မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလျှံပယ်ရက်ရောမှုက ပျော်ရွှင်စေ

အလျှံပယ်ရက်ရောမှုက ပျော်ရွှင်စေ

အလျှံပယ်​ရက်ရောမှု​က ပျော်ရွှင်​စေ

မေတ္တာ​ရှိသော ခရစ်ယာန်​ကြီးကြပ်မှူး​တစ်ဦး​အနေ​ဖြင့် တမန်​တော်​ပေါလု​သည် ခရစ်ယာန်​ယုံကြည်သူချင်း​တို့၏​အကောင်းဆုံး​အကျိုးကို လိုလား​ခဲ့​၏။ (၂ ကောရိန္သု ၁၁:၂၈) ထို့​ကြောင့် ကျွန်ုပ်​တို့​ခရစ်နှစ်​၏ ၅၀ ပြည့်လွန်​နှစ်များ​အလယ်ပိုင်း​ပထမ​ရာစု​တွင် ယုဒ​နယ်​ရှိ​ဆင်းရဲသော​ခရစ်ယာန်​များ​အတွက် ငွေကြေး​ကောက်ခံ​ရန် သူ​စီစဉ်​ခဲ့​ချိန်​က ရက်ရောမှု​နှင့်​ပတ်သက်​၍ တန်ဖိုး​ရှိသော​သင်ခန်းစာ​ကို သွန်သင်​ပေးဖို့​အခွင့်အလမ်း​ယူ​ခဲ့​သည်။ ယေဟောဝါ​သည် စေတနာ​ပါ​သော​ပေးကမ်းမှု​ကို အလွန်​တန်ဖိုး​ထား​ကြောင်း ပေါလု​က​ဤသို့​အလေးပေး​ဖော်ပြ​ခဲ့​သည်– “လူတိုင်း ကိုယ်​အလိုအလျောက်​လှူ​ရ၏။ နှမြော​သော​စိတ်​နှင့်​မ​လှူ​ရ၊ မ​လှူ​ဘဲ​မနေ​ရ​ဟု စိတ်ထင်​နှင့်​မ​လှူ​ရ၊ အကြောင်း​မူ​ကား၊ စေတနာ​စိတ်​နှင့်​လှူ​သော​သူကိုသာ ဘုရားသခင်​နှစ်သက်​တော်​မူ​၏။”—၂ ကောရိန္သု ၉:၇

အလွန့်အလွန်​ဆင်းရဲ​သော်လည်း အလွန်​ရက်ရော​ကြ

ပထမ​ရာစုနှစ်​ရှိ ခရစ်ယာန်​အများစုမှာ အထင်ကရ​လူတန်းစား​မှ​မဟုတ်​ကြ​ပေ။ သူတို့​ထဲ​တွင် “တန်ခိုး​ကြီးသော​သူ​အများ​မပါ” ကြောင်း ပေါလု​သတိပြုမိ​ခဲ့​သည်။ သူတို့သည် “ဤ​လောက​၌ မိုက်မဲ​သော​သူ၊” “ဤ​လောက​၌​အားနည်း​သော​သူ” များ​ဖြစ်​ကြသည်။ (၁ ကောရိန္သု ၁:၂၆-၂၈သမ္မာ) ဥပမာ၊ မာကေဒေါနိ​ပြည်​ရှိ​ခရစ်ယာန်​များသည် “အလွန့်အလွန်​ဆင်းရဲ​ကြ” ကာ ‘ဆင်းရဲမှု​ကို​ခံ’ ခဲ့​ကြ​ရသည်။ သို့​ဖြစ်စေ​ကာ​မူ နှိမ့်ချသော​ဤ​ယုံကြည်သူ​မာကေဒေါနိ​ပြည်သား​တို့သည် “ထာဝရ​ဘုရား​၏​လူစု​အား​ကူညီ​မစမှု​တွင်” ငွေကြေး​ထည့်ဝင်​ခွင့်ပြု​ရန် တောင်းပန်​ခဲ့​ကြ​၏; ထို့​ပြင် သူတို့​ပေးကမ်း​သော​အရာ​မှာ ပေါလု​ဖော်ပြချက်​အရ “စွမ်းအား​ရှိသမျှ​ထက်​ပင်​ပို” ခဲ့​သည်​တကား!—၂ ကောရိန္သု ၈:၁-၄သတင်းကောင်း။

သို့​တိုင် ယင်း​သို့​သော ရက်ရက်ရောရော​ပေးကမ်းမှု​ကို ပေးကမ်း​သော​ပမာဏ​ဖြင့် သတ်မှတ်​ခဲ့​ခြင်း​မဟုတ်​ချေ။ ယင်းအစား စေ့ဆော်မှု၊ ဝေမျှ​ရန်​တလိုတလား​ရှိ​မှု​နှင့် စိတ်​နေ​စိတ်ထား​တို့​မှာ အရေးပါ​ခဲ့​သည်။ အလှူ​ထည့်ဝင်​ရာ​၌ ကျွန်ုပ်​တို့၏​စိတ်သဘောထား​နှင့် စိတ်နှလုံး​နှစ်ရပ်​စ​လုံး​အကျုံးဝင်​ကြောင်း ကောရိန္သု​ခရစ်ယာန်​များ​ကို ပေါလု​ညွှန်ပြ​ခဲ့​၏။ သူ​ဤသို့​ပြော​ခဲ့​သည်– “သင်တို့၌​ရှိသော ထို​စေတနာ​စိတ်​ကို ငါ​ဝါကြွား​၍ . . . မာကေဒေါနိ​လူ​တို့အား ငါ​ဆို​တတ်၏။ ထိုသို့ သင်တို့​စေတနာ​စိတ်အားကြီး​ခြင်း​အကြောင်းအရာ​သည် အများ​သော​သူတို့ကို နှိုးဆော်​တိုက်တွန်း​လေ​ပြီ။” ရက်ရော​စွာ​ပေး​မည်​ဟု သူတို့သည် “မိမိ​စိတ်ထဲ​၌ ကြံစည်​ထား​သည်။”—၂ ကောရိန္သု ၉:၂၊သမ္မာ။

