျာမနီမှာရှိတဲ့ မိဘတွေရယ်၊ သူငယ်ချင်းတွေက ကျွန်တော့်အတွက် နှုတ်ဆက်ခွဲခွာခါနီး ဒီသီချင်းဆိုပြခဲ့တဲ့နေ့ကို ပြန်ပြောင်းအမှတ်ရခဲ့မိတယ်။ မှတ်မိထားတဲ့အရာအချို့ကို ကျွန်တော်ပြောပြပါရစေ။
ကျွန်တော့်မိဘများ၏ပုံသက်သေ
ဂျာမနီနိုင်ငံ ကိုပစ်တ်စ်မြို့မှာ ကျွန်တော့်ကိုမွေးတဲ့ ၁၉၁၃ တုန်းက ကျွန်တော့်မိဘတွေဟာ ဧဝံဂေလိချာ့ခ်ျအသင်းသားတွေဖြစ်ကြတယ်။ * နောက်ခုနစ်နှစ်အကြာ ၁၉၂၀ ပြည့်နှစ်မှာ အဖေက ချာ့ခ်ျကနေ နုတ်ထွက်ခဲ့တယ်။ ဧပြီ ၆ ရက်နေ့မှာ ခီရာခဲန်အော့စ်ထရစ္စဘရှိုင်းနီဂုန် (ချာ့ခ်ျမှ နုတ်ထွက်ကြောင်း ကြေညာချက်) ကိုအဖေတောင်းခဲ့တယ်။ အဲဒီမြို့ရဲ့ မြို့ပြမှတ်ပုံတင်အရာရှိက ပုံစံစာရွက်ဖြည့်ပေးခဲ့တယ်။ ဒါပေမဲ့ နောက်တစ်ပတ်မှာ အဖေဟာ ကြေညာချက်ထဲမှာ သမီးရဲ့နာမည်မပါဘူးဆိုပြီး အကျိုးအကြောင်းရှင်းပြဖို့ ရုံးကိုပြန်သွားခဲ့တယ်။ ချာ့ခ်ျနုတ်ထွက်ခြင်းဟာ မာသာမာဂရေးသာ မူးလာနဲ့လည်းသက်ဆိုင်တယ်ဆိုတဲ့ ရှင်းပြထားတဲ့ဒုတိယပုံစံကို အရာရှိက ဖြည့်စွက်ပေးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်ညီမ မာဂရေးသာက တစ်နှစ်ခွဲသမီးအရွယ်ပဲရှိသေးတယ်။ အဖေဟာ ယေဟောဝါကို ဝတ်ပြုရေးနဲ့ပတ်သက်လာရင် အပြည့်အဝမလုပ်ရရင် မကျေနပ်ဘူး!
အဲဒီနှစ်မှာပဲ ကျွန်တော့်မိဘတွေကို အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများတဲ့ ယေဟောဝါသက်သေတွေက နှစ်ခြင်းပေးခဲ့တယ်။ အဖေက သားသမီးတွေအပေါ်မှာ စည်းကမ်းကြီးလွန်းပေမဲ့ ယေဟောဝါအပေါ် အဖေ့ရဲ့သစ္စာစောင့်သိမှုဟာ ကျွန်တော်တို့အတွက် အဖေ့ရဲ့လမ်းညွှန်ချက်ကို လက်ခံဖို့လွယ်ကူစေခဲ့တယ်။ သစ္စာစောင့်သိမှုက ကျွန်တော့်မိဘတွေ ပြုပြင်ပြောင်းလဲဖို့လည်း လှုံ့ဆော်ပေးခဲ့တယ်။ ဥပမာ၊ တနင်္ဂနွေနေ့တွေဆို ကျွန်တော်တို့ကို အပြင်ထွက်မကစားခိုင်းဘူး။ ဒါပေမဲ့ ၁၉၂၅၊ တနင်္ဂနွေတစ်ရက်မှာ ကျွန်တော်တို့မိဘတွေက လမ်းလျှောက်ထွက်ကြမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ မုန့်တွေပါယူသွားတဲ့အတွက် အရမ်းကိုပျော်ခဲ့တယ်—တစ်နေ့လုံး အိမ်ထဲမှာပဲ လှောင်ပိတ်ရာကနေ အပြောင်းလဲကြီးပြောင်းလဲသွားပြီလေ! မကြာခင်ကကျင်းပခဲ့တဲ့စည်းဝေးကြီးကနေ သိရှိခဲ့ရတဲ့အကြောင်းအရာတချို့ကြောင့် တနင်္ဂနွေနေ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အဖေ့ရဲ့ရှုမြင်ချက်ကို တည့်မတ်ပေးခဲ့တယ်လို့ အဖေကပြောပြခဲ့တယ်။ တခြားအချိန်တွေမှာလည်း အဖေဟာ အလားတူပဲ ပြုပြင်ပြောင်းလဲဖို့ အသင့်ရှိကြောင်း ပြသခဲ့တယ်။
ကျွန်တော့်မိဘတွေက ကျန်းမာရေးမကောင်းကြပေမဲ့ ဟောပြောခြင်းလုပ်ငန်းကို မလုပ်ဘဲမနေခဲ့ပါဘူး။ ဥပမာ၊ စွဲချက်တင်ခံရသည့်တရားဟောဆရာများ ဝေစာကိုဝေငှဖို့ အသင်းသူအသင်းသားတွေနဲ့အတူ ကျွန်တော်တို့ဟာ တစ်ညနေခင်းမှာ ရထားစီးပြီး ဒရက်စ်ဒန်မြို့ကနေမိုင် ၂၀၀ လောက်ရှိတဲ့ ရက်ဂင်စ်ဘာ့ဂ်မြို့ကို ခရီးထွက်ခဲ့ကြတယ်။ နောက်တစ်နေ့မှာ ဝေစာတွေကို မြို့အနှံ့ဝေပြီး ကုန်သွားတဲ့အခါမှ ရထားနဲ့ပြန်ခဲ့ကြတယ်။ ကျွန်တော်တို့အိမ်ပြန်ရောက်တဲ့အချိန်မှာ ၂၄ နာရီနီးပါးကြာခဲ့တယ်။
