မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် ယေဟောဝါ၏သတိပေးချက်များကို လွန်စွာနှစ်သက်သလော

သင်သည် ယေဟောဝါ၏သတိပေးချက်များကို လွန်စွာနှစ်သက်သလော

သင်သည် ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို လွန်​စွာ​နှစ်သက်​သလော

“သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့ကို အကျွန်ုပ်​ဝိညာဉ်​သည်​စောင့်ပါ​၏။ အလွန်​နှစ်သက်ပါ​၏။” —ဆာလံ ၁၁၉:၁၆၇

၁။ ယေဟောဝါ​၏​သတိပေး​ချက်​များ​အား ထပ်ခါတလဲ​ကိုးကား​ထား​ချက်​များ​ကို အထူးသဖြင့် အဘယ်​နေရာ၌​တွေ့ရ​သနည်း။

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ပျော်ရွှင်​စေ​လို​သည်။ စစ်မှန်သော​ပျော်ရွှင်မှု​ကို​ခံစား​ရဖို့ ကျွန်ုပ်​တို့သည် ဘုရားသခင့်​ပညတ်တော်​အတိုင်း လျှောက်လှမ်း​ကာ ကိုယ်တော်​၏​အမိန့်တော်​များ​ကို လိုက်နာ​ရမည်။ ထိုသို့​ဖြစ်စေ​ရန် ကိုယ်တော်​သည် ကျွန်ုပ်​တို့အတွက် သတိပေး​ချက်​များ​ပေး​ထား​သည်။ ၎င်းတို့ကို ကျမ်းစာ​တွင်၊ အထူးသဖြင့် ယုဒ​နိုင်ငံ​၏​မင်းသား​ငယ်​ဟေဇကိ ရေးစပ်​ခဲ့​ခြင်း​ဖြစ်​နိုင်​သည့် ဆာလံ ၁၁၉ တွင် ထပ်ခါတလဲ​ဖော်ပြ​ထား​သည်။ လှပသော​၎င်း​သီချင်းကို ဤ​စကား​များ​ဖြင့်​အစပြု​ထား​သည်– “မိမိတို့၏​နည်းလမ်း​တွင် ချွတ်ယွင်းချက်​ကင်း​သော​သူ၊ ယေဟောဝါ​၏​ပညတ်တော်​အတိုင်း​လိုက်လျှောက်​နေသော​သူတို့သည် ပျော်ရွှင်​ကြ​၏။ ကိုယ်တော်​၏​သတိပေး​ချက်​များ​ကို​စောင့်ရှောက်​ပြီး ကိုယ်တော်​ကို​နှလုံး​အကြွင်းမဲ့​ဆက်၍ ရှာဖွေ​နေသော​သူတို့သည် ပျော်ရွှင်​ကြ​၏။”—ဆာလံ ၁၁၉:၁၊ ၂က​ဘ။

၂။ ဘုရားသခင့်​သတိပေး​ချက်​များသည် ပျော်ရွှင်မှု​နှင့် မည်သို့​ဆက်စပ်​နေသနည်း။

ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာကို​ရ​ယူ၍ ယင်းကို ဘဝတွင်​ကျင့်သုံး​ခြင်း​ဖြင့် “ယေဟောဝါ​၏​ပညတ်တော်​အတိုင်း​လိုက်လျှောက်” ကြသည်။ ကျွန်ုပ်​တို့သည် မစုံလင်သူ​များ​ဖြစ်​ကြသော​ကြောင့် တစ်နည်း​နည်းဖြင့် သတိပေး​ချက်​များ​လိုအပ်​သည်။ “သတိပေး​ချက်​များ” ဟု​ပြန်ဆို​သော​ဟေဗြဲ​စကားလုံး​က ဘုရားသခင်​သည် ကိုယ်တော်​၏​ဥပဒေသ၊ အမိန့်တော်​များ၊ စည်းမျဉ်း​များ၊ ပညတ်တော်​များနှင့် ပြဋ္ဌာန်းချက်​များ​ကို ကျွန်ုပ်​တို့​စိတ်​တွင် ပြန်သတိရ​စေ​ကြောင်း​ဖော်ပြ​သည်။ (မဿဲ ၁၀:၁၈-၂၀) ထိုသို့​သော​သတိပေး​ချက်​များသည် ဘေးဆိုး​နှင့် ဝမ်းနည်းဖွယ်​တို့ကို​ဖြစ်စေ​သည့် ဝိညာဉ်​ရေး​အန္တရာယ်​ထောင်ချောက်များ​ကို​ရှောင်ရန် ကူညီပေး​သောကြောင့် ၎င်းတို့ကို လိုက်နာ​နေ​မှ​သာ​လျှင် ကျွန်ုပ်​တို့​ဆက်၍​ပျော်ရွှင်​ကြ​မည်။

ဘုရားသခင့်​သတိပေး​ချက်​များ​ကို​မှီဝဲ​ပါ

၃။ ဆာလံ ၁၁၉:၆၀၊ ၆၁ အပေါ်​အခြေပြု​လျက် ကျွန်ုပ်​တို့​၌​အဘယ်​ယုံကြည်​စိတ်ချမှု​ရှိ​သနည်း။

“ပညတ်တော်​တို့ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အလျင်အမြန်​ပြု​ပါ​၏။ မတရားသော​သူ​အစည်းအဝေး​တို့သည် အကျွန်ုပ်​ကို​ဝိုင်း​ကြသော်လည်း အကျွန်ုပ်သည် တရားတော်​ကို​မမေ့​မ​လျော့​ပါ” ဟု​သီဆို​ခဲ့​သူ ဆာလံဆရာ​အတွက် ဘုရားသခင့်​သတိပေး​ချက်​များသည် အလွန်​အဖိုးတန်​သည်။ (ဆာလံ ၁၁၉:၆၀၊ ၆၁) ယေဟောဝါ​၏​သတိပေး​ချက်​များ​က နှိပ်စက်​ညှဉ်းဆဲခြင်း​ကို​ခံရပ်​ဖို့ ထောက်ကူ​ပေး​သည်၊ အကြောင်း​မှာ ကျွန်ုပ်​တို့အား​တုပ်နှောင်​ထား​သည့် ချုပ်ချယ်​ရာ​ကြိုး​များ​ကို ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော် ဖြတ်တောက်​ပစ်​နိုင်​ကြောင်း ယုံကြည်​စိတ်ချ​သောကြောင့်​ဖြစ်၏။ အချိန်တန်သော် ကိုယ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ကျွန်ုပ်​တို့​ထမ်းဆောင်​နိုင်​ဖို့ ယင်း​သို့​သော​အတားအဆီး​များ​မှ လွတ်မြောက်​စေ​သည်။—မာကု ၁၃:၁၀

