မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချီအာပါ့စ် ကုန်းမြင့်များသို့ ငြိမ်သက်ခြင်း သတင်းကောင်းရောက်ရှိ

ချီအာပါ့စ် ကုန်းမြင့်များသို့ ငြိမ်သက်ခြင်း သတင်းကောင်းရောက်ရှိ

ချီအာပါ့စ် ကုန်းမြင့်​များ​သို့ ငြိမ်သက်ခြင်း သတင်းကောင်း​ရောက်ရှိ

အာပါ့စ်​ပြည်နယ်​တွင် လူတိုင်း​မှတ်မိ​နိုင်​သည့် ရက်စက်​စွာ​အစုလိုက်​အပြုံလိုက်​သတ်ဖြတ်မှု​ကြီး​မှာ နို့စို့​သူငယ် ၁၃ ဦး​အ​ပါ ခုခံနိုင်​စွမ်း​မရှိသော တောင်သူလယ်သမား ၄၅ ဦး​ကို . . . လက်နက်ကိုင်​လူ​တစ်စု​က သတ်ဖြတ်မှု​ပင်​ဖြစ်သည်။ ၁၉၉၇၊ ဒီဇင်ဘာ ၂၂ ရက်​နေ့၌ ချီအာပါ့စ်​ပြည်နယ်၊ အဲ​ခ်​တီး​ယဲလ်​ရပ်ကွက်တွင် ဖြစ်ပျက်​ခဲ့​ရာ​ကို “အဲလ် ယူ​နီ​ဗာ​ဆယ်​လ်” သတင်းစာ​က ထိုသို့​ဖော်ပြ​ခဲ့​ခြင်း​ဖြစ်၏။

ချီအာပါ့စ်​သည် မက္ကဆီကို​နိုင်ငံ​၏​တောင်ဘက်​အစွန်း​တွင် တည်ရှိ​ပြီး ဂွာ​တီ​မာ​လာ​နှင့် နယ်​ချင်း​ထိ​စပ်​လျက်​ရှိသည်။ ကြာရှည်​စွာ ဆင်းရဲ​ငတ်ပြတ်​မှု​ကြောင့် တိုင်းရင်းသား​မာယာ​အင်​ဒီး​ယန်း​အုပ်စု​တစ်စု​သည် ၁၉၉၄၊ ဇန်နဝါရီ​လ​တွင် အဲ​ခါ​ဆီ​တို ဆာ​ပါတီ​စ်​တာ ဒီ လီ​ဘဲ​ရာ​စ်​ယော​န် နေ​ရှယ်​နယ်​လ် (အီး​ဇ​က်​အယ်​လ်​အယ်​န်၊ အမျိုးသား​လွတ်မြောက်ရေး ဆာ​ပါတီ​စ်​တာ​တပ်) အမည်​ဖြင့် လက်နက်ကိုင်​ပုန်ကန်​ခဲ့​၏။ ငြိမ်းချမ်း​စွာ​ဖြေရှင်း​နိုင်​ရန် စေ့စပ်​ဆွေးနွေးပွဲ​များ​မှာ လိပ်​ခဲ​တည်း​လည်း​ဖြစ်​ခဲ့​သည်။ သူပုန်​နှင့် အစိုးရ​စစ်သား နှစ်ဖက်စလုံး​တို့၏ ရုတ်တရက်​တိုက်ခိုက်မှု​များ​ကြောင့် သွေးထွက်သံယို​မှု​နှင့် သေဆုံးမှု​တို့​ဖြစ်ပေါ်​ခဲ့​ရသည်။ ဗရုတ်ဗယက်​ဖြစ်မှု​ကြောင့် ဤ​ဒေသ​ရှိ​တောင်သူလယ်သမား​များသည် လုံခြုံ​ရာ​သို့​ထွက်ပြေး​ခဲ့​ရသည်။

