မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ပါ

ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ပါ

ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်ပါ

“သင်တို့သည် ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အဆုံး​တွင်​အပြည့်အဝ​ရပ်တည်​မည်​အကြောင်း [သူသည်] သင်တို့​အဖို့​ကာလ​အစဉ် ကြိုး​စား၍​ဆုတောင်း​တတ်၏။”—ကောလောသဲ. ၄:၁၂၊ က​ဘ။

၁၊ ၂။ (က) ပြင်ပ​မှ​သူတို့သည် အစောပိုင်း​ခရစ်ယာန်​များနှင့်​ပတ်သက်​၍ အဘယ်အရာကို သတိပြုမိ​ခဲ့​ကြ​သနည်း။ (ခ) ကောလောသဲ​ကျမ်းစောင်​သည် မေတ္တာပါ​သော​စိတ်ဝင်စားမှု​ကို မည်သို့​ထင်ဟပ်ပြ​သနည်း။

ယေရှု၏​နောက်တော်လိုက်​များသည် ယုံကြည်သူချင်း​တို့ကို လွန်​စွာ​စိတ်ဝင်စား​ခဲ့​ကြ​၏။ တာတူလျန် (စီ.အီး. ဒုတိယ​နှင့် တတိယ​ရာစု​မှ​စာရေး​ဆရာ) က မိဘမဲ့​များ၊ ဆင်းရဲသား​များနှင့် သက်ကြီးရွယ်အို​များ​အပေါ် သူတို့​ပြသ​ခဲ့​ကြ​သည့်​ကြင်နာ​မှု​အကြောင်း ပြောပြ​ခဲ့​သည်။ မေတ္တာ​၏​ထင်ရှားသော​လုပ်ရပ်များ​သည် မယုံကြည်​သူတို့ကို အလွန်​စိတ်စွဲ​မှတ်​စေ​ခဲ့​ရာ ခရစ်ယာန်​များနှင့်​ပတ်သက်​၍ အချို့​က ‘ကြည့်​စမ်း၊ သူတို့​အချင်းချင်း ချစ်​လိုက်​ကြ​တာ’ ဟု​ပြော​ခဲ့​ကြ​သည့်​အထိ​ပင်။

ကောလောသဲ​ကျမ်းစောင်​က ကောလောသဲ​ရှိ ညီအစ်ကို၊ ညီအစ်မ​များ​အတွက် တမန်​တော်​ပေါလု​နှင့် သူ့​အဖော်​ဧပဖြ​တို့၏ ယင်း​သို့​သော မေတ္တာပါ​သည့်​စိတ်ဝင်စားမှု​ကို ထင်ဟပ်ပြ​သည်။ သူတို့​ထံ ပေါလု ဤသို့​ရေးသားခဲ့​သည်– ဧပဖြ​က “သင်တို့သည် ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အဆုံး​တွင်​အပြည့်အဝ​ရပ်တည်​မည်​အကြောင်း သင်တို့​အဖို့​ကာလ​အစဉ် ကြိုး​စား၍​ဆုတောင်း​တတ်၏။” ၂၀၀၁ ခုနှစ်​အတွင်း ယေဟောဝါသက်သေ​များသည် မိမိတို့၏​နှစ်ချုပ်​ကျမ်းချက်​အဖြစ် ကော​လောသဲ ၄:၁၂ မှ ဤ​စကား​များ​ဖြစ်ပါ​လိမ့်​မည်– ‘ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်​လော့။’

၃။ အဘယ်အရာ​နှစ်ခု​အတွက် ဧပဖြ​ဆုတောင်းပေး​ခဲ့​သနည်း။

မိမိ​ချစ်ခင်​သူတို့​အတွက် ဧပဖြ​၏​ဆုတောင်းချက်​များ​တွင် အပိုင်း​နှစ်​ပိုင်း​ပါရှိ​သည်ကို သင်​တွေ့မြင်​နိုင်​သည်– (၁) သူတို့သည် “အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” နှင့် (၂) သူတို့သည် “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့်” ရပ်တည်​ရန်​တို့​ဖြစ်သည်။ သမ္မာကျမ်းစာ​စောင်​၌ ကျွန်ုပ်​တို့၏​အကျိုးအတွက် ဤ​အချက်​ကို ထည့်သွင်း​ပေး​ခဲ့​သည်။ သို့​ဖြစ်၍ သင့်ကိုယ်ကို ‘ဘုရားသခင်​ရဲ့​အလိုတော်​ရှိသမျှ​မှာ ခိုင်မြဲ​တဲ့​စိတ်ချမှု​နဲ့ အဆုံး​တွင်​အပြည့်အဝ​ရပ်တည်​ဖို့ ငါ​ကိုယ်တိုင် ဘာလုပ်ဖို့​လိုအပ်​သလဲ၊ ဒါ့အပြင် အဲဒီအတိုင်း​ပြုလုပ်​ရင် ဘာ​အကျိုးရှိ​လိမ့်​မလဲ’ ဟု​မေးမြန်းပါ။ ကျွန်ုပ်​တို့ ကြည့်​ကြ​စို့။

“အပြည့်အဝ​ရပ်တည်” ရန်​ကြိုးပမ်း

၄။ ကောလောသဲ​အသင်းသားများ​သည် အဘယ်​သဘော​မျိုး​ဖြင့် အပြည့်အဝ​ဖြစ်​ရန် လိုအပ်​ခဲ့​သနည်း။

ကောလောသဲ​ရှိ မိမိ၏​ဝိညာဉ်​ရေးရာ​ညီအစ်ကို၊ ညီအစ်မ​များ​အနေ​ဖြင့် “အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” ရန် ဧပဖြ​ဆန္ဒ​ပြင်းပြ​ခဲ့​၏။ ဤ​တွင် “အပြည့်အဝ” ဟူ၍​ပြန်ဆို​ထားသော ပေါလု​အသုံးပြုသည့်​ဝေါဟာရ​မှာ စုံလင်မှု၊ ကြီးရင့်​မှု သို့​မဟုတ် ရင့်ကျက်မှု​ဟူသော​သဘော​မျိုး ဆောင်​နိုင်​သည်။ (မဿဲ ၁၉:၂၁; ဟေဗြဲ ၅:၁၄; ယာကုပ် ၁:၄၊ ၂၅) ယေဟောဝါ​၏ နှစ်ခြင်း​ခံ​ထားသော​သက်သေခံ​ဖြစ်သွား​သူ​တစ်ဦး​မှာ ကြီးရင့်​သည့်​ခရစ်ယာန်​တစ်ဦး အလိုအလျောက် ဖြစ်​မသွားကြောင်း သင်​သိထား​ပေမည်။ ပေါလု​က ကောလောသဲ​မြို့​အနောက်ဘက်​တွင် နေထိုင်​လျက်​ရှိသော ဧဖက်​အသင်းသား​တို့​ထံ သိုးထိန်း​များနှင့် သွန်သင်ပေး​သူတို့​အနေ​ဖြင့် “ရှိသမျှသည် ယုံကြည်ခြင်း​သို့​လည်းကောင်း၊ ဘုရားသခင်​၏​သားတော်ကို သိကျွမ်းခြင်း​သို့​လည်းကောင်း၊ တညီတညွတ်​တည်း​ရောက်​၍ ခရစ်တော်​၏​ပြည့်စုံခြင်း​ပမာဏ​အရပ်​တည်း​ဟူသော ကြီးရင့်သော​လူ​၏​အဖြစ်သို့ ရောက်​ကြသည်​တိုင်အောင်” ကြိုး​စား၍​ကူညီပေး​ရန် ရေးသားခဲ့​သည်။ အခြား​တစ်​နေရာတွင် ပေါလု​က ခရစ်ယာန်​များသည် “ဉာဏ်​အရာ​၌ အသက်ကြီး​သော​သူ​ဖြစ်” လာ​ကြ​ရန် တိုက်တွန်း​ခဲ့​သည်။—ဧဖက် ၄:၈-၁၃; ၁ ကောရိန္သု ၁၄:၂၀

