မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်လှမ်းဖို့ အခြားသူတို့ကိုကူညီပေး

ယေဟောဝါနှင့်ထိုက်တန်စွာလျှောက်လှမ်းဖို့ အခြားသူတို့ကိုကူညီပေး

ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်လှမ်းဖို့ အခြား​သူတို့ကို​ကူညီပေး

“ငါ​တို့သည် . . . သင်တို့​အဖို့​အလို​ငှာ အစဉ်မပြတ် ဆုတောင်း​လျက် . . . ကောင်းမှု​အသီး​အမျိုးမျိုးကို​သီး​သည့်​အလျောက် စိတ်တော်နှင့်​တွေ့​ခြင်း​ငှာ ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်လှမ်း​မည့်​အကြောင်း တောင်းလျှောက်​နေကြ၏။”—ကောလောသဲ ၁:၉၊ ၁၀၊ က​ဘ။

၁၊ ၂။ အဘယ်အရာက အထူးသဖြင့် ရွှင်လန်းမှု​နှင့် စိတ်​ကျေနပ်မှု​၏​ရင်းမြစ်​တစ်ခု ဖြစ်​နိုင်​သနည်း။

“ကား​နောက်​တွဲ​အိမ်​လေး​နဲ့ ယာ​ခင်း​တစ်ခု​မှာ ကျွန်တော်​တို့​နေထိုင်ကြ​တယ်။ ကျွန်တော်​တို့​ရဲ့​ဘဝကို ရိုးရှင်း​အောင်​ထားခြင်း​ဖြင့် လူ​တို့​ထံ​သတင်းကောင်း​ရောက်ရှိ​စေဖို့ ကျွန်တော်​တို့ အချိန်ပို​ရတယ်။ ယေဟောဝါ​ထံ မိမိတို့ရဲ့​ဘဝကို ဆက်ကပ်​အပ်နှံ​ဖို့ လူများစွာကို ကူညီပေး​နေရ​တဲ့​အခွင့်အရေး​နဲ့ ကျွန်တော်​တို့​ဟာ ကောင်းချီး​မင်္ဂလာ​ကြွယ်ဝ​စွာ​ရရှိခဲ့ကြ​ပါ​တယ်။”—တောင်​အာဖရိက​တိုက်​ရှိ အချိန်ပြည့်​အမှုတော်​ဆောင်​များ​ဖြစ်​ကြသော မောင်နှံစုံ​တစ်စုံ။

အခြား​သူတို့ကို ကူညီပေး​နေခြင်း​က ရွှင်လန်းမှု​ဖြစ်စေ​ကြောင်း သင်​သဘောမတူ​ပေ​လော။ အချို့​သည် ဖျားနာ​နေ​သူ၊ လက်မဲ့​ဘဝ​ဖြစ်နေ​သူ သို့​မဟုတ် အထီးကျန်​နေသူတို့​ကို ပုံမှန်​ကူညီ​ရန်​ကြိုးစား​ခြင်း​ဖြင့် စိတ်​ကျေနပ်​ရောင့်ရဲမှု ရယူ​နေကြ၏။ စစ်မှန်သော​ခရစ်ယာန်​များ​မူ ယေဟောဝါ​ဘုရားသခင်၊ ယေရှု​ခရစ်​တို့​နှင့်​ပတ်သက်​သည့်​အသိပညာကို အခြားသူ​တို့​ထံ မိမိတို့​ဝေမျှပေး​နေခြင်း​က မိမိတို့​ပေးကမ်း​နိုင်သော အကြီးမားဆုံး​အကူအညီ​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​ထား​ကြသည်။ ယင်း​သာ​လျှင် အခြား​သူတို့အား ယေရှု၏​ရွေးနုတ်ဖိုး​ကို​လက်ခံ​စေရန်၊ ဘုရားသခင်​နှင့်​ကောင်းသော​ဆက်ဆံ​ရေး တိုးတက်စေ​ရန်​နှင့် ထာဝရ​အသက်​အတွက် လျာထား​ခံရ​ရန် စွမ်းဆောင်​ပေး​နိုင်​သည်။—တမန်​တော် ၃:၁၉-၂၁; ၁၃:၄၈

၃။ အဘယ်​အကူအညီ​ပေး​မှု​မျိုးကို ကျွန်ုပ်​တို့​အာရုံစိုက်​သင့်​သနည်း။

သို့သော် ဘုရားသခင်​အား​ဝတ်ပြု​ကိုးကွယ်​လျက်​ရှိသော၊ “လမ်းစဉ်​တော်” ကို​လိုက်လျှောက်​လျက်​ရှိ​နှင့်​သော​သူတို့ကို ကူညီ​ခြင်း​နှင့်​ပတ်သက်​၍ အသို့နည်း။ (တမန်​တော် ၁၉:၉သတင်းကောင်း) သူတို့​အပေါ် ယခင်​က​ထက် သင်​ပို​၍​စိတ်ဝင်စား​မည်​ကား​အမှန်၊ သို့သော် သာ၍​မည်သို့​ပြုလုပ်​နိုင်​ပုံ သို့​မဟုတ် ပေး​လျက်​ရှိသော​အကူအညီကို မည်သို့​တိုးချဲ့​နိုင်​ပုံ​ကို သင်​မသိ​မြင်​ဘဲ​နေ​ပေမည်။ သို့​မဟုတ် သူတို့ကို သင်​ကူညီပေး​ရာ​တွင် သင်၏​အခြေအနေ​က သင့်ကို ကန့်သတ်​ထား​ပုံ​ရှိ​ပေ​ရာ သို့​နှင့် သင်​ရရှိနိုင်သော​စိတ်​ကျေနပ်မှု​ကို ကန့်သတ်​ထား​ပေမည်။ (တမန်​တော် ၂၀:၃၅) လက္ခဏာ​နှစ်ရပ်​စ​လုံး​နှင့်​ပတ်သက်​၍ ကောလောသဲ​ကျမ်းစောင်​မှ ကျွန်ုပ်​တို့​သိနိုင်​ကြသည်။

၄။ (က) အဘယ်​အခြေအနေ​များ​အောက်တွင် ကောလောသဲ​သို့ ပေါလု​စာရေး​ခဲ့​ခြင်း​ဖြစ်သနည်း။ (ခ) ဧပဖြ​သည် မည်သို့​ပါဝင်​ပတ်သက်​ခဲ့​သနည်း။