မရေရာ​မသေချာ​သော အခြေအနေ​များ​အလယ်​၌ နိုင်ငံရေး​လှုပ်ရှားမှု​နှင့်​စပ်လျဉ်း၍ ကြားနေ​ခဲ့​ကြ​သည့် ငြိမ်သက်ခြင်း​ကို​မြတ်နိုးသော အုပ်စု​တစ်စု​ရှိသည်။ သူတို့သည် ဒေသ​အလိုက်​သာမက ကမ္ဘာချီ​အတိုင်းအတာ​အထိ​ပါ လူ​တို့​ရင်ဆိုင်​နေရ​သည့်​ပြဿနာ​များ​ကို ဖြေရှင်းဖို့​အတွက် ဘုရားသခင့်​နိုင်ငံတော်​ကို တစ်ခု​တည်း​သော​မျှော်လင့်ချက်​အဖြစ် ထက်သန်​စွာ​အာရုံစိုက်​ကြသည်။ (ဒံယေလ ၂:၄၄၊ ၄၅) သူတို့​ကား အဘယ်သူ​များ​နည်း။ ယေဟောဝါသက်သေ​များ​ဖြစ်၏။ သူတို့သည် ယေရှု၏​အမိန့်​ကို​နာခံ​ကာ လွန်​စွာ​ဝေးခေါင်​သော ချီအာပါ့စ်​ကုန်းမြင့်​များ​သို့ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို သယ်ဆောင်​သွား​ရန် ကြိုးစား​လျက်​ရှိသည်။ (မဿဲ ၂၄:၁၄) ဤသို့​သော​အခြေအနေ​မျိုး​အောက်တွင် မည်သို့​ဟောပြောနေကြ​ပြီး အကျိုး​ရလဒ်​ကား​အဘယ်နည်း။

“ကျွန်တော်​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ပါ”

မကြာသေးမီ​က ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​ဖြစ်လာ​သည့် လူငယ်​အဲ​ဒေါ့လ်​ဖို​သည် တစ်နေ့​တွင် အို​ကို​ဆင်း​ဂို​မြို့ရှိ အသံလွှင့်ရုံ​၌ အလုပ်လုပ်​လျက်​ရှိသည်။ ရုတ်တရက် ကျယ်လောင်​သော​တံခါး​ခေါက်သံ ကြား​ရသည်။ မျက်နှာဖုံး​စွပ်​လူ​တစ်စု​သည် ဝုန်း​ဒိုင်း​ကျဲ​ဝင်လာ​ပြီး သူ၏​ခေါင်း​ကို သေနတ်​ဖြင့်​ချိန်​လိုက်​သည်။ သူတို့သည် အသံလွှင့်​အခန်း​ထဲ​သို့ တစ်ဟုန်ထိုး​ပြေး​ဝင်၍ စက်ကိရိယာ​များ​ကို အပိုင်​စီး​ကာ ရေဒီယို​မှ​တစ်ဆင့် အစိုးရ​ကို​စစ်​ကြေညာ​ခဲ့​သည်။

လက်နက်ကိုင်​လူစု​သည် အဲ​ဒေါ့လ်​ဖို​ဘက်​သို့​လှည့်၍ မိမိတို့၏​လှုပ်ရှားမှု​တွင် ပူးပေါင်း​ပါဝင်​ရန် အမိန့်ပေး​ခဲ့​သည်။ အဲ​ဒေါ့လ်​ဖို​သည် နှစ်ခြင်း​ပင်မ​ခံရ​သေး​သော်လည်း “ကျွန်တော်​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ပါ” ဟု​ပြော​ခဲ့​၏။ သူက ဘုရားသခင့်​နိုင်ငံတော်​သာ​လျှင် ငြိမ်းချမ်းရေး​အတွက် တစ်ခု​တည်း​သော​မျှော်လင့်ချက်​ဖြစ်သည်ဟု ရှင်းပြ​ခဲ့​ပြီး သူတို့​ကမ်းပေး​သော ယူနီဖောင်း​နှင့်​သေနတ်​ကို အခိုင်အမာ​ငြင်းပယ်​ခဲ့​သည်။ သူ၏​မားမားမတ်မတ်​ရပ်တည်မှုကြောင့် သူတို့က ထွက်သွား​ခွင့်ပြု​ခဲ့​သည်။ အဲ​ဒေါ့လ်​ဖို​သည် အဖြစ်သနစ်​များ​ကို ပြန်သတိရ​ပြီး ဤသို့​ပြောပြ​၏– “အဲဒီ​အဖြစ်အပျက်က ကျွန်တော့်​ရဲ့​ယုံကြည်ခြင်းကို တကယ်​ခိုင်ခံ့​စေ​ခဲ့တယ်။”

