မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ

ပင်ပန်းနွမ်းနယ်သူကို ယေဟောဝါခွန်အားရှိစေ

ပင်ပန်း​နွမ်း​နယ်​သူကို ယေဟောဝါ​ခွန်အား​ရှိစေ

“[ယေဟောဝါ] သည် မော​သော​သူတို့အား ခွန်အား​ကို​ပေး​တော်​မူ​၏။ နွမ်း​နယ်​သော​သူတို့အား အစွမ်း​သတ္တိ​နှင့်​ပြည့်စုံသော​အခွင့်​ကို ပေး​တော်​မူ​၏။”—ဟေရှာယ ၄၀:၂၉

၁။ ဘုရားသခင်​ဖန်ဆင်း​ထား​ရာ​များ​၌​တည်ရှိ​သော စွမ်းအား​ကို သာဓက​နှင့်​ရှင်းပြပါ။

ယေဟောဝါ​သည် တန်ခိုးတော်​၌ အကန့်အသတ်​မရှိ​ချေ။ ကိုယ်တော်​ဖန်ဆင်း​ထား​ရာ​များ​တွင် အင်အားကြီး​မား​သော​စွမ်းအင် တည်ရှိ​ပါ​သည်​တကား! သေးငယ်သော​အက်တမ်—အရာခပ်သိမ်း​၏ ဖွဲ့စည်းမှု​အခဲ—သည် သေးငယ်​လှ​သဖြင့် ရေ​စက်​တစ်​စက်​တွင် အက်တမ်​ပေါင်း တစ်​ရာ​ဘီလီယံ​ဘီလီယံ​ပါဝင်​သည်။ * ကမ္ဘာ​ပေါ်​ရှိ သက်ရှိ​အားလုံး​သည် နေ​တွင် အက်တမ်​ဓာတ်ပြု​မှုများ​မှ​ဖြစ်ပေါ်​လာသော စွမ်းအင်​အပေါ် မှီခို​အားထား​ရ​ကြသည်။ သို့သော် သက်ရှိ​များ​ရှင်သန်​နေဖို့ နေ​စွမ်းအင်​မည်မျှ​လိုအပ်​သနည်း။ ကမ္ဘာ​မြေကြီး​သည် နေ​မှ​ထုတ်လွှတ်​သော​စွမ်းအင် ဘီလီယံ​များစွာ​၏​အနည်းငယ်​မျှ​ကို​သာ​ရရှိ​သည်။ သို့ရာတွင် ကမ္ဘာ​မြေကြီးပေါ်​ကျရောက်​သော နေ​စွမ်းအင်​၏ အလွန်​သေးငယ်သော​အစိတ်အပိုင်း​သည် ကမ္ဘာ့​စက်​မှု​လုပ်ငန်းများ​တွင် အသုံးပြု​သော​စွမ်းအင်​စုစုပေါင်း​ထက် မ​တိုင်းထွာ​နိုင်​လောက်​အောင် အဆပေါင်း​များစွာ ပို​ကြီးမား​သည်။

၂။ အနှစ်ချုပ်​အားဖြင့် ယေဟောဝါ​၏​တန်ခိုးတော်​နှင့်​စပ်လျဉ်း၍ ဟေရှာယ ၄၀:၂၆ က​ဘာ​ပြော​သနည်း။

အက်တမ်​အကြောင်း​စဉ်းစား​သည်​ဖြစ်စေ၊ ကြီးမား​ကျယ်ပြော​သော စကြဝဠာ​ကို​အာရုံစိုက်ကြည့်​ရှု​သည်​ဖြစ်စေ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စိုးရွံ့ဖွယ်​တန်ခိုးတော်​ကို စွဲမှတ်​သွား​ကြသည်။ “အထက်​သို့ မျှော်ကြည့်​ကြလော့။ ထို​အရာ​တို့ကို အဘယ်သူ​ဖန်ဆင်း​သနည်း။ ထို​သူသည် သူတို့​အလုံးအရင်း​ကို အရေအတွက်​အားဖြင့် ထုတ်ဆောင်​တော်မူ​၏။ အလုံးစုံ​တို့ကို နာမည်​ဖြင့်​ခေါ်တော်မူ​၏။ ခွန်အား​ကြီး​၍ တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သောကြောင့် တစ်စုံတစ်ခု​မျှ မ​ပေါ်​ဘဲ​မနေ​ရ” ဟု​ကိုယ်တော်​ဆိုနိုင်​ခဲ့​ခြင်း​ကို အံ့ဩစရာ​မဟုတ်ပါ။ (ဟေရှာယ ၄၀:၂၆) မှန်ပါသည်၊ ယေဟောဝါ​သည် “ခွန်အား​ကြီး” ၍ စကြဝဠာ​ကို ဖြစ်ပွား​တည်ရှိ​စေရန် အသုံးပြုသည့် ‘အင်အားကြီး​မား​သော​စွမ်းအင်’ ၏​အရင်းအမြစ်​ဖြစ်​တော်​မူ​သည်။

သာမန်​တန်ခိုး​ထက်မက​လို

၃၊ ၄။ (က) ကျွန်ုပ်​တို့ကို မောပန်း​နွမ်း​နယ်​စေနိုင်​သော အကြောင်းရင်း​အချို့​ကား အဘယ်နည်း။ (ခ) အဘယ်​မေးခွန်း​ကို သုံးသပ်​ဖို့​လို​သနည်း။