၅။ ကျွန်ုပ်​တို့သည် ‘ပြည့်ဝ​စုံလင်ခြင်း’ ကို အဓိက​ပန်းတိုင် မည်သို့​ဖြစ်စေ​နိုင်​သနည်း။

ကောလောသဲ​ရှိသူ​အချို့​တို့သည် ဝိညာဉ်​ရေးရာ​တွင် အပြည့်အဝ​မ​ကြီးရင့် သို့​မဟုတ် မရင့်ကျက်​သေး​သော် ယင်းသည် သူတို့၏​ပန်းတိုင်​ဖြစ်​ရန် လိုအပ်​ခဲ့​သည်။ ယနေ့ ထပ်တူ​မဖြစ်​သင့်​ပေ​လော။ ကျွန်ုပ်​တို့​နှစ်ခြင်း​ခံ​ခဲ့​သည်​မှာ ဆယ်စုနှစ်​နှင့်​ချီ​၍​ကြာ​ခဲ့ပြီ​ဖြစ်စေ၊ မကြာသေးမီ​က​ပင်​ဖြစ်ပါစေ၊ ကျွန်ုပ်​တို့၏​ကျိုးကြောင်း​ဆင်ခြင်​နိုင်စွမ်း​နှင့် ရှုမြင်ချက်များ​၌ သိသိသာသာ​တိုးတက်လာ​နေကြောင်း မြင်သာ​သလော။ ဆုံးဖြတ်ချက်​များ​မချ​မီ သမ္မာကျမ်းစာ​မူများ​ကို ကျွန်ုပ်​တို့​ထည့်သွင်း​စဉ်းစား​ကြ​သလော။ ဘုရားသခင်​နှင့်​ဆက်စပ်​သည့် ကိစ္စရပ်​များနှင့် အသင်းတော်​အကျိုး​စီးပွား​တိုးတက်ရေး​တို့သည် ကျွန်ုပ်​တို့၏​ဘဝတွင် အ​ပ​ယိ​က​မဟုတ်ဘဲ ကြီး​သည်ထက်​ကြီး​လာသော အခန်းကဏ္ဍ​တစ်ခု​ဖြစ်လာ​နေ​သလော။ ဤ​တွင် ယင်း​သို့​သော​ပြည့်စုံခြင်း​ဘက်​သို့​ကြီးရင့်​မှု​၌ ကျွန်ုပ်​တို့​ရောင်ပြန်ဟပ်​နိုင်​မည့် နည်းလမ်း​အသွယ်သွယ်​ကို ကျွန်ုပ်​တို့​ဖော်ပြ​၍​မကုန်နိုင်​ပါ၊ သို့သော် ဥပမာ​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။

၆။ ယေဟောဝါ​ကဲ့သို့ စုံလင်ခြင်း​အဖြစ်သို့ လူတစ်ဦး တိုးတက်​နိုင်​စေ​မည့် ကဏ္ဍ​တစ်ခု​ကား အဘယ်နည်း။

ပထမ​ဥပမာ– အခြား​လူမျိုးနွယ်၊ နိုင်ငံသား သို့​မဟုတ် ဒေသ​ရှိသူတို့​အပေါ် စိတ်​စွန်းကွက်​မှု သို့​မဟုတ် ရန်ငြိုး​ထားမှု​ရှိသော​ဝန်းကျင်​တစ်ခု​၌ ကျွန်ုပ်​တို့ ကြီးပြင်း​လာ​ကြသည်​ဆိုပါစို့။ ဘုရားသခင်​သည်​မျက်နှာမလိုက်၊ ကျွန်ုပ်​တို့​လည်း မလိုက်​သင့်​ကြောင်း ယခု ကျွန်ုပ်​တို့​သိပြီ။ (တမန်​တော် ၁၀:၁၄၊ ၁၅၊ ၃၄၊ ၃၅) ကျွန်ုပ်​တို့၏​အသင်းတော် သို့​မဟုတ် တိုက်နယ်​အတွင်း​၌ အခြား​နောက်ခံ​ရှိ​သူများ​ရှိကြ​ရာ သူတို့သည် ကျွန်ုပ်​တို့၏​ပတ်လည်​တွင် ရှိကြသည်။ သို့​တိုင် ကျွန်ုပ်​တို့သည် ထို​နောက်ခံ​ရှိသူတို့​အပေါ် အပျက်သဘောထား​အချို့ သို့​မဟုတ် မယုံ​သင်္ကာ​မှု​အချို့​ကို မည်သည့်​အတိုင်းအတာ​အထိ စိတ်​တွင် သိုမှီး​ထား​ပါ​သနည်း။ ထို​နောက်ခံ​မှ​လာ​သူ​တစ်ဦး​က ကျွန်ုပ်​တို့ကို တစ်နည်း​နည်းဖြင့် အနည်း​အကျဉ်း​အမှား​ပြု​မိ​လျှင် ‘ကြက်​ခေါင်း​ဆိတ်​မခံ’ ချက်ချင်း​အဆိုးမြင်​တတ်​သူ​လော။ သင့်ကိုယ်ကို ‘ဘုရားသခင်​၏​မျက်နှာ​မလိုက်သော သဘောထားမျိုး ထား​ရန် ငါ​ပို​ပြီး​တိုးတက်​အောင်​လုပ်ဖို့​လိုအပ်​သလော’ ဟု​မေးမြန်းပါ။

၇။ ခရစ်ယာန်​တစ်ဦး​အနေ​ဖြင့် ပြည့်ဝ​လာ​စေခြင်း​တွင် အခြားသူ​တို့​အပေါ် အဘယ်​သို့​ရှုမြင်​တတ်​ရန်​ကြိုးစား​ခြင်း ပါဝင်​မည်​နည်း။

