မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ကိုယ်ကျင့်တရားသန့်ရှင်းစွာနေနိုင်

သင်သည် ကိုယ်ကျင့်တရားသန့်ရှင်းစွာနေနိုင်

သင်သည် ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ​နေနိုင်

“ပညတ်တော်​တို့ကို စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏။”—၁ ယောဟန် ၅:၃

၁။ ယနေ့​လူ​တို့​၌ အကျင့်အကြံ​တွင် အဘယ်​ခြားနား​ချက်​ကို တွေ့မြင်​ရသနည်း။

ရှေး​အချိန်​မှ ပရောဖက်​မာလခိ​က ဘုရားသခင့်​လူမျိုးတော်​၏​အကျင့်​နှင့် ဘုရားသခင်​အား​ဝတ်မပြု​သူများ​၏​အကျင့်​တို့ သိသိသာသာ​ကွဲပြား​ခြားနား​မည့်​အချိန်​အကြောင်း ကြိုဟော​ရန် မှုတ်သွင်းခံ​ခဲ့​ရသည်။ ပရောဖက်​က​ဤသို့​ရေးသားခဲ့​သည်– “တစ်ဖန် သင်တို့သည် ပြောင်းလဲ​၍ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ၊ ဘုရားသခင်​၏​အမှုတော်ကို​ဆောင်သော​သူ၊ မ​ဆောင်သော​သူတို့ကို​ပိုင်းခြား​၍ သိရ​ကြလိမ့်မည်။” (မာလခိ ၃:၁၈) ထို​ပရောဖက်ပြုချက်​သည် ယနေ့​ပြည့်စုံ​လျက်​ရှိ၏။ ကျင့်ဝတ်​သန့်ရှင်း​ဖို့​တောင်းဆိုခြင်း​ပါဝင်​သည့် ဘုရားသခင့်​ပညတ်တော်​များ​ကို စောင့်ရှောက်ခြင်း​သည် ပညာ​ရှိ၍ မှန်ကန်​သည့်​ဘဝ​လမ်းစဉ်​ဖြစ်သည်။ သို့​တိုင် ယင်းသည် အမြဲတစေ​လွယ်ကူ​သည့်​လမ်းစဉ်​မဟုတ်ပါ။ အကြောင်းကောင်း​ရှိ၍ ယေရှု​က ခရစ်ယာန်​များသည် ကယ်တင်ခြင်း​ရဖို့ အားသွန်ခွန်စိုက်​ကြိုးပမ်း​ရမည်ဟု မိန့်ဆိုခဲ့သည်။—လုကာ ၁၃:၂၃၊ ၂၄

၂။ အဘယ်​ပြင်ပ​ဖိအားများ​က အချို့​သူတို့ကို ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေထိုင်ရန် ခက်ခဲ​စေ​သနည်း။

ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေထိုင်ဖို့ အဘယ်ကြောင့်​ခက်ခဲ​ရသနည်း။ အကြောင်းရင်း​တစ်ခု​မှာ ပြင်ပ​ဖိအားများ​ဖြစ်သည်။ ဖျော်ဖြေရေး​လုပ်ငန်း​က တရား​မဝင်​လိင်ဆက်ဆံခြင်း​ကို စွဲမက်​နှစ်လိုဖွယ်​ကောင်းသော၊ လူ​လား​မြောက်​ကြောင်း​ဖော်ပြ​သော​အရာ​အဖြစ် သရုပ်ဖော်​ကြ​ပြီး တစ်ချိန်တည်း​တွင် ယင်း​၏​မကောင်းသော​အကျိုးဆက်များ​ကို လုံးဝ​နီးပါး​လျစ်လျူရှု​စေ​၏။ (ဧဖက် ၄:၁၇-၁၉) သရုပ်ဖော်​ထားသော လက်​ပွန်း​တ​တီး​ဆက်ဆံ​နေကြ​သူ​အများစုမှာ လက်မ​ထပ်​ထားသော​အတွဲ​များ​ဖြစ်သည်။ ရုပ်ရှင်​နှင့် ရုပ်မြင်သံကြား​ပြကွက်​များ​က ကြုံ​ရာ​စပ်ယှက်​သည့် လိင်ဆက်ဆံမှု​ဇာတ်လမ်း​ကို သရုပ်ဖော်​ပြ​လေ့​ရှိသည်။ များသောအားဖြင့် နွေးထွေးမှု​နှင့် အပြန်အလှန်​လေးစားမှု​တို့ ကင်းမဲ့​နေတတ်​သည်။ အများ​သော​သူတို့သည် ထိုသို့​သော​အကြောင်း​များ​ကို ကလေး​ဘဝက​တည်း​က တွေ့​မြင်ခဲ့​ပြီး​ဖြစ်၏။ ထို့​အပြင် ပြင်းထန်​သည့်​ရွယ်တူချင်း​ဖိအားများ​က မျက်မှောက်ခေတ်​၏ လွတ်လပ်​သော​ကျင့်ဝတ်​ဝန်းကျင်​နှင့် လိုက်လျောညီထွေ​နေ​ရန် တွန်းအား​ပေး​ပြီး ထိုသို့​မနေ​သူများ​မှာ တစ်ခါတစ်ရံ လှောင်ပြောင်​ခံရ​ကြ​ပြီး ကဲ့ရဲ့​ပြစ်တင်ခြင်း​ပင်​ခံရ​ကြသည်။—၁ ပေတရု ၄:၄

၃။ လောကသား​အများ အကျင့်​ယိုယွင်းမှု​၌​ပါဝင်​ရသော အကြောင်းရင်း​အချို့​ကား​အဘယ်နည်း။

