ပီရူးနိုင်ငံ၊ အောလ်တီပလပ်နိုတွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်း
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြံ
ပီရူးနိုင်ငံ၊ အောလ်တီပလပ်နိုတွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်း
အင်ဒီးတောင်တန်းများ—ဘိုလီးဗီးယားနှင့်ပီရူးဆုံရာ—၏အရှေ့ပိုင်းနှင့်အနောက်ပိုင်းကြားတွင် အောလ်တီပလပ်နိုတည်ရှိ၏။ အမည်မှာ “လွင်ပြင်မြင့်” သို့မဟုတ် “ကုန်းပြင်မြင့်” ဟုအဓိပ္ပာယ်ရသည်။ ၎င်း၏အပိုင်းသည် ဘိုလီးဗီးယားဘက်တွင် ပိုများသည်။
အောလ်တီပလပ်နိုသည်မိုင် ၆၀ ကျယ်ပြီးမိုင် ၆၀၀ ကျော်ရှည်ကာ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၂,၀၀၀ ခန့်မြင့်သည်။ ပီရူးကမ်းရိုးတန်းလီမာမြို့မှ ထိုနေရာသို့ သင်သည် လေယာဉ်ဖြင့်သွားလျှင် ၁၉,၁၀၁ ပေမြင့်ပြီး တိမ်တိုက်များကြားအထိထိုးတက်နေသော ဆီးနှင်းများဖုံးလွှမ်းနေသည့် အဲလ်မီစ်တီမီးတောင်ကို ဖြတ်ကျော်သွားရသည်။ ပေပေါင်း ၂၀,၀၀၀ ကျော်အထိ ငွားငွားစွင့်စွင့်မြင့်တက်နေသော နှင်းဖုံးတောင်ထွတ်များဖြစ်သည့် နဲဘားဒို အမ်ပါးတိုနှင့် နဲဘားဒို ခိုရိုပူးနားတို့သည် ခပ်လှမ်းလှမ်းတွင်ရှိနေသည်။ ရုတ်တရက်မြင်ကွင်းထဲရောက်လာသည့်အရာမှာ ကျယ်ပြန့်သောကုန်းပြင်မြင့်ဖြစ်သည့် တောင်ပိုင်းပီရူးနိုင်ငံ၏ အောလ်တီပလပ်နိုဖြစ်သည်။
ပီရူးအောလ်တီပလပ်နို၏မြို့တော်မှာ ပူးနိုဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံး ရေကြောင်းသွားလာရေးအိုင်ကြီးဖြစ်သော တစ်အီခပ်ခါ၏ အနောက်မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ထိုဒေသသည် နှစ်မိုင်ကျော်မြင့်သောကြောင့် ဧည့်သည်များသည် ပါးလွှာသောလေထုနှင့်နေသားကျအောင် အချိန်ယူရသည်။ တစ်အီခပ်ခါအိုင်ကြီးတွင်နေထိုင်ကြသူများမှာ ကဲရှ်ဝါနှင့်အိုင်မာရာအင်ဒီယန်းလူမျိုးများဖြစ်သည်။ အနီ၊ အစိမ်း၊ အပြာစသည့် ရောင်စုံအဝတ်များဆင်မြန်းထားသော သူတို့ကို ချာခ်ရားစ် သို့မဟုတ် လယ်ယာငယ်များတွင် အလုပ်လုပ်နေကြသည်ကို တွေ့ မြင်နိုင်သည်။ ပီရူးနိုင်ငံ၏အဓိကဘာသာစကားမှာ စပိန်စကားဖြစ်သော်လည်း အောလ်တီပလပ်နိုတွင် ကဲရှ်ဝါနှင့်အိုင်မာရာစကားတို့ကိုလည်း ပြောဆိုကြသည်။
ဟောပြောခြင်းလုပ်ငန်း ထိုးဖောက်ဝင်ရောက်မှု
ကဲရှ်ဝါနှင့်အိုင်မာရာဘာသာစကားပြောဆိုကြသော နှိမ့်ချပြီးအလုပ်ကြိုးစားသူများစွာတို့သည် မကြာသေးမီက ကျမ်းစာအမှန်တရားနှင့်ဆိုင်သည့် တိကျသောအသိပညာကို သိရှိလာကြ၏။ အဓိကအားဖြင့် အထူးရှေ့ဆောင်များအဖြစ်အမှုထမ်းဆောင်နေကြသော အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ၏ ဇွဲရှိရှိကြိုးစားအားထုတ်မှုအပေါ် ယေဟောဝါ၏ကြွယ်ဝသောကောင်းချီး သွန်းလောင်းခြင်းကြောင့်ဖြစ်သည်။
