ယင်းကို သင်ယုံရမည်လော
ယင်းကို သင်ယုံရမည်လော
၁၂ နှစ်အရွယ်ကျောင်းသားသည် အက္ခရာသင်္ချာအခြေခံသဘောတရားကို နားလည်သဘောပေါက်ရန် ကြိုးစားအားထုတ်လျက်ရှိသည်။ သူ၏ဆရာသည် ရိုးရှင်းပုံရသော အက္ခရာသင်္ချာတွက်နည်းတစ်နည်းကို အတန်းထဲတွင်တွက်ပြခဲ့၏။
“x=y ဖြစ်ပြီး သူတို့နှစ်ခုစလုံးရဲ့တန်ဖိုးဟာ ၁ ဖြစ်တယ်” ဟုဆရာက စတွက်ခဲ့သည်။
‘သိပ်တော့ မဆိုးပါဘူး’ ဟုထိုကျောင်းသား ယူမှတ်သည်။
သို့သော် ယုတ္တိတန်သောတွက်ချက်နည်း လေးကြောင်းပြီးနောက်တွင် ဆရာက အံ့သြဖွယ်ကောင်းသောအဖြေတစ်ခုကို ဤသို့ပေးခဲ့သည်– “ထို့ကြောင့် ၂=၁!”
“အဲဒါကို မှားကြောင်းသက်သေပြပါ” ဟုဆရာက သူ၏တွေဝေရှုပ်ထွေးနေကြသော ကျောင်းသားများကို စိန်ခေါ်လိုက်သည်။
ထိုကျောင်းသားငယ်သည် အက္ခရာသင်္ချာအသိပညာနည်းပါးရာ ၎င်းကိုမှားကြောင်း မည်သို့သက်သေပြရမည်ကို မသိရှိနိုင်ခဲ့ချေ။ တွက်ချက်မှုအဆင့်တိုင်းသည် လုံးဝယုတ္တိရှိပုံပေါက်ခဲ့၏။ သို့နှင့် သူသည် ဤဆန်းပြားသောအဖြေကို ယုံသင့်သလော။ အမှန်ဆိုရလျှင် သူ၏ဆရာသည် သင်္ချာပညာတွင် သူ့ထက်ပို၍ကျွမ်းကျင်တတ်မြောက်သူဖြစ်သည်။ သူမယုံသင့်သည်မှာအမှန်ပင်! ‘အဲဒါကိုမှားကြောင်း ကျွန်တော်သက်သေမပြတတ်ဘူး’ ဟုသူ့ဘာသာသူထင်မှတ်ခဲ့သည်။ ‘ဒါဟာ မဖြစ်နိုင်ဘူးဆိုတာ သာမန်အသိဉာဏ်က ကျွန်တော့်ကိုပြောနေတယ်။’ (သု. ၁၄:၁၅၊ ၁၈) ဆရာသော်လည်းကောင်း၊ အတန်းဖော်တစ်ဦးတစ်ယောက်ကသော်လည်းကောင်း တစ်ဒေါ်လာကို နှစ်ဒေါ်လာပေး၍လဲမည်မဟုတ်ကြောင်းကို သူသိရှိခဲ့သည်!