၄။ ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​သင့်​သနည်း။

ရံဖန်ရံခါ ယေဟောဝါ​၏​သတိပေး​ချက်​များ​အားဖြင့် ကျွန်ုပ်​တို့​တည့်မတ်​ပေးခြင်း​ခံရ​ကြသည်။ ဆာလံဆရာ​ပြု​ခဲ့​သကဲ့သို့ပင် ယင်း​သို့​သော​တည့်မတ်​ပေး​မှု​ကို အစဉ်​တန်ဖိုး​ထား​လေးမြတ်​ကြပါစို့။ ဘုရားသခင်​ထံ သူ​ဤသို့​ဆုတောင်း​လျက်​ပြောဆို​ခဲ့​သည်– “သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့သည် အကျွန်ုပ်​မွေ့လျော်​ရာ . . . ဖြစ်​ကြ​ပါ​၏။ . . . သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့ကို အကျွန်ုပ်​နှစ်သက်ပါ​၏။” (ဆာလံ ၁၁၉:၂၄၊ ၁၁၉) ကျွန်ုပ်​တို့သည် ဆာလံဆရာ​ထက် ဘုရားသခင့်​သတိပေး​ချက်​များ​ကို ပို​၍​ရရှိ​ထား​ကြသည်။ ဂရိ​ကျမ်း​စာစောင်​များ​တွင်​တွေ့ရ​သော ဟေဗြဲ​ကျမ်း​စာစောင်​များ​မှ ရာ​ချီ​သော​ကိုးကားချက်​များ​က ပညတ်တရား​အောက် မိမိ၏​လူမျိုးတော်​အတွက် ယေဟောဝါ​၏​ညွှန်ကြားချက်​များ​ကို​သာမက ခရစ်ယာန်​အသင်းတော်​နှင့်​စပ်​လျ​ဉ်း​သော ကိုယ်တော်​၏​ရည်ရွယ်ချက်များ​ကို​ပါ ကျွန်ုပ်​တို့အား​သတိ​ရစေသည်။ ကိုယ်တော့်​ဥပဒေသ​များ​ဆိုင်ရာ​ကိစ္စ​များနှင့်​ပတ်သက်ပြီး ကျွန်ုပ်​တို့အား​သတိ​ပေးဖို့​လျော်​ကန်​သည်​ဟု ဘုရားသခင်​ယူမှတ်​သောအခါ ထိုသို့​သော​ညွှန်ကြားချက်​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြသည်။ ထို့​ပြင် ‘ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို မှီဝဲ’ ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဖန်ဆင်း​ရှင်​၏​စိတ်တော်နှင့်​မ​တွေ့၊ ကျွန်ုပ်​တို့၏​ပျော်ရွှင်မှု​ကို​လုယူ​သွားသော အပြစ်​သွေးဆောင်မှုများ​ကို ရှောင်ကြဉ်​ကြသည်။—ဆာလံ ၁၁၉:၃၁

၅။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို မည်သို့​အလွန်​နှစ်သက်​မြတ်နိုး​လာနိုင်​သနည်း။

ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​မည်မျှ​နှစ်သက်​မြတ်နိုး​သင့်​သနည်း။ “သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့ကို အကျွန်ုပ်​ဝိညာဉ်​သည်​စောင့်ပါ​၏။ အလွန်​နှစ်သက်ပါ​၏” ဟု​ဆာလံဆရာ​သီဆို​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၆၇) ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့အား အမှန်ပင်​ဂရုစိုက်သော ဖခင်​တစ်ဦး၏​ဆုံးမ​စကား​အဖြစ် ရှုမြင်​လက်ခံ​မည်​ဆိုလျှင် ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို အလွန်​နှစ်သက်​မြတ်နိုး​လာ​ကြ​မည်။ (၁ ပေတရု ၅:၆၊ ၇) ကိုယ်တော်​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​လိုအပ်​ကြ​ပြီး ၎င်းတို့သည် ကျွန်ုပ်​တို့အား မည်သို့​အကျိုးပြု​ကြောင်း တွေ့မြင်​လာ​သည်​နှင့် ၎င်းတို့ကို​နှစ်သက်​မြတ်နိုးမှု တိုးလာ​ပါ​လိမ့်​မည်။

ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​လိုအပ်

၆။ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​လိုအပ်​ရသည့်​အကြောင်းရင်း​တစ်ခု​ကား အဘယ်နည်း၊ ၎င်းတို့ကို​ပြန်​အမှတ်ရဖို့ အဘယ်အရာက​ထောက်ကူ​ပေး​မည်​နည်း။

ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို လိုအပ်​ရသည့်​အကြောင်းရင်း​တစ်ခု​မှာ ကျွန်ုပ်​တို့​မေ့တတ်​သောကြောင့်​ဖြစ်၏။ ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်​က​ဤသို့​ဆို​သည်– “ယေဘုယျ​အားဖြင့် လူတို့သည် အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ပို​၍​ပို​၍​မေ့တတ်​လာ​ကြသည်။ . . . သင့်​ပါးစပ်ဖျား​လေး​တွင်ရှိသော နာမည်​တစ်ခု သို့​မဟုတ် အခြား​သတင်း​အချက်အလက်​တို​လေး​တစ်ခု​ကို စဉ်းစား​မရနိုင်​သည့်​အဖြစ်မျိုး သင်​ကြုံဖူး​ကောင်း​ကြုံဖူး​နိုင်​သည်။ . . . မကြာခဏ​ဖြစ်တတ်သော ဤ​ကဲ့သို့​မှတ်ဉာဏ်​ယာယီ​ပျောက်ဆုံး​မှု​ကို ပြန်ကောင်း​လာနိုင်​သည့်​ချို့ယွင်းမှု​ဟု​ခေါ်​သည်။ သိပ္ပံ​ပညာရှင်​များ​က ၎င်းကို ရှုပ်ပွ​နေသော​အခန်း​ထဲ​တွင် အထား​မှား​သော​ပစ္စည်း​တစ်ခု​ကို ရှာတွေ့​ဖို့​ကြိုးပမ်း​နေခြင်း​နှင့် ခိုင်းနှိုင်း​ကြသည်။ . . . သတင်း​တစ်ခု​ကို အသေအချာ​မှတ်မိ​ဖို့ နည်းလမ်း​ကောင်း​တစ်ခု​မှာ ၎င်းကို​သင်​ပိုင်နိုင်​စွာ​သိထား​သည်​ဟု သင်ယူ​ဆ​ပြီး​နောက် ယင်းကို ထပ်၍​ကြာကြာ​လေ့လာ​သုံးသပ်ခြင်း​ဖြစ်သည်။” လုံ့လ​ရှိသော​လေ့လာမှု​နှင့် ထပ်တလဲလဲ​ပြုခြင်း​တို့​က ဘုရားသခင့်​သတိပေး​ချက်​များ​ကို ပြန်​အမှတ်​ရစေဖို့​နှင့် ကျွန်ုပ်​တို့​ကောင်းကျိုး​အတွက် ၎င်းတို့ကို​လိုက်နာ​ဖို့ ထောက်ကူ​ပေး​လိမ့်​မည်။

၇။ ဘုရားသခင့်​သတိပေး​ချက်​များ​ကို တစ်ခါ​နှင့်​မျှ​မတူ​အောင် ယနေ့​အဘယ်ကြောင့်​လိုအပ်​လျက်​ရှိ​သနည်း။

ဆိုးသွမ်းမှု​သည် လူ့​သမိုင်း​တွင် အကြီးမားဆုံး​အတိုင်းအတာ​သို့ ရောက်နေပြီ​ဖြစ်သော​ကြောင့် ယနေ့ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို တစ်ကြိမ်​တစ်ခါ​နှင့်​မျှ​မတူ​အောင် ကျွန်ုပ်​တို့​လိုအပ်​ကြသည်။ ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​ဂရုပြု​ကြ​မည်​ဆိုလျှင် လောက​၏​ဆိုးညစ်သော​လမ်းစဉ်​များ​ထဲ​သို့ ဖြားယောင်း​သွေးဆောင်​ခံရ​ခြင်း​အား ရှောင်ရှား​ရန် လိုအပ်သော​ထိုးထွင်း​သိမြင်ခြင်း​ကို ရရှိ​ကြသည်။ “သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့ကို အကျွန်ုပ်သည်​ဆင်ခြင်​အောက်မေ့​သောကြောင့် အကျွန်ုပ်၏​ဆရာ​အပေါင်း​တို့​ထက် သာ၍​နားလည်​ပါ​၏။ ကိုယ်တော်​၏​ဥပဒေသ​များ​ကို​စောင့်​သောကြောင့် အသက်ကြီးသူတို့​ထက် သာ၍​ဉာဏ်​ကောင်း​ပါ​၏။ နှုတ် [မြွက်​စကား] တော်​ကို​စောင့်​လို​သော​ငှာ မကောင်းသော​လမ်း​ရှိသမျှ​တို့ကို လွှဲရှောင်​ပါ​၏” ဟု​ဆာလံဆရာ​ဆို​ခဲ့​သည်။ (ဆာလံ ၁၁၉:၉၉-၁၀၁) ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​လိုက်နာခြင်း​ဖြင့် “မကောင်းသော​လမ်း​ရှိသမျှ​တို့” မှ​ဝေးဝေး​နေကြ​ပြီး “စိတ်နှလုံး​မိုက်မဲ​သော​အားဖြင့် . . . ဘုရားသခင်​၏​အသက်​နှင့် ကွာရှင်း​လျက်​ရှိ” သော​လူသားထု​ကဲ့သို့​ဖြစ်​မသွား​စေရန် ရှောင်​ကြ​မည်။—ဧဖက် ၄:၁၇-၁၉

၈။ ယုံကြည်ခြင်း​စမ်းသပ်မှု​များ​ကို အောင်မြင်စွာ​ရင်ဆိုင်ဖို့ ကျွန်ုပ်​တို့​မည်သို့​ပို​၍ အသင့်​ဖြစ်လာ​နိုင်​သနည်း။

ထို့​ပြင် ဘုရားသခင့်​သတိပေး​ချက်​များသည် ဤ “အမှု​ကုန်​ရသည်​ကာလ” ၌​စမ်းသပ်မှု​များစွာကို​ခံရပ်​ဖို့ ကျွန်ုပ်​တို့အား​ခွန်အား​ပေး​သည့်​အတွက်​ကြောင့် ၎င်းတို့ကို​လိုအပ်​သည်။ (ဒံယေလ ၁၂:၄) ထိုသို့​သော​သတိပေး​ချက်​များ​မရှိပါ​က ကျွန်ုပ်​တို့သည် ‘တရား​နာ​၍​မေ့လျော့သူ​များ’ ဖြစ်သွား​မည်။ (ယာကုပ် ၁:၂၅) သို့သော် “သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်” ထံ​မှ စာပေ​စာတမ်း​များ​အကူအညီ​ဖြင့် ကိုယ်ပိုင်​နှင့် အသင်းတော်​လိုက် ဝီရိယ​ရှိ​ရှိ​ကျမ်းစာ​လေ့လာခြင်း​သည် ယုံကြည်ခြင်း​စမ်းသပ်မှု​များ​ကို အောင်မြင်စွာ​ရင်ဆိုင်ဖို့ ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​လိမ့်​မည်။ (မဿဲ ၂၄:၄၅-၄၇က​ဘ) ယင်း​သို့​သော​ဝိညာဉ်​ရေး​ပြင်ဆင်​ပေး​ချက်​များ​က ခက်ခဲ​သော​အခြေအနေ​များ​ကြုံတွေ့​ရသောအခါ ယေဟောဝါ​၏​နှစ်သက်မှု​ရ​ရန် ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​ရမည်ကို သိမြင်​နိုင်​စေ​သည်။