ဥပမာ၊ အထူးရှေ့ဆောင် ဟိုဆေးနှင့်ဆေလ်ဗီးအာတို့သည် တစ်အီခပ်ခါအိုင်ကြီးမှမိုင် ၃၀ ခန့်ကွာဝေးသော ပူးတီနားမြို့သို့ တာဝန်ပေးအပ်ခံခဲ့ရ၏။ နှစ်လအတွင်း ဆေလ်ဗီးအာသည် အိမ်တွင်းကျမ်းစာသင်အံမှု ၁၆ ခုကျင်းပခဲ့ပြီး ဟိုဆေးသည် ၁၄ ခုကျင်းပခဲ့သည်။ ခြောက်လခန့်တွင် အသင်းတော်ကြေညာသူအရေအတွက်သည် ၂၃ ယောက်မှ ၄၁ ယောက်အထိ တိုးတက်ခဲ့သည်။ ထိုအတောအတွင်း အစည်းအဝေးတက်ရောက်သူဦးရေမှာ ၄၈ ယောက်မှ အများဆုံး ၁၃၂ ယောက်ထိ တိုးတက်ခဲ့၏။
“အဲဒီသီးခြားရပ်ကွက်တွေမှာ အသင်းတော်စည်းဝေးတွေ စကျင်းပတဲ့အခါ လူထုစည်းဝေးနဲ့ အသင်းတော်စာအုပ်ကြီးသင်တန်းတွေနဲ့စခြင်းဟာ လက်တွေ့ကျကြောင်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါဟာ စိတ်ဝင်စားခါစသူတွေအတွက် စည်းဝေးတွေစတင်တက်ရောက်ဖို့ လွယ်ကူစေခဲ့တယ်” ဟုဟိုဆေးပြောပြသည်။
ညီအစ်မနှစ်ဦး—တစ်ဦးမှာရှေ့ဆောင်—သည် ပူးတီနားမှ ၁၃ မိုင်ခန့်ဝေးသော သီးခြားရပ်ကွက်မူန်ယားနီသို့ သတင်းကောင်းကို ဦးစွာယူဆောင်လာခဲ့ကြသည်။ သူတို့သည် ထိုတွင် မျက်မမြင်လူးစ်ယိုနှင့် ကျမ်းစာသင်အံမှုစတင်ကျင်းပခဲ့၏။ * သူသည် လူဝတ်ကြောင်[ချာ့ခ်ျ]သာသနာပြုလည်းဖြစ် အနီးအနားဒေသတွင် လူမျိုးစုခေါင်းဆောင်လည်းဖြစ်သော ညီဖြစ်သူ မီဂဲလ်ကို ဖိတ်ခေါ်ခဲ့သည်။ မိတ်ဆွေတစ်ဦးက မီဂဲလ်အား အပတ်တိုင်း မူန်ယားနီကို သွားရသည့်အကြောင်းရင်းကို မေးသောအခါ သူက ယေဟောဝါနှင့်ကိုယ်တော်၏နှုတ်မြွက်စကားတော်အကြောင်း သင်ယူဖို့သွားခြင်းဖြစ်သည်ဟု ပြောပြခဲ့၏။ ထို့ကြောင့် ဤမေးခွန်းပေါ်ပေါက်လာခဲ့သည်– “ဤတွင် ကျမ်းစာသင်အံမှု အဘယ်ကြောင့်မကျင်းပသနည်း။” မီဂဲလ်၏ရပ်ကွက်မှလူတို့သည် စိတ်ဝင်စားမှုပြကြသောကြောင့် မကြာမီ၌ သက်သေခံများက ထိုတွင် အစည်းအဝေးများကျင်းပရန် စီစဉ်ခဲ့ကြသည်။
မီဂဲလ်သည် သူသိရှိခဲ့ရာများကို အခြားသူများအား စတင်ဝေမျှခဲ့သည်။ သို့သော် လူဝတ်ကြောင်[ချာ့ခ်ျ]သာသနာပြုနှင့် အထက်တာဝန်ခံလူကြီးတစ်ဦးအနေဖြင့် သူ၏အနေအထားနှင့်ပတ်သက်၍ကော။ ရပ်ကွက်ခန်းမ၌ကျင်းပသော အစည်းအဝေးတစ်ခုတွင် သူသည် [ချာ့ခ်ျ]သာသနာပြုအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့၏။ အခြားသူကို ခန့်အပ်မည်လော။ ပရိသတ်ထဲမှတစ်ဦးက “အမှန်တရားကို ကျွန်မတို့သိရှိနေမှတော့ တခြားသာသနာပြု ဘာလို့ လိုအပ်တော့မှာလဲ” ဟုပြောခဲ့
