သမ္မာကျမ်းစာ—အသက်ရှင်နေထိုင်ရေးအတွက် ပြဋ္ဌာန်းစာအုပ်
သမ္မာကျမ်းစာ—အသက်ရှင်နေထိုင်ရေးအတွက် ပြဋ္ဌာန်းစာအုပ်
“ဘုရားသခင်၏နှုတ် [မြွက်] တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ . . . စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) ဘုရားသခင့်နှုတ်မြွက်စကားတော်၏ပြီးမြောက်နိုင်စွမ်းနှင့်ပတ်သက်သည့် ဤဖော်ပြချက်က သမ္မာကျမ်းစာသည် စာအုပ်ကောင်းတစ်အုပ်မျှသာမကကြောင်း ဖော်ပြပေးသည်။
“ယင်း၏သတင်းတရားသည် ကျွန်ုပ်တို့ဘဝအတွက် နောက်ထွက်သက်ဝင်သက်တမျှအရေးကြီးသည်” ဟုဘာသာရေးစာရေးဆရာတစ်ဦးက လိုရင်းတိုရှင်းဖော်ပြခဲ့၏။ ထို့နောက် သူဤသို့ဆက်ပြောသည်– “ကျွန်ုပ်တို့၏တောင့်တမှုနှင့် ယနေ့ကုစားချက်အတွက်လိုအပ်မှုအကြောင်း သင်သုံးသပ်၍ ထိုရှုထောင့်ဖြင့်သမ္မာကျမ်းစာကို ဖတ်ရှုသောအခါ အံ့အားသင့်ဖွယ်ကောင်းသည့်ရလဒ်များ လိုက်ပါလာသည်။” တောက်ပစွာထွန်းလင်းသော မီးအိမ်တစ်လုံးကဲ့သို့ သမ္မာကျမ်းစာသည် ခေတ်သစ်အသက်ရှင်နေထိုင်မှု၏ ရှုပ်ထွေးပွေလီသောအခက်အခဲပြဿနာများစွာကို ရှင်းရှင်းလင်းလင်းမြင်သာစေသည်။—ဆာလံ ၁၁၉:၁၀၅။
အမှန်မှာ သမ္မာကျမ်းစာ၌ဖော်ပြထားသော ဉာဏ်ပညာသည် ကျွန်ုပ်တို့၏တွေးခေါ်မှုကို ပုံသွင်းပေးရန်၊ ပြဿနာများဖြေရှင်းရာ၌ ကျွန်ုပ်တို့ကို ကူညီပေးရန်၊ ကျွန်ုပ်တို့ဘဝအသက်တာ၏အရည်အသွေးကို တိုးတက်စေရန်နှင့် ကျွန်ုပ်တို့ပြောင်းလဲပစ်ရန်မတတ်နိုင်သော အခြေအနေများကို ကျော်လွှားနိုင်စွမ်းများဖြင့် ကျွန်ုပ်တို့အား ထောက်ပံ့ပေးရန် တန်ခိုးရှိသည်။ အရေးပါဆုံးမှာ သမ္မာကျမ်းစာသည် ဘုရားသခင်အား သိရှိလာရန်နှင့် ချစ်မြတ်နိုးတတ်လာစေရန် ကျွန်ုပ်တို့ကို ဖြည့်ဆည်းပေး၏။
ရည်ရွယ်ချက်ပေးသော စာအုပ်
သမ္မာကျမ်းစာ၏အာဘော်ရှင်၊ ယေဟောဝါဘုရားသခင်သည် ‘ကျွန်ုပ်တို့၏နည်းလမ်းရှိသမျှကို သိကျွမ်းတော်မူ၏။’ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကာယရေး၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးရာလိုအပ်ချက်များကို ကျွန်ုပ်တို့သိသည်ထက်သာ၍သိတော်မူသည်။ (ဆာလံ ၁၃၉:၁-၃၊ သမ္မာ) ထောက်ထားစာနာလျက် ကိုယ်တော်သည် လူသားတို့၏အပြုအမူအတွက် ရှင်းလင်းသောကန့်သတ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူသည်။ (မိက္ခာ ၆:၈) အဆိုပါကန့်သတ်ချက်များနှင့်ညွှန်ကြားချက်များကို သိနားလည်ရန်ရှာကြံကာ ယင်းတို့နှင့်အညီ အသက်ရှင်နေထိုင်တတ်ရန်သင်ယူခြင်းသည် ဉာဏ်အမြော်အမြင်ရှိရာကျသည်။ “[“ယေဟောဝါ၊” ကဘ] ၏တရားတော်၌မွေ့လျော်” သောသူတို့သည်ပျော်ရွှင်၏ဟု ဆာလံဆရာကပြောသည်။ “ပြုလေသမျှတို့၌အောင်လိမ့်သတည်း။” (ဆာလံ ၁:၁-၃) ယင်းသို့သောအလားအလာတစ်ခုကို အမှန်ပင် ကျွန်ုပ်တို့ဆန်းစစ်လေ့လာထိုက်သည်။
အငြိမ်းစားကျောင်းဆရာဖြစ်သော မောရစ္စသည် သမ္မာကျမ်းစာသည် သမိုင်းဆိုင်ရာနှင့် စာပေဆိုင်ရာတို့ဘက်တွင် အတော်အတန်တန်ဖိုးရှိကြောင်း အမြဲယုံကြည်ထား၏။ သို့တိုင် ယင်းကို ဘုရားသခင်မှုတ်သွင်းထားသည်ဆိုသည့်အချက်ကိုမူ သူ သံသယဝင်ခဲ့သည်။ ဘုရားသခင်သည် မိမိ၏ ရေးသားထားသောနှုတ်မြွက်စကားတော်ကို လူတို့အား အဘယ်ကြောင့်ပေးရကြောင်း ရှင်းပြချက်တစ်ရပ်ကို မောရစ္စကြားနာလိုက်ပြီးနောက် သူသည် သမ္မာကျမ်းစာပရောဖက်ပြုချက်အမျိုးမျိုးကို ဆန်းစစ်ခဲ့၏။ အသက်ငယ်စဉ်က သူသည် ရှေးခေတ်သမိုင်း၊ စာပေ၊ သိပ္ပံနှင့် ပထဝီတို့ကိုလေ့လာခဲ့၏။ သမ္မာကျမ်းစာ၏စစ်မှန်မှုကိုထောက်ခံပေးသည့် နမူနာများ
စွာကိုအသိအမှတ်ပြုခြင်းသည် မိမိ၏မျက်စိထဲတွင် အလွန်ဉာဏ်အမြော်အမြင်ရှိရာကျကြောင်း သူကဝန်ခံခဲ့သည်။ “ကျွန်တော်ဟာ အေးအေးလူလူ၊ ချမ်းချမ်းသာသာနဲ့ ဘဝရဲ့ပျော်ရွှင်ကြည်နူးစရာတွေရရေးအတွက် မျက်စိစုံမှိတ်ပြေးပွဲမှာ အငိုက်ဖမ်းခံလိုက်ရတယ်။ အကြောင်းမလှစွာနဲ့ ကျွန်တော်ဟာ ရေးထားခဲ့သမျှမှာ အကြီးမြတ်ဆုံးစာအုပ်ရဲ့ အလှတရားနဲ့ မှန်ကန်မှုကို မသိမမြင်မိဘဲဖြစ်နေခဲ့တယ်။”ယခု အသက် ၇၀ ကျော်ပိုင်းရောက်နေပြီဖြစ်သော မောရစ္စသည် တမန်တော်သောမရှေ့၌ ယေရှုကိုယ်ယောင်ထင်ရှားပြသည့် မှတ်တမ်းကိုရည်ညွှန်းလျက် ကျေးဇူးတင်စွာဤသို့ပြောခဲ့သည်– “ကျွန်တော်ရဲ့လက်ဟာ ‘သွေးထွက်နေသောဒဏ်ရာ’ ကိုစမ်းမိခဲ့ပြီး သမ္မာကျမ်းစာဟာ အမှန်တရားဟုတ်ပါ့မလားဆိုတဲ့ သံသယစိတ်မှန်သမျှကို ထာဝရပျောက်ကင်းသွားစေတယ်။” (ယောဟန် ၂၀:၂၄-၂၉) တမန်တော်ပေါလု တော်မှန်စွာပြောဆိုခဲ့သကဲ့သို့ သမ္မာကျမ်းစာသည် စိတ်နှလုံးအကြံအစည်များကိုဖော်ပြပေးကာ ဘဝကိုအဓိပ္ပာယ်ရှိစေသည်။ ယင်းသည် အမှန်ပင် အသက်ရှင်နေထိုင်ရေးအတွက် ပြဋ္ဌာန်းစာအုပ်ဖြစ်သည်။
မငြိမ်းချမ်းသောဘဝကို တည်ငြိမ်ခြင်းတိုးပွားစေ