ကျွန်ုပ်​တို့​အစည်းအဝေး​များ​၏​အရေးပါသော​ကဏ္ဍ

၉။ ‘လူ့​အသွင်​ဆုလာဘ်များ’ သည်​မည်သူ​များ​ဖြစ်​ပြီး ယုံကြည်သူချင်း​တို့ကို သူတို့​မည်သို့​ထောက်ကူ​ပေး​ကြ​သနည်း။

ကျွန်ုပ်​တို့​လိုအပ်သော ဘုရားသခင့်​သတိပေး​ချက်​များ​ကို ခရစ်ယာန်​အစည်းအဝေး​များ​တွင် တစ်စိတ်​တစ်ပိုင်း​ဖြည့်ဆည်း​ပေး​ကာ ထို​တွင် ခန့်အပ်​ခံ​ညီအစ်ကို​များ​အားဖြင့် သွန်သင်ချက်ပေး​သည်။ ယေရှုသည် “မြင့်သော​အရပ်သို့​တက်ကြွ​တော်​မူ​သဖြင့်၊ များစွာသော​သူတို့ကို ဖမ်းသွား​တော်​မူ​၍ လူ​တို့အား ဆုလာဘ် [“လူ့​အသွင်​ဆုလာဘ်၊” က​ဘ] များ​ကို​ပေးသနား​တော်​မူ” ကြောင်း တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ ပေါလု​ဤသို့​ထပ်ဆင့်​ခဲ့​သည်– “ခရစ်တော်​၏​ကိုယ်တော်​ကို​တည်ဆောက်​၍၊ ဓမ္မ​ဆရာ​၏​အမှုကိုပြု​တတ်​မည်​အကြောင်း၊ သန့်ရှင်းသူ​တို့ကို​ပြင်ဆင်ခြင်း​အ​လို့​ငှာ၊ ထို​သခင်သည် လူ​အချို့​တို့ကို တမန်​တော်​အရာ​၌​လည်းကောင်း၊ အချို့​တို့ကို ပရောဖက်​အရာ​၌​လည်းကောင်း၊ အချို့​တို့ကို​သာသနာပြု​အရာ​၌​လည်းကောင်း၊ အချို့​တို့ကို​သင်း​အုပ်​အရာ၊ ဆရာ​အရာ​၌​လည်းကောင်း ခန့်​ထား​တော်​မူ​၏။” (ဧဖက် ၄:၈၊ ၁၁၊ ၁၂) ဤ ‘လူ့​အသွင်​ဆုလာဘ်များ’—ခန့်အပ်​ခံ​အကြီးအကဲ​များ—သည် အတူတကွ​ဝတ်ပြုဖို့ ကျွန်ုပ်​တို့​စုဝေး​သောအခါ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ဂရုပြု​ရန်​ညွှန်ကြား​ပေး​သည့်​အတွက် တကယ်​ကျေးဇူး​တင်စရာ​ပင်!

၁၀။ ဟေဗြဲ ၁၀:၂၄၊ ၂၅ ၏​အဓိက​အချက်​ကား အဘယ်နည်း။

၁၀ ဘုရားသခင့်​ပြင်ဆင်​ပေး​ချက်​များ​ကို ကျေးဇူး​တင်​ခြင်း​က အပတ်စဉ်​အသင်းတော်​အစည်းအဝေး​ငါး​ခု​ကို တက်ရောက်​ဖို့ ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​မည်။ အတူတကွ​မှန်မှန်​စုဝေး​ဖို့​လို​ကြောင်း ပေါလု​အလေးပေး​ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​ရေးခဲ့​သည်– “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို​ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍၊ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ​ကုန်​အံ့။ လူ​အချို့​တို့၏​ထုံးစံ​ရှိသည်​အတိုင်း အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ​ကြ​နှင့်။ အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်​ကြလော့။ ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် သာ၍​ကြိုးစား​ကြလော့။”—ဟေဗြဲ ၁၀:၂၄၊ ၂၅

၁၁။ အပတ်စဉ်​အစည်းအဝေး​တစ်ခုစီ​သည် ကျွန်ုပ်​တို့ကို​မည်သို့​အကျိုးပြု​သနည်း။

၁၁ အစည်းအဝေးများမှ ကျွန်ုပ်​တို့အတွက်​စီမံ​ပေး​ရာ​ကို သင်​တန်ဖိုး​ထား​လေးမြတ်ပါ​သလော။ အပတ်စဉ်​ကင်းမျှော်စင်​သင်တန်း​က ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို​ခိုင်ခံ့​စေ​၍ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို လိုက်နာ​ရန်​ထောက်ကူ​ပေး​ကာ ‘လောက​စိတ်ဓာတ်’ ကို ကြံ့ကြံ့ခံ​တွန်းလှန်​နိုင်​စေ​သည်။ (၁ ကောရိန္သု ၂:၁၂က​ဘ; တမန်​တော် ၁၅:၃၁) လူထု​အစည်းအဝေး​တွင် ဟောပြောသူများ​သည် ယေဟောဝါ​၏​သတိပေး​ချက်​များနှင့် ယေရှု၏​အံ့ဖွယ်ရာ “ထာဝရ​အသက်​နှင့်ယှဉ်သော​စကား” များ​အပါအဝင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ညွှန်ကြားချက်​များ​ကို တင်ဆက်​ကြသည်။ (ယောဟန် ၆:၆၈; ၇:၄၆; မဿဲ ၅:၁-၇:၂၉) သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် ကျွန်ုပ်​တို့၏​သွန်သင်ခြင်း​စွမ်းရည်​များ​ကို ထက်မြက်​စေ​ကြသည်။ လုပ်ငန်းတော်​အစည်းအဝေး​သည် တစ်အိမ်​မှ​တစ်အိမ်၊ ပြန်လည်ပတ်မှု​များ၊ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​နှင့် အမှုဆောင်ခြင်း​ဆိုင်ရာ အခြား​နည်းလမ်းများ​တွင် ကျွန်ုပ်​တို့၏​သတင်းကောင်း​တင်ဆက်မှု​ကို တိုးတက်​အောင်​ထောက်ကူ​ပေး​ရာ​၌ အဖိုး​ဖြတ်​မရပါ။ အသင်းတော်​စာအုပ်ကြီး​သင်တန်း​အုပ်စုငယ်​တွင် ဘုရားသခင့်​သတိပေး​ချက်​များ​ပါ​ဝင်လေ့​ရှိသော စကား​ကို​တင်ပြ​ပြောဆို​ဖို့ အခွင့်အရေး​ပို​ရရှိစေ​သည်။