အိမ်မှထွက်ခွာခြင်း
ကျွန်တော်တို့အသင်းတော်မှာရှိတဲ့ ယူဂဲဂရပ်ပီ (လူငယ်အဖွဲ့) နဲ့ပေါင်းသင်းတာကလည်း ကျွန်တော့်ကိုဝိညာဉ်ရေးတိုးတက်ဖို့ အထောက်အကူရစေခဲ့တယ်။ ၁၄ နှစ်အထက် လူငယ်တွေဟာ အသင်းတော်ကသက်ကြီးညီအစ်ကိုတချို့နဲ့ အပတ်တိုင်း တွေ့ဆုံခဲ့ကြတယ်။ ကစားကြ၊ တီးမှုတ်ကြ၊ ကျမ်းစာလေ့လာကြပြီး ဖန်ဆင်းခြင်းနဲ့သိပ္ပံပညာအကြောင်းတွေ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့်အသက် ၁၉ နှစ်၊ ၁၉၃၂ မှာအဲဒီအုပ်စုနဲ့ပေါင်းသင်းမှု ရပ်စဲသွားတယ်။
အဲဒီနှစ် ဧပြီလမှာ မက်ဒဘာ့ဂ်မြို့က ကင်းမျှော်စင်အသင်းရုံးကနေ အဖေ စာတစ်စောင်ရခဲ့တယ်။ ကားမောင်းတတ်ပြီး ရှေ့ဆောင်လုပ်ချင်တဲ့သူကို အသင်းမက အလိုရှိနေတယ်။ မိဘတွေက ကျွန်တော့်ကို ရှေ့ဆောင်ဖြစ်စေချင်တယ်ဆိုတာ ကျွန်တော်သိပေမဲ့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ မိဘတွေက ဆင်းရဲတော့ ကျွန်တော့်အသက် ၁၄ နှစ်ကတည်းက စက်ဘီးတွေ၊ အပ်ချုပ်စက်တွေအပြင် လက်နှိပ်စက်တွေနဲ့ တခြားရုံးသုံးပစ္စည်းတွေကို စပြီးပြင်ခဲ့တယ်။ မိသားစုကို ကျွန်တော်ဘယ်လို စွန့်ခွာသွားနိုင်မလဲ။ ကျွန်တော့်ရဲ့ထောက်ပံ့မှုကို သူတို့လိုအပ်ခဲ့တယ်။ ဒါ့အပြင် ကျွန်တော်နှစ်ခြင်းမခံရသေးဘူး။ အဖေက ကျွန်တော်နားမှာထိုင်ပြီး နှစ်ခြင်းခံခြင်းမှာ ပါဝင်ပတ်သက်တဲ့အကြောင်းအရာကို ကျွန်တော်နားလည်မလည်သိချင်လို့ မေးခွန်းအချို့မေးခဲ့တယ်။ ကျွန်တော့်အဖြေတွေက နှစ်ခြင်းခံဖို့ လုံလောက်တဲ့ဝိညာဉ်ရေးတိုးတက်မှုရှိထားပြီဆိုတာ အဖေယုံကြည်စိတ်ချသွားတဲ့အခါ အဖေက “ဒီတာဝန်ကို မင်းကိုယ်တိုင် ကြိုးစားသင့်တယ်” ဆိုပြီး ပြောခဲ့တယ်။ ကျွန်တော်ကြိုးစားခဲ့ပါတယ်။
နောက်တစ်ပတ်မှာ မက်ဒဘာ့ဂ်ကိုလာဖို့ ကျွန်တော် ဖိတ်ခေါ်စာရရှိခဲ့တယ်။ လူငယ်အဖွဲ့ကသူငယ်ချင်းတွေကို ကျွန်တော်ပြောပြတဲ့အခါ သူတို့က ကျွန်တော့်ကို မြူးမြူးကြွကြွသီချင်းဆိုပြီး နှုတ်ဆက်ချင်ကြတယ်။ ကျွန်တော်ရွေးလိုက်တဲ့သီချင်းဟာ အရမ်းလေးနက်တယ်လို့ သူတို့ယူမှတ်ထားတဲ့သီချင်းဖြစ်နေတော့ သူတို့အံ့အား
သင့်သွားတယ်။ တချို့က သူတို့ရဲ့တယောတွေ၊ မယ်ဒလင်တွေနဲ့ ဂီတာတွေကို ယူလာကြပြီး “တွန့်ဆုတ်မည်မဟုတ်သည့် ယုံကြည်ခြင်း၊ ရန်သူတိုင်းက တိုက်ခိုက်ငြား; မြေကြီးပေါ်ခက်ခဲကြား တို့တုန်လှုပ်မသွား” သီချင်းကို အားလုံးလိုက်ဆိုခဲ့ကြတယ်။ ဒီစာသားတွေက လာမယ့်နှစ်တွေမှာ ကျွန်တော့်ကို အကြိမ်ကြိမ်ခွန်အားပေးမယ်ဆိုတာ အဲဒီနေ့က ကျွန်တော်သဘောမပေါက်ခဲ့ဘူး။ဝရုန်းသုန်းကားအစ
မက်ဒဘာ့ဂ်ကညီအစ်ကိုတွေဟာ ကျွန်တော့်ရဲ့ကားမောင်းကျွမ်းကျင်မှုကို စမ်းသပ်ပြီးတဲ့နောက်မှာ ကားကို ကျွန်တော်နဲ့တခြားညီအစ်ကိုလေးယောက်ကို လွှဲအပ်ပေးခဲ့တယ်၊ ဘယ်လ်ဂျီယံနားက ရှနိုက်ဖဲလ်ဒေသကို ကျွန်တော်တို့ဦးတည်ခရီးနှင်ခဲ့ကြတယ်။ ကျွန်တော်တို့ကားဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို မကြာခင်မှာပဲသိခဲ့ရတယ်။ ဒေသခံ . . . ချာ့ခ်ျက ကျွန်တော်တို့ရောက်နေတာကို မကျေမနပ်ဖြစ်ပြီး တရားဟောဆရာတွေသွေးထိုးပေးတဲ့ ရွာသားတွေက ကျွန်တော်တို့ကို မောင်းထုတ်ဖို့ စောင့်ကြည့်နေတတ်တယ်။ ရွာသားတွေက ပေါက်ပြားတွေ၊ ကောက်ဆွတွေနဲ့ မတိုက်ခိုက်နိုင်ခင်မှာ ဒီကားနဲ့ မကြာခဏထွက်ပြေးခဲ့ရတယ်။
