မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ ဘုရားသခင်၏ အမှုတော်ဆောင်များကား မည်သူများနည်း

ယနေ့ ဘုရားသခင်၏ အမှုတော်ဆောင်များကား မည်သူများနည်း

ယနေ့ ဘုရားသခင်​၏ အမှုတော်​ဆောင်​များ​ကား မည်သူ​များ​နည်း

“ပဋိညာဉ်တရား​သစ်​၏ အမှုတော်​ဆောင်​ဖြစ်​နိုင်သော အစွမ်း​သတ္တိ​ကို ဘုရားသခင်​သည်​ငါ​တို့အား​ပေး​တော်​မူ​၏။” —၂ ကောရိန္သု ၃:၅၊ ၆၊ သမ္မာ။

၁၊ ၂။ ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် အဘယ်​တာဝန်​ကို​ယူ​ခဲ့​ကြ​သနည်း၊ သို့သော် ကိစ္စရပ်​များ မည်သို့​ပြောင်းလဲ​သွား​သနည်း။

ကျွန်ုပ်​တို့၏​ခရစ်နှစ် ပထမ​ရာစု​တွင် ခရစ်ယာန်​အားလုံး အရေးပါသော​တာဝန်​တစ်ရပ်​ဖြစ်သည့် သတင်းကောင်း​ဟောပြောခြင်း​တာဝန်​ကို ယူ​ခဲ့​ကြသည်။ သူတို့​အားလုံး​သည် ဘိသိက်ခံ​များ​ဖြစ်​ခဲ့​ကြ​ပြီး ပဋိညာဉ်တရား​သစ်​၏​အမှုတော်​ဆောင်​များ​ဖြစ်​ကြ​၏။ အချို့​သူတို့မှာ အသင်းတော်​ရှေ့​သွန်သင်ခြင်း​ကဲ့သို့​သော ထပ်ဆင့်​တာဝန်​များ​ကို​ရရှိ​ထား​ကြသည်။ (၁ ကောရိန္သု ၁၂:၂၇-၂၉; ဧဖက် ၄:၁၂) မိဘများသည် မိသားစုတွင် ကြီး​လေး​သော​တာဝန်​များ​ကို​ရခဲ့​ကြသည်။ (ကောလောသဲ ၃:၁၈-၂၁) သို့သော် အားလုံး​သည် အခြေခံကျ​၍​အရေးပါသော ဟောပြောခြင်း​လုပ်ငန်း​၌ ပါဝင်​ခဲ့​ကြ​၏။ မူရင်း​ခရစ်ယာန်​ဂရိ​ကျမ်းစောင်​တွင် ဤ​တာဝန်​သည် ဒီ​အာ​ခို​နီး​အာ—အမှုဆောင်ခြင်း​တစ်ရပ် သို့​မဟုတ် အမှုတော်​ဆောင်ခြင်း​ဖြစ်သည်။—ကောလောသဲ ၄:၁၇

အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ အရာများ​ပြောင်းလဲ​သွား​သည်။ တရားဟော​ဆရာ​ဟု​သိထားကြ​သော​အတန်းအစား​တစ်ရပ် ပေါ်ပေါက်​လာပြီး သူတို့သည် ဟောပြောခြင်း​အခွင့်ထူး​ကို မိမိတို့​အတွက်သာ သီးသန့်​ထား​သူများ​ဖြစ်​ကြသည်။ (တမန်​တော် ၂၀:၃၀) ထို​တရားဟော​ဆရာ​တို့​မှာ ခရစ်ယာန်​အခေါ်ခံသူ​များ​ထဲမှာ လူနည်းစု​ဖြစ်၏။ အများစုကို တပည့်​အတန်းအစား​ဟု​သိထားကြသည်။ တပည့်​တို့သည် တရားဟော​ဆရာ​တို့​ဆက်လက်​တည်ရှိရေး​အတွက် အလှူငွေ​ထည့်ဝင်​ခြင်း​အပါအဝင် တာဝန်​တစ်စုံတစ်ရာ​ရှိသည်​ဟု​သွန်သင်ခံ​ခဲ့​ရ​စဉ် အများစုမှာ ဟောပြောခြင်း​ကိစ္စရပ်​၌ တရား​နာ​သက်​သက်​မျှ​သာ​ဖြစ်လာ​ကြသည်။

၃၊ ၄။ (က) ခရစ်ယာန်ဘောင်​ရှိသူ​များသည် အမှုတော်​ဆောင်​များ​မည်သို့​ဖြစ်လာ​ကြ​သနည်း။ (ခ) မည်​သူ့ကို ခရစ်ယာန်ဘောင်​ရှိ အမှုတော်​ဆောင်​တစ်ဦး​ဟု ယူမှတ်​သနည်း၊ ယေဟောဝါသက်သေ​များ​တွင် အဘယ်ကြောင့်​ကွာခြား​သနည်း။

တရားဟော​ဆရာ​တို့​က အမှုတော်​ဆောင်​များ (လက်တင်​ဘာသာ​မှ ဒီအာ့ခိုနို့စ်​ကို အမှုတော်​ဆောင်​ဟု​ဘာသာပြန်​ထားပြီး “အမှုထမ်း”) ဖြစ်သည်ဟု​ဆို​ကြ​၏။ * ထိုသို့​ဖြစ်​ရန် သူတို့သည် အထူးပြု​ကောလိပ်​များ သို့​မဟုတ် ကျမ်းစာ​သင်​ကျောင်း​များ​မှ ဘွဲ့​ရ​များ​ဖြစ်​ကြ​ရပြီး ခန့်အပ်​ခြင်း​ခံရ​သည်။ အပြည်ပြည်ဆိုင်ရာ​စံတော်​တင်​ကျမ်းစာ​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “ ‘ခန့်အပ်​ခြင်း’ နှင့် ‘အပ်နှင်း​မှု’ ဟူသည် အမှန်​အားဖြင့် ဘုရားသခင့်​နှုတ်မြွက်​စကား​ကို​ကြွေးကြော်​ရန် သို့​မဟုတ် ဘာသာရေး​အခမ်းအနား​များ​ကို စီမံခန့်ခွဲ​ရန် သို့​မဟုတ် နှစ်ရပ်စလုံးကို​ပြုလုပ်​ရန် အခွင့်အာဏာ​နှင့်​အဓိက​ဆက်စပ်​ပြီး တရားဝင်​ခွင့်ပြု​ထား​သည့် ဘာသာရေး​ထုံးတမ်းများ​အားဖြင့် အမှုတော်​ဆောင်​များ​ကို​ဖြစ်စေ၊ ဘုန်းတော်ကြီး​များ​ကို​ဖြစ်စေ ခန့်အပ်​ပေး​ရသည့် အထူး​အဆင့်အတန်း​ရာထူးကို ရည်ညွှန်း​သည်။” အမှုတော်​ဆောင်​များ​ကို မည်သူက​ခန့်အပ်​သနည်း။ ဗြိ​တဲ​န်​နစ်​ကာ​စွယ်စုံ​ကျမ်း​သစ်​က ဤသို့​ဆို​သည်– “သမိုင်းဝင်​ဂိုဏ်းအုပ်​စီရင်ပိုင်​ရုံး​စိုက်​ရာ ချာ့ခ်ျ​များ​တွင် အမှုတော်​ဆောင်​ခန့်အပ်​ခြင်း​အမှုကို အမြဲ​ပင်​ဘိရှော့​တစ်ဦး​က ဆောင်ရွက်​သည်။ ပ​ရက်စ်​ဘီ​တီး​ရီး​ယန်း​ချာ့ခ်ျ​များ​၌ ခန့်အပ်​မှု​ကို ပ​ရက်စ်​ဘီ​တီး​ရီး​ယန်း​တရားရေး​အဖွဲ့​၏ အမှုတော်​ဆောင်​များ​က ဆောင်ရွက်​သည်။”