ဘုရားသခင်​၌ အကန့်အသတ်မဲ့​တန်ခိုးတော်​ရှိသော်လည်း လူသား​တို့​မူ ပင်ပန်း​နွမ်း​နယ်​တတ်ကြ​သည်။ ကျွန်ုပ်​တို့​သွား​လေ​ရာ​ရာ​၌ ပင်ပန်း​နွမ်း​နယ်​နေသူတို့​ကို တွေ့မြင်​ကြ​ရသည်။ သူတို့သည် နွမ်း​နယ်​လျက်​အိပ်ရာထ​ကြ၊ နွမ်း​နယ်​လျက်​အလုပ် သို့​မဟုတ် ကျောင်း​သို့​သွား​ကြ၊ နွမ်း​နယ်​လျက်​အိမ်ပြန်လာ​ကြ​ပြီး နွမ်း​နယ်​ရုံ​မျှ​မ​က ခြေ​ကုန်​လက်ပန်းကျ​စွာ အိပ်ရာဝင်​ကြ​ရသည်။ အချို့​က တစ်​နေရာ​ရာ​သို့​သွားပြီး ကောင်းကောင်း​အနားယူ​ပစ်လိုက်​ချင်​ကြသည်။ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​လည်း မောပန်း​တတ်ကြ​သည်၊ အကြောင်း​မှာ ဘုရားသခင်​ရေးရာ​မွေ့လျော်​သည့် အသက်တာဖြင့်​နေထိုင်ရန် အားသွန်ခွန်စိုက် ကြိုးစား​အားထုတ်​ဖို့​လို​သောကြောင့်​ဖြစ်သည်။ (မာကု ၆:၃၀၊ ၃၁; လုကာ ၁၃:၂၄; ၁ တိမောသေ ၄:၈) ထို့​ပြင် ကျွန်ုပ်​တို့၏​ခွန်အား​ကို ကုန်ခန်း​စေသော အခြား​အကြောင်းရင်း​များစွာ​ရှိသည်။

ကျွန်ုပ်​တို့သည် ခရစ်ယာန်​များ​ဖြစ်​ကြသော်လည်း သာမန်​လူသားများ ကြုံတွေ့​ရ​ကြ​သည့် ပြဿနာ​များ​မှ မလွတ်ကင်း​ကြ​ပါ။ (ယောဘ ၁၄:၁) ဖျားနာခြင်း၊ ငွေကြေး​အရှုံး​ပေါ်​မှုများ သို့​မဟုတ် ဘဝတွင်​ဖြစ်လေ့ဖြစ်ထ​ရှိသော အခြား​အခက်အခဲ​များ​က ယင်း​၏ အားလျော့​စေသည့်​အကျိုးဆက်​နှင့်အတူ စိတ်ဓာတ်ကျ​စေနိုင်​သည်။ ဤ​စိန်ခေါ်ချက်​များ​အပြင် ဖြောင့်မတ်ခြင်း​တရား​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံရ​သူတို့သည် အခြား​စမ်းသပ်မှု​များ​ရင်ဆိုင်​ရ​သေး​သည်။ (၂ တိမောသေ ၃:၁၂; ၁ ပေတရု ၃:၁၄) လောက​မှ​နေ့စဉ်​ဖိစီးမှုများ​နှင့် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို အတိုက်အခံပြု​မှုများ​ကြောင့် ကျွန်ုပ်​တို့​ထဲ​မှ​အချို့​သည် အလွန်​အားအင်ကုန်ခန်း​ကာ ယေဟောဝါ​၏​လုပ်ငန်းတော်​၌ အရှိန်​လျော့​လာ​သည်​ဟု ခံစား​ရနိုင်​သည်။ ထို့​ပြင် ဘုရားသခင်​ထံ​ကျွန်ုပ်​တို့၏​သမာဓိကို ချိုးဖျက်​ဖို့​ကြိုးပမ်း​ရာ​၌ စာတန်​သည် ရနိုင်​သမျှ​နည်း​မျိုးစုံ​ကို​အသုံးပြုလျက်​ရှိ၏။ သို့​ဖြစ်၍ ပင်ပန်း​နွမ်း​နယ်​၍ လက်လျှော့​လိုက်ခြင်း​မဖြစ်စေ​ဖို့ လိုအပ်သော​ဝိညာဉ်​ရေး​ခွန်အား​ကို မည်သို့​ရရှိနိုင်​သနည်း။

၅။ ခရစ်ယာန်​အမှုတော်ထမ်း​ဆောင်ရန် အဘယ်ကြောင့်​လူ့​ခွန်အား​ထက်မက လိုအပ်​ရသနည်း။

ဝိညာဉ်​ရေး​ခွန်အား​အတွက် တန်ခိုး​အရှိဆုံး​ဖန်ဆင်း​ရှင်​ယေဟောဝါ​ကို ကျွန်ုပ်​တို့​မှီခို​အားထား​ရမည်။ ခရစ်ယာန်​အမှုဆောင်ခြင်း​သည် မစုံလင်​သော​လူသားများ​၏ သာမန်​ခွန်အား​ထက်မက လိုအပ်ကြောင်း တမန်​တော်​ပေါလု​ထောက်ပြ​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “တန်ခိုးတော် [“သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်၊” က​ဘ] ၏​ဂုဏ်​အသရေ​သည် ငါ​တို့​နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင်​မည်​အကြောင်း၊ ထို​ဘဏ္ဍာ​သည် မြေအိုး​ထဲမှာ​ထည့်​ထား​လျက် ငါ​တို့​၌​ရှိ၏။” (၂ ကောရိန္သု ၄:၇) ဘိသိက်ခံ​ခရစ်ယာန်​များသည် မြေကြီး​မျှော်လင့်ချက်​ရှိသော သူတို့၏​အပေါင်းပါများ​၏ ထောက်ပံ့မှု​ဖြင့် ‘မိတ်သဟာယ​ဖွဲ့​ခြင်း​အမှုတော်’ ကို​ဆောင်ရွက်​နေကြ​သည်။ (၂ ကောရိန္သု ၅:၁၈; ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) မစုံလင်​သော​လူသားများ​ဖြစ်သော ကျွန်ုပ်​တို့သည် နှိပ်စက်​ညှဉ်းပန်းမှု​ကို​ခံရပ်​ကာ ဘုရားသခင့်​အမှုတော်ကို​ထမ်းဆောင်​နေကြ​သောကြောင့် ကျွန်ုပ်​တို့​ကိုယ်ပိုင်​ခွန်အား​မျှ​ဖြင့် ယင်းကို​မ​ဆောင်ရွက်​နိုင်​ပါ။ ယေဟောဝါ​သည် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​ရာ ဤနည်းဖြင့် ကျွန်ုပ်​တို့၏​အားနည်းမှု​က ကိုယ်တော်​၏​တန်ခိုးတော်​ကို ထင်ရှားစေ​သည်။ “ဖြောင့်မတ်​သော​သူကို​ကား ထာဝရ​ဘုရားမ​စ​တော်​မူ​၏” ဟူသော​အာမခံချက်​ဖြင့် ကျွန်ုပ်​တို့​နှစ်သိမ့်မှု​ရရှိ​ကြသည်!—ဆာလံ ၃၇:၁၇