မိမိတို့၏အကျင့်ဆိုးများဖယ်ရှားပစ်ရန် သမ္မာကျမ်းစာက လူတို့ကိုအကူအညီဖြစ်စေသည့် ဆုံးမစကားကိုလည်းဖော်ပြပေးသည်။ ဒယ်နီယယ်လ်သည် မသန့်ရှင်းသောအကျင့်ဖြစ်သည့် ဆေးလိပ်သောက်ခြင်းအပြင် အောက်ခြေလွတ်ပါတီပွဲတက်ရောက်ခြင်းနှင့် အရက်သေစာအလွဲသုံးစားပြုခြင်းကို ရပ်စဲပစ်ရာ၌ အောင်မြင်မှုရရှိရန် စွမ်းဆောင်နိုင်ခဲ့၏။ (ရောမ ၁၃:၁၃; ၂ ကောရိန္သု ၇:၁; ဂလာတိ ၅:၁၉-၂၁) အမှန်အားဖြင့် ယင်းကဲ့သို့သောအကျင့်များကို အမြစ်မှနုတ်ပစ်ရန်နှင့် “လူသစ်ကို” ယူတင်ဝတ်ဆောင်ရန် စုပေါင်းအားထုတ်မှုလိုအပ်သည်။ (ဧဖက် ၄:၂၂-၂၄) “ကျွန်တော်တို့ဟာ မစုံလင်ကြလို့ ဒါဟာ တကယ်ပဲစိန်ခေါ်ချက်ဖြစ်ခဲ့တယ်” ဟုဒယ်နီယယ်လ်ကပြောသည်။ မည်သို့ပင်ဖြစ်စေ သူအောင်မြင်ခဲ့၏။ ယခု ဒယ်နီယယ်လ်သည် ဘုရားသခင်၏နှုတ်မြွက်တော်ကို နေ့စဉ်ဖတ်ရှုခဲ့ပြီး ယင်းက သူ့အား ယေဟောဝါနှင့်ဆက်လက်နီးကပ်စေသည်။
ကြီးပြင်းလာသည်နှင့်အမျှ ဒယ်နီယယ်လ်သည် သမ္မာကျမ်းစာအပေါ် အမြဲပင်နက်နက်ရှိုင်းရှိုင်းလေးမြတ်မှုရှိခဲ့ပြီး ယင်းကို သူဘယ်တော့မျှမဖတ်ခဲ့သော်လည်း ဘုရားသခင်ထံ ညတိုင်းဆုတောင်းခဲ့သည်။ သို့တိုင် တစ်ခုခု လိုနေသည်။ ပျော်ရွှင်မှုက သူ့ကိုရှောင်ကွင်းသွားသည်။ သမ္မာကျမ်းစာ၌ ဘုရားသခင့်နာမတော်ကို ဦးဆုံးအကြိမ်တွေ့ရှိသောအခါ အလှည့်အပြောင်းဖြစ်သွားလေတော့သည်။ (ထွက်မြောက်ရာ ၆:၃; ဆာလံ ၈၃:၁၈) ထိုနောက်တွင် သူဆုတောင်းသောအခါ ယေဟောဝါ၏နာမတော်ကို အသုံးပြုလာခဲ့ပြီး သူ၏ဆုတောင်းချက်များသည် သာ၍နှစ်ကိုယ်ချင်းဆန်လာခဲ့သည်။ “ယေဟောဝါဟာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ကိုယ်တော်ဟာ ကျွန်တော်ရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်ဆဲပါပဲ။”
သမ္မာကျမ်းစာကိုမသိရှိမီ အနာဂတ်နှင့်ပတ်သက်၍ ဒယ်နီယယ်လ်၏ရှုမြင်ချက်မှာ မျှော်လင့်ချက်မဲ့နေ၏။ သူက “ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိရှိဖို့ ဉာဏ်သိပ်ကောင်းဖို့မလိုပါဘူး။ ကျွန်တော်ဟာ ထိတ်ထိတ်လန့်လန့်နဲ့ဖြစ်နေပြီး အဲ့ဒီထိတ်လန့်မှုတွေကို စိတ်ထဲကပျောက်သွားစေဖို့ အလုပ်မှာပဲ ကြိုးစားပြီးနှစ်ထားတယ်” ဟုဆို၏။ ထို့နောက် ဘုရားသခင်သည် သန့်စင်ထားသောကမ္ဘာမြေတွင် လူတိုင်းအတွက် တရားမျှတခြင်းကို အခြေချပေးမည်ဖြစ်ပြီး