ဒုတိယ​ဥပမာ– ဖိလိပ္ပိ ၂:၃ အရ ကျွန်ုပ်​တို့သည် ‘ရန်​တွေ့​လို​သော​စိတ်၊ အချည်းနှီး​ကျော်စော​ကိတ္တိ​ကို​တပ်မက်သော​စိတ်​မရှိဘဲ သူတစ်ပါး​သည် ကိုယ်​ထက်​သာ၍​ကောင်းမြတ်​သည်​ဟု နှိမ့်ချသော​စိတ်​ရှိ၍ တစ်ယောက်ကို​တစ်ယောက်​ထင်မှတ်’ သင့်​သည်။ ယင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့ မည်သို့​တိုးတက်စေ​နေသနည်း။ ယောက်​တိုင်း​၌ အားနည်းချက်များ​နှင့် အားသာချက်​များ​ရှိကြ​၏။ ယခင်​က ကျွန်ုပ်​တို့သည် အခြား​သူတို့၏​အားနည်းချက်များ​ကို မြင်တွေ့​လွယ်​သူ​ဖြစ်​ခဲ့​သည့်​အခြေအနေ​မှ တိုးတက်လာ​ပြီ​ဖြစ်​ရာ သူတို့​အားလုံး​ကို “စုံလင်” လု​နီးပါး​ဖြစ်​ရန် မမျှော်လင့်​တော့​ပေ။ (ယာကုပ် ၃:၂) ယခု​တွင် ယခင်​ထက်​စာ​လျှင် ကျွန်ုပ်​တို့သည် အခြား​သူတို့၏ ကိုယ့်ထက်​သာ၍​ကောင်းမြတ်​သည့်​နည်းလမ်းများ​ကို မြင်တွေ့​လာနိုင်​သလော—ရှာ​ခြင်း​ပင်​ပြု​သလော။ ‘ဒီ​ညီအစ်မ​ဟာ စိတ်ရှည်​တဲ့​နေရာမှာ ငါ​ထက်သာ​တယ်​ဆိုတာ​ကို ငါ​ဝန်ခံ​ရမယ်။’ ‘ဒီ​သူဟာ ပို​ပြီး​ကောင်းမွန်​သန်စွမ်း​တဲ့ ယုံကြည်ခြင်းကို ရောင်ပြန်ဟပ်​ပြ​တယ်။’ ‘ပွင့်ပွင့်လင်းလင်း​ပြော​ရ​ရင် သင်​ပြ​တဲ့​နေရာမှာ သူဟာ ငါ​ထက်​ပို​တော်တယ်။’ ‘သူ့ရဲ့​ဒေါသကို ထိန်းချုပ်​တဲ့​နေရာမှာ သူဟာ ငါ​ထက်သာ​တယ်။’ ကောလောသဲ​အသင်းသား​အချို့​သည် ဤ​ကိစ္စ​တွင် တိုးတက်​ရန် လိုအပ်​ခဲ့​ပေမည်။ ကျွန်ုပ်​တို့​ကော။

၈၊ ၉။ (က) အဘယ်​သဘော​မျိုး​ဖြင့် ဧပဖြ​သည် ကောလောသဲ​အသင်းသားများ အပြည့်အဝ “ရပ်တည်” ရန်​အတွက် ဆုတောင်း​ခဲ့​သနည်း။ (ခ) ‘အပြည့်အဝ​ရပ်တည်​လျက်​နေခြင်း’ တွင် အနာဂတ်​နှင့်​ပတ်သက်​၍ အဘယ်အရာ​အကျုံးဝင်​သနည်း။

ကောလောသဲ​အသင်းသား​တို့သည် “အပြည့်အဝ​ရပ်တည်” မည့်​အကြောင်း ဧပဖြ​က​ဆုတောင်း​ခဲ့​သည်။ ကောလောသဲ​အသင်းသား​တို့သည် အတတ်နိုင်ဆုံး ပြည့်ဝသော၊ ရင့်ကျက်သော​နှင့် ကြီးရင့်သော​ခရစ်ယာန်​များ​ဖြစ်​ကာ “ရပ်တည်” နေ​စေရန် သို့​မဟုတ် ယင်း​သို့​ဆက်၍​မြဲ​နေ​စေရန် ဧပဖြ​ဆုတောင်းပေး​ခဲ့​ကြောင်း ထင်ရှား​သည်။

ခရစ်ယာန်​ဖြစ်လာ​သူ​တစ်ဦးချင်း​စီ၊ ရင့်ကျက်သူ​တစ်ဦး​သည်​ပင် ထိုသို့​ဆက်​တည်မြဲ​မည်​ဟု ကျွန်ုပ်​တို့ မယူမှတ်​နိုင်​ချေ။ ယေရှု​က ဘုရားသခင်​၏​ကောင်းကင်သား​တစ်ဦး​သည် ‘သစ္စာတရား​၌​မတည်​မနေ​ခဲ့’ ကြောင်း မိန့်တော်မူ​ခဲ့​သည်။ (ယောဟန် ၈:၄၄) ထို့​ပြင် အတိတ်​က ယေဟောဝါ​ကို အတော်အတန်​ကြာ ဝတ်ပြု​ကိုးကွယ်​ခဲ့​သော ကောရိန္သု​အသင်းသား​အချို့​သည် နောက်ပိုင်း​တွင် ပျက်ကွက်​ခဲ့​ကြ​ကြောင်း ပေါလု​အမှတ်​ရစေ​ခဲ့​သည်။ ဝိညာဉ်​တော်​ဖွား​ကောင်းကင်​အတန်းအစား​ညီအစ်ကို​များ​ကို သူ​ဤသို့​သတိပေး​ခဲ့​သည်– “အကြင်သူသည် မိမိ​တည်ကြည်​လျက်​နေသည်​ဟု မိမိ​ထင်မှတ်​၏၊ ထို​သူသည် မလဲ​ခြင်း​ငှာ​သတိပြု​စေ။” (၁ ကောရိန္သု ၁၀:၁၂) ဤ​သတိပေး​ချက်​က ကောလောသဲ​အသင်းသား​တို့ကို “အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” စေမည်​အကြောင်း ဆုတောင်းချက်​တွင် ထပ်၍​အားဖြည့်ပေး​သည်။ သူတို့သည် ပြည့်ဝ၊ ကြီးရင့်​လာသော​အခါ ရွေ့​လျော့​ခြင်း၊ ခြေ​ကုန်​လက်ပန်းကျခြင်း သို့​မဟုတ် လွင့်မျော​လမ်းလွဲ​သွားခြင်း​မရှိဘဲ ဆက်လက်​တည်မြဲ​ရန် လိုအပ်​ခဲ့​သည်။ (ဟေဗြဲ ၂:၁; ၃:၁၂; ၆:၆; ၁၀:၃၉; ၁၂:၂၅) သို့ဖြင့် သူတို့အား စိစစ်​ကာ နောက်ဆုံး​မျက်နှာသာ​ချမှတ်​ရာ​နေ့ရက်​တွင် သူတို့သည် “အပြည့်အဝ” ဖြစ်နေ​မည်။—၂ ကောရိန္သု ၅:၁၀; ၁ ပေတရု ၂:၁၂

၁၀၊ ၁၁။ (က) ကျွန်ုပ်​တို့အတွက် ဆုတောင်းခြင်း​ဆိုင်ရာ အဘယ်​စံနမူနာ​ကို ဧပဖြ ချမှတ်​ပေး​ခဲ့​သနည်း။ (ခ) ဧပဖြ​ပြုလုပ်​ခဲ့​ရာ​နှင့်​အညီ သင်​အဘယ်အရာ​ပြုလုပ်​ဖို့ စိတ်ပိုင်းဖြတ်​လို​မည်​နည်း။