‘ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အစွမ်း​သတ္တိ​ဖြစ်’

၆။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ခွန်အား​ရင်းမြစ်​ဖြစ်​ကြောင်း ကျမ်းချက်​များ​က မည်သို့​စိတ်ချ​စေ​သနည်း။

ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် “ခွန်အား​ကြီး” တော်​မူ​ပြီး ကျွန်ုပ်​တို့ကို​အလွယ်တကူ​ခွန်အား​ရှိစေ​နိုင်​သည်။ အမှန်​မှာ ကျွန်ုပ်​တို့ကို​ဤသို့​ဆို​ထား​၏– “[ယေဟောဝါ] သည် မော​သော​သူတို့အား ခွန်အား​ပေး​တော်​မူ​၏။ နွမ်း​နယ်​သော​သူတို့အား အစွမ်း​သတ္တိ​နှင့်​ပြည့်စုံသော​အခွင့်​ကို ပေး​တော်​မူ​၏။ လူပျို​တို့သည်​မော​၍ ပင်ပန်းခြင်း​သို့​ရောက်​ကြလိမ့်မည်။ လုလင်​တို့သည်​လည်း ထိမိ​၍​လဲ​ကြလိမ့်မည်။ ထာဝရ​ဘုရား​ကို​မျှော်လင့်​သော​သူတို့မူကား အားပြည့်​ကြလိမ့်မည်။ ရွှေ​လင်း​တ​ကဲ့သို့ မိမိတို့​အတောင်​ကို အသစ်​ပြုပြင်​ကြလိမ့်မည်။ ပြေး​သော်လည်း​မ​ပင်ပန်း၊ ခရီး​သွားသော​အခါ​မမော​ရ​ကြ။” (ဟေရှာယ ၄၀:၂၉-၃၁) တိုးများ​လာသော​ဖိစီးမှုများ​ကြောင့် တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် ခြေမ​သယ်​နိုင်​တော့​ဟန်​ရှိသော မောဟိုက်​နေသည့် အပြေးသမား​တစ်ဦး​ကဲ့သို့ ခံစား​မိ​နိုင်​သည်။ သို့သော် အသက်ပြေးပွဲ​ပန်းဝင်​မျဉ်း​သည် လက်တစ်ကမ်း​လေး​တွင်​ရှိရာ ကျွန်ုပ်​တို့​အရှုံးမပေး​ရ​ပါ။ (၂ ရာဇဝင်ချုပ် ၂၉:၁၁) ကျွန်ုပ်​တို့၏​ရန်သူကြီး​စာတန်​သည် “ဟောက်​သော​ခြင်္သေ့​ကဲ့သို့” လှည့်လည်​သွားလာ​လျက်​ရှိပြီး ကျွန်ုပ်​တို့ကို ဟန့်တား​လို​သည်။ (၁ ပေတရု ၅:၈) ‘ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ခွန်အား​နှင့် အကွယ်အကာ​ဖြစ်’ ကြောင်း၊ ကိုယ်တော်​သည် ‘မော​သော​သူတို့အား ခွန်အား​ကို​ပေး​ရန်’ အလျှံပယ်​ပြင်ဆင်​ပေး​ထား​ကြောင်း သတိရ​ကြ​စို့။—ဆာလံ ၂၈:၇

၇၊ ၈။ ယေဟောဝါ​သည် ဒါဝိဒ်၊ ဟဗက္ကုတ်​နှင့် ပေါလု​တို့ကို​ခွန်အား​ပေး​ခဲ့​ကြောင်း အဘယ်​သက်သေ​ရှိ​သနည်း။

ကြီးမားသော​အခက်အခဲ​များ​ကို​ရင်ဆိုင်​ရာ​၌ ဆက်​ဆောင်ရွက်ရန် လိုအပ်သော​ခွန်အား​ကို ဒါဝိဒ်​အား ယေဟောဝါ​ပေးသနား​ခဲ့​သည်။ ထို့​ကြောင့် ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် ဒါဝိဒ်​ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​အားဖြင့် ငါ​တို့သည်​ရဲရင့်စွာ​ပြု​ကြ​မည်။ ငါ​တို့၏​ရန်သူများ​ကို ကိုယ်တော်တိုင်​နင်း​တော်​မူ​မည်။” (ဆာလံ ၆၀:၁၂) ယေဟောဝါ​သည် ဟဗက္ကုတ်​ကိုလည်း အင်အား​နှင့်​ပြည့်စုံ​စေ​ခဲ့​သည်၊ ပရောဖက်​အဖြစ် သူ၏​တာဝန်​ကို ပြီးမြောက်​နိုင်​စေဖို့​ဖြစ်သည်။ ဟဗက္ကုတ် ၃:၁၉ က​ဤသို့​ဆို​သည်– “အရှင်​ထာဝရ​ဘုရား​သည် ငါ​၏​အစွမ်း​သတ္တိ​ဖြစ်​တော်​မူ​၏။ ငါ့​ခြေ​ကို သမင်​ခြေ​ကဲ့သို့​ဖြစ်စေ​၍ ငါ​၏​မြင့်​ရာ​အရပ်​ပေါ်မှာ ငါ့ကို​နေရာချ​တော်​မူ​မည်။” ထို့​ပြင် “ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ​သော​အရှင် [ဘုရားသခင်] အားဖြင့် ခပ်သိမ်း​သော​အမှုကို ငါ​တတ်စွမ်း​နိုင်၏” ဟု​ရေးသားခဲ့​သော ပေါလု​၏​ပုံသက်သေ​ကို​မှတ်သားထိုက်​သည်။—ဖိလိပ္ပိ ၄:၁၃

ဒါဝိဒ်၊ ဟဗက္ကုတ်​နှင့် ပေါလု​တို့​ကဲ့သို့ ကျွန်ုပ်​တို့ကို​ခွန်အား​ပေး​သော ဘုရားသခင့်​စွမ်းရည်​နှင့် ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​သည့် ကိုယ်တော်​၏​တန်ခိုးတော်​၌ ယုံကြည်​ကြောင်း​တင်ပြ​သင့်​သည်။ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ “အစွမ်း​သတ္တိ” ၏​ရင်းမြစ်​ဖြစ်​ကြောင်း သတိပြု​ကာ ဘုရားသခင့်​အလျှံပယ်​ပြင်ဆင်​ပေး​ချက်​များ​မှ ဝိညာဉ်​ခွန်အား​ရယူဖို့ နည်းလမ်း​အချို့​ကို ယခု​သုံးသပ်ကြည့်​ကြ​စို့။

