မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်မြင်မှုကို သင်မည်သို့တိုင်းတာသနည်း

အောင်မြင်မှုကို သင်မည်သို့တိုင်းတာသနည်း

အောင်မြင်မှု​ကို သင်​မည်သို့​တိုင်းတာ​သနည်း

အောင်မြင်မှု​ကို “ချမ်းသာ​ကြွယ်ဝခြင်း၊ နှစ်သက်​လက်ခံမှု​ရခြင်း သို့​မဟုတ် ထင်ရှား​ကျော်ကြား​ခြင်း” အဖြစ် အဘိဓာန်​တစ်အုပ်​က အနက်ဖွင့်​သည်။ ယင်းသည် ပြည့်စုံ​သည့်​အဓိပ္ပာယ်​ဖွင့်ဆိုချက်​တစ်ခု​လော။ ချမ်းသာ​ကြွယ်ဝခြင်း၊ နှစ်သက်​လက်ခံမှု​ရခြင်း သို့​မဟုတ် ထင်ရှား​ကျော်ကြား​ခြင်း​တို့သည်​သာ အောင်မြင်မှု​ကို တိုင်းတာ​သည့်​အရာများ​လော။ အဖြေ​မပေး​မီ ဤ​အချက်​ကို​သုံးသပ်ကြည့်​ပါ– ယေရှု၏​တစ်သက်တာ​တွင် ရုပ်ပစ္စည်း​ကြွယ်ဝ​ရန် မကြိုးစား​ခဲ့​ပါ။ လူအများစု​၏​နှစ်သက်​လက်ခံမှုကို ကိုယ်တော်​မရရှိ​ခဲ့​ပါ; သူ့​ခေတ်​ရှိ ဝါဒ​သစ်​ထွင်​သူများ​က​လည်း ကိုယ်တော်​ကို သိပ်​အထင်မကြီး​ကြ​ပါ။ သို့​တိုင် ယေရှုသည် အောင်မြင်​သည့်​လူသား​တစ်ဦး​ဖြစ်​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။

ယေရှု​ကမ္ဘာ​ပေါ်​ရှိ​စဉ် ‘ဘုရားသခင့်​ရှေ့တော်တွင် . . . ကြွယ်ဝ’ ခဲ့​သည်။ (လုကာ ၁၂:၂၁) ရှင်ပြန်ထမြောက်​ပြီး​နောက်​တွင် ဘုရားသခင်​သည် ကိုယ်တော်​အား “ဘုန်း​အသရေ” နှင့်​ချီးမြှောက်​ခြင်း​ဖြင့် ဆုချ​ခဲ့​သည်။ ယေဟောဝါ​သည် မိမိ​သားတော်ကို​ချီး​မြှောက်၍ “ဘွဲ့​နာမ​တကာ​တို့​ထက်​ကြီးမြတ်သော​ဘွဲ့​နာမကို ပေးသနား​တော်​မူ​၏။” (ဟေဗြဲ ၂:၉; ဖိလိပ္ပိ ၂:၉) ယေရှု၏​အသက်တာ​လမ်းစဉ်သည် ယေဟောဝါ​၏​နှလုံးကို ရွှင်ပြုံး​စေ​ခဲ့​သည်။ (သု. ၂၇:၁၁) ကိုယ်တော်​၏​မြေကြီး​အသက်တာ အောင်မြင်​ခဲ့​ရခြင်း​မှာ ၎င်း​၏​ရည်ရွယ်ချက်​အထမြောက်​စေ​ခဲ့​၍​ဖြစ်သည်။ ယေရှုသည် ဘုရားသခင့်​အလိုတော်ကို​ဆောင်​ပြီး ကိုယ်တော့်​နာမတော်​ကို​ဂုဏ်တင်​ခဲ့​သည်။ တစ်ဖန် ဘုရားသခင်​သည် ယေရှု​အား မည်သည့်​စာပေ​ပညာရှင်၊ မည်သည့်​နိုင်ငံရေးသမား သို့​မဟုတ် မည်သည့်​အားကစား​အကျော်အမော်​မျှ မရရှိ​ဖူး​သည့် ချမ်းသာ​ကြွယ်ဝမှု၊ နှစ်သက်​လက်ခံမှု​နှင့် ထင်ပေါ်​ကျော်ကြား​မှု​တို့​ဖြင့် ဂုဏ်ပြု​ချီးမြှင့်​ခဲ့​သည်။ ယေရှုသည် မြေကြီးပေါ်​အသက်ရှင်ခဲ့သမျှ​တွင် အအောင်မြင်ဆုံး​လူသား​အမှန်ပင်​ဖြစ်​ခဲ့​သည်။