သို့​ဖြစ်၍ ခရစ်ယာန်ဘောင်​တို့၏​ချာ့ခ်ျ​တွင် အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​ရသော​အခွင့်ထူး​မှာ အလွန်အမင်း​ကန့်သတ်​ထား​ချက်​ရှိသည်။ သို့သော်လည်း ယေဟောဝါသက်သေ​များ​အတွင်း​တွင် ထိုသို့​မဟုတ်ပါ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ပထမ​ရာစု​ရှိ​ခရစ်ယာန်​အသင်းတော်တွင် ထိုသို့​မဟုတ်သောကြောင့်​တည်း။

မည်သူ​များသည် ဘုရားသခင်​၏​အမှုတော်​ဆောင် အမှန်တကယ်​ဖြစ်​ကြ​သနည်း

၅။ သမ္မာကျမ်းစာ​အရ အမှုတော်​ဆောင်​များ​အဖြစ်​ထမ်းရွက်​သူတို့တွင် မည်သူ​တို့​ပါဝင်​သနည်း။

သမ္မာကျမ်းစာ​အရ ကောင်းကင်​တွင်​ဖြစ်စေ၊ မြေကြီးပေါ်​တွင်​ဖြစ်စေ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူအား​လုံး​မှာ အမှုတော်​ဆောင်​များ​ဖြစ်​ကြ​၏။ ကောင်းကင်တမန်​များသည် ယေရှု၏​အစေ​ကို​ခံ​ကြသည်။ (မဿဲ ၄:၁၁; ၂၆:၅၃; လုကာ ၂၂:၄၃) ကောင်းကင်တမန်​များသည်​လည်း “အမွေခံ​လတ္တံ့​သော​သူတို့ကို​ပြုစု​စေခြင်း​ငှာ၊ . . . အစေခံ . . . [“အမှုတော်​ဆောင်၊” သမ္မာ] ဖြစ်​ကြသည်။” (ဟေဗြဲ ၁:၁၄; မဿဲ ၁၈:၁၀) ယေရှုသည် အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​ခဲ့​သည်။ ကိုယ်တော်​က ဤသို့​မိန့်တော်မူ၏– “လူသား​သည်​သူတစ်ပါးကို​စေ​စားခြင်း​ငှာ​မလာ၊ သူတစ်ပါး​အစေ​ကို​ခံ [“အမှုတော်​ဆောင်၊” က​ဘ] ခြင်း​ငှာ . . . ကြွလာ​သတည်း။” (မဿဲ ၂၀:၂၈သမ္မာ; ရောမ ၁၅:၈) သို့​ဖြစ်၍ ယေရှု၏​နောက်လိုက်​များသည် ‘ခြေရာ​ကို​လိုက်လျှောက်’ ရန်ဖြစ်​ခြင်း​ကြောင့် သူတို့လည်း အမှုတော်​ဆောင်​များ​ဖြစ်​ရခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ။—၁ ပေတရု ၂:၂၁

၆။ မိမိ၏​တပည့်​များသည် အမှုတော်​ဆောင်​များ​ဖြစ်​သင့်​ကြောင်း ယေရှု​မည်သို့​ပြညွှန်​ခဲ့​သနည်း။

ကောင်းကင်​သို့​မတက်ကြွမီ​လေး​တွင် ယေရှုသည် မိမိ၏​တပည့်တော်​များ​ကို ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို​ငါ့​တပည့်​ဖြစ်စေ​လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ [နှစ်ခြင်း] ပေး​ကြလော့။ ငါသည် သင်တို့အား​ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) ယေရှု၏​တပည့်တော်​များသည် တပည့်​ဖြစ်စေ​ကြ​သည့်​အမှုတော်​ဆောင်​များ​ဖြစ်​ကြ​ရန်​တည်း။ သူတို့​ဖြစ်စေ​ခဲ့​သော​တပည့်​အသစ်များ​သည် သွားရောက်၍ တပည့်​များ​ဖြစ်စေ​ခြင်း​မိန့်မှာချက်​အပါအဝင် ယေရှု​မိန့်တော်မူ​သမျှ​အရာအားလုံးကို လိုက်လျှောက်ရန် သင်ကြားခြင်း​ခံ​ခဲ့​ရမည်။ ကျား၊ မ၊ ကြီး၊ ငယ်​မ​ဟူ ယေရှု​ခရစ်​၏​တပည့်စစ်​ဟူ​သမျှ အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​ရ​ပေမည်။—ယောလ ၂:၂၈၊ ၂၉

၇၊ ၈။ (က) စစ်မှန်သော​ခရစ်ယာန်​အားလုံး အမှုတော်​ဆောင်​များ​ဖြစ်​ကြောင်း မည်သည့်​ကျမ်းချက်​များ​က ဖော်ပြ​သနည်း။ (ခ) ခန့်အပ်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများ ပေါ်ပေါက်​လာ​သနည်း။

ယင်း​နှင့်​အညီ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ ယေရှု၏​တပည့်တော်​အားလုံး​တက်ရောက်​ကြ​ကာ ယောက်ျား​နှင့် မိန်းမ​တို့သည် “ဘုရားသခင်​၏​အံ့ဖွယ်သော​အမှုတို့​ကို” ကြား​ပြော​ရာ​၌ ပါဝင်​ခဲ့​ကြသည်။ (တမန်​တော် ၂:၁-၁၁) ထပ်ဆင့်၍ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ဖြောင့်မတ်​ရာ​သို့​ရောက်​ခြင်း​ငှာ စိတ်နှလုံး​ဖြင့်​ယုံကြည်​ရ၏။ ကယ်တင်ခြင်း​သို့​ရောက်​ခြင်း​ငှာ နှုတ်ဖြင့်​ဝန်ခံ​ရ၏။” (ရောမ ၁၀:၁၀-၁၁) ပေါလု​သည် ထိုစကား​များ​ကို အကန့်အသတ်​ရှိသော တရားဟော​ဆရာ​အတန်းအစား​ထံ​သို့​မဟုတ်ဘဲ “ထာဝရ​ဘုရား​ချစ်တော်မူ . . . သည့် ရောမ​အသင်းတော်​ဝင်​အပေါင်း​တို့​ထံ​သို့” ရေးသားခဲ့​ခြင်း​ဖြစ်သည်။ (ရောမ ၁:၁၊သတင်းကောင်း) အလားတူ ‘ဧဖက်​မြို့၌​ရှိသော​သန့်ရှင်းသူ​နှင့် ခရစ်တော်​ယေရှု​၌​သစ္စာရှိ​သော​သူ’ အားလုံး​သည် သူတို့၏ “ငြိမ်သက်ခြင်း​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို ဟောပြော​အံ့​သော​ငှာ ပြင်ဆင်​သော​အဖြစ်​တည်း​ဟူသော ခြေစွပ်​ကို​စွပ်” ထား​ရန်ဖြစ်​သည်။ (ဧဖက် ၁:၁; ၆:၁၅) ထို့​ပြင် ဟေဗြဲ​အသင်းတော်​ထံ​သို့ လိပ်မူ​ထား​သည့်​စာ​ကို​ဖတ်ရှု​ရသူ​အားလုံး​တို့သည် “မျှော်လင့်ခြင်း​အကြောင်း​နှင့်​ဆိုင်ရာ ဝန်ခံချက်​ကို မတိမ်းမယိမ်း​ဘဲ စွဲကိုင်​ကြ” ရန်ဖြစ်​သည်။—ဟေဗြဲ ၁၀:၂၃သမ္မာ