ကျွန်ုပ်​တို့ကို​အားသစ်လောင်း​ပေး​သည့် ဝိညာဉ်​ရေး​ပြင်ဆင်​ပေး​မှုများ

၉။ ခရစ်ယာန်​စာပေ​များသည် ကျွန်ုပ်​တို့ကို​ခွန်အား​ဖြစ်စေ​ရာ​၌ အဘယ်​အခန်းကဏ္ဍ​မှ​ပါဝင်​သနည်း။

ခရစ်ယာန်​စာပေ​များ​အကူအညီ​နှင့်အတူ ဝီရိယ​ရှိ​ရှိ​ကျမ်းစာ​လေ့လာခြင်း​က ကျွန်ုပ်​တို့ကို​အားသစ်လောင်း​ပေး​ပြီး ထောက်မ​ပေး​နိုင်​သည်။ ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​သည်– “ထာဝရ​ဘုရား​၏​တရားတော်​ကို​မွေ့လျော်​၍ တရားတော်​ကို​နေ့​ည​မပြတ် ဆင်ခြင်​အောက်မေ့​သော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား ထို​သူသည် မြစ်​နား​မှာ​စိုက်​လျက် မိမိ​အချိန်တန်​မှ​အသီးကို​သီး​၍ အရွက်​မညှိုးနွမ်း​တတ်သော အပင်​နှင့်​တူ​၏။ ပြု​လေ​သမျှ​တို့​၌ အောင်​လိမ့်​သတည်း။” (ဆာလံ ၁:၁-၃) ခန္ဓာကိုယ်​ခွန်အား​ရရှိဖို့ ကျွန်ုပ်​တို့​အစာစား​ရသကဲ့သို့ ဝိညာဉ်​ခွန်အား​ဆက်​ရှိနေဖို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် ခရစ်ယာန်​စာပေ​များ​မှ​တစ်ဆင့် ကိုယ်တော်​ပြင်ဆင်​ပေး​သော ဝိညာဉ်​အစာကို ကျွန်ုပ်​တို့​စားသုံး​ဖို့​လို​သည်။ ထို့​ကြောင့် အလေးအနက်​ထား​လေ့လာမှု​နှင့် တွေးတော​ဆင်ခြင်မှု​တို့ မရှိမဖြစ်​လိုအပ်​သည်။

၁၀။ လေ့လာမှု​နှင့် တွေးတော​ဆင်ခြင်မှု​အတွက်​အချိန်ကို မည်သည့်​အချိန်တွင်​ရှာယူ​နိုင်​သနည်း။

၁၀ “ဘုရားသခင်​၏​နက်နဲရာ” ကို​တွေးတော​ဆင်ခြင်ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ၏။ (၁ ကောရိန္သု ၂:၁၀) သို့သော် တွေးတော​ဆင်ခြင်​ဖို့​အချိန်ကို မည်သည့်​အချိန်တွင် ရယူ​နိုင်​သနည်း။ အာဗြဟံ​၏​သား​ဣဇာက်​သည် “ည​ဦး​အချိန်၌ ဆင်ခြင်​လို​သော​ငှာ၊ တော​အရပ်သို့​ထွက်သွား” ခဲ့​သည်။ (ကမ္ဘာဦး ၂၄:၆၃-၆၇) ဆာလံဆရာ​ဒါဝိဒ်​သည် ‘ညယံ​တို့​၌ ဘုရားသခင်​အကြောင်းကို​ဆင်ခြင်​ခဲ့’ သည်။ (ဆာလံ ၆၃:၅) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့​လေ့လာ​၍ ၎င်းကို နံနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ည​ပိုင်း—အမှန်​မှာ အချိန်မရွေး—တွေးတော​ဆင်ခြင်​နိုင်​သည်။ ယင်း​သို့​သော​လေ့လာမှု​နှင့် တွေးတော​ဆင်ခြင်မှု​တို့​က ဝိညာဉ်​ရေး​အရ​ခွန်အား​ရှိစေ​သော ယေဟောဝါ​၏​အခြား​ပြင်ဆင်​ပေး​မှု​တစ်ခု​ဖြစ်သည့် ဆုတောင်းခြင်း​သို့ ဦးတည်​စေ​သည်။

၁၁။ မှန်မှန်​ဆုတောင်းခြင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် အလွန်​အရေးပေး​သင့်​သနည်း။

၁၁ ဘုရားသခင်​ထံ​မှန်မှန်​ဆုတောင်းခြင်း​က ကျွန်ုပ်​တို့ကို​အားသစ်လောင်း​ဖို့ ထောက်ကူ​ပေး​သည်။ ထို့​ကြောင့် “ဆုတောင်းခြင်း​တွင် စွဲမြဲ” နိုင်​ကြ​ပါစေ။ (ရောမ ၁၂:၁၂က​ဘ) တစ်ခါတစ်ရံ စမ်းသပ်မှု​တစ်ခု​ကို​ရင်ဆိုင်​ရန် လိုအပ်သော​ဉာဏ်ပညာ​နှင့် ခွန်အား​အတွက် သတ်သတ်မှတ်မှတ်​တောင်းလျှောက်​ဖို့​လို​သည်။ (ယာကုပ် ၁:၅-၈) ကိုယ်တော့်​ရည်ရွယ်ချက်များ ပြီးမြောက်​သည်ကို ကျွန်ုပ်​တို့​တွေ့မြင်​ရသောအခါ သို့​မဟုတ် ကိုယ်တော်​၏​လုပ်ငန်းတော်​ကို ဆက်လက်​ဆောင်ရွက်ဖို့ ကျွန်ုပ်​တို့​၌ ခွန်အား​ရှိလာ​စေ​သည်ကို တွေ့မြင်​ရသောအခါ​၌​လည်း ဘုရားသခင်​အား​ကျေးဇူး​တင်​ချီးမွမ်း​ကြပါစို့။ (ဖိလိပ္ပိ ၄:၆၊ ၇) ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​နှင့်​ဆက်၍​ရင်းနှီးမှု​ရှိ​နေလျှင် ကျွန်ုပ်​တို့ကို ကိုယ်တော်​ဘယ်​သောအခါ​မျှ စွန့်ပစ်​မည်​မဟုတ်။ “ကြည့်ရှု​လော့။ ဘုရားသခင်​သည် ငါ့ကို​ကူမ​တော်​မူ​၏” ဟု​ဒါဝိဒ်​သီဆို​ခဲ့​သည်။—ဆာလံ ၅၄:၄