အတွင်း​ဖိအား​က​လည်း ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေထိုင်ဖို့ ခက်ခဲ​စေ​သည်။ ယေဟောဝါ​သည် လူသား​တို့ကို လိင်ဆန္ဒ​များဖြင့်​ဖန်ဆင်း​တော်​မူ​ခဲ့​ပြီး ထို​ဆန္ဒ​များ​မှာ ပြင်းပြ​နိုင်​သည်။ ဆန္ဒ​ဆို​သည်​မှာ ကျွန်ုပ်​တို့​တွေးတော​သည့်​အရာ​နှင့် များစွာ​ပတ်သက်ပြီး အကျင့်​ယိုယွင်းခြင်း​သည် ယေဟောဝါ​၏​အတွေးအခေါ်​များနှင့် မညီညွတ်​ရာ​ကို တွေးတောခြင်း​နှင့် ဆက်စပ်​သည်။ (ယာကုပ် ၁:၁၄၊ ၁၅) ဥပမာ၊ ဗြိတိသျှ​ဆေး​ဂျာနယ်​၌​ဖော်ပြ​ထားသော မကြာသေးမီ​က လေ့လာမှု​တစ်ရပ်​အရ ပထမ​ဆုံး​လိင်ဆက်ဆံမှု​ပြုခဲ့ကြသူ​များစွာ​တို့​မှာ လိင်ဆက်ဆံခြင်း​သည် မည်သို့​မည်​ပုံ​ရှိကြောင်း စူးစမ်း​လို​ခြင်း​သက်​သက်​ကြောင့်​ဖြစ်သည်။ အခြားသူ​တို့​က မိမိတို့​ရွယ်တူ​အများစုမှာ လိင်စိတ်​တက်ကြွ​ကြသည်​ဟု ယူဆ​ကာ သူတို့လည်း မိမိတို့​အပျိုစင်​ဘဝကို စွန့်လွှတ်​လို​ကြသည်။ သို့သော် အခြားသူ​တို့​မူ မိမိတို့​စိတ်​မထိန်း​နိုင်အောင်​ဖြစ်သွား​သည် သို့​မဟုတ် “ထို​အချိန်တွင် အရက်​အနည်းငယ်​မူး” နေသည်​ဟု​ဆို​ကြသည်။ ဘုရားသခင့်​နှစ်သက်မှု​ကို ကျွန်ုပ်​တို့​ရလိုလျှင် သူတို့နှင့်​ခြားနား​စွာ ဆင်ခြင်​တွေးတော​ရ​ပေမည်။ မည်သည့်​တွေးခေါ်မှု​မျိုး​က ကျင့်ဝတ်​သန့်ရှင်း​စွာ​နေထိုင်ရန် ထောက်ကူ​ပေး​မည်​နည်း။

ခိုင်မာ​သော​ခံယူ​ချက်​များ​ကို တည်ဆောက်​ပါ

၄။ ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေနိုင်​ဖို့ ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​ရမည်​နည်း။

ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေထိုင်​နိုင်​ဖို့​မှာ ထိုသို့​သော​ဘဝ​ပုံစံ​ကို​လိုက်ခြင်း​သည် လိုက်ရ​ကျိုး​နပ်​ကြောင်း အသိအမှတ်ပြု​ရ​ကြ​မည်။ ယင်းသည် ရောမမြို့​ရှိ​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု​ရေးခဲ့​သော ဤ​စကား​များနှင့်​အညီ​ဖြစ်သည်– “ကောင်းမြတ်သော၊ လက်ခံဖွယ်​ဖြစ်သော၊ ဘုရားသခင်​၏​စုံလင်သော​အလိုတော်နှင့်​ညီသော​သူ​ဖြစ်​ကြောင်း သက်သေထူ . . . လော့။” (ရောမ ၁၂:၂က​ဘ) ကျင့်ဝတ်​ဖြူစင်​သန့်ရှင်း​စွာ​နေခြင်း​သည် အကျိုးနပ်​ကြောင်း အသိအမှတ်​ပြုခြင်း​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၌ အကျင့်​ယိုယွင်းခြင်း​ကို ပြစ်တင်​ရှုတ်ချ​ထား​ကြောင်း သိထား​ရုံ​မျှ​မကပါ​ဝင်​သည်။ ၎င်း​တွင် အကျင့်​ယိုယွင်းခြင်း​ကို ပြစ်တင်​ရှုတ်ချ​ရသည့်​အကြောင်းရင်း​များနှင့် ယင်းကို​ရှောင်ကြဉ်​ခြင်း​ဖြင့် မည်သို့​အကျိုး​ရရှိကြောင်း သိ​နားလည်ခြင်း​ပါဝင်​သည်။ ဤ​အကြောင်းရင်း​အချို့​ကို ရှေ့​ဆောင်းပါး​၌​သုံးသပ်​ခဲ့​ကြပြီ။

၅။ အဓိက​အားဖြင့် ခရစ်ယာန်​များသည် ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ အဘယ်ကြောင့်​နေထိုင်​လို​သင့်​သနည်း။

သို့သော် အမှန်​မှာ လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းခြင်း​ကို ခရစ်ယာန်​များ​ရှောင်​ရသည့် အ​ခိုင်လုံ​ဆုံး​အကြောင်းရင်း​များသည် ဘုရားသခင်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​နှင့် ပတ်သက်​ဆက်နွှယ်​နေသည်။ ကျွန်ုပ်​တို့အတွက် အဘယ်အရာ​သည် အကောင်းဆုံး​ဖြစ်သည်​ကို ကိုယ်တော်​သိတော်မူ​ကြောင်း ကျွန်ုပ်​တို့​သိထားကြ​ပြီ။ ကိုယ်တော်​အား​ချစ်​သည့်​မေတ္တာက မကောင်းမှုကို​မုန်း​ရန် ကျွန်ုပ်​တို့ကို​ကူညီ​ပါ​လိမ့်​မည်။ (ဆာလံ ၉၇:၁၀) ဘုရားသခင်​သည် “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ​တို့” ကို​ပေးကမ်း​ရှင်​ဖြစ်​တော်​မူ​၏။ (ယာကုပ် ၁:၁၇) ကျွန်ုပ်​တို့ကို​ကိုယ်တော်​ချစ်တော်မူ​၏။ ကိုယ်တော်​အား​နာခံခြင်း​ဖြင့် ကိုယ်တော်​အား​ချစ်​ကြောင်း​နှင့် ကျွန်ုပ်​တို့အတွက် ကိုယ်တော်​ပြုလုပ်​ပေး​လေ​သမျှ​ကို တန်ဖိုး​ထား​လေးစားကြောင်း တင်ပြ​ကြသည်။ (၁ ယောဟန် ၅:၃) ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော​မိန့်မှာချက်​များ​ကို ချိုးဖောက်​ခြင်း​ဖြင့် ဘယ်​သောအခါ​မျှ ယေဟောဝါ စိတ်ပျက်​နာကျင်​စ​ရာ​အကြောင်း မဖြစ်စေ​လို​ကြ​ပါ။ (ဆာလံ ၇၈:၄၁) ကိုယ်တော်​၏​သန့်ရှင်း​ဖြောင့်မတ်​သော ဝတ်ပြုနည်း​ကို ကဲ့ရဲ့​အပြစ်​ဆို​စ​ရာ​ဖြစ်စေ​ရန် မပြုမူ​လို​ကြ​ပါ။ (တိတု ၂:၅; ၂ ပေတရု ၂:၂) ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေထိုင်ခြင်း​ဖြင့် အကြီးမြတ်ဆုံး​ပုဂ္ဂိုလ်​ကို ကျွန်ုပ်​တို့ ရွှင်လန်း​စေ​ကြသည်။—သု. ၂၇:၁၁