‘သူတို့၏​စိတ်​ဝိညာဉ်​က သူတို့ကို​နှိုးဆော်​ခဲ့’

တမန်​တော်​ပေါလု​၏​စိတ်​တွင် ရက်ရက်ရောရော​ပေးကမ်း​ထည့်ဝင်​ခဲ့​သော ရှေး​ပုံသက်သေ​ရှိခဲ့​ပေမည်၊ တစ်ခု​မှာ သူ​အချိန်​မတိုင်မီ ရာစုနှစ် ၁၅ ခု​ကျော်​က တောကန္တာရ​ထဲ​၌ ဖြစ်ပျက်​ခဲ့​ရာ​ဖြစ်သည်။ ဣသရေလ ၁၂ နွယ်​သည် အီဂျစ်​ပြည်​၏​ကျွန်​ဘဝ​မှ လွတ်မြောက်​လာ​ခဲ့​ကြသည်။ ယခု သူတို့သည် သိနာ​တောင်​ခြေ​တွင်​ရှိနေကြ​ပြီး ဝတ်ပြုရေး​အတွက် တဲ​တော်​တစ်ဆောင်​ဆောက်လုပ်​ရန်​နှင့် ယင်း​တွင် ဝတ်ပြုရေး​ဆိုင်ရာ​အသုံးအဆောင်​များ​တပ်ဆင်​ရန် ယေဟောဝါ သူတို့ကို မိန့်မှာ​ခဲ့​၏။ ယင်းက ဥစ္စာ​အင်​ခွင်​များစွာ​လိုအပ်​မည်​ဖြစ်​ရာ ထို​လူမျိုး​မှာ ထည့်ဝင်​လှူဒါန်း​ရန် ဖိတ်ခေါ်​ခြင်း​ခံ​ခဲ့​ရသည်။

ထို​ဣသရေလ​အမျိုးသားများ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ “မိမိ​စိတ်နှလုံး​နှိုးဆော်​သော​သူ၊ ကြည်ညို​သော . . . စိတ်သဘော​ရှိသောသူ​အပေါင်းတို့သည် ပရိသတ်​စည်းဝေးရာ​တဲ​တော်​လုပ်ဖို့ . . . ထာဝရ​ဘုရား​အား​လှူ​သော​အလှူ​ကို ဆောင်​လျက်​လာ​ကြ​၏။” (ထွက်မြောက်ရာ ၃၅:၂၁) ထို​လူမျိုး​သည် ရက်ရက်ရောရော​ပေးကမ်း​ခဲ့​ကြ​သလော။ အတိုင်း​ထက်​အလွန်​ပင်! အောက်တွင်​ဖော်ပြ​သော​သတင်းကို မောရှေ​ရရှိခဲ့သည်– “ထာဝရ​ဘုရား​မှာ​ထား​တော်​မူ​သော​အလုပ် ပြီး​လောက်​ရုံ​မျှ​မ​က၊ ပို​၍​ဆောင်​ခဲ့​ကြ​ပါ​ပြီ။”—ထွက်မြောက်ရာ ၃၆:၅

ထို​အချိန်​က ဣသရေလ​တို့၏ ငွေကြေး​အခြေအနေ​ကား မည်သို့​နည်း။ သူတို့သည် စိတ်​ဆင်းရဲ​နေကြ​ရသည့် ကျေးကျွန်​များ​ဖြစ်​ခဲ့​ကြ​ပြီး ‘ကျပ်တည်း​စွာ​နှိပ်စက်​ညှဉ်းဆဲ​ခံရ​ကြ​၍’ “အလွန်​ဆင်းရဲ​ပင်ပန်း” သော​ဘဝဖြင့်​နေထိုင်​နေရ​သည့် “ညှဉ်းဆဲ” ခံရ​မှု​တို့​မှ​လွတ်မြောက်​လာ​သည်​မှာ မကြာသေး​ပေ။ (ထွက်မြောက်ရာ ၁:၁၁၊ ၁၄; ၃:၇; ၅:၁၀-၁၈) ထို​အချိန်​က သူတို့သည် ရုပ်ပစ္စည်း​အားဖြင့် ကြွယ်ဝ​ချမ်းသာ​ကြ​ဟန်​မရှိ​ချေ။ မှန်ပါသည်၊ ဣသရေလ​လူမျိုး​တို့သည် သိုး​နွား​တို့ကို​ယူဆောင်​၍ ကျွန်ခံ​ရသော​ထို​ပြည်​မှ​ထွက်ခွာ​ခဲ့​ကြ​၏။ (ထွက်မြောက်ရာ ၁၂:၃၂) သို့သော် ယင်း​ပမာဏ​မှာ များများ​စား​စား​မဟုတ်​ချေ၊ အကြောင်း​မှာ အီဂျစ်​ပြည်​မှ​ထွက်ခွာ​ပြီး​မကြာမီ သူတို့တွင်​စားသောက်​ရန် အ​မဲ​သား သို့​မဟုတ် စားစရာ​မရှိ​ဟု ညည်းညူ​ခဲ့​ကြ​၍​ဖြစ်သည်။—ထွက်မြောက်ရာ ၁၆:၃