၁၂။ ဘုရားသခင်​ထံ​မှ ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို အဘယ်ကြောင့်​တောင်းလျှောက်​သင့်​သနည်း။

၁၂ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ခေါ် တက်ကြွ​လှုပ်ရှား​သော​စွမ်းအား​ဖြင့် ကျွန်ုပ်​တို့ကို အားသစ်လောင်း​ပေး​ပြီး ခွန်အား​ရှိစေသည်။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– ‘ခမည်းတော်​၏​ရှေ့တော်တွင်​ဒူးထောက်​လျက် ကိုယ်တော်​သည် ဘုန်း​အသရေတော်​နှင့် ပြည့်စုံ​ကြွယ်ဝ​တော်​မူ​သည်​နှင့်​အညီ သင်တို့အား စိတ်ဓာတ်​ကြံ့ခိုင်​လာ​စေ​စိမ့်​သော​ငှာ ဝိညာဉ်​တော်​အားဖြင့် တန်ခိုး​စွမ်းရည်​ကို ပေးသနား​တော်​မူ​ရန် ငါ​ဆုတောင်း​၏။’ (ဧဖက် ၃:၁၄-၁၆သတင်းကောင်း) ယေဟောဝါ​သည် သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ကျွန်ုပ်​တို့ကို​ကောင်းချီး​ပေး​မည်​ဟု ယုံကြည်​စိတ်ချ​လျက် ၎င်း​အတွက် ကျွန်ုပ်​တို့​တောင်းလျှောက်​သင့်​သည်။ ယေရှု​ဤသို့​သုံးသပ်​ပြ​ခဲ့​သည်– ကလေး​တစ်ဦး​သည် ငါး​ကို​တောင်းလျှင် မေတ္တာ​ရှိသော​ဖခင်​သည် မြွေ​တစ်ကောင်​ပေး​လိမ့်​မည်​လော။ လုံးဝ​ပေး​မည်​မဟုတ်။ ထို့​ကြောင့် ကိုယ်တော်​ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “သင်တို့သည် [အပြစ်​ရှိ၍ အနည်း​နှင့်​အများ​ဆို​သလို] အဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော။” (လုကာ ၁၁:၁၁-၁၃) ထိုသို့​သော​ယုံကြည်​စိတ်ချမှု​ဖြင့် ဆုတောင်း​ကာ ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန်​များသည် ကိုယ်တော်၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့် “မြဲမြံ​ခိုင်ခံ့​စေ” နိုင်​ကြောင်း အစဉ်​သတိရ​ကြပါစို့။

ခွန်အား​ရှိစေ​သော အထောက်အကူ​တစ်ခု​ဖြစ်သည့် အသင်းတော်

၁၃။ ခရစ်ယာန်​အစည်းအဝေး​များ​ကို ကျွန်ုပ်​တို့​မည်သို့​ရှုမြင်​သင့်​သနည်း။

၁၃ ယေဟောဝါ​သည် ခရစ်ယာန်​အသင်းတော်​အစည်းအဝေးများမှ​တစ်ဆင့် ကျွန်ုပ်​တို့ကို​အားသစ်လောင်း​ပေး​သည်။ ယေရှု​က “အ​ကြင်​အရပ်၌ လူ​နှစ်ဦး​သုံးဦး​တို့သည် ငါ​၏​နာမကို​ထောက်၍ စည်းဝေး​ကြ​၏။ ထို​အရပ်၌ သူတို့​အလယ်မှာ​ငါ​ရှိသည်” ဟု​မိန့်ဆိုခဲ့​၏။ (မဿဲ ၁၈:၂၀) ယေရှုသည် အသင်းတော်၌​ဦးဆောင်နေသူ​တို့ အာရုံပြု​ဖို့​လိုအပ်သော​ကိစ္စရပ်​များ​ကို ဆွေးနွေး​နေစဉ် ထို​ကတိတော်​ကို ကိုယ်တော်​ပေးခြင်း​ဖြစ်သည်။ (မဿဲ ၁၈:၁၅-၁၉) သို့ရာတွင် ကိုယ်တော်​၏​စကား​များသည် ကိုယ်တော်​၏​နာမ၌ ဆုတောင်းခြင်း​ဖြင့်​ဖွင့်၊ ပိတ်​သော စည်းဝေးများ၊ အထူး​နှင့်​တိုက်နယ်​အစည်းအဝေး​များ၊ စည်းဝေးကြီး​များ​အားလုံး​နှင့် မူ​အရ​သက်ဆိုင်​သည်။ (ယောဟန် ၁၄:၁၄) ထို့​ကြောင့် အနည်းငယ်​သာ​တက်ရောက်​သည်​ဖြစ်စေ၊ ထောင်နှင့်ချီ​တက်ရောက်​သည်​ဖြစ်စေ ယင်း​သို့​သော​ခရစ်ယာန်​စုဝေးမှု​များ​ကို တက်ရောက်​ရခြင်း​သည် အခွင့်ထူး​ဖြစ်၏။ ထို့​ကြောင့် ကျွန်ုပ်​တို့ကို​ဝိညာဉ်​ရေး​အရ​ခွန်အား​ရှိစေ​၍ မေတ္တာ​ရှိ၍ ကောင်းသော​အကျင့်ကို​ကျင့်​စေရန် တိုက်တွန်း​နှိုးဆော်​ဖို့​စီစဉ်​ထားသော ဤ​အခါထူး​များ​အတွက် ကျေးဇူး​တင်​ကြောင်း​တင်ပြ​ကြပါစို့။—ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၄။ ခရစ်ယာန်​အကြီးအကဲ​များ​၏ ကြိုးပမ်းမှု​များ​မှ ကျွန်ုပ်​တို့​အဘယ်​အကျိုးကျေးဇူး​ရရှိကြ​သနည်း။