ခရစ်ယာန်​မိဘများသည် မိမိတို့​ကလေး​များ ခရစ်တော်​၏​ခြေရာ​အတိုင်း​လိုက်လျှောက်​ကြ​မည်​ဆိုလျှင် ယေရှု​ကဲ့သို့ ဘုရားသခင်​ရှေ့တော်၌ ကြွယ်ဝ​လာ​ကာ ကြွယ်ဝသော​ကောင်းချီး​များ​ကို ယခု​ခံစား​ရပြီး လာ​လတ္တံ့​သော​အစီအစဉ်​တွင် စဉ်းစားဉာဏ်​မမီ​နိုင်​သည့်​ဆုကျေးဇူး​ကို​ခံစားရ​မည်​ဖြစ်​ကြောင်း သဘောပေါက်​ကြသည်။ လူငယ်​တစ်ဦး​အတွက် ခရစ်တော်​၏​ခြေရာ​ကို​လိုက်လျှောက်ခြင်း၊ ဖြစ်​နိုင်​လျှင် အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပါဝင်ခြင်း​အားဖြင့် ယေရှု​ကဲ့သို့​လုပ်ဆောင်ခြင်း​ထက် သာ၍​ကောင်းသော​နည်းလမ်း​မရှိပါ။

သို့သော် အချို့​သော​ယဉ်ကျေးမှု​များ​တွင် ပျံ့နှံ့​နေသည့်​ဓလေ့​ထုံးစံ​မှာ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​တွင် လူငယ်များ​ပါဝင်​ရန်​မဟုတ်​ချေ။ လူငယ်​တစ်ဦး​ကျောင်း​ပြီးသွား​သည့်​အခါ အချိန်ပြည့်​အလုပ်လုပ်၊ အိမ်ထောင်​ပြုပြီး အတည်တကျ​နေထိုင်ရန် မျှော်လင့်​ကြ​ပေမည်။ တစ်ခါတစ်ရံ ယင်း​သို့​သော​နောက်ခံ​များ​မှ​လာသော လူငယ်များသည် အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ဝင်ရောက်​ရမည်ကို လွဲမှား​စွာ​တွန့်ဆုတ်​နေကြ​သည်။ (သု. ၃:၂၇) အဘယ်ကြောင့်​နည်း။ ပျံ့နှံ့​နေသည့်​ယဉ်ကျေးမှု​စံနှုန်း​များနှင့်​အညီ​နေ​လို​သည့် ဖိအား​ကြောင့်​ဖြစ်သည်။ ရောဘတ် ဤ​အတိုင်း​ပင်​ဖြစ်​ခဲ့​သည်။ *

ယဉ်ကျေးမှု​နှင့် ကိုယ်ကို​ကိုယ်​သိသောစိတ် ဆန့်ကျင်ဘက်​ဖြစ်သည့်​အခါ

ရောဘတ်​သည် ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် ကြီးပြင်း​လာ​ခဲ့​သည်။ ဆယ်ကျော်သက်​အရွယ်​၌ သူ၏​အကျင့်အကြံ​နှင့် အပေါင်းအသင်း​ရွေးချယ်မှု​တို့​တွင် မနှစ်သက်​စ​ရာ​များ​ရှိ​နေသည်။ သူနှင့်​ပတ်သက်​၍ မိခင်​ဖြစ်သူ​သည် စတင်​စိုးရိမ်​လာ​သည်။ ထို့​ကြောင့် သူ့​သားကို​အားပေး​ကူညီ​ရန် ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​အမှုဆောင်​ဖြစ်သော ရှေ့ဆောင်​တစ်ဦး​ကို အကူအညီ​တောင်း​သည်။ နောက်ပိုင်း​ဖြစ်​ခဲ့​ရာ​များ​ကို ရောဘတ်​က​ရှင်းပြသည်။

“ကျွန်တော့်​အပေါ်​ပြသ​ခဲ့​တဲ့ ရှေ့ဆောင်​ညီအစ်ကို​ရဲ့ စိတ်ဝင်စားမှု​ကို ကျွန်တော်​တကယ်​လေးမြတ်​ခဲ့တယ်။ သူ့ရဲ့​ကောင်း​တဲ့​ပုံသက်သေ​က ကျွန်တော်​ကျောင်း​ပြီး​တာ​နဲ့ အသက်မွေး​လုပ်ငန်း​အဖြစ် ရှေ့ဆောင်​လုပ်ငန်းမှာပါ​ဝင်​လို​တဲ့​ဆန္ဒ​ကို ဖြစ်ပေါ်​စေ​ခဲ့တယ်။ အဲဒီအချိန်မှာ အမေ​တစ်ခါ​စိုးရိမ်​ပူပန်​ခဲ့​ရ​ပြန်​တယ်၊ ဒါပေမဲ့ တခြား​အကြောင်းရင်း​တစ်ခု​ကြောင့်​ပါ။ ကျွန်တော်​တို့​ရဲ့​ယဉ်ကျေးမှုမှာ မိန်းကလေး​တစ်ယောက်​အတွက် ကျောင်း​ပြီးသွား​တာ​နဲ့ ချက်ချင်း​ရှေ့ဆောင်​လုပ်ဖို့​အဆင်ပြေ​ပေမဲ့ ယောက်ျားလေး​တစ်ယောက်​အတွက် ပထမဦးဆုံး ငွေ​ရေး​ကြေး​ရေး​အမာခံ​ရှိအောင်​လုပ်ဆောင်ဖို့​ဖြစ်​ပြီး နောက်​မှ​ရှေ့ဆောင်​လုပ်ငန်း​ကို စဉ်းစား​နိုင်​မယ်။”