ကောလောသဲ​ရှိ ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု​စာရေး​ချိန်​တွင် သူသည် ရောမမြို့​ရှိ အိမ်​တစ်အိမ်​တွင် အကျယ်ချုပ်​ဖြင့်​ရှိနေ​၏၊ သို့သော် ဧည့်သည်​များ​ကို လက်ခံ​နိုင်​ခွင့်​ရှိသည်။ သင်​ခန့်မှန်း​လိမ့်​မည့်​အတိုင်း ပေါလု​သည် သူ၏​အကန့်အသတ်​ရှိသော​လွတ်လပ်မှုကို ဘုရားသခင့်​နိုင်ငံတော်​အကြောင်း​ဟောပြောရန် အသုံးပြု​ခဲ့​သည်။ (တမန်​တော် ၂၈:၁၆-၃၁) ခရစ်ယာန်​ချင်း​တို့သည် ပေါလု​ကို သွားရောက်​ကြည့်ရှု​နိုင်​ကြ​ပြီး ဖြစ်​နိုင်​သည်​မှာ ထို​အချိန်​က သူနှင့်​အတူ အချို့​လည်း အကျဉ်း​ကျနေ​သည်။ (ကောလောသဲ ၁:၇၊ ၈; ၄:၁၀) တစ်ဦး​မှာ ဧဝံဂေလိတရား​ကို ဇွဲရှိ​ရှိ​ဟောပြောသူ​ဧပဖြ​ဖြစ်​ပြီး အာရှမိုင်းနား (မျက်မှောက်ခေတ် တူရကီ​နိုင်ငံ) ရှိ ဧဖက်​မြို့​၏​အရှေ့ဘက် ကုန်းပြင်မြင့်​ဖြစ်သော ဖြူဂိ​အရပ်ဒေသ ကောလောသဲ​မြို့မှ​ဖြစ်သည်။ ဧပဖြ​သည် ကောလောသဲ​မြို့ရှိ အသင်းတော်ကို​ဖွဲ့စည်း​ရာ​၌ အကူအညီ​ရသူ​ဖြစ်​ပြီး အနီးအနား​ရှိ လောဒိကိ​နှင့် ဟေ​ရ​ပေါလိ​အသင်းတော်များ​အတွက် ကြိုးစား​လုပ်ဆောင်ခဲ့​သူ​ဖြစ်၏။ (ကောလောသဲ ၄:၁၂၊ ၁၃) ရောမမြို့​ရှိ​ပေါလု​ကို​တွေ့မြင်​ရန် ဧပဖြ​သည် အဘယ်ကြောင့်​သွားခဲ့​သနည်း၊ ပေါလု​၏​တုံ့ပြန်မှု​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ကောလောသဲ​အသင်းတော်​အတွက် ထိရောက်​သော​ကူညီ​မှု

၅။ ကောလောသဲ​သို့ သူ​ပို့​ခဲ့​သော​စာ​ကို ပေါလု အဘယ်ကြောင့်​ရေးသားခဲ့​ရသနည်း။

ကောလောသဲ​အသင်းတော်​ရှိ အခြေအနေ​များနှင့်​ပတ်သက်​၍ ပေါလု​နှင့်​တိုင်ပင်​ဆွေးနွေး​ရန် ဧပဖြ​သည် ရောမ​သို့ ခရီး​ကြမ်း​နှင်ခဲ့​သည်။ သူက ထို​ခရစ်ယာန်​တို့၏​ယုံကြည်ခြင်း၊ မေတ္တာ​နှင့် ဧဝံဂေလိ​ဟောပြောခြင်း​အတွက် အားထုတ်မှု​တို့ကို တင်ပြ​ခဲ့​၏။ (ကောလောသဲ ၁:၄-၈) သို့​တိုင် ကောလောသဲ​အသင်းတော်​သားများ​၏​ဝိညာဉ်​ရေးရာ​ကို အန္တရာယ်​ပြု​နေသည့် အပျက်သဘော​ဆောင်သော​လွှမ်းမိုးမှု​များနှင့်​ပတ်သက်​၍ သူ၏​စိုးရိမ်မကင်း​ဖြစ်မှု​ကိုလည်း မျှဝေ​ပေး​ခဲ့​သည်။ ပေါလု​က မှားယွင်းသော​ဆရာများ​လိုက်​ဖြန့်​နေသည့် ရှုမြင်ချက်​အချို့​ကို ဆန့်ကျင်​ဆီးတား​သည့် မှုတ်သွင်းခံစာ​တစ်စောင်​ဖြင့် တုံ့ပြန်​ခဲ့​သည်။ အထူးသဖြင့် သူက ယေရှု​ခရစ်​ပါဝင်​သင့်​သော အဓိက​အပိုင်းကဏ္ဍ​ကို အာရုံစိုက်​စေ​ခဲ့​သည်။ * သူ၏​အကူအညီ​သည် အဓိက​ကျမ်းစာအမှန်တရား​များ​ကို အလေးပေး​ဖော်ပြ​ရန်​အတွက်သာ ကန့်သတ်​ထားခဲ့​သလော။ ကောလောသဲ​မြို့သား​များ​ကို အခြား​မည်သို့ သူ​ကူညီ​နိုင်​ခဲ့​သနည်း၊ အခြား​သူတို့ကို​ကူညီ​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​သင်ခန်းစာများ ကျွန်ုပ်​တို့​ရယူ​နိုင်​သနည်း။

၆။ ကောလောသဲ​သို့​ပို့​သော သူ၏​စာ​တွင် အဘယ်အရာကို ပေါလု​အလေးပေး​ဖော်ပြ​ခဲ့​သနည်း။

သူ၏​စာ​အစပိုင်း​တွင် ကျွန်ုပ်​တို့​သတိ​မထားမိဘဲ​ဖြစ်သွား​နိုင်သော အကူအညီ​၏​အသွင်အပြင်​တစ်ရပ်​ကို ပေါလု​က ထိုးထွင်း​သိမြင်​စေ​ခဲ့​သည်။ ယင်းသည် အဝေး​တစ်​နေရာ​မှ​နေ၍ ထိရောက်​မှု​ရှိသော အကူအညီ​ပေး​နည်း​တစ်ခု​ဖြစ်​ပြီး ပေါလု​နှင့် ဧပဖြ​တို့သည် ကောလောသဲ​မှ အဝေး​တွင်​ရှိနေကြ​သည်။ ပေါလု​က ဤသို့​အခိုင်အမာ​ပြော​ခဲ့​သည်– “ငါ​တို့သည် သင်တို့​အတွက် ဆုတောင်း [က​ဘ အောက်ခြေမှတ်ချက် “အမြဲ​ဆုတောင်း”] . . . သည့်​အခါတိုင်း ငါ​တို့​အရှင်သခင်​ယေရှု​ခရစ်​၏​ခမည်းတော် ထာဝရ​ဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ပါ​၏။” မှန်ပါသည်၊ ယင်းသည် ကောလောသဲ​ရှိ ခရစ်ယာန်​များ​အတွက် သီးသန့်​သက်ဆိုင်​သော​ဆုတောင်းချက်​များ​ဖြစ်သည်။ ပေါလု​က ထပ်ဆင့်၍​ဤသို့​ဆို​သည်– “သို့​ဖြစ်​ခြင်း​ကြောင့် သင်တို့၏​သတင်းကို​ကြား​ရသည့်​နေ့​မှ​စ၍ ငါ​တို့သည် သင်တို့​အတွက် အစဉ်မပြတ်​ဆုတောင်း . . . လျက်​နေပါ​၏။ သင်တို့သည် ဝိညာဉ်​တော်​ချပေး​တော်​မူ​သော ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သဖြင့် ထာဝရ​ဘုရား​၏​အလိုတော်ကို ကောင်းစွာ​သိရှိ​ကြ​စေရန် ထာဝရ​ဘုရား​အား ငါ​တို့​ဆုတောင်း​ကြ​ပါ​၏။”—ကောလောသဲ ၁:၃၊သတင်းကောင်း။

၇၊ ၈။ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​နှင့် အသင်းတော်​လိုက်​ဆုတောင်းချက်​များ​တွင် အဘယ်​ကိစ္စ​ထည့်​တောင်း​လေ့​ရှိ​သနည်း။

ယေဟောဝါ​သည် ‘ဆုတောင်းချက်​ကို​နားထောင်​သော​ဘုရားသခင်’ ဖြစ်​တော်​မူ​ကြောင်း ကျွန်ုပ်​တို့​သိထားကြသည်၊ သို့​ဖြစ်၍ ကိုယ်တော်​၏​အလိုတော်နှင့်​အညီ တောင်းလျှောက်​သော ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နားထောင်ပေး​ရန် ကိုယ်တော်​အသင့်ရှိ​တော်​မူ​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြသည်။ (ဆာလံ ၆၅:၂; ၈၆:၆; သု. ၁၅:၈၊ ၂၉; ၁ ယောဟန် ၅:၁၄) သို့​ဖြစ်စေ​ကာ​မူ အခြားသူ​တို့အတွက် ကျွန်ုပ်​တို့​ဆုတောင်းပေး​သောအခါ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​မှာ မည်သို့​ဖြစ်​သင့်​သနည်း။

ကျွန်ုပ်​တို့သည် ‘လူ​ပြည်​အရပ်ရပ်​တို့​၌​ရှိသော ကျွန်ုပ်​တို့၏​ညီအစ်ကို​များ’ အကြောင်း​စဉ်းစား​ကာ ဆုတောင်းပေး​လေ့​ရှိသည်။ (၁ ပေတရု ၅:၉) သို့​မဟုတ် သဘာဝဘေး သို့​မဟုတ် အဖြစ်ဆိုး​နှင့်​ကြုံနေ​ရသည့်​ဒေသ​ရှိ ခရစ်ယာန်​များနှင့် အခြားသူ​တို့​နှင့်​ပတ်သက်​၍ ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ပေမည်။ ပထမ​ရာစု​အချိန်၌ ယုဒနယ်တွင် အငတ်ဘေး​ကြုံကြိုက်​ရ​ကြောင်းကို အခြား​အရပ်မှ​တပည့်တော်​များ ကြားသိ​ကြသောအခါ မိမိတို့​ညီအစ်ကို​များ​အတွက် သူတို့သည် ကယ်ဆယ်​ရေး​ရန်ပုံငွေ​များ​မ​ပို့​မီ​ပင် အကြီးအကျယ်​ဆုတောင်းပေး​ခဲ့​ကြ​ပေမည်။ (တမန်​တော် ၁၁:၂၇-၃၀) ကျွန်ုပ်​တို့​အချိန်တွင် ညီအစ်ကို​အသင်းအပင်း​တစ်ရပ်လုံး သို့​မဟုတ် ညီအစ်ကို​အုပ်စု​လိုက်​နှင့်​စပ်​လျ​ဉ်း​သော ဆုတောင်းချက်​များ​ကို ခရစ်ယာန်​အစည်းအဝေး​များ​တွင် ကြားကြ​ရလေ့​ရှိ​ကာ များစွာသော​သူတို့ နားလည်​ရန်လို​ပြီး “အာမင်” ချ​နိုင်သော​နေရာ​ဖြစ်သည်။—၁ ကောရိန္သု ၁၄:၁၆

ဆုတောင်းရာ​၌ သတ်သတ်မှတ်မှတ်​ရှိပါ

၉၊ ၁၀။ (က) တစ်ဦးစီ​အတွက် သတ်သတ်မှတ်မှတ် ဆုတောင်းပေး​ချက်​များ​မှာ သင့်လျော်​ကြောင်း အဘယ်​ပုံသက်သေ​များ​က ဖော်ပြ​သနည်း။ (ခ) ပေါလု​အတွက် သတ်သတ်မှတ်မှတ်​ဆုတောင်းပေး​ရသည့်​အခြေအနေ​မျိုး မည်သို့​ရောက်​ခဲ့​သနည်း။

ထို့​ပြင် သမ္မာကျမ်းစာ​က သာ၍​သတ်သတ်မှတ်မှတ်​နှင့် တစ်ဦးချင်း​ကို​ရည်စူး​သော အခြားသူ​တို့အတွက် ဆုတောင်းချက်​များနှင့်​ပတ်သက်​သည့် ပုံသက်သေ​များ​ကို ကျွန်ုပ်​တို့အား ဖော်ပြ​ထား​သည်။ လုကာ ၂၂:၃၁၊ ၃၂ ၌​မှတ်တမ်း​တင်ထားသော ယေရှု၏​မိန့်မှာချက်ကို ပြန်​သုံးသပ်ကြည့်​ပါ။ ကိုယ်တော့်​ဘေး​တွင် သစ္စာရှိ​သော​တမန်​တော် ၁၁ ပါး​ရှိ​နေသည်။ သူတို့​အားလုံး ရှေ့တွင်​ရှိသော ခက်ခဲ​သည့်​အချိန်၌ ဘုရားသခင်​၏​ထောက်မမှု လိုအပ်​မည်​ဖြစ်​ရာ သူတို့​အတွက် ယေရှု​ဆုတောင်းပေး​ခဲ့​၏။ (ယောဟန် ၁၇:၉-၁၄) သို့​တိုင် ယေရှုသည် ပေတရု​ကို​သီးခြား​ရွေး​ထု​က်​ကာ ထို​တပည့်တော်​တစ်ဦးတည်း​အတွက် သတ်သတ်မှတ်မှတ်​အသနားခံ​ဆုတောင်းပေး​ခဲ့​သည်။ အခြား​ဥပမာ​များ​ကား– ဧလိရှဲ​သည် သတ်သတ်မှတ်မှတ်​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်သော မိမိ၏​နောက်လိုက်​အတွက် ဘုရားသခင်​ကူညီပေး​ရန် ဆုတောင်း​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၆:၁၅-၁၇) တမန်​တော်​ယောဟန်​က ဂါယု​သည် ကာယရေးရာ​နှင့် ဝိညာဉ်​ရေးရာ​တွင် ဆက်လက်​ကျန်းမာ​သန်စွမ်း​နေ​စေရန် ဆုတောင်းပေး​ခဲ့​သည်။ (၃ ယောဟန် ၁၊ ၂) ထို့​ပြင် အခြားသော​ဆုတောင်းချက်​များသည် သတ်သတ်မှတ်မှတ်​အုပ်စု​များ​အပေါ် အာရုံစိုက်ခဲ့​သည်။—ယောဘ ၄၂:၇၊ ၈; လုကာ ၆:၂၈; တမန်​တော် ၇:၆၀; ၁ တိမောသေ ၂:၁၊ ၂

၁၀ ပေါလု​၏​စာ​များ​က အလွန်​တ​ရာ​သတ်သတ်မှတ်မှတ်​ပြုသော ဆုတောင်းချက်​များ​၏​အကြောင်း ထင်ရှား​ပေါ်လွင်​စေ​၏။ မိမိ​အတွက်​လည်းကောင်း၊ မိမိ​နှင့် မိမိ၏​အပေါင်းအဖော်​များ​အတွက်​လည်းကောင်း ဆုတောင်းပေး​ကြ​ရန် သူ​တောင်းဆို​ခဲ့​သည်။ ကောလောသဲ ၄:၂၊ ၃ (သတင်းကောင်း) တွင် ဤသို့​ဖတ်​ရသည်– “မခြားမလပ် ဆုတောင်း . . . ကြလော့။ ဆုတောင်း . . . ရာ​တွင် နိုးနိုးကြားကြား​ရှိ​လျက် ကျေးဇူးတော်​ကို​ချီးမွမ်း​ကြလော့။ ဆုတောင်း​သည့်​အခါတိုင်း ငါ​တို့၏​အတွက်​လည်း ဆုတောင်း​ကြလော့။ ခရစ်တော်​၏​နက်နဲ​သည့် နှုတ် [မြွက်] တရားတော်​ကို ဟောပြော​သည့်​အတွက် ငါသည် ယခု ထောင်ကျ​လျက်​ရှိ၏။ ထို​တရားတော်​ကို ငါ​တို့သည် လွတ်လပ်​စွာ​ဟောပြောနိုင်​ခွင့်​ကို ထာဝရ​ဘုရား​ပေး​တော်​မူ​ပါ​မည့်​အကြောင်း ဆုတောင်း​ကြလော့။” ဖော်ပြ​ပါ အခြား​ပုံသက်သေ​များ​ကိုလည်း သုံးသပ်ကြည့်​ပါ– ရောမ ၁၅:၃၀၊ ၃၁; ၁ သက်သာလောနိတ် ၅:၂၅; ၂ သက်သာလောနိတ် ၃:၁၊ ၂; ဟေဗြဲ ၁၃:၁၈