သို့သော် အဘယ်​အချိန်၌ လူတစ်ဦး​သည် အမှုတော်​ဆောင်​တစ်ဦး​ဖြစ်လာ​သနည်း။ တစ်နည်း​ဆို​ရ​သော် မည်သည့်​အချိန်၌ သူ​ခန့်အပ်​ခြင်း​ခံရ​သနည်း။ မည်သူက သူ့ကို​ခန့်အပ်​ခြင်း​ဖြစ်သနည်း။

အမှုတော်​ဆောင်​တစ်ဦး​အဖြစ်​ခန့်အပ်​ခြင်း—အဘယ်​အချိန်တွင်​နည်း

၉။ မည်​သည်​အချိန်၌ ယေရှု​ခန့်အပ်​ခြင်း​ခံရ​သနည်း၊ မည်​သူ့​အားဖြင့်​နည်း။

လူတစ်ဦး​သည် မည်သည့်​အချိန်​နှင့် မည်သူ​အားဖြင့်​ခန့်အပ်​ခံရ​ကြောင်း​နှင့်​ပတ်သက်​၍ ယေရှု၏​နမူနာကို သုံးသပ်ကြည့်​ပါ။ မိမိသည် အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​ကြောင်း သက်သေပြ​ရန် ခန့်အပ်​လွှာ​တစ်စောင် သို့​မဟုတ် ကျမ်းစာ​ကျောင်း​တစ်ခုခု​မှ​ဒီဂရီ​တစ်ခု ကိုယ်တော်၌​မရှိခဲ့​ချေ၊ မည်သည့်​လူသား​တစ်ဦး​တစ်ယောက်​က​မျှ ကိုယ်တော့်​ကို ခန့်အပ်​ခဲ့​ခြင်း​မဟုတ်။ သို့​ဆိုလျှင် ကိုယ်တော်​သည် အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​ပြော​နိုင်​သနည်း။ အကြောင်း​မှာ ဟေရှာယ​၏ ဤ​မှုတ်သွင်းခံ​စကား​များသည် ကိုယ်တော်၌​ပြည့်စုံ​ခဲ့​ခြင်း​ကြောင့်​ဖြစ်သည်– “ထာဝရ​ဘုရား​၏​ဝိညာဉ်တော်သည် ငါ့​အပေါ်မှာ​တည်​တော်​မူ​၏။ အကြောင်း​မူ​ကား . . . ဝမ်းမြောက်စရာ​သတင်းကို​ကြား​ပြော​စေခြင်း​ငှာ ငါ့ကို ဘိသိက်ပေး​တော်​မူ​ပြီ။” (လုကာ ၄:၁၇-၁၉; ဟေရှာယ ၆၁:၁) ထိုစကား​များ​က ယေရှုသည် သတင်းကောင်းကို​ပြော​ရန် တာဝန်​အပ်နှင်း​ခံ​ခဲ့​ရ​ကြောင်း သံသယ​ဖြစ်စရာ​မရှိ​ချေ။ မည်​သူ့​အားဖြင့်​နည်း။ ထို​လုပ်ငန်း​အတွက် ယေဟောဝါ​၏​ဝိညာဉ်တော်သည် ယေရှု​အား ဘိသိက်ပေး​ခဲ့​ခြင်း​ကြောင့် ယေဟောဝါ​ဘုရားသခင်​က ကိုယ်တော့်​ကို​ခန့်အပ်​ခဲ့​ခြင်း​မှာ ထင်ရှား​ပါ​သည်။ ယင်း​သို့ မည်သည့်​အချိန်၌ ခန့်အပ်​ခဲ့​သနည်း။ ယေရှု​နှစ်ခြင်း​ခံ​ခဲ့​ချိန်​တွင် ယေဟောဝါ​၏​ဝိညာဉ်တော်သည် အမှန်တကယ်​ကိုယ်တော့်​အပေါ်​ဆင်းသက်လာ​သည်။ (လုကာ ၃:၂၁၊ ၂၂) ထို့​ကြောင့် ကိုယ်တော်​နှစ်ခြင်း​ခံ​ချိန်​၌ ခန့်အပ်​ခံ​ခဲ့​ရခြင်း​ဖြစ်သည်။

၁၀။ မည်​သူ့​အားဖြင့် ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး “ဖြစ်​နိုင်သော​အစွမ်း” ရရှိ​သနည်း။

၁၀ ယေရှု၏​ပထမ​ရာစု​ရှိ နောက်တော်လိုက်​တို့​နှင့်​ပတ်သက်​၍​ကော။ အမှုတော်​ဆောင်​အဖြစ် သူတို့၏​ဂုဏ်ပုဒ်​ကို ယေဟောဝါ​ထံ​တော်​မှ​ရခြင်း​ဖြစ်သည်။ ပေါလု​က ဤသို့​ဆို​သည်– “ဘုရားသခင်​ကို​အမှီပြု၍​သာ တတ်နိုင်​သည်​နှင့်​အညီ ပဋိညာဉ်တရား​သစ်​၏ အမှုတော်​ဆောင် ဖြစ်​နိုင်သော အစွမ်း​သတ္တိ​ကို ဘုရားသခင်​သည်​ငါ​တို့အား​ပေး​တော်​မူ​၏။” (၂ ကောရိန္သု ၃:၅၊ ၆သမ္မာ) မိမိ​အား ဝတ်ပြု​ကိုးကွယ်​သူများကို အမှုတော်​ဆောင်​များ​ဖြစ်​နိုင်​သည့်​အစွမ်း​သတ္တိ ယေဟောဝါ မည်သို့​ပေး​သနည်း။ “ဝမ်းမြောက်​ဖွယ်​သတင်းတရားကို​ဟောပြော​၍ ဘုရားသခင်​၏​အမှုတော်​ဆောင်​ဖြစ်သူ” ဟု​ပေါလု​ခေါ်ဆို​သော တိမောသေ​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။—၁ သက်သာလောနိတ် ၃:၂သမ္မာ