၁၉၃၃၊ အောက်မေ့ရာပွဲပြီးတဲ့နောက် ဂျာမနီက အသင်းမရဲ့လုပ်ငန်းကို ပိတ်ပင်လိုက်ပြီဆိုတာကို ဒေသန္တရကြီးကြပ်မှူး ပေါလ်ဂရော့စ်မဲန်က ကျွန်တော်တို့ကိုပြောပြခဲ့တယ်။ အဲဒီနောက်မကြာခင် မက်ဒဘာ့ဂ်ကို ကားနဲ့ပြန်လာ၊ စာအုပ်တင်ပြီး မက်ဒဘာ့ဂ်ကနေမိုင် ၇၀ လောက်ရှိတဲ့ စက်စင်နီပြည်နယ်ကို ယူသွားဖို့ ဌာနခွဲရုံးက ကျွန်တော့်ကို ခိုင်းခဲ့တယ်။ မက်ဒဘာ့ဂ်ကို ကျွန်တော်ရောက်တဲ့အချိန်မှာ ဂတ်စတာပိုတွေ (နာဇီလျှို့ဝှက်ရဲအဖွဲ့) ကအသင်းမရုံးကို ပိတ်လိုက်ပြီ။ လစ်ပဇစ်က ညီအစ်ကိုတစ်ယောက်ဆီမှာ ကားကိုအပ်ထားခဲ့ပြီး အိမ်ကိုပြန်လာခဲ့တယ်—ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။
နယ်သာလန်မှာ ရှေ့ဆောင်စလုပ်ဖို့ ဆွစ်ဇလန်အသင်းမရုံးက ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့တယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်း သွားဖို့စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဖေက အခုချက်ချင်းထွက်သွားဖို့ အကြံပေးခဲ့တယ်။ အဖေ့ရဲ့အကြံပေးချက်ကို လက်ခံပြီး နာရီအနည်းငယ်အတွင်း အိမ်ကနေထွက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ ထွက်ပြေးတိမ်းရှောင်တဲ့စွဲချက်နဲ့ ကျွန်တော့်ကိုဖမ်းဖို့ အဖေ့အိမ်ကို ရဲတွေရောက်လာတယ်။ သူတို့ အရမ်းကိုနောက်ကျသွားပါပြီ။
နယ်သာလန်သို့ထွက်ခွာခြင်း
အမ်စတာဒမ်မြို့ကနေ ၁၅ မိုင်ဝေးတဲ့ ဟာမ်စတေဒါမှာရှိတဲ့ ရှေ့ဆောင်အိမ်ကို ၁၉၃၃၊ ဩဂုတ် ၁၅ ရက်မှာ ကျွန်တော်ရောက်ခဲ့တယ်။ နောက်တစ်နေ့မှာ ဒတ်ခ်ျစကားတစ်လုံးမှမတတ်တဲ့ ကျွန်တော်ဟာ ဟောပြောဖို့ထွက်လာခဲ့တယ်။ ပုံနှိပ်ထားတဲ့ဟောပြောချက် သက်သေခံကတ်ပြားတစ်ခုကိုတပ်ပြီး ကျွန်တော်စဟောခဲ့တယ်။ ကက်သလစ်အမျိုးသမီးတစ်ဦးက ပြန်လည်သင့်မြတ်ခြင်း စာအုပ်ကို လက်ခံလိုက်တဲ့အခါ တကယ့်ကိုပဲအားတက်လာခဲ့တယ်! အဲဒီနေ့မှာပဲ စာအုပ်ငယ် ၂၇ အုပ်ကိုလည်း ဝေငှခဲ့တယ်။ အဲဒီပထမနေ့ကုန်တဲ့အချိန်မှာ လွတ်လွတ်လပ်လပ်ဟောပြောနိုင်လို့ ကျွန်တော်အရမ်းပျော်သွားတယ်။
အဲဒီအချိန်က ရှေ့ဆောင်တွေဟာ စာအုပ်စာတမ်းဝေငှတဲ့အခါ ရတဲ့အလှူငွေကလွဲလို့ တခြားဘာဝင်ငွေမှမရှိဘူး။ ရတဲ့ငွေနဲ့ အစားအသောက်နဲ့ တခြားလိုအပ်ရာတွေကို ဝယ်ရတာ။ လကုန်တဲ့အချိန် ပိုက်ဆံနည်းနည်းကျန်သေးရင် ကိုယ်ပိုင်အသုံးစရိတ်အတွက် ရှေ့ဆောင်တွေ ခွဲယူခဲ့ကြတယ်။ ကျွန်တော်တို့ဆီမှာ ဥစ္စာပစ္စည်းမရှိကြပေမဲ့ ယေဟောဝါက ကောင်းစွာကြည့်ရှုခဲ့လို့ ၁၉၃၄ မှာဆွစ်ဇလန်စည်းဝေးကြီးကို တက်ရောက်နိုင်ခဲ့ကြတယ်။
သစ္စာရှိအဖော်တစ်ဦး