၁၁။ ရောမ​၌​ရှိနေစဉ် ဧပဖြ​သည် မည်​သူ့​အတွက် ဆုတောင်းပေး​နေခဲ့​သနည်း။

၁၁ ရောမ​ရှိ ပေါလု​၏​အပေါင်းအဖော်​နှင့်​စပ်လျဉ်း၍ အလားတူ​ပင်​ဖြစ်​ခဲ့​သည်။ “သင်တို့​အထဲ​က​ဖြစ်သော ခရစ်တော်​၏​ကျွန် ဧပဖြ​သည် သင်တို့ကိုနှုတ်ဆက်​၏။ . . . သူသည် သင်တို့​အဖို့ ကာလ​အစဉ်​ကြိုး​စား၍ ဆုတောင်း​တတ်၏။” (ကောလောသဲ ၄:၁၂) “ကြိုးစား” ဟု​ဘာသာပြန်ခဲ့​သော​စကားလုံး​က ရှေးခေတ်​ကစား​နည်း​များ​ရှိ အားကစားသမား​တစ်ဦး​အတိုင်း “ရုန်းကန်​ကြိုးပမ်း​ခြင်း” ဟု အဓိပ္ပာယ်​သက်ရောက်​နိုင်​သည်။ ဧပဖြ​သည် ကမ္ဘာ​တစ်ဝန်း​ယုံကြည်သူ​တစ်စုလုံး သို့​မဟုတ် တစ်နည်း​ဆို​သော် အာရှမိုင်းနားတစ်လျှောက်​ရှိ စစ်မှန်သော​ဝတ်ပြုသူ​များနှင့်​ပတ်သက်​၍ စိတ်​ထက်သန်​စွာ ဆုတောင်း​ခဲ့​ခြင်း​မျှ​သာ ဖြစ်သလော။ ပေါလု​က ဧပဖြ​သည် ကောလောသဲ​မြို့သား​များ​အတွက် အထူး​ဆုတောင်း​ခဲ့​ခြင်း​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​၏။ ဧပဖြ​သည် သူတို့၏​အခြေအနေ​ကို သိထား​သည်။ သူတို့​အားလုံး​ကို အမည်​ဖြင့်​ဖြစ်စေ သို့​မဟုတ် သူတို့​ရင်ဆိုင်ခဲ့​ရသော​အခက်အခဲ​များ​ကို ကျွန်ုပ်​တို့​မသိကြ​ပါ၊ သို့သော် ဖြစ်​နိုင်​ခြေ​အချို့​ကို စဉ်းစား​ကြည့်​ပါ။ လူငယ်​လိ​နု​သည် ပျံ့နှံ့​လျက်​ရှိနေ​သော အတွေးအခေါ်​များ​၏​လွှမ်းမိုးမှုကို ဆိုင်ပြိုင်​တိုက်လှန်​နေခဲ့ရ​ပြီး ရု​ဖု​သည် ယုဒ​ဘာသာ​ရှိ​ယခင်​ထုံးတမ်းများ​၏ ဆွဲဆောင်မှု​ကို​တွန်းလှန်​ရန် ခွန်အား​လိုအပ်​ပေမည်။ မယုံကြည်​သူ​ခင်ပွန်း​ရှိသော ပေရသိ​သည် သခင်​ဘုရား​၌ မိမိ၏​ကလေး​များ​ကို​ကြီးပြင်း​လာ​စေရန် ခံနိုင်ရည်​နှင့် ဉာဏ်ပညာ​လိုအပ်​ပြီး သေလုမြောပါး​ဖျားနာ​မှု​ကို ခံစား​နေရ​သော​အ​သုံ​ကြိတ်​သည် ထပ်ဆင့်​နှစ်သိမ့်မှု​လိုအပ်​သည်မဟုတ်​ပေ​လော။ မှန်ပါသည်၊ ဧပဖြ​သည် မိမိ၏​နေရင်း​အသင်းတော်​ရှိ ထို​သူတို့ကို​သိရှိပြီး ထို​သစ္စာရှိ​သော​သူတို့ကို ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်လှမ်း​ရန် သူနှင့် ပေါလု​နှစ်ဦးစလုံး​က အလိုရှိ​ခဲ့​ရာ သူတို့နှင့်​စပ်လျဉ်း၍ စိတ်အား​ထက်သန်​စွာ​ဆုတောင်းပေး​ခဲ့​သည်။

၁၂။ ကျွန်ုပ်​တို့၏​သီးသန့်​ဆုတောင်းချက်​များ​တွင် မည်သို့​ပို​၍​သတ်သတ်မှတ်မှတ်​ဖြစ်စေ​နိုင်​သနည်း။

၁၂ ကျွန်ုပ်​တို့အတွက် စံနမူနာ​ဖြစ်သော အခြား​သူတို့ကို​ကူညီ​ရန် နည်းလမ်း​တစ်ရပ်​ကို သင်​တွေ့မြင်​ပါသလော။ ဖော်ပြ​ပြီး​ခဲ့​သည့်​အတိုင်း အထူးထူး​အပြားပြား​သော​ပရိသတ်​ကို ထောက်ရှု၍ ခရစ်ယာန်​အစည်းအဝေး​များ​၌ လူအများရှေ့​ဆုတောင်းချက်​များသည် အများ​အတွက်​ဖြစ်လေ့​ရှိသည်။ သို့သော် ကျွန်ုပ်​တို့၏​ကိုယ်ပိုင် သို့​မဟုတ် မိသားစု​ဆုတောင်းချက်​များ​မှာ အတော်အတန်​သတ်သတ်မှတ်မှတ်​ပြု​နိုင်​သည်။ နယ်လှည့်​ကြီးကြပ်မှူး​အားလုံး သို့​မဟုတ် ဝိညာဉ်​ရေးရာ​သိုးထိန်း​များ​ကို လမ်း​ပြညွှန်​ကြား​၍ ကောင်းချီး​ပေး​ရန် ဘုရားသခင်​ထံ ကျွန်ုပ်​တို့​တောင်းလျှောက်​စဉ်​တွင် တစ်ခါတစ်ရံ အတိအကျ​ဆု​မ​တောင်းပေး​နိုင်​ပေ​လော။ ဥပမာ၊ သင်၏​အသင်းတော်​သို့ လာရောက်​လည်ပတ်​သော တိုက်နယ်​ကြီးကြပ်မှူး သို့​မဟုတ် သင့်​အသင်းတော်​၏​စာအုပ်ကြီး​သင်တန်းမှူး​ကို အမည်​ဖြင့်​ဖော်ပြ​၍ ဆုတောင်းပေး​ပါ​လေ။ ဖိလိပ္ပိ ၂:၂၅-၂၈ နှင့် ၁ တိမောသေ ၅:၂၃ က တိမောသေ​နှင့် ဧပဖြ​တို့၏​ကျန်းမာ​ရေး​နှင့်​ပတ်သက်​၍ တစ်ဦးချင်း​စီ​အပေါ် ပေါလု​၏​စိုးရိမ်မှု​ကို​ဖော်ပြ​သည်။ နာမည်​ဖြင့် ကျွန်ုပ်​တို့​သိထားကြ​သော ဖျားနာသူ​တို့​အပေါ် ထို​ကဲ့သို့​စိတ်ဝင်စားမှု​မျိုးကို ကျွန်ုပ်​တို့​လည်း တင်ပြ​နိုင်​မည်​လော။