နောက်ဆုံး​၌ အခြေအနေ​သည် အေးချမ်း​သွား​သော်လည်း ထို​ဒေသ​သည် စစ်​အုပ်ချုပ်မှု​အောက်​၌​ပင် ရှိနေသေး​သည်။ သို့​ဖြစ်စေ​ကာ​မူ၊ အဲ​ဒေါ့လ်​ဖို​သည် ဤဒေသ​ရှိ သီးခြား​ခရစ်ယာန်​အုပ်စု​နှင့်အတူ အမှုဆောင်ရန် ဒေသခံ​အသင်းတော်​အကြီးအကဲ​များ​၏ ဖိတ်ခေါ်ချက်​ကို ဝမ်း​ပန်း​တ​သာ​လက်ခံခဲ့​၏။ သူ​ဖြတ်သွား​ရသည့် စစ်ဆေးရေး​ဂိတ်​များ​၌ မိမိသည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း ပြောပြ​သောအခါ စစ်သား​များ​က သူ့ကို​လေးစားမှု​ပြ​ခဲ့​ကြသည်။ နောက်ပိုင်း​တွင် နှစ်ခြင်း​ခံ​ခဲ့​ပြီး သီးခြား​အုပ်စု​ကို ယေဟောဝါသက်သေ​အသင်းတော်​ဖြစ်လာ​ရန် ကူညီပေး​ရခြင်း​၏​ကျေနပ်​ရောင့်ရဲမှု​ကို ရရှိခဲ့သည်။ “အခု ကျွန်တော်​နှစ်ခြင်း​ခံ​ပြီးပြီ၊ ကျွန်တော်​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ပါ​လို့ ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့​ပြော​နိုင်ပြီ!” ဟု​အဲ​ဒေါ့လ်​ဖို အခိုင်အမာ​ပြော​ခဲ့​သည်။

“ကျွန်တော်​တို့ကို ယေဟောဝါ​ခွန်အား​ပေး​ခဲ့”

အီး​ဇ​က်​အယ်​လ်​အယ်​န်​က အစိုးရ​ကို ရေဒီယို​မှ​တစ်ဆင့် စစ်​ကြေညာ​ပြီး မကြာမီ မြို့သူ​မြို့သား​များ ထွက်ပြေး​ခဲ့​သည်။ အချိန်ပြည့်​အမှုဆောင် သို့​မဟုတ် ရှေ့ဆောင်​ဖြစ်သူ ဖ​ရန်စ​စ္စ​ကို​သည် သူနှင့်​သူ၏​ဇနီး ဖြတ်သန်း​တွေ့ကြုံ​ခဲ့​ရ​သမျှ​ကို​ခံနိုင်ရည်​ရှိ​ရန် ယေဟောဝါ​ခွန်အား​ပေး​ခဲ့​ပုံ​ကို ရှင်းပြ​ခဲ့​၏။