အချိန်တန်သော် ထိုအက္ခရာသင်္ချာကျောင်းသားသည် တွက်ချက်မှုတွင် အမှားကို ရှာတွေ့ခဲ့သည်။ ထိုအတောအတွင်း အတွေ့အကြုံက သူ့အား အဖိုးမဖြတ်နိုင်သော သင်ခန်းစာတစ်ခုကိုသင်ပေးခဲ့၏။ အင်မတန်အသိပညာကြွယ်ဝသူတစ်ဦးဦးက သေချာအကွက်ချပြီး မငြင်းနိုင်ဖွယ်ရှိသော ကျိုးကြောင်းဆင်ခြင်စရာတစ်ခုကို တင်ပြလာသောအခါ၌ပင် နားထောင်သူသည် ၎င်းအချိန်တွင် ယင်းကိုမှားကြောင်း သက်သေမပြနိုင်သောကြောင့် မိုက်မဲသောကောက်ချက်တစ်ခုကို ယုံကြည်လက်ခံဖို့ မလိုအပ်ပေ။ ထိုကျောင်းသားသည် ၁ ယောဟန် ၄:၁ တွင်တွေ့ရသော ကြားသမျှသည် အခွင့်အာဏာရှိသောရင်းမြစ်မှ လာပုံရသောအခါ၌ပင် အဆောတလျင်အလွန်မယုံကြနှင့်ဟူသော လက်တွေ့ကျကျမ်းစာမူကို အမှန်ပင်လိုက်နာခဲ့ခြင်းဖြစ်သည်။
၎င်းက ကြိုတင်စဉ်းစားထားသောအယူအဆများကို တရားသေဆုပ်ကိုင်ထားသင့်သည်ဟု မဆိုလိုပါ။ လွဲမှားသောအမြင်သဘောထားများကို ပြုပြင်ပြောင်းလဲနိုင်သည့်သတင်းစကားကို လျစ်လျူရှုခြင်းသည် အမှားတစ်ခုဖြစ်၏။ သို့သော် အသိပညာကြွယ်ဝသူ သို့မဟုတ် အခွင့်အာဏာရှိသူဟု ဆိုသောသူတစ်ဦးဦးထံမှ ဖိအားပေးမှုကိုရင်ဆိုင်ရချိန်တွင် သင်တို့သည် ‘ရုတ်တရက်စိတ်လှုပ်ရှားခြင်း’ မဖြစ်သင့်ချေ။ (၂ သက်သာလောနိတ် ၂:၂၊ သမ) အမှန်မှာ၊ ထိုဆရာသည် သူ၏ကျောင်းသားများကို နောက်ပြောင်ကျီစယ်နေခြင်းသာဖြစ်သည်။ သို့ရာတွင် တစ်ခါတစ်ရံ မရိုးသားသောအရာများရှိသည်။ လူတို့သည် လွန်စွာ “အပြစ်သို့သွေးဆောင်ခြင်းငှာလှည့်ဖြား” နိုင်ကြသည်။—ဧဖက် ၄:၁၄; ၂ တိမောသေ ၂:၁၄၊ ၂၃၊ ၂၄။
ကျွမ်းကျင်သူများသည် အမြဲမှန်ကန်သလော
ကျွမ်းကျင်သူများသည် အသိပညာကြွယ်ဝသူများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နယ်ပယ်တစ်ခုခုတွင် အယူအဆများ ဆန့်ကျင်ကြပြီး ထင်မြင်ချက်များလည်း အမျိုးမျိုးပြောင်းနေတတ်ကြသည်။ ဥပမာ၊ ဆေးသိပ္ပံနယ်ပယ်တွင် ရောဂါဝင်သည့်အကြောင်းရင်းများကဲ့သို့သော အခြေခံအကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး မပြီးဆုံးနိုင်သောအငြင်းပွားမှုကို သုံးသပ်ကြည့်ပါ။ “ဖျားနာရခြင်းမှာ သဘာဝဗီဇက သာ၍အရေးပါသလော၊ ပြုစုပျိုးထောင်မှုက သာ၍အရေးပါသလောဟူသည့်အချက်သည် သိပ္ပံပညာရှင်များကြားတွင် အကြီးအကျယ်အငြင်းပွားစရာအကြောင်းဖြစ်နေသည်” ဟုဟားဗက်တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပါမောက္ခတစ်ဦးကရေးသည်။ ကျွန်ုပ်တို့၏မျိုးရိုးဗီဇသည် ကျွန်ုပ်တို့ရောဂါအမျိုးမျိုးရလွယ်ခြင်းတွင် အဓိကကျသောအပိုင်းမှပါဝင်သည်ဟု သဘာဝသြဇာပဓာနဝါဒီဟု အခေါ်ခံသူများက