၁၀ အခြားသူ​တို့အတွက် အမည်​ဖြင့်​ဆုတောင်း​ပေးခြင်း​၏​အရေးပါမှု၊ သူတို့ကို ယေဟောဝါ​ကူညီ​ရန်၊ နှစ်သိမ့်မှု​ပေး​ရန်၊ ကောင်းချီး​ပေး​၍ သန့်ရှင်းသော​ဝိညာဉ်​တော်​သွန်းလောင်း​ပေး​မည်​အကြောင်း တောင်းလျှောက်​ခြင်း​၌ သတ်သတ်မှတ်မှတ်​ရှိစေ​ခြင်း​တို့ကို ကျွန်ုပ်​တို့ ဆွေးနွေး​နှင့်​ခဲ့​ပြီး​ဖြစ်သည်။ ကောလောသဲ​အသင်းသားများ​အတွက် ဧပဖြ​၏​ဆုတောင်းချက်​များ​မှာ ထို​သဘော​မျိုး​ဖြစ်သည်။ ၎င်း​ပြင် ထိုစကား​များ​ထဲ​တွင် ယေဟောဝါ​ထံ​ဆုတောင်းချက်​၌ ကျွန်ုပ်​တို့​ကိုယ်နှိုက်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​တောင်းလျှောက်​အပ်သော တန်ဖိုး​ရှိသည့်​အကြံဉာဏ်​ပေး​ချက်​ကို ရှာတွေ့နိုင်​သည်—အမှန်​တွင် ရှာတွေ့​သင့်​သည်။ ကျွန်ုပ်​တို့​ယောက်​တိုင်း “အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” မည့်​ပန်းတိုင်​ရောက်​သည့်​အထိ ယေဟောဝါ​ကူညီ​ရန်​အတွက် ကျွန်ုပ်​တို့​တောင်းခံ​သင့်​သည်​မှာ စဉ်းစားစရာ​ပင်မ​လို​ချေ။ အသင်​ကော​တောင်းခံ​ပါသလော။

၁၁ သင့်​အခြေအနေ​ကို ဆုတောင်း​ကာ​တင်ပြ​ပါ​လေ။ “ပြည့်ဝ”၊ ကြီးရင့်၊ ရင့်ကျက်ခြင်း​အဖြစ်သို့ သင်၏​ရောက်ရှိ​မှု​အတိုင်းအတာ​နှင့်​ပတ်သက်​၍ ဘုရားသခင်​အား ပြောဆို​ပါ။ ဝိညာဉ်​ရေး​ဆိုင်ရာ ကြီးထွား​ရန်လို​အပ်​သေး​သည့်​ကဏ္ဍ​များ​ကို သင်​သိရှိ​စေရန်​ကူညီ​ပေးဖို့ ကိုယ်တော်​ထံ အသနားခံ​ပါ။ (ဆာလံ ၁၇:၃; ၁၃၉:၂၃၊ ၂၄) ယင်း​ကဲ့သို့​သော အပိုင်းကဏ္ဍ​အချို့ သင်၌​ရှိနေ​မည်​မှာ သေချာ​ပါ​သည်။ ထို​အခါ ယင်းကြောင့် စိတ်အား​လျော့​လက်မှိုင်ချ​မည့်​အစား တိုးတက်​ရန်​အကူအညီ​အတွက် ဘုရားသခင်​ထံ ရှင်းလင်း​တိကျ​စွာ တိုးလျှိုး​အသနားခံ​ပါ။ ယင်းကို တစ်ကြိမ်​ထက်မက ပြုလုပ်​ပါ​လေ။ အမှန်​မှာ သင်သည် “အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” မည်​အကြောင်း ဤ​လာ​မည့်​ရက်သတ္တပတ်​တွင် အတော်ပင်​အသေးစိတ် သင်​ဆုတောင်း​မည်​ဟု ဆုံးဖြတ်ထား​ပါ​လေ။ နှစ်ချုပ်​ကျမ်းချက်​ကို သင်​သုံးသပ်​ရင်း သာ၍​ပြုလုပ်​ရန် ကြံရွယ်​ထား​ပါ​လေ။ သင့်​ဆုတောင်းချက်​များ​တွင် သင့်​အား ဘုရားသခင်​၏​လုပ်ငန်းတော်​မှ ရွေ့​လျော့၊ ခြေ​ကုန်​လက်ပန်းကျ သို့​မဟုတ် လွင့်မျော​တိမ်း​လွဲသွား​စေနိုင်​သည့် စိတ်​တိမ်း​ညွှတ်​စေနိုင်​ရာ​များနှင့် ထိုသို့​ဖြစ်​ခြင်း​ကို မည်သို့​ရှောင်ရှား​နိုင်​ပုံ​အား အာရုံစိုက်ပါ​လေ။—ဧဖက် ၆:၁၁၊ ၁၃၊ ၁၄၊ ၁၈

ခိုင်မြဲ​သော​စိတ်ချမှု​အတွက် ဆုတောင်း​ပါ

၁၂။ ကောလောသဲ​အသင်းသားများ​သည် အထူးသဖြင့် “ခိုင်မြဲ​သော​စိတ်ချမှု” အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း။

၁၂ ကောလောသဲ​အသင်းသား​တို့သည် နောက်ဆုံး​တွင် ဘုရားသခင့်​လက်ခံဖွယ်​ကောင်းသော​ရပ်တည်မှု​ကို တွေ့ရ​ဖို့ အရေးပါ​ခဲ့​သည့် နောက်ထပ်​အရာတစ်ခု​အတွက်​လည်း ဧပဖြ​က​ဆုတောင်း​ခဲ့​သည်။ ယင်းသည် ကျွန်ုပ်​တို့အတွက် ထပ်တူ​အရေးကြီး​သည်။ ၎င်း​ကား အဘယ်နည်း။ သူက “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့်” သူတို့​ရပ်တည်​မည်​အကြောင်း သူ​ဆုတောင်း​ခဲ့​သည်။ သူတို့၏​ပတ်ပတ်လည်​တွင် အယူ​လွဲ​သူများ၊ လှိုက်စား​တတ်သော​အတွေးအခေါ်​များနှင့်​ဝိုင်းပတ်​လျက်​ရှိပြီး၊ ယင်း​တို့​ထဲ​မှ​အချို့​မှာ စစ်မှန်သော​ဝတ်ပြုရေး​အယောင်ဆောင်​ထား​၏။ ဥပမာ၊ သူတို့သည် ဂျူး​ဘာသာရေး​၌ တစ်ချိန်က​လိုအပ်​ခဲ့​သော အစာရှောင်​ရာ သို့​မဟုတ် ပွဲခံ​ရာ အထူး​နေ့ရက်​များ​ကို စောင့်ထိန်း​ရန်​ဖိအားပေး​ခံ​ခဲ့​ရသည်။ အယူမှား​ဆရာ​တို့​က မောရှေ​ထံ ပညတ်တော် ပို့ဆောင်​ရန် အသုံးပြု​ခံ​ရလေ့​ရှိသည့် တန်ခိုး​ရှိသော​နာမ်ဝိညာဉ်သား ကောင်းကင်တမန်​များ​ထံ အာရုံရောက်​နေကြ၏။ ၎င်း​ကဲ့သို့​သော ဖိအားပေး​မှုများ​ခံ​နေရ​ခြင်း​ကို စဉ်းစား​ကြည့်​လိုက်ပါ! ဆန့်ကျင်ဘက် အယူအဆ​အမျိုးမျိုးဖြင့် ရှုပ်ထွေး​နေသည်။—ဂလာတိ ၃:၁၉; ကောလောသဲ ၂:၈၊ ၁၆-၁၈