၁၂၊ ၁၃။ အာရှနိုင်ငံ​တစ်ခု​မှ ဘုရားသခင့်​လူမျိုးတော်သည် ခရစ်ယာန်​အစည်းအဝေး​များ​ကို တန်ဖိုး​ထား​ကြောင်း မည်သို့​တင်ပြ​ခဲ့​ကြပြီ​နည်း။

၁၂ အသင်းတော်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​သည် ဘုရားသခင့်​ပညတ်တော်​များ​ကို ကျွန်ုပ်​တို့အား​ပြန်သတိရ​စေပြီး စစ်၊ စီးပွားရေး​အကျပ်အတည်း​နှင့် အခြား​ယုံကြည်ခြင်း​စမ်းသပ်မှု​များ​ကို ရင်ဆိုင်​ရာ​၌ ဝိညာဉ်​ရေး​အရ​သန်မာ​နေ​စေဖို့ ထောက်မ​ပေး​သည်။ မိမိတို့​နေအိမ်များ​မှ​နှင်ထုတ်​ခံရ​ပြီး တောနက်​ထဲ​တွင် မလွှဲ​မရှောင်​သာ​နေရ​ကြသော အာရှနိုင်ငံ​တစ်ခု​ရှိ ခရစ်ယာန် ၇၀ ခန့်​သည် အစည်းအဝေး​များ​၏​အရေးကြီးမှုကို အလေးအနက်​ခံစား​မိ​ကြသည်။ အတူတကွ​မှန်မှန်​ဆက်​တွေ့ဆုံ​ရန်​စိတ်ပိုင်းဖြတ်​လျက် သူတို့၏​စစ်​ဘေး​ခံ​မြို့​သို့​ပြန်လာ​ကာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၏​ကျန်ရှိ​ရာ​တို့ကို ဖျက်​ယူပြီး တော​ထဲ​တွင်​ပြန်​ဆောက်​ခဲ့​ကြသည်။

၁၃ ၎င်း​နိုင်ငံ​မှ​အခြား​ဒေသ​တစ်ခု​တွင် ယေဟောဝါ​၏​လူမျိုးတော်သည် စစ်မှု​ကို​နှစ်များ​စွာ​ခံရပ်​ပြီး​နောက် လုံ့လ​ရှိ​စွာ​အမှုထမ်း​ကြ​ဆဲ​ဖြစ်သည်။ ထို​နယ်မြေ​ရှိ​အကြီးအကဲ​တစ်ဦး​အား “ညီအစ်ကို​များ​ကို အတူတကွ​ရှိနေ​စေ​အောင် အဘယ်အရာက အထောက်အကူ​အပြု​ဆုံး​ဖြစ်သနည်း” ဟု​မေးမြန်းခဲ့​ရာ သူ၏​အဖြေ​ကား မည်သို့​နည်း။ “၁၉ နှစ်​အတွင်းမှာ အစည်းအဝေး​ကို ကျွန်တော်​တို့​တစ်ခါ​မှ မ​ဖျက်သိမ်း​ခဲ့​ကြဘူး။ တစ်ခါ​တ​လေ ဗုံး​ပေါက်ကွဲ​တာ ဒါမှ​မဟုတ် တခြား​အခက်အခဲ​တွေ​ကြောင့် ညီအစ်ကို​တချို့ဟာ စည်းဝေး​ကျင်းပ​တဲ့​နေရာကို ရောက်​မလာ​နိုင်​ကြဘူး၊ ဒါပေမဲ့ အစည်းအဝေး​ကို ကျွန်တော်​တို့​တစ်ခါ​မှ မ​ဖျက်သိမ်း​ခဲ့​ကြဘူး။” ချစ်ဖွယ်​ကောင်း​သည့် ဤ​ညီအစ်ကို၊ ညီအစ်မ​များသည် “အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ” ခြင်း​၏​အရေးပါမှု​ကို အမှန်ပင်​နားလည်ခဲ့​ကြသည်။

၁၄။ သက်ကြီးရွယ်အို​အန္န​၏​ထုံးစံ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၄ ၈၄ နှစ်အရွယ်​မုဆိုးမ​အန္န​သည် “ဗိမာန်တော်​နှင့်​မခွာ​ဘဲ​နေ​၏။” အကျိုးဆက်​အနေ​နှင့် သူငယ်​ယေရှုကို မွေးဖွားပြီး​မကြာမီ ထို​နေရာသို့​ခေါ်ဆောင်​လာ​ကြသောအခါ သူ​ရှိနေ​ခဲ့​သည်။ (လုကာ ၂:၃၆-၃၈) အစည်းအဝေး​များ​ကို​မပျက်​ဖို့ သင်​စိတ်ပိုင်းဖြတ်​ထား​သလော။ ကျွန်ုပ်​တို့၏​အစည်းအဝေးများနှင့် စည်းဝေးကြီး​များ​၏ အစီအစဉ်​ပိုင်း​အားလုံး​ကို​တက်ရောက်​ဖို့ အတတ်နိုင်ဆုံး​ကြိုးစား​နေ​သလော။ ဤ​စုဝေးမှု​များ​တွင်​ရရှိသော ဝိညာဉ်​ရေးရာ​အကျိုးပြု​သည့်​ညွှန်ကြားချက်​က ကျွန်ုပ်တို့၏​ကောင်းကင်​ခမည်းတော်​သည် မိမိ၏​လူမျိုးတော်ကို​ဂရုစိုက်​ကြောင်း ထင်ရှားသော​သာဓက​ဖြစ်သည်။ (ဟေရှာယ ၄၀:၁၁) ထို့​ပြင် ၎င်း​အခါသမယ​များသည် ပျော်ရွှင်မှု​ကို​ဖြစ်ပေါ်​စေပြီး ကျွန်ုပ်​တို့​တက်ရောက်ခြင်း​က ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း​ဖော်ပြ​သည်။—နေဟမိ ၈:၅-၈၊ ၁၂

