မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငါ့ပညတ်တို့ကိုစောင့်ရှောက်၍ အသက်ဆက်လက်ရှင်လော့”

“ငါ့ပညတ်တို့ကိုစောင့်ရှောက်၍ အသက်ဆက်လက်ရှင်လော့”

“ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​၍ အသက်ဆက်​လက်​ရှင်​လော့”

သူသည် ငယ်ရွယ်​သည်၊ ထက်မြက်​သည်၊ “ပုံပြင်​ယဉ်ကျေး​၍ အသွေး​အဆင်း​လည်း​လှ​သော​သူ​ဖြစ်၏။” သူ့​အလုပ်ရှင်​၏​မယား​သည် တပ်မက်​လုံး​ကြီး​ပြီး​အတင့်ရဲ​သူ​ဖြစ်သည်။ သူသည် ငယ်ရွယ်​သော​ယောက်ျား​ပျို​အား မချုပ်တည်း​နိုင်အောင်​တပ်မက်​နေရ​ကား နေ့တိုင်း သူ့ကို​သွေးဆောင်​ဖြားယောင်း​ရန် ကြိုးစား​လေ​သည်။ “တစ်နေ့​သ​၌ ယောသပ်​သည် အမှုဆောင်ခြင်း​ငှာ​အိမ်ထဲ​သို့​ဝင်၍ အိမ်သား​ယောက်ျား​တစ်ယောက်မျှ မရှိသော​အခါ၊ သခင်မ​က ‘ငါ​နှင့်အတူ​အိပ်​ပါ’ ဟု​ဆို​လျက်၊ ယောသပ်​အဝတ်ကို​ကိုင်ဆွဲ . . . လေ​၏။” သို့သော်လည်း ဘိုးဘေး​ယာကုပ်​၏​သား​ယောသပ်​သည် မိမိ၏​အဝတ်ကို​စွန့်​ကာ ပေါတိဖာ​မယား​ထံ​မှ​ထွက်ပြေး​လေ​၏။—ကမ္ဘာဦး ၃၉:၁-၁၂

မှန်ပါသည်၊ သွေးဆောင်မှု​အခြေအနေ​မှ လူတိုင်း ရုန်းထွက်​ပြေး​နိုင်​ကြသည်​မဟုတ်။ ဥပမာ​အနေ​နှင့်၊ ဣသရေလ​ရှင်ဘုရင်​ရှောလမုန်​တွေ့မြင်​ခဲ့​သည့် ည​အချိန်​လမ်းများ​ပေါ်​မှ လူငယ်​တစ်ဦး၏​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ မိန်းမ​ပျက်​တစ်ဦး၏ ဖြားယောင်း​သွေးဆောင်မှု​ကို​ခံရသော​အခါ “နွား​သည် အသေခံ​ရာ​သို့ လိုက်​သကဲ့သို့ . . . လူပျို​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​၏။”—သု. ၇:၂၁-၂၃

“မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်​ကြ” ရန်​ခရစ်ယာန်​များ​အား ဆုံးမ​ထား​သည်။ (၁ ကောရိန္သု ၆:၁၈) ငယ်ရွယ်​သော ခရစ်ယာန်​တပည့်တော်​တိမောသေ​ထံ တမန်​တော်​ပေါလု​ဤသို့​ရေးခဲ့​သည်– “လူပျို​တို့၏​တပ်မက်​ခြင်း​စိတ်​များ​ကို ကြ​ဉ်​ရှောင်​လော့။” (၂ တိမောသေ ၂:၂၂သမ္မာ) မတရားမေထုန်၊ သူ့​သား​အိမ်ရာ​ပြစ်မှားမှု၊ သို့​မဟုတ် အခြား​ကိုယ်ကျင့်တရား​အမှား​များ​၏ အရိပ်အယောင်​တွေ့ရ​သော​အခြေအနေ​များနှင့် ရင်ဆိုင်​ရသည့်​အခါ​၌ ပေါတိဖာ​မိန်းမ​ထံ​မှ ယောသပ်​ထွက်ပြေး​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ပြတ်ပြတ်သားသား​ရှောင်ပြေး​ရမည်။ ထိုသို့​လုပ်ဆောင်ဖို့​သန္နိ​ဋ္ဌာန်​ချရန် ကျွန်ုပ်​တို့ကို မည်သည့်​အရာ​က​ကူညီပေး​မည်​နည်း။ ကျမ်းစာ​နယပုံပြင်​ကျမ်း အခန်းကြီး ၇ တွင်​ရှောလမုန်​သည် အဖိုး​မ​ဖြတ်​နိုင်သော အကြံဉာဏ်​အချို့​ကို ကျွန်ုပ်​တို့အတွက်​ပေး​ထား​သည်။ သူသည် အကျင့်​မကောင်းသော​သူတို့၏ မာယာ​ကျော့ကွင်း​များ​မှ ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​သည့် သွန်သင်​ဆုံးမ​စကား​များ​ကို ပြော​ထား​ရုံ​သာမက မိန်းမ​ပေါ့​တစ်ဦး၏ ဖြားယောင်း​သွေးဆောင်မှု​ကို​ခံရ​သော လူငယ်​တစ်ဦး​ပါဝင်​သည့် ဇာတ်ကွက်​တစ်ခု​ကို ကွက်ကွက်ကွင်းကွင်း​ရုပ်လုံးဖော်​ရေးသား​ကာ သူတို့၏​မြှူဆွယ်​နည်းကို​လည်း လှစ်ဟ​ဖော်ထုတ်​ပေး​ထား​သည်။

