မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို သင်အဘယ်ကြောင့် ဝတ်ပြုသနည်း

ဘုရားသခင်ကို သင်အဘယ်ကြောင့် ဝတ်ပြုသနည်း

ဘုရားသခင်​ကို သင်​အဘယ်ကြောင့် ဝတ်ပြု​သနည်း

ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ဘုရင်​တစ်ပါး​သည် တစ်ခါ​က မိမိ​သားတော်​အား ဤသို့​အကြံပေး​ခဲ့​သည်– “သင့်​အဘ​၏​ဘုရားသခင်​ကို​သိ​လော့။ စုံလင်သော​နှလုံး၊ ကြည်ညို​သော​စိတ်သဘော​နှင့်​ဝတ်ပြု​လော့။” (၁ ရာဇဝင်ချုပ် ၂၈:၉) ရှင်း​နေသည်​မှာ ကိုယ်တော့်​ကျေးကျွန်​များ ကိုယ်တော်​အား ကျေးဇူး​တင်​လေးမြတ်​သည့်​နှလုံး​နှင့်​ဝတ်ပြု​ရန် ယေဟောဝါ​အလိုရှိ​တော်​မူ​သည်။

ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ကျမ်းစာ​ကတိတော်​များ​အကြောင်း​ရှင်းပြသည်​ကို ဦးဆုံး​ကြား​ရချိန်တွင် ကျွန်ုပ်​တို့၏​နှလုံး​သည် ကျေးဇူး​တင်​စိတ်​များနှင့်​ပြည့်လျှံ​ခဲ့​သည်ကို အလွယ်တကူ​ဝန်ခံ​ကြ​ပေမည်။ နေ့စဉ် ဘုရားသခင့်​ရည်ရွယ်ချက်များ​နှင့်​စပ်​လျ​ဉ်း​သည့် အသစ်​သော​အရာ​ကို ကျွန်ုပ်​တို့​သင်ယူ​ခဲ့​ရသည်။ ယေဟောဝါ​အကြောင်း ကျွန်ုပ်​တို့​ပို​၍​သိရှိ​လာ​လေ ကိုယ်တော်​အား “စုံလင်သော​နှလုံး၊ ကြည်ညို​သော​စိတ်သဘော​နှင့်” ဝတ်ပြုလို​စိတ် ပို​၍​ပြင်းပြ​လာ​လေ​ဖြစ်သည်။

ယေဟောဝါသက်သေ​ဖြစ်လာ​သည့် များစွာသော​သူတို့သည် သူတို့​အသက်တာ​တစ်လျှောက်​လုံး အတိုင်းမသိ​ရွှင်လန်းမှု​နှင့် ယေဟောဝါ​ကို​ဆက်၍​ဝတ်ပြု​ကြသည်။ သို့ရာတွင် ခရစ်ယာန်​အချို့​သည် အစ​ကောင်း​ကြသော်လည်း ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သော ဘုရားသခင်​အား​ဝတ်ပြု​စေသည့်​အကြောင်းရင်း​များ​ကို တဖြည်းဖြည်း မျက်ခြည်ပြတ်​သွား​ကြသည်။ ယင်း​သို့ သင်​ဖြစ်​ခဲ့​ပါသလော။ ဖြစ်​ခဲ့​လျှင် စိတ်မပျက်​ပါ​နှင့်။ ပျောက်ဆုံး​သွား​သည့်​ရွှင်လန်းမှု​ကို ပြန်​ရယူ​နိုင်​သည်။ မည်သို့​အားဖြင့်​နည်း။