ထိုတွင် နာခံမှုရှိသောလူသားများသည် ထာဝစဉ်ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို မွေ့လျော်နိုင်ကြကြောင်း သူသိရှိလာခဲ့သည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၂၁:၃၊ ၄) ဒယ်နီယယ်လ်၌ ယခုသေချာသောမျှော်လင့်ချက် ရှိနေပြီ။ သမ္မာကျမ်းစာ၏ ဤတည်တံ့မြဲမြံသောလွှမ်းမိုးမှုက သူ့အား ဘဝကို အပြုသဘောဖြင့် ဆက်ရှုမြင်ရန်ဖြစ်စေသည်။
စိတ်လှုပ်ရှားမှုဆိုင်ရာပြဿနာများကို ကျော်လွှားရာ၌ ကူညီပေး
ဂျော့ခ်ျသည် မိမိ၏မိခင်ဖြစ်သူ ဆုံးပါးသွားစဉ်က အသက်ခုနစ်နှစ်သာရှိသေးသည်။ နောက်တစ်နေ့နံနက်တွင် သူနိုးထလာ၊ မလာကိုမသိရ၍ ညအိပ်ရာဝင်ရမည်ကို သူစိုးရိမ်ထိတ်လန့်ခဲ့၏။ ထိုနောက်တွင် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သည့် ယေရှုဤမိန့်တော်မူချက်ကို သူဖတ်မိခဲ့သည်– “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” ယေရှု၏ ဤစကားများကလည်း သူ၏စိတ်နှလုံးကိုထိမိခဲ့သည်– “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။” (ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅) ထိုသို့သောအယူအဆများသည် ယုတ္တိတန်သည်၊ ဆင်ခြင်တုံတရားနှင့်ညီကာ စိတ်အားတက်စေသည်။ ဂျော့ခ်ျက “ဒီအမှန်တရားဟာ စိတ်အာရုံကိုစွဲဆောင်ရုံမက စိတ်နှလုံးကိုလည်းထိမိစေတယ်” ဟုပြောသည်။
အစောပိုင်း၌ဖော်ပြခဲ့သော ဒယ်နီယယ်လ်သည်လည်း စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ သူ၏မိခင်သည် သူ့ကိုကျွေးမွေးစောင့်ရှောက်ခြင်းငှာမတတ်နိုင်သဖြင့် သူသည် မွေးစားအိမ်များစွာတွင်နေထိုင်ခဲ့ရ၏။ အမြဲပင် အပြင်လူတစ်ဦးအဖြစ်ခံစားရပြီး မေတ္တာပါသောမိသားစုဝင်၏လုံခြုံမှုကို သူတမ်းတခဲ့သည်။ နောက်ဆုံးတွင် သမ္မာကျမ်းစာကို လေ့လာခဲ့ခြင်းမှတစ်ဆင့် မိမိရှာဖွေနေသောအရာကို သူတွေ့ရှိခဲ့သည်။ ဒယ်နီယယ်လ်သည် ယေဟောဝါသက်သေတို့၏ခရစ်ယာန်အသင်းတော်နှင့် ပေါင်းသင်း
လာခဲ့ပြီး ဝိညာဉ်ရေးရာမိသားစု၏ အစိတ်အပိုင်းဖြစ်လာကာ အခြားသူများ၏ လက်ခံမှုနှင့် မေတ္တာတို့ကိုခံစားရလေသည်။ အမှန်မှာ သမ္မာကျမ်းစာသည် လက်တွေ့နည်းဖြင့်လည်းကောင်း၊ စိတ်လှုပ်ရှားမှုပိုင်း၌ ကျေနပ်မှုရသည့်နည်းဖြင့်လည်းကောင်း အကျိုးပြုသည်။ယေဟောဝါသည် ကျွန်ုပ်တို့၏စိတ်တွင်ရှိရာနှင့် ကျွန်ုပ်တို့ဘာကိုရှာဖွေနေကြောင်း သိတော်မူသည်ကို သတိရပါ။ ဘုရားသခင်သည် “စိတ်နှလုံးတို့ကိုချိန်တော်မူ” ၍ “လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း” ပေးတော်မူသည်။—သု. ၂၁:၂; ယေရမိ ၁၇:၁၀။