အခိုင်အမာယုံကြည်ကြသည်။ သို့သော် တစ်ဖက်အုပ်စုကမူ ပတ်ဝန်းကျင်နှင့်ဘဝပုံစံတို့သည် လူ့ရောဂါဗေဒတွင် ရောဂါဖြစ်စေသော အဓိကအကြောင်းတရားများဖြစ်သည်ဟု အပြိုင်ငြင်းခုံခဲ့ကြသည်။ ယင်းတို့နှစ်ဖက်စလုံးက သူတို့၏အကြောင်းပြချက်ကို ထောက်ခံရန် လေ့လာမှုများနှင့်စာရင်းဇယားများကို ချက်ချင်းကိုးကားပြကြသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ၎င်းအငြင်းပွားမှုသည် ဆက်ဖြစ်နေဆဲပင်။
အကျော်ကြားဆုံးတွေးခေါ်ရှင်များသည် သူတို့ပို့ချပေးသောအရာများမှာ ပို့ချချိန်၌ ငြင်းစရာတစ်ကွက်မျှမရှိခဲ့လျှင်ပင် နောက်ပိုင်းတွင် မှားကြောင်းအကြိမ်ကြိမ်တွေ့ခဲ့ရပြီ။ အတွေးအခေါ်ပညာရှင်ဘာထရင် ရပ်စယ်လ်သည် အရစ္စတိုတယ်ကို “အတွေးအခေါ်ပညာရှင်အားလုံးတွင် ဩဇာအလွှမ်းမိုးဆုံး” ဟုဖော်ပြခဲ့၏။ သို့
တိုင် ရပ်စယ်လ်က အရစ္စတိုတယ်၏အယူဝါဒများစွာကို “တက်တက်စင်အောင်မှားနေသည်” ဟုလည်း ထောက်ပြခဲ့သည်။ “မျက်မှောက်ခေတ်ကာလတစ်လျှောက် သိပ္ပံပညာရပ်၊ ယုတ္တိဗေဒ သို့မဟုတ် ဒဿနိကဗေဒတို့မှ လက်တွေ့ကျကျတိုးတက်မှုအားလုံးသည် အရစ္စတိုတယ်၏တပည့်များနှင့် တစ်ဖက်တစ်လမ်းစီဖြစ်ခဲ့ရသည်” ဟုသူက ရေးခဲ့သည်။—အနောက်ပိုင်းဒဿနိကဗေဒသမိုင်း။“မှားယွင်းစွာခေါ်ဆိုသည့် ‘အသိပညာ’”
အစောပိုင်းခရစ်ယာန်များသည် ဆိုကရေးတီး၊ ပလေတိုနှင့် အရစ္စတိုတယ်ကဲ့သို့သော ဂရိအတွေးအခေါ်ပညာကျော်တို့၏ တပည့်များစွာနှင့် တွေ့ဆုံခဲ့နိုင်ဖွယ်ရှိသည်။ ထိုခေတ်အခါက ပညာတတ်များသည် သူတို့ကိုယ်ကိုသူတို့ ခရစ်ယာန်အများစုနှင့်ယှဉ်လျှင် ဉာဏ်ပညာအရာတွင် သာလွန်သူများဟု ယူမှတ်ထားကြသည်။ ယေရှု၏တပည့်အများစုသည် “လော[က]ပညာရှိ” မဟုတ်ကြဟု ယူမှတ်ခံရသည်။ (၁ ကောရိန္သု ၁:၂၆) အမှန်ဆိုလျှင် ထိုခေတ်အခါက အတွေးအခေါ်ကျောင်း တက်ခဲ့ကြသူများသည် ခရစ်ယာန်များ၏ ယုံကြည်ရာများကို “ရူးသွပ်ရာ” သို့မဟုတ် “လုံးဝအဓိပ္ပာယ်မရှိရာ” ဟုယူဆခဲ့ကြသည်။—၁ ကောရိန္သု ၁:၂၃; ဖိလစ်။
သင်သာ အစောပိုင်းခရစ်ယာန်များထဲတွင်ရှိခဲ့ပါမူ ထိုခေတ်မှ ဉာဏ်စွမ်းထက်မြက်သောပညာတတ်၏ ဖြားယောင်းသောစကားများကြောင့် စိတ်ထဲစွဲမှတ်သွားမည်လော သို့မဟုတ် သူတို့၏ဉာဏ်စွမ်းကိုပြသောအခါ လန့်ဖျပ်အထင်ကြီးသွားမည်လော။ (ကောလောသဲ ၂:၄) တမန်တော်ပေါလု၏အဆိုအရ ဤသို့ဖြစ်ရန် အကြောင်းရှိမည်မဟုတ်ချေ။ ယေဟောဝါသည် “ပညာရှိတို့၏ပညာ” နှင့် “ဉာဏ်ကောင်းသောသူတို့၏ဉာဏ်” တို့ကို မိုက်မဲရာအဖြစ်ယူမှတ်ကြောင်း ခရစ်ယာန်များအား သူသတိပေးခဲ့သည်။ (၁ ကောရိန္သု ၁:၁၉) သူက “အတွေးအခေါ်ပညာရှင်၊ စာရေးဆရာနှင့် ဤလောကကိုအပြစ်ရှာဝေဖန်သူတို့သည် သူတို့၏ဉာဏ်ပညာအားလုံးအတွက် ဘာကိုပြသခဲ့သနည်း” ဟူ၍ မေးခဲ့၏။ (၁ ကောရိန္သု ၁:၂၀၊ ဖိလစ်) ပေါလုခေတ်မှ အတွေးအခေါ်ပညာရှင်များ၊ စာရေးဆရာများနှင့် အပြစ်ရှာသူများအားလုံး၏ ဉာဏ်ပညာမှာ ပြောင်မြောက်စေကာမူ သူတို့သည် လူ့ပြဿနာများနှင့်ပတ်သက်၍ မှန်ကန်သောဖြေရှင်းနည်းကို မထုတ်ပေးနိုင်ခဲ့ ကြချေ။
ထို့ကြောင့် ခရစ်ယာန်များသည် တမန်တော်ပေါလုပြောခဲ့သော “လူအချို့တို့မှားယွင်းစွာခေါ်ဆိုသည့် ‘အသိပညာ’ အကြောင်းနှင့်ပတ်သက်၍ အငြင်းပွားမှု” ကိုရှောင်ရှားဖို့ သိရှိခဲ့ကြ၏။ (၁ တိမောသေ ၆:၂၀၊ သတင်းကောင်း) ပေါလုသည် ဤသို့သောအသိပညာကို ‘မှားယွင်း’ မှုဟုသမုတ်ခဲ့ရခြင်းအကြောင်းမှာ ယင်းတွင် အရေးကြီးသည့်အချက်တစ်ချက်—သူတို့၏သီအိုရီများကို စိစစ်ကြည့်နိုင်သည့် ဘုရားသခင်မှရင်းမြစ် သို့မဟုတ် ကိုးကားချက်—မရှိသောကြောင့်ဖြစ်သည်။ (ယောဘ ၂၈:၁၂; သု. ၁:၇) ထိုအရေးကြီးသည့်အချက်ကင်းမဲ့ပြီး တစ်ချိန်တည်းတွင် လှည့်ဖြားသူချုပ်စာတန်က မျက်စိကွယ်ထားသောကြောင့် အဆိုပါအသိပညာကို စွဲမြဲစွာဆုပ်ကိုင်ထားသူများသည် အမှန်တရားတွေ့ရှိရန် မည်သည့်အခါမျှမျှော်လင့်နိုင်မည်မဟုတ်ပါ။—၁ ကောရိန္သု ၂:၆-၈၊ ၁၄; ၃:၁၈-၂၀; ၂ ကောရိန္သု ၄:၄; ၁၁:၁၄; ဗျာဒိတ် ၁၂:၉။
သမ္မာကျမ်းစာ—မှုတ်သွင်းခံလမ်းညွှန်တစ်ခု
ဘုရားသခင်သည် သမ္မာကျမ်းစာတွင် မိမိ၏အလိုတော်၊ ရည်ရွယ်ချက်နှင့် မူများဖော်ပြထားသည်ကို အစောပိုင်းခရစ်ယာန်များက မည်သည့်အခါမျှသံသယမဝင်ခဲ့ကြချေ။ (၂ တိမောသေ ၃:၁၆၊ ၁၇) ၎င်းသည် သူတို့ကို ‘လူအဆက်ဆက်ခံသောနည်းဥပဒေသကိုလိုက်၍ လောကပညာနှင့်အချည်းနှီးသောပရိယာယ်အားဖြင့် လုယုဖျက်ဆီးခံရခြင်း’ အဖြစ်မှ ကာကွယ်ပေးခဲ့သည်။ (ကောလောသဲ ၂:၈) မျက်မှောက်ခေတ်တွင် အလားတူအခြေအနေမျိုးရှိနေပါသည်။ ဘုရားသခင်၏မှုတ်သွင်းခံနှုတ်မြွက်စကားတော်သည် လူတို့၏ရှုပ်ထွေးပြီး ဖီလာဆန့်ကျင်သော ထင်မြင်ယူဆချက်များနှင့်မတူဘဲ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို အခြေပြုနိုင်သည့် ခိုင်မာသောအုတ်မြစ်ကိုပေးသည်။ (ယောဟန် ၁၇:၁၇; ၁ သက်သာလောနိတ် ၂:၁၃; ၂ ပေတရု ၁:၂၁) ယင်းမပါလျှင် ပြောင်းလဲတတ်သောသဲသောင်ဖြစ်သည့် လူ့သီအိုရီများနှင့်အတွေးအခေါ်များပေါ်တွင် ခိုင်မြဲသောအရာတစ်ခုခုကို ဆောက်လုပ်ရန် ကြိုးစားရသည့်မဖြစ်နိုင်ဖွယ်အခြေအနေတွင် ရှိနေပေမည်။—မဿဲ ၇:၂၄-၂၇။