သင့်​ကောင်းချီး​များ​ကို ရေတွက်​ကြည့်​ပါ

ဦးစွာ ဘုရားသခင်​ထံ​မှ နေ့စဉ်​ရရှိ​သည့် ကောင်းချီး​မင်္ဂလာ​များ​ကို စဉ်းစား​သုံးသပ်ကြည့်​ပါ။ ယေဟောဝါ​၏ ကောင်းမြတ်​သည့်​ဆုကျေးဇူး​များ​ကို တွေးကြည့်​ပါ– လူမှုရေး သို့​မဟုတ် စီးပွားရေး​အဆင့်အတန်း​မရွေး အားလုံး​ရရှိနိုင်​သည့် ကိုယ်တော်​၏​အထူးထူး​အပြားပြား​သော ဖန်ဆင်း​ခြင်း​လက်ရာတော်​များ၊ သဘာဝ​အစားအသောက် ပြင်ဆင်​ပေး​ရာ​များ၊ သင်​ပျော်မွေ့နိုင်​သည့် အတော်အတန်​ကောင်းသော​ကျန်းမာ​ရေး၊ သမ္မာကျမ်းစာ​အသိပညာနှင့် အဓိက​အားဖြင့် သားတော်ကို​ပေးဆက်​မှု​တို့​ဖြစ်သည်။ ကိုယ်တော်​၏​သေခြင်း​သည် ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် ဘုရားသခင်​ကို​ဝတ်ပြု​နိုင်​ရန် လမ်းခင်း​ပေး​သည်။ (ယောဟန် ၃:၁၆; ယာကုပ် ၁:၁၇) ဘုရားသခင်​၏​ကောင်းမြတ်​ခြင်း​များ​ကို ပို​၍​ဆင်ခြင်​သုံးသပ်​လေ ကိုယ်တော်​ကို​ကျေးဇူး​တင်​လေးမြတ်စိတ် တိုးများ​လာ​လေ​ဖြစ်​မည်။ ထို​အခါ သင့်​နှလုံး​သည် ကိုယ်တော်​ပြုလုပ်​ပေး​ထား​ရာ​အားလုံး​အတွက် ကျေးဇူး​တင်​စိတ်ဖြင့် ကိုယ်တော်​ကို​ဝတ်ပြု​ရန် လှုံ့ဆော်ပေး​မည်​ဖြစ်သည်။ ဤသို့​ရေးသားခဲ့​သော​ဆာလံဆရာ​ကဲ့သို့ သင်​တစ်ဖန်​ခံစား​လာ​ရမည်​သေချာ​သည်– “အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား အကျွန်ုပ်​တို့​အဖို့​ပြု​တော်​မူ​သော အံ့သြဖွယ်​အမှုတို့​နှင့် ကြံစည်​တော်​မူ​သော​အကြံအစည်​တို့သည် များ​လှ​ပါ​၏။ ရှေ့တော်၌ အစဉ်​အတိုင်း​လျှောက်​၍​မကုန်နိုင်​ပါ။ . . . ရေတွက်​၍​မကုန်နိုင်​အောင်​များ​လှ​ပါ​၏။”—ဆာလံ ၄၀:၅

ဤ​စကား​များ​ကို​ရေးခဲ့​သည့် ဒါဝိဒ်​၏​ဘဝ​သည် ပြဿနာ​များနှင့်​မကင်း​ခဲ့​ပါ။ လူငယ်​တစ်ဦး​အနေ​နှင့် ဒါဝိဒ်​၏​အချိန်​အများစုမှာ မိမိ​အား​သတ်​ရန် ဆိုးညစ်သော​ဘုရင်​ရှောလု​နှင့် သူ၏​ကိုယ်ရံတော်​တို့၏​လိုက်လံ​ရှာဖွေမှု​ကြောင့် ထွက်ပြေး​တိမ်းရှောင်​ခြင်း​ဖြင့်​ကုန်​ခဲ့​ရသည်။ (၁ ဓမ္မ​ရာဇဝင် ၂၃:၇၊ ၈၊ ၁၉-၂၃) ဒါဝိဒ်​တွန်းလှန်​ရမည့် ကိုယ်ပိုင်​အားနည်းချက်များ​လည်း​ရှိခဲ့​သည်။ ဆာလံ ၄၀ တွင်​ဤ​အရာ​ကို သူ​အသိအမှတ်ပြု​ခဲ့​သည်– “အတိုင်းမသိ​များစွာသော​ဘေးဥပဒ်​တို့သည် အကျွန်ုပ်​ကို​ဝိုင်း​ကြ​ပါ​ပြီ။ အကျွန်ုပ်​မျှော်၍ မကြည့်​နိုင်အောင်​ခံရ​သော​အပြစ်​တို့သည် အကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အကျွန်ုပ်​ဆံပင်​ထက်​များပြား​သည်။” (ဆာလံ ၄၀:၁၂) မှန်ပါသည်၊ ဒါဝိဒ်​တွင်​ပြဿနာ​များ​ရှိခဲ့​သော်လည်း ယင်း​တို့​က သူ့​အားလုံး​ဝ​အနိုင်ယူ​လွှမ်းမိုး​မသွား​ခဲ့​ပါ။ သူ၏​ပြဿနာ​များ​အစား မိမိ​အား ယေဟောဝါ​ကောင်းချီး​ပေး​သည့်​လမ်းစဉ်​များ​ကို​အာရုံစိုက်ခဲ့​ရာ ယင်း​ကောင်းချီး​များ​က သူ​ခံရ​သည့်​ဆင်းရဲခြင်း​ထက် များစွာ​အလေးသာ​ကြောင်း​တွေ့ခဲ့​ရသည်။

ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ သို့​မဟုတ် အရည်အချင်း​မပြည့်မီ​ဟူသော​ခံစားချက်​တို့​ဖြင့် ဖိစီး​ခံရသော​အခါ ဒါဝိဒ်​ကဲ့သို့ ရပ်တန့်​ပြီး သင်၏​ကောင်းချီး​များ​ကို​ရေတွက်​ကြည့်​ဖို့​ကောင်း​သည်။ ယင်း​သို့​သော​ကောင်းချီး​များ​ကို ကျေးဇူး​တင်​လေးမြတ်ခြင်းက ယေဟောဝါ​ထံ သင့်ကိုယ်ကို​ဆက်ကပ်​အပ်နှံ​ရန် လှုံ့ဆော်​ခဲ့​သည်​မှာ​သေချာ​သည်; ယင်း​သို့​တွေးတော​ဆင်ခြင်ခြင်း​က ပျောက်ဆုံး​နေသော​ရွှင်လန်းမှု​ကို ပြန်​ရရှိ​စေနိုင်​ပြီး ကျေးဇူး​တင်​လေးမြတ်​သည့်​နှလုံး​နှင့် ဘုရားသခင်​ကို ဝတ်ပြု​ရန်​ကူညီပေး​သည်။

အသင်းတော်​စည်းဝေးများ​က ကူညီပေး​နိုင်

ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို တစ်ဦးတည်း​ဆင်ခြင်​သုံးသပ်ခြင်း​အပြင် ခရစ်ယာန်​ချင်း​တို့​နှင့် ပေါင်းသင်း​ရန်လို​အပ်​သည်။ ဘုရားသခင်​ကို​ချစ်​ပြီး ကိုယ်တော်​ကို​ဝတ်ပြု​ရန်​ဆုံးဖြတ်ထား​ကြ​သည့် အမျိုးသား၊ အမျိုးသမီး၊ လူငယ်များနှင့် မှန်မှန်​တွေ့ဆုံ​ခြင်း​သည် အားရှိစရာ​ဖြစ်၏။ သူတို့၏​ပုံသက်သေ​က ကျွန်ုပ်​တို့ကို ယေဟောဝါ​၏​အမှုတော်တွင် နှလုံး​အပြည့်အဝ​လုပ်ဆောင်ရန် လှုံ့ဆော်ပေး​နိုင်​သည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ကျွန်ုပ်​တို့​ရှိနေခြင်းက သူတို့​အတွက်​လည်း​အားပေးမှု​ဖြစ်​နိုင်​သည်။