ငါ့​ပညတ်​များ​ကို သင်၏​လက်ချောင်း​များ​၌ ချည်​ထား​လော့

ရှင်ဘုရင်​သည် ဖခင်​တစ်ဦး​ကဲ့သို့ ဤ​အတိုင်း​အကြံဉာဏ်​ပေး​သည်– “ငါ့​သား ငါ့​စကား​ကို​စေ့စေ့​နားထောင်​၍ ငါ့​ပညတ်​တို့ကို သင်၌​သိုထား​လော့။ ငါ့​ပညတ်​တို့ကို​စောင့်ရှောက်​၍ အသက်[“ဆက်လက်၊” က​ဘ]ရှင်​လော့။ ငါ​ပေး​သော​တရားကို ကိုယ်​မျက်ဆန်​ကဲ့သို့​စောင့်​လော့။”သု. ၇:၁၊ ၂

မိမိတို့၏​သားသမီးတို့​အား အကောင်းအဆိုး​နှင့်​ပတ်သက်​သည့်​ဘုရားသခင့်​စံနှုန်း​များ​ကို သွန်သင်ပေး​ရန် မိဘများ၊ အထူးသဖြင့်​ဖခင်​တို့​၌ ဘုရားသခင်​ပေးအပ်​ထား​သည့်​တာဝန်​ရှိသည်။ မောရှေ​က ဖခင်​များ​အား​ဤသို့​တိုက်တွန်း​ခဲ့​သည်– “ယနေ့​ငါ​မှာ​ထားသော​စကား​ကို နှလုံး​သွင်း​ရမည်။ ထိုစကား​ကို သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင်​ရမည်။ အိမ်​၌​ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ ထိုစကား​ကို​ပြော​ရမည်။” (တရားဟောရာ ၆:၆၊ ၇) တစ်ဖန် တမန်​တော်​ပေါလု​က​လည်း ဤသို့​ရေးခဲ့​သည်– “အဘ​တို့​ကိုယ့်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်သဘော​တော်​ဆိုင်ရာ စည်းမျဉ်း​ဥပဒေ​အရ သူတို့ကို​မွေးမြူ​ကြလော့။” (ဧဖက် ၆:၄က​ဘ) ထို့​ကြောင့် အလွန်​မြတ်နိုး​တန်ဖိုး​ထား​အပ်​သည့် မိဘတို့​၏​သွန်သင်ချက်​များ​တွင် ဘုရားသခင့်​နှုတ်​မြွတ်​တော် သမ္မာကျမ်းစာ​၌ တွေ့ရှိ​ရသည့် သတိပေး​နှိုးဆော်ချက်​များ၊ မိန့်မှာချက်​နှင့် ပညတ်​များ အမှန်​ပါဝင်​သည်။

မိဘ​နှင့်​ဆိုင်သော​သွန်သင်ချက်​တွင် အခြား​စည်းမျဉ်း​များ—မိသားစု​စည်းကမ်း​များလည်း ပါဝင်​ပေမည်။ ထို​အရာများ​သည် မိသားစုဝင်​တို့ ကောင်း​ဖို့​အတွက်​ဖြစ်သည်။ မှန်ပါသည်၊ မိသားစု​တစ်စု​နှင့်​တစ်စု​တွင် လိုအပ်ချက်​များ​အပေါ်​မူတည်၍ စည်းကမ်း​အမျိုးမျိုး​ရှိ​နိုင်​သည်။ သို့သော် မိဘတို့​သည် မိမိတို့​မိသားစု​အတွက် အကောင်းဆုံး​အရာ​ကို ဆုံးဖြတ်​ရသည်။ မိမိတို့​ထုတ်​ထား​သည့်​စည်းကမ်း​များသည် များသောအားဖြင့် မိမိတို့၏​စစ်မှန်သော​မေတ္တာ​နှင့် စိုးရိမ်မကင်း​ဖြစ်မှု​တို့၏ ဖော်ပြချက်​တစ်ခု​ဖြစ်သည်။ ငယ်ရွယ်သူ​တို့သည် မိမိတို့​အား အကြံဉာဏ်​ပေး​သည့်​အခါ ဤ​စည်းကမ်း​များ​ကို မိဘများထံ​မှ​ရရှိသော ကျမ်းစာ​သွန်သင်ချက်​များနှင့်​အတူ လိုက်နာ​ရန်ဖြစ်​သည်။ မှန်ပါသည်၊ ဤ​ကဲ့သို့​သော သွန်သင်ချက်​များ​ကို “ကိုယ်​မျက်ဆန်​ကဲ့သို့” ပြုမူ​ရန်ဖြစ်​သည်—အစွမ်းကုန်​ဂရုစိုက်​စောင့်ထိန်း​ရန်ဖြစ်​သည်။ ယင်းသည် ယေဟောဝါ​၏​စံနှုန်း​များ​ကို​လျစ်လျူရှု​ခြင်း​ကြောင့်​ရသည့် သေစေနိုင်​သော​အကျိုးဆက်ကို ရှောင်ကွင်း​ပြီး ‘ဆက်​အသက်ရှင်နေ’ ရန်​နည်းလမ်း​ဖြစ်သည်။