“ကျွန်တော်​အလုပ်​တစ်ခု​ရပြီး ကိုယ်ပိုင်​လုပ်ငန်း​ကို​စတင်​လုပ်ကိုင်​ခဲ့​သည်။ မကြာခင် ကျွန်တော်​ဟာ လုပ်ငန်း​ကိစ္စ​တွေ​မှာ​နှစ်မြှုပ်​နေခဲ့​ပြီး စည်းဝေး​တွေ​တက်​ခြင်း​နဲ့​ဟောပြောခြင်းကို လုပ်ရိုးလုပ်စဉ်​အဖြစ်​လောက်​သာ တက်ရောက်​ပါဝင်​ခဲ့တယ်။ ကိုယ်ကိုကိုယ်သိတဲ့စိတ်​က ကျွန်တော့်​ကို​နှောင့်ယှက်​ခဲ့တယ်၊ ယေဟောဝါ​အမှုတော်ကို ကျွန်တော်​ပို​ပြီး​အပြည့်အဝ​ထမ်းဆောင်​နိုင်တယ်​ဆိုတာ​ကို သိပါတယ်။ ဒါပေမဲ့ တခြား​သူတွေ ကျွန်တော့်​ကို​မျှော်လင့်​ထား​ရာတွေ​ကနေ လွတ်မြောက်​ဖို့ တကယ့်ကို ရုန်းကန်​နေ​ရတယ်၊ ဒါပေမဲ့ ရုန်းကန်​နိုင်​ခဲ့လို့ ကျွန်တော်​ပျော်​တယ်။ အခု​ဆို ကျွန်တော်​ဟာ​အိမ်ထောင်​ပြုပြီး ကျွန်တော့်​ဇနီး​နဲ့​ကျွန်တော် လွန်ခဲ့တဲ့​နှစ်နှစ်​ကတည်းက ရှေ့ဆောင်​လုပ်ခဲ့ကြတယ်။ မကြာခင်​က ကျွန်တော်​ဟာ အသင်းတော်မှာ ခရစ်ယာန်​အမှုထမ်း​တစ်ဦး​အဖြစ် ခန့်အပ်​ခံ​ခဲ့​ရတယ်။ ယေဟောဝါ​အမှုတော်ကို နှလုံး​အကြွင်းမဲ့၊ အစွမ်း​ရှိသမျှနဲ့​ထမ်းဆောင်ခြင်း​က အခု စစ်မှန်​တဲ့​ကျေနပ်​ရောင့်ရဲမှု​ကို ခံစား​ရတယ်လို့ ကျွန်တော်​အမှန်အတိုင်း​ပြော​နိုင်​ပါ​တယ်။”

ဤ​မဂ္ဂဇင်းက လူငယ်များ​ကို ဖြစ်​နိုင်​လျှင် ကျောင်းတက်​နေစဉ် လုပ်ငန်း​တစ်ခု​သင်ယူ​ရန် သို့​မဟုတ် အသုံးဝင်​သော​အရည်အချင်း​အချို့​ရရှိအောင် သင်ယူ​ရန် ထပ်ခါတလဲ​အားပေး​တိုက်တွန်း​လာ​ခဲ့​သည်။ အဘယ်​ရည်ရွယ်ချက်​ဖြင့်​နည်း။ ချမ်းသာ​ကြွယ်ဝ​လာရန်​လော။ မဟုတ်ပါ။ အဓိက​အကြောင်းရင်း​မှာ သူတို့သည် အရွယ်ရောက်​သူများ​အဖြစ် မိမိတို့​ကိုယ်ကို ကောင်းမွန်​စွာ​ထောက်ပံ့​နိုင်​ရန်​နှင့် ယေဟောဝါ​၏​အမှုတော်ကို အတတ်နိုင်ဆုံး အထူးသဖြင့် အချိန်ပြည့်​ခရစ်ယာန်​အမှုဆောင်ခြင်း​တွင် ပါဝင်​နိုင်​ရန်ဖြစ်​သည်။ သို့သော် ငယ်ရွယ်​သော​အမျိုးသားများ​နှင့် အမျိုးသမီးများ​သည် ခရစ်ယာန်​ဓမ္မ​အမှု​၏​အရေးပါမှု​ကို လျော့နည်းစေ​သည့် လောက​လုပ်ငန်း​တစ်ခု​ကို ကြိုးပမ်း​လုပ်ဆောင်ခြင်း​တွင် မကြာခဏ ကျော့မိ​ခံ​ခဲ့​ရ​ကြသည်။ အချို့​သူတို့သည် အချိန်ပြည့်​အမှုဆောင်ခြင်း​တွင်​ပါဝင်​ရန် စဉ်း​ပင်မ​စဉ်းစား​ပေ။ အဘယ်ကြောင့်​နည်း။