ပင်ပန်း​စွာ​လုပ်ကိုင်​ရသော​တစ်နေ့တာ​လုပ်ငန်း​ပြီး​၍ အိမ်ပြန်ရောက်​သည့်​အခါ​မျိုး သို့​မဟုတ် အချို့​သော​ပြဿနာ၊ အားနည်းချက်များ​ကြောင့် စိတ်ဓာတ်ကျ​သည့်​အခါ​မျိုး​တို့​တွင် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ စည်းဝေး​သွား​တက်​ရန်​စဉ်းစား​ဖို့ လွယ်ကူ​မည်​မဟုတ်​သည်​မှာ မှန်ပါသည်။ ယင်း​သို့​သော​အချိန်​များ​တွင် ခရစ်ယာန်​ချင်း​များနှင့်​အတူ စည်းဝေး​ခြင်း​အမိန့်တော်ကို နာခံ​ရန်​အ​လို့​ငှာ ‘ကျွန်ုပ်​တို့၏​ကိုယ်ကို ထိုးနှက်​နှိပ်စက်’ ဘိ​သကဲ့သို့ ကိုယ့်​ကိုယ်ကို ကြပ်မတ်​ရ​ပေမည်။—၁ ကောရိန္သု ၉:၂၆၊ ၂၇; ဟေဗြဲ ၁၀:၂၃-၂၅

ယင်း​သို့​ပြု​ရန်လို​အပ်​လာ​လျှင် ယေဟောဝါ​ကို​ကျွန်ုပ်​တို့​အမှန်တကယ်​မချစ်​ဟု ကောက်ချက်​ချ​သင့်​သလော။ မချ​သင့်​ပါ။ ဘုရားသခင်​ကို​ချစ်​သည့် အတိတ်​က ရင့်ကျက်သည့်​ခရစ်ယာန်​များသည် ဘုရားသခင့်​အလိုတော်ကို​ဆောင်ရွက်ရန် ပြင်းထန်​စွာ​ဝီရိယ​စိုက်ထုတ်​ခဲ့​ရမည်​မှာ မလွဲဧကန်​ပင်။ (လုကာ ၁၃:၂၄) တမန်​တော်​ပေါလု​သည် ယင်း​သို့​သော​ခရစ်ယာန်​တစ်ဦး​ဖြစ်သည်။ ဤနည်းဖြင့်​သူ၏​ခံစားချက်​များ​ကို မ​ကွယ်​မ​ထောင့်​ဖော်ပြ​ခဲ့​သည်– “ငါ့​အထဲမှာ ငါ့​ဇာတိ​ပကတိ​၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ​မတည်​သည်ကို ငါ​သိ​၏။ အကြောင်း​မူ​ကား၊ ငါသည် ကျင့်​ချင်​သော​စိတ်​ရှိသော်လည်း၊ ကောင်းစွာ​ကျင့်​တတ်သော​အခွင့်​ကို ရှာ၍​မ​တွေ့​နိုင်။ ငါသည် ကျင့်​ချင်​သော​အကျင့်ကောင်း​ကို​မကျင့်၊ မကျင့်​ချင်​သော​အကျင့်ဆိုး​ကို​ကျင့်​၏။” (ရောမ ၇:၁၈၊ ၁၉) ထို့​အပြင် ကောရိန္သု​မြို့သား​များ​ကို ဤသို့​ပြော​ခဲ့​သည်– “ငါသည်​ဧဝံဂေလိတရား​ကို​ဟော​ရုံ​ပြု​လျှင် ဝါကြွားခြင်း​အကြောင်း​မရှိ​သေး။ အဘယ်ကြောင့်​နည်း​ဟူ​မူ​ကား မဟောဘဲ​မနေနိုင်။ . . . သို့​ဖြစ်၍ အမှုတော်ကို အလိုအလျောက်​ဆောင်ရွက်​လျှင် အကျိုး​ရှိ၏။ ကိုယ်​အလိုကို​ငြင်းဆန်​၍​ဆောင်ရွက်​လျှင် အရာ​တော်​၌​ခန့်​ထားသော​သူ​ဖြစ်၏။”—၁ ကောရိန္သု ၉:၁၆၊ ၁၇