၁၃။ မည်သည့်​အခြေအနေ​မျိုး​တို့သည် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​တွင် ထည့်သွင်း​သင့်​သော​ကိစ္စရပ်​များ ဖြစ်သနည်း။

၁၃ မှန်ပါသည်၊ အခြား​သူတို့၏​ကိုယ်ရေးကိုယ်တာ​ကိစ္စ​တွင် မဆိုင်​ဘဲ​နှင့်​ဝင်စွက်ခြင်း​ကို ကျွန်ုပ်​တို့​ရှောင်ရှား​ရ​ပေမည်၊ သို့သော် ကျွန်ုပ်​တို့​သိ၍ ဂရုပြု​ရမည့်​သူတို့၌ စစ်မှန်သော​စိတ်ဝင်စားမှု​ကို​ဖော်ပြ​ရန် ကျွန်ုပ်​တို့​ဆုတောင်း​ပေးခြင်း​မှာ သင့်လျော်​ပါ​သည်။ (၁ တိမောသေ ၅:၁၃; ၁ ပေတရု ၄:၁၅) ညီအစ်ကို​တစ်ဦး အလုပ်ပြုတ်​သွားခြင်း​ဖြစ်​နိုင်​ပြီး နောက်ထပ်​အလုပ်ကို ကျွန်ုပ်​တို့​ရှာ​မပေးနိုင်​ချေ။ သို့သော် ကျွန်ုပ်​တို့၏ ကိုယ်ပိုင်​ဆုတောင်းချက်​တွင် သူ၏​အခက်အခဲ​အပေါ် အာရုံစိုက်​၍ အမည်​ဖြင့်​ဖော်ပြ​ပေး​နိုင်​သည်။ (ဆာလံ ၃၇:၂၅; သု. ၁၀:၃) “သခင်​ဘုရား​၌​သာ” လက်ထပ်​ရန် ဆုံးဖြတ်ထား​ခြင်း​ကြောင့် ခင်ပွန်း​နှင့် သားသမီး​မရှိသော အသက်​ကြီးရင့်​လာပြီ​ဖြစ်သည့် တစ်ကိုယ်ရေ​ညီအစ်မ​တစ်ဦး​ကို ကျွန်ုပ်​တို့ သိထားပါ​သလော။ (၁ ကောရိန္သု ၇:၃၉) သင်၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​တွင် သူ့ကို ကောင်းချီး​ပေး​ရန်​နှင့် သူ၏​လုပ်ငန်းတော်​၌ သစ္စာရှိ​ရှိ​ဆက်​လုပ်ဆောင်ဖို့ ကူညီပေး​ရန် ယေဟောဝါ​ထံ တောင်းလျှောက်​ပေး​ပါ​လေ။ နောက်​ဥပမာ​အနေ​ဖြင့် အမှား​ကျူးလွန်​သော​ညီအစ်ကို​တစ်ဦး​ကို အကြီးအကဲ​နှစ်ဦး​က သွန်သင်ချက်ပေး​ပေမည်။ တစ်ဦးစီ​သည် အခါ​အား​လျော်​စွာ မိမိတို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​တွင် သူ့ကို အမည်တပ်​၍ ဖော်ပြ​ဆုတောင်းပေး​နိုင်​သည်။

၁၄။ အခြား​သူတို့ကို​ကူညီ​ပေးခြင်း​နှင့် သတ်သတ်မှတ်မှတ်​ဆုတောင်းချက်​တို့သည် မည်သို့​ဆက်စပ်​လျက်​ရှိ​သနည်း။

၁၄ ယေဟောဝါ​၏​ထောက်ပံ့မှု၊ နှစ်သိမ့်မှု၊ ဉာဏ်ပညာ​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော် သို့​မဟုတ် ယင်း​၏ မည်သည့်​အကျိုး​ဖြစ်ထွန်း​သော​ရလဒ်​မဆို လိုအပ်​နေကြောင်း သင်​သိရှိ​ထား​သူ​တစ်ဦးချင်း​စီ​ကို သင်၏​ကိုယ်ပိုင်​ဆုတောင်းချက်​၌ ထည့်သွင်း​ရန် သင့်အတွက် ဖြစ်​နိုင်​ခြေ​အမြောက်အမြား​ရှိသည်။ အလှမ်း​ကွာဝေး​မှု သို့​မဟုတ် အခြား​အခြေအနေ​များ​ကြောင့် သင်ပေး​နိုင်​သည့် ရုပ်ပစ္စည်း​အရာ​၌​ဖြစ်စေ၊ တိုက်ရိုက်​အကူအညီ​၌​ဖြစ်စေ အကန့်အသတ်​ရှိ​နေသည်​ဟု သင်​ခံစား​မိ​ပေမည်။ သို့သော် သင့်​ညီအစ်ကို၊ ညီအစ်မ​များ​အတွက် ဆုတောင်းပေး​ရန် ဘယ်တော့​မျှ​မမေ့​ပါ​နှင့်။ သူတို့သည် ယေဟောဝါ​နှင့်​ထိုက်တန်​စွာ လျှောက်လှမ်း​လို​ကြောင်း သင်​သိထား​သည်၊ သို့​တိုင် သူတို့သည် ရေရှည်​လျှောက်လှမ်း​သွားစေရန် အမှန်တကယ် အကူအညီ​လိုအပ်​ပေမည်။ ကူညီပေး​ရာ​တွင် အဓိကကျ​ရာ​မှာ သင်၏​ဆုတောင်းချက်​များ​ဖြစ်သည်။—ဆာလံ ၁၈:၂; ၂၀:၁၊ ၂; ၃၄:၁၅; ၄၆:၁; ၁၂၁:၁-၃

အခြားသူ​တို့​ခွန်အား​ရှိလာ​စေရန် လုပ်ဆောင်ခြင်း

၁၅။ ကောလောသဲ​ကျမ်း​၏ နိဂုံးပိုင်း​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။