“သုံးနာရီ​ကြာ​ခြေကျင်​လျှောက်​ရတဲ့ ဒေသ​တစ်ခု​မှာ​ခိုလှုံ​ဖို့ ကျွန်တော်​တို့​ဆုံးဖြတ်​ခဲ့​ကြတယ်။ အဲဒီမှာ အသင်းတော်​တစ်ခု​ရှိတဲ့​အတွက် ကျွန်တော်​တို့​ဟာ ညီအစ်ကို​တွေ​နဲ့​ရှိနေမယ်။ မကြာခင်​မှာ ပါ​လင်​န်​ကေး​မှာ တိုက်နယ်​စည်းဝေး​ကျင်းပ​ချိန်​ရောက်​လာတယ်။ ကျွန်တော့်​ဇနီး​နဲ့​ကျွန်တော်​ဟာ ရှေ့ဆောင်​တွေ​အတွက် အထူး​အစည်းအဝေး​ကို မလွတ်​ချင်​ကြဘူး၊ ဒါပေမဲ့ အစည်းအဝေး​သွားရမယ့်​လမ်းကို အီး​ဇ​က်​အယ်​လ်​အယ်​န်​က ပိတ်​ထား​တယ်​ဆိုတာ ကျွန်တော်​တို့​သိခဲ့ရတယ်။ ကိုး​နာရီ​ကြာ​တဲ့​တောလမ်း​ကနေ သွားဖို့​ဆုံးဖြတ်​ခဲ့​ကြတယ်။ ရှေ့ဆောင်​အစည်းအဝေးတက်ရောက်​ဖို့ အချိန်မီ ကျွန်တော်​တို့​ရောက်ခဲ့တယ်၊ အဲဒီ​အစည်းအဝေး​နဲ့ အစည်းအဝေးကြီး​အစီအစဉ်​တစ်ခုလုံး​ကို တက်ရောက်​ရတဲ့​အတွက် ကျွန်တော်​တို့​အရမ်း​ကို​ပျော်​ခဲ့​ရတယ်။

“ပြန်လာတဲ့​အခါမှာ ကျွန်တော်​တို့​အိမ်ဟာ ပြာကျ​နေပြီး တိရစ္ဆာန်​တွေ​အခိုးခံ​ရတာကို တွေ့ခဲ့​ရတယ်။ အဝတ်​အိတ်​လေး​က​လွဲလို့ ဘာမှ​မရှိတော့ဘူး။ ပစ္စည်း​ဆုံးရှုံးမှု​အတွက် ကျွန်တော်​တို့​ဝမ်းနည်း​ခဲ့​ပေမဲ့ အို​ကို​ဆင်း​ဂို​မြို့က​ညီအစ်ကို​တွေ​ဟာ သူတို့​အိမ်​ဆီ ကြင်နာ​စွာ​ခေါ်​သွားပါ​တယ်။ ကျွန်တော်​တို့​တစ်ခါ​မှ​မလုပ်ဖူးတဲ့ လယ်သမား​အလုပ်ကို ဘယ်လို​လုပ်ရမလဲ​ဆိုတာ​လည်း​ပြပေး​တယ်။ ညီအစ်ကို​တစ်ယောက်​က ဓာတ်​ပုံ​ပညာ​သင်ပေး​ပြီး နောက်​တစ်ယောက်​က ဖိနပ်​ချုပ်​နည်း​သင်ပေးခဲ့တယ်။ အဲဒါတွေကြောင့် ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ ခု​ထိ ရှေ့ဆောင်​လုပ်ငန်း​ကို မရပ်တန့်​ဘဲ ကိုယ့်​ကိုယ်ကို ထောက်ပံ့​နိုင်​ခဲ့​ကြတယ်။ ဖြစ်ပျက်​ခဲ့​သမျှ​ကို ပြန်ပြောင်း​တွေးကြည့်​မယ်​ဆိုရင် ခံနိုင်ရည်​ရှိဖို့ ကျွန်တော်​တို့အတွက်​မလွယ်ပေမဲ့ ကျွန်တော်​တို့ကို ယေဟောဝါ​ခွန်အား​ပေး​ခဲ့တယ်​ဆိုတာ သဘောပေါက်​နိုင်တယ်။”