ယေဟောဝါ​၏​သတိပေး​ချက်​များ​ဖြင့် သီးခြားခွဲ​ထား

၁၅၊ ၁၆။ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို​လိုက်နာခြင်းက ကျွန်ုပ်​တို့၏​အကျင့်အကြံ​ကို မည်သို့​အကျိုး​သက်ရောက်​သနည်း။

၁၅ ဘုရားသခင့်​သတိပေး​ချက်​များ​ကို​လိုက်နာခြင်းက ဤ​ဆိုးညစ်သော​လောက​မှ ကျွန်ုပ်​တို့ကို​သီးခြား​ဖြစ်စေ​ရန် ထောက်ကူ​သည်။ ဥပမာ၊ ဘုရားသခင့်​သတိပေး​ချက်​များ​ကို​နာခံခြင်း​က လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းမှု​တွင်​ပါဝင်ခြင်း​မှ ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​သည်။ (တရားဟောရာ ၅:၁၈; သု. ၆:၂၉-၃၅; ဟေဗြဲ ၁၃:၄) ဘုရားသခင့်​သတိပေး​ချက်​များ​ကို လိုက်နာ​ကျင့်သုံး​ခြင်း​ဖြင့် လိမ်လည်​ရန်၊ မရိုးမသား​ပြုမူ​ရန် သို့​မဟုတ် ခိုးယူ​ရန်​သွေးဆောင်မှုများ​ကို အောင်မြင်စွာ​ချွန်းအုပ်​နိုင်​သည်။ (ထွက်မြောက်ရာ ၂၀:၁၅၊ ၁၆; ဝတ်ပြုရာ ၁၉:၁၁; သု. ၃၀:၇-၉; ဧဖက် ၄:၂၅၊ ၂၈; ဟေဗြဲ ၁၃:၁၈) ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို လိုက်နာ​ကျင့်သုံး​ခြင်း​သည် လက်စားချေခြင်း၊ အငြိုး​ထားခြင်း သို့​မဟုတ် တစ်ဦးဦး​ကို​အသရေပျက်​အောင်​ပြောဆိုခြင်း​တို့​မှ​လည်း ကျွန်ုပ်​တို့ကို​ဟန့်တား​ပေး​သည်။—ဝတ်ပြုရာ ၁၉:၁၆၊ ၁၈; ဆာလံ ၁၅:၁၊

၁၆ ဘုရားသခင့်​သတိပေး​ချက်​များ​ကို​လိုက်နာခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​လုပ်ငန်းတော်​အတွက် သန့်စင်​ခံရ သို့​မဟုတ် သီးခြားခွဲ​ထားခြင်း​ခံရ​ကြသည်။ ဤ​လောက​မှ​သီးခြားခွဲ​နေဖို့ အရေးကြီး​လိုက်​လေ​ခြင်း! ကိုယ်တော်​၏​မြေကြီး​အသက်တာ​နောက်ဆုံး​ည​တွင် ယေဟောဝါ​ထံ​ဆုတောင်းရာ​၌ ယေရှုသည် မိမိ၏​နောက်လိုက်​များ​အတွက် ဤသို့​အသနားခံ​ခဲ့​သည်– “ကိုယ်တော်​၏​နှုတ်[မြွက်]တရားကို ဤသူတို့​အား​အကျွန်ုပ်​ပေး​ပါ​ပြီ။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​သောကြောင့်၊ လော[က]သားတို့​သည် ဤသူတို့ကို​မုန်း​ကြ​ပါ​၏။ ဤသူတို့ကို ဤ​လောက​မှ​နုတ်ယူ​တော်​မူ​မည်​အကြောင်း အကျွန်ုပ်​တောင်း​သည်မဟုတ်​ပါ။ မကောင်းသော​အမှုအရာ​နှင့်​ကင်းလွတ်​စေခြင်း​ငှာ စောင့်မ​တော်​မူ​မည်​အကြောင်းကို​သာ တောင်း​ပါ​၏။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည်​မဆက်ဆံ​ကြ​ပါ။ ကိုယ်တော်​၏ [အမှန်] တရား​အားဖြင့် သူတို့ကို​သန့်ရှင်း​စေတော်မူ​ပါ။ ကိုယ်တော်​၏​နှုတ်[မြွက်​စကား]သည် [အမှန်] တရား​ဖြစ်ပါ​၏။” (ယောဟန် ၁၇:၁၄-၁၇) ကိုယ်တော်​၏​မြင့်မြတ်​သော​လုပ်ငန်းတော်​အတွက် ကျွန်ုပ်​တို့ကို​သီးခြားခွဲ​ထား​ပေး​သည့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဆက်၍​နှစ်သက်​မြတ်နိုးကြ​ပါ​စို့။

၁၇။ ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​မည်​ဆိုလျှင် မည်သို့​ဖြစ်ပျက်​နိုင်​သနည်း၊ ထို့​ကြောင့် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

၁၇ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​လုပ်ငန်းတော်​အတွက် လက်ခံ​စ​ရာ​ဆက်​ဖြစ်​လို​ကြသည်။ သို့ရာတွင် ဘုရားသခင့်​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​ကြ​မည်​ဆိုလျှင် လောက​၏​အပြောအဆို၊ စာပေ၊ အပန်းဖြေမှု​နှင့် အကျင့်အကြံ​အများစု​တို့​တွင် အားပေး​အား​မြှောက်​ပြု​နေသည့် လောက​စိတ်ဓာတ်​၏​လွှမ်းမိုးခြင်း​ကို ခံရ​နိုင်​သည်။ ထို့​ပြင် ကျွန်ုပ်​တို့သည် ငွေ​ကို​တပ်မက်သူ၊ ဝါကြွားသူ၊ ထောင်လွှား​သူ၊ ကျေးဇူးကန်း​သူ၊ သစ္စာ​မရှိသူ၊ ရက်စက်​ကြမ်းကြုတ်သူ၊ ခေါင်းမာ​သူ၊ မာန်​မာနကြီး​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်ထက် အပျော်အပါး​ကို​သာ၍​နှစ်သက်သော​သူများ အမှန်ပင်​မဖြစ်​လို​ကြ​ပါ၊ ဘုရားသခင်​ထံ​မှ​ကင်းကွာ​လျက်​ရှိသူတို့ တင်ပြ​ကြသော​စရိုက်​အချို့​ကို​သာ ဖော်ပြခြင်း​ဖြစ်သည်။ (၂ တိမောသေ ၃:၁-၅) ဤ​စနစ်ဆိုး​၏​အဆုံးပိုင်း​နေ့ရက်​များ​တွင် ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်​ဖြစ်၍ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ဆက်လက်​လိုက်နာ​နိုင်​ရန် “နှုတ် [မြွက်​စကား] တော်​အတိုင်း​သတိပြု” နိုင်​ဖို့ ဘုရားသခင်​၏​အထောက်အမ​အတွက် ဆက်၍​ဆုတောင်း​ကြပါစို့။—ဆာလံ ၁၁၉:၉