၆။ ကျွန်ုပ်​တို့၏​ကျင့်ဝတ်​စံနှုန်း​များ​ကို အခြားသူများ​အား​အသိပေး​ထားခြင်း​က မည်သို့​အထောက်အကူ​ဖြစ်စေ​သနည်း။

ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေထိုင်ဖို့ သန္နိ​ဋ္ဌာန်​ချထား​ပြီး​ဖြစ်​လျှင် ၎င်း​ခံယူ​ချက်​ကို သူတစ်ပါး​အား​သိရှိ​စေခြင်း​သည် ထပ်ဆင့်​အကာအကွယ်​ဖြစ်သည်။ သင်သည် ယေဟောဝါ​ဘုရားသခင်​၏​ကျေးကျွန်​တစ်ဦး​ဖြစ်​ကြောင်း​နှင့် ကိုယ်တော်​၏​မြင့်မားသော​စံနှုန်းများ​အတိုင်း​နေထိုင်ဖို့ သင်​ပိုင်းဖြတ်​ထား​ကြောင်း လူ​တို့အား​သိစေပါ။ ၎င်း​သည် သင့်​ဘဝ၊ သင့်​ခန္ဓာ၊ သင့်​ရွေးချယ်မှု​ဖြစ်သည်။ အရေး​အကြီးဆုံး​ကား အဘယ်နည်း။ ကောင်းကင်​ခမည်းတော်​နှင့် သင်၏​အဖိုးတန်​ဆက်ဆံ​ရေး​ဖြစ်သည်။ သင်၏​ကျင့်ဝတ်​တည်ကြည်မှု​သည် အပေးအယူ​ညှိနှိုင်း​၍​ရသည့်​အရာ​မဟုတ်​ကြောင်း သိသာ​စေပါ။ ကိုယ်တော်​၏​မူများ​ကို​စွဲကိုင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို​ကိုယ်စား​ပြု​ရခြင်း​ကို ဂုဏ်ယူ​ပါ။ (ဆာလံ ၆၄:၁၀) ကျင့်ဝတ်​ဆိုင်ရာ သင့်​ခံယူ​ချက်​များ​ကို သူတစ်ပါး​နှင့်​ဆွေးနွေး​ရန် ဘယ်​သောအခါ​မျှ​မရှက်ကြောက်​ပါ​နှင့်။ ရဲ​ရဲ​ပြောဆိုခြင်း​က သင့်ကို​ခိုင်ခံ့​စေ​၍ ကာကွယ်​ပေး​နိုင်​ပြီး သင့်​ပုံသက်သေ​ကို​လိုက်လျှောက်ရန် အခြား​သူများကို အားပေးမှု​ဖြစ်စေ​သည်။—၁ တိမောသေ ၄:၁၂

၇။ ကိုယ်ကျင့်တရား​ဖြူစင်​သန့်ရှင်း​စွာ​နေ​ရန် ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကို မည်သို့​ဆက်​ထိန်းသိမ်း​နိုင်​သနည်း။

မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​ကို ထိန်းသိမ်း​ရန်​ပိုင်းဖြတ်​ထားပြီး ကျွန်ုပ်​တို့၏​အနေအထား​ကို အသိပေး​ထားပြီး​နောက် ကျွန်ုပ်​တို့၏​ဆုံးဖြတ်ချက်​အတိုင်း စွဲမြဲ​စွာ​လုပ်ဆောင်​ရမည်။ ထိုသို့​ပြု​နိုင်​သည့်​နည်း​တစ်နည်း​မှာ မိတ်ဆွေများ​ကို သတိပြု​ရွေးချယ်ခြင်း​ဖြစ်သည်။ “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏” ဟု​ကျမ်းစာ​က​ဖော်ပြ​သည်။ သင်၏​ကျင့်ဝတ်​စံနှုန်း​များ​အတိုင်း နေထိုင်သူ​တို့​နှင့်​ပေါင်းသင်း​ပါ; သင့်ကို​သူတို့​ခွန်အား​ရှိစေပါ​လိမ့်​မည်။ ဤ​ကျမ်းချက်​က ဤသို့​လည်း​ဆို​သေး​သည်– “လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏။” (သု. ၁၃:၂၀) သင့်​သန္နိ​ဋ္ဌာန်​ကို အားပျော့​စေ​မည့်​သူများ​အား တတ်နိုင်​သမျှ​ရှောင်ပါ။—၁ ကောရိန္သု ၁၅:၃၃

၈။ (က) ကျွန်ုပ်​တို့၏​စိတ်​ကို အဘယ်ကြောင့် အကျိုးရှိ​သော​အရာများ​ကျွေးမွေး​သင့်​သနည်း။ (ခ) အဘယ်အရာကို ကျွန်ုပ်​တို့​ရှောင်သင့်​သနည်း။

ထို့​ပြင် မှန်ကန်သော​အရာ၊ အလေးအနက်​ထား​ရသော​အရာ၊ ဖြောင့်မတ်​သော​အရာ၊ စင်ကြယ်သော​အရာ၊ ချစ်ဖွယ်သော​အရာ၊ အသရေရှိသော​အရာ၊ မွန်မြတ်သော​အရာ​နှင့် ချီးမွမ်းဖွယ်​သော​အရာများ​နှင့် ကျွန်ုပ်​တို့၏​စိတ်​ကို ကျွေးမွေး​ပေးဖို့​လို​သည်။ (ဖိလိပ္ပိ ၄:၈က​ဘ) ကျွန်ုပ်​တို့​ကြည့်​သည့်​အရာ ဖတ်ရှု​သည့်​အရာ​နှင့် နားထောင်​သည့်​တေးသံ​တို့ကို ရွေးချယ်ခြင်း​ဖြင့် ထိုသို့​ပြု​ကြသည်။ ညစ်ညမ်း​သော​စာပေ​သည် အကျင့်​ယိုယွင်းသော​သြဇာ​မရှိ​ဟု​ဆို​ခြင်း​သည် ကျင့်ဝတ်​ဆိုင်ရာ​စာပေ​၌ ကောင်းသော​သြဇာ​မရှိ​ဟု ဆို​ခြင်း​နှင့်​တူ​သည်။ မစုံလင်​သော​လူသားများ​သည် အကျင့်​ယိုယွင်းခြင်း​သို့ အလွယ်တကူ​ကျရောက်​နိုင်​ကြောင်း သတိရပါ။ လိင်စိတ်​ထကြွ​စေရန်​လှုံ့ဆော်ပေး​သော စာအုပ်​များ၊ မဂ္ဂဇင်း​များ၊ ရုပ်ရှင်​များနှင့် တေးဂီတ​တို့သည် မှားယွင်း​သည့်​ဆန္ဒ​များ​ဖြစ်ပေါ်​စေမည်​ဖြစ်​ရာ အဆုံး​တွင် အပြစ်​သို့​ဦးတည်​စေနိုင်​သည်။ ကျင့်ဝတ်​သန့်ရှင်းမှုကို​ထိန်းသိမ်း​ရန် ကျွန်ုပ်​တို့၏​စိတ်​များ​ကို ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​နှင့်​ပြည့်စေ​ရ​ပေမည်။—ယာကုပ် ၃:၁၇