သည်။ အမှန်ဆိုလျှင် ၎င်းသည် ယေဟောဝါသက်သေများ၏ သွန်သင်ပေးရာများကို ရည်ညွှန်းနေခြင်းဖြစ်သည်။ နောက်တစ်ဦးက “ခင်ဗျားပဲ နုတ်ထွက်တာကို ကျွန်တော်တို့သဘောမတူဘူး။ ကျွန်တော်တို့အားလုံး နုတ်ထွက်ကြရအောင်” ဟုထပ်ပြောခဲ့သည်။ ထို့နောက် တက်ရောက်သူအားလုံးက “ကျွန်တော်တို့အားလုံး နုတ်ထွက်ပါတယ်!” ဟူ၍ သံပြိုင်ကြွေးကြော်ခဲ့ကြသည်။များမကြာမီ ရပ်ကွက်အစည်းအဝေးတစ်ခု၌ ရုပ်ပုံများနှင့် လက်ဝါးကားတိုင်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ တစ်ယောက်က တက်ရောက်သူအားလုံးအား “သူတို့ . . . မီးရှို့ရမည်။ [ရုပ်ပုံ]၌ပါသော ရွှေငွေကို မတပ်မက်ရ။ မသိမ်းမယူရ။ ယူလျှင်အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏” ဟုဆိုထားသော တရားဟောရာ ၇:၂၅ ကိုဖတ်ခိုင်းခဲ့သည်။
ထို့နောက် ဤသူကပင် ရုပ်ပုံအားလုံးကိုမီးရှို့ဖို့ ထောက်ခံသူများ လက်ထောင်ကြပါဟု တောင်းဆိုလိုက်သည်။ အားလုံးက ချက်ချင်းလက်ထောင်ခဲ့ကြသည်။ (တမန်တော် ၁၉:၁၉၊ ၂၀) ယခု ၎င်းရပ်ကွက်မှ မိသားစု ၂၅ စုမှ ၂၃ စုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာနေကြပြီ။ နှစ်ဦးမှာ နှစ်ခြင်းမခံရသေးသော ကြေညာသူများအဖြစ် အမှုထမ်းဆောင်လျက်ရှိပြီး ဇနီးမောင်နှံငါးတွဲသည် ယေဟောဝါ၏ရှေ့မှောက်တွင် သန့်ရှင်းသောအနေအထားရရှိရန် တရားဝင်လက်ထပ်ဖို့ စီစဉ်ကြသည်။—တိတု ၃:၁; ဟေဗြဲ ၁၃:၄။
ကက်ဆက်ခွေများဖြင့် သွန်သင်ခြင်း
အောလ်တီပလပ်နိုမှ လူအများသည် စာမတတ်ကြသောကြောင့် ဒေသန္တရဘာသာစကားဖြင့် ကင်းမျှော်စင်ဗီဒီယိုခွေများနှင့် ကက်ဆက်ခွေများက အိမ်တွင်းကျမ်းစာသင်အံမှုများ ကျင်းပခြင်းအတွက်ပင် ကြီးစွာအထောက်အကူပြုသည်။ အသံသွင်းခွေအကူအညီဖြင့် အထူးရှေ့ဆောင်ဒိုရာသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာနှင့် သင်အံမှုများကျင်းပသည်။ တစ်ကြိမ်လျှင် စာပိုဒ်တစ်ပိုဒ်ကိုဖွင့်ပြီး သူက ကျမ်းစာသင်သားအား ကြားလိုက်သောအကြောင်းနှင့်ပတ်သက်သည့် မေးခွန်းများကို မေးသည်။
ဒေသခံအသံလွှင့်ဌာနက ကဲခ်ျဝါဘာသာစကားဖြင့် တောင်းဆို ဘရိုရှာကို အပိုင်းလိုက် ပုံမှန်ထုတ်လွှင့်ပေးသည်။ အလားတူ စပိန်စကားဖြင့် နိုးလော့! မဂ္ဂဇင်းကို အပိုင်းတစ်ပိုင်းစီထုတ်လွှင့်ပေးသည်။ ထို့ကြောင့် လူအများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို မှတ်မိနေရာ သူတို့၏အိမ်များသို့ ယေဟောဝါသက်သေများ လည်ပတ်သောအခါ ပို၍ပင်သိရှိလိုကြသည်။
အောလ်တီပလပ်နိုသည် ယေဘုယျအားဖြင့် ကမ္ဘာ့မြင်ကွင်းမှ အလှမ်းကွာဝေးနေသော်လည်း ဘုရားသခင့်မြင်ကွင်းမှမူ အလှမ်းမဝေးချေ။ လူသားများအပေါ်ထားသည့် ယေဟောဝါ၏မေတ္တာတော်ကျေးဇူးကြောင့် အင်ဒီးအောလ်တီပလပ်နိုကုန်းမြင့်တွင် နေထိုင်ကြသူများစွာတို့သည် ယေဟောဝါ၏ခန့်ညားသည့် စစ်မှန်သောဝတ်ပြုရေးအိမ်ကို ဘုန်းထင်ရှားစေသည့် လူစုအဝင်ဖြစ်လာနေကြသည်။—ဟဂ္ဂဲ ၂:၇။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 ဤဆောင်းပါးတွင် အစားထိုးအမည်အချို့ကို အသုံးပြုထားသည်။