၁၄ ခရစ်ယာန်​အကြီးအကဲ​များသည် ဝိညာဉ်​ရေး​ထောက်မ​အားပေးမှုကို​ပေး​ကြသည်။ (၁ ပေတရု ၅:၂၊ ၃) ပေါလု​သည် မျက်မှောက်ခေတ် နယ်လှည့်​ကြီးကြပ်မှူး​များ​ကဲ့သို့ သူ​အမှုထမ်းခဲ့​သော​အသင်းတော်များ​ကို ထောက်မ​ပေး​ပြီး အားပေးခဲ့​သည်။ အမှန်​မှာ အပြန်အလှန်​အားပေး​တည်ဆောက်​နိုင်​ဖို့ ယုံကြည်သူချင်း​များနှင့်​အတူ​ရှိ​ရန် သူ​တမ်းတ​ခဲ့​သည်။ (တမန်​တော် ၁၄:၁၉-၂၂; ရောမ ၁:၁၁၊ ၁၂) ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​အရ​ခွန်အား​ရှိစေ​ရာ​၌ ကြီးမားသော​အပိုင်းကဏ္ဍ​မှ​ပါဝင်​ကြသော ကျွန်ုပ်​တို့၏​ဒေသခံ​အကြီးအကဲ​များနှင့် အခြား​ခရစ်ယာန်​ကြီးကြပ်မှူး​များ​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း အစဉ်​တင်ပြ​နိုင်​ပါစေ။

၁၅။ ကျွန်ုပ်​တို့၏​အသင်းတော်​ထဲ​မှ ယုံကြည်သူချင်း​တို့သည် ‘ခွန်အား​ရှိစေ​သော​အထောက်အကူ’ ဖြစ်​ကြောင်း မည်သို့​သက်သေထူ​ကြ​သနည်း။

၁၅ ကျွန်ုပ်​တို့၏​အသင်းတော်​အဖြစ်​ဖွဲ့စည်းထား​သော ယုံကြည်သူချင်း​များသည် ‘ခွန်အား​ရှိစေ​သော​အထောက်အကူ’ ဖြစ်​နိုင်​သည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ‘အဆွေ​ခင်ပွန်း​စစ်​များ’ အနေ​နှင့် သူတို့သည် ကျွန်ုပ်​တို့​စိတ်သောက​ရောက်နေ​ချိန်​များ​၌ ထောက်ကူ​ပေး​နိုင်​သည်။ (သု. ၁၇:၁၇) ဥပမာ၊ ၁၉၄၅ ခု​တွင် နာဇီ​စောင့်ကြပ်မှု​အောက် ဆ​တ်​ဆင်​ဟော​ဆင်​ချွေး​တပ်​စခန်း​မှ ဘုရားသခင့်​ကျေးကျွန် ၂၂၀ ဦး​တို့ကို ထွက်ခွာ​စေသော​အခါ သူတို့သည်​မိုင် ၁၂၀ ခရီး​ကို​နှင်ခဲ့​ရ​ကြသည်။ အုပ်စု​ဖြင့်​သူတို့​ခရီးထွက်​ခဲ့​ကြ​ပြီး အားပိုရှိ​သူတို့က အားအနည်းဆုံး​သူတို့ကို လှည်း​ကလေး​များ​ပေါ်​တင်​ကာ ဆွဲခေါ်​ခဲ့​ကြသည်။ အကျိုးဆက်​ကော။ ချွေး​တပ်​စခန်း​အကျဉ်းသား ၁၀,၀၀၀ ကျော်​တို့၏​အသက်ကို​နုတ်ယူ​ခဲ့​သော မရဏ​ခရီးစဉ်​တွင် ယေဟောဝါသက်သေ​တစ်ဦးမျှ မသေဆုံး​ခဲ့​ကြ​ပါ။ ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ်​နှင့် ယေဟောဝါသက်သေ​များ—ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ စာအုပ်​အပါအဝင် ကင်းမျှော်စင်​စာပေ​များ​၌​တွေ့ရ​သော ယင်း​သို့​သော​မှတ်တမ်းများ​က ဘုရားသခင်​သည် မိမိ၏​လူမျိုးတော်​အရှုံးမပေး​စေဖို့ သူတို့ကို​ခွန်အား​ပေး​တော်​မူ​ကြောင်း သက်သေထူ​သည်။—ဂလာတိ ၆:၉ *

ကျွန်ုပ်​တို့၏​လယ်ကွင်း​အမှုဆောင်ခြင်း​ဖြင့် ခွန်အား​ရရှိကြ

၁၆။ အမှုဆောင်ခြင်း​တွင် မှန်မှန်​ပါဝင်ခြင်း​က ကျွန်ုပ်​တို့ကို​ဝိညာဉ်​ရေး​အရ မည်သို့​ခွန်အား​ရှိစေ​နိုင်​သနည်း။

၁၆ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​၌ မှန်မှန်​ပါဝင်ခြင်း​က ကျွန်ုပ်​တို့ကို​ဝိညာဉ်​ရေး​အရ ခွန်အား​ရှိစေသည်။ ထိုသို့​သော​လုပ်ဆောင်​မှု​က ဘုရားသခင့်​နိုင်ငံတော်​အပေါ် အာရုံ​စူးစိုက်​ရန်​နှင့် ထာဝရ​ကာလ​နှင့် ယင်း​၏​ကောင်းမြတ်သော​အလားအလာ​များ​ကို​ရှုမျှော်​နေ​စေဖို့ ထောက်ကူ​ပေး​သည်။ (ယုဒ ၂၀၊ ၂၁) ကျွန်ုပ်​တို့၏​အမှုဆောင်ခြင်း​၌​ဟောပြောသော ကျမ်းစာ​ကတိတော်​များသည် ကျွန်ုပ်​တို့ကို​မျှော်လင့်ချက်​ပေး​ပြီး “ငါ​တို့​မူ​ကား ကိုယ်​ဆိုင်သော​ဘုရားသခင် ထာဝရ​ဘုရား​၏​နာမတော်​ကို ကာလ​အစဉ်အမြဲ​ခိုလှုံ​လျက်​ကျင့်​နေကြ​မည်” ဟု​ဆို​ခဲ့​သော ပရောဖက်​မိက္ခာ​ကဲ့သို့ ကျွန်ုပ်​တို့ကို​သန္နိ​ဋ္ဌာန်​ချ​စေနိုင်​သည်။—မိက္ခာ ၄:၅