ဟောပြောခြင်း​လုပ်ငန်း​၏​အသီးအပွင့်

ချီအာပါ့စ်​ပြည်နယ်​မှ သက်သေခံ​များသည် အခက်အခဲ​ပြဿနာ​နှင့်​အန္တရာယ်​တို့​ကြောင့် ဤ​ဒေသ​ရှိ​လူများ​ထံ သတင်းကောင်း​ဝေငှ​ရန် အထူး​ကြိုးစား​မှု​တွင်​ပါဝင်ခြင်း​ကို အတားအဆီး​မဖြစ်စေ​ခဲ့​ကြ​ချေ။ ဥပမာ၊ သူတို့သည် လွန်ခဲ့သော ၁၉၉၅၊ ဧပြီ​နှင့်​မေလ​တို့​တွင် ဘဝ​သည် ပြဿနာ​များနှင့် အဘယ်ကြင့် ဤမျှ​ပြည့်နှက်​နေသနည်း ဟူသော အသင့်လျော်ဆုံး​ခေါင်းစဉ်​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်း နံပါတ် ၃၄ ကို​ဝေငှ​သည့်​ကင်ပိန်း​တစ်ခု​တွင် ကမ္ဘာချီ​ခရစ်ယာန်​ချင်း​များနှင့် ပူးပေါင်း​ခဲ့​သည်။

ကင်ပိန်း​အတွင်း ဗွဲ့​ဘ​လို န​ဝဲ​ဘို​ဟု​ခေါ်​သော​ဒေသ​တွင် မှန်မှန်ရှေ့ဆောင်​ဆီ​ရို​သည် စိတ်ဝင်စားမှု​ပြ​ခဲ့​ကြသော မိသားစု​တစ်စု​ကို​တွေ့ရှိ​ခဲ့​သည်။ သူသည် နောက်​သုံးရက်​အကြာတွင် ပြန်သွား​ကာ သူတို့နှင့်​ကျမ်းစာ​သင်အံမှု စတင်​နိုင်​ခဲ့​သည်။ သို့ရာတွင် ဆီ​ရို​နှင့်​အဖော်​တစ်ဦး​သည် ထို​မိသားစုကို သင်အံမှု​ဆက်လုပ်​ရန် ပြန်သွား​သောအခါ အိမ်​၌ အိမ်ထောင်ဦးစီး​မရှိ​ချေ။ ယင်းအစား၊ မျက်နှာဖုံး​စွပ်​လူ​တစ်စု​သည် သူ့ကို​အန္တရာယ်​ပြု​ရန် စောင့်နေ​ကြသည်။ ဘာ​လိုက်ရှာ​နေကြ​တာလဲ​ဟု​မေး​ပြီး သတ်ပစ်​မည်​ဟု ဆီ​ရို​နှင့်​အဖော်​တို့ကို ခြိမ်းခြောက်​ခဲ့​သည်။ ထို​ခရစ်ယာန်​နှစ်ဦး​သည် ယေဟောဝါ​ထံ တိတ်ဆိတ်​စွာ​ဆုတောင်း​ပြီး​နောက် မိမိတို့သည် ဤ​မိသားစုကို ကျမ်းစာ​သင်ပေး​ရန် ရောက်လာ​ခြင်း​ဖြစ်သည်ဟု သတ္တိရှိရှိ​ရှင်းပြ​ခဲ့​၏။ မျက်နှာဖုံး​စွပ်​လူတို့သည် သူတို့အား ပြန်လွှတ်​လိုက်​သည်။ အကြောင်း​တစ်ခုခု​ကြောင့် အိမ်ထောင်ဦးစီး​သည် ထို​နေ့တွင် အိမ်​သို့​လုံးဝ​ပြန်​မလာ​တော့​ချေ။