ကျွန်ုပ်​တို့​ကဲ့သို့​ပင် ပေါလု​၌ မှန်ရာ​လုပ်​လို​သော​ဆန္ဒ​ကို​တားဆီး​သည့် အပြစ်ပြု​လို​သော​ဉာဉ်ဆိုး​ရှိခဲ့​သည်။ သို့ရာတွင် ယင်း​သို့​သော​ဉာဉ်ဆိုး​များ​ကို ပြင်းထန်​စွာ​တွန်းလှန်​ခဲ့​ပြီး အများအားဖြင့် သူ​အောင်မြင်မှု​ရခဲ့​သည်။ ပေါလု​သည် သူ၏​အစွမ်းအစ​ဖြင့် ယင်းကို အောင်မြင်​ခဲ့​ခြင်း​မဟုတ်ပါ။ သူ​ဤသို့​ရေးခဲ့​သည်– “ငါ့ကို​ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော ခရစ်တော်​အားဖြင့် ခပ်သိမ်း​သော​အမှုတို့​ကို ငါ​တတ်စွမ်း​နိုင်၏။” (ဖိလိပ္ပိ ၄:၁၃) ပေါလု​ကို အစွမ်း​ခွန်အား​ပေး​ခဲ့​သည့်​အရှင် ယေဟောဝါ​ထံ အကူအညီ​အတွက် သင်​အသနားခံ​လျှင် ကိုယ်တော်​သည် သင့်​အား​လည်း မှန်ရာကို​လုပ်ဆောင်ရန် အစွမ်း​ခွန်အား ပေး​တော်​မူ​မည်။ (ဖိလိပ္ပိ ၄:၆၊ ၇) ထို့​ကြောင့် “ယုံကြည်ခြင်း​တရား​ဘက်မှာ . . . ကြိုး​စား၍​တိုက်လှန်” ပါ၊ သင့်​အား ယေဟောဝါ ကောင်းချီး​ပေး​မည်​ဖြစ်သည်။—ယုဒ ၃

ဤ​တိုက်ပွဲ​ကို သင်​တစ်ဦးတည်း​တိုက်​ဖို့​မလိုပါ။ ယေဟောဝါသက်သေ​များ​၏​အသင်းတော်များ​တွင် “ယုံကြည်ခြင်း​တရား​ဘက်မှာ . . . တိုက်လှန်” ခြင်း​၌ စွဲမြဲ​စွာ​ပြုလုပ်​ခဲ့​ကြ​သည့် ရင့်ကျက်သည့်​ခရစ်ယာန်​အကြီးအကဲ​များသည် သင့်ကို​ကူညီ​ရန် အသင့်ရှိ​ကြသည်။ အကူအညီ​အတွက် အကြီးအကဲ​တစ်ဦးထံ​ချဉ်းကပ်​လျှင် သင့်ကို ကြိုး​စား၍ “အားပေး” ကြ​မည်​ဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၁၄) သူ၏​ရည်ရွယ်ရင်း​သည် “လေ​လုံ၍ မိုးသက်မုန်တိုင်း​ကွယ်ရာ​အရပ်​ကဲ့သို့” ပြု​ရန်ဖြစ်​ပေ​လိမ့်​မည်။—ဟေရှာယ ၃၂:၂

“ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ” ၍​ကိုယ်တော့်​ကျေးကျွန်​များ ကိုယ်တော်​ကို​ချစ်​မြတ်နိုး​စွာ​ဝတ်ပြု​ရန် အလိုရှိ​တော်​မူ​သည်။ (၁ ယောဟန် ၄:၈) ဘုရားသခင်​ကို​ချစ်​သည့် သင့်​မေတ္တာ​ပြန်လည်​ရှင်သန်​ဖို့​လိုလျှင် အထက်တွင်​ဖော်ပြ​ခဲ့​သကဲ့သို့ သင့်လျော်​သည့်​ခြေလှမ်း​များ​ကို​လှမ်း​ပါ။ ထိုသို့​ပြုလုပ်ခြင်း​ဖြင့် သင်​ပျော်ရွှင်​ပေ​လိမ့်​မည်။