‘ဒါပေမဲ့ နေပါဦး၊’ ဟုတစ်ယောက်ယောက်ကဆိုမည်။ ‘သိပ္ပံအချက်အလက်တွေက သမ္မာကျမ်းစာဟာမှားတယ်လို့ ဖော်ပြနေတာကြောင့် အမြဲတမ်းပြောင်းလဲနေတတ်တဲ့ လူသားတွေရဲ့အတွေးအခေါ်တွေထက် ပိုပြီးယုံကြည်စိတ်ချလို့မရဘူးဆိုတာ မမှန်ကန်ဘူးလား။’ ဥပမာ၊ “ကော့ပါးနိကတ်စ်၊ ခက်ပလာနှင့် ကယ်လီလီယိုတို့က ကမ္ဘာမြေကြီးသည် စကြဝဠာ၏အလယ်ဗဟိုမဟုတ်ဟူသည့်ယူဆချက်ကို အတည်ပြုရာ၌ အရစ္စတိုတယ်ကိုသာမက သမ္မာကျမ်းစာကိုပါ ဆန့်ကျင်ခဲ့ရသည်” ဟုဘာထရင် ရပ်စယ်လ်ကဆိုခဲ့၏။ (ကျွန်ုပ်တို့စာလုံးစောင်းထား။) ဥပမာ၊ အချက်အလက်အားလုံးက ကမ္ဘာမြေကြီးသည် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ တည်ရှိလာခဲ့သည်ဟုဖော်ပြသောအခါ ကမ္ဘာမြေကြီးကို ၂၄ နာရီစီကြာရှည်သည့် ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့သည်ဟူ၍ သမ္မာကျမ်းစာကသွန်သင်သည်ဟု မျက်မှောက်ခေတ်ဖန်ဆင်းခြင်းဝါဒီများက အခိုင်အမာပြောဆိုခဲ့ကြသည်မဟုတ်ပါလော။
အမှန်အားဖြင့် သမ္မာကျမ်းစာက ကမ္ဘာမြေကြီးသည် စကြဝဠာအလယ်ဗဟိုတွင်တည်ရှိသည်ဟု မဆိုထားချေ။ ၎င်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်အတိုင်း မလိုက်လျှောက်ကြသော ချာ့ခ်ျခေါင်းဆောင်များ၏သွန်သင်ချက်သာဖြစ်သည်။ ဖန်ဆင်းခြင်းဆိုင်ရာ ကမ္ဘာဦးမှတ်တမ်းက ကမ္ဘာမြေကြီးသည် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ သက်တမ်းကြာကြောင်း ထည့်သွင်းဖော်ပြထားသည့်အပြင် ဖန်ဆင်းရာနေ့တစ်နေ့တိုင်းသည် ၂၄ နာရီဟု မကန့်သတ်ထားချေ။ ကမ္ဘာဦး ၁:၁၊ ၅၊ ၈၊ ၁၃၊ ၁၉၊ ၂၃၊ ၃၁; ၂:၃၊ ၄) သမ္မာကျမ်းစာကို ရိုးသားမှန်ကန်စွာဆန်းစစ်ကြည့်လျှင် ယင်းစာအုပ်သည် သိပ္ပံပြဋ္ဌာန်းစာအုပ်မဟုတ်သော်လည်း “လုံးဝအဓိပ္ပာယ်မရှိရာ” မဟုတ်သည်မှာ သေချာပါသည်။ မှန်ပါသည်၊ ယင်းသည် အထောက်အထားခိုင်လုံသောသိပ္ပံပညာနှင့် လုံးလုံးကိုက်ညီပါသည်။ *
(‘ဆင်ခြင်နိုင်စွမ်း’
ယေရှု၏တပည့်များစွာတို့သည် သာမန်အဆင့်ရှိ ကျောင်းပညာနည်းပါးနိုင်ဖွယ်ရှိသော အမျိုးသား၊ အမျိုးသမီးများဖြစ်ကြသော်လည်း သူတို့အသုံးချနိုင်သည့် ဘုရားသခင်ပေးအရည်အချင်း နောက်တစ်ခုရှိခဲ့သည်။ သူတို့အားလုံး၏နောက်ခံသည် မည်သို့ပင်ဖြစ်ပါစေ ဆင်ခြင်နိုင်စွမ်းနှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတို့ကို ပေးထားသည်။ ‘ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသိရှိ’ ဖို့အတွက် မိမိတို့၏ ‘ဆင်ခြင်နိုင်စွမ်း’ ကိုအပြည့်အဝအသုံးချရန် မိမိ၏ခရစ်ယာန်ချင်းများအား တမန်တော်ပေါလုအားပေးခဲ့၏။—ရောမ ၁၂:၁၊ ၂။