နောက်​သုံးနှစ်​နီးပါး​အကြာ တစ်နေ့​တွင် ဆီ​ရို​သည် မိမိ၏​တံခါးပေါက်​၌ ထို​လူ​ရောက်လာ​သည်ကို​မြင်တွေ့ရ​သောအခါ အံ့သြခဲ့ရ​သည်။ မိသားစု​တစ်စုလုံး နှစ်ခြင်း​ခံ​ပြီး​၍ ယခု ဂွာ​တီ​မာ​လာ​ရှိ အသင်းတော်​တစ်ခု​နှင့်​ပူးပေါင်း​နေသည်​ကို ဆီ​ရို​သိရ​၍ တကယ့်ကို​ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ရသည်! သမီး​တစ်ဦး​ပင် မှန်မှန်ရှေ့ဆောင်​လုပ်နေပြီ။

ဝိညာဉ်​အစာကို လေးမြတ်​တန်ဖိုး​ထားခြင်း

ချီအာပါ့စ်​တွင် အခက်အခဲ​များ​ဆက်​ရှိသော်လည်း ထို​ဒေသ​မှ​ညီအစ်ကို​များသည် အတူတကွ​စည်းဝေး​ရခြင်း​၏​အရေးကြီးပုံကို အမှန်ပင်​လေးမြတ်​တန်ဖိုး​ထား​ကြ​ကြောင်း ခရိုင်​ကြီးကြပ်မှူး​တစ်ဦး​က မှတ်တမ်း​ပေး​ပို့​ခဲ့​သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) တက်ရောက်​ကြ​သူများ နေ့​အချိန်၌ လုံခြုံစွာ​အိမ်ပြန်​နိုင်​ဖို့ နံနက်​စောစော​စတင်​ရန် စီစဉ်​ခဲ့​ရသည့် မကြာသေးမီ​က ကျင်းပ​သော​အထူး​အစည်းအဝေး​နေ့အကြောင်း​ကို သူပြောပြ​သည်။ အများစု​သည် စည်းဝေး​သို့ တောလမ်း​မှ​ဖြတ်၍ သုံးနာရီ​ကျော်ဖြတ်​လျှောက်​ရ​သော်လည်း လူတိုင်း​သည် နံနက် ၇ နာရီ​တွင် ထိုင်ခုံ​တွင်​ရှိနေကြပြီ။ ပရိသတ်​ထဲ​တွင် အီး​ဇ​က်​အယ်​လ်​အယ်​န်​အဖွဲ့ဝင်​ခြောက်​ဦး​ပါရှိ​ပြီး သူတို့သည် ဤ​အစီအစဉ်ကို နားထောင်​၍ ဩ​ဘာ​ပေး​ကာ နှစ်သက်​နေကြ​ကြောင်း ထင်ရှား​ပါ​သည်။ သူတို့လည်း အစည်းအဝေး​ကို​တက်ရောက်​ရန် သုံးနာရီ​ကြာ လမ်းလျှောက်​ခဲ့​ရ၏။ သူတို့​ထဲ​မှ​အ​ယောက်​နှစ်​ဆယ်​သည် ဒေသခံ​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင်​ကျင်းပ​သော ခရစ်တော်​၏​သေခြင်း​သတိရအောက်မေ့ပွဲကို​လည်း တက်ရောက်​ခဲ့​ကြသည်။