သို့​ဆိုလျှင် တဲ​တော်​ဆောက်လုပ်​ရန် ထည့်ဝင်​လှူဒါန်း​သောတန်​ဖိုး​ရှိရာ​များ​ကို ဣသရေလ​လူမျိုး​တို့သည် မည်သည့်​နေရာ​မှ​ရရှိခဲ့ကြ​သနည်း။ ယခင်​က သူတို့၏​သခင်​များ​ဖြစ်သော အီဂျစ်လူ​တို့​ထံ​မှ​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ဣသရေလ​အမျိုးသား​တို့သည် ငွေ​တန်ဆာ၊ ရွှေ​တန်ဆာ၊ အဝတ်တန်ဆာ​များ​ကို အဲဂုတ္တု​လူ​တို့​၌ တောင်း​ကြ​၏။ [အီဂျစ်​တို့သည်] တောင်း​သည့်​အတိုင်း​လည်း ပေး . . . ကြ​၏။” အီဂျစ်လူ​တို့​ဘက်​မှ ဤ​ရက်ရက်ရောရော​ပေးကမ်းမှု​သည် ဖာရော​ကြောင့်​မဟုတ်ဘဲ ယေဟောဝါ​၏​ကောင်း​ချီ​ကြောင့်​ဖြစ်သည်။ ဘုရားသခင့်​မှုတ်သွင်းခံ​မှတ်တမ်းက ဤသို့​ဆို​သည်– “တောင်း​သည်​အတိုင်း​လည်း ပေး​ချင်​သော​စေတနာ​စိတ်​ကို ထာဝရ​ဘုရား​ပေး​တော်​မူ​သဖြင့် အဲဂုတ္တု​လူတို့၏​ဥစ္စာ​များ​ကို လုယူ​ကြ​၏။”—ထွက်မြောက်ရာ ၁၂:၃၅၊ ၃၆

ထို​အချိန်​က ဣသရေလလူ​များ မည်သို့​ခံစား​ကြ​ရမည်ကို မြင်ယောင်​ကြည့်​ပါ။ ထို​လူမျိုးဆက်​သည် ခါးသီး​သော​ကျွန်​သ​ပေါက်​ဘဝ​နှင့် ဆင်းရဲ​ချို့ငဲ့​မှု​ကို တစ်လျှောက်​လုံး​ခံ​ခဲ့​ကြ​ရ၏။ ယခု​မူ သူတို့သည် လွတ်လပ်​ခဲ့​ကြ​ပြီး ပစ္စည်းဥစ္စာ​များ​ကြွယ်ဝ​လာ​ခဲ့​ကြသည်။ ထို​ပိုင်ဆိုင်ရာ​မှ​အချို့​ပေး​လိုက်ရ​ခြင်း​ကို သူတို့​မည်သို့​ခံစား​ခဲ့​ကြ​ရမည်​နည်း။ ယင်း​တို့ကို သူတို့​ရထိုက်​၍​ရခြင်း​ဖြစ်​ရာ သိုမှီး​သိမ်းဆည်း​ထား​ခွင့်​ရှိသည်​ဟု သူတို့​ခံစား​မိ​ခဲ့​ပေမည်။ သို့သော် စင်ကြယ်သော​ဝတ်ပြုရေးကို ပံ့ပိုး​ဖို့​ငွေကြေး​ထည့်ဝင်​ရန် တောင်းဆို​သောအခါ—စိတ်မပါ​ခြင်း သို့​မဟုတ် တွန့်တို​ခြင်း​မရှိဘဲ ထည့်ဝင်​ပေးလှူ​ခဲ့​ကြသည်​တကား! ဤ​ရုပ်ပစ္စည်း​များ​ကို သူတို့​ပိုင်ဆိုင်​နိုင်​ရန် ယေဟောဝါ​ပြုလုပ်​ပေး​ခဲ့​ခြင်း​ဖြစ်​ကြောင်း သူတို့​မမေ့​ခဲ့​ကြ​ချေ။ သို့​နှင့် သူတို့သည် သူတို့၏​ရွှေငွေ​နှင့် တိရစ္ဆာန်​များ​ကို အမြောက်အမြား​ပေးလှူ​ခဲ့​ကြသည်။ သူတို့သည် “ကြည်ညို​သော​စေတနာ​စိတ်” ရှိခဲ့​ကြသည်။ သူတို့၏ ‘စိတ်နှလုံး​က သူတို့ကို​နှိုးဆော်​ခဲ့​သည်။’ ‘သူတို့၏​စိတ်​ဝိညာဉ်​က စေတနာ​စိတ်​ကို​နှိုးဆော်​သည်။’ အမှန်ပင် “ထာဝရ​ဘုရား​အား ကြည်ညို​သော​စိတ်​နှင့်​လှူ​ကြ​၏။”—ထွက်မြောက်ရာ ၂၅:၁-၉; ၃၅:၄-၉၊ ၂၀-၂၉; ၃၆:၃-၇

ပေးကမ်း​ရန်​အသင့်ရှိခြင်း

ထည့်ဝင်​လှူဒါန်း​သည့်​ပမာဏ​က ပေးကမ်း​သူ၏​တကယ့်​ရက်ရောမှု​အသွင်အပြင်​ကို ကိုယ်စား​ပြု​ဖော်ပြ​သည်မဟုတ်။ တစ်ခါ​က ယေရှုသည် ဝတ်ပြုရာ​အိမ်တော်​၏​ဘဏ္ဍာတိုက်​ထဲ​သို့ လူ​တို့​ငွေ​သွင်းချ​သည်ကို ကြည့်ရှု​တော်​မူ​၏။ ချမ်းသာသူ​တို့သည် များစွာသော​ဒ င်္ဂါး​ပြား​များ​ကို​သွင်းချ​ခဲ့​ကြသည်၊ သို့သော် ယေရှုသည် တန်ဖိုး​အနည်းငယ်​သာ​ရှိသော ဒ င်္ဂါး​ပြား​လေးနှစ်​ပြား​ကို​သာ​ထည့်သွင်း​သည့် ဆင်းရဲသော​မုဆိုးမ​တစ်ဦး​ကို တွေ့မြင်​ခဲ့​သောအခါ စိတ်စွဲ​မှတ်​သွားခဲ့သည်။ ကိုယ်တော်​ဤသို့​မိန့်တော်မူ၏– “ထို​ဆင်းရဲသော​မုဆိုးမ​သည် အခြားသော​သူအပေါင်း​ထက်​သာ၍​သွင်းချ​ပြီ။ . . . မိမိ​အသက်မွေး​စ​ရာ​ဥစ္စာ​ရှိသမျှကို [သူ] သွင်းချ​လေ​ပြီ။”—လုကာ ၂၁:၁-၄; မာကု ၁၂:၄၁-၄၄