၁၅ အခြားသူများ၊ အထူးသဖြင့် သင့်​အနီးအနား​တွင်​ရှိသူ​နှင့် သင်​နှင့်​စပ်ဆိုင်​သော​သူတို့​အတွက် စိတ်​ထက်သန်မှု​ဖြင့် သတ်သတ်မှတ်မှတ်​ဆုတောင်း​ပေးခြင်း​သည် ကူညီပေး​ရန် တစ်ခု​တည်း​သော​နည်းလမ်း​မဟုတ်​သည်​ကား အမှန်ပင်။ ကောလောသဲ​စာစောင်​က ယင်းကို ပေါ်လွင်​ထင်ရှားစေ​၏။ ကျမ်း​ပညာရှင်​များစွာက ပေါလု​သည် အယူဝါဒ​ဆိုင်ရာ​ညွှန်ကြားချက်​နှင့် လက်တွေ့ကျ​ဆုံးမ​စကား​ကို ဖော်ပြ​ပြီး​နောက် တစ်ဦးချင်း​ထံ နှုတ်​ခွန်း​ဆက်​စကား​မျှ​သာ ထပ်ဆင့်​သည်​ဟု ယူဆ​ထား​ကြသည်။ (ကောလောသဲ ၄:၇-၁၈) ယင်း​နှင့်​ဆန့်ကျင်​လျက် ဤ​စာစောင်​၏​နောက်ဆုံးပိုင်း​၌ မှတ်သားဖွယ်​ရာ​ဆုံးမ​စကား​ပါရှိကြောင်း​နှင့် ဤ​အပိုင်း​တွင် သင်ယူစရာ သာ၍​ပါရှိကြောင်း​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ထားခဲ့​ပြီ။

၁၆၊ ၁၇။ ကောလောသဲ ၄:၁၀၊ ၁၁ ၌​ဖော်ပြ​ထားသော ညီအစ်ကို​များ​အကြောင်း ကျွန်ုပ်​တို့ ဘာ​ပြောပြ​နိုင်​သနည်း။

၁၆ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ငါ​နှင့်အတူ​အကျဉ်း​ခံရ​သော​သူ အာရိတ္တာခု​မှ​စ၍ ဗာနဗ​၏​ညီအစ်ကိုတော် မာကု၊ ယုတ္တု​ဟု​ခေါ်ဝေါ်​သော ယေရှု​တို့သည် သင်တို့ကို​နှုတ်ဆက်​ကြ​၏။ မာကု​အကြောင်း​နှင့်​ဆိုင်၍ သင်တို့ကို​ငါ​မှာ​လိုက်ခဲ့​ပြီ။ သူသည်​သင်တို့​ထံ​သို့​ရောက်လာ​လျှင် လက်ခံ​ကြလော့။ အရေဖျားလှီး​ခြင်း​ကို​ခံ​သော​သူတို့တွင် ဤသူတို့​သာ ဘုရားသခင်​၏​နိုင်ငံတော်​အဖို့ ငါ​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်၍ ငါ့​စိတ်​ကို​နှစ်သိမ့်​စေ [“ခွန်အား​ရှိစေ​သော​အထောက်အကူ​ဖြစ်၊” က​ဘ] ကြ​၏။”—ကောလောသဲ ၄:၁၀၊ ၁၁သ​မ။

၁၇ ဤ​တွင်​ပေါလု​က အထူး​မှတ်သားထိုက်​သော ညီအစ်ကို​အချို့​ကို ဖော်ပြ​ပေး​သည်။ သူတို့သည် ဂျူး​နောက်ခံ​ရှိ အရေဖျားလှီး​ခြင်း​ခံ​ထား​သူတို့​ထဲ​တွင်​ပါဝင်​ကြောင်း သူက​ပြောပြ​သည်။ ရောမ​၌ အရေဖျားလှီး​ခြင်း​ကို​ခံ​သော​ဂျူး​များစွာ​ရှိပြီး ယခု အချို့​သည် ခရစ်ယာန်​များ​ဖြစ်​ခဲ့​ကြသည်။ သို့​တိုင် ပေါလု​ဖော်ပြ​သော​သူတို့သည် သူ၏​ကူ​ဖော်​လောင်​ဖက်​ဖြစ်လာ​ခဲ့​၏။ ဖြစ်​နိုင်​သည်​မှာ သူတို့သည် တစ်ပါး​အမျိုးသား​နောက်ခံ​ရှိသော ခရစ်ယာန်​များနှင့် ပေါင်းသင်း​ရန် မတွန့်​ဆုတ်​ခဲ့​ချေ၊ ထို့​ပြင် တစ်ပါး​အမျိုးသားများ​ထံ​ဟောပြောခြင်း​၌ ပေါလု​နှင့်အတူ သူတို့ ဝမ်းမြောက်​စွာ​ပါဝင်​ခဲ့​ကြ​မည်။—ရောမ ၁၁:၁၃၊ ၁၄; ဂလာတိ ၁:၁၆; ၂:၁၁-၁၄

၁၈။ သူနှင့်​အတူ​ရှိသူတို့​ကို ပေါလု မည်သို့​ချီးမွမ်း​ခဲ့​သနည်း။

၁၈ ပေါလု​၏​ပြောဆိုချက်​ကို သတိပြုပါ– ‘သူတို့သည် ငါ​၏ ခွန်အား​ရှိစေ​သော​အထောက်အကူ​ဖြစ်သည်။’ သမ္မာကျမ်းစာ​၌ ဤ​တစ်ကြိမ်​သာ​ပါရှိ​သော ဂရိ​စကားလုံး​တစ်လုံး​ကို သူ​အသုံးပြု​ခဲ့​သည်။ ဘာသာပြန်​များစွာ​သည် ယင်းကို “နှစ်သိမ့်မှု” ဟု​ဘာသာပြန်​ကြသည်။ သို့သော် များသောအားဖြင့် “နှစ်သိမ့်မှု” ဟု​ဘာသာပြန်ခဲ့​ကြ​သည့် နောက်ထပ်​ဂရိ​စကားလုံး (ပါ​ရာ​ကာလဲ​အို) ရှိသည်။ ပေါလု​သည် ယင်းကို ဤ​စာစောင်​ရှိ​အခြား​နေရာများ​တွင် အသုံးပြု​ခဲ့​သော်လည်း ကောလောသဲ ၄:၁၁ တွင်​မူ​အသုံးမပြု​ခဲ့​ချေ။—မဿဲ ၅:၄; တမန်​တော် ၄:၃၆; ၉:၃၁; ၂ ကောရိန္သု ၁:၄; ကောလောသဲ ၂:၂; ၄:၈

၁၉၊ ၂၀။ (က) ရောမ​၌ သူ့​အား ကူညီ​လျက်​ရှိသော​ညီအစ်ကို​များ​ကို​ရည်စူး​သည့် ပေါလု​ဖော်ပြချက်​၏ ဆိုလိုရင်း​ကား အဘယ်နည်း။ (ခ) ထို​ညီအစ်ကို​များသည် ပေါလု​ကို အဘယ်​နည်းများဖြင့် ကူညီပေး​ခဲ့​ဖွယ်​ရှိ​သနည်း။

၁၉ အမည်​ဖြင့် ပေါလု​ထုတ်ဖော်​သူတို့သည် နှုတ်ဖြင့်​မ​က နှစ်သိမ့်မှု​ပေး​ခဲ့​ကြ​ရမည်။ ကောလောသဲ ၄:၁၁ ၌ “ခွန်အား​ရှိစေ​သော​အထောက်အကူ” ဟူ၍ ဘာသာ​ပြန်ဆို​သော ဂရိ​အသုံးအနှုန်း​ကို ရံဖန်ရံခါ လောက​စာပေ​များ​တွင် စိတ်​ဖိစီးမှုကို​သက်သာ​စေသော ဆေး​တစ်မျိုး​အတွက် အသုံးပြု​၏။ ဘဝ​သစ်​ဘာသာပြန်​ကျမ်း​၌ ဤသို့​ဖတ်​ရသည်– “သူတို့သည် ငါ့ကို အလွန်​အကူအညီ​ပေး​ခဲ့​ကြပြီ​တကား!” သတင်းကောင်း​ကျမ်း​က ထိုစကား​စု​ကို ဤသို့​ဖော်ပြ​ထား​သည်– “ဤ​သူတို့သည်​ကား ငါ့​အား များစွာ​ကူညီ​သူများ​ဖြစ်သည်။” ပေါလု​အနီးအနား​တွင် ရှိနေကြ​သော ထို​ခရစ်ယာန်​ညီအစ်ကို​များသည် သူ့​အား​အကူအညီ​ပေး​ရန် ဘာ​ပြုလုပ်​နိုင်​ခဲ့​သနည်း။