၁၁၊ ၁၂။ အမှုတော်​ဆောင်​တစ်ဦး​အဖြစ်သို့ တိမောသေ မည်သို့​တိုးတက်လာ​ခဲ့​သနည်း။

၁၁ တိမောသေ​ထံ​သို့​ရေးသားခဲ့​သော အောက်​ဖော်ပြ​ပါ​စကား​များ​က သူ​မည်သို့​အမှုတော်​ဆောင်​တစ်ဦး​ဖြစ်လာ​ပုံ​ကို ကျွန်ုပ်​တို့​နားလည်​ရန် ကူညီပေး​သည်– “သင်သည် အဘယ်သူ​ထံ​၌​နည်းခံ​ခဲ့​ပြီး​သည်ကို​လည်းကောင်း၊ ယေရှု​ခရစ်​ကို​ယုံကြည်ခြင်း​အားဖြင့် ကယ်တင်ခြင်း​အလို​ငှာ ပညာ​ကို​ပေး​နိုင်သော​ဓမ္မ​ကျမ်းစာ​ကို ငယ်​သော​အရွယ်​မှ​စ၍ လေ့​ကျက်​သည်ကို​လည်းကောင်း သိမှတ်​သည်​နှင့် အထက်​က​သင်​၍ နှလုံး​သွင်း​မိ​သော​အယူဝါဒ​၌​တည်​နေလော့။” (၂ တိမောသေ ၃:၁၄၊ ၁၅) တိမောသေ​အား လူအများရှေ့​ကြွေးကြော်​ရန် လှုံ့ဆော်ပေး​ခဲ့​မည့် သူ့​ယုံကြည်ခြင်း​၏​အခြေခံ​အုတ်မြစ်​မှာ သမ္မာကျမ်းစာ​အသိပညာ​ဖြစ်သည်။ ယင်း​အတွက် လိုအပ်​သည့်​အရာအားလုံးကို ကိုယ်ပိုင်​ဖတ်ရှုခြင်း​ဖြင့်​သာ ရရှိခဲ့​ခြင်း​လော။ မဟုတ်ပါ။ တိကျမှန်ကန်သော​အသိပညာကို​ရရှိရန်​နှင့် မိမိ​ဖတ်ရှု​သော​အရာ​နှင့်​ပတ်သက်ပြီး ဝိညာဉ်​ရေး​နားလည်မှု​ရှိ​ရန် တိမောသေ​၌​အကူအညီ​လိုအပ်​ခဲ့​သည်။ (ကောလောသဲ ၁:၁၀-၁၁) သို့​ဖြစ်၍ တိမောသေ​သည် “ယုံကြည်​ရန်​သွေးဆောင်” ခံ​ခဲ့​ရသည်။ သူသည် သမ္မာကျမ်းစာ​ကို “နို့စို့အရွယ်​မှ” စ​တင်၍​သိကျွမ်း​ခဲ့​ခြင်း​ကြောင့် သူ၏​လက်​ဦး​ဆရာများ​မှာ သူ့​မိခင်​ဥ​နိတ်​နှင့် အဖွား​လော​ဣ​တို့​ဖြစ်​ရမည်၊ သူ၏​ဖခင်​မှာ ယုံကြည်သူ​တစ်ဦး​မဟုတ်​ကြောင်း ထင်ရှား​ပါ​သည်။—၂ တိမောသေ ၁:၅

၁၂ သို့သော် တိမောသေ​အမှုတော်​ဆောင်​တစ်ဦး​ဖြစ်လာ​ရေး​တွင် ထို​ထက်မက​ပါဝင်​သည်။ တစ်ချက်​ကား အနီးအနား​ရှိ​အသင်းတော်များ​မှ ခရစ်ယာန်​များနှင့်​ပေါင်းသင်း​ခြင်း​အားဖြင့် သူ၏​ယုံကြည်ခြင်း​သည် သာ၍​ခိုင်ခံ့​လာ​ခဲ့​သည်။ ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။ အကြောင်း​မှာ တိမောသေ​နှင့် ပေါလု ဦးဆုံး​တွေ့ဆုံ​ချိန်​က ထို​လူငယ်လေး​သည် “လုတ္တရ​မြို့၊ ဣကောနိ​မြို့၌​ရှိသော​ညီအစ်ကို​တို့​တွင် အသရေရှိသော​သူ​ဖြစ်၏။” (တမန်​တော် ၁၆:၂) ထို့​အပြင် ထို​အချိန်​က ညီအစ်ကို​အချို့​သည် အားပေး​တည်ဆောက်​ပေး​နိုင်​ရန် အသင်းတော်များ​သို့ စာ​များ​ရေး​၍​ပို့​ခဲ့​ကြသည်။ ထို​မျှ​မ​က သူတို့ကို တိုက်တွန်း​နှိုးဆော်​နိုင်​ရန် ကြီးကြပ်မှူး​များ​က သူတို့​ထံ​လည်ပတ်​ခဲ့​ကြ​၏။ ယင်း​သို့​သော ထောက်ပံ့​ပေး​မှုများ​သည် တိမောသေ​ကဲ့သို့​သော​ခရစ်ယာန်​များ​ကို ဝိညာဉ်ရေးတွင်​တိုးတက်လာ​ရန် အကူအညီ​ဖြစ်စေ​ခဲ့​သည်။—တမန်​တော် ၁၅:၂၂-၃၂; ၁ ပေတရု ၁:၁၊ ၂

၁၃။ မည်သည့်​အချိန်၌ တိမောသေ​သည် အမှုတော်​ဆောင်​တစ်ဦး​အဖြစ် ခန့်အပ်​ခြင်း​ခံ​ခဲ့​ရသနည်း၊ သူ၏​ဝိညာဉ်​ရေးရာ​ကြီးပွားမှု​မှာ ထို​တွင်​ပင် ရပ်တန့်​မသွား​ဟု သင်​အဘယ်ကြောင့်​ပြော​မည်​နည်း။

၁၃ မဿဲ ၂၈:၁၉၊ ၂၀ တွင်​မှတ်တမ်း​တင်ထားသော ယေရှု၏​မိန့်တော်မူချက်​ကို​ထောက်၍ တစ်ချိန်ချိန်​တွင် တိမောသေ​၏​ယုံကြည်ခြင်းက သူ့​အား ယေရှုကို​အတု​ယူ၍​နှစ်ခြင်း​ခံရန် လှုံ့ဆော်​ခဲ့​ကြောင်း ကျွန်ုပ်​တို့​အသေအချာ​ဆိုနိုင်​ပါ​သည်။ (မဿဲ ၃:၁၅-၁၇; ဟေဗြဲ ၁၀:၅-၉) ယင်းသည် ဘုရားသခင်​ထံ တိမောသေ​၏​စိတ်နှလုံး​အကြွင်းမဲ့ ဆက်ကပ်​အပ်နှံခြင်း​၏ အထိမ်းအမှတ်​တစ်ခု​ဖြစ်​ခဲ့​သည်။ နှစ်ခြင်း​ယူချိန်၌ တိမောသေ​သည် အမှုတော်​ဆောင်​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ ထို​အချိန်​မှ​စ၍ သူ့​ဘဝ​အသက်တာ၊ ခွန်အား​နှင့် သူ့​တွင်​ရှိသမျှ​အရာအားလုံးကို ယေဟောဝါ​ပိုင်ဆိုင်​သွားခဲ့သည်။ ယင်းက သူ၏​ဝတ်ပြု​ကိုးကွယ်​မှု၊ “မြင့်မြတ်​သော​အမှုဆောင်ခြင်း” ၏​အရေးပါသော​အပိုင်း​တစ်ခု​ဖြစ်သည်။ သို့သော် ထို​အခါ တိမောသေ​သည် မိမိ​ရရှိ​ထားသော ဂုဏ်ပုဒ်​များနှင့် ကျေနပ်​မနေခဲ့ချေ။ ဝိညာဉ်ရေးတွင် သူ​ဆက်လက်​ကြီးပွား​လာပြီး ရင့်ကျက်သော​ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး ဖြစ်လာ​ခဲ့​သည်။ ထိုသို့​ဖြစ်​ခဲ့​ခြင်း​မှာ တိမောသေ​သည် ပေါလု​ကဲ့သို့​သော ရင့်ကျက်သည့်​ခရစ်ယာန်​များနှင့် နီးနီးကပ်ကပ်​ပေါင်းသင်းမှု၊ သူ၏​ကိုယ်ပိုင်​လေ့လာမှု​နှင့် ဇွဲရှိ​ရှိ​ဟောပြော​ဆောင်ရွက်မှု​တို့​ကြောင့်​ဖြစ်သည်။—၁ တိမောသေ ၄:၁၄; ၂ တိမောသေ ၂:၂; ဟေဗြဲ ၆:၁၊ ၂