ကောရိန္သု​မြို့သား​တို့​ထံ ပေါလု​၏​အမှာစကား​များသည် ယေရှု၏​ဤ​သဘော​တော်​နှင့် ညီညွတ်​ခဲ့​သည်။ ဆင်းရဲသော​ယုံကြည်သူချင်း​တို့ကို​ကူညီ​ဖို့ အလှူငွေများ​ထည့်သွင်း​ခြင်း​နှင့်​ပတ်သက်​လာသော​အခါ ပေါလု​က​ဤသို့​သတိပြုမိ​သည်– “စေတနာ​စိတ်​သည် အသင့်​ရှိလျှင်၊ မတတ်နိုင်​သော​အမှုကို​မ​ထောက်​ဘဲ၊ တတ်နိုင်​သော​အမှုကို​ထောက်၍ နှစ်သက်​တော်​မူ​ဖွယ်​ဖြစ်၏။” (၂ ကောရိန္သု ၈:၁၂) မှန်ပါသည်၊ အလှူငွေ​ထည့်ဝင်​ခြင်း​သည် ပြိုင်ဆိုင် သို့​မဟုတ် နှိုင်းယှဉ်​ရသည့်​ကိစ္စ​တစ်ရပ်​မဟုတ်​ချေ။ လူတစ်ဦး​သည် မိမိ​၌​ရှိသည့်​အလျောက်​ပေးလှူ​ပြီး ယေဟောဝါ​သည် ရက်ရက်ရောရော​ပေး​သည့်​စိတ်ဓာတ်​ကို နှစ်သက်​တော်​မူ​၏။

အမှန်စင်စစ် အရာခပ်သိမ်း​ကို ပိုင်ဆိုင်​သော​ယေဟောဝါ​အား ဥစ္စာ​ဓန​ကြွယ်ဝ​သွားစေရန် မည်သူ​တစ်ဦး​တစ်ယောက်​က​မျှ လုပ်ဆောင်​နိုင်​မည်​မဟုတ်သော်လည်း အလှူငွေ​ထည့်ဝင်​ခြင်း​သည် ကိုယ်တော်​အား​ချစ်သော​မေတ္တာကို ဖော်ကျူး​ရန် ဝတ်ပြု​ကိုးကွယ်​သူများ ကြိုးစား​အားထုတ်​နိုင်​သည့် အခွင့်အလမ်း​တစ်ရပ်​ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၂၉:၁၄-၁၇) အလှူငွေ​ထည့်ဝင်​ရာ​တွင် လူသိ​အောင်​ပြ​ရန် သို့​မဟုတ် အခြား​ကိုယ်ကျိုး​အတွက်​မဟုတ်ဘဲ လျောက်ပတ်​သော​သဘောထား​နှင့်အတူ စစ်မှန်သော​ဝတ်ပြုရေးကို​တိုးမြှင့်​ရန်​ပေးကမ်း​ခြင်း​က ပျော်ရွှင်မှု​နှင့် ဘုရားသခင်​၏​ကောင်းချီး​မင်္ဂလာ​ကို​ဖြစ်စေသည်။ (မဿဲ ၆:၁-၄) ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိသည်။” (တမန်​တော် ၂၀:၃၅) ယေဟောဝါ​၏​လုပ်ငန်းတော်​၌ ကျွန်ုပ်​တို့၏​အစွမ်း​ခွန်အား​ကို​ပေးကမ်း​ခြင်း၊ စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ပံ့​ပေး​ရန်​အတွက် ကျွန်ုပ်​တို့၏​ရုပ်ပစ္စည်း​ပိုင်ဆိုင်ရာ​မှ အတန်​အရာ​ကို​ဖယ်​ထားခြင်း၊ ထိုက်တန်​သော​သူတို့ကို ကူညီ​ပေးခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ထို​ပျော်ရွှင်မှု​ကို မျှဝေ​ခံစား​နိုင်​ကြ​ပါ​သည်။—၁ ကောရိန္သု ၁၆:၁၊ ၂

ယနေ့ ပေးကမ်း​ရန်​အသင့်ရှိခြင်း

ယနေ့ ယေဟောဝါသက်သေ​များသည် “[ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို” ဟောပြော​ရာ​၌ ကမ္ဘာ​တစ်ဝန်း​တွင်​တိုးတက်လာ​ခြင်း​ကို တွေ့မြင်​ကြ​ခြင်း​အတွက် ပျော်ရွှင်​ပီတိ​ဖြစ်​ကြသည်။ (မဿဲ ၂၄:၁၄) ၂၀ ရာစုနှစ်​၏​နောက်ဆုံးသော​ဆယ်စုနှစ်​တွင် ၃,၀၀၀,၀၀၀ ကျော်​သော​သူတို့သည် ယေဟောဝါ​ဘုရားသခင်​ထံ မိမိတို့၏​ဆက်ကပ်​အပ်နှံခြင်း​ကို​တင်ပြ​ရန် နှစ်ခြင်း​ခံယူ​ခဲ့​ကြ​ပြီး အသင်းတော်​အသစ် ၃၀,၀၀၀ ခန့်​ကို​တည်ထောင်​ခဲ့​ကြသည်။ မှန်ပါသည်၊ ယနေ့​တည်ရှိ​နေသော ယေဟောဝါသက်သေ​များ​၏​အသင်းတော် သုံးပုံတစ်ပုံ​သည် လွန်ခဲ့သော​ဆယ်နှစ်​အတွင်း တည်ထောင်​ခဲ့​ခြင်း​ဖြစ်သည်​တကား! တိုးတက်မှု​အများစုမှာ အိမ်နီးချင်း​များ​ထံ​လည်ပတ်​၍ ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​ကို သူတို့အား​ပြောပြ​နိုင်​ရန် မိမိတို့၏​အချိန်​နှင့် ခွန်အား​ကို​ပေး​ခဲ့​ကြ​သည့် စိတ်ရင်းကောင်း​သော ခရစ်ယာန်​အမျိုးသား၊ အမျိုးသမီး​တို့၏ ကြိုးပမ်း​အားထုတ်မှု​၏​ရလဒ်​ဖြစ်သည်။ တိုးတက်မှု​အချို့​မှာ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​၌ ကူညီပေး​ရန် မိမိတို့၏​နေအိမ်​ကို​စွန့်ခွာ​၍ အလှမ်း​ကွာဝေး​သော​နိုင်ငံ​ရပ်​ခြား​သို့​သွားရောက်​ကြ​သည့် ခရစ်ယာန်​သာသနာပြု​များ​၏ လုပ်ဆောင်မှု​ကြောင့်​ဖြစ်သည်။ တိုးတက်မှု​ကြောင့် တိုက်နယ်​အသစ်များ​ကို​ဖွဲ့စည်း​ခဲ့​ရ​ရာ တိုက်နယ်​ကြီးကြပ်မှူး​အသစ်များ ခန့်အပ်​ရန် လိုအပ်​လာ​ပြန်​သည်။ ထို့​အပြင် ဟောပြောခြင်း​နှင့် ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း၌ အသုံးပြုရန်​အတွက် သမ္မာကျမ်းစာ​များ​သာ၍​လိုအပ်​လာ​ခဲ့​၏။ စာအုပ်စာတမ်း​များ သာ၍​ပုံနှိပ်​ရန် လိုအပ်​လာ​ခဲ့​သည်။ ထို့​အပြင် တစ်နိုင်ငံ​ပြီး​တစ်နိုင်ငံ ဗေသလ​အဆောက်အအုံ​များ တိုးချဲ့​ရန် သို့​မဟုတ် သာ၍​ကျယ်ဝန်း​သော​ဝင်းခြံ​များ​ဖြင့်​အစားထိုး​ရန် လိုအပ်​ခဲ့​လေ​ပြီ။ ထပ်ဆင့်​လိုအပ်​လာသော ဤ​အရာအားလုံးကို ယေဟောဝါ​၏​လူ​တို့​ထံ​မှ စေတနာအလျောက်​လှူဒါန်း​ငွေ​များ​၏​အကူအညီ​ဖြင့် ထောက်ပံ့​ပေး​ခဲ့​လေ​ပြီ။