ရောဘတ်​၏​ဖော်ပြချက်များ​က ထို​ကိစ္စ​နှင့်​ပတ်သက်ပြီး အတော်အတန်​ရှင်းလင်း​စေ​သည်။ ရောဘတ်​သည် လုပ်ငန်း​တစ်ခု​ကို တတ်မြောက်​သွား​သည့်​အခါ အလုပ်​တစ်ခု​ကို​စတင်​လုပ်ကိုင်​ခဲ့​သည်။ မကြာမီ သူသည် မည်သည့်​နေရာကို​မျှ မ​ပို့ပေး​နိုင်​သည့် ပုံဆောင်​ခြေနင်း​စက်​ပေါ်​ရောက်​ခဲ့​ရသည်။ သူ၏​ပန်းတိုင်​မှာ ငွေ​ရေး​ကြေး​ရေး​အမာခံ​ရှိစေရန်​ဖြစ်သည်။ သို့သော် ခရစ်ယာန်​အသင်းတော်​အတွင်း သို့​မဟုတ် အပြင်​ရှိသူ​တစ်ဦး​တစ်ယောက်​သည် ထို​ပန်းတိုင်​ကို​အပြည့်အဝ​မီ​ဖူး​ပါသလော။ ခရစ်ယာန်​များသည် ငွေ​ရေး​ကြေး​ရေး​ဘက် တာဝန်​ယူ​နိုင်​သူ​ဖြစ်​ရန်၊ မိမိတို့၏ ငွေ​ရေး​ကြေး​ရေး​ဆိုင်ရာ​တာဝန်​များ​ကို ဝီရိယ​စိုက်ထုတ် ဖြည့်ဆည်း​ဆောင်ရွက်​နိုင်​သူ​ဖြစ်​ရန် ကြိုးပမ်း​သင့်​သည်; သို့သော် ဤ​မရေရာ​သည့်​ကာလ​တွင် မိမိတို့ ငွေကြေး​အမာခံ​ရပြီ​ဟု အမှန်​ယူမှတ်​နိုင်​သည့်​အဆင့်​ရောက်​ခဲ့​သူ​နည်း​ကြောင်း သဘောပေါက်​သင့်​သည်။ ယင်းကြောင့် မဿဲ ၆:၃၃ ၌​မှတ်တမ်း​တင်ထားသော ယေရှု၏​ကတိတော်​သည် ခရစ်ယာန်​များ​ကို အလွန်​နှစ်သိမ့်မှု​ဖြစ်စေ​သည်။

ရောဘတ်​သည် ယဉ်ကျေးမှု၏​သတ်မှတ်ချက်​များ​ထက် သူ့​နှလုံး​လိုအင်​များ​နောက်လိုက်​ရန် ဆုံးဖြတ်​ခဲ့​သောကြောင့် ပျော်ရွှင်​နေသည်။ ယနေ့ သူသည် အချိန်ပြည့်​အမှုဆောင်ခြင်း​လုပ်ငန်း​တွင် ပါဝင်​လျက်​ရှိသည်။ မှန်ပါသည်၊ အချိန်ပြည့်​ခရစ်ယာန်​အမှုဆောင်ခြင်း​သည် ဂုဏ်​ရှိသော​အသက်မွေး​မှု​လုပ်ငန်း​တစ်ခု​ဖြစ်သည်။ ရောဘတ်​၌​ငြိမ်သက်မှု​ရှိနေခြင်း​မှာ သူ​ပြောပြ​သည့်​အတိုင်း ‘အစွမ်း​ရှိသမျှ’ နှင့်​ယေဟောဝါ​အမှုတော်ကို​ဆောင်ရွက်ခြင်း​ကြောင့်​ဖြစ်သည်။

သင့်​ပင်ကိုစွမ်းရည်​များ​ကို အကျိုး​အရှိဆုံး​အသုံးချပါ

ယေဟောဝါသက်သေ​များ​တွင် ပင်ကို​အရည်အချင်း​ရှိသူ​များစွာ​ရှိသည်။ အချို့​တွင် ထူးခြားသော​တွေးခေါ်​ဆင်ခြင်​နိုင်စွမ်း ရှိကြသည်; အခြားသူများ​မူ ခန္ဓာ​စွမ်းအား​ကြီးမားသူ​များ​ဖြစ်သည်။ ယင်း​အရည်အချင်း​အားလုံး​သည် “ခပ်သိမ်း​သော​သူတို့အား ဇီဝ​အသက်​နှင့်​တကွ ထွက်သက်​ဝင်​သက်​မှ​စ၍ ခပ်သိမ်း​သော​အရာ​တို့ကို” ပေး​တော်​မူ​သော​အရှင် ယေဟောဝါ​ထံ​တော်​မှ​ဖြစ်သည်။ (တမန်​တော် ၁၇:၂၅) အသက်မရှိ​လျှင် ယင်း​အရည်အချင်းသည် တန်ဖိုး​ရှိ​မည်​မဟုတ်ပေ။