စည်းဝေးကြီးမှာ ၁၈ နှစ်အရွယ် အဲရီကာ ဖီင်ကဲကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော် အိမ်မှာနေကတည်းက သူ့ကို သိခဲ့တာ။ အဲရီကာဟာ ကျွန်တော့်ညီမမာဂရေးသာရဲ့ သူငယ်ချင်းဖြစ်ပြီး အမှန်တရားဘက်မှာ သူ့ရဲ့ခိုင်မာတဲ့ရပ်တည်မှုကို ကျွန်တော်အမြဲတမ်းအထင်ကြီးလေးစားမိခဲ့တယ်။ သူဟာ ၁၉၃၂ မှာနှစ်ခြင်းခံပြီးမကြာခင် အဲရီကာဟာ “ဟိုင်းလ် ဟစ်တလာ!” လို့မပြောဘူးဆိုပြီး ဂတ်စတာပိုတွေကို တစ်ယောက်ယောက်က သွားတိုင်လိုက်တယ်။ ဂတ်စတာပိုတွေက သူ့ဆီလိုက်လာပြီး ဘာလို့မပြောတာလဲဆိုတာ သိချင်တယ်လို့ပြောခဲ့တယ်။ အဲရီကာဟာ ရဲဌာနက အရာရှိကို တမန်တော် ၁၇:၃ ကိုဖတ်ပြပြီး ကယ်တင်ရှင်အဖြစ် ယေရှုခရစ်ကိုပဲ ဘုရားသခင်ခန့်အပ်ခဲ့တယ်လို့ ရှင်းပြခဲ့တယ်။ “မင်းလိုမျိုး ယုံကြည်တဲ့တခြားသူတွေရှိသလား” ဆိုတာသိချင်တယ်လို့ အရာရှိကပြောတယ်။ ဘယ် သူ့နာမည်ကိုမှ အဲရီကာမပြောခဲ့ဘူး။ အဲရီကာကို ဖမ်းချုပ်မယ်လို့ ရဲကခြိမ်းခြောက်တဲ့အခါ သူက သေရင်သေပါစေ၊ နာမည်ကိုတော့မပြောနိုင်ဘူး။ သူ့ကို ပြူးကြည့်ပြီး “ဒီကနေထွက်သွားစမ်း။ ပြန်သွားတော့။ ဟိုင်းလ် ဟစ်တလာ!” ဆိုပြီး အော်ခဲ့တယ်။
စည်းဝေးကြီးပြီးသွားတော့ အဲရီကာက ဆွစ်ဇလန်မှာနေရစ်ခဲ့ပေမဲ့ ကျွန်တော်က နယ်သာလန်ကိုပြန်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ချစ်ခင်ရင်းနှီးမှုဟာ ကြီးထွားလာပြီဆိုတာ နှစ်ယောက်စလုံးခံစားခဲ့ရတယ်။ ဆွစ်ဇလန်မှာ အဲရီကာရှိနေတုန်း ဂတ်စတာပိုတွေက အိမ်ကိုပြန်လာပြီး သူ့ကိုရှာတယ်လို့ ကြားခဲ့ရတယ်။ ဆွစ်ဇလန်မှာပဲနေပြီး ရှေ့ဆောင်လုပ်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။ နောက်လအနည်းငယ်မှာ အသင်းမက သူ့ကို စပိန်သွားဖို့ပြောခဲ့တယ်။ သူဟာ မဒရစ်မြို့မှာ၊ ပြီးတော့ ဘို့ဘယ်အိုမြို့မှာ၊ နောက်ပိုင်း တရားဟောဆရာတွေသွေးထိုးလို့ ညှဉ်းပန်းနှိပ်စက်ခံရပြီး သူနဲ့သူ့ရဲ့ရှေ့ဆောင်အဖော်တို့ ထောင်ချခံခဲ့ရတဲ့ ဆဲန် စဘာစ်တီအဲန်မြို့မှာ ရှေ့ဆောင်လုပ်ခဲ့တယ်။ ၁၉၃၅ မှာသူတို့ကို စပိန်ကနေ မောင်းထုတ်ခဲ့တယ်။ နယ်သာလန်ကို အဲရီကာ ရောက်လာပြီး အဲဒီနှစ်မှာပဲ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။
မိုးကုပ်စက်ဝိုင်းပေါ်မှ စစ်တိမ်ရိပ်များ
ကျွန်တော်တို့လက်ထပ်ပြီး ဟာမ်စတာဒ်မှာ ရှေ့ဆောင်လုပ်ခဲ့ကြတယ်၊ အဲဒီနောက်ပိုင်းမှာ ရော့စတဒမ်မြို့ကို ပြောင်းခဲ့ကြတယ်။ အဲဒီမြို့မှာပဲ ၁၉၃၇ မှာသားလေးဗော့ဖ်ဂန်းကို မွေးခဲ့တယ်။ နောက်တစ်နှစ်မှာ နယ်သာလန်မြောက်ဘက် ဂရိုနင်ဂန်မြို့ကို ပြောင်းခဲ့ပြီး ဂျာမန်ရှေ့ဆောင်တွေဖြစ်ကြတဲ့ ဖဲဒီနာန်နဲ့ ဟဲလ်ဂါ ဟော့တော့ဖ်၊ သူတို့သမီးနဲ့အတူ အိမ်တစ်အိမ်ထဲမှာ ကျွန်တော်တို့နေခဲ့ကြတယ်။ ဂျာမန်နိုင်ငံသားသက်သေခံတွေ မဟောပြောရတော့ဘူးဆိုတဲ့ သတိပေးချက်တစ်ရပ်ကို ဒတ်ခ်ျအစိုးရက ထုတ်ပြန်လိုက်ကြောင်း ၁၉၃၈၊ ဇူလိုင်လမှာ အသင်းမက ကျွန်တော်တို့ကိုပြောပြခဲ့တယ်။ အဲဒီအချိန်လောက်မှာပဲ ကျွန်တော်ဟာ ဇုန်အမှုထမ်းအဖြစ် (တိုက်နယ်ကြီးကြပ်မှူး) ခန့်အပ်ခံခဲ့ရပြီး နယ်သာလန်မြောက်ပိုင်းမှာ ဟောပြောနေတဲ့ရှေ့ဆောင်တွေနေဖို့ အိမ်အဖြစ်အသုံးပြုနေတဲ့ အသင်းမပိုင်သင်္ဘော လီခ်ဒါရားကား (အလင်းဆောင်သူ) ကိုမိသားစုလိုက်ပြောင်းခဲ့ကြတယ်။ အများအားဖြင့် ကျွန်တော့်မိသားစုနဲ့ခွဲခွာနေရပြီး ညီအစ်ကိုတွေကို ဆက်ပြီးဟောပြောနေဖို့ အားပေးဖို့ အသင်းတော်တစ်ခုပြီးတစ်ခု စက်ဘီးနဲ့သွားနေရတယ်။ အားပေးတဲ့အတိုင်း ညီအစ်ကိုတွေ လုပ်ဆောင်ခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ရဲ့လုပ်ငန်းတွေမှာတောင် တိုးတက်ခဲ့တယ်။ ဗီင် ကေတာလားရီဟာ ပုံသက်သေကောင်းတဲ့သူဖြစ်တယ်။