ဘုရားသခင်​နိုင်ငံတော်​ခန်းမ​များ​လိုအပ်ခြင်း

ယေဟောဝါသက်သေ​များ​၏​အရေအတွက် တိုးများ​လာ​ခြင်း​နှင့်အတူ အထင်အရှား​လိုအပ်​လာ​သည့်​အရာ​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်​အစပိုင်း​၌ ပြုလုပ်​ခဲ့​သော​စစ်တမ်း​များ​က ငွေကြေး​ချို့တဲ့သော ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ပေါင်း ၁၁,၀၀၀ ကျော်​လို​ကြောင်း ဖော်ပြ​ခဲ့​သည်။ အင်ဂိုလာ​နိုင်ငံ​ကို​သုံးသပ်ကြည့်​ပါ။ နှစ်ချီ၍​ပြည်တွင်းစစ်​များ​ဖြစ်​လင့်​ကစား ထို​နိုင်ငံ​သည် နှစ်စဉ် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ပျမ်းမျှ​အရေအတွက် ၁၀ ရာခိုင်နှုန်း​တိုးတက်​နေသည်။ သို့သော် ဤ​ကျယ်ပြော​လှ​သည့် အာဖရိက​နိုင်ငံ​၌​ရှိသော အသင်းတော်​ပေါင်း ၆၇၅ ခု​အနက်​အများစုမှာ လေဟာပြင်​တွင်​သာ စည်းဝေး​ပြုလုပ်​ကြ​ရသည်။ ထို​နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ပေါင်း ၂၂ ခု​သာ​ရှိပြီး ယင်း​တို့​ထဲ​မှ ၁၂ ခု​သာ​လျှင် အမိုး​ပုံစံ​မျိုး​ပါရှိ​သည်။

ကွန်ဂို​ဒီမိုကရက်တစ်​သမ္မတနိုင်ငံ​တွင် အလားတူ​အခြေအနေ​မျိုး ဖြစ်နေ​သည်။ မြို့တော်​ဖြစ်သော ကင်​ရှာ​စာ​တွင် အသင်းတော်​ပေါင်း ၃၀၀ နီးပါး​ရှိသော်လည်း ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆယ်ခု​သာ​ရှိသည်။ တစ်​တိုင်းပြည်​လုံး​အရ ဤ​နိုင်ငံ​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ပေါင်း ၁,၅၀၀ ကျော် ချက်ချင်း​ပင်​လိုအပ်​လေ​သည်။ အရှေ့​ဥရောပ​နိုင်ငံ​များ​တွင် အလျင်အမြန်​တိုးတက်လာ​မှု​ကြောင့် ရုရှား​နှင့် ယူကရိန်း​တို့​စုပေါင်း​၍ နိုင်ငံတော်​ခန်းမ​ပေါင်း​ရာ​နှင့်​ချီ​လိုအပ်​လာ​သည်။ လက်တင်အမေရိက​၌ တစ်မုဟုတ်ချင်း​တိုးတက်လာ​နေ​မှု​သည် ဘရာဇီး​တွင် အထူး​ထင်ရှား​ပြီး ယင်း​တွင် သက်သေခံ​ပေါင်း​သန်း​တစ်ဝက်​ကျော်​ရှိနေပြီ​ဖြစ်​ရာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ ထပ်၍​အကြီးအကျယ်​လိုအပ်​လာ​သည်။

ယင်း​သို့​သော​နိုင်ငံ​များ​တွင် လိုအပ်ရာ​များ​ကို​ဖြည့်စွက်​ပေး​ရန် ယေဟောဝါသက်သေ​များသည် နိုင်ငံတော်​ခန်းမ​များ​ဆောက်လုပ်​ခြင်း​အတွက် အရှိန်အဟုန်​တိုးမြှင့်​ပေး​နေသည့်​အစီအစဉ်​တစ်ရပ်​ကို အကောင်အထည်ဖော်​ဆောင်ရွက်လျက်​ရှိသည်။ အဆင်း​ရဲ​ဆုံးသော​အသင်းတော်များ​ပင်​လျှင် လျောက်ပတ်​သော​ဝတ်ပြုရေး​အချက်အချာ​နေရာတစ်ခု​ကို ရရှိနိုင်​ရန် ထို​အစီအစဉ်ကို ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​၏ ရက်ရက်ရောရော​လှူဒါန်း​ပေးကမ်းမှု​ဖြင့် ငွေကြေး​ထောက်ပံ့​ခဲ့​ခြင်း​ဖြစ်သည်။