ရှောလမုန်​သည်​ဆက်၍ “[ငါ့​ပညတ်​တို့ကို] သင်၏​လက်ချောင်း​များ​၌​ချည်​ထား​၍ နှလုံး​ပြား​ပေါ်​၌​ရေးမှတ်​လော့” ဟု​ဆို​သည်။ (သု. ၇:၃သမ္မာ) လက်ချောင်း​များသည် ကျွန်ုပ်​တို့၏​မျက်စိဖြင့် အထင်အရှား​မြင်​နေရ​ပြီး ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်များ​ကို ဆောင်ရွက်​ရာ​တွင် အရေးပါ​သကဲ့သို့၊ ကျမ်းစာ​၏​သွန်သင်​ပဲ့ပြင်​မှု သို့​မဟုတ် ကျမ်းစာ​အသိပညာ​၏​အကျိုး​ဖြစ်ထွန်း​မှု​တို့​မှ​ရလာ​သည့် သင်ခန်းစာများ​သည် ကျွန်ုပ်​တို့​ပြု​လေ​သမျှ​တွင် အမြဲတစေ​သတိပေး​လမ်းညွှန်ချက်​တစ်ခု​ဖြစ်​သင့်​သည်။ ယင်း​တို့ကို ကျွန်ုပ်​တို့၏​နှလုံး​ပြား​ပေါ်​တွင်​ရေးထွင်း​ထားပြီး၊ မိမိတို့၏​ပင်ကို​အရည်အသွေး​တစ်ခု​ဖြစ်စေ​ရမည်​ဖြစ်သည်။

ဉာဏ်ပညာ​နှင့် နားလည်မှု​တို့၏​အရေးကြီးမှုကို မမေ့​ဘဲ၊ “ဉာဏ်ပညာ​အား ‘သင်သည် ငါ့​နှမ​ဖြစ်၏’ ဟု​ခေါ်​လော့၊ နားလည်မှု​ကိုယ်နှိုက်​ကို ‘အမျိုး​တော်​သော​အမျိုးသမီး’ ဟု​ခေါ်​နိုင်​သည်” ဟု ရှင်ဘုရင်​က အားပေး​တိုက်တွန်း​ခဲ့​သည်။ (သု. ၇:၄က​ဘ) ဉာဏ်ပညာ​သည် ဘုရားသခင်​ပေး​ထား​သည့်​အသိပညာကို သင့်လျော်​စွာ​အသုံးပြုနိုင်​သည့်​စွမ်းရည်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ဉာဏ်ပညာ​ကို အလွန်​ချစ်ခင်​မြတ်နိုးသည့်​နှမ​ကဲ့သို့ ချစ်ခင်​စုံမက်မှု​ရှိ​သင့်​သည်။ နားလည်မှု​ဟူသည်​မှာ​အဘယ်နည်း။ နားလည်မှု​ဟူသည် ကိစ္စရပ်​ကို ထိုးဖောက်​မြင်နိုင်စွမ်း​ရှိ​ကာ အဆို​ကိစ္စ​၏​ကဏ္ဍရပ်​များနှင့် ကိစ္စရပ်​တစ်ခုလုံး​စပ်ကြား ဆက်နွှယ်မှု​များ​ကို​နားလည်ခြင်း​ဖြင့် ၎င်းကို ရှင်းရှင်းလင်းလင်း​သိမြင်​နိုင်​သည့်​စွမ်းရည်​ဖြစ်သည်။ နားလည်မှု​သည် အလွန်​ရင်းနှီးသော​မိတ်ဆွေ​တစ်ဦး​အလား ကျွန်ုပ်​တို့​နှင့်​ရင်းနှီး​ရမည်။

ကျွန်ုပ်​တို့သည် ကျမ်းစာ​ဆိုင်ရာ​လေ့ကျင့်မှု​ကို အဘယ်ကြောင့်​တွယ်ကပ်​ထား​သင့်​ပြီး ဉာဏ်ပညာ၊ နားလည်မှု​တို့​နှင့်​ရင်းနှီးမှုကို အဘယ်ကြောင့်​ပြုစု​ပျိုးထောင်​ပေး​သင့်​သနည်း။ “သူစိမ်း​အမျိုးသမီး​၏​အန္တရာယ်​မှ၊ နှုတ်​ချို​သော တိုင်းတစ်ပါးသူ​၏​အန္တရာယ်​မှ [မိမိကိုယ်ကို] ကာကွယ်” နိုင်​ရန်ဖြစ်​သည်။ (သု. ၇:၅က​ဘ) မှန်ပါသည်၊ ထိုသို့​ပြုလုပ်​ပါ​က အကျင့်ပျက်သူ​စိမ်း​တစ်ဦး သို့​မဟုတ် တိုင်းတစ်ပါးသူ​တစ်ဦး၏ နား​ဝင်​ချို​ပြီး​သွေးဆောင်​ဖြားယောင်း​တတ်သော နည်းလမ်းများ​မှ ကျွန်ုပ်​တို့အား​ကာကွယ်​ပေး​ပါ​လိမ့်​မည်။ *