အကျင့်​ယိုယွင်းခြင်း​သို့​ပို့ဆောင်သော​ခြေလှမ်း​များ

၉-၁၁။ ရှောလမုန်​ပြန်​ပြောပြချက်​အရ အဘယ်​ခြေလှမ်း​များသည် လူပျို​တစ်ဦး​ကို အကျင့်​ယိုယွင်းခြင်း​သို့ အဆင့်ဆင့်​ဦးတည်​သွား​စေ​သနည်း။

များသောအားဖြင့် အကျင့်​ယိုယွင်းခြင်း​သို့​ပို့ဆောင်သော ခွဲခြား​ဖော်ပြ​နိုင်​သည့်​ခြေလှမ်း​များ​ရှိသည်။ ခြေလှမ်းတိုင်း​လို​လို နောက်​ပြန်လှည့်​ဖို့ သာ၍​အခက်တွေ့​စေ​သည်။ ယင်းကို နယပုံပြင် ၇:၆-၂၃ ၌​မည်သို့​ဖော်ပြ​ထား​ကြောင်း ဂရုပြုပါ။ ရှောလမုန်​သည် “ဉာဏ်​မရှိ [“နှလုံး​လိုအပ်ချက်​ရှိ၊” က​ဘ]” သို့​မဟုတ် ရည်ရွယ်ချက်​မကောင်း “သော လူပျို​တစ်ယောက်” ကို​တွေ့မြင်​လေ​သည်။ လူရွယ်​သည် “ထိုသို့​သော​မိန်းမ [ပြည့်တန်ဆာ​၏] နေရာ လမ်းထောင့်​အနား​သို့ လျှောက်​သွား​သဖြင့်၊ မိုးချုပ်​၍​ည​ဦး​အချိန် . . . ရောက်​သောအခါ ထို​မိန်းမ​နေရာ​လမ်း​သို့​လိုက်​လေ​၏။” ယင်းက သူ၏​ပထမ​အမှား​ဖြစ်သည်။ နေဝင်​ဖျိုးဖျ​အချိန်၌ သူ၏ “နှလုံး” က အခြား​တစ်​လမ်း​လမ်း​သို့ မဟုတ်ဘဲ ပြည့်တန်ဆာ​တစ်ဦး​ကို တွေ့​နိုင်​ကြောင်း သူသိ​ထား​သည့်​နေရာသို့ လမ်းညွှန်​ပေး​ခဲ့​သည်။

၁၀ ထို့နောက် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ပြည့်တန်ဆာ​အဝတ်ကို​ဝတ်​၍ ဆန်းပြား​သော​မိန်းမသည် ထို​သူကို​ကြိုဆို​၏။” ယခု သူ့ကို​တွေ့​လေ​ပြီ! သူသည် အိမ်​သို့​လှည့်ပြန်​နိုင်​သည်၊ သို့သော် ထိုသို့​ပြု​ဖို့ ယခင်​က​ထက်​ပို​၍​ခက်​သည်၊ အထူးသဖြင့် သူ့မှာ ကိုယ်ကျင့်တရား​ဘက်​အားနည်းနေ​သောကြောင့်​ဖြစ်၏။ ထို​မိန်းမသည် သူ့ကို​ဖမ်း​ဖက်​၍ နမ်းရှုပ်​လေ​၏။ အနမ်း​ခံ​ရင်း သူသည် ထို​မိန်းမ​၏​ဖြားယောင်း​မြှူဆွယ်​သော ဤ​စကား​ကို ယခု​နားထောင်​လေ​သည်– “ငါ​၌ မိတ်သဟာယ​ပူဇော်​သကာ​ရှိ၏။ ယနေ့​ငါ့​ကတိဝတ်​ကို ငါ​ဖြေ​ပြီ” ဟု​ဆို​၏။ မိတ်သဟာယ​ယဇ်​တွင် အသား၊ ဂျုံ၊ ဆီ​နှင့် စပျစ်​ရည်​တို့​ပါဝင်​သည်။ (ဝတ်ပြုရာ ၁၉:၅၊ ၆; ၂၂:၂၁; တောလည်ရာ ၁၅:၈-၁၀) ၎င်းတို့ကို​ဖော်ပြခြင်း​ဖြင့် ဝိညာဉ်​ရေး​အရ မိမိ​မချို့တဲ့​ကြောင်း သွယ်ဝိုက်​ပြောနေခြင်း​ဖြစ်​ပြီး တစ်ချိန်တည်း​တွင် မိမိ​အိမ်​၌ စားကောင်း​သောက်​ဖွယ်​များစွာ​ရှိကြောင်း လူပျို​ကို​အသိပေး​ခြင်း ဖြစ်​ပေမည်။ “လာ​ပါ၊ မိုးလင်း​သည်​တိုင်အောင် ကာ​မ​ရာဂစိတ်​ကို​ဖြေ​ကြ​ကုန်​အံ့။ မေထုန်ပြု​၍ မွေ့လျော်​ကြ​ကုန်​အံ့” ဟု​လူပျို​ကို မရ​မ​က​တောင်းပန်​၏။

၁၁ အကျိုးဆက်ကို မှန်း​ကြည့်​ဖို့​မ​ခက်​ပါ။ “ချော့မော့​တတ်သော​နှုတ်ခမ်း​နှင့် နိုင်” လေ​၏။ လူပျို​မှာ “နွား​သည် အသေခံ​ရာ​သို့ လိုက်​သကဲ့သို့​လည်းကောင်း၊ . . . ငှက်​သည် . . . ကျော့ကွင်း​ထဲ​သို့ အလျင်အမြန်​ဝင်​သကဲ့သို့​လည်းကောင်း” သူ့​အိမ်​သို့​လိုက်​လေ​သည်။ ရှောလမုန်​သည် ဤ​လေးနက်​သော​စကား​များ​ဖြင့် နိဂုံး​ချုပ်​သည်– “မိမိ​အသက်ဆုံး​စေခြင်း​ငှာ​ထောင်​မှန်း​ကို မ​ရိပ်မိ။” “မတရားသော​မေထုန်​ကို​ပြုသောသူ​နှင့် သူ့​မယား​ကို​ပြစ်မှား​သော​သူကို ဘုရားသခင်​စစ်ကြော​စီရင်တော်မူ” မည်​ဖြစ်သော​ကြောင့် သူ၏​ဝိညာဉ်​စိုးလ် သို့​မဟုတ် အသက်ပါ​ဝင်​ပတ်သက်​နေပါ​သည်။ (ဟေဗြဲ ၁၃:၄) အမျိုးသားများ​ရော အမျိုးသမီးများ​အတွက်​ပါ အလွန်​ထိရောက်​သော​သင်ခန်း​စာပါ​တကား! ဘုရားသခင့်​မျက်နှာသာတော်​ဆုံးရှုံး​မည့်​လမ်း​သို့ အစပြု​ခြေလှမ်းလှမ်း​ခြင်း​ကို​ပင် ကျွန်ုပ်​တို့​ရှောင်ကြဉ်​သင့်​သည်။

