သင်မည်သို့ မိတ်ဆွေများ ဖွဲ့နိုင်ပုံ
သင်မည်သို့ မိတ်ဆွေများ ဖွဲ့နိုင်ပုံ
“ဘဝမှာ မိတ်ဆွေတစ်ဦးရှိလျှင် အတော်ဟုတ်နေပြီ; နှစ်ဦးရှိလျှင် တော်တော်များ၏; သုံးဦးရှိဖို့ ခဲယဉ်း၏။” —ဟင်နရီ ဘရွတ် အက်ဒမ်စ်။
ထိုကောက်ချက်က မိတ်ဆွေစစ်များ ရှားပါးနေသည်ကိုဖော်ပြသည်။ အများအားဖြင့် “အားကိုးစရာ တစ်ယောက်မှမရှိဘူး၊” “တစ်ယောက်မှ ယုံလို့မရဘူး၊” သို့မဟုတ် “ကျွန်တော့်ရဲ့အကောင်းဆုံးမိတ်ဆွေက ကျွန်တော့်ခွေးပဲ” စသည့်ကောက်ချက်များကို မိတ်ဆွေဖွဲ့ဖို့ရှာဖွေနေကြသော အထီးကျန်သူများထံမှ ကြားရလေ့ရှိသည်။
မိတ်ဆွေဖွဲ့ပြီး ထာဝစဉ်တည်တံ့ရန် ထိန်းသိမ်းသွားရေးမှာ စိန်ခေါ်ချက်တစ်ရပ်ဖြစ်၏။ “အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်သူလူဦးရေ၏ ၂၅ ရာခိုင်နှုန်းမှာ ‘နာတာရှည်အထီးကျန်’ ဝေဒနာခံစားနေရပြီး . . . ပြင်သစ်တွင် လူဦးရေထက်ဝက်မှာ အထီးကျန်ဝေဒနာပြင်းကို ခံစားနေကြရသည်” ဟုဈေးကွက်စစ်တမ်းက ဖော်ပြခဲ့သည်။ အဖော်များရှာဖွေနေကြသူများ၏ ချိန်းတွေ့၍ရသော ကလပ်များနှင့် ကွန်ပျူတာဖြင့်ချိတ်ဆက်ထားသော စကားဝိုင်းများတိုးများလာခြင်း၊ သတင်းစာကြော်ငြာ များလာခြင်းတို့က လူတို့သည် လူသားချင်းဆက်သွယ်မှုကို တောင့်တနေကြောင်း ဖော်ပြသည်။
အထီးကျန်ခြင်းသည် လူတစ်ဦး၏စိတ်ပိုင်းအခြေအနေသာမက ကာယကျန်းမာရေးကိုပါ ထိခိုက်နိုင်သည်ဟု နဗ်ကြောစိတ်ပညာရှင် ဒေါက်တာဒေးဗစ်ဝိခ်စ်ကဆိုသည်။ “ကျွန်တော့်ရဲ့လူနာတော်တော်များများဟာ အထီးကျန်ဝေဒနာသည်တွေလို့ခေါ်နိုင်တဲ့ အစိုးရိမ်အကြောက်လွန်လူနာတွေ၊ စိတ်ဓာတ်ကျနေတဲ့လူနာတွေဖြစ်ပါတယ်။ စိတ်ဓာတ်ကျလွန်းခြင်းနဲ့ အထီးကျန်ဆန်လွန်းခြင်းတို့ဟာ ဆက်စပ်နေတယ်။”
လင်မယားကွာရှင်းခြင်းနှင့် မိသားစုဘဝပြိုကွဲခြင်းကြောင့် တစ်ကိုယ်တည်းဘဝသမားများ များသည်ထက်များလာရန် အကြောင်းဖန်လာသည်။ ၂၁ ရာစုအစပြုချိန်တွင် ထိုနိုင်ငံ၏လူဦးရေ ၃၀ ရာခိုင်နှုန်းသည် တစ်ကိုယ်တည်းအိမ်ထောင်စုဖြစ်မည်ဟု ဗြိတိန်နိုင်ငံတွင် ပြုလုပ်သည့်စစ်တမ်းတစ်ခုက ဖော်ပြသည်။