လူရွယ်​သည် ‘ပရိယာယ်​များသော​အမျိုးသမီး​တစ်ဦး’ ကို​တွေ့ဆုံ

ဣသရေလ​ရှင်ဘုရင်​သည် သူကိုယ်တိုင်​တွေ့မြင်​သိရှိ​ရသည့် မြင်ကွင်း​တစ်ခု​ကို နောက်ဆက်တွဲ​ဤသို့​ဖော်ပြ​သည်– “ငါ့​အိမ်​ပြတင်း​ရွက်​ကြား​မှ​ငါ​ကြည့်​၍​မြင်ရသော​အမှု​ဟူ​မူ​ကား၊ ဉာဏ်​တိမ်​သော​အမျိုးသားချင်း​စု​ကို ငါ​ကြည့်ရှု​စဉ်​တွင် ဉာဏ်​မရှိသော​လူပျို​တစ်ယောက်​သည်၊ ထိုသို့​သော​မိန်းမ​နေရာ လမ်းထောင့်​အနား​သို့ လျှောက်​သွား​သဖြင့်၊ မိုးချုပ်​၍​ည​ဦး​အချိန် ညနက်​သော​အချိန်​ရောက်​သောအခါ ထို​မိန်းမ​နေရာ​လမ်း​သို့​လိုက်​လေ​၏။”သု. ၇:၆-၉

ရှောလမုန်​မျှော်ကြည့်​ရာ​ပြတင်းပေါက်​တွင် သစ်သား​မှန်ကူကွက်​ပုံ​ဖြစ်သည်—ဖြစ်ဖွယ်​ရှိသည်​မှာ ပွတ်လုံး​များ​ဖြင့် သေချာ​စွာ​ထု​ဆစ်​ထားသော ပန်း​ပု​လက်ရာများ​ပါရှိ​သည်။ ဆည်း​ဆာ​နေရောင်​သည် တဖြည်းဖြည်း​မှေးမှိန်​လာ​သည်​နှင့်​အမျှ လမ်းများ​ပေါ်​တွင် အမှောင်ထု​က​စိုးမိုး​လာ​သည်။ ခုခံနိုင်​မှု​အားနည်း​သော​လူရွယ်​တစ်ယောက်ကို သူ​မြင်တွေ့​လိုက်ရ​သည်။ ပိုင်းခြား​သိမြင်မှု သို့​မဟုတ် စဉ်းစား​ဆင်ခြင်​ဉာဏ်​ကင်းမဲ့​ကာ နှလုံး​လိုအပ်ချက်​ရှိသောသူ​ဖြစ်သည်။ မိမိသည် မည်သည့်​ရပ်ကွက်​မျိုး​သို့​ဝင်လာ​ကြောင်း​နှင့် ဤ​တွင် မိမိ​ဘာဖြစ်​နိုင်​သည်​တို့ကို သူသိ​နေ​ပုံ​ရသည်။ လူရွယ်​သည် အမျိုးသမီး​အိမ်​သို့​သွား​သည့်​လမ်းပေါ်​ရှိ “လမ်းထောင့်” နား​သို့​လာ​သည်။ ထို​အမျိုးသမီး​ကား မည်သူ​နည်း။ သူ ဘာ​အလုပ်လုပ်​သနည်း။

ဤ​မျက်စိရှင်​သော​ဘုရင်​က ဤသို့​ဆက်၍​ဆို​သည်​မှာ– “ကြည့်​ပါ! ပြည့်တန်ဆာ​အဝတ်ကို​ဝတ်​၍ နှလုံး​စဉ်းလဲ​ဉာဏ်​များသော​မိန်းမသည် ထို​သူကို​ကြိုဆို​၏။ ထို​မိန်းမသည် လျှာ​ကြမ်း​အာ​ကြမ်း​ပြီး အလျှော့မပေး​တတ်။ ကိုယ်​အိမ်​၌ ခြေငြိမ်သူ​မဟုတ်။ သူသည် ခု​ပင်​အပြင်​သွား၊ ခု​ပင်​လူစုဝေး​ရာ​နေရာ​ရောက်နေ​လျက်၊ လမ်းထောင့်​အရပ်ရပ်​၌ ချောင်းမြောင်း​၍​ကြည့်​တတ်၏။”သု. ၇:၁၀-၁၂က​ဘ။

ထို​အမျိုးသမီး​၏​ဝတ်စားပုံ​က သူ့​အား​မည်မျှ​ရလွယ်​ကြောင်းကို ဖွင့်ပြော​နေသည်။ (ကမ္ဘာဦး ၃၈:၁၄၊ ၁၅) သူသည် ပြည့်တန်ဆာမ​ကဲ့သို့ အရှက်အကြောက်​တရား​မဲ့​စွာ ဝတ်ဆင်​ထား​သည်။ ထို့​အပြင်၊ ထို​အမျိုးသမီး​သည် နှလုံး​စဉ်းလဲ​ဉာဏ်​များ—သူ့​စိတ်ထား​သည် “လှည့်စား​တတ်” ၏၊ “သူ၏​သဘော​ရင်း​မှာ ပရိယာယ်​ဆင်​တတ်” ၏။ (အမေရိကန်​ဘာသာပြန်​ကျမ်း၊ နိုင်ငံတကာ​ဘာသာပြန်​ကျမ်း​သစ်) ထို​အမျိုးသမီး​သည် လျှာ​ကြမ်း​အာ​ကြမ်း​ပြီး အလျှော့မပေး​တတ်၊ စကား​များ​ကာ ခေါင်းမာ​၏၊ အာကျယ်​ပြီး ကိုယ်ကျိုး​ရှေ့ရှု​၏၊ ရဲတင်း​ပြီး ဖီဆန်​အာခံ​တတ်​သူ​ဖြစ်၏။ အိမ်​၌​နေ​မည့်​အစား လူအများစု​ဝေးရာ​နေရာများ​ကို ပို​ကြိုက်​၏၊ လမ်းထောင့်​များ​တွင် အ​မဲ​ဖမ်း​ရန် ချောင်းမြောင်း​နေတတ်​၏။ လူရွယ်​ကဲ့သို့​သော​တစ်စုံ​တစ်ယောက်ကို စောင့်မျှော်​နေသည်။

