မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် သင်ဆုတောင်းသင့်သနည်း

အဘယ်ကြောင့် သင်ဆုတောင်းသင့်သနည်း

အဘယ်ကြောင့် သင်​ဆုတောင်း​သင့်​သနည်း

“ဆု​တောင်းလျှင်​လည်း . . . အ​လွဲ​တောင်း​သောကြောင့်​မရ​ကြ။ ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်။” (ယာကုပ် ၄:၃၊ ၈) ယေရှု၏​တပည့်တော်​ယာကုပ်​၏ ထိုစကား​များ​က ကျွန်ုပ်​တို့​ဆုတောင်း​ရခြင်း​၏​အကြောင်းရင်းကို စဉ်းစား​သုံးသပ်ရန် ကောင်းစွာ​လှုံ့ဆော်​ပေမည်။

ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့​လိုအပ်ရာ​များ​ကို ဘုရားသခင်​အား ပြောပြ​နေခြင်း​မျှ​သာ​မဟုတ်ပါ။ ယေရှု၏​ကျော်ကြား​သော တောင်ပေါ်​တရားတော်​တွင် “သင်တို့​အလိုရှိ​သမျှ​တို့ကို သင်တို့​မ​တောင်း​မီ သင်တို့​အဘ​သိတော်မူ၏” ဟူ၍ ကိုယ်တော်​မိ​န့်​ခဲ့​သည်။ သို့​တိုင် ယေရှု​က “ဆက်​သာ​တောင်း​နေ၊ တောင်းလျှင်​ရမည်” ဟု​လည်း​မိန့်ဆိုခဲ့​၏။ (မဿဲ ၆:၈; ၇:၇က​ဘ) ထို့​ကြောင့် ယေဟောဝါ​သည် ကျွန်ုပ်​တို့အား မိမိတို့​လိုအပ်​သည်​ဟု ထင်မှတ်​ရာ​ကို ပြောပြ​စေ​လို​သည်။ သို့ရာတွင် ဆုတောင်းခြင်း​သည် ထို​မျှ​မကပါ။

မိတ်ဆွေစစ်​များသည် တစ်ခုခု​လိုအပ်သော​အခါ​မှ​သာ ပြောဆို​ဆက်သွယ်​ကြ​ခြင်း​မဟုတ်။ တစ်ဦး​ကိုတစ်​ဦး စိတ်ဝင်စား​ကြ​ပြီး မိမိတို့၏​ခံစားချက်​များ​ကို ထုတ်ဖော်​ပြောဆို​သောအခါ သူတို့၏​ရင်းနှီးမှု​သည် ကြီးထွား​လာ​၏။ အလားတူ၊ ဆုတောင်းခြင်း​တွင် လိုအပ်ရာ​များ​ကို တောင်းဆို​ရုံ​ထက်မက​သော သာ၍​ကြီးမား​သည့် ရည်ရွယ်ချက်​တစ်ခု​ရှိသည်။ ယေဟောဝါ​အား စိတ်ရောကိုယ်ပါ​ဆက်ကပ်​အပ်နှံ​ကြောင်း ဖော်ပြခြင်း​ဖြင့် ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ခိုင်ခံ့​စေရန် အခွင့်အရေး​ရရှိစေ​သည်။

မှန်ပါသည်၊ ဘုရားသခင်​သည် မိမိ​ထံ​ချဉ်းကပ်​နိုင်​ရန် ဆုတောင်းခြင်း​အခွင့်အရေး​ကို ကျွန်ုပ်​တို့အား ပေးသနား​ထား​သည်။ ၎င်း​သည် အလွတ်ကျက်​မှတ်ထား​သော ဆုတောင်းချက်​များ​ကို​ရွတ်​မည့်​အစား ဘုရားသခင်​အား ကျွန်ုပ်​တို့​ကိုယ်နှိုက်​၏​ခံစားချက်​များ​ကို ဖော်ပြ​မှ​သာ​လျှင် ထိုသို့​ဖြစ်​နိုင်​မည်​ဖြစ်သည်။ ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​နှင့်​စကားပြော​ရခြင်း​မှာ အလွန်​နှစ်ခြိုက်​စ​ရာ​ပင်! ထို့​ပြင် ကျမ်းစာ​ပါ​ပညာရှိစကား​တစ်ခွန်း​က “သဘောဖြောင့်​သော​သူ ဆုတောင်း[ခြင်း] . . . ကို​ကား​နှစ်သက်​တော်​မူ​၏” ဟူ၍​ဆို​သည်။—သု. ၁၅:၈

“အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏” ဟု​ဆာလံဆရာ​အာသပ်​က သီဆို​သည်။ (ဆာလံ ၇၃:၂၈) သို့သော် ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​ရန် ဆုတောင်းခြင်း​ထက်မက ပြုလုပ်​ရမည်​ဖြစ်သည်။ အောက်ပါ​အဖြစ်အပျက်က ၎င်းကို​မည်သို့​ဖော်ပြ​သည်ကို သတိပြုပါ–

“[ယေရှု၏] တပည့်တော်​တစ်ယောက်​က ‘သခင်၊ ဆုတောင်း​စေခြင်း​ငှာ . . . အကျွန်ုပ်တို့အား နည်း​ပေး​တော်​မူ​ပါ’ ဟု​လျှောက်” ခဲ့​သည်။ ယေရှု​က “သင်တို့​ဆု​တောင်းလျှင် မြွက်ဆို​ရမည်​မှာ၊ ‘ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ နိုင်ငံတော်​တည်ထောင်​ပါစေ​သော’” ဟူ၍ ဆုတောင်း​ရမည်ဟု ပြန်​မိ​န့်​ခဲ့​သည်။ (လုကာ ၁၁:၁၊ ၂) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​နာမတော်​နှင့် ယင်းကို​မည်သို့​သန့်ရှင်း​စေမည်​ကို ဦးစွာ​သိ​မထား​ဘဲ အဆိုပါ​နည်းဖြင့် အဓိပ္ပာယ်ရှိရှိ​ဆုတောင်း​နိုင်​ပါ​မည်​လော။ ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​သည် အဘယ်အရာ​ဖြစ်သည်​ကို သဘောမပေါက်​ထား​လျှင် ယေရှု၏​အဆိုပါ​စကားတော်​နှင့်​အညီ ဆုတောင်း​နိုင်​ပါ​မည်​လော။ သမ္မာကျမ်းစာ​ကို သေချာ​စွာ​ဆန်းစစ်​လေ့လာ​လျှင် ဤ​အကြောင်းအရာများ​ကို နားလည်​သဘောပေါက်​နိုင်​သည်။ သို့ဖြင့် ရရှိခဲ့​သော​အသိပညာ​သည် ဘုရားသခင်​ကို​သိရှိ​ရန်​နှင့် ကိုယ်တော်​၏​နည်းလမ်းတော်​များ​ကို နားလည်​သဘောပေါက်​ရန် ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ၎င်း​ပြင် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီး​ကျွမ်းဝင်​လာ​ခြင်း​သည် ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့​နီးစပ်​မှု​ရှိသည်​ဟု ခံစား​စေပြီး သာ၍​ချစ်​မြတ်နိုး​လာ​စေ​လိမ့်​မည်။ သို့​နှင့် ယင်းသည် ဆုတောင်းရာ​တွင် ကိုယ်တော်​နှင့်​ပို​၍​လွတ်လွတ်လပ်လပ် စကားပြော​ဆို​ရန် ကူညီပေး​မည်​ဖြစ်သည်။

ဆုတောင်းခြင်း​ဖြင့် ပြဿနာ​များ​ကို ဖြေရှင်း​နိုင်

ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ပျိုးထောင်​ခြင်း​သည် ပြဿနာ​များ​ကို​ဖြေရှင်းရန် ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ အောက်ပါ​အဖြစ်အပျက်​အသီးသီး​၌ ထိုသို့​ဖြစ်​ခဲ့​ပုံ​ကို သတိပြုပါ။ ဆုတောင်း​သူများ​သည် ယေဟောဝါ​နှင့်​သူတို့၏​ဆက်ဆံ​ရေး​ကို ခိုင်ခံ့​စေနိုင်​ခဲ့​ကြောင်း ယင်း​တို့​က ဖော်ပြ​သည်။