၁၂။ (က) “နှလုံး​လိုအပ်ချက်​ရှိ” သည်​ဟူသော​အသုံးအနှုန်း​က အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ (ခ) ကိုယ်ကျင့်တရား​ဆိုင်ရာ​ခွန်အား​ကို ကျွန်ုပ်​တို့​မည်သို့ ပြုစု​ပျိုးထောင်​နိုင်​သနည်း။

၁၂ မှတ်တမ်း​ထဲ​မှ​လူရွယ်​သည် “နှလုံး​လိုအပ်ချက်​ရှိ” နေကြောင်း​ကို သတိပြုပါ။ ၎င်း​အသုံးအနှုန်း​က သူ၏​အတွေးအခေါ်​များ၊ လိုအင်ဆန္ဒ​များ၊ ချစ်ခင်​စုံမက်မှု​များ၊ စိတ်​လှုပ်ရှားမှုများ​နှင့် ဘဝ​ပန်းတိုင်​တို့​မှာ ဘုရားသခင်​နှစ်သက်ရာ​နှင့်​မညီညွတ်​ကြောင်း ကျွန်ုပ်​တို့အား သိရှိ​စေ​သည်။ သူ၏​ကျင့်ဝတ်​ဆိုင်ရာ​အားနည်းချက်​က ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ​ရရှိစေ​ခဲ့​သည်။ ခဲယဉ်း​သော​ဤ ‘နောက်ဆုံးသော​နေ့ရက်​များ’ တွင် ကိုယ်ကျင့်တရား​ဆိုင်ရာ​ခွန်အား​ကို ပြုစု​ပျိုးထောင်​ရန် ကြိုးစား​အားထုတ်​ရ၏။ (၂ တိမောသေ ၃:၁) ကျွန်ုပ်​တို့ကို​ကူညီပေး​ရန် ဘုရားသခင်​စီစဉ်​ပေး​ပါ​သည်။ ကိုယ်တော်​သည် မှန်သော​လမ်းအတိုင်း​လျှောက်လှမ်းဖို့ ကျွန်ုပ်​တို့ကို​အားပေး​ရန်​နှင့် ကျွန်ုပ်​တို့​ကဲ့သို့​ပန်းတိုင်​ရှိသူတို့​နှင့် ထိတွေ့​ဆက်ဆံခွင့်​ရရှိစေရန် ခရစ်ယာန်​အသင်းတော်​အစည်းအဝေး​များ​ကို ပြင်ဆင်​ပေး​တော်​မူ​၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်​တို့ကို​ထိန်းကျောင်း​၍ ဖြောင့်မတ်​သော​လမ်းများ​ကို သွန်သင်ပေး​သော အသင်းတော်​အကြီးအကဲ​များ​ရှိကြသည်။ (ဧဖက် ၄:၁၁၊ ၁၂) ကျွန်ုပ်​တို့ကို​လမ်းပြ​ညွှန်ကြား​ပေး​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ရှိသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ထို့​ပြင် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေးဖို့ ဘုရားသခင့်​ဝိညာဉ်​တော်​အတွက် အချိန်မရွေး​ဆုတောင်းခွင့်​ရထား​ကြသည်။—မဿဲ ၂၆:၄၁

ဒါဝိဒ်​၏​အပြစ်​များ​မှ​သင်ယူခြင်း

၁၃၊ ၁၄။ ဘုရင်​ဒါဝိဒ်​သည် ကြီး​လေး​သော​အပြစ်ကို မည်သို့​ပြု​မိ​သွား​သနည်း။

၁၃ သို့သော် ဝမ်းနည်းစရာမှာ ဘုရားသခင်​၏​ထင်ရှားသော​ကျေးကျွန်​များ​ပင် လိင်​အကျင့်​ယိုယွင်းခြင်း​ကို ပြု​မိ​လာ​ကြ​ခြင်း​ဖြစ်သည်။ ထိုသို့​သော​ပုဂ္ဂိုလ်​တစ်ဦး​မှာ ယေဟောဝါ​အား ဆယ်စုနှစ်​နှင့်​ချီ​ပြီး သစ္စာရှိ​ရှိ​အမှုထမ်းခဲ့​သူ ဘုရင်​ဒါဝိဒ်​ဖြစ်သည်။ ဘုရားသခင်​ကို သူ​အလွန်​ချစ်​ခဲ့​ကြောင်း သံသယဝင်​စ​ရာ​မရှိပေ။ သို့​တိုင် သူသည် အပြစ်​လမ်း​ထဲ​သို့ နယ်​ကျွံ​ခဲ့​သည်။ ရှောလမုန်​ဖော်ပြ​ခဲ့​သော​လူရွယ်​ကဲ့သို့ ဒါဝိဒ်​ကို​အပြစ်​သို့ ဦးတည်​ပေး​သည့် ခြေလှမ်း​များ​လှမ်း​ခဲ့​ပြီး ထို့နောက် ပေါင်းစပ်​သွား​သည်။