၁၈။ ဘုရားသခင့်​သတိပေး​ချက်​များ​ကို​လိုက်နာခြင်းက အဘယ်​အပြုသဘော​ပါ​သော​ခြေလှမ်း​များ​ကို လှမ်း​စေမည်​နည်း။

၁၈ ယေဟောဝါ​၏​သတိပေး​ချက်​များသည် ကျွန်ုပ်​တို့​မပြုလုပ်ရ​မည့်​အရာများ​ကို သတိပေး​ရုံ​ထက်မက စွမ်းဆောင်​ပေး​သည်။ ကိုယ်တော်​၏​သတိပေး​ချက်​များ​ကို​လိုက်နာခြင်းက အပြုသဘောပါပါ​လုပ်ဆောင်​စေ​ကာ ယေဟောဝါ​ကို​လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​ရန်​နှင့် ကိုယ်တော်​အား စိတ်နှလုံး၊ ဉာဏ်၊ ခွန်အား​ရှိသမျှ​ဖြင့်​ချစ်​ရန် ကျွန်ုပ်​တို့အား​လှုံ့ဆော်ပေး​မည်။ (တရားဟောရာ ၆:၅; ဆာလံ ၄:၅; သု. ၃:၅၊ ၆; မဿဲ ၂၂:၃၇; မာကု ၁၂:၃၀) ဘုရားသခင့်​သတိပေး​ချက်​များ​က ကျွန်ုပ်​တို့၏​အိမ်နီးချင်း​များ​ကို​ချစ်​ရန်​လည်း လှုံ့ဆော်ပေး​သည်။ (ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၉) အထူးသဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​အလိုတော်ကို​လုပ်ဆောင်ခြင်း​နှင့် အသက်ပေး​သည့် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” ကို သူတစ်ပါး​နှင့်​ဝေမျှခြင်း​ဖြင့် ဘုရားသခင်​နှင့် အိမ်နီးချင်း​အား​ချစ်​သည့်​မေတ္တာကို တင်ပြ​ကြ​ပါသလော။—သု. ၂:၁-၅

ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို​လိုက်နာခြင်း​သည် အသက်ရှင်ခြင်း​မည်​၏!

၁၉။ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို​လိုက်နာခြင်း​သည် လက်တွေ့ကျ​၍ အကျိုး​ရှိကြောင်း အခြား​သူများကို ကျွန်ုပ်​တို့​မည်သို့​ပြ​နိုင်​သနည်း။

၁၉ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို​လိုက်နာ​၍ အခြားသူများ​လည်း​လိုက်နာ​ဖို့ အကူအညီ​ပေး​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ကိုယ်တိုင်​နှင့် ကျွန်ုပ်​တို့အား​နားထောင်သူ​တို့ကို ကယ်တင်​လိမ့်​မည်။ (၁ တိမောသေ ၄:၁၆) ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို​လိုက်နာခြင်း​သည် အမှန်ပင်​လက်တွေ့ကျ​၍ အကျိုးပြု​ကြောင်း အခြားသူများ​အား ကျွန်ုပ်​တို့​မည်သို့​ပြ​နိုင်​သနည်း။ ကျမ်းစာ​မူများ​ကို ကျွန်ုပ်​တို့​အသက်တာ​၌ ကျင့်သုံး​ခြင်း​ဖြင့်​ဖြစ်သည်။ သို့ဖြင့် “ထာဝရ​အသက်ကို​တလိုတလား​ရှိသူ” တို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၌ ချမှတ်​ထားသော​လမ်းစဉ်​မှာ အမှန်ပင် လျှောက်လှမ်း​စ​ရာ အကောင်းဆုံး​လမ်းစဉ်​ဖြစ်​ကြောင်း အထောက်အထား​ရရှိ​မည်​ဖြစ်သည်။ (တမန်​တော် ၁၃:၄၈က​ဘ) ထို့​ပြင် ‘ဘုရားသခင်​သည် ကျွန်ုပ်​တို့​တွင်​အမှန်​ရှိ​တော်​မူ’ ကြောင်း​သူတို့​သိမြင်​ကာ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ကို ကျွန်ုပ်​တို့​နှင့်အတူ​ဝတ်ပြု​ကိုးကွယ်​ရန် လှုံ့ဆော်​ခံရ​ပါ​လိမ့်​မည်။—၁ ကောရိန္သု ၁၄:၂၄၊ ၂၅

၂၀၊ ၂၁။ ဘုရားသခင့်​သတိပေး​ချက်​များနှင့် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​တို့​က ကျွန်ုပ်​တို့အား အဘယ်အရာကို ပြုလုပ်​နိုင်​စေမည်​နည်း။