ထို့​ကြောင့် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံ​ထားသော ဘဝ​အသက်တာ​များ​ကို ယေဟောဝါ​၏​အမှုတော်​ဆောင်ခြင်း​တွင် အသုံးပြုခြင်း​သည်​သာ သင့်လျော်​ပေ​သည်။ ပင်ကိုစွမ်းရည်​ရှိ​လူငယ်​တစ်ဦး ထိုသို့​ပြု​ရန်​ဆုံးဖြတ်​ခဲ့​သည်။ စီ.အီး. ပထမ​ရာစု​တွင် သက်ရှိ​ထင်ရှား​ခဲ့​သူ​ဖြစ်သည်။ အထင်ကရ​မိသားစုဝင်​တစ်ဦး​ဖြစ်​ပြီး သူ၏​ငယ်ရွယ်ချိန်​ကို ကိ​လိ​ကိ​ပြည်​၏ ကျော်ကြား​သော​မြို့​ဖြစ်သည့် တာရှု​မြို့တွင်​ကုန်လွန်​စေ​ခဲ့​သည်။ ဂျူး​ဇာတိ​ဖွား​ဖြစ်သော်လည်း သူ့​ဖခင်​ကြောင့် ရောမ​နိုင်ငံသား​အဖြစ်​ခံယူ​ခဲ့​သည်။ ယင်းက သူ့​အား လုပ်ပိုင်ခွင့်​များနှင့် အခွင့်ထူး​များစွာ​ရရှိစေ​ခဲ့​သည်။ သူကြီး​ပြင်း​လာသော​အခါ ထို​အချိန်​က အကျော်ကြားဆုံး “ပါမောက္ခ” တစ်ဦး​ဖြစ်သူ ဂါမလျေလ​ထံ​တွင် ဥပဒေ​ပညာ​ကို ဆည်းပူး​ခဲ့​သည်။ ယင်းက မကြာမီ သူသည် ‘ချမ်းသာ​ကြွယ်ဝမှု၊ နှစ်သက်​လက်ခံမှု​နှင့် ထင်ပေါ်​ကျော်ကြား​မှု’ တို့ကို ပိုင်ဆိုင်​ရမည့်​ပုံ​ရှိခဲ့​သည်။—တမန်​တော် ၂၁:၃၉; ၂၂:၃၊ ၂၇၊ ၂၈

ထို​လူငယ်​ကား​မည်သူ​နည်း။ သူ၏​အမည်​မှာ ရှောလု​ဖြစ်သည်။ သို့သော် ရှောလုသည် ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ပြီး နောက်ဆုံး​၌ တမန်​တော်​ပေါလု​ဖြစ်လာ​ခဲ့​သည်။ သူ၏ မူလ​ရည်မှန်းချက်​များ​ကို​ဖယ်ရှား​လိုက်ပြီး ခရစ်ယာန်​တစ်ဦး​အဖြစ် သူ့​ဘဝ​တစ်ခုလုံး​ကို ယေဟောဝါ​၏​အမှုတော်တွင် မြှုပ်နှံ​ခဲ့​သည်။ ပေါလု​သည် ဥပဒေ​ပညာရှင်​တစ်ဦး​အဖြစ် မ​ကျော်ကြား​ဘဲ သတင်းကောင်းကို​ဇွဲရှိ​စွာ​ဟောပြောသူ​အဖြစ် ကျော်ကြား​လာ​ခဲ့​သည်။ ခရစ်ယာန်​သာသနာပြု​တစ်ဦး​အဖြစ် နှစ်ပေါင်း ၃၀ နီးပါး​လုပ်ဆောင်​ပြီး​နောက် ဖိလိပ္ပိ​ရှိ​မိတ်ဆွေများ​ထံ ပေါလု​စာ​တစ်စောင်​ရေးခဲ့​သည်။ ထို​တွင် ခရစ်ယာန်​တစ်ဦး​ဖြစ်​မလာ​မီ အတိတ်​က​သူ၏​အောင်မြင်မှု​အချို့​ကို​ပြန်​ဆန်းစစ်​သုံးသပ်​ပြီး​နောက် ဤသို့​ဆို​သည်– “ခရစ်တော်​ကို​အမြတ်ရ​နိုင်​ရန် . . . ထို​အရာများ​ကို အမှိုက်​သ​ရိုက်​ကဲ့သို့ [ယေရှု​ခရစ်တော်] ကြောင့်​ငါ​ထင်မှတ်​၏။” (ဖိလိပ္ပိ ၃:၇-၈သတင်းကောင်း) သူ့​အသက်တာကို​အသုံးပြု​ခဲ့​သည့်​လမ်းစဉ်​အတွက် ပေါလု​နောင်တ​မရခဲ့​ပေ!

ဂါမလျေလ​ထံ​မှ ပေါလု​ရရှိခဲ့​သည့် ပညာ​နှင့်​ပတ်သက်​၍​ကော​အသို့နည်း။ ယင်းသည် သူ့​အတွက်​အသုံးဝင်​ခဲ့​သောအခါ​ရှိခဲ့​ဖူး​သလော။ ရှိပါ​သည်! ‘သတင်းတရား​ဘက်​မှ ခုခံ​ချေပ​ကာ ဥပဒေ​ကြောင်း​အရ တည်စေ​ရာ​၌’ အကြိမ်ကြိမ်​အထောက်အကူ​ဖြစ်စေ​ခဲ့​သည်။ သို့သော် ပေါလု​၏​အဓိက​အလုပ်မှာ သူ၏​အစောပိုင်း​ကျောင်း​ပညာရေး​က မသင်​ပေး​နိုင်​ခဲ့​သော​အရာတစ်ခု​ဖြစ်သည့် သတင်းကောင်း​ဟောပြောသူ​တစ်ဦး​အဖြစ် အမှုဆောင်ခြင်း​ဖြစ်သည်။—ဖိလိပ္ပိ ၁:၇က​ဘ; တမန်​တော် ၂၆:၂၄၊ ၂၅