ဗီင်ကို ကျွန်တော်တွေ့တုန်းက သူဟာ အမှန်တရားကိုလက်ခံတဲ့လူငယ်ဖြစ်ပေမဲ့ အရမ်းအလုပ်များတဲ့ အခစားလယ်လုပ်သားပါ။ “တကယ်လို့ ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်ဖို့ အချိန်ပေးချင်တယ်ဆိုရင် ခင်ဗျားတခြားအလုပ်ကို ရှာသင့်တယ်” ဆိုပြီး သူ့ကို ကျွန်တော်အကြံပေးခဲ့တယ်။ သူရှာခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ပြန်တွေ့တဲ့အခါ ရှေ့ဆောင်လုပ်ဖို့ သူ့ကိုအားပေးခဲ့တယ်။ “ထမင်းစားဖို့ အလုပ်လုပ်ရမယ်” ဆိုပြီး သူပြန်ပြောခဲ့တယ်။ “ခင်ဗျား စားရမှာပါ” ဆိုပြီး သူ့ကို စိတ်ချစေခဲ့တယ်။ “ခင်ဗျားကို ယေဟောဝါ ကြည့်ရှုစောင့်ရှောက်မှာပါ။” ဗီင်ဟာ ရှေ့ဆောင်စလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာတောင် နယ်လှည့်ကြီးကြပ်မှူးလုပ်ခဲ့တယ်။ ဒီနေ့ ဗီင်ဟာ အသက် ၈၀ ပြည့်ပြီးတာတောင် ထက်သန်တဲ့သက်သေခံတစ်ယောက်ဖြစ်နေတုန်းပါပဲ။ သူ့ကို ယေဟောဝါ ကြည့်ရှုစောင့်ရှောက်ခဲ့တာ တကယ်ပါပဲ။
ပိတ်ပင်ခံရပြီး အလိုရှိခဲ့
၁၉၄၀၊ မေလမှာ ကျွန်တော်တို့ရဲ့ဒုတိယသမီးလေး ရိုက်စ်နားမွေးပြီး တစ်နှစ်လောက်မှာ ဒတ်ခ်ျစစ်တပ်က လက်နက်ချလိုက်တဲ့အတွက် နာဇီတွေက နယ်သာလန်ကို သိမ်းပိုက်ခဲ့တယ်။ ဇူလိုင်လမှာ ဂတ်စတာပိုတွေက အသင်းမရုံးပိုင်ပစ္စည်းတွေနဲ့ ပုံနှိပ်စက်ကို သိမ်းခဲ့တယ်။ နောက်နှစ်မှာ သက်သေခံတွေကို ဒရကြမ်းဖမ်းဆီးခဲ့တဲ့အတွက် ကျွန်တော်ပါအဖမ်းခံခဲ့ရတယ်။ သက်သေခံလည်းဖြစ်၊ စစ်မှုထမ်းနိုင်တဲ့အရွယ်ဂျာမန်တစ်ယောက်လည်းဖြစ်တော့ ကျွန်တော့်ကို ဂတ်စတာပိုတွေ ဘာလုပ်မယ်ဆိုတာ တွေးကြည့်ဖို့ မခက်လှပါဘူး။ ကျွန်တော့်မိသားစုကို နောက်တစ်ခါ ဘယ်တော့မှမတွေ့ရတော့ဘူးဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုအရှုံးမပေးဖို့ ကြိုးစားခဲ့တယ်။
ဒါနဲ့ပဲ ၁၉၄၁၊ မေလမှာ ဂတ်စတာပိုတွေက ကျွန်တော့်ကို ထောင်ထဲကလွှတ်ပြီး စစ်မှုထမ်းဖို့ သွားပြီးစာရင်းသွင်းခိုင်းတယ်။
ကျွန်တော်မယုံကြည်နိုင်ခဲ့ဘူး။ အဲဒီနေ့မှာပဲ ကျွန်တော်အစဖျောက်ခဲ့ပြီး အဲဒီလမှာ တိုက်နယ်လုပ်ငန်းကို ပြန်စလုပ်ခဲ့တယ်။ ဂတ်စတာပိုတွေက ကျွန်တော့်ကို အလိုအရှိဆုံးစာရင်းထဲ ထည့်လိုက်တယ်။ကျွန်တော့်မိသားစု နိုင်နင်းစွာလုပ်ကိုင်ပုံ
ကျွန်တော့်ဇနီးနဲ့ကလေးတွေဟာ တိုင်းပြည်အရှေ့ဘက်က ဗော့ရ်ဒဲန်ရွာကို ပြောင်းသွားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အတွက်အန္တရာယ်နည်းသမျှနည်းအောင် အိမ်ကို ကျွန်တော်သိပ်မသွားဖြစ်အောင် ချုပ်တည်းထားရတယ်။ (မဿဲ ၁၀:၁၆) လုံခြုံမှုအတွက် ညီအစ်ကိုတွေက ကျွန်တော့်နာမည်အရင်းကို မခေါ်ကြဘဲ လျှို့ဝှက်နာမည် ဒိုက်စ်တာ ယာန် (ဂျာမန်ဂျွန်) လို့ပဲခေါ်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့လေးနှစ်သားဗော့ဖ်ဂန်းကိုတောင် “အဖေ” လို့ခေါ်ခွင့်မပေးဘဲ “အိုမီ ယာန်” (အန်ကယ်လ်ဂျွန်) လို့ပဲ ခေါ်ခိုင်းခဲ့တယ်။ အဲဒီလိုခေါ်ခိုင်းတာ သားအတွက် အရမ်းကိုစိတ်ထိခိုက်စရာဖြစ်ခဲ့တယ်။