ကိုယ့်ကျိုးရှာစိတ်ဓာတ်သည် ‘နောက်ဆုံးကာလ’ တွင်ပျံ့နှံ့လိမ့်မည်ဟု မှုတ်သွင်းခံသမ္မာကျမ်းစာက ကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၁-၅) လူအများသည် အိမ် သို့မဟုတ် ကားစသော ရုပ်ပစ္စည်းများကိုလည်းကောင်း၊ သူတစ်ပါးနှင့်ပေါင်းသင်းဆက်ဆံရေးကို ပျိုးထောင်ခြင်းထက် မိမိတို့၏အလုပ်များကိုလည်းကောင်း ပို၍စိတ်ဝင်စားလျက်ရှိကြသည်မှာ ထင်ရှားပါသည်။ “အိမ်ထောင်ဖက်နှင့်သားသ မီးများအပေါ် အာရုံစိုက်မည့်အစား သူတို့၏ဘဝကို အလုပ်ဌာနအပေါ်တွင်သာ အခြေပြုလျက်ရှိကြသည်” ဟုစာရေးဆရာ အန်တိုနီစတော့ကဆိုသည်။
မိတ်ဆွေစစ်များသည် တန်ဖိုးမဖြတ်နိုင်
သင်၏ဘဝအရည်အသွေးသည် သင်၏မိတ်ဆွေဖွဲ့မှုအရည်အသွေးအပေါ် များစွာမူတည်၏။ ကိုယ်ကျိုးအတွက်သာ အသက်ရှင်သူများသည် မိမိတို့၏ကိစ္စများ သို့မဟုတ် ထင်မြင်ယူဆချက်များကို ဝေမျှရန် မိတ်ဆွေမရှိသောကြောင့် များသောအားဖြင့် မပျော်ရွှင်ကြချေ။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] သည်” ဟူသော ယေရှုခရစ်၏စကားများက မှန်ကန်ပါသည်။ (တမန်တော် ၂၀:၃၅) အဆိုပါအမှန်တရားကို သံယောင်လိုက်ကာ အင်္ဂလိပ်ကဗျာဆရာ ဂျော့ဂျ် ဘိုင်ရွန်က “ပျော်ရွှင်မှုရယူလိုသူအားလုံးသည် ဝေမျှရမည်ဖြစ်သည်” ဟုရေးခဲ့သည်။
မိတ်ဆွေဟူသည် အဘယ်နည်း။ အဘိဓာန်တစ်အုပ်က မိတ်ဆွေတစ်ဦးကို “ချစ်ခင်ကြင်နာခြင်း သို့မဟုတ် ရိုသေလေးစားခြင်းတို့ဖြင့် သူတစ်ပါးကို သံယောဇဉ်တွယ်တာသူ” အဖြစ် အနက်ဖွင့်ဆိုသည်။ မိတ်ဆွေစစ်သည် ကောင်းသောအရာများကို တွေးတောစဉ်းစားစေရန် ကူညီပေးနိုင်၏။ သူသည် သင်လိုအပ်သောအချိန်များ၌ အားပေး၍ တည်ဆောက်မှုပေးနိုင်သည်။ သင်၏ပူဆွေးသောကကိုပင် မျှဝေခံစားပေးနိုင်၏။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် [အခက်အခဲ]ကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟုဘုရင်ရှောလမုန်ကဆိုခဲ့သည်။ (သု. ၁၇:၁၇) ရုပ်ပစ္စည်းများသည် အချိန်ကြာလေလေ တန်ဖိုးလျော့သွားလေလေ ဖြစ်တတ်သော်လည်း စစ်မှန်သောမိတ်ဆွေဖြစ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ ကြီးထွားရင့်သန်လာသည်။
ချစ်ခြင်းမေတ္တာတွင် “ကျယ်ဝန်းသောစိတ်ရှိကြလော့” ဟူ၍ သမ္မာကျမ်းစာက ခရစ်ယာန်များကို တိုက်တွန်းထားသည်။ (၂ ကောရိန္သု ၆:၁၃) အခြားသူများကို ပြောဆိုဆက်သွယ်ရန်ကြိုးစားခြင်းသည် ပညာရှိရာရောက်၏။ ဒေ. ၁၁:၁၊ ၂ တွင်ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။ လူခုနစ်ယောက်မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာ အဘယ်အမှုရောက်မည်ကို သင်မသိ။” ဤမူသည် မိတ်ဆွေဖွဲ့ခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ သင်သည် လူများစွာနှင့် အထူးမိတ်ဆွေဖွဲ့ထားလျှင် အခက်အခဲများပေါ်ပေါက်လာသောအခါ သင့်အားအကူအညီပေးရန် သူတို့ထဲမှအချို့ပေါ်လာပေမည်။
မိတ်ဆွေစစ်များသည် သင့်အတွက် အခြားတစ်နည်းဖြင့် အကာအကွယ်ဖြစ်သည်။ “အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏” ဟူ၍ နယပုံပြင် ၂၇:၆ ကဆိုသည်။ လူများစွာတို့သည် သင့်အား ချီးမွမ်းစကားပြောကြမည်ဖြစ်သော်လည်း မိတ်ဆွေစစ်များသာလျှင် မေတ္တာဖြင့် ကြီးလေးသောအပြစ်ကို ထောက်ပြ၍ အကျိုးဖြစ်ထွန်းသောအကြံဉာဏ်ကိုပေးရန် သင့်အတွက် ကောင်းကောင်းစဉ်းစားပေးမည်ဖြစ်သည်။—သု. ၂၈:၂၃။
ရင်းနှီးသောမိတ်ဆွေကောင်းများသည် သင့်အပေါ် အပြုသဘောပါသြဇာသက်ရောက်မှု ရှိစေနိုင်သည့် ရှားပါးသောလက်ဆောင်များထဲတွင် ပါဝင်သည်။ တမန်တော်အခန်းကြီး ၁၀ တွင်သူ၏ဆုတောင်းချက်များ နားညောင်းခြင်းခံရကြောင်း ကောင်းကင်တမန်တစ်ပါးအားဖြင့် အသိပေးခြင်းခံရသော ရောမတပ်မှူးကော်နေလိ၏ ဘဝအတ္ထုပ္ပတ္တိမှ အဖြစ်အပျက်တစ်ခုကို ကျွန်ုပ်တို့ဖတ်ရသည်။ ကော်နေလိသည် တမန်တော်ပေတရုအလာကို စောင့်မျှော်ရင်း “မိမိအဆွေအမျိုး၊ မိတ်ခင်ပွန်းများကို စုဝေးစေ” လိုက်သည်။ ကော်နေလိ၏အဆိုပါရင်းနှီးသောမိတ်ဆွေများသည် သတင်းကောင်းကိုလက်ခံပြီး ဘုရားသခင့်နိုင်ငံတော်၌ ခရစ်တော်နှင့်အတူ အုပ်ချုပ်ခွင့်အလားအလာဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခံခဲ့ရသည့် အရေဖျားမလှီးသော ဦးဆုံးတစ်ပါးအမျိုးသားများဖြစ်ကြသည်။ ကော်နေလိ၏ရင်းနှီးသောမိတ်ဆွေများအတွက် ကောင်းချီးတစ်ခုပါတကား!—တမန်တော် ၁၀:၂၄၊ ၄၄။
သို့သော် သင်သည် မည်သို့စတင်မိတ်ဖွဲ့နိုင်သနည်း။ မိတ်ဆွေဖွဲ့ခြင်းအကြောင်းများစွာကို ပြောဆိုထားသောသမ္မာကျမ်းစာက လက်တွေ့ကျအကြံဉာဏ်ပေးထားသည်။ (အောက်ပါလေးထောင့်ကွက်ကိုရှု။)
မိတ်ဆွေစစ်များနှင့် သင်မိတ်ဖွဲ့နိုင်သည့်နေရာ