‘များစွာ​သွေးဆောင်မှု’

သို့​ဖြစ်၍ လူရွယ်​သည် ကောက်ကျစ်​သော​အကြံ​ရှိသည့် မိန်းမ​ပေါ့​နှင့် တွေ့ဆုံ​သည်။ ဤ​အရာ​သည် ရှောလမုန်​၏​အာရုံ​ကို ဖမ်းစား​ခဲ့​ရမည်​ဖြစ်​ခြင်း! သူ​ဤသို့​ပြန်​ပြောပြ​သည်– “ထို​လူပျို​ကို​တွေ့သော​အခါ ရဲ​သော​မျက်နှာ​နှင့် ဖမ်း​ဖက်​နမ်းရှုပ်​လျက်၊ ‘ငါ​၌ မိတ်သဟာယ​ပူဇော်​သကာ​ရှိ၏။ ယနေ့​ငါ့​ကတိဝတ်​ကို ငါ​ဖြေ​ပြီ။ ထို့​ကြောင့် သင့်ကို​ကြိုဆို​အံ့​သော​ငှာ ငါ​ထွက်​လာပြီ။ သင့်​မျက်နှာကို ကြိုးစား​ရှာ၍​တွေ့​ပြီ။’”သု. ၇:၁၃-၁၅

ဤ​အမျိုးသမီး​၏​နှုတ်​သည် နား​ဝင်​ချို​သည်။ ရဲတင်း​သော​မျက်နှာထား​ဖြင့် ယုံကြည်​စွာ​ပြောဆို​သည်။ လူရွယ်​အား​ဖြားယောင်း​သွေးဆောင်​ရန် သူ​ပြော​သမျှ​စကားလုံး​တိုင်း​ကို သေသေချာချာ​တွက်ဆ​ထား​သည်။ ထို​နေ့တွင် မိတ်သဟာယ​ယဇ်ကို​ပူဇော်​ခဲ့​ပြီး သစ္စာ​ကတိဝတ်​ကို​ဖြေ​ခဲ့​ကြောင်း ထုတ်ဖော်​ပြောဆိုခြင်း​ဖြင့်​လည်းကောင်း၊ ဝိညာဉ်ရေးတွင်​မ​လစ်ဟင်း​ကြောင်း အရိပ်အမြွက်​ပေးခြင်း​ဖြင့်​လည်းကောင်း ဖြောင့်မတ်မှု​ရှိ​ပုံ ပြသ​သည်။ ယေရုရှလင်​မြို့​ဗိမာန်တော်​ရှိ မိတ်သဟာယ​ယဇ်​တွင် အသား၊ မုန့်​ည​က်၊ ဆီ​နှင့် စပျစ်​ရည်​တို့​ပါဝင်​သည်။ (ဝတ်ပြုရာ ၁၉:၅၊ ၆; ၂၂:၂၁; တောလည်ရာ ၁၅:၈-၁၀) ပူဇော်​သကာ​ပြုသူ​သည် မိမိ​နှင့်​မိသားစု​အတွက် မိတ်သဟာယ​ယဇ်​တွင်​ပါဝင်​နိုင်သော​ကြောင့် သူ၏​အိမ်​၌ စားသောက်​စ​ရာ​အလျှံပယ်​ရှိကြောင်း တင်ပြ​သည်။ တွေးဆ​ကြည့်​နိုင်ရာ​ကား ရှင်း​ပါ​သည်– လူရွယ်​သည် ထို​နေရာတွင် ပျော်မွေ့​ခဲ့​ပေမည်။ သူ အိမ်​မှ​ထွက်​လာ​ခြင်း​သည် အထူးသဖြင့် လူရွယ်​အား​ရှာ​ရန်ဖြစ်​သည်။ မည်သူ​မဆို ထို​ဇာတ်လမ်း​မျိုး ဝင်​တိုး​လျှင်—ရင်​နင့်​စ​ဖွယ်​ကောင်း​လှ​ပေ​သည်။ ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​သည်– “တစ်စုံ​တစ်ဦး​အား​ရှာဖွေ​ရန် ထွက်​လာ​ခဲ့​သည်​မှာ​မှန်ပါသည်၊ သို့သော် ဤ​အထူး​လူငယ်လေး​အတွက်သာ သူ​အမှန်တကယ်​ထွက်​လာ​ခြင်း​လော။ ရူးမိုက်​သည့်​ဤသို့​သော​သူ​မျိုး​သာ​လျှင် သူ့ကို​ယုံကြည်​ပေမည်။”