ကျွန်တော်ထွက်ပြေးနေရတုန်းမှာ အဲရီကာဟာ ကလေးတွေကိုကျွေးမွေးပြုစုပြီး ဆက်ပြီးဟောပြောခဲ့တယ်။ ရိုက်စ်နားနှစ်နှစ်အရွယ်ရောက်တဲ့အချိန်မှာ အဲရီကာဟာ သူ့ကို စက်ဘီးပစ္စည်းတင်ခုံပေါ်မှာတင်ပြီး ကျေးလက်တောရွာတွေမှာ သွားဟောပြောတဲ့အခါ သူ့ကိုပါခေါ်သွားခဲ့တယ်။ စားဖို့သောက်ဖို့ခက်ပေမဲ့ မိသားစုအတွက် အကြီးအကျယ်ရိက္ခာပြတ်သွားတယ်ဆိုတာ အဲရီကာတစ်ခါမှမကြုံခဲ့ရပါဘူး။ (မဿဲ ၆:၃၃) တစ်ခါတုန်းက ကျွန်တော် အပ်ချုပ်စက်ပြင်ပေးခဲ့တဲ့ ကက်သလစ်လယ်သမားတစ်ယောက်က သူ့ကို အာလူးတွေပေးခဲ့တယ်။ သူက ကျွန်တော်မှာလိုက်တဲ့စကားတွေကိုလည်း အဲရီကာကိုပြောပြပေးခဲ့တယ်။ တစ်ခါက ဆေးဆိုင်မှာ ဆေးတစ်မျိုးအတွက် ပိုက်ဆံတစ်ဂီလ်ဒါးကို အဲရီကာပေးလိုက်တယ်။ ဆိုင်ရှင်ဖြစ်သူက သူဟာ ပုန်းရှောင်နေရပြီး အစားအစာ ရာရှင်ကတ်ပြားမရဘူးဆိုတာကို သိတဲ့အတွက် အဲဒီပစ္စည်းကိုပေးလိုက်တဲ့အပြင် နှစ်ဂီလ်ဒါးကိုလည်း ထပ်ပေးလိုက်သေးတယ်။ ဒီလိုစာနာထောက်ထားမှုလေးတွေကြောင့် သူအသက်ဆက်နိုင်ခဲ့တယ်။—ဟေဗြဲ ၁၃:၅။
ရဲရင့်သောညီအစ်ကိုများနှင့်အတူ တွဲဖက်လုပ်ဆောင်ခြင်း
အဲဒီအတောအတွင်းမှာ ကျွန်တော်ဟာ အသင်းတော်တွေဆီသွားရောက်လည်ပတ်ခဲ့တယ်၊ ဒါပေမဲ့ အသင်းတော်က တာဝန်ရှိညီအစ်ကိုတွေနဲ့သာ ဆက်သွယ်ခြင်းဖြစ်တယ်။ ကျွန်တော့်နောက်ကို ဂက်စတာပိုတွေ ထပ်ကြပ်မကွာလိုက်နေတာကြောင့် တစ်နေရာမှာ နာရီအနည်းငယ်ထက် ပိုပြီးကြာကြာနေလို့မရနိုင်ခဲ့ဘူး။ ညီအစ်ကို၊ ညီအစ်မအများစုကို ကျွန်တော်နဲ့တွေ့ဖို့ ခွင့်မပြုခဲ့ဘူး။ ကျမ်းစာသင်အံမှုအုပ်စုငယ်ထဲက သက်သေခံတွေနဲ့ပဲ သူတို့ရင်းနှီးခဲ့ကြတယ်။ အကျိုးဆက်ကတော့ တစ်မြို့ထဲမှာ တစ်နေရာစီနေပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သက်သေခံတွေဖြစ်ခဲ့ကြတဲ့ ညီအစ်မအရင်းနှစ်ယောက်ဟာ စစ်ပြီးတဲ့နောက်မှာပဲ ပြန်တွေ့ခဲ့ကြတယ်။
ကျွန်တော့်ရဲ့နောက်တာဝန်တစ်ခုကတော့ အသင်းမစာအုပ်စာတမ်းတွေကို ဝှက်ထားမယ့်နေရာကို ရှာပေးရတဲ့အလုပ်ပါပဲ။ တကယ်
လို့ လိုအပ်လာမယ်ဆိုရင် ကင်းမျှော်စင်တွေကို မိတ္တူရိုက်ပေးဖို့ စာရွက်၊ ဖယောင်းစက္ကူတွေနဲ့ လက်နှိပ်စက်တွေကိုလည်း ဝှက်ထားခဲ့ရတယ်။ တစ်ခါတလေ အသင်းမပုံနှိပ်စာအုပ်တွေကို ဝှက်ထားတဲ့နေရာ တစ်နေရာကနေတစ်နေရာကို ပြောင်းရွှေ့ခဲ့ရတယ်။ တစ်ခါတုန်းက စာအုပ်စာတမ်းအပြည့်ပါတဲ့ စာအုပ်ပုံး ၃၀ ကိုသိပ်မသိသာအောင် ကြိုးစားရင်း ပို့ဆောင်ပေးရတာကို ကျွန်တော်သတိရမိတယ်—တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ အလုပ်တစ်ခုပါပဲ!ဒါအပြင် ပိတ်ပင်ထားတာတောင် နယ်သာလန်အရှေ့ပိုင်းက လယ်ယာကနေ အနောက်ဘက်မြို့တွေဆီကို အစားအသောက်တွေ သယ်ယူပို့ဆောင်ပေးဖို့စီစဉ်ခဲ့တယ်။ မြင်းလှည်းတစ်စီးပေါ်မှာ အစားအသောက်တင်ပြီး အနောက်ဘက်ကိုဦးတည်ခရီးနှင်ခဲ့ကြတယ်။ မြစ်တစ်စင်းကို ကျွန်တော်တို့ရောက်တဲ့အခါ တံတားတွေကို စစ်သားတွေက စောင့်ကြပ်နေတဲ့အတွက် ဘယ်တံတားကိုမှ အသုံးပြုလို့မရခဲ့ဘူး။ ပစ္စည်းတွေကို လှေငယ်လေးပေါ် တင်ပြီး မြစ်တစ်ဖက်ကမ်းကို ခေါက်တုံ့ခေါက်ပြန်သယ်ယူခဲ့ရတယ်၊ ပြီးတော့ နောက်မြင်းလှည်းပေါ် ပြန်တင်ခဲ့တယ်။ သွားမယ့်မြို့ကို ကျွန်တော်တို့ရောက်တဲ့အခါ မှောင်လာတဲ့အထိစောင့်၊ မြင်းခွာတွေမှာ အစွပ်စွပ်ပေးပြီး အသင်းတော်ရဲ့ အစားအသောက်ထားတဲ့ လျှို့ဝှက်နေရာကို တိတ်တိတ်လေးသွားခဲ့ရတယ်။ အဲဒီကမှ အစားအသောက်ကို လိုအပ်နေတဲ့ညီအစ်ကိုတွေကို ဝေပေးခဲ့တယ်။
