မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များ အမှုဆောင်ခြင်းတွင် ပျော်ရွှင်မှုရရှိကြ

ခရစ်ယာန်များ အမှုဆောင်ခြင်းတွင် ပျော်ရွှင်မှုရရှိကြ

ခရစ်ယာန်​များ အမှုဆောင်ခြင်း​တွင် ပျော်ရွှင်မှု​ရရှိကြ

“ခံယူ​ခြင်း​ထက် ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ၏။”—တမန်​တော် ၂၀:၃၅၊ က​ဘ။

၁။ ယနေ့ အဘယ်​မှားယွင်းသော​သဘောထားကို နေရာအနှံ့​တွေ့မြင်​ရသနည်း၊ ယင်းသည် အဘယ်ကြောင့်​ထိခိုက်​စေသော​အရာ​ဖြစ်သနည်း။

၁၉၀၀ ပြည့်လွန်​နှစ်များ​၏ နောက်ဆုံး​ဆယ်စုနှစ်​များ​အတွင်း “ကိုယ်​သာ​ပထမ​ဝါဒ” ဟူသော​စကားလုံး​ကို မကြာခဏ​ကြား​ရလေ့​ရှိ၏။ အမှန်​မှာ “ကိုယ်​သာ​ပထမ​ဝါဒ” ဟူသည် “မိမိ​သာ​ပဓာန” ဟု​ဆိုလို​ပြီး တစ်ကိုယ်ကောင်း​ဆန်​ခြင်း​နှင့် အခြားသူ​အရေး​ထည့်​မစဉ်း​စား​သော လောဘ​ကြီးခြင်း​တို့ ပေါင်းစပ်​ထား​သည့်​သဘောထား​ဟု အဓိပ္ပာယ်​သက်ရောက်​သည်။ ၂၀၀၀ ပြည့်နှစ်​တွင် ကိုယ်​သာ​ပထမ​ဝါဒ​သည် လုံးဝ​ပျောက်​သွား​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​သေချာ​စွာ​ဆိုနိုင်​ပါ​သည်။ “ဒီ​ထဲမှာ ငါ့​အတွက် ဘာ​အကျိုးရှိ​မလဲ” သို့​မဟုတ် “ဒီကနေ ငါ​ဘာ​အမြတ်ရ​မလဲ” ဟူသော​မေးခွန်းများကို အကြိမ်​မည်မျှ​သင်ကြား​ဖူး​သနည်း။ ယင်း​သို့​သော​တစ်ကိုယ်ကောင်း​ဆန်​သည့်​သဘောထား​က ပျော်ရွှင်မှု​ကို​မဖြစ်စေ​ပါ။ ၎င်း​သည် ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​သော​မူ​နှင့် လုံးဝ​ဆန့်ကျင်​သည်– “ခံယူ​ခြင်း​ထက် ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ၏။”—တမန်​တော် ၂၀:၃၅က​ဘ။

၂။ ပေးကမ်း​ခြင်း​က ပျော်ရွှင်မှု​ကို​ဖြစ်စေ​ကြောင်း မည်သို့​သိမြင်​ရသနည်း။

ရယူခြင်း​ထက် ပေးကမ်း​ခြင်း​က သာ၍​ပျော်ရွှင်​စေ​သည်​မှာ အမှန်​လော။ အမှန်ပင်။ ယေဟောဝါ​ဘုရားသခင်​နှင့်​ပတ်သက်​၍ စဉ်းစား​ကြည့်​ပါ။ ကိုယ်တော်​ထံ​၌ “အသက်​စမ်းရေ​တွင်း​ရှိပါ၏။” (ဆာလံ ၃၆:၉) ကျွန်ုပ်​တို့​ပျော်ရွှင်​၍ အကျိုး​ဖြစ်ထွန်း​စေရန် ကျွန်ုပ်​တို့​လိုအပ်သမျှ​ကို ကိုယ်တော်​ထောက်ပံ့​ပေး​ထား​သည်။ အမှန်​မှာ ကိုယ်တော်​သည် “ကောင်းမြတ်​စုံလင်သော​ဆုကျေးဇူး​ရှိသမျှ​တို့” ၏​ရင်းမြစ်​ဖြစ်သည်။ (ယာကုပ် ၁:၁၇) ယေဟောဝါ၊ “ပျော်ရွှင်သော​ဘုရားသခင်” သည် အမြဲ​ပေးကမ်း​နေ​တော်​မူ​၏။ (၁ တိမောသေ ၁:၁၁က​ဘ) ကိုယ်တော်​သည် မိမိ​များစွာ​ချပေး​သနားတော်မူ​သော ဖန်ဆင်း​ထား​ရာ​လူသားများ​ကို ချစ်တော်မူ​၏။ (ယောဟန် ၃:၁၆) လူ့​မိသားစု​တစ်စု​ကိုလည်း သုံးသပ်ကြည့်​ပါ။ သင်သည် မိဘ​တစ်ဦး​ဖြစ်​လျှင် ကလေး​တစ်ဦး​ကို​မွေးမြူ​ပျိုးထောင်​ရန် မည်မျှ​အနစ်နာခံ​ပေးဆက်​ရ​ကြောင်း သင်​သိ​ပေ​သည်။ ၎င်း​ပြင် ထို​ကလေး​သည် သင်၏​စွန့်လွှတ်​အနစ်နာခံ​မှုများ​ကို နှစ်ပေါင်း​များစွာ မသိ​မှတ်​ဘဲ​နေသည်။ ဤ​အရာအားလုံး​အတွက် သူ​ကျေးဇူး​တင်​ကြောင်း​မပြ​ပေ။ သို့​တိုင် သင်၏​တစ်ကိုယ်ကောင်း​မ​ဆန်​သော​ပေးဆက်​မှု​ကြောင့် သင့်​ကလေး​ကြီးထွား​သန်မာ​လာ​သည်ကို တွေ့မြင်​ရခြင်း​က သင့်​အား ပျော်ရွှင်​စေ​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သင် သူ့ကို​ချစ်သော​ကြောင့်​တည်း။

၃။ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​တို့​အမှုကို​ဆောင်​ရခြင်း​သည် အဘယ်ကြောင့်​ဝမ်းမြောက်​ဖွယ်​ဖြစ်သနည်း။

အလားတူ​ပင် မေတ္တာ​ပေါ်​အခြေခံ​သော​ပေးကမ်း​ခြင်း​ဖြင့် စစ်မှန်သော​ဝတ်ပြုရေးကို သိသာ​ထင်ရှားစေ​သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ယုံကြည်သူချင်း​တို့ကို ချစ်ခင်​သောကြောင့် သူတို့၏​အစေခံ​ရန်၊ သူတို့​အတွက် မိမိကိုယ်ကို ဝမ်း​ပန်း​တ​သာ​ပေးဆက်​ကြ​၏။ (မဿဲ ၂၂:၃၇-၃၉) တစ်ကိုယ်ကောင်း​ဆန်​သော​ရည်ရွယ်ချက်များ​ဖြင့် ဝတ်ပြု​ကိုးကွယ်​သူ​မည်သူ​မဆို​မှာ ပျော်ရွှင်မှု​မရှိဘဲ ဇာတ်သိမ်း​ရသည်။ သို့သော် တစ်ကိုယ်ကောင်း​မ​ဆန်၊ မိမိတို့​ရ​ရန်​မျှော်လင့်ခြင်း​ထက် မိမိတို့​ပေးဆက်​နိုင်ရာ​ကို သာ၍​အာရုံစိုက်​အမှုဆောင်​သူတို့သည် စစ်မှန်သော​ပျော်ရွှင်မှု​ရ​ကြ​၏။ ကျွန်ုပ်​တို့၏​ဝတ်ပြုရေး​နှင့်​ဆက်နွှယ်​သည့် ကျမ်း​စကား​အချို့ ကျမ်းစာ​ထဲ​တွင် အသုံးပြု​ထား​ပုံ​ကို သုံးသပ်ကြည့်​ခြင်း​ဖြင့် ဤ​အမှန်တရားကို ခွဲခြား​သိမြင်​နိုင်​သည်။ ဤ​စကားလုံး​များ​ထဲ​မှ စကားလုံး​သုံးလုံး​ကို ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​ဆွေးနွေး​သွား​ကြ​မည်။