၁၃။ ကောလောသဲ​အသင်းသားများ​ကို အဘယ်​အချက်​က အကူအညီ​ပေး​နိုင်​ကြောင်း အသိအမှတ်​ပြုလျက် ယင်းက ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၃ ပေါလု​က ယေရှု​ခရစ်​၏​အခန်းကဏ္ဍကို အလေးပေး​ဖော်ပြ​ကာ တုံ့ပြန်​ချေပ​ခဲ့​သည်။ “သင်တို့သည် သခင်​ယေရှု​ခရစ်​ကို​ခံယူ​ပြီး​သည်​ဖြစ်၍၊ ထို​သခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်​ခြင်း​ရှိ​လျက်၊ နည်း​ဥပဒေသကို​ခံ​ပြီး​သည်​အတိုင်း ယုံကြည်ခြင်း၌ မြဲမြံ​စွာ​စွဲလမ်း​လျက် . . . ထို​သခင်၌​ကျင်လည်​ကြလော့။” မှန်ပါသည်၊ ဘုရားသခင်​၏​ရည်ရွယ်တော်မူချက်​နှင့် ကျွန်ုပ်​တို့၏​အသက်တာ​၌ ခရစ်တော်​၏​အခန်းကဏ္ဍနှင့်​ပတ်သက်​၍ (ကောလောသဲ​အသင်းသားများ​နှင့် ကျွန်ုပ်​တို့အတွက်​ပါ) အပြည့်အဝ​ယုံကြည်​စိတ်ချမှု​ရှိဖို့လို​သည်။ ပေါလု​က ဤသို့​ရှင်းပြ​ခဲ့​သည်– “ဘုရားသခင်​၏ ဇာတိ​အဖြစ်တော်​၏ ပြည့်စုံခြင်း​အပေါင်း​သည် ခရစ်တော်​၌ ကိုယ်​ထင်ရှား​၍ ကျိန်းဝပ်​တော်​မူ​၏။ အထွတ်အမြတ်​အာဏာစက်​ရှိသမျှကို အုပ်စိုး​တော်​မူ​သော ထို​သခင်၌ သင်တို့သည် စုံလင်ခြင်း​ရှိကြ​၏။”—ကောလောသဲ ၂:၆-၁၀

၁၄။ ကောလောသဲ​ရှိသူတို့​အတွက် မျှော်လင့်ချက်​သည် အဘယ်ကြောင့်​တကယ့်​အရာ ဖြစ်သနည်း။

၁၄ ကောလောသဲ​အသင်းသားများ​သည် ဝိညာဉ်​တော်​ဖွား-ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များ ဖြစ်​ကြသည်။ သူတို့တွင် ထင်ရှားသော ကောင်းကင်​အသက်တာ​မျှော်လင့်ချက်​ရှိ​ထား​ကြ​ပြီး အဆိုပါ​မျှော်လင့်ချက်ကို တောက်ပ​နေ​စေရန် ခိုင်လုံ​သော​အကြောင်းရင်း သူတို့တွင်​ရှိ​ထား​၏။ (ကောလောသဲ ၁:၅) သူတို့၏​မျှော်လင့်ချက် သေချာ​မှု​နှင့်​ပတ်သက်​၍ သူတို့တွင် ခိုင်မြဲ​သော​စိတ်ချမှု​ရှိ​ရန်​မှာ “ဘုရားသခင်​၏​အလိုတော်” ဖြစ်သည်။ သူတို့​ထဲ​မှ​တစ်ဦးဦး​သည် အဆိုပါ​မျှော်လင့်ချက်​အပေါ် သံသယဝင်​သင့်​သလော။ လုံးဝ​မဝင်​သင့်​ပါ​လေ! ယင်းသည် ယနေ့ ဘုရားသခင်​ပေး​ထား​သည့် မြေကြီး​ပရဒိသု​တွင် အသက်​ရ​ရန် အလားအလာ​ရှိသူ​အားလုံး​အတွက်​ကော ခြားနား​သင့်​သလော။ အမှန်ပင် မခြားနား​သင့်​ချေ! အဆိုပါ​ခိုင်လုံ​သော​မျှော်လင့်ချက်​သည် “ဘုရားသခင်​၏​အလိုတော်” တွင်​ပါဝင်​သည်​မှာ ထင်ရှား​ပါ​သည်။ ယခု​တွင် ဤ​မေးခွန်းများကို သုံးသပ်ကြည့်​ပါ– သင်သည် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကို​ကပ်ကျော်​မည့် “လူအုပ်ကြီး” ဝင်​တစ်ဦး​အဖြစ် ကြိုးစား​အားထုတ်​နေ​သူ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သင်၏​မျှော်လင့်ချက်​သည် မည်မျှ​အမှန်တကယ်​ဖြစ်သနည်း။ (ဗျာဒိတ် ၇:၉၊ ၁၄) ယင်းသည် သင်၏ “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု” တစ်စိတ်​တစ်ပိုင်း​ဖြစ်သလော။

၁၅။ မျှော်လင့်ခြင်း​ပါဝင်​သည့် အဘယ်​ဆက်တိုက်​အစဉ်လိုက်​ကို ပေါလု​ဖော်ပြ​ခဲ့​သနည်း။

၁၅ “မျှော်လင့်ခြင်း” ဟု​ဆို​သော် ယောင်​ဝါး​ဝါး​လိုအင်ဆန္ဒ သို့​မဟုတ် စိတ်ကူးယဉ်​မှု​တစ်ခု​ဟု ဆိုလို​သည်မဟုတ်။ ယင်း​သို့​မဆိုလို​ကြောင်း အစောပိုင်းက ရောမမြို့​သို့ ပေါလု​ဖော်ပြ​ခဲ့​သော အစဉ်လိုက်​အချက်အလက်​များ​မှ ကျွန်ုပ်​တို့​တွေ့ရှိ​နိုင်​သည်။ ထို​အစဉ်လိုက်​တွင် ဖော်ပြ​ထား​သည့်​အရာတစ်ခု​စီ​သည် နောက်​အချက်​နှင့် ချိတ်ဆက်​နေ သို့​မဟုတ် နောက်​အချက်​ဆီ​သို့​ဦးတည်​ပေး​သည်။ မိမိ၏​သုံးသပ်မှု​တွင် “မျှော်လင့်ခြင်း” ကို အဘယ်​နေရာ၌ ပေါလု​ထား​ကြောင်း အာရုံစိုက်ပါ– “ဆင်းရဲခြင်း​ကို​ခံ​၍ ဝါကြွား​ဝမ်းမြောက်ခြင်း​ရှိကြ​၏။ အကြောင်း​မူ​ကား၊ . . . ဆင်းရဲခြင်း​သည် သည်းခံခြင်း​ကို​ပြုစု​တတ်၏။ သည်းခံခြင်း​သည်လည်း သက်သေ​ထင်ရှား​ခြင်း​ကို​ပြုစု​တတ်၏။ သက်သေ​ထင်ရှား​ခြင်း​သည်လည်း မျှော်လင့်ခြင်း​ကို​ပြုစု​တတ်၏။ ထို​မျှော်လင့်ခြင်းသည် ရှက်ကြောက်​စ​ရာ​အကြောင်း​နှင့်​ကင်းလွတ်​၏။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား၊ . . . သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်​၏​မေတ္တာတော်ကို ငါ​တို့​စိတ်နှလုံး​ထဲ​သို့ ညွန်း​လောင်း​တော်​မူ​၏။”—ရောမ ၅:၃-၅