၁၄ ထို​အချိန်​က ဒါဝိဒ်​မှာ လူလတ်ပိုင်း​အရွယ်၊ အသက် ၅၀ ကျော်​ခါ​စ​ဖြစ်​နိုင်​သည်။ ချောမော​လှပသော ဗာသရှေဘ​ရေချိုး​နေသည်​ကို သူ၏​အိမ်ခေါင်မိုး​ပေါ်​မှ မြင်တွေ့ခဲ့​သည်။ ထို​အမျိုးသမီး​မည်သူ​ဖြစ်​ကြောင်း စုံစမ်း​မေးမြန်း၍​သိရှိ​ခဲ့​သည်။ သူ၏​လင်ယောက်ျား ဥရိယ​မှာ အမ္မုန်​မြို့​တစ်မြို့​ဖြစ်သော ရဗ္ဗာ​မြို့ကို​ဝိုင်းရံ​ပိတ်ဆို့​မှု​၌​ပါဝင်​ကြောင်း သူသိ​ရှိခဲ့​သည်။ ဒါဝိဒ်​သည် ထို​အမျိုးသမီးကို နန်းတော်​သို့​ခေါ်ဆောင်​စေပြီး သူနှင့်​သံဝါသပြု​ခဲ့​သည်။ နောက်ပိုင်း​တွင် အဖြစ်အပျက်​များ ရှုပ်ထွေး​လာပြီး—ဒါဝိဒ်​နှင့် သူ​ကိုယ်ဝန်​ရ​ကြောင်း သိခဲ့​ရသည်။ ဒါဝိဒ်​သည် ဥရိယ​ကို သူ၏​ဇနီး​နှင့်​ပျော်မွေ့​မည်​အထင်​နှင့် တိုက်ပွဲ​မှ​ပြန်​ဆင့်ခေါ်​ခဲ့​သည်။ ထို​နည်း​အားဖြင့် ဥရိယ​ကို ဗာသရှေဘ​၏​ကလေး​ဖခင်​ဟု အထင်​ခံစေ​မည်​ဖြစ်သည်။ သို့သော် ဥရိယ​က သူ့​အိမ်​သို့​မပြန်​ခဲ့​ပေ။ ဒါဝိဒ်​သည် မိမိ၏​အပြစ်ကို ဖုံးဖိ​ဖို့​ကြံ​ကာ ထိခိုက်​ကျဆုံး​နိုင်သော​နေရာ၌ ဥရိယ​ကို​ထား​ဖို့ စစ်ဗိုလ်ချုပ်​အား မှာ​လိုက်​သော​စာ​နှင့်အတူ ဥရိယ​ကို ရဗ္ဗာ​မြို့​သို့​ပြန်ပို့​လိုက်​သည်။ သို့ဖြင့် ဥရိယ​အသက်ဆုံးရှုံး​ခဲ့​ပြီး ဒါဝိဒ်​သည် မုဆိုးမ​ဖြစ်သူ ကိုယ်ဝန်​ရှိကြောင်း လူ​တို့​မသိ​မီ သူ့ကို​လက်ထပ်ခဲ့​သည်။—၂ ဓမ္မ​ရာဇဝင် ၁၁:၁-၂၇

၁၅။ (က) ဒါဝိဒ်​၏​အပြစ် မည်သို့​ဖော်ထုတ်​ခံ​ခဲ့​ရသနည်း။ (ခ) ဒါဝိဒ်​သည် နာသန်​၏​ကျွမ်းကျင်​လိမ္မာ​သော အပြစ်​ဖော်ပြ​ဆုံးမမှု​ကို မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

၁၅ သူ၏​အပြစ်ကို​ဖုံးဖိ​ရန် ဒါဝိဒ်​၏​ကြံစည်​မှု​အောင်မြင်​ခဲ့​သည်​ဟု ထင်​ရသည်။ လ​များ​ကုန်လွန်​သွားပြီ။ ကလေး—သား​တစ်ဦး—မွေးဖွား​ခဲ့​၏။ ဤ​အဖြစ်အပျက်​ကို​စိတ်စွဲ​လျက် ဆာလံ ၃၂ ကို ဒါဝိဒ်​ရေးစပ်​သီကုံး​ခဲ့​ခြင်း​ဖြစ်​လျှင် သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​က သူ့ကို​နှောင့်ယှက်​ခဲ့​သည်​မှာ​သေချာ​သည်။ (ဆာလံ ၃၂:၃-၅) သို့သော် အပြစ်ကို ဘုရားသခင်​ရှေ့ ဖုံးကွယ်​ထား​၍​မရပါ။ ကျမ်းစာ​က ဤသို့​ဆို​၏– “ဒါဝိဒ်​ပြုသော​အမှုသည် ထာဝရ​ဘုရား​ရှေ့တော်၌ ဆိုးသော​အမှု​ဖြစ်​သတည်း။” (၂ ဓမ္မ​ရာဇဝင် ၁၁:၂၇) ယေဟောဝါ​သည် ပရောဖက်​နာသန်​ကို​စေလွှတ်ခဲ့​၏၊ သူသည် ဒါဝိဒ်​ကျူးလွန်​ခဲ့​သည့်​အမှုကို ကျွမ်းကျင်​လိမ္မာ​စွာ​ထောက်ပြ​ခဲ့​သည်။ ဒါဝိဒ်​ချက်ချင်း​ဝန်ခံခဲ့​ပြီး ယေဟောဝါ​၏​ခွင့်လွှတ်​မှု​ကို အသနားခံ​ခဲ့​သည်။ သူ၏​စစ်မှန်သော​နောင်တ​က ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေ​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၁၂:၁-၁၃) အပြစ်​ဖော်ပြ​ဆုံးမခြင်း​ကို ဒါဝိဒ်​မခံမရပ်​နိုင်​မဖြစ်ခဲ့​ပါ။ သို့​ဖြစ်​မည့်​အစား ဆာလံ ၁၄၁:၅ ၌​ဖော်ပြ​ထားသော ဤ​သဘောထားကို သူ​တင်ပြ​ခဲ့​သည်– “ဖြောင့်မတ်​သော​သူသည် အကျွန်ုပ်​ကို ဒဏ်ခတ်​ပါစေ​သော။ ကျေးဇူးရှိ​ပါ​လိမ့်​မည်။ ဆုံးမ​ပါစေ​သော။ အကျွန်ုပ်​ဦးခေါင်း​ကို​လိမ်း​သော ဆီ​ဖြစ်ပါ​လိမ့်​မည်။ ထပ်၍​ပြု​သော်လည်း အကျွန်ုပ်​မငြင်း​ပါ။”

၁၆။ ရှောလမုန်​သည် အပြစ်​ကျူးလွန်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​သတိပေး​ချက်​နှင့် အကြံဉာဏ်​ကို ပေး​ခဲ့​သနည်း။