သွေးဆောင်​ဖြားယောင်း​သူသည် ဝတ်စား​မှု အမြင်​အာရုံ၊ မြှောက်ပင့်​ပြောဆို​တတ်​သည့် အကြားအာရုံ၊ ပွေ့ဖက်မှု အထိအတွေ့​အာရုံ၊ နှုတ်ခမ်း ရ​သာ​ရုံ​တို့​ဖြင့် ဆွဲဆောင်မှု​ရှိအောင်​ဖန်တီး​ပြင်ဆင်​ပြီး​နောက် ရနံ့​အာရုံ​ကို​ပါ​ထပ်​ဆောင်း​ပေး​ထား​သည်။ သူ​ဤသို့​ပြော​သည်– “ငါ့​ခုတင်​ကို ခြယ်လှယ်​သော​အိပ်ရာခင်း​နှင့်​လည်းကောင်း၊ အဲဂုတ္တု​ပိတ်ချော​နှင့်​လည်းကောင်း ပြင်ဆင်​ပြီ။ ငါ့​မွေ့ရာ​ကို မုရန်၊ အ​ကျော်၊ သစ်​ကြံ​ပိုး​နှင့်​ထုံ​ပြီ။” (သု. ၇:၁၆၊ ၁၇) သူ၏​အိပ်ရာကို အီဂျစ်​ပြည်​မှ​ရောင်စုံ​ပိတ်ချော၊ အထူး​ရွေးချယ်​ထားသော​အမွှေးနံ့သာ​များ​ဖြစ်သည့် မုရန်၊ အ​ကျော်​နှင့် သစ်​ကြံ​ပိုး​တို့​နှင့် ထုံ​သင်း​စေခြင်း​ဖြင့် လှပ​စွဲမက်​စွာ ပြင်ဆင်​ခဲ့​သည်။

“လာ​ပါ၊ နံနက်​တိုင်အောင် စုံမက်ခြင်း​အာရုံ​ကို ဖျော်ဖြေ​ကြ​ကုန်​အံ့။ ချစ်​ကြိုက်​ပျော်ပါး​ကြ​ကုန်​အံ့” ဟု​ဆက်ဆို​သည်။ ဖိတ်ကြား​ချက်​သည် နှစ်ယောက်​အတွက် သာယာသော​ညစာ​စားပွဲ​တစ်ခု​ထက်မက တစ်စုံတစ်ရာ​ပို​မည်​ဖြစ်သည်။ သူ့​ကတိ​သည် လိင်ဆိုင်ရာ​ပျော်ပါး​ရန်ဖြစ်​သည်။ လူငယ်​အဖို့ ဆွဲဆောင်မှု​သည် စွန့်စား​ခန်း​ဖြစ်​ပြီး စိတ်​လှုပ်ရှား​စ​ရာ​ဖြစ်သည်! ထပ်မံ​သွေးဆောင်​သည့်​အနေ​နှင့် ဤသို့​ဆို​သည်– “လင်​မူ​ကား၊ အိမ်မှာ​မရှိ။ ငွေ​အိတ်​ကို​ဆောင်​လျက် ခရီး​ဝေး​စွာ​သွား​လေ​ပြီ။ လ​ပြည့်​နေ့​မှ ပြန်ရောက်​လိမ့်​မည်။” (သု. ၇:၁၈-၂၀သ​မ) သူ၏​လင်ယောက်ျား​သည် စီးပွားရေး​ကိစ္စ​ဖြင့် ခရီး​သွား​နေသော​ကြောင့် တော်​တော်​နှင့်​ပြန်ရောက်​ဖို့​အကြောင်း​မရှိ၊ သူတို့​အပြည့်အဝ​လုံခြုံမည်​ဖြစ်​ကြောင်းကို လူရွယ်​အား​သေချာ​စေ​သည်။ ငယ်ရွယ်သူ​တစ်ဦး​ကို ညှို့ယူ​ဖမ်းစား​ရာ​တွင် ကျင်လည်​လိုက်​လေ​ခြင်း! “များစွာ​သွေးဆောင်ခြင်း​အားဖြင့် အလို​သို့​ပါစေ​၍၊ မြှောက်ပင့်​သော​နှုတ်ခမ်း​နှင့်​အနိုင်​ရလေ​၏။” (သု. ၇:၂၁သ​မ) ဤ​မြှူဆွယ်​ခြင်း​ကို တွန်းလှန်​ရန် ယောသပ်​၏​ကိုယ်ကျင့်တရား​အစွမ်းအစ​အဆင့်​မျိုး​လို​မည်။ (ကမ္ဘာဦး ၃၉:၉၊ ၁၂) ဤ​လူရွယ်​သည် အရည်အချင်း​ပြည့်မီ​ပါသလော။

‘အသတ်ခံ​ရာ​သို့​သွားသော​နွား​ကဲ့သို့’

ရှောလမုန်က​ဤသို့​တင်ပြ​သည်– “ထို​လူပျို​သည် အသတ်ခံ​ရာ​သို့​သွားသော​နွား​ကဲ့သို့​လည်းကောင်း၊ ခြေချင်း​ခတ်​၍​ဆုံးမခံ​ရန်​သွားသော လူ​မိုက်​ကဲ့သို့​လည်းကောင်း၊ အသက်[“စိုးလ်၊” က​ဘ]အန္တရာယ်​ဖြစ်​မည်​ကို​မသိဘဲ ညွှတ်​ကွင်း​သို့​ဝင်​မိ​သော​ငှက်​ကဲ့သို့​လည်းကောင်း၊ အသည်း​အဆုတ်​ကို​မြား​ခွင်း​သည့်​တိုင်အောင်၊ ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏။”သု. ၇:၂၂၊ ၂၃သ​မ။