၁၄။ ယနေ့ “ထာဝရ​အသက်ကို​တလိုတလား​ရှိသူ” တစ်ဦး​သည် အမှုတော်​ဆောင်​တစ်ဦး​အဖြစ်သို့ မည်သို့​တိုးတက်လာ​သနည်း။

၁၄ ယနေ့ ခရစ်ယာန်​ဓမ္မ​အမှု​အတွက် ခန့်အပ်​မှု​မှာ အလားတူ​ပင်​ဖြစ်သည်။ “ထာဝရ​အသက်ကို​တလိုတလား​ရှိသူ” တို့သည် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​နှင့်​ပတ်သက်​၍ သိလာ​စေရန် ကျမ်းစာ​သင်အံမှု​အားဖြင့် ကူညီ​ပေးခြင်း​ခံ​ခဲ့​ရ၏။ (တမန်​တော် ၁၃:၄၈က​ဘ) ထို​သူ​တစ်ဦးချင်း​စီ​သည် သူ၏​ဘဝ​အသက်တာ​၌ သမ္မာကျမ်းစာ​မူများ​ကို လက်တွေ့​ကျင့်သုံး​ရန်​နှင့် ဘုရားသခင်​ထံ အဓိပ္ပာယ်​အပြည့်​နှင့်​ဆုတောင်း​ရန် သင်ယူ​ကြသည်။ (ဆာလံ ၁:၁-၃; သု. ၂:၁-၉; ၁ သက်သာလောနိတ် ၅:၁၇၊ ၁၈) သူသည် အခြား​ယုံကြည်သူချင်း​တို့​နှင့်​ပေါင်းသင်း​၍ “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” အားဖြင့် ပြင်ဆင်​ပေး​ထား​ရာ​များနှင့် အစီအစဉ်များ​မှ အကျိုးကျေးဇူးများ​ကို​ရယူ​ကြ​ရသည်။ (မဿဲ ၂၄:၄၅-၄၇သ​မ; သု. ၁၃:၂၀; ဟေဗြဲ ၁၀:၂၃-၂၅) သို့​နှင့် သူသည် ဖွဲ့စည်းထား​သော​အဆင့်ဆင့်​ပညာရေး​တွင် တိုးတက်လာ​သည်။

၁၅။ လူတစ်ဦး နှစ်ခြင်း​ခံ​သောအခါ ဘာဖြစ်​လာ​သနည်း။ (အောက်ခြေမှတ်ချက်ကို​လည်း​ရှု။)

၁၅ အဆုံး​တွင် ကျမ်းစာ​ကျောင်းသား​သည် ယေဟောဝါ​ဘုရားသခင်​ကို တိုး၍​ချစ်​မြတ်နိုး​လာပြီး ရွေးနုတ်ဖိုး​ပူဇော်​သကာ​တွင် ယုံကြည်ခြင်း​ခိုင်ခံ့​လာ​ကာ မိမိ၏​ကောင်းကင်​ခမည်းတော်​ထံ မိမိကိုယ်ကို​အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​ရန် ဆန္ဒရှိ​လာ​၏။ (ယောဟန် ၁၄:၁) သူသည် ဆက်ကပ်​အပ်နှံခြင်း​ကို ကိုယ်ပိုင်​ဆုတောင်း​ကာ ပြုလုပ်​ပြီး​နောက် ထို​တစ်ဦးတည်း​လုပ်ဆောင်ချက်​ကို လူအများရှေ့​အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ခံယူ​လိုက်​သည်။ သူ၏​နှစ်ခြင်းက သူ၏​ခန့်အပ်​ခြင်း​အခမ်းအနား​ဖြစ်သည်၊ အကြောင်း​မှာ ထို​အချိန်၌ သူသည် အကြွင်းမဲ့​ဆက်ကပ်​အပ်နှံ​ထားသော​ကျေးကျွန်​တစ်ဦး၊ ဘုရားသခင်​၏​ဒီအာ့ခိုနို့စ်​တစ်ဦး​အဖြစ် အသိအမှတ်ပြု​ခံ​ခဲ့​ရခြင်း​ကြောင့်​ဖြစ်သည်။ သူသည် ဆက်၍​လောက​နှင့်​သီးခြားနေ​ရမည်​ဖြစ်သည်။ (ယောဟန် ၁၇:၁၆; ယာကုပ် ၄:၄) သူသည် ခြွင်းချက်​မရှိ သို့​မဟုတ် အကန့်အသတ်မဲ့​ဖြင့် သူ့​တစ်ကိုယ်လုံး​၏ “ကိုယ်​အင်္ဂါများ​ကို အသက်ရှင်​သော၊ သန့်ရှင်း​မြင့်မြတ်​သော၊ ဘုရားသခင်​လက်ခံဖွယ်​သော ပူဇော်​သကာ​များ​အဖြစ်” ပေးအပ်​ထား​သည်။ (ရောမ ၁၂:၁က​ဘ) * သူသည် ဘုရားသခင်​၏​အမှုတော်​ဆောင်​ဖြစ်​ပြီး ခရစ်တော်​ကို​အတုယူ​၏။

ခရစ်ယာန်​အမှုတော်​ဆောင်ခြင်း​ဟူသည် အဘယ်နည်း

၁၆။ အမှုတော်​ဆောင်​တစ်ဦး​အနေ​ဖြင့် တိမောသေ​၏​တာဝန်​အချို့​ကား အဘယ်နည်း။

၁၆ တိမောသေ​၏​အမှုဆောင်ခြင်း​၌ အဘယ်အရာ​အကျုံးဝင်​သနည်း။ ပေါလု​၏ ခရီး​ဖော်​တစ်ဦး​အဖြစ် အထူး​အခွင့်အရေး​များ​ကို သူ​ရရှိခဲ့သည်။ ထို့​ပြင် အကြီးအကဲ​တစ်ဦး​ဖြစ်လာ​သောအခါ တိမောသေ​သည် ခရစ်ယာန်​ချင်း​တို့ကို သွန်သင်ခြင်း​နှင့် အားပေး​တည်ဆောက်​ခြင်း​တို့​တွင် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့​သည်။ သို့သော် သူ့​အမှုဆောင်ခြင်း​၏​အဓိက​အပိုင်း​မှာ ယေရှု​နှင့် ပေါလု​တို့၏​အမှုကိစ္စ​၌​ကဲ့သို့​ပင် သတင်းကောင်း​ဟောပြောခြင်း​နှင့် တပည့်​များ​ဖြစ်စေ​ခြင်း​ဖြစ်သည်။ (မဿဲ ၄:၂၃; ၁ ကောရိန္သု ၃:၅) ပေါလု​က တိမောသေ​ကို ဤသို့​ပြော​ခဲ့​သည်– “သင်​မူ​ကား၊ အရာရာ၌ . . . သတိရှိ​စေ​လော့။ ဆင်းရဲ​ဒုက္ခ​ကို​သည်းခံ​လော့။ သာသနာပြု​ဆရာ​ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​လော့။ . . . ဆရာ​အရာ​၌​ခန့်​ထား​၍​ပြု​ရသော​ဝတ်များ​ကို အကုန်အစင်​ပြု​လော့။”—၂ တိမောသေ ၄:၅