ယေရှု၏​လူထု​အမှုဆောင်ခြင်း

၄။ ခရစ်ယာန်ဘောင်​တွင် “လူထု​အမှုဆောင်ခြင်း” ၏​ဝိ​သေ​သ​လက္ခဏာ​ကား​အဘယ်နည်း။

မူလ​ဂရိ​စကား​၌ ဝတ်ပြုရေး​နှင့်​ပတ်သက်​၍ အရေးကြီးသော​စကားလုံး​တစ်လုံး​မှာ လီ​တို​ယိ​အာ​ဖြစ်သည်၊ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​တွင် ယင်းကို “လူထု​အမှုဆောင်ခြင်း” ဟု ဘာသာပြန်​ထား​သည်။ ခရစ်ယာန်ဘောင်​၌ လီ​တို​ယိ​အာ​မှ “လစ်​တာ​ဂျီ ” ဟူသော​စကားလုံး မွေးဖွား​လာ​၏။ * သို့သော် စည်းကမ်း​သတ်မှတ်​ထားသော ခရစ်ယာန်ဘောင်​၏​ဝတ်​တက်​နည်း​များ​မှာ အမှန်တကယ်​အကျိုး​ဖြစ်စေ​သည့် လူထု​အမှုဆောင်ခြင်း​မဟုတ်​ချေ။

၅၊ ၆။ (က) ဣသရေလ​တို့​တွင် အဘယ်​လူထု​အမှုဆောင်ခြင်း​ရှိခဲ့​သနည်း၊ အဘယ်​အကျိုးများ​ရရှိ​သနည်း။ (ခ) ဣသရေလ​တို့​တွင်​ဆောင်ရွက်​ခဲ့​သော​အရာ​ကို အဘယ်​သာ၍​ကြီးကျယ်​ခမ်းနား​သော လူထု​အမှုဆောင်ခြင်း​နှင့် အစားထိုး​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

တမန်​တော်​ပေါလု​သည် ဣသရေလ​ယဇ်ပုရောဟိတ်​များ​ကို ရည်ညွှန်း​သည့် လီ​တို​ယိ​အာ​နှင့်​ဆက်စပ်​နေသော ဂရိ​စကားလုံး​တစ်လုံး​ကို အသုံးပြု​ခဲ့​သည်။ သူ​ဤသို့​ပြော​ခဲ့​သည်– “ယဇ်ပုရောဟိတ်​မည်​သည်​ကား၊ နေ့တိုင်း​ဝတ် [“လူထု​အမှုဆောင်ခြင်း၊” က​ဘ] ပြုလျက် [လစ်​တို​ယိ​အာ​၏​ပုံစံ​တစ်ခု​ဖြစ်] အပြစ်ကို​မဖြေနိုင်​သော​ယဇ်ကို အထပ်ထပ်​အ​ဖန်​ဖန်​ပူဇော်​လျက်​ရပ်နေ​ရ၏။” (ဟေဗြဲ ၁၀:၁၁) လေဝိ​ယဇ်ပုရောဟိတ်​များသည် ဣသရေလ​တို့​တွင် အလွန်​တန်ဖိုး​ရှိ​လှ​သော လူထု​အမှုဆောင်ခြင်းကို သယ်ပိုး​ထမ်းရွက်​ပေး​ခဲ့​ကြသည်။ သူတို့သည် ဘုရားသခင့်​ပညတ်တော်​ကို​သွန်သင်​ပို့ချ​ပေး​၍ လူတို့၏​အပြစ်​များ​ကျေအေးစေ​သော ယဇ်​သကာ​များ​ကို ပူဇော်​ပေး​ခဲ့​ကြ​၏။ (၂ ရာဇဝင်ချုပ် ၁၅:၃; မာလခိ ၂:၇) ယဇ်ပုရောဟိတ်​များနှင့် ပြည်သူ​လူထု​တို့သည် ယေဟောဝါ​၏​ပညတ်​ကို​လိုက်လျှောက်​ကြသောအခါ ထို​နိုင်ငံ​သည် ရွှင်လန်းစရာ​အကြောင်း​များ​ရှိခဲ့​သည်။—တရားဟောရာ ၁၆:၁၅

ပညတ်တရား​အောက်​၌ လူထု​အမှုဆောင်ခြင်းမှာ ဣသရေလ​ယဇ်ပုရောဟိတ်​များ​အတွက် တကယ့်​အခွင့်ထူး​တစ်ရပ်​ဖြစ်​ခဲ့​၏၊ သို့သော် သစ္စာမဲ့မှု​ကြောင့် ဣသရေလ​လူမျိုး​တို့ ငြင်းပယ်​ခံ​ခဲ့​ရသောအခါ သူတို့၏​အမှုဆောင်ခြင်းမှာ ဘာမျှ​အရာ​မထင်​တော့​ချေ။ (မဿဲ ၂၁:၄၃) ယေဟောဝါ​သည် သာ၍​ကြီးကျယ်​ခမ်းနား​သော​အမှု​တစ်ခု​ဖြစ်သော မဟာ​ယဇ်ပုရောဟိတ်​မင်းကြီး၊ ယေရှု​အားဖြင့် လူထု​အမှုဆောင်ခြင်းကို စီစဉ်​တော်​မူ​ခဲ့​သည်။ ကိုယ်တော်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ယေရှု​မူ​ကား၊ . . . ထာဝရ​တည်​သောကြောင့် မ​ပြောင်း​မလဲ​သော​ယဇ်ပုရောဟိတ်​အရာ​၌ ခန့်​ထား​လျက်​ရှိ၏။ ထို​ကြောင့်၊ အ​ကြင်​သူတို့သည် ယေရှု​အားဖြင့် ဘုရားသခင့်​အထံတော်​သို့ ချဉ်းကပ်​ကြ​၏။ ထို​သူတို့၏​အမှုကို ကိုယ်တော်​သည်​စောင့်​လျက်၊ ကာလ​အစဉ်​အသက်ရှင်​သောကြောင့် သူတို့ကို​အစဉ်​ကယ်တင်ခြင်း​ငှာ တတ်နိုင်​တော်​မူ​၏။”—ဟေဗြဲ ၇:၂၄၊ ၂၅

၇။ ယေရှု၏​လူထု​အမှုဆောင်ခြင်းက အဘယ်ကြောင့်​အနှိုင်းမဲ့​အကျိုးကျေးဇူးများ​ကို ရရှိစေ​သနည်း။