၁၆။ သမ္မာကျမ်းစာ​အမှန်တရားကို သင်​လေ့လာ​သည်​နှင့်​အမျှ အဘယ်​မျှော်လင့်ချက် သင်၌​ရှိလာ​သနည်း။

၁၆ ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​သတင်းစကားကို သင့်​အား ဦးဆုံး​အကြိမ်​ဝေမျှ​ခဲ့​ချိန်​တွင် လူသေ​တို့၏​အခြေအနေ သို့​မဟုတ် ရှင်ပြန်ထမြောက်ခြင်း​ကဲ့သို့​သော အမှန်တရား​တစ်ခုခု​က သင့်​အာရုံ​ကို ဖမ်းစား​ခဲ့​ပေမည်။ များစွာ​တို့အတွက် အဓိက​အားဖြင့် နားလည်​သဘောပေါက်မှု​အသစ်​မှာ သမ္မာကျမ်းစာ​၌​အခြေခံ​သော မြေကြီး​ပရဒိသု​အသက်တာ အလားအလာ​ဖြစ်၏။ အဆိုပါ​သွန်သင်ချက်​အား သင်​ဦးဆုံး​ကြား​ရသည့်​အချိန်ကို ပြန်​အမှတ်ရပါ။ မည်မျှ​အံ့ဖွယ်ကောင်း​လိုက်​သည့်​မျှော်လင့်ချက်—ဖျားနာ​မှု​နှင့် အသက်​ကြီးရင့်​မှုမရှိ၊ သင်​လုပ်ဆောင်မှု​၏​အကျိုးကျေးဇူးများ​ကို သင်​မွေ့လျော်​ခံစား​နိုင်၊ တိရစ္ဆာန်​များနှင့်​သင့်မြတ်​နေ​မည်​တည်း! (ဒေ. ၉:၅၊ ၁၀; ဟေရှာယ ၆၅:၁၇-၂၅; ယောဟန် ၅:၂၈၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ကောင်းမြတ်လှ​သော​မျှော်လင့်ချက်ကို သင်​ရယူ​လေ​ပြီ!

၁၇၊ ၁၈။ (က) ရောမ​အသင်းတော်​သို့ ပေါလု​တင်ပြ​ခဲ့​သော​အကြောင်း​သည် မည်သို့​မျှော်လင့်ခြင်း​သို့ ဦးတည်​သွား​သနည်း။ (ခ) ရောမ ၅:၄-၅ ၌ အဘယ်​မျှော်လင့်ချက်​မျိုးကို ဆိုလိုခြင်း​ဖြစ်သနည်း၊ ယင်း​မျှော်လင့်ချက်​မျိုး သင်၌​ရှိသလော။

၁၇ တဖြည်းဖြည်း​နှင့် ဆန့်ကျင်မှု သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်းမှု​အချို့​ကို သင်ရင်​ဆိုင်​ရ​ပေမည်။ (မဿဲ ၁၀:၃၄-၃၉; ၂၄:၉) မကြာသေးမီ​နှစ်များ​က​ပင် နိုင်ငံ​အသီးသီး​ရှိ​သက်သေခံ​များသည် သူတို့၏​နေအိမ်များ​အသိမ်း​ခံ​ခဲ့​ရ၏ သို့​မဟုတ် တစ်​နေရာတွင် သွားရောက်​ခိုလှုံ​ရသည့်​ဘဝ​ရောက်​ခဲ့​ကြ​ရသည်။ အချို့​တို့​မှာ ကိုယ်​ထိ​လက်ရောက်​စော်ကား​ခံ​ခဲ့​ရသည်၊ သူတို့၏​ကျမ်းစာ​စာပေ​များ​မှာ အသိမ်း​ခံရ​၏၊ သို့​မဟုတ် ဆက်သွယ်ရေး​သတင်း​တွင် လိမ်ညာ​သတင်းလွှင့်​ခံရ​သည့် အဓိက​ပစ်မှတ်​ဖြစ်လာ​ကြသည်။ မည်သည့် နှိပ်စက်​ညှဉ်းပန်းမှု​မျိုးကို​မဆို သင်ရင်​ဆိုင်​ရ​ပါစေ၊ ရောမ ၅:၃ ၌ ဖော်ပြ​ထား​သကဲ့သို့ ခက်ခဲ​ဆင်းရဲခြင်း​ကို​ခံရသော​အခါ သင်သည် ဝါကြွား​ဝမ်းမြောက်​နိုင်၏၊ ယင်းက ကောင်းကျိုး​ရစေသည်။ ပေါလု​ရေးသားခဲ့​သကဲ့သို့ပင် ခက်ခဲ​ဆင်းရဲခြင်း​က သင့်​အား ခံနိုင်ရည်​ရှိလာ​စေ​သည်။ သို့​နှင့် ခံနိုင်ရည်​က မျက်နှာသာ​ရ​အခြေအနေ​ကို ရရှိစေ​သည်။ မှန်ကန်​ရာ၊ ဘုရားသခင့်​အလိုတော်​ရှိရာ​ကို သင်​ဆောင်ရွက်​နေခြင်း​ဖြစ်​ကြောင်း သိထား​ရာ သို့ဖြင့် ကိုယ်တော်​၏​မျက်နှာသာတော်​ကို သင်​ရရှိ​ထား​ကြောင်း စိတ်ချ​နေ​၏။ ပေါလု​၏​စကား​အရ သင်သည် “မျက်နှာသာ​ရသော​အခြေအနေ” (က​ဘ) တွင်​ရှိနေကြောင်း သင်​သိ​နားလည်​သည်။ ပေါလု​က​ဆက်၍ ‘မျက်နှာသာ​ရသော​အခြေအနေ​က တစ်ဖန် မျှော်လင့်ခြင်း​ကို​ဖြစ်စေ’ ကြောင်း​ရေးသားခဲ့သည်။ ယင်းသည် အနည်းငယ်​ထူးဆန်း​ဖွယ်​ရှိ​ပေမည်။ ပေါလု​သည် “မျှော်လင့်ခြင်း” ကို ဤ​နေရာ​ရောက်​မှ​အဘယ်ကြောင့်​ဖော်ပြ​ရသနည်း။ သတင်းကောင်းကို ဦးဆုံး​အကြိမ်​သင်ကြား​သိ​ခါ​စ​က​ဖြစ်သော သည့်​မတိုင်မီ​က သင့်​၌ မျှော်လင့်ချက်​မရှိခဲ့​၍​လော။