မိတ်ဆွေစစ်များနှင့်မိတ်ဖွဲ့ရန် အကောင်းဆုံးနေရာမှာ ခရစ်ယာန်အသင်းတော်နှင့်ဆက်နွှယ်နေသည်။ ဦးဆုံးအနေနှင့် သင်၏ဖန်ဆင်းရှင် ကောင်းကင်ခမည်းတော်ယေဟောဝါနှင့်လည်းကောင်း၊ ကယ်တင်ရှင်ယေရှုခရစ်နှင့်လည်းကောင်း မိတ်ဆွေဖွဲ့နိုင်သည့်အခွင့်အရေးကို သင်ရရှိနိုင်၏။ သင့်ကို မိမိ၏မိတ်ဆွေဖြစ်ဖို့ ဖိတ်ခေါ်သည့်ယေရှုက “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၃၊ ၁၅) ယေဟောဝါနှင့်လည်းကောင်း၊ ယေရှုခရစ်နှင့်လည်းကောင်း မိတ်ဆွေဖွဲ့ခြင်းဖြင့် “အစဉ်အမြဲတည်သောတဲများ၌ သင်တို့ကိုလက်ခံ” လိမ့်မည်ကို စိတ်ချသေချာစေနိုင်သည်။ မှန်၏၊ ယေဟောဝါနှင့်ယေရှုတို့ကို မိတ်ဆွေဖွဲ့ခြင်းသည် ထာဝရအသက်ကိုရရှိစေသည်။—လုကာ ၁၆:၉၊ သမ; ယောဟန် ၁၇:၃။
သင်သည် သူတို့၏ရင်းနှီးသောမိတ်ဆွေအဖြစ်ကို မည်သို့ရရှိနိုင်သနည်း။ ယေဟောဝါ၏မိတ်ဆွေအဖြစ် ကိုယ်တော်၏တဲတော်တွင် ဧည့်သည်ဖြစ်ခွင့်ရဖို့အတွက် တောင်းဆိုချက်များကို ဆာလံ ၁၅ တွင်ဖော်ပြထားသည်။ သမ္မာကျမ်းစာတွင်ရှာဖွေကာ ထိုဆာလံ၏အခန်းငယ်ငါးခန်းကို ဖတ်ပါ။ ထို့ပြင် ယေရှုခရစ်က “သင်တို့သည် ငါပညတ်သမျှတို့ကိုကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၅:၁၄။
မှန်ပါ၏၊ သင်သည် ဘုရားသခင်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို အသိစိတ်ရှိရှိ လေ့လာကျင့်သုံးခြင်းဖြင့် ယေဟောဝါနှင့်ယေရှုတို့၏ မိတ်ဆွေဖြစ်လိုသည်ဟု ပြသရာရောက်သည်။ ယင်းကိုအ
ထမြောက်အောင်မြင်စေရန် ယေဟောဝါဘုရားသခင်နှင့်ဆိုင်သော အသိပညာကိုဝေမျှပေးသည့် ခရစ်ယာန်အစည်းအဝေးများကိုလည်း မှန်မှန်တက်ရောက်ရမည်ဖြစ်သည်။ ယေဟောဝါ၏စကားကိုနားထောင်ရန် သင်ကိုယ်နှိုက် သစ္စာရှိရှိလိုက်နာမှသာ ကိုယ်တော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်တို့နှင့်လည်းကောင်း ပို၍ရင်းနှီးလာလိမ့်မည်။အစည်းအဝေးများ၌ ယေဟောဝါကိုချစ်မြတ်နိုးပြီး မိမိတို့၏အသက်တာတွင် ဝိညာဉ်အသီးများဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ကို တင်ပြနေကြသူများနှင့် ခင်မင်ရင်းနှီးမှုလည်းရနိုင်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) သင်သည် မိတ်ဆွေများရဖို့နှင့် အထီးကျန်မှုကိုဖယ်ရှားပစ်ရန် အရေးကြီးနေပါက ခရစ်ယာန်အစည်းအဝေးများကို အပတ်တိုင်းတက်ရောက်ပါ။ ထိုသို့ပြုခြင်းကား သင်သည် ဘုရားသခင်၏ကောင်းချီးခံစားရသူများနှင့် တည်တံ့သောမိတ်ဆွေဖွဲ့ရန် မိမိကိုယ်ကို နေရာမှန်တွင် အချိန်မှန်ရောက်ရှိနေစေရာရောက်သည်။