၂၀ ပေါလု​၌ ဧည့်သည်​များ​ရှိ​နိုင်​သည်၊ သို့သော် မိမိ၏​အခြေခံ​လိုအပ်ရာ​များ​ဖြစ်သည့် အစားအသောက်​နှင့် ဆောင်းတွင်း​အတွက် အဝတ်အစား​များ ဝယ်ခြမ်း​ခြင်း​ကဲ့သို့​သော မိမိ​မ​လုပ်နိုင်​သည့်​အရာများ​စွာ ရှိသည်။ လေ့လာ​ရန်​အတွက် ကျမ်းလိပ်​များ​ကို သူ​မည်သို့​ရရှိ​မည်​နည်း၊ သို့​မဟုတ် စာရေး​ပစ္စည်း​များ​ကို မည်သို့​ဝယ်ယူ​မည်​နည်း။ (၂ တိမောသေ ၄:၁၃) သူ၏​လိုအပ်ရာ​များ၊ ဈေးဝယ်​ခြမ်း​ခြင်း​နှင့် သူ​စေခိုင်း​ရာ​ကို အပြေးအလွှား​ပြုလုပ်​ပေးခြင်း​ကဲ့သို့​သော အခြေခံ​အရာများ​ကို လုပ်ဆောင်ပေး​ခြင်း​ဖြင့် ထို​ညီအစ်ကို​များသည် ပေါလု​ကို​ကူညီပေး​နေကြ​သည်ကို သင်​မြင်ယောင်​ကြည့်​၍ မရနိုင်​ပေ​လော။ အသင်းတော်​တစ်ခု​သို့ သွားရောက်​ကြည့်ရှု​စစ်ဆေး​ကာ တည်ဆောက်မှု​ပေး​စေ​လို​ပေမည်။ အကျဉ်း​ကျနေ​သဖြင့် သူ​မသွား​နိုင်သော​ကြောင့် ပေါလု​အတွက် သတင်းပို့​ဆောင်ခြင်း​နှင့် မှတ်တမ်းများ​ပြန်​ယူဆောင်​လာ​ခြင်း​ငှာ ထို​ညီအစ်ကို​များသည် သွားရောက်​လည်ပတ်​ပေး​ခဲ့​ပေမည်။ မည်မျှ​ခွန်အား​ဖြစ်စေ​မည်​တကား!

၂၁၊ ၂၂။ (က) ကောလောသဲ ၄:၁၁ ၌​ဖော်ပြ​ထားသော​စကား​များ​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် စိတ်ဝင်စား​သင့်​သနည်း။ (ခ) ပေါလု​နှင့်အတူ​ရှိသူတို့​၏ ပုံသက်သေ​ကို ကျွန်ုပ်​တို့​ကျင့်သုံး​နိုင်​သည့် နည်းလမ်း​အချို့​ကား​အဘယ်နည်း။

၂၁ “ခွန်အား​ရှိစေ​သော​အထောက်အကူ” ဖြစ်​ခြင်း​နှင့်​ပတ်သက်​၍ ပေါလု​ရေးသားခဲ့​ရာ​က အခြား​သူတို့အား ကျွန်ုပ်​တို့ မည်သို့​အကူအညီ​ပေး​နိုင်​ပုံ​ကို ထိုးထွင်း​သိမြင်​စေ​သည်။ သူတို့သည် ကိုယ်တော်​၏​ကျင့်ဝတ်​စံနှုန်း​နှင့်​အညီ ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်လှမ်း​နိုင်​ကြ​ကာ ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​နိုင်၊ ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​နိုင်​ကြ​ပေမည်။ ထို​အတွက်​ကြောင့် ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​လေးမြတ်​သည့်​စကား​ကို သူတို့​ရရှိ​ထိုက်​သည်။ သို့သော် ‘ခွန်အား​ရှိစေ​သော​အထောက်အကူ​များ’ ဖြစ်​ခြင်း​၌ ပေါလု​နှင့်အတူ​ရှိခဲ့​ကြ​သူများ​ကဲ့သို့ ကျွန်ုပ်​တို့ သာ၍​ပြုလုပ်​နိုင်​ကြ​မည်​လော။

၂၂ မိသားစုမှာ သူ့​အနား​တွင်​မရှိသော ၁ ကောရိန္သု ၇:၃၇ ကို ပညာရှိ​စွာ​လိုက်နာ​စောင့်စည်း​သည့် ညီအစ်မ​တစ်ဦး​ကို သင်​သိရှိပါ​က သူ့​အား ထမင်း​စား​ဖိတ်​ရန် သို့​မဟုတ် မိတ်ဆွေများ​နှင့်​ဖြစ်စေ၊ ဆွေမျိုး​များနှင့်​ဖြစ်စေ မိတ်ဆုံပွဲ​ငယ်​လေး​သို့​လာရန် ခေါ်ဖိတ်​ခြင်း​မျိုး​ဖြစ်​မည့် မိသားစု​ဆောင်ရွက်မှု​အချို့​တွင် ပါဝင်​စေနိုင်​မည်​လော။ စည်းဝေးကြီး သို့​မဟုတ် အားလပ်ရက်​တွင်​လည်ပတ်ခြင်း​၌ သင့်​မိသားစု​နှင့်အတူ​သွား​ရန် ခေါ်ဖိတ်​လျှင်​ကော အသို့နည်း။ သို့​မဟုတ် အဆင်ပြေ​သော​အချိန်တွင် အစားအစာ​ဝယ်ခြမ်း​ဖို့ သင်​နှင့်​ဈေးဝယ်​လိုက်​ရန် ခေါ်​ကြည့်​ပါ။ မုဆိုးမ၊ မုဆိုး​ဖို​များ သို့​မဟုတ် ယခု ကား​မမောင်း​နိုင်​သူများကို အလားတူ ကမ်း​လှမ်းကြည့်​နိုင်​သည်။ သူတို့၏​တွေ့ကြုံမှု​များ​ကြား​ရခြင်း သို့​မဟုတ် သစ်သီး​ကောင်း ရွေးချယ်​ပုံ၊ ကလေး​သူငယ်​အဝတ်​အထည်​များ​ရွေးချယ်​ပုံ​ကဲ့သို့​သော လုပ်ရိုးလုပ်စဉ်​ကိစ္စ​များနှင့်​ပတ်သက်​၍ သူတို့​သိရှိ​ထား​ရာ​မှ အချက်အလက်​ရယူခြင်း​တို့သည် အကျိုးများ​ကြောင်း သင်​တွေ့မြင်​နိုင်​သည်။ (ဝတ်ပြုရာ ၁၉:၃၂; သု. ၁၆:၃၁) သာ၍​ရင်းနှီးမှုကို အလိုလို​ရရှိ​လာနိုင်​သည်။ သို့​နှင့် သူတို့သည် ဆေး​ဆိုင်​မှ​ဆေး​အချို့​ဝယ်ယူ​လိုလျှင် သို့​မဟုတ် အလားတူ​ဆင်တူ​သော​အရာ​၌ သင်၏​အကူအညီကို​တောင်းခံ​ရန် ပို​၍​ဝံ့ဝံ့ရဲရဲ​ရှိလာ​ပေမည်။ ရောမ​တွင် ပေါလု​နှင့်အတူ​ရှိခဲ့​ကြ​သည့်​ညီအစ်ကို​များသည် သင်ပေး​နိုင်​သကဲ့သို့​သော လက်တွေ့ကျ ခွန်အား​ဖြစ်စေ​သည့်​အထောက်အကူ​များ ပေး​ခဲ့​ကြ​မည်။ ထို​အချိန်​နှင့် ယခု​အချိန်၌​ပါ မေတ္တာ​နှောင်ကြိုး​ခိုင်မြဲ​စေပြီး ယေဟောဝါ​အား သစ္စာရှိ​ရှိ​အတူတကွ​ဝတ်ပြု​ရန် စိတ်ပိုင်းဖြတ်​မှု​ကို တိုးမြှင့်​စေသည့်​ကောင်းချီး​များ ထပ်ဆင့်​ရရှိ​ကြသည်။