ပြောက်ကျား​လှုပ်ရှားမှု​မှ လူငယ်​နောက်​တစ်ဦး​ကို သူ၏​အထက်​လူကြီး​များ​က တောတွင်း​ဒေသ​တစ်ခု​တွင် ကင်း​လှည့်​ရန်​တာဝန်​ပေး​ခဲ့​သည်။ ထို​ဒေသ​သို့​ရောက်​သောအခါ နေထိုင်သူ​များ​မှာ အများအားဖြင့် ယေဟောဝါသက်သေ​များ​ဖြစ်​ကြ​ပြီး သူတို့​ထွက်ပြေး​သွား​ကြသည်​ကို သူ​တွေ့ရှိ​ခဲ့​သည်။ ထို့​ကြောင့် သူသည် စွန့်ပစ်​ထားသော​အိမ်​တစ်အိမ်​တွင် နေထိုင်ခဲ့​၏။ လုပ်စရာ​များများ​စား​စား​မရှိသော​ကြောင့် သူသည် အိမ်​ဝန်းကျင်​တွင်​တွေ့ရှိ​ရသော စာအုပ်​အချို့​ကို​ယူ​ကာ စ​ဖတ်​ခဲ့​သည်။ ဤ​စာအုပ်​များ​မှာ သက်သေခံ​များ​ကျန်ရစ်​ခဲ့​သော ကင်းမျှော်စင်​စာပေ​များ​ဖြစ်သည်။ ထို​လူငယ်​တစ်ဦးတည်း​ရှိ​နေချိန်​၌ သူ​ဖတ်နေ​သော​အကြောင်းအရာကို ဆင်ခြင်​သုံးသပ်​ချိန်​ရခဲ့​သည်။ မိမိ၏​အသက်တာကို​ပြောင်းလဲ​ပြီး လက်နက်​ချ​တော့​မည်​ဟု ဆုံးဖြတ်ချက်​ချ​ခဲ့​သည်။ သူတတ်​နိုင်​သည်​နှင့်​တစ်ပြိုင်နက် သက်သေခံ​များ​ကို​ရှာတွေ့​ကာ ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​၏။ ခြောက်​လ​အတွင်း သူသည် အခြား​သူများကို သတင်းကောင်း​ပြော​နေ​လေ​တော့​သည်။ ပြောက်ကျား​လှုပ်ရှားမှု​ကို ထောက်ခံကြ​သော သူနှင့်​သူ၏​မိသားစုဝင်​အခြား​သုံးဦး​တို့သည် ယခု နှစ်ခြင်း​ခံ​ပြီး​သော​ခရစ်ယာန်​များ​ဖြစ်နေ​ကြပြီ။

အပြုသဘော​ဘက်​မှ​ရှုမြင်ခြင်း

အကြီးအကျယ်​ခက်ခဲ​ကျပ်တည်း​မှု​ရှိ​သော်​ငြား​လည်း ဤ​ပဋိပက္ခ​သည် ဟောပြောခြင်း​လုပ်ငန်း​နှင့်​ပတ်သက်​၍ လူတို့၏​စိတ်​သဘောထားကို အပြုသဘော​ပါ​လွှမ်းမိုးမှု အမှန်ပင်​ရှိခဲ့​သည်။ ရုန်းရင်းဆန်ခတ်​စတင်​ဖြစ်ပွား​ခဲ့​သော​မြို့မှ အကြီးအကဲ​တစ်ဦး​က ဤသို့​ပြောပြ​၏– “တိုက်ခိုက်မှု​ဖြစ်ပွား​ပြီး ငါး​ရက်​လောက်​မှာ မြို့တွင်း​မြို့ပြင်​နှစ်ခုစလုံး​မှာ​ဟောပြောခြင်း​လုပ်ငန်း​ကို စနစ်တကျ​ဖွဲ့စည်း​ခဲ့တယ်။ လူတွေဟာ ထက်ထက်သန်သန်​နားထောင်​ခဲ့​ကြတယ်။ ကျွန်တော်​တို့ ကျမ်းစာ​စာပေ​အတော်များများကို ဝေငှ​ခဲ့​ပြီး ကျမ်းစာ​သင်အံမှု​အချို့ စတင်​ခဲ့တယ်။ ဒေသ​တစ်ခု​ကလူ​တွေ​ဟာ အမှန်တရားကို အတိုက်အခံပြု​ခဲ့​ကြ​ပေမဲ့ အဲဒီ​ရုန်းရင်းဆန်ခတ်​မှု​ကြောင့် အခု​ဆိုရင် သူတို့​နားထောင်တယ်၊ ကျမ်းစာ​လေ့လာ​တယ်၊ အစည်းအဝေးတွေနဲ့ အစည်းအဝေးကြီး​များ​ကို တက်ရောက်​နေကြပြီ။”