မိသားစုဘဝတွင် လက်တွေ့ကျသောဆုံးမစကား
လူသားချင်းဆက်ဆံရေးကိစ္စများနှင့်ပတ်သက်လာလျှင် သမ္မာကျမ်းစာက လက်တွေ့ကျသောဆုံးမစကားများကို ပေးထားသည်။ ဂျော့ခ်ျက ဤသို့ပြောသည်– “ပုဂ္ဂိုလ်ရေးပဋိပက္ခများ ဒါမှမဟုတ် နားလည်မှုလွဲမှားမှုများဟာ ဘဝမှာ ဖိစီးမှုအပြင်းထန်ဆုံးအခြေအနေတွေပါပဲ။” ယင်းတို့ကို သူမည်သို့ဖြေရှင်းခဲ့သနည်း။ “တစ်စုံတစ်ယောက်ဟာ တစ်ခုခုမှာ ကျွန်တော်နဲ့ သဘောထားချင်းဆန့်ကျင်နေတယ်လို့ ခံစားမိရင် မဿဲ ၅:၂၃၊ ၃၄ မှာပါတဲ့ ‘သင်၏ညီအစ်ကိုနှင့်သင့်တင့်အောင် ပြုလုပ်ပါ’ ဆိုတဲ့ဆုံးမစကားကို ကျွန်တော် လက်တွေ့ကျင့်သုံးတယ်။ ပဋိပက္ခဖြစ်မှုကို ကျွန်တော်ဖွင့်ပြောလိုက်နိုင်ခြင်းကြောင့် အကျိုးရလဒ်တွေရရှိတယ်။ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင့်ရေးရာငြိမ်သက်မှုကို ကျွန်တော်ခံစားနိုင်တယ်။ ဒီသွန်သင်ချက်ဟာ အလုပ်ဖြစ်တယ်။ တော်တော့်ကို လက်တွေ့ကျပါတယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။
ခင်ပွန်းနှင့် ဇနီးသဘောထားကွဲလွဲသောအခါ နှစ်ဦးစလုံးသည် “နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြ” ရန်လိုသည်။ (ယာကုပ် ၁:၁၉) ယင်းသို့သောအကြံပေးချက်က ဆက်ဆံရေးကိုတိုးတက်စေသည်။ ဂျော့ခ်ျက ဤသို့ဆက်ပြောသည်– “ချစ်မြတ်နိုးဖို့နဲ့ မိမိကိုယ်ကိုဆက်ဆံသလို ဇနီးသည်ကိုပြုမူဆက်ဆံဖို့ ဆုံးမစကားကို ကျွန်တော်ကျင့်သုံးတဲ့အခါ ချက်ချင်းပဲအကျိုးရလဒ်တွေကို တွေ့ရတယ်။ ကျွန်တော့်ကို ရိုသေလေးစားဖို့ သူ့အတွက် ပိုပြီးလွယ်ကူစေတယ်။” (ဧဖက် ၅:၂၈-၃၃) မှန်ပါသည်၊ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ကိုယ်တိုင်မစုံလင်မှုများကို မည်သို့အသိအမှတ်ပြုပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံသာမက အခြားသူတို့၏မစုံလင်မှုများကို နိုင်နိုင်နင်းနင်းကိုင်တွယ်ပုံတို့ကိုပါ သွန်သင်ပေးသည်။
ခံနိုင်ရည်ရှိစေသည့် ဆုံးမစကား
ပညာရှိရှောလမုန်က ဤသို့ဆိုသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) ထိုစကားများသည် အလွန်ရိုးရှင်းသော်ငြားလည်း အလွန်နက်ရှိုင်းလှပေသည်!