ယေရှုသည် နောက်​ဆက်ခံ​မည့်​သူ​မရှိ၊ ထာဝရ​ယဇ်ပုရောဟိတ်​အဖြစ် အစဉ်​တည်ရှိ​သွား​သည်။ သို့​ဖြစ်၍ ကိုယ်တော်​သာ​လျှင် လူ​တို့ကို လုံးဝ​ကယ်တင်​နိုင်၏။ ဝတ်ပြုရေး​အတွက် စီ.အီး. ၂၉ တွင်​စတင်​သက်ဝင်​လှုပ်ရှား​သည့် ယေဟောဝါ​၏​ကြီးမြတ်သော​အစီအစဉ်​ဖြစ်သည့် လူ​တို့​လက်​ဖြင့်​လုပ်သော ဝတ်ပြုရာ​အိမ်တော်၌​မဟုတ်ဘဲ ပုံဆောင်​ဝတ်ပြုရာ​အိမ်တော်တွင် ထို​အနှိုင်းမဲ့​လူထု​အမှုဆောင်ခြင်းကို ကိုယ်တော် ဆောင်ကြဉ်း​ပေး​တော်​မူ​သည်။ ယခု ကိုယ်တော်​သည် ထို​ဝတ်ပြုရာ​အိမ်တော်​၏​အသန့်ရှင်းဆုံး​အခန်း​ဖြစ်သော ကောင်းကင်​တွင် အမှုတော်ထမ်း​လျက်​ရှိသည်။ ကိုယ်တော်​သည် “လူ​မ​ဆောက်​ဘဲ ထာဝရ​ဘုရား​ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူသော၊ သန့်ရှင်း​ရာ​ဌာန​၌ ဘုရား [သခင်] ဝတ်​ကို​ပြုသောသူ [“လူထု​အမှုဆောင်၊” က​ဘ] [လစ်​တို​ဂိုးစ်] ဖြစ်​တော်​မူ​၏။” (ဟေဗြဲ ၈:၂; ၉:၁၁၊ ၁၂) ယေရှုသည် အလွန်​မြင့်မြတ်​သော​ရာထူး​ရထား​သော်​ငြား​လည်း ကိုယ်တော်​သည် “လူထု​အမှုဆောင်” ဖြစ်​ဆဲ​ပင်။ ကိုယ်တော်​သည် မိမိ၏​မြင့်မားသော​အခွင့်အာဏာကို ရယူခြင်း​အတွက်​မဟုတ်ဘဲ ပေးကမ်း​ခြင်း​အတွက် အသုံးပြု​တော်​မူ​သည်။ ၎င်း​ပြင် ထိုသို့​သော​ပေးကမ်း​ခြင်း​က ကိုယ်တော့်​အား​ရွှင်လန်း​စေ​၏။ ယင်းသည် “မိမိ​ရှေ့၌​ထားသော​ဝမ်းမြောက်ခြင်း” ၏​တစ်စိတ်​တစ်​ဒေသ​ဖြစ်​ပြီး မြေကြီးပေါ်​ရှိ​ကိုယ်တော်​၏​အသက်တာ​တစ်လျှောက်​တွင် ကိုယ်တော်​အား​ခံနိုင်ရည်​ရှိ​ရန် ၎င်း​က ခွန်အား​ရှိစေခဲ့​၏။—ဟေဗြဲ ၁၂:၂

၈။ ပညတ်ပဋိညာဉ်​ကို​အစားထိုး​ပစ်​ရန် လူထု​အမှုဆောင်ခြင်း​တစ်ရပ်​ကို ယေရှု​မည်သို့​လုပ်ဆောင်ခဲ့​သနည်း။

ယေရှု၏​လူထု​အမှုဆောင်ခြင်း​နှင့်​ပတ်သက်​သည့် အခြား​ကဏ္ဍ​တစ်ခု​ရှိ၏။ ပေါလု ဤသို့​ရေးသားခဲ့​သည်– “ယေရှုသည် သာ၍​မြတ်သော​ကတိတော်​တို့​၌​တည်​သော၊ သာ၍​မြတ်သော​ပဋိညာဉ်တရား​၏ အာမခံ​ဖြစ်သည်​နှင့်​အညီ၊ သာ၍​မြတ်သော​ဝတ်ပြုခြင်း [“လူထု​အမှုဆောင်ခြင်း၊” က​ဘ] အခွင့်အရာကို ရ​တော်​မူ​၏။” (ဟေဗြဲ ၈:၆) မောရှေ​သည် ယေဟောဝါ​နှင့် ဣသရေလ​လူမျိုး​တို့၏​ဆက်ဆံ​ရေး​အခြေခံ​ဖြစ်သည့် ပဋိညာဉ်​ကို ကြားဝင်​စေ့စပ်​ပေး​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၉:၄၊ ၅) ယေရှုသည် များစွာသော​လူမျိုး​တို့​မှ ဝိညာဉ်​တော်​ဖွား​ဘိသိက်ခံ​ခရစ်ယာန်​များ​ဖြင့် ဖွဲ့စည်းထား​သည့် “ဘုရားသခင်​၏​ဣသရေလ​အမျိုး၊” လူမျိုးသစ်​ကို​ဖွားမြင်​စေနိုင်​ခဲ့​သော ပဋိညာဉ်​သစ်​ကို ကြားဝင်​စေ့စပ်​ပေး​ခဲ့​၏။ (ဂလာတိ ၆:၁၆; ဟေဗြဲ ၈:၈၊ ၉၊ ၁၃; ဗျာဒိတ် ၅:၉၊ ၁၀) ယင်းသည် အထူး​ကောင်းမွန်သော လူထု​အမှုဆောင်ခြင်း​တစ်ရပ်​ပေ​တည်း! ကိုယ်တော်​မှ​တစ်ဆင့် ယေဟောဝါ​နှစ်သက်​လက်ခံ​စေသော ဝတ်ပြု​ကိုးကွယ်​မှု​ကို ကျွန်ုပ်​တို့​ပေးဆက်​နိုင်​သည့် လူထု​အမှုဆောင်​ဖြစ်သော ယေရှု​နှင့် ကျွန်ုပ်​တို့​သိကျွမ်းခွင့်​ရခြင်း​မှာ အလွန်​ပျော်ရွှင်​ကြည်နူး​စ​ရာ​ပေ!—ယောဟန် ၁၄:၆

ခရစ်ယာန်​များလည်း လူထု​အမှုဆောင်​ကြ

၉၊ ၁၀။ ခရစ်ယာန်​များ​ဆောင်ရွက်​ခဲ့​ကြသော လူထု​အမှုဆောင်ခြင်း​၏​အမျိုးအစား​အချို့​ကား အဘယ်နည်း။