တကယ်လို့ ဒီအစားအသောက်သိုလှောင်တဲ့နေရာကို ဂျာမန်စစ်တပ်က တွေ့သွားရင် အသေသတ်နိုင်တယ်။ ဒါပေမဲ့ ညီအစ်ကိုတချို့က စေတနာနဲ့ကူညီပေးခဲ့ကြပါတယ်။ ဥပမာ၊ အာမဲရ်စဖွတ်မြို့က ဘလူးမင်ခ်မိသားစုဟာ သူတို့ရဲ့အိမ်က ဂျာမန်ခံတပ်နဲ့ ခဲတစ်ပစ်စာလောက်ပဲရှိပေမဲ့ သူတို့ရဲ့ဧည့်ခန်းကို အစားအသောက်ထားခွင့်ပြုခဲ့တယ်။ ဒီလိုမျိုးသတ္တိရှိတဲ့သက်သေခံတွေဟာ သူတို့ရဲ့ညီအစ်ကိုတွေအတွက် အသက်ကိုတောင်စွန့်ခဲ့ကြတယ်။
ပိတ်ပင်ထားတဲ့နှစ်တစ်လျှောက်လုံးမှာ ယေဟောဝါဟာ ကျွန်တော့်ဇနီးနဲ့ကျွန်တော့်ကို ဆက်သစ္စာရှိဖို့ ကူညီပေးခဲ့တယ်။ ဂျာမန်စစ်တပ်က စစ်ဆုံးရှုံးသွားတဲ့ ၁၉၄၅၊ မေလမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘဝကနေ နောက်ဆုံး ကျွန်တော်လွတ်မြောက်သွားတယ်။ တခြားညီအစ်ကိုတွေ ဒီတာဝန်ထမ်းလာနိုင်တဲ့အထိ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ဆက်ပြီးထမ်းဆောင်ဖို့ အသင်းမက ကျွန်တော့်ကိုတောင်းဆိုခဲ့တယ်။ ၁၉၄၇ မှာဘဲရ်တွတ်စ် ဗန်း ဒါ ဘေးလ်က ကျွန်တော့်အလုပ်ကို လွှဲပြောင်းယူခဲ့တယ်။ * အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့တတိယမြောက်ရင်သွေးကို မွေးခဲ့ပြီး နိုင်ငံရဲ့အရှေ့ပိုင်းမှာ အခြေချနေထိုင်ခဲ့ကြတယ်။
ဝမ်းနည်းမှုနှင့်ပျော်ရွှင်မှု
နယ်သာလန်သွားဖို့ အိမ်ကနေထွက်သွားပြီးတစ်နှစ်လောက်မှာ အဖေထောင်ချခံရတယ်ဆိုတာကို စစ်ပြီးမှပဲ ကျွန်တော်သိခဲ့ရတယ်။ ကျန်းမာရေးမကောင်းတာကြောင့် အဖေ့ကို နှစ်ခါပြန်လွှတ်ခဲ့တယ်၊ လွှတ်ပြီးတိုင်း ပြန်ဖမ်းတယ်။ ၁၉၃၈၊ ဖေဖော်ဝါရီလမှာ အဖေ့ကို ဘူချင်ဝေါချွေးတပ်စခန်းကို ပို့လိုက်ပြီး အဲဒီနောက် ဒါ့ခ်ရှောကို ပို့လိုက်တယ်။ ၁၉၄၂၊ မေ ၁၄ ရက်မှာ အဲဒီမှာပဲ ကျွန်တော့်အဖေကွယ်လွန်သွားခဲ့တယ်။ အဖေဟာ မြဲမြံတည်ကြည်ပြီး အဆုံးတိုင်အောင်သစ္စာစောင့်သိခဲ့ပါတယ်။
အမေ့ကိုလည်း ဒါ့ခ်ရှောစခန်းကိုပို့လိုက်တယ်။ အမေလွတ်လာတဲ့ ၁၉၄၅ အထိ အဲဒီမှာပဲနေခဲ့ရတယ်။ ကျွန်တော့်မိဘနှစ်ပါးရဲ့ ခိုင်မြဲတဲ့ပုံသက်သေဟာ ဝိညာဉ်ရေးကောင်းချီးတွေကို ကျွန်တော်ရရှိဖို့ဖြစ်စေခဲ့တဲ့အတွက် ၁၉၅၄ မှာကျွန်တော်တို့နဲ့အတူ အမေလာရောက်နေထိုင်ဖို့ အခွင့်အရေးရရှိခဲ့တယ်။ ၁၉၄၅ ကတည်းက ကွန်မြူနစ်အရှေ့ဂျာမနီမှာ ရှေ့ဆောင်လုပ်ခဲ့တဲ့ ကျွန်တော်ညီမမာဂရေးသာလည်း အတူလာနေတယ်။ အမေဟာ ကျန်းမာရေးလည်းမကောင်း၊ ဒတ်ခ်ျစကားလည်းမတတ်ပေမဲ့ ၁၉၅၇၊ အောက်တိုဘာလမှာ အမေ့ရဲ့သစ္စာရှိရှိမြေကြီးအသက်တာကုန်ဆုံးတဲ့အထိ လယ်ကွင်းလုပ်ငန်းမှာ ဆက်ပြီးပါဝင်ခဲ့တယ်။