၁၈ ထင်ရှား​နေသည်​ကား ဤ​တွင် ပေါလု​သည် စုံလင်သော​အသက်တာ​အတွက် မျှော်လင့်ချက်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​ဦးဦးဖျားဖျား​ခံစားချက်​ကို ရည်ညွှန်း​နေခြင်း​မဟုတ်​ချေ။ ယင်း​ထက်မက သူ​ရည်ညွှန်းခြင်း​ဖြစ်သည်; ၎င်း​သည် သာ၍​နက်ရှိုင်း​ပြီး ပိုမို​လှုံ့ဆော်မှု​ပေး​သည်။ ကျွန်ုပ်​တို့သည် သစ္စာရှိ​ရှိ​ခံ​ရပ်၍ သို့​နှင့် ဘုရားသခင့်​မျက်နှာသာတော်​ကို ကျွန်ုပ်​တို့​ရရှိကြောင်း သိရှိ​သောအခါ ယင်းက ကျွန်ုပ်​တို့၏​မျှော်လင့်ချက်​အပေါ် ထပ်၍​နက်နက်ရှိုင်းရှိုင်း​အကျိုး​သက်ရောက်​စေ​ကာ ခိုင်မာ​စေ​သည်။ ကျွန်ုပ်​တို့​တွင်​ရှိခဲ့​သော ထို​ဦးဦးဖျားဖျား​မျှော်လင့်ချက်​သည် ယခု သာ၍​အမှန်တကယ်​ဖြစ်လာ​ကာ ပိုမို​ခိုင်ခံ့​ပြီး ပို​၍​ကိုယ်ပိုင်​ဖြစ်လာ​သည်။ ဤ​နက်ရှိုင်း​သော​မျှော်လင့်ချက်​သည် ပို​၍​တောက်ပ​စွာ ထိန်လင်း​လာ​၏။ ယင်းသည် ကျွန်ုပ်​တို့၏​အသွေးအသား​ထဲ​တွင် စိမ့်ဝင်​ပျံ့နှံ့​သွားလေသည်။ “ထို​မျှော်လင့်ခြင်းသည် ရှက်ကြောက်​စ​ရာ​အကြောင်း​နှင့်​ကင်းလွတ်​၏။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့အားပေး​တော်​မူ​သော သန့်ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်​၏​မေတ္တာတော်ကို ငါ​တို့​စိတ်နှလုံး​ထဲ​သို့ ညွန်း​လောင်း​တော်​မူ​၏။”

၁၉။ သင်၏​မျှော်လင့်ခြင်းသည် သင့်​ပုံမှန်​ဆုတောင်းချက်​များ​၏ တစ်စိတ်​တစ်ပိုင်း မည်သို့​ဖြစ်စေ​သင့်​သနည်း။

၁၉ ကောလောသဲ​ရှိ မိမိ၏​ညီအစ်ကို၊ ညီအစ်မ​များ​၏​စိတ်နှလုံး​ကို ထိမိ​ပြီး သူတို့၏​ရှေ့၌ ချထား​သော​အရာ​ကို ယုံကြည်​စိတ်ချ​ကာ “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု” ရှိစေ​မည့်​အကြောင်း ဧပဖြ​စိတ်​ထက်သန်​စွာ​ဆုတောင်း​ခဲ့​သည်။ ကျွန်ုပ်​တို့၏​အစအဦး​မျှော်လင့်ချက်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ယောက်​တိုင်း အလားတူ ဘုရားသခင်​ထံ မှန်မှန်​ချဉ်းကပ်​ကြ​စို့။ သင်၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​တွင် ကမ္ဘာသစ်​နှင့်​စပ်​လျ​ဉ်း​သည့် သင်၏​မျှော်လင့်ချက်ကို ထည့်​တောင်း​ပါ။ ပြည့်စုံ​လာ​မည်​ကို အပြည့်အဝ​ယုံကြည်မှု​စိတ်ချမှု​ဖြင့် ယင်းကို သင်​မည်မျှ​တိုင် တောင့်တ​ကြောင်း ယေဟောဝါ​ထံ​ဖွင့်​ချပါ။ သင်၏​ယုံကြည်​စိတ်ချမှု​ကို နက်ရှိုင်း​၍ ကျယ်ဝန်း​လာ​စေရန် ကူမ​ပေးဖို့ ကိုယ်တော်​ထံ အသနားခံ​ပါ။ ကောလောသဲ​အသင်းသားများ​သည် “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု” ရှိစေ​မည့်​အကြောင်း ဧပဖြ​ဆုတောင်း​ခဲ့​သကဲ့သို့ ဆုတောင်း​ပါ​လေ။ မကြာခဏ တောင်းလျှောက်​ပါ​လေ။

၂၀။ ခရစ်ယာန်​လမ်းစဉ်​မှ လူ​အနည်းငယ် သွေဖည်​သွား​လျှင် ယင်းက စိတ်ဓာတ်ကျ​စ​ရာ​အကြောင်း အဘယ်ကြောင့်​မဟုတ်​သနည်း။

၂၀ လူတိုင်း ခိုင်မြဲ​သော​ယုံကြည်​စိတ်ချမှု​နှင့် အပြည့်အဝ​ရပ်တည်မှု မရှိသည့်​အချက်​ကြောင့် သင်သည် စိတ်​လွင့်ပါး​သွားခြင်း သို့​မဟုတ် စိတ်ပျက်​အားလျော့​သွားခြင်း မဖြစ်​သင့်​ချေ။ အချို့​မှာ ကျရှုံး​သွား​မည်၊ သွေဖည်​သွား​မည် သို့​မဟုတ် လက်မြှောက်​အရှုံးပေး​လျှင် ပေး​ပေမည်။ ယင်းသည် ယေရှု​နှင့်​အရင်းနှီးဆုံး​သော ကိုယ်တော်​၏​တမန်​တော်​များ​ထဲ​၌​ပင် ဖြစ်ပျက်​ခဲ့​သည်။ သို့သော် ယုဒ​သစ္စာဖောက်​သွားသော​အခါ အခြား​တမန်​တော်​များသည် အရှိန်​လျော့နည်း သို့​မဟုတ် ထွက်ခွာ​သွားခဲ့​ကြ​သလော။ လုံးဝ​မဖြစ်ခဲ့​ချေ! ယုဒ​၏​နေရာကို အခြားသူ​က​ယူ​မည့်​အကြောင်း ဖော်ပြ​ရန် ဆာလံ ၁၀၉:၈ ကို ပေတရု​က ဆက်စပ်​တင်ပြ​ခဲ့​သည်။ အစားထိုး​သူ​တစ်ဦး​ကို ရွေးချယ်​ခဲ့​ပြီး ဘုရားသခင်​၏​သစ္စာရှိ​သူတို့သည် မိမိတို့၏​ဟောပြောခြင်း​တာဝန်​ကို ဆက်လက်​တက်ကြွ​စွာ​လုပ်ဆောင်ခဲ့​ကြသည်။ (တမန်​တော် ၁:၁၅-၂၆) ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်​ရန် သူတို့​စိတ်ပိုင်းဖြတ်​ထားခဲ့​ကြသည်။

၂၁၊ ၂၂။ ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် သင်သည် အပြည့်အဝ​ရပ်တည်​ကြောင်းကို အဘယ်​သဘော​မျိုး​ဖြင့် သတိပြု​ခြင်း​ခံရ​မည်​နည်း။