ထာဝရမိတ်ဆွေများ
မိတ်ဆွေစစ်ဖြစ်မှုသည် ယေဟောဝါဘုရားသခင်ထံတော်မှ ထူးမြတ်သောဆုကျေးဇူးဖြစ်၏။ ၎င်းသည် ကိုယ်တော်၏ပင်ကိုဥပဓိရုပ်နှင့် အသွင်လက္ခဏာတော်တို့မှဖြစ်ပေါ်လာသည်။ ကိုယ်တော်သည် မိမိ၏မေတ္တာပါပြီး ရက်ရောသောစိတ်ကြောင့် သင်မိတ်ဆွေဖွဲ့နိုင်သည့် သိမြင်နားလည်သောသတ္တဝါများနှင့် မြေကြီးကိုပြည့်နှက်စေတော်မူခဲ့သည်။ ခရစ်ယာန်ချင်းများနှင့် ပေါင်းသင်းပါ။ သူတို့ကိုအားပေးပါ။ ခရစ်ယာန်ဓမ္မအမှုတွင် သူတို့နှင့်လုပ်ဆောင်ပါ။ သူတို့နှင့်အတူ၊ သူတို့အတွက် မှန်မှန်ဆုတောင်းပါ။ ထိုအခါ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်ယေရှုခရစ်ကို သင်တုပလာပါလိမ့်မည်။
မိတ်ဆွေဖွဲ့ခြင်းသည် လူတိုင်းရနိုင်၊ ပေးနိုင်သည့် ဆုကျေးဇူးတစ်ခုဖြစ်၏။ မဝေးတော့သည့်အနာဂတ်တွင် သင်သည် သင့်မိတ်ဆွေအသိုင်းအဝိုင်းကို တိုးချဲ့ခွင့်ရရှိပါလိမ့်မည်။ ယခုအသက်ရှင်လျက်ရှိကြသော သန်းနှင့်ချီမိတ်ဆွေများကိုသာမက သေခြင်း၌အိပ်ပျော်လျက်ရှိပြီး “သေဘေးမရှိ” တော့မည့်အချိန်တွင် ရှင်ပြန်ထမြောက်ဖို့ စောင့်ဆိုင်းနေကြသော အတိတ်လူမျိုးဆက်မှသူများကိုလည်း မိတ်ဖွဲ့နိုင်သည်။ (ဗျာဒိတ် ၂၁:၄; ယောဟန် ၅:၂၈၊ ၂၉) ယခုကတည်းက မိတ်ဆွေဖွဲ့ဖို့ကြိုးစားပြီး ယေဟောဝါအားချစ်မြတ်နိုးသူများနှင့် ခင်မင်ပါ။ ဘုရားသခင်၏မှုတ်သွင်းခံနှုတ်မြွက်စကားတော်ကို နားထောင်ခြင်းဖြင့် ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်တို့နှင့် ရင်းနှီးရန်လုပ်ဆောင်ပါ။ ထိုသို့ဖြင့် သင်သည် ထာဝစဉ်ဘယ်သောအခါမျှ အထီးကျန်ရတော့မည်မဟုတ်ချေ။
[စာမျက်နှာ ၂၂, ၂၃ ပါ လေးထောကွက်/ ရုပ်ပုံ]
တည်တံ့သောမိတ်ဆွေဖြစ်ရန် အဆင့်ခြောက်ဆင့်
၁။ မိတ်ဆွေဖြစ်ပါ။ အာဗြဟံသည် သူ၏မယိမ်းယိုင်သောယုံကြည်ခြင်းကြောင့် ‘ယေဟောဝါ၏အဆွေ’ ဟူ၍ခေါ်ဝေါ်ခြင်းခံရ၏။ (ယာကုပ် ၂:၂၃) သို့ရာတွင် အကြောင်းရင်းနောက်တစ်ခုရှိသည်။ သမ္မာကျမ်းစာက အာဗြဟံသည် ဘုရားသခင်အပေါ် ချစ်ခင်စုံမက်မှုပြခဲ့သည်ဟု ဖော်ပြထားသည်။ (၂ ရာဇဝင်ချုပ်၂၀:၇) သူသည် အစပြု၍ မိမိ၏ခံစားချက်များကို ယေဟောဝါအား ပြောပြခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀-၃၃) မှန်ပါသည်၊ မိမိမိတ်ဆွေဖွဲ့လိုကြောင်း