သမ္မာကျမ်းစာသည် ကောင်းမှုပြုရန် တွန်းအားဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ချစ်မြတ်နိုးသူများအား သူတို့၏အသက်တာကို ကိုယ်တော်၏အလိုတော်နှင့်အညီဖြစ်စေရန်နှင့် ‘ယေဟောဝါ၏တရားလမ်း၌လိုက်လျှောက်’ ကြရာတွင် ပျော်ရွှင်မှုရှိစေရန် စွမ်းဆောင်ပေးနိုင်၏။ (ဆာလံ ၁၁၉:၁) ကျွန်ုပ်တို့၏အခြေအနေများမှာ မည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့လိုအပ်သည့် ညွှန်ကြားချက်နှင့် သွန်သင်ချက်တို့ သမ္မာကျမ်းစာတွင် ပါရှိသည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယင်းကို နေ့စဉ်ဖတ်ရှု၍ သင်ဖတ်ရှုသောအရာကို စဉ်းစားဆင်ခြင်ကာ ယင်းကို လက်တွေ့ကျင့်သုံးပါ။ သင်၏စိတ်နှလုံးကို ယင်းက ဆက်လက်ကြည်လင်စေလိမ့်မည်ဖြစ်ပြီး စင်ကြယ်၍ကျန်းခံ့သောအရာများကို ဆက်လက်အာရုံစိုက်စေမည်။ (ဖိလိပ္ပိ ၄:၈၊ ၉) ဘဝတွင် သင်မည်သို့နေထိုင် ပျော်မွေ့မည်ကိုသာမက အသက်၏ဖန်ဆင်းရှင်အား ချစ်မြတ်နိုးတတ်ရန် သင်သိလာပေလိမ့်မည်။
ယင်းသို့သောလမ်းစဉ်ကို သင်လိုက်လျှောက်ခြင်းဖြင့် သမ္မာကျမ်းစာသည် အခြားသန်းပေါင်းများစွာတို့အတွက် စာအုပ်ကောင်းတစ်အုပ်မျှထက်မက ဖြစ်သကဲ့သို့ သင့်အတွက်လည်းဖြစ်လာလိမ့်မည်။ ယင်းက အသက်ရှင်နေထိုင်ရေးအတွက် ပြဋ္ဌာန်းစာအုပ်အမှန်ဖြစ်ကြောင်း ထင်ရှားပြမည်တည်း!
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အကျိုးပျက်စေသောအကျင့်များကို အနိုင်ယူရန် သင်၏အခိုင်အမာဆုံးဖြတ်မှုကို သမ္မာကျမ်းစာက ခွန်အားပေးနိုင်
[စာမျက်နှာ ၇ ပါ ရပ်ပုံ]
ဘုရားသခင်ထံ သင်မည်သို့ချဉ်းကပ်နိုင်ပုံကို သမ္မာကျမ်းစာကသွန်သင်ပေး