အဘယ်​လူသား​၏ လူထု​အမှုဆောင်ခြင်း​မျှ ယေရှု၏​လူထု​အမှုဆောင်ခြင်း​လောက် ချီးမြှောက်ခံ​ရခြင်း​မရှိပါ။ သို့သော် ဘိသိက်ခံ​ခရစ်ယာန်​များသည် မိမိတို့၏​ကောင်းကင်​ဆုကျေးဇူး​ကို လက်ခံရ​ရှိကြ​သောအခါ ယေရှု၏​နံဘေး​တွင် သူတို့​နေရာ​ရ​ကာ ကောင်းကင်​ရှင်ဘုရင်များ​နှင့် ယဇ်ပုရောဟိတ်​များ​အဖြစ် ကိုယ်တော်​၏​လူထု​အမှုဆောင်ခြင်း​၌ ပါဝင်​ကြသည်။ (ဗျာဒိတ် ၂၀:၆; ၂၂:၁-၅) ထို့​ပြင် မြေကြီးပေါ်​ရှိ​ခရစ်ယာန်​များသည် လူထု​အမှုဆောင်ခြင်းကို မဖြစ်​မနေ​လုပ်ဆောင်ကြ​ပြီး ထိုသို့​ပြုလုပ်​ရာ​၌ သူတို့​များစွာ​ရွှင်လန်း​ဝမ်းမြောက်​ကြ​၏။ ဥပမာ၊ ပါလက်စတိုင်း​၌ အငတ်ဘေး​ဆိုက်​နေသော​အခါ ယုဒ​နယ်​ရှိ ဂျူး​ခရစ်ယာန်​များ​၏ ဘေးသင့်မှု​မှ​သက်သာရာ​ရစေ​ရန် ဥရောပ​ရှိ​ညီအစ်ကို​များ​ထံ​မှ တမန်​တော်​ပေါလု​က အလှူ​ပစ္စည်း​များ​ကို သယ်ပို့​ပေး​ခဲ့​သည်။ ယင်းသည် လူထု​အမှုဆောင်ခြင်း​တစ်ရပ်​ဖြစ်သည်။ (ရောမ ၁၅:၂၇; ၂ ကောရိန္သု ၉:၁၂) ယနေ့ ခရစ်ယာန်​များသည် အလားတူ အမှုဆောင်ခြင်းကို ပျော်ရွှင်​ကြ​ရာ မိမိတို့၏​ညီအစ်ကို​များ ဆင်းရဲ​ထိခိုက်မှု၊ သဘာဝဘေးဒဏ်​များ သို့​မဟုတ် အခြား​ကပ်ဘေး​များ​သင့်​သောအခါ ချက်ချင်း​ထောက်ပံ့​ကူညီပေး​ကြ​၏။—သု. ၁၄:၂၁

၁၀ ပေါလု​က ဤသို့​ရေးသားသော​အခါ သူသည် နောက်ထပ်​လူထု​အမှုဆောင်ခြင်း​တစ်မျိုး​ကို ရည်ညွှန်းခြင်း​ဖြစ်သည်– “သင်တို့​ဝတ် [“လူထုအမှုဆောင်ခြင်း၊” က​ဘ] ပြု​၍​ပူဇော်ရာ​ယုံကြည်ခြင်း​အပေါ်​တွင် သွန်းလောင်း​ရာ​အဖြစ် ပူဇော်​ခံရ​လျှင် ငါသည် ဝမ်းမြောက်​လျက် သင်တို့​နှင့်အတူ ရွှင်လန်း​မည်။” (ဖိလိပ္ပိ ၂:၁၇သ​မ) ဖိလိပ္ပိ​အသင်းတော်​သားများ​၏ အကျိုး​အ​လို့​ငှာ ပေါလု​ကြိုးစား​ပမ်း​စာ​လုပ်ဆောင်မှု​သည် မေတ္တာ​နှင့် ဇွဲ​လုံ့လ​ဖြင့်​လုပ်ဆောင်ပေး​သော လူထု​အမှုဆောင်ခြင်း​တစ်ရပ်​ဖြစ်​ခဲ့​သည်။ ယနေ့ အလားတူ လူထု​အမှုဆောင်ခြင်း​တစ်ရပ်​ကို အထူးသဖြင့် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” အဖြစ်​ထမ်းဆောင်​နေကြ​သည့် ဘိသိက်ခံ​ခရစ်ယာန်​များ​က ဆောင်ရွက်​ပေး​နေကြ​ပြီး အခန့်သင့်​အချိန်၌ ဝိညာဉ်​အစာကို​ထောက်ပံ့​ပေး​လျက်​ရှိသည်။ (မဿဲ ၂၄:၄၅-၄၇သ​မ) ထို​မျှ​မ​က အုပ်စု​လိုက်​အနေ​ဖြင့် ဤ​သူတို့သည် “သန့်ရှင်းသော​ယဇ်ပုရောဟိတ်​မျိုး” ဖြစ်​ကြ​ပြီး “ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​နှစ်သက်​တော်​မူ​ရာ​ဓမ္မ​ယဇ်ကို ပူဇော်” ရန်​နှင့် “[သူတို့ကို] မှောင်မိုက်​ထဲ​မှ အံ့ဖွယ်သော​အလင်းတော်​သို့ ခေါ်သွင်း​တော်​မူ​သော​သူ၏​ဂုဏ်​ကျေးဇူးများ​ကို ဖော်ပြ” ရန် တာဝန်​အပ်နှင်း​ခံရ​ကြသည်။ (၁ ပေတရု ၂:၅၊) ပေါလု​ကဲ့သို့​ပင် မိမိ၏​တာဝန်​များ​ကို​ဖြည့်စွမ်း​ရာ​၌ ‘သူတို့​ကိုယ်နှိုက်​သွန်းလောင်း​ခံရ’ လျှင်​ပင် ထို​အခွင့်ထူး​များ​တွင် သူတို့​ဝမ်းမြောက်​ကြသည်။ ထို့​ပြင် သူတို့၏​အပေါင်းပါများ​ဖြစ်သော “အခြားသိုး” သည် သူတို့နှင့်​အတူ​ပူးပေါင်း​၍ ယေဟောဝါ​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို လူအပေါင်း​တို့အား ပြောပြ​ခြင်း​လုပ်ငန်း​၌​ပံ့ပိုး​ပေး​ကြသည်။ * (ယောဟန် ၁၀:၁၆; မဿဲ ၂၄:၁၄) အလွန်​ခမ်းနား​ကြီးကျယ်​၍ ရွှင်လန်းဖွယ်​ရာ လူထု​အမှုဆောင်ခြင်း​တစ်ရပ်​ပေ​တည်း!—ဆာလံ ၁၀၇:၂၁၊ ၂၂

မြင့်မြတ်​သော​အမှုဆောင်ခြင်း​၌ ပေးဆက်​ကြ

၁၁။ ပရောဖက်မ​အန္န​သည် ခရစ်ယာန်​အားလုံး​အတွက် ပုံသက်သေ​ကောင်း​ကို မည်သို့​ထားခဲ့​သနည်း။

၁၁ ကျွန်ုပ်​တို့၏​ဝတ်ပြုရေး​နှင့်​ပတ်သက်​သည့် နောက်​ဂရိ​စကားလုံး​တစ်လုံး​ဖြစ်သော လာ​ထ​ရီ​အာကို ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​၌ “မြင့်မြတ်​သော​အမှုဆောင်ခြင်း” ဟု​ဘာသာပြန်​ထား​သည်။ မြင့်မြတ်​သော​အမှုဆောင်ခြင်းမှာ ဝတ်ပြု​ကိုးကွယ်​မှု​ဆိုင်ရာ အပြု​အမူ​များနှင့်​ပတ်သက်​သည်။ ဥပမာ၊ အသက် ၈၄ နှစ်အရွယ်​ရှိ မုဆိုးမ​ဖြစ်သော​ပရောဖက်မ​အန္န​သည် “ဆုတောင်းခြင်း​နှင့်​အစာ​ရှောင်ခြင်း​အားဖြင့် နေ့​ည​မပြတ်​ဘုရားဝတ် [“မြင့်မြတ်​သော​အမှုဆောင်ခြင်း၊” က​ဘ] [လာ​ထ​ရီ​အာ​ဟု​ဖော်ပြ​သော​ဂရိ​စကားလုံး] ကို​ပြု​၍ [ဝတ်ပြုရာ​အိမ်တော်] နှင့်​မခွာ​ဘဲ​နေ​၏” ဟု​ဖော်ပြ​ထား​သည်။ (လုကာ ၂:၃၆၊ ၃၇) အန္န​သည် ယေဟောဝါ​ကို တောက်လျှောက်​ဝတ်ပြု​ကိုးကွယ်​ခဲ့​၏။ သူသည် ကြီးငယ်မဟူ၊ ကျား၊ မ မရွေး ကျွန်ုပ်​တို့အားလုံး​အတွက် ပုံသက်သေ​ကောင်း​သူ​တစ်ဦး​ဖြစ်သည်။ ဝတ်ပြုရာ​အိမ်တော်၌ အန္န​သည် ယေဟောဝါ​ထံ​ဆုတောင်းခြင်း​နှင့် ဝတ်ပြု​ကိုးကွယ်​ခြင်း​ကို​မှန်မှန်​ပြု​သကဲ့သို့ ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်း​တွင်​လည်း ဆုတောင်းခြင်း​နှင့် စည်းဝေး​မှန်မှန်​တက်ရောက်ခြင်း​တို့ ပါဝင်​သည်။—ရောမ ၁၂:၁၂; ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၂။ ကျွန်ုပ်​တို့၏ မြင့်မြတ်​သော​အမှုဆောင်ခြင်း​၏ အဓိက​ကဏ္ဍ​တစ်ခု​ကား​အဘယ်နည်း၊ ယင်းသည်​လည်း အဘယ်ကြောင့် လူထု​အမှုဆောင်ခြင်း​ဖြစ်သနည်း။