ဘရာဇီး​မှ မား​ရီ​အာ​အမည်​ရှိ​အမျိုးသမီး​တစ်ဦး​သည် အကူအညီ​ပေး​ရန် ဘုရားသခင်​ထံ​ဆုတောင်း​ခဲ့​သည်။ သူသည် လူ့​အဖွဲ့အစည်း​၌ ဟန်ဆောင်မှု​ကို​တွေ့မြင်​ခဲ့​သောကြောင့် လက်ခံ​ထား​သည့်​အကျင့်အကြံ​စံနှုန်း​အချို့​ကို ဖီဆန်​လို​ခဲ့​၏။ မား​ရီ​အာ​သည် သူ၏​ခင်ပွန်း၊ သားသမီး​များနှင့် အိမ်ကို​ပင် စွန့်ပစ်​ထားခဲ့​သည်။ မူးယစ်​ဆေးဝါး​ကိုလည်း စတင်​သုံးစွဲ​ခဲ့​သည်။ သို့ရာတွင် သူသည် ပျော်ရွှင်မှု​ကို မ​တွေ့သော​အခါ ဘုရားသခင်​အား ရင်ဖွင့်ပြီး​အကူအညီ​ပေး​ရန် ဆုတောင်း​ခဲ့​သည်။

မကြာမီ မား​ရီ​အာ​ထံ ယေဟောဝါသက်သေ​နှစ်ဦး​ရောက်လာ​ပြီး ဘုရားသခင့်​လမ်းညွှန်မှု​များ​ကို လက်ခံခြင်း​၏​တန်ဖိုး​အကြောင်းပါ​ရှိသည့် ကင်းမျှော်စင်​ကို ပေး​ခဲ့​၏။ ၎င်း​သည် သူ၏​နှလုံးကို​ထိမိ​ခဲ့​သောကြောင့် ထို​နေ့၌​ပင် သက်သေခံ​များနှင့် ကျမ်းစာ​စလေ့လာ​ခဲ့​သည်။ နောက်ဆုံး​တွင် သူ၏​မိသားစု​ဘဝ​သည် ပုံမှန်​အခြေအနေ​ပြန်ရောက်​ခဲ့​သည်။ သူသည် ယေဟောဝါ​အကြောင်း​သိလာ​သည်​နှင့်​အမျှ ကိုယ်တော်​အပေါ်​ထား​သည့် သူ၏​မေတ္တာကို ဖော်ပြ​လို​ခဲ့​၏။ “ကျွန်မ​ရဲ့​အကျင့် ကောင်း​လာအောင် ပြုပြင်မှု​တွေ​ပြုလုပ်​ခဲ့တယ်။ ပထမ​တော့ ကျွန်မ​ရဲ့​ခင်ပွန်း​နဲ့​မိသားစုက ကျွန်မ​ကျမ်းစာ​သင်အံမှု​ပြုလုပ်​တာ​ကို ကန့်ကွက်​ခဲ့​ကြတယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​ပြုပြင်​ပြောင်းလဲမှု​တွေ​ကို သူတို့​တွေ့​တဲ့​အခါ ကျွန်မ​ကို​အားပေးခဲ့​ကြတယ်” ဟု​မား​ရီ​အာ​ပြောပြ​ခဲ့​သည်။ နောက်ပိုင်း​တွင် မား​ရီ​အာ​သည် ကိုယ်တော့်​အမှုတော်ကို​ထမ်းဆောင်​ဖို့ ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော​အရှင်​ထံ သူ၏​ဘဝကို ဆက်ကပ်​အပ်နှံ​ခဲ့​၏။