၁၇။ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​နှင့်​စပ်လျဉ်း၍ အဘယ်​အကြံပြုချက်များ​ပေး​ထား​သနည်း။

၁၇ အခြား​သူတို့ကို​သွန်သင်ပေး​ရာ​၌ ကျမ်းစာ​ကို များများ​အသုံးပြု​သည်​နှင့်​အမျှ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆက်ဆံ​ရေး​ခိုင်ခံ့​လာ​သည်။ ဥပမာ၊ ထာဝရ​အသက်ကို​ရစေသော အသိပညာ​စာအုပ်​အကူအညီ​ဖြင့် အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​ကို ကျင်းပ​စဉ် ကိုးကား​ထားသော​ကျမ်းချက်​အတော်များများကို ဖတ်ရှု​ပြီး​ဆွေးနွေးခြင်း​သည် ပညာရှိရာ​ရောက်​၏။ ၎င်း​က သင်သားကို​ထောက်ကူ​ပေး​ပြီး ကျွန်ုပ်​တို့​ကိုယ်တိုင်​၏ ဝိညာဉ်​ရေးရာ​နားလည်​နိုင်စွမ်း​ကို တိုးတက်စေ​သည်။ သင်သား​တစ်ဦး​သည် ကျမ်းစာ​အယူအဆ သို့​မဟုတ် ရှင်းပြချက်​တစ်ခု​ကို နားလည်​ဖို့​အခက်တွေ့​နေလျှင် အသိပညာ​စာအုပ်​မှ​အခန်း​တစ်ခန်း​ကို သင်အံမှု​အပိုင်း​တစ်ခု​ထက်မက​ပြုလုပ်​နိုင်​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ထံ​ချဉ်းကပ်​လာဖို့ အခြားသူများ​အား​ကူညီပေး​ရန် ကောင်းစွာ​ပြင်ဆင်​၍ ပိုမို​အားထုတ်​ရခြင်း​ကို တကယ်​ဝမ်းသာ​ကြ​၏!

၁၈။ အသိပညာ​စာအုပ်​ကို မည်သို့​ထိရောက်​စွာ​အသုံးပြုလျက်​ရှိကြောင်း သာဓက​ပေး​ရှင်းပြပါ။

၁၈ ယေဟောဝါ​၏​ဆက်ကပ်​အပ်နှံ​ကျေးကျွန်​များ​ဖြစ်လာ​ဖို့ ထောင်နှင့်ချီ​သော​သူတို့ကို​ကူညီပေး​ရန် အသိပညာ​စာအုပ်​ကို နှစ်စဉ်​ထိရောက်​စွာ​အသုံးပြုလျက်​ရှိသည်၊ ထို​သူတို့တွင် ကျမ်းစာ​နောက်ကြောင်း​မသိ​သူများစွာ​ပါဝင်​သည်။ ဥပမာ၊ သီရိလင်္ကာ​မှ ဟိန္ဒူ​အမျိုးသား​တစ်ဦး​သည် သက်သေခံ​တစ်ဦး​က ပရဒိသု​အကြောင်း​ပြော​သည်ကို ကလေး​ဘဝ​၌ အမှတ်တမဲ့​ကြား​ခဲ့​ရသည်။ နှစ်​အနည်းငယ်​ကြာပြီးနောက် သူသည်​ထို​အမျိုးသမီး​ထံ​ချဉ်းကပ်​ခဲ့​ပြီး မကြာမီ ထို​အမျိုးသမီး​၏​လင်ယောက်ျား​သည် သူနှင့်​ကျမ်းစာ​သင်အံမှု​စ​ခဲ့​သည်။ အမှန်​မှာ လူရွယ်​သည် နေ့စဉ်​လာ​သင်​ခဲ့​ရာ အသိပညာ​စာအုပ်​ကို အချိန်တို​အတွင်း ပြီးဆုံး​သွားခဲ့သည်။ အစည်းအဝေး​အားလုံး​ကို သူ​စတက်​ခဲ့​ပြီး သူ၏​ယခင်​ဘာသာ​မှ​စွန့်ခွာ​ကာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ နှစ်ခြင်း​ခံ​သောအခါ သူသည် ပုဂ္ဂိုလ်ရေး​အရ​သိကျွမ်းသူ​တစ်ဦး​နှင့် အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ပြု​နေပြီ။

၁၉။ ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ရှာနေ​ကြ​စဉ် အဘယ်အရာကို ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သနည်း။

၁၉ ဘုရားသခင့်​နိုင်ငံတော်​ကို​ရှေးဦး​ရှာ​ခြင်း​က အားတက်စေ​သော​ရွှင်လန်းမှု​ကို ဖြစ်စေ​သည်။ (မဿဲ ၆:၃၃) စမ်းသပ်မှု​အမျိုးမျိုးကို ကျွန်ုပ်​တို့​ကြုံတွေ့​ရ​သော်လည်း သတင်းကောင်းကို ပျော်ရွှင်စွာ​နှင့် ထက်သန်​စွာ​ဆက်​ကြေညာ​ကြသည်။ (တိတု ၂:၁၄) ကျွန်ုပ်​တို့​အများစုမှာ အချိန်ပြည့်​ရှေ့ဆောင်​လုပ်ငန်း​အတွက် တောင်းဆိုချက်​များ​ကို ဖြည့်ဆည်း​နေကြ​ပြီး အချို့​တို့​မူ သတင်းကောင်း​ဟောပြောသူများ ပို​၍​လိုအပ်သော​နေရာများ​တွင် အမှုထမ်း​နေကြ​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ၎င်း​နည်းများဖြင့်​ဖြစ်စေ၊ အခြား​နည်းများဖြင့်​ဖြစ်စေ ပျော်ရွှင်စွာ​မြှင့်တင်​လျှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အလုပ်​နှင့် ကိုယ်တော်​၏​နာမကို​ထောက်၍ ပြ​သော​မေတ္တာကို မေ့လျော့​မည်​မဟုတ်​ကြောင်း ယုံကြည်​စိတ်ချ​ကြ​ပါ​သည်။—ဟေဗြဲ ၆:၁၀-၁၂