အစပြုကမ်းလှမ်းဖို့လိုပါသည်။ “သူတစ်ပါးအားပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်” ဟုယေရှုမိန့်ခဲ့သည်။ (လုကာ ၆:၃၈) အားပေးစကားတစ်ခွန်း သို့မဟုတ် ကူညီတတ်သောလက်တို့သည် ပေါက်ရောက်ကြီးထွားလာမည့် အဓွန့်ရှည်သောမိတ်ဖွဲ့ မှု၏ မျိုးစေ့ဖြစ်နိုင်သည်။ “မိတ်ဆွေရအောင်ပြုသောနည်းကား မိမိကိုယ်တိုင် မိတ်ဆွေဖြစ်အောင်ပြုခြင်းပင်” ဟူ၍ တစ်ခါက အမေရိကန်စာတမ်းပြုစုသူ ရက်လ်ဖ် ဝဲလ်ဒို အီမာစင်ပြောခဲ့သည်။
၂။ မိတ်ဆွေဖွဲ့ ခြင်းကိုပျိုးထောင်ရန်အချိန်ယူပါ။ လူအများစုသည် မိတ်ဆွေဖွဲ့ ခြင်းမှ အကျိုးရယူလိုကြသည်။ သို့သော် သူတို့သည် လိုအပ်သောအချိန်မပေးနိုင်သည့်အထိ အလွန်အလုပ်များလျက်ရှိကြသည်။ အခြားသူများ၏ ပျော်ရွှင်ခြင်းနှင့်အောင်မြင်ခြင်း၊ ဝမ်းနည်းခြင်းနှင့်စိတ်ဓာတ်ကျခြင်းတို့ကို မျှဝေခံစားရန် ရောမ ၁၂:၁၅၊ ၁၆ ကကျွန်ုပ်တို့ကို တိုက်တွန်းသည်။ ၎င်းကဤသို့ဆို၏– “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်းပြုကြလော့။ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိကြလော့။” ယေရှုခရစ်သည် အလုပ်များသူတစ်ဦးဖြစ်သော်လည်း မိမိ၏မိတ်ဆွေများအတွက် အစဉ်အချိန်ယူခဲ့သည်။ (မာကု ၆:၃၁-၃၄) မိတ်ဆွေဖွဲ့ ခြင်းသည် အပင်တစ်ပင် သီးပွင့်လာရန် ရေလောင်း၍ ပြုစုပျိုးထောင်ဖို့လိုအပ်ရာ ယင်းအတွက် အချိန်ယူရသည်ကိုသတိရပါ။
၃။ တစ်ပါးသူများ စကားပြောသောအခါ အာရုံစိုက်ပါ။ ကောင်းစွာအာရုံစိုက်နားထောင်သူများသည် မိတ်ဆွေများရရှိရန် သာ၍လွယ်ကူသည်ကိုတွေ့ရတတ်သည်။ “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ” ဟူ၍တပည့်တော်ယာကုပ်ကဆိုသည်။ (ယာကုပ် ၁:၁၉) သင်သည် သူတစ်ပါးနှင့်စကားပြောသောအခါ သူတို့၏ခံစားချက်များကို သင်စိတ်ဝင်စားကြောင်းပြပါ။ သူတို့အကြောင်းပြောဆိုဖို့ အားပေးပါ။ သူတို့ကိုဂုဏ်တင်ကြောင်း တင်ပြရာတွင် ဦးဆောင်ပါ။ (ရောမ ၁၂:၁၀) ထိုအခါ သူတို့သည် သင်နှင့်ပေါင်းသင်းလိုကြလိမ့်မည်။ တစ်ဖက်ကကြည့်လျှင် သင်ကပဲ အတောမသတ်နိုင်အောင် စကားပြောနေမည် သို့မဟုတ် မိမိကိုယ်ကို တစ်ချိန်လုံးအမွှမ်းတင်နေမည်ဆိုပါက သင်၏ခံစားချက်များနှင့်လိုအပ်ရာများကို တလိုတလားနားထောင်ပေးမည့် သို့မဟုတ် ဂရုစိုက်ပေးမည့်သူကို ရှာတွေ့ရန်ခဲယဉ်းပေမည်။