၂၁ ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် သင်၏​အပြည့်အဝ​ရပ်တည်ခြင်း​ကို ဘုရားသခင်​မသိ​မှတ်​ဘဲ​နေ​မည်​မဟုတ်​ကြောင်း သင် အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​နိုင်​ပါ​သည်။ ယင်းသည် သတိပြု​ခံရ​ကာ လေးမြတ်​တန်ဖိုး​ထား​ခံရ​မည်။ မည်သူ​တို့​က​နည်း။

၂၂ သင့်​အား သိ​ရှိ၍​ချစ်​မြတ်နိုးကြသော သင်၏​ညီအစ်ကို၊ ညီအစ်များ​က သတိပြုမိ​ကြလိမ့်မည်။ အများစုမှာ ယင်းကို စကား​အားဖြင့် မဖော်​ပြ​ကြ​လင့်​ကစား အကျိုး​သက်ရောက်မှု​မှာ ၁ သက်သာလောနိတ် ၁:၂-၆ (သတင်းကောင်း) တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်ရှု​မိ​ကြ​ရာ​နှင့် အလားတူ​ပေ​လိမ့်​မည်– “ငါ​တို့သည် သင်တို့​အတွက် အဖ​ထာဝရ​ဘုရားထံ​တော်​သို့ ဆုတောင်း . . . သည့်​အခါတိုင်း သင်တို့သည် ခရစ်တော်​ကို​ယုံကြည်ခြင်း​ကြောင့် အဘယ်​သို့​ပြုမူ​ကျင့်ကြံ​ကြသည်​ကိုလည်း​ကောင်း၊ ခရစ်တော်​ကို​ချစ်ခြင်း​ကြောင့် အဘယ်​သို့​ကြိုးစား​လုပ်ဆောင်ကြ​သည်ကို​လည်းကောင်း၊ ငါ​တို့​သခင် ယေရှု​ခရစ်​အား အဘယ်​သို့​ယုံကြည်​စိတ်ချ​စွာ မျှော်ကိုး​ကြသည်​ကိုလည်း​ကောင်း သတိရ​သဖြင့် သင်တို့​အတွက် အစဉ်​ပင် ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ဆုတောင်း . . . ကြ​ပါ​၏။ အဘယ်ကြောင့်​ဆို​သော် . . . သတင်းကောင်းကို စကား​သက်​သက်​ဖြင့်​သာ​မဟုတ်ဘဲ၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​တန်ခိုး​နှင့်​လည်းကောင်း၊ ထို​သတင်းကောင်း​မှန်ကန်ကြောင်း​ကို အကြွင်းမဲ့ယုံ​ကြည်​သော​စိတ်​နှင့်​လည်းကောင်း သင်တို့အား ကြေညာ​ဟောပြောသော​ကြောင့်​ဖြစ်၏။ . . . သင်တို့သည် ငါ​တို့၏​ပုံသက်သေ​နှင့် သခင်​ဘုရား​၏​ပုံသက်သေ​အတိုင်း လိုက်လျှောက်​ခဲ့​ကြ​၏။” သင့်​ပတ်လည်​ရှိ သစ္စာ​ရှိသော​ခရစ်ယာန်​များ​အနေ​ဖြင့် သင်သည် “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်” ကြောင်း တွေ့မြင်​ကြသည်​နှင့် သူတို့လည်း အလားတူ​ခံစား​မိ​ကြလိမ့်မည်။—ကောလောသဲ ၁:၂၃

၂၃။ ဤ​လာ​မည့်​နှစ်​အတွင်း သင်၏​စိတ်ပိုင်းဖြတ်​ထား​ရာ​ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။

၂၃ အလားတူ​ပင် သင်၏​ကောင်းကင်​ခမည်းတော်​သည် သတိပြုမိ​ကာ နှစ်သက်​တော်​မူ​မည်​မှာ သေချာ​ပါ​သည်။ ၎င်းကို ယုံကြည်​စိတ်ချ​ပါ​လေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သင်သည် “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌” ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်​သောကြောင့်​တည်း။ ပေါလု​သည် ကောလောသဲ​အသင်းသား​တို့​ထံ ‘အဆုံးအထိ စိတ်တော်နှင့်​အပြည့်အဝ​တွေ့​ခြင်း​ငှာ ယေဟောဝါ​နှင့်​ထိုက်တန်​စွာ’ သူတို့၏​လျှောက်လှမ်းခြင်း​နှင့်​ပတ်သက်​၍ အားပေးစာ​ရေးသားခဲ့​သည်။ (ကောလောသဲ ၁:၁၀က​ဘ) မှန်ပါသည်၊ မစုံလင်​သော​လူသားများ​သည် ကိုယ်တော်​ကို အပြည့်အဝ​နှစ်သက်စေ​ရန် လုပ်ဆောင်​နိုင်​ပါ​သည်။ သင်၏​ကောလောသဲ​ညီအစ်ကို​နှင့် ညီအစ်မ​များသည် ထိုသို့​ပြုလုပ်​ခဲ့​ကြသည်။ ယခု​တွင် သင့်​ပတ်လည်​ရှိ​ခရစ်ယာန်​များသည် ထိုသို့​ပြုလုပ်​နေကြ၏။ သင်လည်း ပြုလုပ်​နိုင်​သည်​တကား! သို့​ဖြစ်၍ ဤ​လာ​မည့်​နှစ်​အတောအတွင်း သင်၏​နေ့စဉ်​ဆုတောင်းချက်​များနှင့် သင့်​ပုံမှန်​လုပ်ရပ်များ​က သင်သည် “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” ရန် စိတ်ပိုင်းဖြတ်​ထား​ကြောင်း သက်သေထူ​ပါစေ။

သင်​မှတ်မိ​နိုင်​သလော

• သင်၏ ‘အပြည့်အဝ​ရပ်တည်ခြင်း’ ၌ အဘယ်အရာ​ပါဝင်​သနည်း။

• ဆုတောင်းချက်​တွင် သင်​ကိုယ်နှိုက်​နှင့်​ပတ်သက်​၍ ထည့်​တောင်း​သင့်​သည့်​အရာများ​ကား အဘယ်နည်း။

ရောမ ၅:၄၊ ၅ တွင် အကြံပြု​ထား​သည့်​အတိုင်း အဘယ်​ယုံကြည်ခြင်း​မျိုး သင်​ရှိ​လို​သနည်း။

• လာ​မည့်​နှစ်​တွင် အဘယ်​ပန်းတိုင်​ထား​ရှိ​ရန် ကျွန်ုပ်​တို့၏​လေ့လာမှု​က သင့်​အား လှုံ့ဆော်ပေး​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မိမိ၏​ညီအစ်ကို​များသည် ခရစ်တော်​နှင့် သူတို့၏​မျှော်လင့်ချက်​နှင့်​ပတ်သက်​၍ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်​နိုင်​စေရန် ဧပဖြ​ဆုတောင်းပေး​ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အခြား​သန်းပေါင်း​များစွာ​တို့​တွင်​လည်း သင်၏​စစ်မှန်သော​မျှော်လင့်ချက်​နှင့် ခိုင်မြဲ​သော​စိတ်ချမှု​မျိုး​ရှိကြ