အလားတူ ယနေ့ အချို့​သူများ​သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား တိုးတက်စေ​ရန် သူတို့၏ ပင်ကို​အရည်အချင်းများ၊ စွမ်းရည်​များနှင့် ကျောင်း​ပညာရေး​ကို​ပင် အသုံးပြုနိုင်​ခဲ့​ကြသည်။ သာဓက​အနေ​နှင့် အေမီ​သည် ကူး​သန်း​ရောင်းဝယ်ရေး​ပညာ​နှင့် ဥပဒေ​ပညာရပ်​တို့​ဖြင့် တက္ကသိုလ်​ဘွဲ့ ရထား​သူ​ဖြစ်သည်။ သူသည် တစ်ချိန်က ဥပဒေ​ရေးရာ​အဖွဲ့​တွင် ဝင်ငွေ​ကောင်းသော​အလုပ်​တစ်ခု​ရထား​သော်လည်း ယခု​မူ ကင်းမျှော်စင်​အသင်း​၏​ဌာနခွဲရုံး​တစ်ခု​တွင် အခကြေးငွေ​မယူ​ဘဲ စေတနာ့​ဝန်ထမ်း​ဓမ္မ​အမှုဆောင်​တစ်ဦး​အဖြစ် အမှုဆောင်​နေသည်။ အေမီ​က သူ၏​ယခု​အသက်တာကို​ဖော်ပြ​သည်​ကား ဤသို့– “ဘဝမှာ အကောင်းဆုံး​ရွေးချယ်မှု​ပြု​ထား​တယ်လို့ ကျွန်မ​ယုံကြည်တယ်။ . . . တက္ကသိုလ်​က ဘယ်သူ​ငယ်​ချင်း​တစ်ယောက်​နဲ့​မှ နေရာ​ချင်း​လဲ​လို​တဲ့​ဆန္ဒ ကျွန်မ​မှာ​မရှိဘူး။ ကျွန်မ​ရွေးချယ်​ခဲ့​တဲ့​လမ်းကို ကျွန်မ​ဂုဏ်ယူ​တယ်။ ကျွန်မ​လိုအပ်ရာ​နဲ့ လိုချင်​တာ​အားလုံး​ဖြစ်​တဲ့—ရောင့်ရဲ​ပျော်ရွှင်​တဲ့​ဘဝနဲ့ ပြီးပြည့်စုံ​ပြီး​ကျေနပ်မှု​ပေး​တဲ့​အသက်မွေး​မှု​အလုပ်​တစ်ခု​ကို ရထားတယ်။”

အေမီ​သည် စိတ်​ငြိမ်သက်မှု၊ ကျေနပ်​ရောင့်ရဲမှု​နှင့် ယေဟောဝါ​၏​ကောင်းချီး​များ​ကို​ရရှိစေ​သည့်​လမ်းစဉ်​ကို ရွေးချယ်​ခဲ့​သည်။ ခရစ်ယာန်​မိဘများသည် မိမိတို့​ကလေး​များ​အား ထိုသို့​ပင်​ဖြစ်စေ​လို​မည်​မှာ​သ​ချာ​သည်!

ခရစ်ယာန်​ဓမ္မ​အမှု​တွင် အောင်မြင်မှု

ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပင် အောင်မြင်မှု​နှင့်​ပတ်သက်​၍ တော်မှန်​သော​အမြင်​ရှိ​ရန် အရေးကြီး​သည်။ လယ်ကွင်း​အမှုဆောင်ခြင်း​တွင် ပျော်ရွှင်ဖွယ်​အချိန်ကို​အသုံးပြု​လိုက်​သောအခါ၊ ကျမ်းစာ​စာပေ​ဝေငှ​လိုက်ခြင်း သို့​မဟုတ် နှိုးဆော်​မှု​ဖြစ်သော ကျမ်းစာ​ဆွေးနွေးပွဲ​များ​တွင် အိမ်ရှင်​များ​ကို​ပါဝင်​စေနိုင်​သည့်​အခါ​တို့​တွင် အောင်မြင်မှု​ရသည်​ဟု​ခံစားရ​ပေမည်။ သို့သော် နားထောင်​သော​သူကို​တွေ့ရ​ခဲ​လျှင် ကျွန်ုပ်​တို့သည်​အချိန်ဖြုန်း​နေခြင်း​ဖြစ်သည်ဟု ယူမှတ်​ရန်​သွေးဆောင်​ခံရ​နိုင်​သည်။ သို့သော် အောင်မြင်ခြင်း​၏​အဓိပ္ပာယ်​ဖွင့်ဆိုချက်​တစ်ခု​မှာ ‘နှစ်သက်​လက်ခံမှု​ရခြင်း’ ဖြစ်သည်​ကို သတိရပါ။ မည်​သူ့​နှစ်သက်​လက်ခံမှုကို ကျွန်ုပ်​တို့​ရ​လို​ကြ​သနည်း။ ယေဟောဝါ​၏​နှစ်သက်​လက်ခံမှု​သာ​တည်း။ ကျွန်ုပ်​တို့၏​သတင်းတရားကို လူများ​နားထောင်​သည်​ဖြစ်စေ၊ နားမထောင်​သည်​ဖြစ်စေ ယင်းကို​ကျွန်ုပ်​တို့​ရနိုင်​သည်။ ယင်း​နှင့်​ပတ်သက်​၍ ထိရောက်​သော​သင်ခန်းစာ​တစ်ခု​ကို မိမိ​တပည့်တော်​များ​အား ယေရှု​သင်​ပြပေး​ခဲ့​သည်။