ဘိုလီးဗီးယား​နိုင်ငံ​မှ ဟို​ဆေး​တွင် လှပသော​ဇနီး​ရှိသည့်​အပြင် စီးပွားရေး​ကောင်း​သူ​တစ်ဦး​ဖြစ်သော်လည်း ပျော်ရွှင်မှု​မရှိ​ချေ။ အိမ်ထောင်ဖက်​မဟုတ်​သူနှင့်​မှားယွင်းမှု​ကြောင့် သူ၏​ဇနီးသည် သူ့​အား​စွန့်ခွာ​သွား​သည်။ သူသည် အရက်​ကို​အလွန်အကျွံ​သောက်​ကာ အသုံးမကျ​သူ​ဟု​ခံစား​ခဲ့​ရသည်။ “စိတ်ရင်းမှန်​နဲ့ စ​ဆုတောင်း​ခဲ့​ပြီး ဘုရားသခင်​ကြိုက်​နှစ်သက်​အောင် ကျွန်တော်​ဘာ​လုပ်သင့်သလဲ​ဆိုပြီး မေးခဲ့တယ်။ မကြာခင် ယေဟောဝါသက်သေ​တွေ ကျွန်တော်​အလုပ်ခွင်​ကို​ရောက်လာ​ပြီး အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု ကမ်း​လှမ်း​ခဲ့​ပေမဲ့ ကျွန်တော်​လက်မခံခဲ့​ဘူး။ သုံးခါ​အထိ လက်မခံခဲ့​ဘူး။ ကူညီ​ပေးဖို့​ကျွန်တော်​ဆုတောင်း​တိုင်း သူတို့​ရောက်​လာတယ်။ နောက်ဆုံး​မှာ​တော့ ဒီ​တစ်ခါ နားထောင်မယ်​ဆိုပြီး ကျွန်တော်​ဆုံးဖြတ်​ခဲ့တယ်။ ကျမ်းစာ​တစ်အုပ်လုံး​ကို​ဖတ်​ပြီး မေးခွန်း​အများကြီး​မေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်​ကျေနပ်​တဲ့​အဖြေတွေကို သူတို့​အမြဲတမ်း​ပေး​ခဲ့တယ်။ ယေဟောဝါ​အကြောင်း​သိရှိ​ရတာဟာ ဘဝမှာ​ရည်ရွယ်ချက်​အသစ်​ဖြစ်စေ​ခဲ့​ပြီး သက်သေခံတွေ​ထဲ​က ကျွန်တော့်​မိတ်ဆွေတွေဟာ အားတက်စရာ​ပုံသက်သေ​တွေ​ပါ​ပဲ! ကျွန်တော့်​ရည်းစား​နဲ့၊ သောက်​ဖော်​သောက်​ဖက်​တွေ​ကို အဆက်ဖြတ်​ခဲ့တယ်။ မကြာခင်​မှာ ကျွန်တော့်​ဇနီး​နဲ့​ကလေး​တွေ​နဲ့ ပြန်ပေါင်း​စည်း​ခဲ့တယ်။ ၁၉၉၉ ခုနှစ်​အစောပိုင်းမှာ ကျွန်တော်​နှစ်ခြင်း​ခံ​ခဲ့တယ်” ဟု​ဟို​ဆေး​ပြောပြ​သည်။

အီတလီ​နိုင်ငံ​မှ တား​မာ​ရ်​အား​၏​အိမ်ထောင်သည် ပြဿနာ​များ​တက်​နေရာ သူသည် ဉာဏ်​ပညာ​ပေးဖို့ ဆုတောင်း​ခဲ့​၏။ သူ၏ ရန်လို​တတ်သော​သဘောထား​ကြောင့် အရိုက်ခံ​ခဲ့​ရပြီး ၁၄ နှစ်အရွယ်​တွင် မိသားစု​၏​စွန့်ပယ်​ခြင်း​ကို ခံ​ခဲ့​ရသည်။ “သမ္မာကျမ်းစာ​ကို တွေ့​ရှိခဲ့​ပြီး​နောက်​မှာ စ​ဖတ်​ခဲ့တယ်။ တစ်ည​နေမှာ ‘ဉာဏ်ပညာ​ကို​ရှာတွေ့​ခြင်း​ဟာ ဝှက်ထား​တဲ့​ဘဏ္ဍာ​ကို ရှာတွေ့​တာ​နဲ့​တူတယ်’ ဆိုတာ​ကို ကျွန်မ​ဖတ်​ခဲ့တယ်။ အဲဒီ​ဉာဏ်​ပညာ​ပေးဖို့ ကျွန်မ​ဆုတောင်း​ခဲ့တယ်။ (သု. ၂:၁-၆) နောက်​မနက်​မှာ ယေဟောဝါသက်သေ​တွေ ရောက်လာ​ပါ​တယ်။ သူတို့နဲ့ ကျမ်းစာ​သင်အံမှု​စ​ခဲ့​ပေမဲ့ ကျွန်မ​သိရှိရာ​တွေ​ကို လက်တွေ့​ကျင့်သုံး​ဖို့ အတော်ကြာကြာ​အချိန်​ယူ​ခဲ့​ရတယ်။ နောက်ဆုံး​တော့ ခရစ်ယာန်​ဘဝ​လမ်းစဉ်​အတိုင်း လျှောက်လှမ်းဖို့ ဆုံးဖြတ်ပြီး နှစ်ခြင်း​ခံ​ခဲ့တယ်။ အခုတော့ ကျွန်မ​ခင်ပွန်း​နဲ့​အတူ အခြားသူ​တွေ​ကို ဘုရားသခင့်​ဉာဏ်ပညာ​ကနေ အကျိုးကျေးဇူး​ရရှိဖို့ ကူညီပေး​နေပါ​ပြီ” ဟု​တား​မာ​ရ်​အား​က ပြောပြ​သည်။