၁၇၊ ၁၈။ (က) အဘယ်​အမှုတော်တွင် ခရစ်ယာန်​များ ပါဝင်​သနည်း။ (ခ) ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​အတွက် ဟောပြောခြင်း​လုပ်ငန်း​သည် မည်မျှ​အရေးပါ​သနည်း။

၁၇ ယနေ့ ခရစ်ယာန်​အမှုတော်​ဆောင်​များလည်း အလားတူ​ပင်​ဖြစ်သည်။ သူတို့သည် လူအများရှေ့​အမှုတော်​ဆောင်ခြင်း၊ ဧဝံဂေလိတရား​ဟောပြောခြင်း​လုပ်ငန်း၊ ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​ကို​အခြေခံ​၍ အခြား​သူတို့ကို ကယ်တင်ခြင်း​သို့​ညွှန်ပြ​ပေးခြင်း​နှင့် ယေဟောဝါ​၏​နာမတော်​ကို ခေါ်​ကြသော နှိမ့်ချ​သူများကို​သွန်သင်​ပေးခြင်း​တို့​တွင် ပါဝင်​ကြ​၏။ (တမန်​တော် ၂:၂၁; ၄:၁၀-၁၂; ရောမ ၁၀:၁၃) ဆင်းရဲ​ဝေဒနာ​ခံစား​နေရ​သော​လူသားများ​အတွက် ဘုရားသခင့်​နိုင်ငံတော်​သည် တစ်ခု​တည်း​သော​မျှော်လင့်ချက်​ဖြစ်​ကြောင်း၊ ဘုရားသခင့်​ရေးရာ​မူများ​နှင့်​အညီ ကျွန်ုပ်​တို့​အသက်ရှင်နေ​ထိုင်​ကြ​မည်​ဆိုလျှင် ယခု​လက်ငင်း​ပင် အရာရာ၌ သာ၍​ကောင်း​လာ​ကြောင်းကို သမ္မာကျမ်းစာ​မှ သက်သေပြ​ကြသည်။ (ဆာလံ ၁၅:၁-၅; မာကု ၁၃:၁၀) သို့သော် ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​သည် လူမှုရေး​ဝမ်းမြောက်​ဖွယ်​သတင်းကို ဟောပြောနေ​ခြင်း​မဟုတ်​ချေ။ ယင်းအစား သူသည် ‘ယခု​နှင့် နောင်​အသက်တာ​တို့​နှင့်​စပ်ဆိုင်​သော ကတိတော်​ကို​ရစေ​သည့် ဘုရားသခင်​ဝတ်၌​မွေ့လျော်’ ခြင်း​အကြောင်းကို​သွန်သင်​လေ​သည်။—၁ တိမောသေ ၄:၈

၁၈ မှန်ပါသည်၊ အမှုတော်​ဆောင်​များစွာ​သည် ခရစ်ယာန်​တစ်ဦး​နှင့်​တစ်ဦး ကွဲပြား​ခြားနား​နိုင်​သည့် ထပ်ဆင့်​နည်းများဖြင့်​တာဝန်​ထမ်းဆောင်​ကြသည်။ များစွာ​တို့​တွင် မိသားစု​တာဝန်​များ​ရှိသည်။ (ဧဖက် ၅:၂၁–၆:၄) အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​တွင် အသင်းတော်​တာဝန်​များ​ရှိသည်။ (၁ တိမောသေ ၃:၁၊ ၁၂၊ ၁၃; တိတု ၁:၅; ဟေဗြဲ ၁၃:၇) ခရစ်ယာန်​များစွာ​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ဆောက်လုပ်​ရာ​တွင် အကူအညီ​ပေး​ကြသည်။ အချို့​မှာ ကင်းမျှော်စင်​အသင်း​၏​ဗေသလ​အိမ်များတွင် စေတနာ့​ဝန်ထမ်း​တစ်ဦး​အဖြစ်​လုပ်ဆောင်​ရသည့် ကောင်းမွန်သော​အခွင့်ထူး​ကို ရရှိ​ထား​ကြသည်။ သို့သော် ခရစ်ယာန်​အမှုတော်​ဆောင်​အားလုံး​သည် သတင်းကောင်း​ဟောပြောခြင်း​၌ ပါဝင်​ကြသည်။ ထို​တွင်​ခြွင်းချက်​လုံးဝ​မရှိ​ချေ။ ဤ​လုပ်ငန်း​၌​ပါဝင်ခြင်း​သည် စစ်မှန်သော​ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​အဖြစ် လူအများရှေ့ ဖော်ပြချက်​တစ်ရပ်​ဖြစ်သည်။

ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး၏​စိတ်ထား

၁၉၊ ၂၀။ ခရစ်ယာန်​အမှုတော်​ဆောင်​များသည် မည်သည့်​စိတ်ထား​ကို မွေးမြူ​ကြ​ရမည်​နည်း။

၁၉ ခရစ်ယာန်ဘောင်​၏​အမှုတော်​ဆောင်​အများစုမှာ အထူး​ရိုသေသမှု​ပြုခြင်း​ခံရ​ရန်​မျှော်လင့်​ကြ​ပြီး သူတို့သည် “သိက္ခာ​တော်​ရ” နှင့် “ဘုန်းတော်ကြီး” ဟူသော​ဘွဲ့​နာမကို​ခံယူ​ထား​ကြသည်။ သို့သော် ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​သည် ယေဟောဝါ​တစ်ပါး​တည်း​သာ​လျှင် ရိုသေ​လေးမြတ်ခြင်း​ခံထိုက်​ကြောင်းကို သိထားကြ​၏။ (၁ တိမောသေ ၂:၉၊ ၁၀) မည်သည့်​ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​က​မျှ ယင်း​သို့​မြင့်မြတ်​သော​လေးစားမှုကို တောင်းဆိုခြင်း သို့​မဟုတ် အထူး​ဘွဲ့​နာမ​ရာထူးကို​ရ​ရန် မတောင်းဆို​ချေ။ (မဿဲ ၂၃:၈-၁၂) သူသည် ဒီ​အာ​ခို​နီ​အာ​၏ “အမှုဆောင်ခြင်း” ဟူသော​အဓိပ္ပာယ်​ရင်း​ကို သိရှိ​ထား​သည်။ ယင်း​နှင့်​စပ်​လျ​ဉ်း​သော​ကြိယာ​ကို တစ်ခါတစ်ရံ သမ္မာကျမ်းစာ​၌ စားပွဲ​တွင် ခူး​ခပ်​ပြင်ဆင်​ပေး​ရခြင်း​ကဲ့သို့​သော ကိုယ်တိုင် အလုပ်အကျွေးပြု​မှုများ​၌ အသုံးပြု​ထား​သည်။ (လုကာ ၄:၃၉; ၁၇:၈; ယောဟန် ၂:၅) ခရစ်ယာန်​ဓမ္မ​အမှု​နှင့် ဆက်စပ်​သည့် ယင်း​စကားလုံး​၏​အသုံးပြုပုံ​သည် သာ၍​အဆင့်မြင့်​သော်လည်း ဒီအာ့ခိုနို့စ်​သည် အစေခံ​အမှုထမ်း​တစ်ဦး​ဖြစ်​ဆဲ​ပင်။