၁၂ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​ရာ​၌ ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်း​၏ အဓိက​ကဏ္ဍ​တစ်ခု​ကို ဖော်ပြ​ပေး​ခဲ့​သည်– “ငါသည် သင်တို့ကို မခြားမလပ်​အောက်မေ့​၍ အစဉ်မပြတ်​ဆုတောင်း . . . သည်​ဟု သားတော်​၏​ဧဝံဂေလိတရား​ကို​ဟော​လျက်၊ အမှုတော် [“မြင့်မြတ်​သော​အမှုဆောင်ခြင်း၊” က​ဘ] ကို စိတ်​ဝိညာဉ်​နှင့်​တကွ​ငါ​ဆောင်ရွက်၍ ငါ​ကိုးကွယ်​သော​ဘုရားသခင်​သည် ငါ​၏​သက်သေခံ​ဖြစ်​တော်​မူ​၏။” (ရောမ ၁:၉) မှန်ပါသည်၊ သတင်းကောင်း​ဟောပြောခြင်းသည် ယင်းကို ကြားနာ​သော​သူတို့​ထံ လူထု​အမှုဆောင်ခြင်း​တစ်ရပ်​မျှ​သာ​မဟုတ်ဘဲ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ခြင်း​၏ အပြု​အမူ​တစ်ရပ်​လည်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် တုံ့ပြန်မှု​ကောင်း​ရသည်​ဖြစ်စေ၊ မရ​သည်​ဖြစ်စေ ဟောပြောခြင်း​လုပ်ငန်း​သည် ယေဟောဝါ​ထံ​သို့​ပေးဆက်​ကြ​သည့် မြင့်မြတ်​သော​အမှုဆောင်ခြင်း​ဖြစ်၏။ ကျွန်ုပ်​တို့​ချစ်​မြတ်နိုးကြ​သည့် ကောင်းကင်​ခမည်းတော်​၏ အထူး​ကောင်းမွန်သော​အရည်အသွေးများနှင့် အကျိုး​ဖြစ်ထွန်း​စေသည့်​ရည်ရွယ်တော်မူချက်​များ​ကို အခြား​သူတို့အား​ပြောပြ​ရန် ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​နေခြင်း​က အမှန်ပင်​ကြီးမြတ်သော​ရွှင်လန်းမှု​ကို ဖြစ်စေ​သည်​တကား!—ဆာလံ ၇၁:၂၃

မည်သည့်​နေရာတွင် မြင့်မြတ်​သော​အမှုကို ကျွန်ုပ်​တို့ ထမ်းရွက်​ကြ​သနည်း

၁၃။ ယေဟောဝါ​၏​ဝိညာဉ်​ရေး​ဆိုင်ရာ ဝတ်ပြုရာ​အိမ်တော်​ရှိ​အတွင်း​ရင်ပြင်​၌ မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ပြု​ကြ​သူတို့​အတွက် မျှော်လင့်ချက်​ကား​အဘယ်နည်း၊ သူတို့နှင့်​အတူ မည်သူ​တို့​ဝမ်းမြောက်​ရွှင်လန်း​ကြ​သနည်း။

၁၃ ဘိသိက်ခံ​ခရစ်ယာန်​များ​သို့ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့သည် မ​လှုပ်​နိုင်သော​နိုင်ငံ​ကို​ရသည်​ဖြစ်၍၊ ခန့်ညား​ကြောက်ရွံ့​သော​သဘော​နှင့် နှစ်သက်​တော်​မူ​ဖွယ်​ဝတ် [“မြင့်မြတ်​သော​အမှုဆောင်ခြင်း၊” က​ဘ] ကို ဘုရားသခင်​အားပြု​နိုင်​ကြ​မည်​အကြောင်း၊ ကျေးဇူးတော်​ကို​စွဲလမ်း​ကြ​ကုန်​အံ့။” (ဟေဗြဲ ၁၂:၂၈သမ္မာ) ဘိသိက်ခံ​တို့သည် ဘုရားသခင့်​နိုင်ငံတော်​ကို အမွေခံ​ရမည်​အကြောင်း စိတ်ချ​ရသည့်​မျှော်လင့်ချက်​နှင့်အတူ အကြီးမြတ်ဆုံး​အရှင်ကို ဝတ်ပြု​ကိုးကွယ်​ကြ​စဉ် ယုံကြည်ခြင်း၌ မရွေ့လျော့​မတိမ်းယိမ်း​ဘဲ​ရှိနေကြ​သည်။ ယေဟောဝါ​၏​ဝိညာဉ်​ရေး​ဆိုင်ရာ ဝတ်ပြုရာ​အိမ်တော်​ရှိ သန့်ရှင်း​ရာ​အခန်း​နှင့် အတွင်း​ရင်ပြင်​တို့​၌​သာ ကိုယ်တော်​အတွက် မြင့်မြတ်​သော​အမှုဆောင်ခြင်းကို​ပေးဆက်​နိုင်​ကြ​သေး​ရာ အသန့်ရှင်းဆုံး​အခန်း​ဖြစ်သော​ကောင်းကင်​၌ ယေရှု​နှင့်အတူ​အမှုဆောင်ရန် မျှော်လင့်​တ​ကြီး​ဖြင့် သူတို့​စောင့်မျှော်​ကြ​၏။ သူတို့၏​အပေါင်းပါများ​ဖြစ်​ကြသော အခြားသိုး​အတန်းအစား​မှာ သူတို့၏​အံ့ချီးဖွယ်​မျှော်လင့်ချက်၌ ထို​သူတို့နှင့်​အတူ​ဝမ်းမြောက်​ရွှင်လန်း​ကြသည်။—ဟေဗြဲ ၆:၁၉၊ ၂၀; ၁၀:၁၉-၂၂

၁၄။ ယေရှု၏​လူထု​အမှုဆောင်ခြင်း​မှ လူအုပ်ကြီးသည် မည်သို့​အကျိုးကျေးဇူး​ရရှိကြ​သနည်း။