၄။ ခွင့်လွှတ်တတ်ပါ။ တစ်ခါက ယေရှုသည် ပေတရုကို “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်” ခွင့်လွှတ်ရန်အသင့်ရှိဖို့ ပြောခဲ့သည်။ (မဿဲ ၁၈:၂၁၊ ၂၂၊ ကဘ) မိတ်ဆွေစစ်သည် အသေးအမွှားအပြစ်များကို ဗွေမယူတတ်ချေ။ သာဓကအားဖြင့် အချို့သည် အစေ့များကြောင့် ရတ်စဘယ်ရီသီးကို မကြိုက်ကြချေ။ သို့သော် အဆိုပါအသီးကို ကြိုက်နှစ်သက်သူများသည် ယင်းအစေ့များကို ဂရုမစိုက်ကြပါ။ မိတ်ဆွေစစ်သည် သူတို့၏အရည်အချင်းကောင်းများကြောင့် အချစ်ခံရကြသည်; သူတို့၏အသေးအမွှားအပြစ်များကို ဗွေမယူတတ်ကြချေ။ ပေါလုသည် “အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့” ဟူ၍ ကျွန်ုပ်တို့ကို တိုက်တွန်းခဲ့သည်။ (ကောလောသဲ ၃:၁၃) ခွင့်လွှတ်တတ်ရန် သင်ယူသူများသည် သူတို့၏မိတ် မြဲကြသည်။
၅။ သူတစ်ပါး၏သီးသန့်အေးဆေးစွာနေလိုခြင်းကို လေးစားပါ။ သင်၏မိတ်ဆွေများအပါအဝင် လူတိုင်းသည် တစ်ခါတစ်ရံ မိမိဘာသာသီးသန့်အေးဆေးစွာနေဖို့ လိုအပ်သည်။ နယပုံပြင် ၂၅:၁၇ (သမ) ကပညာရှိစွာ ဤသို့ဆိုသည်– “သင့်အပေါင်းအဖော်၏အိမ်၌ ခြေရာမများစေနှင့်။ များလျှင် ငြီးငွေ့ ၍ သင့်ကိုမုန်းထားလိမ့်မည်။” ထို့ကြောင့် မိတ်ဆွေများထံ လည်ပတ်သည့်အကြိမ်ပေါင်းနှင့် ကြာချိန်တို့ကို ဆင်ခြင်ပါ။ သူတစ်ပါးငြူစူစိတ်ဝင်လာနိုင်သည့် ပိုင်စိုးပိုင်နင်းပြုခြင်းကိုရှောင်ပါ။ ကိုယ့်အကြိုက်ကိုယ့်သဘောထားကို ပြောဆိုသောအခါ ကောင်းစွာချင့်ချိန်ပြောပါ။ ၎င်းသည် နှစ်သက်ဖွယ်ကောင်းပြီး ဖော်ရွေလှိုက်လှဲသောမိတ်ကို ရရှိစေပါသည်။
၆။ ရက်ရောပါ။ မိတ်ဆွေဖြစ်ခြင်းကို ရက်ရောခြင်းဖြင့် ပျိုးထောင်သည်။ တမန်တော်ပေါလုက “စွန့်ကြဲချင်သောစေတနာစိတ်ရှိ” ဖို့အကြံပြုသည်။ (၁ တိမောသေ ၆:၁၈) ဥပမာ၊ အခြားသူများကို အားပေးစကားပြောပါ။ (သု. ၁၁:၂၅) စိတ်ရင်းမှန်ဖြင့် ချီးမွမ်းစကားပြောဆိုခြင်းနှင့် တည်ဆောက်မှုဖြစ်စေသောစကားများကို ရက်ရက်ရောရောပြောဆိုပါ။ သင်သည် သူတစ်ပါး၏အကျိုးကို စစ်မှန်စွာစိတ်ဝင်စားမှုပြသောအခါ သူတို့ကို သင့်ထံသို့ရောက်စေသည်။ သူတို့သည် သင့်အတွက် ပြုလုပ်ပေးနိုင်ရာများအပေါ် အာရုံစိုက်စေမည့်အစား သင်သည် သူတို့အတွက် ပြုလုပ်ပေးနိုင်ရာများကို စဉ်းစားပါ။