ဘီ​အာ​ထ​ရ​စ်​သည် ဗင်နီဇွဲလား၊ ကဲ​ရ​ကတ်​စ်​မြို့မှ အထက်တန်းလွှာ​အသိုင်းအဝိုင်း​မှ​ဖြစ်သည်။ သို့ရာတွင် သူသည် အိမ်ထောင်ကွဲ​ပြီး စိတ်မချ​မ်း​မ​သာ​ဖြစ်နေ​သည်။ ကြံရာမရ​ဖြစ်​ကာ သူသည် တစ်ခါ​တွင် နာရီ​နှင့်​ချီ​ပြီး ဆုတောင်း​ခဲ့​သည်။ နောက်​မနက်​တွင် တံခါး​ခေါင်းလောင်း​မြည်​လာ​သည်။ စိတ်​တို​စွာ​ဖြင့် ချောင်းကြည့်​ပေါက်​မှ​ကြည့်​လိုက်​သောအခါ လက်ဆွဲအိတ်​ကိုင်ထား​သော လူ​နှစ်ဦး​ကို​တွေ့ခဲ့​သည်။ အိမ်​တွင်​လူ​မရှိ​ဟန်ဆောင်​ခဲ့​သည်၊ သို့သော် ထို​ဇနီး​မောင်နှံ​သည် မ​ထွက်သွား​မီ လက်ကမ်း​ကြော်ငြာ​တစ်စောင်​ကို တံခါး​အောက်တွင် ထိုးထည့်​သွား​သည်။ “သင့်​ကျမ်းစာ​ကို နားလည်​ပါ” ဟု​ရေးထားသည်။ သူတို့​ရောက်ရှိ​လာ​ခြင်း​သည် ယင်း​မတိုင်မီ ည​၌​သူ၏​ဆုတောင်းခြင်း​နှင့် ဆက်စပ်မှု​ရှိ​နိုင်​သလော။ သူသည် သူတို့ကို​ပြန်လာ​ဖို့ ဖိတ်ခေါ်​ခဲ့​သည်။ မကြာမီ သူသည် ကျမ်းစာ​သင်အံမှု​ပြု​လုပ်ခဲ့​ပြီး နောက်ပိုင်း​တွင် နှစ်ခြင်း​ခံ​ခဲ့​သည်။ ဘီ​အာ​ထ​ရ​စ်​သည် နောက်ဆုံး​၌ ပျော်ရွှင်မှု​ရခဲ့ပြီး ယခု သူသည် ပျော်ရွှင်မှု​ရှာတွေ့​ပုံ​ကို အခြားသူများ​အား သွန်သင်ပေး​လျက်​ရှိသည်။