ဖိတ်ခေါ်ချက်​သည် လူရွယ်​အတွက် တွန်းလှန်​နိုင်​အားမရှိ​ကြောင်း​ပြ​နေသည်။ ကောင်းသော​စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​မှန်သမျှကို လျစ်လျူရှု​ကာ ‘အသတ်ခံ​ရာ​သို့​သွားသော​နွား​ကဲ့သို့’ သူ့​နောက်သို့​လိုက်​၏။ ခြေချင်း​ခတ်​ထား​ခံရ​သည့်​လူတစ်ဦး​သည် အပြစ်ဒဏ်​မှ​မလွတ်​မြောက်​နိုင်​သကဲ့သို့ လူရွယ်​သည်လည်း အပြစ်ပြု​ရန် သွေးဆောင်​ခံ​ခဲ့​ရသည်။ ‘အသည်း​အဆုတ်​ကို​မြား​ခွင်း’ သည့်​အထိ၊ တစ်နည်း​ဆို​ရ​လျှင် သေဆုံး​ရသည့် ဒဏ်ရာ​ရသည့်​အထိ အန္တရာယ်ကို​သူ​မမြင်​ပါ။ မိမိကိုယ်ကို သေစေတတ်သော လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​ရအောင် လုပ်ခြင်း​ဖြစ်သော​ကြောင့် ဤ​သေခြင်း​သည် ရုပ်ပိုင်းဆိုင်ရာ​သေခြင်း​ဖြစ်​နိုင်​သည်။ * ဤ​ဒဏ်ရာ​သည် သူ၏​ဝိညာဉ်​ရေးရာ​သေခြင်းကို​လည်း ဖြစ်စေ​နိုင်​သည်; ၎င်း​သည် သူ၏ “အသက် [စိုးလ်] ” နှင့်​ပတ်သက်​သည်။ သူ၏​လက်ရှိ​အခြေအနေ​နှင့် တစ်ဘဝလုံး​သည် အကြီးအကျယ်​ထိခိုက်​ကာ ဘုရားသခင်​ကို​ဆန့်ကျင်​သည့်​အပြစ်ကြီး​ကို သူ​ပြု​ခဲ့​သည်။ သို့​ဖြစ်၍ သူသည် ကျော့ကွင်း​ထဲ​သို့​ဝင်​သွားသော​ငှက်​ကဲ့သို့ သေခြင်း​သို့​အလျင်စလို​ဝင်​သွား​သည်။

“သူ​ကျင်လည်​သော​လမ်းခရီး​သို့​လွှဲ​၍​မလိုက်​နှင့်”

ပညာရှိ​ရှင်ဘုရင်​သည် သူ​မြင်တွေ့ခဲ့​ရသည့်​အရာ​မှ​သင်ခန်းစာ​ထုတ်ယူ​ကာ ဤသို့​တိုက်တွန်း​ခဲ့​သည်– “သို့​ဖြစ်၍ ငါ့​သားတို့ ငါ့​စကား​ကို​နားထောင်​၍ ငါ​မြွက်ဆို​ချက်​တို့ကို စေ့စေ့​မှတ်​လော့။ ထိုသို့​သော​မိန်းမ​နေရာ​လမ်းကို စိတ်​မငဲ့ကွက်​နှင့်။ သူ​ကျင်လည်​သော​လမ်းခရီး​သို့ လွှဲ​၍​မလိုက်​နှင့်။ အကြောင်း​မူ​ကား သူသည် လူအများ​တို့ကို​ကျဆုံး​စေ​လေ​ပြီ။ များပြား​သော​လူ​တို့ကို သတ်​လေ​ပြီ။ သူ၏​အိမ်သည် သေ​မင်း​၏​ဘုံ​ဗိမာန်​သို့​ဆင်း​၍ မရ​ဏာ​နိုင်ငံ​သို့​ရောက်​သော​လမ်း​ဖြစ်၏။”သု. ၇:၂၄-၂၇သမ္မာ။

ရှင်းနေပါသည်၊ ရှောလမုန်​၏​အကြံပေး​ချက်​သည် အကျင့်​ယိုယွင်း​နေသော​လူတစ်ဦး​အား သေစေတတ်သော​နည်းလမ်းများ​မှ ရှောင်လွှဲ​စေပြီး “ဆက်​အသက်ရှင်” ရန်ဖြစ်​သည်။ (သု. ၇:၂) ဤ​အကြံပေး​ချက်​သည် ကျွန်ုပ်​တို့​နေ့ရက်​အတွက် အချိန်​အခါသင့်​လိုက်​လေ​ခြင်း! အ​မဲ​ဖမ်း​ဖို့​စောင့်​နေကြ​သူများ ကျက်စား​နေကျ​နေရာများ​ကို ရှောင်​ဖို့​အမှန်ပင်​လိုအပ်​သည်။ ထိုသို့​သော​နေရာများ​သို့​သွားခြင်း​ဖြင့် သူတို့၏​ပရိယာယ်​ကျော့ကွင်း​တွင် ကိုယ့်​ကိုယ်ကို အဘယ်ကြောင့် အမိ​ခံ​သင့်​မည်​နည်း။ အမှန်ဆိုလျှင် သင်သည် “နှလုံး​လိုအပ်ချက်” ရှိသောသူ တစ်ဦး​ဖြစ်စေ​ကာ “တိုင်းတစ်ပါးသား” ကျင်လည်​သော​လမ်းများ​သို့ အဘယ်ကြောင့် လျှောက်​သွား​သင့်​သနည်း။