၁၄ သို့သော် အခြားသိုး​များ​အတွက်​ကော အသို့နည်း။ တမန်​တော်​ယောဟန် ကြိုတင်​မြင်တွေ့ခဲ့​သကဲ့သို့ ဤ​နောက်ဆုံး​ကာလ​တွင် သူတို့​ထဲ​မှ လူအုပ်ကြီး​ပေါ်ထွက်​လာ၍ “သူတို့သည် . . . မိမိတို့​ဝတ်လုံကို သိုးသငယ်​၏​အသွေး​၌​လျှော်​၍​ဖြူ​စေသော​သူ​ဖြစ်​ကြ​သတည်း။” (ဗျာဒိတ် ၇:၁၄) ဆိုလိုသည်မှာ သူတို့၏​အပေါင်းပါများ​ဖြစ်​ကြသော​ဘိသိက်ခံ​ခရစ်ယာန်​များ​ကဲ့သို့ ယေရှု၏​လူထု​အမှုဆောင်ခြင်း၊ လူသားထု​အကျိုးအတွက် ကိုယ်တော်​၏​စုံလင်သော​လူ့​အသက်တာကို ပူဇော်​ခြင်း​တို့​၌ သူတို့​ယုံကြည်​ကြောင်း​တင်ပြခြင်း​ဖြစ်သည်။ အခြားသိုး​တို့သည် “[ယေဟောဝါ​၏] ပဋိညာဉ်​ကို စွဲလမ်း​သော​သူ” ဖြစ်​ကြသော​ကြောင့် သူတို့သည် ယေရှု၏​လူထု​အမှုဆောင်ခြင်း​မှ အကျိုးကျေးဇူး​ကိုလည်း​ရရှိ​ကြသည်။ (ဟေရှာယ ၅၆:၆) မှန်ပါသည်၊ သူတို့သည် ပဋိညာဉ်​သစ်​တွင်​ပါဝင်​ကြ​သူများ​မဟုတ်၊ သို့သော် ယင်း​နှင့်​ပတ်သက်​သည့်​ပညတ်​များ​ကို လိုက်နာခြင်း​နှင့် ၎င်း​မှ​တစ်ဆင့် စီစဉ်​ထားသော အစီအစဉ်​တို့​နှင့် ပူးပေါင်း​ဆောင်ရွက်ခြင်း​တို့အား​ဖြင့် ယင်းကို သူတို့​စွဲလမ်း​ကြ​၏။ သူတို့သည် ဘုရားသခင်​၏​ဣသရေလလူ​တို့​နှင့်​ပေါင်းသင်း​၍ ဝိညာဉ်​ရေးရာ​တစ်​စားပွဲ​တည်း​တွင်​စားသောက်​လျက် ယင်း​၏​အဖွဲ့ဝင်​များနှင့် အတူတကွ​လုပ်ဆောင်နေ​ကြ​ကာ လူအများရှေ့​ဘုရားသခင်​ကို​ချီးမွမ်း​လျက်​ရှိပြီး ကိုယ်တော်​အား​နှစ်သက်စေ​သည့် ဝိညာဉ်​ရေးရာ​ယဇ်များ​ကို​ပူဇော်​နေကြ​သည်။—ဟေဗြဲ ၁၃:၁၅

၁၅။ လူအုပ်ကြီးသည် မြင့်မြတ်​သော​အမှုဆောင်ခြင်းကို မည်သည့်​နေရာတွင် လုပ်ဆောင်ကြ​သနည်း၊ ဤ​ကောင်းချီး​မင်္ဂလာ​က သူတို့​အပေါ် မည်သို့​သက်ရောက်မှု​ရှိ​သနည်း။

၁၅ သို့​ဖြစ်၍ လူအုပ်ကြီးသည် “ဖြူ​သော​ဝတ်လုံကို​ဝတ်ဆင်​လျက် . . . ပလ္လင်တော်​ရှေ့ သိုးသငယ်​ရှေ့မှာ​ရပ်နေ​ကြ” သည်ကို​တွေ့မြင်​ရ၏။ ထို​မျှ​မ​က “ဘုရားသခင်​၏​ပလ္လင်တော်​ရှေ့မှာ နေရာကို​ရ​၍၊ [ဝတ်ပြုရာ​အိမ်တော်] ၌ ဘုရားဝတ် [“မြင့်မြတ်​သော​အမှုဆောင်ခြင်း၊” က​ဘ] ကို နေ့​ည​မပြတ်​ပြု​ရ​ကြ​၏။ ပလ္လင်​ပေါ်မှာ​ထိုင်​တော်​မူ​သော​သူသည် သူတို့တွင်​ကျိန်းဝပ်​တော်​မူ​မည်။” (ဗျာဒိတ် ၇:၉၊ ၁၅) ဣသရေလ​အချိန်​က ဘာသာ​ပြောင်း​ဝင်​သူများ​သည် ရှောလမုန်​ဝတ်ပြုရာ​အိမ်တော်​၏ အပြင်ဘက်​ရင်ပြင်​တွင် ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​ရသည်။ ထို​နည်းတူ လူအုပ်ကြီးသည် ယေဟောဝါအား ကိုယ်တော့်​ဝိညာဉ်​ရေး​ဝတ်ပြုရာ​အိမ်တော်​၏ အပြင်ဘက်​ရင်ပြင်​တွင် ဝတ်ပြု​ကိုးကွယ်​ကြသည်။ ထို​တွင်​အမှုဆောင်​ရခြင်း​က သူတို့ကို​ဝမ်းမြောက်​ရွှင်လန်း​စေ​၏။ (ဆာလံ ၁၂၂:၁) သူတို့၏​ဘိသိက်ခံ​အပေါင်းပါ​တို့​မှ နောက်ဆုံးသော​သူသည် သူ၏​ကောင်းကင်​အမွေ​ကို​လက်ခံရ​ရှိပြီး​နောက်​၌​ပင် ယေဟောဝါ​၏​လူမျိုးတော်​အဖြစ် ကိုယ်တော်​ထံ မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ဆက်လက်​ပေးဆက်​ကြ​မည်။—ဗျာဒိတ် ၂၁:၃

နှစ်သက်​လက်ခံဖွယ်​မဟုတ်သည့် မြင့်မြတ်​သော​အမှုဆောင်ခြင်း

၁၆။ မြင့်မြတ်​သော​အမှုဆောင်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​သတိပေး​ချက်​ပေး​ထား​သနည်း။

၁၆ ရှေး​ဣသရေလ​အချိန်​က မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ယေဟောဝါ​၏​ပညတ်​များနှင့်​အညီ ပေးဆက်​ခဲ့​ကြ​ရသည်။ (ထွက်မြောက်ရာ ၃၀:၉; ဝတ်ပြုရာ ၁၀:၁၊ ၂) အလားတူ ယနေ့ ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ယေဟောဝါ​အား​နှစ်သက်​လက်ခံ​စေ​လိုလျှင် လိုက်နာ​စောင့်ထိန်း​ရမည့် တောင်းဆိုချက်​များ​ရှိသည်။ ထို​အတွက်​ကြောင့် တမန်​တော်​ပေါလု​က ကောလောသဲ​အသင်းသားများ​ထံ ဤသို့​ရေးခဲ့​သည်– “ငါ​တို့သည် . . . သင်တို့​အဖို့​အလို​ငှာ အစဉ်မပြတ်​ဆုတောင်း . . . လျက်​နေကြ၏။ ဆုတောင်း​သော​အချက်​ဟူ​မူ​ကား၊ သင်တို့သည် ကောင်းသော​အကျင့်​အမျိုးမျိုး​တည်း​ဟူသော အသီးကို​သီးခြင်း၊ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​တိုးပွားခြင်း​ရှိသဖြင့် . . . သခင်​ဘုရား​နှင့်​ထိုက်လျောက်စွာ​ကျင့်​၍ အရာရာ၌​နှစ်သက်​တော်​မူ​စေခြင်း​ငှာ၊ ပညာ​အမျိုးမျိုး၊ ဓမ္မ​ဉာဏ်​အမျိုးမျိုး​အားဖြင့် အလိုတော်ကို အကုန်အစင်​နားလည်​ပါ​မည်​အကြောင်း ဆုတောင်း . . . ၏။” (ကောလောသဲ ၁:၉-၁၁) ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​ရန် လျောက်ပတ်​သော​နည်းလမ်း​ဖြစ်​မဖြစ်​ကို ဆုံးဖြတ်​ရန်​မှာ ကျွန်ုပ်​တို့​မဟုတ်ပေ။ တိကျ​မှန်ကန်သော​ကျမ်းစာ​အသိပညာ၊ ဝိညာဉ်​ရေးရာ​နားလည်​သဘောပေါက်မှု​နှင့် ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​တို့​မှာ မရှိမဖြစ်​လိုအပ်​သည်။ သို့​မဟုတ်လျှင် အမှား​ကြီး​မှားသွား​နိုင်၏။