ယေဟောဝါ​၏​အစွမ်း​ခွန်အား​ဖြင့် ဆက်​လုပ်ဆောင်

၂၀။ ခွန်အား​အတွက် ယေဟောဝါ​ကို​မျှော်ကိုး​ကြောင်း ကျွန်ုပ်​တို့​မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

၂၀ ယေဟောဝါ​ကို ကျွန်ုပ်​တို့​မျှော်လင့်​ကြောင်း​နှင့် ခွန်အား​အတွက် ကိုယ်တော်​ကို​မျှော်ကိုး​ကြောင်း စိတ်ရောကိုယ်ပါ​တင်ပြ​ကြပါစို့။ ကျွန်ုပ်​တို့သည် ‘သစ္စာရှိ​ကျွန်’ မှ​တစ်ဆင့် ကိုယ်တော်​စီမံ​ပေး​သော ဝိညာဉ်​ရေးရာ​ပြင်ဆင်​ပေး​မှုများ​ကို အပြည့်အဝ​အကျိုး​ဖြစ်ထွန်း​အောင် အသုံးပြုခြင်း​ဖြင့် ထိုသို့​ပြု​နိုင်​ကြသည်။ (မဿဲ ၂၄:၄၅) ခရစ်ယာန်​စာပေ​စာတမ်း​များ​အကူအညီ​ဖြင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကိုယ်ပိုင်​နှင့် အသင်းတော်​လိုက်လေ့​လာ​ခြင်း၊ နှလုံး​ပါ​သော​ဆုတောင်းချက်၊ အကြီးအကဲ​များ​၏ ဝိညာဉ်​ရေးရာ​ထောက်မမှု၊ သစ္စာရှိ​ယုံကြည်သူချင်း​တို့၏ ကောင်းသော​ပုံသက်သေ​များနှင့် အမှုဆောင်ခြင်း​၌ မှန်မှန်​ပါဝင်ခြင်း​တို့သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ခွန်အား​ရှိစေပြီး ကိုယ်တော်​၏​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ဆက်လုပ်​ဆောင်ရန် ခွန်အား​ရှိစေ​သည့် ပြင်ဆင်​ပေး​ချက်​များ​တွင်​ပါဝင်​သည်။

၂၁။ ဘုရားသခင်​ပေး​သည့် အစွမ်း​ခွန်အား​လိုအပ်ကြောင်း တမန်​တော်​ပေတရု​နှင့် ပေါလု​တို့​က မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

၂၁ ကျွန်ုပ်​တို့​၌ လူ့​အားနည်းချက်များ​ရှိ​သော်​ငြား​လည်း အကူအညီ​အတွက် ယေဟောဝါ​ကို အားကိုး​မည်​ဆိုလျှင် ကိုယ်တော့်​အလိုတော်ကို​ဆောင်ရန် ကျွန်ုပ်​တို့ကို​ခွန်အား​ရှိစေပါ​လိမ့်​မည်။ ထိုသို့​သော​အကူအညီ​လိုအပ်ကြောင်း​သိရှိ​လျက် တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့သည်– “အမှုတော်​ဆောင်ရွက်​သူသည် ဘုရားသခင်​ပေးသနား​တော်​မူ​သော အစွမ်း​သတ္တိ​နှင့်​လည်းကောင်း ပြု​စေ။” (၁ ပေတရု ၄:၁၁သ​မ) “ခရစ်တော်​ကြောင့်​ခံရ​သော အားနည်းခြင်း၊ ကဲ့ရဲ့​ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲ​နှိပ်စက်ခြင်း၊ ကျပ်တည်း​စွာ​သော [ဆင်းရဲ] ဝေဒနာ​ခံ​ခြင်း​တို့ကို ငါ​နှစ်သက်​၏။ အကြောင်း​မူ​ကား၊ ငါသည်​အားနည်း​သောအခါ တန်ခိုး​နှင့်​ပြည့်စုံ​လျက်​ရှိ၏” ဟု​ဆို​သောအခါ ပေါလု​သည် ဘုရားသခင်​ပေး​သည့် အစွမ်း​ခွန်အား​အပေါ် အားကိုး​ကြောင်း တင်ပြ​ခဲ့​သည်။ (၂ ကောရိန္သု ၁၂:၁၀) အလားတူ​ခိုင်မာ​သော​ယုံကြည်မှုကို​တင်ပြ​ကာ မောပန်း​သူတို့အား ခွန်အား​ကို​ပေး​တော်​မူ​သည့် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​၏​ဘုန်းတော်​ကို ထင်ရှား​အောင်​စွမ်းဆောင်​နိုင်​ကြ​ပါစေ။—ဟေရှာယ ၁၂:၂

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 ဤ​အရေအတွက်​မှာ ယူ.အက်စ်. ရေတွက်​နည်း​အရ ၁ နောက်​တွင် သု​ည ၂၀ ပါ​သည့်​ဂဏန်း​ဖြစ်သည်။

^ အပိုဒ်၊ 15 နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ​ထုတ်ဝေ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​၏​လူမျိုးတော်သည် သာမန်​တန်ခိုး​ထက်မက အဘယ်ကြောင့်​လိုအပ်​သနည်း။

• ဘုရားသခင်​သည် မိမိ၏​ကျေးကျွန်​များ​ကို ခွန်အား​ပေး​ကြောင်း အဘယ်​ကျမ်း​ဆိုင်ရာ​သက်သေ​ရှိ​သနည်း။

• ကျွန်ုပ်​တို့ကို​ခွန်အား​ပေးဖို့ ယေဟောဝါ​စီမံ​ထားသော ဝိညာဉ်​ရေးရာ​ပြင်ဆင်​ပေး​ချက်​အချို့​ကား အဘယ်နည်း။

• အစွမ်း​ခွန်အား​အတွက် ဘုရားသခင်​ကို​ကျွန်ုပ်​တို့​မျှော်ကိုး​ကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အခြား​သူများကို​သွန်သင်​ပေးဖို့ ကျမ်းစာ​ကို​ကျွန်ုပ်​တို့​အသုံးပြု​သည်​နှင့်​အမျှ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏ ကိုယ်ပိုင်​ဆက်ဆံ​ရေး​ခိုင်ခံ့​လာ