၂၃။ အဘယ်အရာကို​လုပ်ဆောင်ခြင်း​၌ ကျွန်ုပ်​တို့​ယောက်​တိုင်း အချိန်ကို​အသုံးပြုရန် ကောင်း​မည်​နည်း။

၂၃ ဤ​ဆောင်းပါး​၌​ဖော်ပြ​ထားခဲ့​သော အခြေအနေ​များ​ကို ကျွန်ုပ်​တို့​ယောက်​တိုင်း သုံးသပ်​နိုင်​ကြ​၏။ ၎င်းတို့မှာ လိုက်လျှောက်​နိုင်သော​နမူနာ​မျှ​သာ​ဖြစ်သည်၊ သို့သော် ယင်း​တို့​က ကျွန်ုပ်​တို့​ညီအစ်ကို၊ ညီအစ်မ​များ​အတွက် ကျွန်ုပ်​တို့သည် “ခွန်အား​ဖြစ်စေ​သော​အထောက်အကူ” တစ်ဦး ပို​၍​ဖြစ်လာ​နိုင်​သည့် တကယ့်​အခြေအနေ​များနှင့်​ပတ်သက်​၍ သတိရ​စေနိုင်​သည်။ လိုရင်းချက်​မှာ ကျွန်ုပ်​တို့သည် လူ့​အကျိုးဆောင်​များ​၌​ရှိသော​စိတ်ဓာတ်​မျိုး လိုက်တု​မွေးမြူ​နေကြ​ခြင်း​မဟုတ်။ ယင်းသည် ကောလောသဲ ၄:၁၀၊ ၁၁ တွင် ဖော်ပြ​ထားသော ညီအစ်ကို​များ​၏​ရည်မှန်းချက် မဟုတ်​ချေ။ သူတို့သည် ‘ဘုရားသခင်​၏​နိုင်ငံတော်​အဖို့ လုပ်ဖော်ဆောင်ဖက်’ များ​ဖြစ်​ခဲ့​ကြသည်။ ခွန်အား​ဖြစ်စေ​ခြင်း​အကျိုးဆက်​မှာ ယင်း​နှင့် တိုက်ရိုက်​ဆက်နွှယ်​ခဲ့​သည်။ ကျွန်ုပ်​တို့၏​ကိစ္စ​တွင်​လည်း အလားတူ​ဖြစ်ပါစေ။

၂၄။ ကျွန်ုပ်​တို့၏​ဆုတောင်းခြင်း​နှင့် အခြား​သူတို့ကို ခွန်အား​ရှိစေရန်​တောင်းခံ​ခြင်း​၏ အဓိက​အကြောင်းရင်း​ကား အဘယ်နည်း။

၂၄ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​တွင် အခြား​သူတို့ကို အမည်​ဖြင့်​ဖော်ပြခြင်း​နှင့် ယင်း​အတွက်​ကြောင့် သူတို့ကို​ခွန်အား​ရှိစေရန် ကြိုးစား​အားထုတ်မှု​များ ပြု​ကြ​ရသည်– ကျွန်ုပ်​တို့၏ ညီအစ်ကို၊ ညီအစ်မ​များသည် ကိုယ်တော့် “စိတ်တော်နှင့်​တွေ့​ခြင်း​ငှာ ယေဟောဝါ​နှင့်​ထိုက်တန်​စွာ​လျှောက်လှမ်း” ရန် ဆန္ဒရှိ​ကြ​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​ကြသည်။ (ကောလောသဲ ၁:၁၀က​ဘ) ထို​အချက်​သည် “ဘုရားသခင်​၏​အလိုတော်​ရှိသမျှ​၌ ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အဆုံး​တွင်​အပြည့်အဝ​ရပ်တည်” နိုင်​စေရန် ကောလောသဲ​အသင်းတော်​အတွက် ဧပဖြ​၏​ဆုတောင်းချက်​များ​အကြောင်း ရေးသားချိန်​၌ ပေါလု​ဖော်ပြ​ခဲ့​သည့် အခြား​အကြောင်း​တစ်ခု​နှင့် ဆက်စပ်​နေသည်။ (ကောလောသဲ ၄:၁၂က​ဘ) ယင်းကို ကျွန်ုပ်​တို့​ကိုယ်တိုင် မည်သို့​ကြိုးစား​ရယူ​နိုင်​သနည်း။ ဆက်၍​ကြည့်​ကြ​စို့။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 5 နယူးယောက်၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ​ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ်​ထိုးထွင်း​သိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၄၉၀-၁ နှင့် “ကျမ်းစာ​တစ်ကျမ်း​လုံး ဘုရား[သခင်]မှုတ်သွင်း​ရာ​ဖြစ်​ပြီး အကျိုး​လည်း​ပြု” စာမျက်နှာ ၃၁၇-၂၃ ရှု။

သင်​မှတ်သား​မိ​သလော

• ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​တွင် ကျွန်ုပ်​တို့သည် သာ၍​ကူညီပေး​တတ်​သူ​တစ်ဦး မည်သို့​ဖြစ်လာ​နိုင်​သနည်း။

• ပေါလု​အတွက် ခရစ်ယာန်​အချို့​သည် မည်သို့သော​သဘော​မျိုး​ဖြင့် ‘ခွန်အား​ရှိစေ​သော​အထောက်အကူ​များ’ ဖြစ်လာ​ကြ​သနည်း။

• မည်သည့်​အခြေအနေ​မျိုး​တို့​တွင် ကျွန်ုပ်​တို့သည် ‘ခွန်အား​ရှိစေ​သော​အထောက်အကူ​များ’ ဖြစ်​နိုင်​ကြ​သနည်း။

• ကျွန်ုပ်​တို့​ဆုတောင်းခြင်း​နှင့် ကျွန်ုပ်​တို့​ညီအစ်ကို၊ ညီအစ်မ​များ​ခွန်အား​ရှိစေရန် ရှာကြံ​ခြင်း​နောက်ဝယ်​ရှိ ပန်းတိုင်​ကား​အဘယ်နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အခြား​ခရစ်ယာန်​တစ်ဦး​ကို သင့်​မိသားစု​၏ အပျော်ခရီး​ထွက်​ခြင်း​၌ သင်​ပါဝင်​စေနိုင်​သလော

[Credit Line]

Courtesy of Green Chimney’s Farm