၁၇။ (က) မောရှေ​အချိန်၌ မြင့်မြတ်​သော​အမှုဆောင်ခြင်း​သည် မည်သို့​လွဲချော်​သွားခဲ့​ကြ​သနည်း။ (ခ) ယနေ့ မြင့်မြတ်​သော​အမှုဆောင်ခြင်း​သည် မည်သို့​လမ်းလွဲ​သွား​နိုင်​သနည်း။

၁၇ မောရှေ​အချိန်​က ဣသရေလလူ​တို့ကို သတိရပါ။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ဘုရားသခင်​သည် မျက်နှာတော်​ကို​လွှဲ​၍၊ ကောင်းကင်​တန်ဆာ​များ​တို့အား​ဝတ်ပြု [“မြင့်မြတ်​သော​အမှုဆောင်၊” က​ဘ] စေခြင်း​ငှာ ထို​သူတို့ကို​စွန့်ပစ်​ထား​တော်​မူ​၏။” (တမန်​တော် ၇:၄၃) ထို​ဣသရေလလူ​တို့သည် သူတို့၏​အကျိုး​အ​လို့​ငှာ ယေဟောဝါ​၏​တန်ခိုး​ပါ​သော​ဆောင်ရွက်ချက်​များ​ကို တွေ့မြင်​ခဲ့​ကြသည်။ သို့​တိုင် သူတို့​အတွက် အခွင့်ကောင်း​ဟု​ယူမှတ်​ချိန်​တွင် အခြား​ဘုရားသခင်​များ​ထံ​သို့ လှည့်​သွား​ကြ​လေ​သည်။ သူတို့​သစ္စာ​မရှိခဲ့​ကြ​ချေ၊ ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ဘုရားသခင်​အား နှစ်သက်စေ​လိုလျှင် သစ္စာစောင့်​ရမည်​ဖြစ်သည်။ (ဆာလံ ၁၈:၂၅) မှန်ပါသည်၊ ယနေ့ အချို့​သည် ကြယ်​များ သို့​မဟုတ် ရွှေ​နွား​ရုပ်​များ​ဝတ်ပြု​ကိုးကွယ်​ရန် ယေဟောဝါ​ထံ​တော်​မှ​လှည့်​သွား​ကြ​မည်၊ သို့သော် အခြားသော​ရုပ်​ကိုးကွယ်​မှု​ပုံစံ​များလည်း ရှိသည်။ ယေရှု​က “လောက​စည်းစိမ်” အစေခံခြင်း​ကို​သတိပေး​ထားပြီး ပေါလု​က လောဘ​လွန်ကြူး​ခြင်း​ကို ရုပ်​ကိုးကွယ်​ခြင်း​ဟု ခေါ်ဆို​ထား​သည်။ (မဿဲ ၆:၂၄; ကောလောသဲ ၃:၅) စာတန်​သည် မိမိကိုယ်ကို ဘုရားသခင်​တစ်ပါး​အဖြစ်​တင်မြှောက်​ထား​သည်။ (၂ ကောရိန္သု ၄:၄) ထိုသို့​သော​ရုပ်ပိုင်း​ကိုးကွယ်​မှု​မျိုး​များ​မှာ ပျံ့နှံ့​လျက်​ရှိပြီး ကျော့ကွင်း​တစ်ခု​ဖြစ်သည်။ ဥပမာ၊ ယေရှု​နောက်လိုက်​ဖြစ်သည်ဟု​ဆိုပြီး တကယ့်​ဘဝ​ပန်းတိုင်​မှာ ချမ်းသာ​ကြွယ်ဝ​ဖို့ သို့​မဟုတ် သူ၏​အမှန်တကယ်​ကိုးစားမှု​မှာ ကိုယ့်​ကိုယ်ကို​နှင့် ကိုယ့်​ယူဆချက်များ​၌​သာ​ဖြစ်သူ​တစ်ဦး​ကို သုံးသပ်ကြည့်​ပါ။ အမှန်​အားဖြင့် မည်သူ​၏​အမှုကို သူ​ဆောင်ရွက်​နေခြင်း​ဖြစ်သနည်း။ ယေဟောဝါ​၏​နာမတော်​၌ ကျိန်ဆို​ခဲ့​ကြသော်လည်း သူတို့၏​ကြီးမားသော​လုပ်ဆောင်မှုများ​သည် မသန့်ရှင်း​သော . . . ပုံ​များ​ကြောင့်​ဖြစ်သည်ဟု အမွှမ်းတင်​ခဲ့​ကြ​သည့် ဟေရှာယ​ခေတ်​က​ဂျူး​များနှင့် သူသည် မည်မျှ​ကွာခြား​ပါ​မည်​နည်း။—ဟေရှာယ ၄၈:၁၊

၁၈။ မြင့်မြတ်​သော​အမှုဆောင်ခြင်းကို အတိတ်​နှင့် ယနေ့​တွင် မည်သို့​မှားယွင်းစွာ​ဆောင်ရွက်​ခဲ့​ကြ​သနည်း။

၁၈ ယေရှု​က ဤသို့​လည်း​သတိပေး​ခဲ့​သည်– “သင်တို့ကို​သတ်​သော​သူမည်​သည်​ကား၊ ဘုရားဝတ် [“မြင့်မြတ်​သော​အမှုဆောင်ခြင်း၊” က​ဘ] ကို​ငါ​ပြု​ပြီ​ဟု မိမိ​ထင်မှတ်​သော​အချိန်ကာလ​ရောက်​လိမ့်​မည်။” (ယောဟန် ၁၆:၂) တမန်​တော်​ပေါလု​ဖြစ်လာ​သော ရှောလုသည် ‘သတေဖန်​၏​ကွပ်မျက်​ခံရ​သော​အမှုကို နှစ်သက်ခဲ့’ ပြီး ‘သခင်၏​တပည့်တော်​တို့​တစ်ဖက်၌ ခြိမ်းခြောက်​၍၊ အသေ​သတ်​ခြင်း​ငှာ​ပြင်းစွာ​အသက်​ရှု​ခဲ့’ ချိန်​တွင် မိမိသည် ဘုရားသခင်​၏​အမှုဆောင်​နေခြင်း​ဖြစ်​ကြောင်း မှတ်ယူ​ထားခဲ့​မည်​မှာ သေချာ​သည်။ (တမန်​တော် ၈:၁; ၉:၁) ယနေ့ လူမျိုးစု​သန့်စင်မှု​နှင့် အမျိုး​ဖြုတ်​သတ်ဖြတ်မှု​တို့ကို ကျူးလွန်​သူ​အချို့​က​လည်း ဘုရားသခင်​ကို​ဝတ်ပြုခြင်း​ဖြစ်သည်ဟု​ဆို​ကြ​၏။ ဘုရားသခင်​ကို​ဝတ်ပြု​သည်​ဟု ဆို​ကြ​သူများစွာ​ရှိသည်၊ သို့သော် အမှန်​မှာ သူတို့၏​ဝတ်ပြု​ကိုးကွယ်​မှု​သည် လူမျိုးရေး​စိတ်ဓာတ်၊ အမျိုး​မြတ်​စိတ်ဓာတ်၊ စည်းစိမ်​ချမ်းသာ၊ မိမိ​ကိုယ်နှိုက်​ဖြစ်သော​ဘုရား​များ သို့​မဟုတ် နတ်​ဘုရား​တစ်ပါးပါး​ထံ ဦး​တိုက်​နေခြင်း​ဖြစ်သည်။