ယေရှုသည် “ကိုယ်တိုင်​ကြွ​လေ​အံ့​သော မြို့ရွာ​အရပ်ရပ်​တို့​သို့” ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူ ၇၀ စေလွှတ်ခဲ့​သည်ကို သင်​ပြန်​အမှတ်ရ​ပေမည်။ (လုကာ ၁၀:၁) သူတို့သည် ယေရှု​မပါဘဲ မြို့ရွာ​များ​တွင် ဟောပြောကြ​ရန်ဖြစ်​သည်။ ယင်းသည် သူတို့​အတွက် အတွေ့အကြုံ​သစ်​တစ်ခု​ဖြစ်​ခဲ့​သည်။ ထို့​ကြောင့် ယေရှု​က သူတို့ကို​မစေလွှတ်မီ အသေးစိတ်​ညွှန်ကြားချက်​များ​ပေး​ခဲ့​သည်။ “ငြိမ်သက်ခြင်း​၏​သား” ကို​တွေ့​သည့်​အခါ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း စေ့​င​စွာ​သက်သေခံ​ရန်ဖြစ်​သည်။ သို့သော်လည်း ငြင်းပယ်​ခံရ​သည့်​အခါ စိုးရိမ်​ပူပန်​စ​ရာ​မလို​ဘဲ မိမိတို့​လုပ်ငန်း​ကို​ဆက်လုပ်​ရန်ဖြစ်​သည်။ သူတို့ကို​နားထောင်​ရန်​ငြင်းဆန်သူ​များသည် ယေဟောဝါ​ကိုယ်တော်တိုင်​အား အမှန်​ငြင်းပယ်​ခြင်း​ဖြစ်​ကြောင်း ယေရှု​ရှင်းပြ​ခဲ့​သည်။—လုကာ ၁၀:၄-၇၊ ၁၆

၇၀ သော​သူတို့သည် မိမိတို့၏​ဟောပြောခြင်း​တာဝန် ပြီးဆုံး​သွား​သည့်​အခါ “ဝမ်းမြောက်​သော​စိတ်​နှင့်” ယေရှု​ထံ​ပြန်​လာ၍​သတင်းပို့​ခဲ့​သည်– “‘သခင်၊ ကိုယ်တော်​၏​နာမ​အားဖြင့် အကျွန်ုပ်​တို့သည် နတ်ဆိုး​ကို​ပင်​နိုင်​ပါ​သည်’ဟု လျှောက်​ကြ​၏။” (လုကာ ၁၀:၁၇) တန်ခိုး​ကြီးသော . . . ဝိညာဉ်​သတ္တဝါများ​ကို နှင်ထုတ်ခြင်း​သည် မစုံလင်​သော​လူသားများ​အတွက် စိတ်​လှုပ်ရှား​ဖွယ်​ဖြစ်​ခဲ့​မည်​တကား! သို့သော် စိတ်အား​ထက်သန်​သော မိမိ​တမန်​တော်​များ​ကို ယေရှု​သတိပေး​ခဲ့​သည်– “နတ်ဆိုး​ကို​နိုင်​ရသော​ကြောင့်​သာ ဝမ်းမြောက်ခြင်း​မရှိကြ​နှင့်။ သင်တို့၏​နာမည်​များသည် ကောင်းကင်​စာရင်း​၌​ဝင်​သည်ကို ဝမ်းမြောက်ခြင်း​ရှိကြလော့​ဟု မိန့်တော်မူ၏။” (လုကာ ၁၀:၂၀) ၇၀ သော​သူတို့သည် နတ်ဆိုး​တို့ကို​နှင်ထုတ်​နိုင်​သည့်​အစွမ်း အမြဲ​မရှိခဲ့​သကဲ့သို့ ခရစ်ယာန်​ဓမ္မ​အမှု​တွင်​လည်း အပြုသဘောဆောင်​သော​အကျိုးကို အမြဲ​မရခဲ့​ကြ​ပါ။ သို့သော် သူတို့​တည်ကြည်​လျှင် ယေဟောဝါ​၏​နှစ်သက်​လက်ခံမှုကို အမြဲ​ရမည်​ဖြစ်သည်။