၂၀ သို့​ဖြစ်၍ မည်သည့်​ခရစ်ယာန်​အမှုတော်​ဆောင်​မျှ မိမိကိုယ်ကို​အရေးပါ​သည်​ဟူသော​ခံစားချက်​မျိုး​ရှိ​ရန် အကြောင်း​မရှိ​ချေ။ စစ်မှန်သော​ခရစ်ယာန်​အမှုတော်​ဆောင်​များသည်—အသင်းတော်၌ အထူး​တာဝန်​များ​ကို​ရရှိ​ထား​သူများ​ဖြစ်​လင့်​ကစား နှိမ့်ချမှု​ရှိ​ကျေးကျွန်​များ​ဖြစ်​ကြသည်။ ယေရှု​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်တို့တွင်​အကဲအမှူး​ပြု​လို​သော​သူသည် အစေခံ​ဖြစ်​ရမည်။ အထွတ်အမြတ်​လုပ်ချင်​သော​သူသည်​လည်း သင်တို့​ကျွန်​ဖြစ်​ရမည်။” (မဿဲ ၂၀:၂၆၊ ၂၇သမ္မာ) တော်မှန်​သော​စိတ်ထား​ကို​မွေးမြူရန် မိမိ၏​တပည့်​များ​ကို​ပြသ​ရာ​၌ ယေရှုသည် အဆင့်​အနိမ့်ဆုံး​ကျေးကျွန်​၏​အလုပ်​ဖြစ်သော သူတို့၏​ခြေထောက်​ကို ဆေးကြော​ပေး​ခဲ့​သည်။ (ယောဟန် ၁၃:၁-၁၅) မည်မျှ​နှိမ့်ချမှု​ရှိသည် အမှုဆောင်ခြင်း​ပါ​တကား! သို့​ဖြစ်၍ ခရစ်ယာန်​အမှုတော်​ဆောင်​များသည် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့​ထံ နှိမ့်ချစွာ​အမှုထမ်း​ကြသည်။ (၂ ကောရိန္သု ၆:၁၀; ၁၁:၂၃) အချင်းချင်း​အမှုထမ်း​ကြ​ရာ​၌ သူတို့သည် စိတ်​နှိမ့်ချမှုကို​ပြသ​ကြ​ရသည်။ ထို့​ပြင် သူတို့သည် သတင်းကောင်း​ဟောပြောသော​အခါ မိမိ၏​မယုံကြည်သူ​အိမ်နီးချင်း​တို့ကို တစ်ကိုယ်ကောင်း​မ​ဆန်​ဘဲ အမှုထမ်း​ကြသည်။—ရောမ ၁:၁၄၊ ၁၅; ဧဖက် ၃:၁-၇

အမှုဆောင်​ရာ​၌ ခံနိုင်ရည်​ရှိ​ခြင်း

၂၁။ အမှုတော်​ဆောင်​ရာ​၌ ခံနိုင်ရည်​ရှိ​ခြင်း​အတွက် ပေါလု​မည်သို့​ဆုချခြင်း ခံ​ခဲ့​ရသနည်း။

၂၁ အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​ရန် ပေါလု​ခံနိုင်ရည်​ရှိခဲ့​ရသည်။ ကောလောသဲ​ရှိသူတို့​ထံ သတင်းကောင်း​ဟောပြောနိုင်​ရန် မိမိသည် များစွာ​ဆင်းရဲခြင်း​ခံရ​ကြောင်း သူတို့အား သူက​ပြောပြ​ခဲ့​သည်။ (ကောလောသဲ ၁:၂၄–၂၆) သို့သော် သူသည် ခံနိုင်ရည်​ရှိခဲ့​သောကြောင့် များစွာသော​သူတို့သည် သတင်းကောင်းကို​လက်ခံခဲ့​ကြ​ပြီး အမှုတော်​ဆောင်​များ​ဖြစ်လာ​ခဲ့​၏။ သူတို့သည် ဘုရားသခင်​၏​သားများ​နှင့် ယေရှု​ခရစ်​၏​ညီတော်​များ​ဖြစ်လာ​ခဲ့​ကြ​ပြီး ကောင်းကင်​တွင် ကိုယ်တော်​၏​နံဘေး​၌​နေရ​သော နာမ်ဝိညာဉ်​သတ္တဝါများ​ဖြစ်ခွင့် အလားအလာ​ရှိကြသည်။ ခံနိုင်ရည်​ရှိ​ခြင်း​အတွက် ဘုန်း​ကျက်သရေ​နှင့်​ပြည့်ဝသော ဆုကျေးဇူး​တစ်ရပ်​ပင်​တည်း!

၂၂၊ ၂၃။ (က) ယနေ့ ခရစ်ယာန်​အမှုဆောင်​များသည် အဘယ်ကြောင့် ခံနိုင်ရည်​လိုအပ်​သနည်း။ (ခ) ခရစ်ယာန်​ခံနိုင်ရည်​ရှိ​ခြင်း​မှ အဘယ်​ထူးကဲ​သော အကျိုးကျေးဇူး​ပေါ်ထွက်​လာ​သနည်း။

၂၂ ယနေ့ စစ်မှန်သော​ဘုရားသခင်​၏​အမှုတော်​ဆောင်​များ​အတွက် ခံနိုင်ရည်​မှာ မရှိမဖြစ်​လိုအပ်​သည်။ များစွာတို့သည် ဖျားနာ​မှု သို့​မဟုတ် အသက်​ကြီးရင့်​မှု​၏​နာကျင်မှု​များ​ကို နေ့စဉ်​ရုန်းကန်​ကြ​ရသည်။ မိဘများသည် မိမိတို့၏​သားသမီး​များ​ကို မွေးမြူ​ရာ​၌ ပင်ပင်ပန်းပန်း​လုပ်ဆောင်ကြ​ရပြီး အများစုမှာ အိမ်ထောင်ဖက်​မရှိဘဲ တစ်ဦးတည်း​လုပ်ဆောင်​ရသည်။ ကလေး​များသည် ကျောင်း​၌ မိမိ​ဝန်းကျင်ရှိ မှားယွင်းသော​သြဇာလွှမ်း​မိုး​မှုများ​ကို တွန်းလှန်​ကြ​ရာ​တွင် ရဲရင့်မှု​ရှိကြ​ရသည်။ များစွာသော​ခရစ်ယာန်​များသည် စီးပွားရေး​အကျပ်အတည်း​ကို ပြင်းပြင်းထန်ထန်​ရုန်းကန်​ကြ​ရ၏။ “နောက်ဆုံးသော​နေ့ရက်​များ​၌ ခဲယဉ်း​သော​ကာလ” ကြောင့် များစွာတို့သည်​နှိပ်စက်​ညှဉ်းပန်းမှု​ခံ​ကြ​ရသည်၊ သို့​မဟုတ် ခက်ခဲ​မှု​ကို​ရင်ဆိုင်​ကြ​ရသည်​တကား! (၂ တိမောသေ ၃:၁သမ္မာ) မှန်ပါသည်၊ ခြောက်​သန်း​နီးပါး​ခန့်​သော ယနေ့ ယေဟောဝါ​၏​အမှုတော်​ဆောင်​များသည် တမန်​တော်​ပေါလု​နှင့်အတူ ဤသို့​ပြောဆို​နိုင်​ကြသည်– “[“ခံနိုင်ရည်​များစွာ​ဖြင့်၊” က​ဘ] ဘုရားသခင်​၏​အမှုတော်​ဆောင်​များ​မှန်​ကြောင်းကို ငါ​တို့သည် အရာရာ၌​ကိုယ်ကို​ထင်ရှား​စွာ​ပြ​ကြ​၏။” (၂ ကောရိန္သု ၆:၁၀သမ္မာ) ခရစ်ယာန်​အမှုတော်​ဆောင်​များသည် ဘယ်တော့​မျှ​လက်မြှောက်​အရှုံးပေး​ခြင်း​မရှိ။ သူတို့၏ ခံနိုင်ရည်​အတွက် အမှန်ပင် ချီးမွမ်း​ထိုက်​သည်။