ဂျာမနီနိုင်ငံ နျူရင်ဘတ်မြို့က ၁၉၅၅ စည်းဝေးကြီးဟာ ထူးခြားသွားခဲ့တယ်။ အဲဒီကို ကျွန်တော်တို့ရောက်ပြီးနောက်မှာ အဲရီကာရဲ့အမေလည်း စည်းဝေးကြီးမှာရှိနေတယ်ဆိုပြီး ဒရက်စဒန်မြို့ကညီအစ်ကိုတွေက သူ့ကိုပြောပြခဲ့တယ်။ အဲဒီတုန်းက ဒရက်စဒန်မြို့က အရှေ့ဂျာမနီရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် အဲရီကာဟာ သူ့အမေနဲ့မတွေ့တာ ၂၁ နှစ်ကြာပြီ။ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ပြီး အမေနှင့်သမီးဟာ ဖက်ယမ်းနေတော့တာပဲ။ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ ပြန်လည်ပေါင်းစည်းမှုပါပဲ!
အတန်ကြာတဲ့အခါ ကျွန်တော်တို့မိသားစုမှာ ကလေးရှစ်ယောက်ရှိလာတယ်။ ကားတိုက်မှုကြောင့် သားတစ်ယောက်ဆုံးသွားတာ ဝမ်းနည်းစရာပါ။ ဒါပေမဲ့ ကျန်တဲ့ကလေးတွေအားလုံး ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်နေတာကို မြင်ရတာ တကယ့်ကိုပျော်ရွှင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့သားဗော့ဖ်ဂန်းနဲ့ သူ့ရဲ့ဇနီး တိုက်နယ်လုပ်ငန်းမှာပါဝင်နေပြီး သူတို့ရဲ့သားလည်းပဲ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုထမ်းဆောင်နေတော့ ကျွန်တော်တို့ဝမ်းသာရွှင်မြူးကြတယ်။
နယ်သာလန်မှာ ယေဟောဝါရဲ့လုပ်ငန်းတော်တိုးတက်မှုကိုတွေ့ရခြင်းဟာ နှလုံးရွှင်ပြုံးစရာပါပဲ။ ဒီနေရာမှာ ကျွန်တော်ရှေ့ဆောင်စလုပ်တဲ့ ၁၉၃၃ မှာသက်သေခံ တစ်ရာလောက်ရှိခဲ့တယ်။ ဒီနေ့ဆိုရင် ၃၀,၀၀၀ ကျော်သွားပြီ။ အခု အဲရီကာနဲ့ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာခွန်အား ဆုတ်ယုတ်နေပေမဲ့ ဟိုတုန်းက “တွန့်ဆုတ်မည်မဟုတ်သည့် ယုံကြည်ခြင်း” ဆိုတဲ့ သီချင်းစာသားနဲ့အညီ နေထိုင်ဖို့ ကျွန်တော်တို့သန္နိဋ္ဌာန်ချထားတုန်းပါပဲ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 သီချင်းနံပါတ် ၁၉၄။—ယေဟောဝါအား ချီးမွမ်းသီချင်းများ (၁၉၂၈)။
^ အပိုဒ်၊ 7 ယခု ပါရ်နာမြို့ဟုခေါ်သော ကိုပစ်တ်စ်မြို့သည် ဒရက်စဒန်မြို့မှ ၁၁ မိုင်ကွာဝေးသည့် အဲလ်ဘာမြစ်ကမ်းပေါ်တွင် တည်ရှိသည်။
^ အပိုဒ်၊ 38 ညီအစ်ကိုဗန်းဒါ ဘေးလ်ရဲ့ဘဝအတ္ထုပ္ပတ္တိ “အမှန်တရားထက်ကောင်းသည့်အရာ ဘာမျှမရှိ” အကြောင်းကို ၁၉၉၈၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် တွင်ရှု။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
လယ်ကွင်းလုပ်ငန်းပြီးနောက် ရပ်နားချိန်အတွင်း “ယူဂဲန္ဒရပ်”
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ရှေ့ဆောင်ချင်းများနှင့်အတူကျွန်တော် ရှနိုက်ဖဲလ်ရပ်ကွက်ကို လုပ်ဆောင်ခဲ့။ ကျွန်တော့်အသက် ၂၀ တွင်ဖြစ်ခဲ့
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၄၀ ၌အဲရီကာ၊ ဗော့ဖ်ဂန်းတို့နှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
လက်ယာမှ လက်ဝဲသို့– ကျွန်တော့်မြေးယိုနာသန်နှင့် သူ့ဇနီးမီယီအာမ်; အဲရီကာ၊ ကျွန်တော်၊ ကျွန်တော့်သားဗော့ဖ်ဂန်းနှင့် သူ့ဇနီးဂျူလီယာ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်တော့်အဖေနှင့်အတူ ထောင်ကျခဲ့သော ညီအစ်ကိုတစ်ယောက်က ဤအဖေ့ပုံကို ၁၉၄၁ တွင်ဆွဲပေးခဲ့