ရှေး​ဣသရေလ​အချိန်​က​ကဲ့သို့​ပင် စိတ်ရင်းမှန်​သော​ခရစ်ယာန်​များသည် ‘မိမိတို့​ဥစ္စာ​နှင့် ယေဟောဝါ​အား​ဂုဏ်တင်​ခြင်း’ ကြောင့် များစွာ​တို့​မှာ​ပြီးစီး​အောင်မြင်​နိုင်​ခဲ့​သည်။ (သု. ၃:၉၊ ၁၀) ယေဟောဝါသက်သေ​များ​၏​အုပ်ချုပ်ရေး​အဖွဲ့က ဤ​စေတနာအလျောက်​ပေးကမ်း​ခြင်း​၌ မိမိတို့​စိတ်နှလုံး​စေ့ဆော်မှု​ဖြင့် ပါဝင်​ကြ​သူ​တိုင်း​ကို အလွန်​ကျေးဇူး​တင်​လေးမြတ်​ကြောင်း တစ်​ပါ​တည်း​ပြော​လို​ပါ​သည်။။ ထို့​အပြင် အစဉ်​တိုးချဲ့​လျက်​ရှိသော ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ထောက်ပံ့​ပေး​ရန် ယေဟောဝါ​၏​ဝိညာဉ်တော်သည် မိမိလူ​တို့၏​စိတ်နှလုံး​ကို ဆက်လက်​နှိုးဆော်​ပေး​လိမ့်​မည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။

ကမ္ဘာချီ​တိုးချဲ့မှု ဆက်​ဖြစ်ပျက်​နေသည်​နှင့်​အမျှ ကျွန်ုပ်​တို့၏​အစွမ်း​ခွန်အား၊ အချိန်​နှင့် ဥစ္စာ​အင်ခွင်များကို ပေးကမ်း​ရာ​တွင် ရွှင်လန်းမှု​နှင့် လိုလိုလားလား​ရှိ​မှု​ကို​ဖော်ပြ​ရန် အခွင့်အလမ်း​များ ဆက်လက်​ရှာယူ​ကြပါစို့။ ထို့​ပြင် ပေးကမ်း​ခြင်း​စိတ်ဓာတ်​မှ စစ်မှန်သော​ရွှင်လန်းမှု​ကို ကျွန်ုပ်​တို့​တွေ့ကြုံ​နိုင်​ကြ​ပါစေ။

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]

“ပညာရှိ​စွာ​အသုံးပြုပါ!

“ကျွန်မ​အသက် ဆယ်နှစ်​ပါ။ ကျွန်မ​ပို့လိုက်​တဲ့ ဒီ​ငွေ​နဲ့ စာအုပ်​တွေ​ထုတ်ဝေ​ဖို့ စက္ကူ ဒါမှ​မဟုတ် အခြား​အရာ​တစ်ခုခု​ကို သင်တို့​ဝယ်ယူ​နိုင်​ပါ​တယ်။”—စင်​ဒီ။

“ကျွန်မတို့​အတွက် စာအုပ်​တွေ​ထပ်​ထုတ်ပေး​ဖို့ သင်တို့​ထံ ဒီ​ငွေ​ပို့ပေး​ရခြင်း​ကို ကျွန်မ​နှစ်သက်​မိ​ပါ​တယ်။ ဒီ​ငွေ​ဟာ ကျွန်မ​အဖေ​ကို ကူညီပေး​လို့​ရတာကို စု​ထား​တာ​ဖြစ်ပါ​တယ်။ ဒီ​အတွက် ပညာရှိ​စွာ​အသုံးပြုပါ!”—အသက်​ခု​နစ်​နှစ်အရွယ်​ရှိ ပဲ​မ်း။

“ဟာရီကိန်း​မုန်တိုင်း​အကြောင်းကြား​ရလို့ ကျွန်မ​ဝမ်းနည်း​မိ​ပါ​တယ်။ သင်တို့ ဘေးရန်ကင်း​မယ်​လို့ ကျွန်မ​မျှော်လင့်တယ်။ ဒီ [ယူ.အက်စ်. ၂ ဒေါ်လာ] ဟာ ကျွန်မ​စုဘူး​ထဲ​က ပိုက်ဆံ​အကုန်ပဲ။”—အသက်​လေးနှစ်​အရွယ် အဲလီ​ဆင်

“ကျွန်တော့်​နာမည်​က ရူဒီ​ပါ။ အသက် ၁၁ နှစ်​ရှိပါ​ပြီ။ ကျွန်တော့်​ရဲ့​ညီ ရပ်​ဖ်​က အသက်​ခြောက်​နှစ်။ ကျွန်တော့်​ညီမလေး ဂျူဒစ်ထ်​က​တော့ နှစ်နှစ်ခွဲ​ပါ။ [စစ်ဒဏ်​ခံရ​တဲ့​နယ်မြေ​တစ်ခု] မှာ​ရှိတဲ့ ကျွန်တော်​တို့​ရဲ့​ညီအစ်ကို​တွေ​ကို ကူညီ​ပေးဖို့ ကျွန်တော်​တို့​ရဲ့ သုံး​လစာ​ထောက်ပံ့​ငွေ​တွေ​ကို​စု​ထား​ပါ​တယ်။ ဒေါ်လာ ၂၀ ကို ကျွန်တော်​တို့​စု​နိုင်​ခဲ့​ကြ​ပြီး အခု​ပို့ပေး​လိုက်ပါ​တယ်။”