ကာ​ရ်​မဲ​န်​သည် ဆင်းရဲ​နွမ်းပါး​မှု​နှင့်​ရုန်းကန်​နေရ​ခြင်း​နှင့်​ပတ်သက်ပြီး ဆုတောင်း​ခဲ့​သည်။ သူ့​တွင် ကလေး​ဆယ်ယောက်​ရှိပြီး သူ၏​ခင်ပွန်း​ရာ​ဖာ​အဲလ်​မှာ အရက်သမား​ဖြစ်သည်။ “အဝတ်​လျှော်​ပြီး ပိုက်ဆံ​ရှာခဲ့တယ်” ဟု​ကာ​ရ်​မဲ​န်​က ပြော​ခဲ့​သည်။ သို့သော် ရာ​ဖာ​အဲလ်​၏​အရက်သောက်​သည့်​အကျင့်​မှာ ဆိုး​သည်ထက်​ဆိုး​လာ​သည်။ “ယေဟောဝါသက်သေ​တွေ​နဲ့ ကျွန်မ​တို့ ကျမ်းစာ​သင်အံမှု​စတဲ့​အခါ​မှ​သာ ကျွန်မ​ခင်ပွန်း​စတင်​ပြောင်းလဲ​လာခဲ့တယ်။ မကြာခင်​မှာ ဆင်းရဲ​နွမ်းပါး​မှု​နဲ့​နှိပ်စက်​ညှဉ်းပန်းမှု​တွေ​ကို ဒီ​ကမ္ဘာ​ကနေ ယေဟောဝါ​ဖယ်ရှား​ပေး​တော့​မယ်​ဆို​တဲ့ ဘုရားသခင့်​နိုင်ငံတော်​ကတိတော်​တွေ​ကို ကျွန်မ​တို့​သိရှိ​ခဲ့​ကြရတယ်။ ဘုရားသခင်​ထံ ကျွန်မ​ရဲ့​ဆုတောင်းချက်​ဟာ နောက်ဆုံး​မှာ အဖြေ​ရခဲ့​ပါ​တယ်!” ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို သိရှိခြင်း​သည် ရာ​ဖာ​အဲလ်​အား အရက်သောက်​ခြင်း​ကို ရပ်တန့်​စေရန်​ကူညီပေး​ပြီး သူသည် ‘ဥပဓိရုပ်​သစ်’ ကို​ဝတ်ဆင်​ခဲ့​သည်။ (ဧဖက် ၄:၂၄) သူနှင့်​သူ၏​မိသားစု​သည် သူတို့၏​လူနေမှု​အဆင့်​တန်း​ကို တိုးတက်​စေနိုင်​ခဲ့​ကြသည်။ ရာ​ဖာ​အဲလ်​က “ကျွန်တော်​တို့​မ​ချမ်းသာ​ပါ​ဘူး၊ ကိုယ်ပိုင်​အိမ်​လည်း​မရှိဘူး၊ ဒါပေမဲ့ ကျွန်တော်​တို့​ဆီ​မှာ ဘဝ​လိုအပ်ရာ​တွေ​တော့​ရှိတယ်၊ ကျွန်တော်​တို့​ပျော်ရွှင်​နေပါ​ပြီ” ဟူ၍​ပြော​သည်။

ဆုတောင်းချက်​အားလုံး​ကို ဖြေကြား​ပေး​သောအခါ

ဆုတောင်းခြင်း​သည် အဆိုပါ​လူ​တို့အတွက် ကောင်းကျိုး​တစ်စုံတစ်ရာ​ပြု​ခဲ့​သလော။ အမှန်ပင်​ရှိခဲ့​ပါ​သည်! ထို့​ပြင် ကျမ်းစာ​လေ့လာခြင်း​ဖြင့် ယေဟောဝါ​ဘုရားသခင်​ထံ ချဉ်းကပ်​ရန် ခရစ်ယာန်​အသင်းတော်​မှ တစ်ဦး​တစ်ယောက်​က သူတို့ကို​ကူညီပေး​သောအခါ သူတို့၏​ဆုတောင်းချက်​များ​ကို အများအားဖြင့် ဖြေကြား​ပေး​ခဲ့​သည်ကို သတိပြုမိ​ခဲ့​သလော။—တမန်​တော် ၉:၁၁

သို့​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့​တွင် ဆုတောင်း​ရန် အကြောင်းကောင်း​ရှိပါ​သည်။ များ​မကြာမီ ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပြီး ကိုယ်တော်​၏​အလိုတော် မြေကြီးပေါ်​ပြည့်စုံ​ပါစေ​ဟူသော ဆုတောင်းချက်​ကို ဖြေကြား​ပေး​ပါ​တော့​မည်။ (မဿဲ ၆:၁၀) ဘုရားသခင်​သည် မိမိ​အား ပုန်ကန်​သူများကို ကျွန်ုပ်​တို့​ကမ္ဘာ​မှ​သုတ်သင်​ရှင်းလင်း​ပြီး​နောက် “မြေကြီး​သည် ထာဝရ​ဘုရား​ကို သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်” ဖြစ်သည်။ (ဟေရှာယ ၁၁:၉) ထို​အချိန်၌ ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​အားလုံး​သည် “ဘုရားသခင်​သားတို့​၏ ထူးမြတ်​သော​လွတ်ခြင်း​ချမ်းသာ” ကို​ခံစား​ကြ​ရမည်​ဖြစ်​ခါ သူတို့၏​ဆုတောင်းချက်​များ​ကို အမှန်ပင်​ဖြေကြား​ပေး​ပါ​လိမ့်​မည်။—ရောမ ၈:၁၈-၂၁

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အဘယ်ကြောင့် ကျွန်ုပ်​တို့​ဆုတောင်း​သင့်​သည်ကို သင်​သိ​သလော