၁၉။ (က) မိမိတို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်ကြ​သနည်း။ (ခ) အဘယ်​မြင့်မြတ်​သော​အမှုဆောင်ခြင်း​မျိုး​က ကျွန်ုပ်​တို့ကို ရွှင်လန်းမှု​ဖြစ်စေ​မည်​နည်း။

၁၉ ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို ကိုးကွယ်​ရမည်။ ထို​ဘုရားသခင်​ကို​သာ ဝတ် [“မြင့်မြတ်​သော​အမှုဆောင်ခြင်း၊” က​ဘ] ပြု​ရမည်။” (မဿဲ ၄:၁၀) ကိုယ်တော်​သည် စာတန်​ကို မိန့်တော်မူ​ခဲ့​ခြင်း​ဖြစ်သည်၊ သို့သော် ကိုယ်တော်​၏​မိန့်တော်မူချက်​ကို ကျွန်ုပ်​တို့အားလုံး ဂရုစိုက်​ရန် အလွန်​အရေးကြီး​လှ​သည်​တကား! စကြဝဠာ​ကို အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​ထံ မြင့်မြတ်​သော​အမှုဆောင်ခြင်း​သည် စိုးရွံ့​တုန်လှုပ်​ဖွယ်​ကောင်း​သည့် မြင့်မားသော​အခွင့်ထူး​တစ်ရပ်​ဖြစ်သည်။ ထို့​ပြင် ကျွန်ုပ်​တို့၏​ဝတ်ပြု​ကိုးကွယ်​မှု​နှင့်​ဆက်စပ်​နေသည့် လူထု​အမှုဆောင်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​သို့​ပြော​နိုင်​သနည်း။ ကျွန်ုပ်​တို့ လူသားချင်း​အကျိုးအတွက် ထိုသို့​ပြုလုပ်​ရခြင်း​က ကြီးစွာ​သော​ပျော်ရွှင်မှု​ကို​ဖြစ်စေ​သည့် ရွှင်လန်းဖွယ်​လုပ်ငန်း​တစ်ရပ်​ဖြစ်သည်။ (ဆာလံ ၄၁:၁၊ ၂; ၅၉:၁၆) သို့​တိုင် ထိုသို့​သော​အမှုဆောင်ခြင်းကို စိတ်နှလုံး​အပြည့်၊ တော်မှန်​သော​နည်းလမ်း​ဖြင့် ပေးဆက်​မှ​သာ​လျှင် စစ်မှန်သော​ပျော်ရွှင်မှု​ကို​ဖြစ်စေ​သည်။ မည်သူ​များသည် ဘုရားသခင်​ကို​လျောက်ပတ်​စွာ အမှန်တကယ်​ဝတ်ပြု​နေကြ​သနည်း။ မည်သူ​တို့၏ မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ယေဟောဝါ​လက်ခံ​တော်​မူ​သနည်း။ ကျွန်ုပ်​တို့၏​ဝတ်ပြုမှု​နှင့်​ပတ်သက်​သည့် တတိယ​ကျမ်း​စကားလုံး​ကို ကျွန်ုပ်​တို့​သုံးသပ်ကြည့်​လျှင် ထို​မေးခွန်းများကို ကျွန်ုပ်​တို့​ဖြေဆို​နိုင်​ကြသည်။ ယင်းကို နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်​သွား​ကြ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ခရစ်ယာန်ဘောင်​ဝတ်​တက်​နည်း​များ​မှာ . . . ချာ့ခ်ျ​ရှိ ကိုယ်တော်မြတ်​ပွဲတော်​ကဲ့သို့​သော ယေဘုယျ​အားဖြင့် ဝတ်ပြုပွဲ​အစီအစဉ်များ​ဖြစ်စေ၊ သတ်သတ်မှတ်မှတ်​ဘာသာရေး​ထုံးတမ်းများ​ဖြစ်စေ တစ်ခုခု​ဖြစ်သည်။

^ အပိုဒ်၊ 10 တမန်​တော် ၁၃:၂ (က​ဘ) က​အန္တိအုတ်မြို့​မှ ပရောဖက်​များနှင့် သွန်သင်​ပို့ချ​သူတို့သည် ယေဟောဝါ​ထံ “လူ​သူ​ရှေ့​အမှုဆောင်​နေ” (လီ​တို​ယိ​အာ​နှင့်​ဆက်နွှယ်သော​ဂရိ​စကားလုံး​တစ်လုံး​ကို ဘာသာပြန်​ထားခြင်း​ဖြစ်) ခဲ့​ကြ​ကြောင်း ဖော်ပြ​ထား​သည်။ ဤ​လူထု​အမှုဆောင်ခြင်း​၌ လူအများရှေ့​ဟောပြောခြင်း​ပါဝင်​ဖွယ်​ရှိသည်။

သင်​မည်သို့​ဖြေ​မည်​နည်း

• ယေရှုသည် အဘယ်​ကြီးကျယ်​ခမ်းနား​သည့်​လူထု​အမှုဆောင်ခြင်းကို ဆောင်ရွက်​ခဲ့​သနည်း။

• ခရစ်ယာန်​များ​လုပ်ဆောင်ကြ​သော လူထု​အမှုဆောင်ခြင်း​ကား အဘယ်နည်း။

• ခရစ်ယာန်​တို့၏ မြင့်မြတ်​သော​အမှုဆောင်ခြင်း​ကား​အဘယ်နည်း၊ မည်သည့်​နေရာတွင် သူတို့​ဆောင်ရွက်​ကြ​သနည်း။

• ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်း​သည် ဘုရားသခင်​အား နှစ်သက်စေ​ဖို့​ဆိုလျှင် အဘယ်အရာ​ဆည်းပူး​ရယူ​ကြ​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိဘများသည် ပေးကမ်း​ခြင်း​၌ များစွာ​ရွှင်လန်း​ကြ

[စာမျက်နှာ ၁၂, ၁၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် အခြား​သူတို့ကို ကူညီ​ပံ့ပိုး​ပေး​သောအခါ​နှင့် သတင်းကောင်းကို​ကြွေးကြော်​သောအခါ​၌ လူထု​အမှုဆောင်ခြင်းကို​ပြု​ကြ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏​မြင့်မြတ်​သော​အမှုဆောင်ခြင်းကို ဘုရားသခင်​နှစ်သက်​လက်ခံဖို့​သေချာ​စေရန် တိကျ​မှန်ကန်သော​အသိပညာနှင့် နားလည်မှု​လိုအပ်