“[ဟာရီကိန်း​မုန်တိုင်းတိုက်​ခတ်မှု ခံ​ခဲ့​ရသည့်] ညီအစ်ကို​တွေ​အတွက် ကျွန်တော်​ဝမ်းနည်း​ပါ​တယ်။ ကျွန်တော့်​အဖေနဲ့​အတူ အလုပ်​လုပ်တာ ၁၇ ဒေါ်လာ​ရခဲ့တယ်။ ဒီ​ပိုက်ဆံ​ကို ဘယ်​တစ်စုံတစ်ရာ​အတွက် ရည်စူး​ပြီး​ပို့​တာ​မဟုတ်လို့ သင်တို့​ပဲ ဆုံးဖြတ်​လိုက်ပါ။”—ရှစ်နှစ်​အရွယ် မဲ​ခ်​က​လီးန်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

အချို့​သူများ​လှူဒါန်း​ရန်​ရွေးချယ်​ပုံ

ကမ္ဘာချီ​လုပ်ငန်း​အတွက်​ပါဝင်​လှူဒါန်းခြင်း

များစွာသော​သူတို့သည် “ကမ္ဘာချီ​လုပ်ငန်း​အတွက်​အလှူငွေ—မဿဲ ၂၄:၁၄” ဟု​ရေးထား​သော အလှူငွေ​သေတ္တာ​တွင်​ထည့်ဝင်​ရန် မိမိတို့၏​ငွေကြေး​များ​ကို သီးသန့်​ဖယ်​ထား​ကြသည်။ အသင်းတော်များ​သည် ယင်း​အလှူငွေများ​ကို ဘ​ရွတ်​က​လင်​နယူးယောက်​ဌာနချုပ် သို့​မဟုတ် ဒေသခံ​ဌာနခွဲရုံး​သို့ လစဉ်​ပေး​ပို့​ကြသည်။

စေတနာအလျောက်​ငွေကြေး​အလှူငွေများ​ကို Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201-2483, သို့​မဟုတ် သင့်​နိုင်ငံ​ကို တာဝန်​ယူ​ပေး​ရသော​အသင်းမ​၏​ရုံး​သို့ တိုက်ရိုက်​ပေး​ပို့​နိုင်​သည်။ ကျောက်​မျက်​ရတနာ​နှင့် အခြား​တန်ဖိုး​ရှိ​အရာများ​ကိုလည်း လှူဒါန်း​နိုင်​သည်။ ဤသို့​ပေး​ပို့​လှူဒါန်း​ရာ​တွင် လုံးလုံးလျားလျား​လှူဒါန်း​ကြောင်း​ဖော်ပြ​သည့် စာတို​ကလေး​ပါ ထည့်​ပေး​သင့်​သည်။

ကန့်သတ်ချက်​ဖြင့်​လှူဒါန်းခြင်း​အစီအစဉ်

လှူဒါန်း​သူ၏​ကိုယ်ရေးကိုယ်တာ လိုအပ်ချက်​ရှိပါက ပြန်လည်​ပေးအပ်​ဖို့ အထူး​အစီအစဉ်​ဖြင့် ကင်းမျှော်စင်​အသင်း​သို့ ငွေကြေး​လွှဲအပ်​ထား​ပေး​နိုင်​သည်။ ထပ်မံ​သိ​လို​ပါ​က အထက်တွင် ဖော်ပြ​ထားသော​လိပ်စာ​ရှိ Treasurer’s Offi​​ce ကို​စာရေး​မေးမြန်း​နိုင်​သည်။

ပေးကမ်း​ရန်​စီစဉ်​ထားခြင်း

ငွေကြေး​လုံးလုံးလျားလျား​ပေးအပ်​ခြင်း​နှင့် ကန့်သတ်ချက်​ဖြင့် ငွေ​လှူဒါန်းခြင်း​အပြင် ကမ္ဘာချီ​နိုင်ငံတော်​လုပ်ငန်း​ကို အထောက်အကူ​ပြု​ရန် အခြား​ပေးကမ်း​နည်း​များ​ရှိသည်။ ၎င်း​တို့​တွင် အောက်ပါ​နည်း​များ​ပါဝင်​သည်–

အာမခံ– ကင်းမျှော်စင်​အသင်း​အမည်​ဖြင့် အသက်​အာမခံကြေး​ခံစားခွင့်​များ၊ အငြိမ်းစား​ခံစားခွင့်​များ​ကို ပြုလုပ်​ပေး​နိုင်​သည်။

ဘဏ်​စာရင်း​များ– ဘဏ်​ရှင်း​တမ်း​များ၊ ငွေစု​စာအုပ်​များ၊ အငြိမ်းစား​ခံစားခွင့်​စာရင်း (ပင်စင်​စာအုပ်) များ​ကို ဒေသန္တရ​ဘဏ်​စည်းကမ်း​များ​အရ ကင်းမျှော်စင်​အသင်း​ထံ အပ်နှံ သို့​မဟုတ် ကာယ​ကံ​ရှင် သေဆုံး မှ လွှဲပြောင်းပေး​ရန် စီစဉ်​နိုင်​သည်။

အစုရှယ်ယာ​လက်မှတ်​နှင့် ငွေချေး​စာချုပ်​များ– အစုရှယ်ယာ​လက်မှတ်​များနှင့် ငွေချေး​စာချုပ်​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လုံးလုံးလျားလျား​ပေးအပ်​လှူဒါန်း​နိုင်​သည်။

အိမ်ရာ​အဆောက်အအုံ​များ– ရောင်းချ​နိုင်သော အိမ်ရာ​အဆောက်အအုံ​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လုံးလုံးလျားလျား​ဖြစ်စေ၊ လှူဒါန်း​သူ​အသက်ရှင်​နေသရွေ့​နေထိုင်ရန် အပိုင်း​ကို​ချန်လှပ်​၍​ဖြစ်စေ ပေးအပ်​လှူဒါန်း​နိုင်​သည်။ ဤသို့​ပေးလှူ​ရန် စာချုပ်​စာတမ်း​မပြု​မီ အသင်းမ​ကို အကြောင်းကြား​သင့်​သည်။