၂၀ ကျမ်းစာ​ကို​ဆက်၍​လေ့လာခြင်း၊ သင်ယူခဲ့ရာ​ကို လက်တွေ့​ကျင့်သုံး​နေခြင်း​နှင့် ယေဟောဝါ​၏​ဝိညာဉ်​ရေးရာ​ပြင်ဆင်​ပေး​ချက်​များ​မှ အပြည့်အဝ​အကျိုး​ရယူခြင်း​တို့အား​ဖြင့် ကိုယ်တော်​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​အလွန်​နှစ်သက်​မြတ်နိုး​လာပေမည်။ ကျွန်ုပ်​တို့​လိုက်နာမည်​ဆိုလျှင် ၎င်း​သတိပေး​ချက်​များသည် “မှန်သော​ဖြောင့်မတ်ခြင်း​နှင့် သစ္စာ​တည်ကြည်​ခြင်း​ဖြင့် ဘုရားသခင်​၏​အလိုတော်နှင့် အတူ​အမျှ​ဖန်ဆင်း​သော​လူသစ်” ကို​ယူတင်​ဝတ်ဆောင်​ရန် ထောက်ကူ​ပေး​လိမ့်​မည်။ (ဧဖက် ၄:၂၀-၂၄က​ဘ) စာတန့်​ဩဇာ​အောက်​ရှိ ဤ​လောက​၏​စရိုက်​များနှင့် လုံးဝ​မတူ​သော​အရည်အချင်းများ​ဖြစ်သည့်—ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​တို့ကို ကျွန်ုပ်​တို့​တင်ပြ​နိုင်​စေရန် ယေဟောဝါ​၏​သတိပေး​ချက်​များနှင့် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​တို့​က စွမ်းဆောင်​ပေး​မည်! (ဂလာတိ ၅:၂၂၊ ၂၃; ၁ ယောဟန် ၅:၁၉) ထို့​ကြောင့် ကိုယ်ပိုင်​ကျမ်းစာ​လေ့လာ​စဉ်​အတောအတွင်း၊ ခန့်အပ်​ခံ​အကြီးအကဲ​များ​အားဖြင့်၊ စည်းဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီး​များ​တွင် ယေဟောဝါ​၏​တောင်းဆိုချက်​များ​ကို သတိပေး​ခံရသော​အခါ ကျွန်ုပ်​တို့​ကျေးဇူး​တင်​နိုင်​ကြသည်။

၂၁ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​စောင့်ရှောက်​ကြသော​ကြောင့် ဖြောင့်မတ်ခြင်း​အတွက် ဆင်းရဲခံ​ရသောအခါ​၌​ပင် ဝမ်းမြောက်​ရွှင်လန်း​နိုင်​ကြသည်။ (လုကာ ၆:၂၂၊ ၂၃) အန္တရာယ်​အများဆုံး​အခြေအနေ​များ​မှ ကျွန်ုပ်​တို့ကို​ကယ်နုတ်​ပေး​ရန် ဘုရားသခင်​အား​မျှော်ကိုး​ကြသည်။ ယင်းသည် အာမဂေဒုန်​၌ “ . . . တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး​၌ စစ်တိုက်ခြင်း” ငှာ​လူမျိုးအပေါင်း​စုသိမ်း​ခံ​နေရ​သည့် ယခု​အချိန်တွင် အထူး​အရေးကြီး​သည်။—ဗျာဒိတ် ၁၆:၁၄-၁၆

၂၂။ ယေဟောဝါ​၏​သတိပေး​ချက်​များနှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကား အဘယ်​သို့​ဖြစ်​သင့်​သနည်း။

၂၂ ကျွန်ုပ်​တို့သည် မခံစားထိုက်သော​ထာဝရ​အသက်ဆု​ကို ရရှိဖို့​ဆိုလျှင် ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို အလွန်​ချစ်​မြတ်နိုး​ပြီး ၎င်းတို့ကို စိတ်နှလုံး​အကြွင်းမဲ့​လိုက်နာ​စောင့်ရှောက်​ရမည်။ ထို့​ကြောင့် “သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့သည် အစဉ်အမြဲ​ဖြောင့်​ကြ​ပါ​၏။ အကျွန်ုပ်သည် အသက်ရှင်ပါ​မည်​အကြောင်း ဉာဏ်​ကို​ပေးသနား​တော်​မူ​ပါ” ဟု​သီဆို​ခဲ့​သူ ဆာလံဆရာ​၏​စိတ်ဓာတ်​မျိုး​ထား​နိုင်​ကြ​ပါစေ။ (ဆာလံ ၁၁၉:၁၄၄) ထို့​ပြင် “ကိုယ်တော် [ယေဟောဝါ] ကို​အော်ဟစ်​ပါ​၏။ ကယ်တင်​တော်​မူ​ပါ။ သက်သေခံ​တော်​မူ​ချက် [“သတိပေး​ချက်၊” က​ဘ] တို့ကို​စောင့်ပါ​မည်” ဟူသော ဆာလံဆရာ​၏​စကား​များ​၌ ပေါ်လွင်​သော​စိတ်ပိုင်းဖြတ်​ချက်​မျိုး ကျွန်ုပ်​တို့​ချ​နိုင်​ကြ​ပါစေ။ (ဆာလံ ၁၁၉:၁၄၆) မှန်ပါသည်၊ ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ကျွန်ုပ်​တို့​တကယ်​ပင် အလွန်​ချစ်​မြတ်နိုး​ကြောင်း အပြော​နှင့်​အလုပ်​တို့​ဖြင့် သက်သေပြ​ကြ​စို့​လေ။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို ဆာလံဆရာ​မည်သို့​ရှုမြင်ခဲ့​သနည်း။

• ဘုရားသခင့်​သတိပေး​ချက်​များ​ကို အဘယ်ကြောင့်​ကျွန်ုပ်​တို့​လိုအပ်​ကြ​သနည်း။

• ဘုရားသခင့်​သတိပေး​ချက်​များနှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့၏​အစည်းအဝေး​များသည် အဘယ်​အခန်းကဏ္ဍ​မှ​ပါဝင်​သနည်း။

• ယေဟောဝါ​၏​သတိပေး​ချက်​များသည် ကျွန်ုပ်​တို့ကို ဤ​လောက​မှ မည်သို့​သီးခြားခွဲ​ထား​ပေး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဆာလံဆရာ​သည် ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို အလွန်​နှစ်သက်​မြတ်နိုး​ခဲ့

[စာမျက်နှာ ၁၆, ၁၇ ပါ ရုပ်ပုံ]

အန္န​၏​ပုံသက်သေ​ကို​လိုက်လျှောက်​လျက် အစည်းအဝေး​များ​ကို​မပျက်​ဖို့ သင်​စိတ်ပိုင်းဖြတ်​ထား​သလော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​သတိပေး​ချက်​များ​ကို​လိုက်နာခြင်းက ကိုယ်တော်​၏​လုပ်ငန်းတော်​အတွက် သန့် ရှင်း​၍ လက်ခံ​စ​ရာ​အဖြစ် ကျွန်ုပ်​တို့ကို သီးခြားခွဲ​ထား