အခြေအနေ​များ​မတည်ငြိမ်​သော်လည်း သီအိုကရက်တစ်​လုပ်ငန်းများ​ကို ဆက်၍​လုပ်ဆောင်​နိုင်သော​ကြောင့် ညီအစ်ကို​များ ပျော်ရွှင်​လျက်​ရှိကြသည်။ သူတို့သည် အစိုးရ​တပ်​နှင့် အီး​ဇ​က်​အယ်​လ်​အယ်​န်​တို့၏ အသိအမှတ်ပြု​မှု​ဖြင့် ဝိညာဉ်​ခွန်အား​ပေး​သည့် အစည်းအဝေးကြီး​များ​ကို ဆက်၍​ကျင်းပ​လျက်​ရှိသည်။ နယ်လှည့်​ကြီးကြပ်မှူး​များ​၏​လည်ပတ်ခြင်း​က​လည်း ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်လုပ်​ဆောင်ရန် ထိရောက်​ထက်မြက်​သော​စွမ်းအား​ဖြစ်စေ​ခဲ့​သည်။ စိတ်ဝင်စားစရာ​မှာ ထိပ်တိုက်​တိုက်ခိုက်​ခြင်း​တွင်​ပါဝင်သူ​များ​က​ပင် သက်သေခံ​များ​၏​ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်လုပ်​ဆောင်ရန်​တိုက်တွန်း​လေ့​ရှိကြ​ခြင်း​ဖြစ်သည်။

အချိန်ကုန်​လွန်သွား​သည်​နှင့်​အမျှ ချီအာပါ့စ်​မှ​လူ​တို့​ခံရပ်​ခဲ့​ကြသော စမ်းသပ်မှု​များနှင့်​အခက်အခဲ​များ လျော့နည်း​သွား​သော်လည်း သူတို့သည် ရပ်တန့်​မသွား​ခဲ့​ကြ​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ သေချာ​သော​အချက်​တစ်ချက်​မှာ ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​မှ ငြိမ်သက်ခြင်း​သတင်းကောင်းကို လူ​တို့​ထံ​သယ်ဆောင်​ရန် မိမိတို့၏​ကြိုးစား​အားထုတ်မှုကို လက်မလျှော့​ဘဲ ဆက်​လုပ်ဆောင်​သွားဖို့ သန္နိ​ဋ္ဌာန်​ချထား​ခြင်း​ဖြစ်သည်။ (တမန်​တော် ၁၀:၃၄-၃၆; ဧဖက် ၆:၁၅) “လူသည် မိမိ​သွားရာလမ်းကို​အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်” ဟူသော ပရောဖက်​ယေရမိ​ပြောကြားချက်​အတိုင်း သူတို့​အသိအမှတ်ပြု​ကြသည်။ (ယေရမိ ၁၀:၂၃) ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်​လက်​တွင်ရှိသော ဘုရားသခင့်​နိုင်ငံတော်​သာ​လျှင် ဤ​လောက​ရှိ​မတရားမှု​နှင့်​ဆင်းရဲမှု​တို့ကို ဖြေရှင်း​ပေး​နိုင်​သည်။—မဿဲ ၆:၁၀

[စာမျက်နှာ ၉ ပါ မြေပုံ]

(ကား​ချက်​အ​ပြ​အစုံ​ကို စာစောင်​တွင်​ကြည့်​ပါ)

မက္ကဆီကို​ပင်လယ်ကွေ့

ချီအာပါ့စ်

ဂွာ​တီ​မာ​လာ

ပစိဖိတ်​သမုဒ္ဒရာ

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ချီအာပါ့စ်​ကုန်းမြင့်​များ​တွင် အမှုဆောင်​နေကြ​သော သက်သေခံ​များ