၁၆ ဒါဝိဒ်​နှင့်​ဗာသရှေဘ​တို့၏​ဒုတိယ​သားတော် ရှောလမုန်​သည် သူ့​ခမည်းတော်​၏​ဘဝတွင် အမှောင်​ဖုံး​သော ဤ​အဖြစ်အပျက်​ကို ပြန်ပြောင်း​သုံးသပ်​ခဲ့​ပေမည်။ နောင်​တွင် သူ​ဤသို့​ရေးသားခဲ့​၏– “မိမိ​အပြစ်ကို​ဝှက်ထား​သော​သူသည် ချမ်းသာမရ။ မိမိ​အပြစ်ကို​ဖော်ပြ​ဝန်ချ​၍ စွန့်ပစ်​သော​သူ​မူ​ကား ကရုဏာတော်​ကို​ခံရ​လိမ့်​မည်။” (သု. ၂၈:၁၃) ကျွန်ုပ်​တို့သည် ကြီး​လေး​သော​အပြစ်​သို့​ကျရောက်​ခဲ့​သော် သတိပေး​ချက်​လည်း​ဖြစ်၊ အကြံပေး​စကား​လည်း​ဖြစ်သော ထို​မှုတ်သွင်းခံ​အကြံပေး​ချက်​ကို လိုက်နာသင့်​သည်။ ယေဟောဝါ​ထံ ကျွန်ုပ်​တို့၏​အပြစ်ကို​ဝန်ချ​ကာ အကူအညီ​အတွက် အသင်းတော်​အကြီးအကဲ​များ​ထံ ချဉ်းကပ်​သင့်​သည်။ အကြီးအကဲ​များ​၏​အရေးပါသော​တာဝန်​တစ်ခု​မှာ အမှား​ပြု​မိ​သူတို့ကို ကူညီ​တည့်မတ်​ပေးဖို့​ဖြစ်သည်။—ယာကုပ် ၅:၁၄၊ ၁၅

အပြစ်​၏​အကျိုးဆက်များ​ကို ကြံ့ကြံ့ခံ​ခြင်း

၁၇။ ယေဟောဝါ​သည် အပြစ်​များ​ကို​ခွင့်လွှတ်​သော်လည်း အဘယ်အရာ​မှ​ကာကွယ်​တော်​မ​မူ​သနည်း။

၁၇ ဒါဝိဒ်​ကို ယေဟောဝါ​ခွင့်လွှတ်​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဒါဝိဒ်​သည်​တည်ကြည်သူ​တစ်ဦး​ဖြစ်​ပြီး အခြား​သူများကို သနား​ကြင်နာ​ကာ စစ်မှန်သော​နောင်တ​ရသော​ကြောင့်​ဖြစ်သည်။ သို့ရာတွင် လိုက်ပါ​လာသော​ဘေး​၏​အကျိုးဆက်များ​မှ ဒါဝိဒ်​ကာကွယ်​မခံခဲ့​ရ​ပါ။ (၂ ဓမ္မ​ရာဇဝင် ၁၂:၉-၁၄) ယနေ့လည်း အလားတူ​ဖြစ်၏။ ယေဟောဝါ​သည် နောင်တ​ရသူ​တို့​အပေါ် ဘေးဆိုးများ​မကျရောက်​စေ​သော်လည်း သူတို့၏​မှားယွင်းသော​လုပ်ရပ်များ​၏ သဘာဝ​အကျိုးဆက်များ​မှ ကင်းလွတ်ခွင့်​မပေး​ပါ။ (ဂလာတိ ၆:၇) လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းခြင်း​၏ ရလဒ်​အချို့​မှာ ကွာရှင်း​ခြင်း၊ မလိုလား​သော​ကိုယ်ဝန်၊ လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​ရခြင်း၊ ယုံကြည်​စိတ်ချမှု​နှင့် လေးစားမှု​ဆုံးရှုံး​ခံရ​ခြင်း​တို့​ဖြစ်​နိုင်​သည်။

၁၈။ (က) ကြီး​လေး​သော​လိင်ဆိုင်ရာ​ဖောက်ပြန်မှု​တစ်ခု​ကို ကိုင်တွယ်​ဖြေရှင်းရန် ကောရိန္သု​အသင်းတော်​အား ပေါလု​မည်သို့​မှာကြား​ခဲ့​သနည်း။ (ခ) ယေဟောဝါ​သည် အပြစ်သား​များ​အပေါ် မေတ္တာ​နှင့်​ချစ်ခင်​ကြင်နာ​မှု​ကို​မည်သို့​တင်ပြ​သနည်း။

၁၈ ကျွန်ုပ်​တို့​ကိုယ်တိုင် ကြီး​လေး​သော​အပြစ်​လုပ်မိ​ခဲ့​သော် မိမိတို့​ပြုလုပ်​ခဲ့​သော​အမှား​၏ အကျိုးဆက်များ​ကို​ခံစား​နေရ​သည့်​အ​ခိုက်​တွင် စိတ်ပျက်​အားလျော့​ရန်​လွယ်ကူ​သည်။ သို့သော် နောင်တ​ယူခြင်း​နှင့် ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်မှု​ရယူခြင်း​တို့ကို အဘယ်အရာကမျှ ကျွန်ုပ်​တို့ကို​အတားအဆီး​မဖြစ်စေ​သင့်​ပါ။ ပထမ​ရာစု​အတွင်း တမန်​တော်​ပေါလု​သည် သွေး​နီးစပ်​သူ​ချင်း​မတရားမေထုန်​ပြု​နေ​သူ​တစ်ဦး​ကို အသင်းတော်​မှ​နှင်ထုတ်​သင့်​ကြောင်း ကောရိန္သု​မြို့သား​များ​ထံ​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၅:၁၊ ၁၃) ထို​သူ​စစ်မှန်သော​နောင်တ​ရပြီး​နောက် ပေါလု​က “သူ၏​အပြစ်ကို​လွှတ်​၍ သူ့ကို​နှစ်သိမ့် [ကာ] သူ့ကို​အမှန်ချစ်​ကြသည်​ကို ထင်ရှား​စွာ​ပြ” ရန်​အသင်းတော်ကို​ညွှန်ကြား​ခဲ့​သည်။ (၂ ကောရိန္သု ၂:၅-၈) ဤ​မှုတ်သွင်းခံ​အကြံပေး​ချက်​တွင် နောင်တ​ရသော​အပြစ်သား​များ​အပေါ် ယေဟောဝါ​၏​မေတ္တာ​နှင့် ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​တွေ့ရ​သည်။ အပြစ်သား​တစ်ဦး​နောင်တ​ရသောအခါ ကောင်းကင်သား​များ ဝမ်းမြောက်​ကြသည်။—လုကာ ၁၅:၁၀

၁၉။ မှားယွင်းသော​လမ်းစဉ်​ကြောင့် အမှန်​ဝမ်းနည်း​ကြေကွဲ​ခြင်း​က အဘယ်​အကျိုး​ဖြစ်ထွန်း​စေနိုင်​သနည်း။