အချိန်ပြည့်​အမှုဆောင်​များ​ကို သင်​လေးမြတ်ပါ​သလော

တစ်ခါ​က လူငယ်​တစ်ယောက်​သည် ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ကို ဤသို့​ပြော​ခဲ့​သည်– “အထက်တန်း​ကျောင်း​ပြီး​တဲ့​အခါ အလုပ်​တစ်ခု​ရဖို့ ကျွန်တော်​ကြိုးစား​မယ်။ အလုပ်ရှာ​မရခဲ့​ရင်​တော့ အချိန်ပြည့်​အမှုဆောင်ခြင်း​တစ်မျိုး​မျိုးကို​လုပ်ဖို့ စဉ်းစား​မယ်။” သို့သော် ယင်းသည် ရှေ့ဆောင်​ဓမ္မ​အမှုကို​လုပ်ဆောင်ကြ​သူ​အများစု​၏ ရှုမြင်ပုံ​မဟုတ်ပါ။ ရှေ့ဆောင်​လုပ်နိုင်​ရန်​အ​လို့​ငှာ အချို့​သူတို့သည် ဝင်ငွေ​ကောင်းသော အသက်မွေး​မှု​လုပ်ငန်းများ​ရနိုင်​သည့် အခွင့်အလမ်း​များ​ကို စွန့်လွှတ်​ခဲ့​ကြသည်။ အခြားသူများ​မူ စိတ်​လှုပ်ရှား​ဖွယ် ပညာရေး​ဆိုင်ရာ​အခွင့်အလမ်း​များ​ကို ငြင်းပယ်​ခဲ့​ကြသည်။ တမန်​တော်​ပေါလု​ကဲ့သို့ သူတို့သည် ကိုယ်ကျိုး​စွန့်ခဲ့​ကြသည်၊ သို့သော် ပေါလု၊ ရောဘတ်​နှင့် အေမီ​တို့​ကဲ့သို့​ပင် သူတို့သည် မိမိတို့၏​ရွေးချယ်​ခဲ့​ရာ​အတွက် နောင်တ​မရ​ကြ​ပေ။ သူတို့သည် မိမိတို့​ပေးဆက်​နိုင်​သည့် အကောင်းဆုံး​အရာများ​ကို​ပိုင်ထိုက်​သော​အရှင် ယေဟောဝါ​ကို​ချီးမွမ်း​ရန် သူတို့၏​ပင်ကို​အရည်အချင်းများ​ကို အသုံးပြု​ရသည့် အခွင့်ထူး​ကို တန်ဖိုး​ထား​လေးမြတ်​ကြသည်။

အကြောင်း​အမျိုးမျိုး​ကြောင့် ယေဟောဝါ​၏ တည်ကြည်သော​သက်သေခံ​မြောက်မြားစွာ​သည် ရှေ့ဆောင်​နိုင်​သည့်​အခြေအနေ​တွင်​မရှိကြ​ပါ။ သူတို့တွင် ကျမ်း​ပေး​တာဝန်​များ​ကို ထမ်းဆောင်​ကောင်း​ထမ်းဆောင်​ရ​ပေမည်။ သို့​တ​စေ ဘုရားသခင့်​အမှုတော်ကို သူတို့၏ ‘စိတ်နှလုံး’ အကြွင်းမဲ့​ဖြင့်​ထမ်းဆောင်​လျှင် ယေဟောဝါ​နှစ်သက်​တော်​မူ​သည်။ (မဿဲ ၂၂:၃၇) မိမိတို့​ကိုယ်တိုင် ရှေ့ဆောင်​မ​လုပ်နိုင်​သည့်​တိုင် ရှေ့ဆောင်​လုပ်နိုင်​သူများ​သည် ကောင်းသော​အသက်မွေး​လုပ်ငန်း​ကို​ရွေးချယ်​လိုက်ခြင်း​ဖြစ်​ကြောင်း သူတို့​အသိအမှတ်ပြု​ကြသည်။

တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “လော[က]ပုံသဏ္ဌာန်​ကို​မ​ဆောင်​ကြ​နှင့်။” (ရောမ ၁၂:၂) ပေါလု​၏​အကြံပေး​ချက်​နှင့်​အညီ ဤ​အစီအစဉ်​၏ ယဉ်ကျေးမှု သို့​မဟုတ် လောက​စံနှုန်း​များ​က ကျွန်ုပ်​တို့၏​စဉ်းစား​တွေးခေါ်ပုံ​ကို ပုံသွင်း​ရန်​ခွင့်​မပြုရ​ပါ။ သင်သည် ရှေ့ဆောင်​လုပ်နိုင်​သည်​ဖြစ်စေ၊ မ​လုပ်နိုင်​သည်​ဖြစ်စေ ယေဟောဝါ​အမှုတော်​ဆောင်ခြင်း​ကို သင့်​ဘဝ၏​အဓိက​ထား​ရာ​ဖြစ်စေ​ပါ။ ယေဟောဝါ​၏​နှစ်သက်​လက်ခံမှု​ရသည့်​ကာလပတ်လုံး သင်​အောင်မြင်​နေ​မည်​သာ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 နာမည်​များ​ကို​ပြောင်း​ထား​သည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

မည်သည့်​နေရာကို​မျှ မ​ပို့ပေး​နိုင်သော ပုံဆောင် ခြေနင်း​စက်​ပေါ်​တွင် တွယ်ကပ်​မနေ​ပါ​နှင့်