၂၃ ထို​ထက်​ကား ပေါလု​၏​ကိစ္စ​၌​ကဲ့သို့​ပင် ခံနိုင်ရည်​က ထူးကဲ​သော​အကျိုးကျေးဇူး​ဖြစ်စေ​သည်။ ခံနိုင်ရည်​ရှိ​ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ထိန်းထား​ပြီး ကိုယ်တော်​၏​စိတ်နှလုံး​ကို ရွှင်လန်း​စေ​သည်။ (သု. ၂၇:၁၁) ကျွန်ုပ်​တို့သည် မိမိတို့​ကိုယ်နှိုက်​၏​ယုံကြည်ခြင်းကို သန်စွမ်း​စေပြီး တပည့်​ဖြစ်စေ​ခြင်း​ကို​လုပ်ဆောင်​ကာ ခရစ်ယာန်​ညီအစ်ကို​ချင်း​တို့ကို ထပ်၍​တိုးပွား​လာ​စေ​သည်။ (၁ တိမောသေ ၄:၁၆) ဤ​နောက်ဆုံးသော​နေ့ရက်​များ​အတွင်း ယေဟောဝါ​သည် မိမိ၏​အမှုတော်​ဆောင်​များ​ကို ထောက်ပံ့​ပေး​ခဲ့​ပြီး သူတို့၏​အမှုဆောင်ခြင်းကို ကောင်းချီး​ပေး​ခဲ့​သည်။ ရလဒ်​အနေ​ဖြင့် ၁၄၄,၀၀၀ မှ​ကျန်ကြွင်း​သူတို့ကို စုသိမ်း​ခဲ့​ပြီး သန်းနှင့်ချီ​သော​သူတို့သည် မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝစဉ်​မွေ့လျော်​ကြ​ရမည့် အသက်တာ​၏​မျှော်လင့်ချက်ကို သာ၍​ယုံကြည်​စိတ်ချ​လာ​ကြသည်။ (လုကာ ၂၃:၄၃; ဗျာဒိတ် ၁၄:၁) မှန်ပါသည်၊ ခရစ်ယာန်​အမှုတော်​ဆောင်ခြင်း​သည် ယေဟောဝါ​၏​သနား​ညှာတာမှု ဖော်ပြချက်​တစ်ရပ်​ဖြစ်သည်။ (၂ ကောရိန္သု ၄:၁) ယင်း​၏​အကျိုးကျေးဇူး​မှာ ထာဝစဉ်​တည်ရှိ​သွား​မည့်​အတွက် ကျွန်ုပ်​တို့အားလုံး ယင်းကို​တန်ဖိုး​ထား​၍ ကျေးဇူး​တင်​လေးမြတ်​နိုင်​ကြ​ပါစေ။—၁ ယောဟန် ၂:၁၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ဂရိ​စကားလုံး ဒီအာ့ခိုနို့စ် သည် “ခရစ်ယာန်​သင်းထောက်” ဟူသော​စကားလုံး​၏​မူရင်း​ဖြစ်​ပြီး ချာ့ခ်ျ​တွင် ရာထူး​တစ်​နေရာ​ဖြစ်သည်။ အမျိုးသမီးများ​ပါ သင်းထောက်​များ​ဖြစ်​နိုင်သော ချာ့ခ်ျ​များ​တွင် သူတို့ကို မိန်းမ​သင်းထောက်​များ​ဟု​ခေါ်ဆို​သည်။

^ အပိုဒ်၊ 15 ရောမ ၁၂:၁ သည် အထူးသဖြင့်​ဘိသိက်ခံ​ခရစ်ယာန်​များနှင့် သက်ဆိုင်​သော်လည်း ထို​မူ​သည် “အခြားသိုး” နှင့်​လည်း​သက်ဆိုင်​သည်။ (ယောဟန် ၁၀:၁၆) သူတို့သည် “ထာဝရ​ဘုရားထံ​၌​အမှုစောင့်​ခြင်း၊ နာမတော်​ကို​ချစ်ခြင်း၊ ကျွန်တော်​ရင်း​ဖြစ်​ခြင်း​အလို​ငှာ ထာဝရ​ဘုရား​၌​မှီဝဲ” သူများ​ဖြစ်​ကြသည်။—ဟေရှာယ ၅၆:၆

သင်​ရှင်းပြ​နိုင်​သလော

• ပထမ​ရာစုနှစ်​ရှိ​ခရစ်ယာန်​များ​အားလုံး​သည် အဘယ်​တာဝန်​ကို ယူ​ခဲ့​ကြ​သနည်း။

• ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​ကို မည်သည့်​အချိန်​နှင့် မည်သူ​အားဖြင့် ခန့်အပ်​သနည်း။

• ခရစ်ယာန်​အမှုဆောင်​တစ်ဦး​သည် အဘယ်​စိတ်ထား​ကို မွေးမြူ​သင့်​သနည်း။

• အခက်အခဲ​များ​ကို ရင်ဆိုင်​ကြ​ရာ​၌ ခရစ်ယာန်​အမှုတော်​ဆောင်​တစ်ဦး​သည် အဘယ်ကြောင့် ခံနိုင်ရည်​ရှိ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆, ၁၇ ပါ ရုပ်ပုံ]

တိမောသေ​သည် ဘုရားသခင့်​စကားတော်​ကို နို့စို့အရွယ်​မှ​စ၍ သွန်သင်ခံ​ခဲ့​ရသည်။ နှစ်ခြင်း​ခံ​ချိန်​၌ သူသည် ခန့်အပ်​ခံ​အမှုတော်​ဆောင်​တစ်ဦး​ဖြစ်လာ​ခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

နှစ်ခြင်း​သည် ဘုရားသခင်​ထံ​ဆက်ကပ်​အပ်နှံခြင်း အထိမ်းအမှတ်​ဖြစ်​ပြီး လူတစ်ဦးကို အမှုတော်​ဆောင်​တစ်ဦး​အဖြစ် ခန့်အပ်​ခြင်း​ကို​မှတ်သား​ပြ

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ခရစ်ယာန်​အမှုတော်​ဆောင်​များသည် အစေ​စား​ခံရန် တလိုတလား​ရှိကြ