အစောပိုင်းခရစ်ယာန်များသည် မိမိတို့၏ဘုရားသခင်ပေး ‘ဆင်ခြင်နိုင်စွမ်း’ ဖြင့် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ဖော်ပြထားရာများနှင့်ညီညွတ်မှုမရှိသော မည်သည့်အတွေးအခေါ် သို့မဟုတ် သွန်သင်ချက်ကိုမဆို အချည်းနှီးဖြစ်သည်ဟု ရှင်းလင်းစွာသိမြင်ခဲ့ကြသည်။ အချို့ကိစ္စများ၌ သူတို့ခေတ်မှ ပညာရှိသူများသည် “[အမှန်]တရားကို အဓမ္မဖြင့်ဆီးတား” ကာ ဘုရားသခင်ရှိကြောင်းဖော်ပြသော သူတို့ပတ်လည်ရှိသက်သေသာဓကကို လျစ်လျူရှုခဲ့ကြ၏။ ‘ပညာရှိသည်ဟု ကိုယ်ကိုဆိုလျက်နှင့် လူမိုက်အဖြစ်သို့ရောက်ကြသည်’ ဟူ၍ တမန်တော်ပေါလုက ရေးခဲ့သည်။ မှန်၏၊ သူတို့သည် ဘုရားသခင်နှင့်ကိုယ်တော်၏ရည်ရွယ်ချက်နှင့်ပတ်သက်သော အမှန်တရားကို ငြင်းပယ်ခဲ့ကြသောကြောင့် “အချည်းနှီးတွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးမိုက်မဲခြင်းသို့ရောက်ကြ၏။”—ရောမ ၁:၁၈-၂၂; ယေရမိ ၈:၈၊ ၉။
ပညာရှိများဟုဆိုကြသူများသည် “ဘုရားသခင်မရှိ” သို့မဟုတ် “ကျမ်းစာကိုယုံကြည်၍မရ” သို့မဟုတ် “ဤနေ့ရက်များသည် နောက်ဆုံးသောနေ့ရက်များမဟုတ်” ကဲ့သို့သော ကောက်ချက်များကို အဆိုပြုတတ်ကြသည်။ ဤယူဆချက်များသည် “၂ ၁” ဟူသော အဖြေကဲ့သို့ ဘုရားသခင်ရှေ့မှောက်တွင် ရူးသွပ်ခြင်းသာဖြစ်၏။ (၁ ကောရိန္သု ၃:၁၉) လူတို့သည် မိမိတို့ကိုယ်ကို အခွင့်အာဏာရှိသူများဟု မည်သို့ပင်ပိုင်စိုးပိုင်နင်းဆိုစေကာမူ သူတို့သည် ဘုရားသခင်ကိုငြင်းပယ်လျှင်လည်းကောင်း၊ ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို လျစ်လျူရှုလျှင်လည်းကောင်း၊ သာမန်အသိဉာဏ်နှင့် ဆန့်ကျင်နေလျှင်လည်းကောင်း သူတို့၏ကောက်ချက်များကို သင်လက်ခံဖို့မလိုချေ။ အဆုံးသတ်သရုပ်ခွဲလေ့လာကြည့်လျှင် “လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်သည်တည်စေ” ခြင်းသည် အမြဲပင်ပညာရှိလမ်းစဉ်ဖြစ်သည်။—ရောမ ၃:၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 20 အသေးစိတ်အချက်အလက်များကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] နှင့် သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော [လိပ်] စာအုပ်တို့တွင်ရှု။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာသည် လူသားတို့၏ မတည်မြဲသောယူဆချက်များနှင့်မတူဘဲ ခိုင်မြဲသောယုံကြည်ခြင်းကိုဖြစ်ပေါ်စေ
[Credit Lines]
လက်ဝဲ၊ အဲပိကုရု– Left, Epicurus: Photograph taken by courtesy of the British Museum; အပေါ်အလယ်၊ ပလေတို– upper middle, Plato: National Archaeological Museum, Athens, Greece; လက်ယာ၊ ဆိုကရေးတီး– right, Roma, Musei Capitolini