သေတမ်းစာ​နှင့် လွှဲအပ်​စာ​များ– ပစ္စည်းဥစ္စာ သို့​မဟုတ် ငွေကြေး​များ​ကို ကင်းမျှော်စင်​အသင်း​သို့ တရားဝင်​သေတမ်းစာ​ဖြင့် အမွေ​ပေးလှူ​ဒါန်း​နိုင်​သည်။ သို့​မဟုတ် လွှဲအပ်​စာချုပ်​တွင် အသင်းမ​က အကျိုး​ခံစားခွင့်​ရှိသူ​အဖြစ်​ပါဝင်​စေနိုင်​သည်။ ဤသို့​ဘာသာရေး​အဖွဲ့အစည်း​ကို လွှဲအပ်​ရာ​တွင် အခွန်​နှင့်​ပတ်သက်​သည့် အကျိုးအမြတ်​တစ်စုံတစ်ခု​ကို ဖြစ်ထွန်း​စေ​ပေမည်။

“ပေးကမ်း​ရန်​စီစဉ်​ထားခြင်း” ဝေါဟာရ​က အဓိပ္ပာယ်​သက်ရောက်​စေသည့်​အတိုင်း ဤ​လှူဒါန်းခြင်း​နည်းလမ်းများ​သည် လှူဒါန်း​သူ​ဘက်​မှ ကြိုတင်​စီစဉ်​ထားမှု​အချို့​လိုအပ်​ပေမည်။ ပေးကမ်း​ရန်​စီစဉ်​ထားခြင်း​နည်းလမ်း​အချို့​ဖြင့် အသင်းမ​ကို​အကျိုးပြု​ရန် ဆန္ဒရှိ​သူများ​အတွက် အကူအညီ​ဖြစ်​ဖို့​ရန် ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို အကျိုးပြု​ဖို့ ပေးကမ်း​ရန်​စီစဉ်​ထားခြင်း ဟု​ခေါင်းစဉ်​တပ်ထား​သည့် အင်္ဂလိပ်​နှင့် စပိန်​ဘာသာ​တို့​ဖြင့် ဘရိုရှာ​တစ်စောင်​ကို အသင်းမ​က ပြင်ဆင်​ပြီး​ခဲ့ပြီ။ အသင်းမ​က လက်ဆောင်​များ၊ သေတမ်းစာ​နှင့် လွှဲအပ်​စာ​များနှင့်​ပတ်သက်​၍ မေးမြန်းခြင်း​စာ​များစွာကို ရရှိခဲ့​သည့်​အတွက် ပြန်လည်​ဖြေကြား​ရန် ဤ​ဘရိုရှာ​ကို ရေးသားခဲ့​ခြင်း​ဖြစ်သည်။ ယင်း​တွင် မြေယာ​ဆိုင်ရာ၊ ငွေကြေး​ဆိုင်ရာ၊ အခွန်​အ​တုတ်​ဆိုင်ရာ​စီစဉ်​ရေး​နှင့်​ပတ်သက်​သည့် ထပ်ဆင့်​အကြောင်းအရာများ​လည်း​ပါဝင်​သည်။ မိမိ၏​မိသားစု​နှင့် ကိုယ်ရေးကိုယ်တာ​အခြေအနေ​များ​ကို ထည့်​စဉ်းစား​ကာ အကျိုး​အရှိဆုံး​နှင့် အထိရောက်ဆုံး​နည်းလမ်းများ​ကို ရွေးချယ်​ဖို့ အသင်းမ​ထံ အထူး​လက်ဆောင် သို့​မဟုတ် သေတမ်းစာ​နှင့်​လွှဲအပ်​ပေး​ရန် စီစဉ်​နေကြ​သော အမေရိကန်​ပြည်ထောင်စု​ရှိ လှူဒါန်း​လို​သူများကို​ကူညီ​ရန် ရည် ရွယ်​ချက်​ဖြင့် ရေးဆွဲ​ထားခြင်း​ဖြစ်ပါ​သည်။ ပေးကမ်း​ရန်​စီစဉ်​ထားခြင်း​ရုံး​မှ ၎င်း​ဘရိုရှာ​ကို​တိုက်ရိုက်​တောင်းခြင်း​ဖြင့် ရယူ​နိုင်​ပေမည်။

ဤ​ဘရိုရှာ​ကို ဖတ်ရှု​ပြီး ပေးကမ်း​ရန်​စီစဉ်​ထားခြင်း​ဌာန​နှင့် ဆွေးနွေး​ပြီး​နောက် များစွာသော​သူတို့သည် အသင်းမ​ကို ကူညီ​ထောက်ပံ့​နိုင်​ပြီး တစ်ချိန်တည်း​တွင် အခွန်​ကင်းလွတ်ခွင့်​တိုး၍​ရရှိခဲ့​ပါ​သည်။ ပေးကမ်း​ရန်​စီစဉ်​ထားခြင်း​ဌာန​ကို အစီအစဉ်​တစ်စုံတစ်ခု​နှင့်​စပ်လျဉ်းပြီး အကြောင်းကြား​သင့်​ကာ သက်ဆိုင်ရာ​စာရွက်စာတမ်း​တစ်စုံတစ်ရာ​ကို ရယူ​ထား​သင့်​သည်။ ယင်း​ဘရိုရှာ​တစ်စောင်​ကိုလည်း​ကောင်း၊ ပေးကမ်း​ရန်​စီစဉ်​ထား​သည့် နည်း​တစ်ခုခု​၌​လည်းကောင်း စိတ်ဝင်စားသူ​များသည် အောက်​ဖော်ပြ​ပါ​လိပ်စာ သို့​မဟုတ် သင့်​နိုင်ငံ​တွင် လုပ်ငန်း​ကို​စီမံ​သော​အသင်း​၏​ရုံး၊ ပေးကမ်း​ရန်​စီစဉ်​ထားခြင်း​ဌာန​သို့ စာရေး​၍​ဖြစ်စေ၊ တယ်လီဖုန်း​ဆက်၍​ဖြစ်စေ ဆက်သွယ်​သင့်ပါသည်။

ပေးကမ်း​ရန် စီစဉ်​ထားခြင်း​ဌာန

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive,

Patterson, New York 12563-9204

Telephone: (845) 306-0707