ရှင်ဘုရင်​မြင်တွေ့ခဲ့​သည့် “သူစိမ်း​အမျိုးသမီး” သည် လူရွယ်​အား “ချစ်​ကြိုက်​ပျော်ပါး​ကြ​ကုန်​အံ့” ဟူသော​ဖိတ်ခေါ်ချက်​ဖြင့် သွေးဆောင်​ခဲ့​သည်။ များ​လှ​စွာ​သော​လူငယ်များ—အထူးသဖြင့်​မိန်းကလေး​များသည် အလားတူ​နည်းလမ်း​ဖြင့် အသုံးချခြင်း​မခံ​နေရ​ပေ​လော။ သို့သော်​ဆင်ခြင်​သုံးသပ်ပါ– တစ်စုံ​တစ်ယောက်​သည် သင့်​အား လိင်ဆိုင်ရာ​အကျင့်​ဖောက်ပြန်​ရန် ကြိုးစား​ဆွဲဆောင်​နေပါ​လျှင် ယင်းသည် စစ်မှန်​သည့်​မေတ္တာ​လော၊ တစ်ကိုယ်ကောင်း​ဆန်​သည့် တပ်မက်​ခြင်း​လော။ အမျိုးသမီး​တစ်ဦး​အား အချစ်စစ်​အချစ်​မှန်​ဖြင့်​ချစ်​နေသော ယောက်ျား​တစ်ဦး​သည် မိန်းကလေး​၏​ခရစ်ယာန်​လေ့ကျင့်​ထိန်းကျောင်း​မှု​နှင့် ကိုယ်ကို​ကိုယ်​သိသောစိတ်​တို့ကို ချိုးဖောက်​စေရန် အဘယ်ကြောင့် ဖိအားပေး​မည်​နည်း။ ထိုသို့​သော​လမ်းများ​သို့ “သင်၏​စိတ်နှလုံး​မလွှဲ​နှင့်” ဟု ရှောလမုန်​သတိပေး​ဆုံးမ​သည်။

ဖြားယောင်း​သူ​တစ်ဦး၏​စကား​များသည် များသောအားဖြင့် နား​ဝင်​ချို​ပြီး ကြိုတင်​တွက်ဆ​ထား​တတ်​လေ့​ရှိသည်။ ကျွန်ုပ်​တို့​ဘက်​မှ ဉာဏ်ပညာ​နှင့် နားလည်မှု​ရှိ​မည်​ဆိုပါ​လျှင် သူတို့၏​အတွင်း​ကို ထိုးဖောက်​မြင်​ရန် ကူညီ​ပါ​လိမ့်​မည်။ ယေဟောဝါ​မိန့်တော်မူ​ထား​သမျှ​သည် ကျွန်ုပ်​တို့အတွက် အကာအကွယ်​ဖြစ်​မည်​ကို ဘယ်တော့​မျှ မမေ့​ကြ​စို့​နှင့်။ ထို့​ကြောင့် ‘ဘုရားသခင့်​ပညတ်တော်​တို့ကို​စောင့်ရှောက်’ ရန်​အစဉ်​ကြိုးပမ်း​ကာ ထာဝစဉ်​ပင်​အသက်ဆက်​လက်​ရှင်​နိုင်​ကြ​ပါစေ။—၁ ယောဟန် ၂:၁၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 “သူစိမ်း” ဆို​သည့်​စကားလုံး​သည် ကိုယ်တော့်​ပညတ်တရား​ကို​ကျောခိုင်း​ခြင်း​ဖြင့် မိမိတို့​ကိုယ်ကို ယေဟောဝါ​နှင့် စိမ်း​စိမ်းကား​ကား​နေ​သူများ​နှင့်​သက်ဆိုင်​သည်။ သို့​ဖြစ်သော​ကြောင့် ပြည့်တန်ဆာ​မိန်းမ​ကဲ့သို့​သော အကျင့်ပျက်​အမျိုးသမီး​တစ်ယောက်ကို “သူစိမ်း​အမျိုးသမီး” တစ်ယောက်​အဖြစ် ရည်ညွှန်း​ထား​သည်။

^ အပိုဒ်၊ 24 လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​အချို့​သည် အသည်း​ကို ပျက်စီး​စေ​သည်။ ဥပမာ၊ ရောဂါ​ရ​င့်​နေပြီ​ဖြစ်သော ဆစ်​ဖလ​စ်​ရောဂါ​များ​၌ ဘက်တီးရီးယား​ပိုး​များသည် အသည်း​ကို တိုက်ခိုက်​ဖျက်ဆီး​ပစ်​သည်။ ဂ​နို​ညောင်း​ကျ​ရောဂါ​ဖြစ်စေ​သော ဇီဝ​သက်ရှိ​ပိုး​သည် အသည်း​ရောင်ရမ်းနာ​ကို​ဖြစ်စေ​နိုင်​သည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

မိဘတို့​၏ စည်းမျဉ်း​များ​ကို သင်​မည်သို့ သဘောထား​သနည်း

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​ပညတ်တော်​တို့ကို စောင့်ရှောက်ခြင်း​သည် အသက်​ဖြစ်၏