၁၉ မှားယွင်းသော​လမ်းစဉ်​ကြောင့် ဝမ်းနည်း​ကြေကွဲ​ကြသော်လည်း ကျွန်ုပ်​တို့၏​နောင်တ​က ‘မကောင်းမှု​ဘက်​သို့ ပြန်​မ​လှည့်​ရန် သတိရှိ’ ဖို့​ထောက်ကူ​ပေး​နိုင်​သည်။ (ယောဘ ၃၆:၂၁) အမှန်​မှာ အပြစ်​၏​ခါးသီး​သော​အကျိုးဆက်များ​က အမှား​ထပ်​ပြုလုပ်ခြင်း​မှ ကျွန်ုပ်​တို့ကို​တားဆီး​ပေး​သင့်​သည်။ ထို့​ပြင် ဒါဝိဒ်​သည် မိမိ၏​အပြစ်ရှိ​သော​အကျင့်​မှ​ရရှိခဲ့​သော ဝမ်းနည်းဖွယ်​တွေ့ကြုံမှု​ကို အသုံးပြု​ကာ အခြား​သူတို့ကို​သွန်သင်​နိုင်​ခဲ့​သည်။ သူ​ဤသို့​ဆို​ခဲ့​သည်– “အကျွန်ုပ်သည်​လည်း မတရားသော​သူတို့အား တရားတော်​လမ်းကို ပြသ​သွန်သင်ပါ​မည်။ အပြစ်ရှိ​သော​သူတို့သည် ကိုယ်တော်​ထံ​သို့​ပြန်​ကြ​ပါ​လိမ့်​မည်။”—ဆာလံ ၅၁:၁၃

ယေဟောဝါ​အား​အမှုထမ်း​ခြင်း​မှ​ပျော်ရွှင်မှု​ရ

၂၀။ ဘုရားသခင်​၏​ဖြောင့်မတ်​သော တောင်းဆိုချက်​များ​ကို​နာခံခြင်း​မှ အဘယ်​အကျိုးများ​ရရှိ​သနည်း။

၂၀ ယေရှု​က “ဘုရားသခင့်​နှုတ် [မြွက်​စကား] တော်​ကို ကြားနာ​၍ စောင့်ရှောက်သော​သူတို့သည် ပျော်ရွှင်​ကြ​၏!” ဟု​ဆို​ခဲ့​သည်။ (လုကာ ၁၁:၂၈က​ဘ) ဘုရားသခင်​၏​ဖြောင့်မတ်​သော​တောင်းဆိုချက်​များ​ကို လိုက်နာခြင်းက ယခု​နှင့် အဆုံးမဲ့​အနာဂတ်​တိုင်အောင် ပျော်ရွှင်မှု​ရစေသည်။ ကျွန်ုပ်​တို့​ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ နေထိုင်ကြ​ပြီ​ဆိုပါ​က ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေးဖို့ ယေဟောဝါ​ပြုလုပ်​ထားသော ပြင်ဆင်​ပေး​ချက်​အားလုံး​မှ အကျိုး​ရယူခြင်း​အားဖြင့် ထို​လမ်းစဉ်၌​ဆက်လျှောက်​နိုင်​ကြ​ပါစေ။ ကျွန်ုပ်​တို့သည် အကျင့်​ယိုယွင်းခြင်း​သို့​ကျရောက်​ခဲ့​လျှင် အမှန်​နောင်တ​ယူ​သူတို့ကို ယေဟောဝါ​ခွင့်လွှတ်​ဖို့​အသင့်​ရှိကြောင်း သိရ​ခြင်း​မှ​အားယူ​ကာ ဘယ်​သောအခါ​မျှ အပြစ်ကို​ထပ်​မလုပ်မိဖို့ စိတ်ပိုင်းဖြတ်​ကြ​စို့​လေ။—ဟေရှာယ ၅၅:၇

၂၁။ တမန်​တော်​ပေတရု​၏ အဘယ်​တိုက်တွန်းချက်​ကို လိုက်နာခြင်းက ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ​နေ​ရန် ကျွန်ုပ်​တို့ကို​ကူညီ​နိုင်​သနည်း။

၂၁ မကြာမီ ဤ​မဖြောင့်မတ်​သော​လောကကြီး​သည် ယင်း​၏​အကျင့်ပျက်​သော သဘောထားများ၊ အမူအကျင့်များ​နှင့်အတူ ကွယ်ပျောက်​သွားပါ​လိမ့်​မည်။ ကျင့်ဝတ်​ဖြူစင်​သန့်ရှင်းမှုကို​ထိန်းသိမ်း​ထား​လျှင် ယခု​နှင့်​ထာဝစဉ် အကျိုး​ခံစားရ​ပါ​လိမ့်​မည်။ တမန်​တော်​ပေတရု​က​ဤသို့​ရေးသားခဲ့​သည်– “ထိုသို့​မျှော်လင့်ခြင်း​ရှိသောကြောင့်၊ ချစ်သူ​တို့၊ သင်တို့သည် အညစ်အကြေး​နှင့်​ကင်းစင်​၍ အဘယ်​အပြစ်​မျှ​မပါဘဲ၊ ရှေ့တော်​သို့​ငြိမ်​ဝပ်​စွာ​ရောက်မည်​အကြောင်း ကြိုးစား​အားထုတ်​ကြလော့။ . . . မတရားသော​သူတို့၏​ပရိယာယ်​အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင်​ရာ​သို့​လိုက်၍၊ သင်တို့​တည်ကြည်​ခြင်း​မှ မရွေ့လျော့​မည်​အကြောင်း၊ ဤ​အရာများ​ကို​သိ​နှင့်​ပြီ​ဖြစ်၍၊ ကိုယ်ကို​ကိုယ်​စောင့်ရှောက်​ကြလော့။”—၂ ပေတရု ၃:၁၄၊ ၁၇

သင်​ရှင်းပြ​နိုင်​သလော

• ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ​နေထိုင်ရန် အဘယ်ကြောင့်​ခက်ခဲ​နိုင်​သနည်း။

• မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​များ​ကို​လိုက်​ဖို့ ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို ကူညီ​ထောက်မရန် နည်း​အချို့​ကား​အဘယ်နည်း။

• ရှောလမုန်​ဖော်ပြ​ခဲ့​သော လူရွယ်​၏​အပြစ်​များ​မှ ကျွန်ုပ်​တို့​အဘယ်​သင်ခန်းစာများ​ရနိုင်​သနည်း။

• ဒါဝိဒ်​၏​ပုံ​နမူနာ​က နောင်တ​ယူခြင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ကို​အဘယ်အရာ​သင်ပေး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကိုယ်ကျင့်တရား​ကိစ္စ​တွင် သင့်​ရပ်တည်ချက်ကို အခြားသူများ​အား​သိစေ​ခြင်း​က အကာအကွယ်​တစ်ခု​ဖြစ်

[စာမျက်နှာ ၁၆, ၁၇ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် စိတ်​ရိုး​မှန်​နှင့်​နောင်တ​ရခဲ့​သောကြောင့် ယေဟောဝါ​သူ့ကို​ခွင့်လွှတ်​ခဲ့