မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့

ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့

ချစ်ခြင်း​မေတ္တာဖြင့် တည်ဆောက်​ခံ​လော့

သင်၏​ဘုရားသခင်​ယေဟောဝါ​ကို သင့်​နှလုံး​အကြွင်းမဲ့၊ သင့်​ဝိညာဉ်​စိုးလ်​တစ်ခုလုံး၊ သင့်​စိတ်​ရှိသမျှ​နှင့်​ချစ်​ရမည်။” —မဿဲ ၂၂:၃၇၊ က​ဘ။

၁။ (က) ခရစ်ယာန်​တစ်ဦး မွေးမြူ​ပျိုးထောင်​ရသည့် အရာအချို့​ကား​အဘယ်နည်း။ (ခ) အရေးကြီးဆုံး ခရစ်ယာန်​အရည်အသွေး​ကား အဘယ်နည်း၊ အဘယ်ကြောင့်​နည်း။

ခရစ်ယာန်​တစ်ဦး​သည် ထိရောက်​သော​အမှုတော်​ဆောင်​တစ်ဦး​ဖြစ်​နိုင်​ရန် မွေးမြူ​ပျိုးထောင်​စ​ရာ​များစွာ​ရှိ၏။ နယပုံပြင်​ကျမ်း​က အသိပညာ၊ သိမြင်​နားလည်မှု​နှင့် ဉာဏ်ပညာ​၏​တန်ဖိုး​ကို အလေးပေး​ဖော်ပြ​သည်။ (သု. ၂:၁-၁၁) တမန်​တော်​ပေါလု​က ခိုင်ခံ့​သော​ယုံကြည်ခြင်း​နှင့် ခိုင်မြဲ​သော​မျှော်လင့်ချက်​တို့ လိုအပ်မှု​ကို ဆွေးနွေး​ခဲ့​သည်။ (ရောမ ၁:၁၆၊ ၁၇; ကောလောသဲ ၁:၅; ဟေဗြဲ ၁၀:၃၉) ခံနိုင်ရည်​နှင့် ချုပ်တည်း​မှု​လည်း အရေးပါ​သည်။ (တမန်​တော် ၂၄:၂၅; ဟေဗြဲ ၁၀:၃၆) သို့သော် ၎င်း​မပါ​လျှင် ကျန်​အရာများ​အားလုံး တန်ဖိုး​လျော့​သွား​သည်​သာမက တန်ဖိုး​ပင်မ​ရှိ​ဖြစ်သွား​နိုင်သော အရည်အသွေး​တစ်ခု​ရှိ၏။ ၎င်းမှာ မေတ္တာ​တည်း။—၁ ကောရိန္သု ၁၃:၁-၃၊ ၁၃

၂။ မေတ္တာ​၏​အရေးပါမှု​ကို ယေရှု မည်သို့​ဖော်ပြ​ခဲ့​သနည်း၊ ယင်းက အဘယ်​မေးခွန်းများ ပေါ်ထွက်​စေ​သနည်း။

ယေရှု ဤသို့​မိန့်တော်မူရာ​တွင် မေတ္တာ​၏​အရေးကြီးမှုကို ကိုယ်တော်​ဖော်ပြ​ခဲ့​သည်– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို​သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) မေတ္တာသည် စစ်မှန်သော​ခရစ်ယာန်​တစ်ဦး​ကို ခွဲခြား​သိမြင်​နိုင်​သည့်​အမှတ်အသား​ဖြစ်သော​ကြောင့် မေတ္တာ​ဟူသည် အဘယ်နည်း​ဟူ​သည့် မေးခွန်းများကို ကျွန်ုပ်​တို့​မေး​ရန်လို​သည်။ မိမိ​တပည့်​များ​အား သတ်မှတ်​ဖော်ပြ​သည့် အရာခပ်သိမ်း​တို့​ထက် ယင်းသည် အလွန့်အလွန်​အရေးကြီး​သည်​ဟု ယေရှု အဘယ်ကြောင့်​မိန့်တော်မူ​ခဲ့​သနည်း။ မေတ္တာကို ကျွန်ုပ်​တို့ မည်သို့​ပျိုးထောင်​နိုင်​သနည်း။ ကျွန်ုပ်​တို့ မေတ္တာထား​သင့်​သူတို့​ကား မည်သူ​များ​နည်း။ ဤ​မေးခွန်းများကို ကျွန်ုပ်​တို့ သုံးသပ်ကြည့်​ကြ​စို့။

ချစ်ခြင်း​မေတ္တာ​ဟူသည် အဘယ်နည်း

၃။ မေတ္တာကို မည်သို့ ရုပ်လုံးဖော်​ပြ​နိုင်​သနည်း၊ ယင်း​တွင် အဘယ်ကြောင့်​စိတ်​နှင့် နှလုံး​နှစ်​ပိုင်း​စ​လုံး​ပါဝင်​ရသနည်း။

ချစ်ခြင်း​မေတ္တာကို ‘ပုဂ္ဂိုလ်​ချင်း​လှိုက်လှိုက်လှဲလှဲ​တွယ်တာမှု သို့​မဟုတ် နှစ်နှစ်ကာကာ​ချစ်ခင်​စုံမက်မှု၊ လှိုက်လှိုက်လှဲလှဲ​မြတ်နိုးမှု သို့​မဟုတ် သူ​တစ်​ထူး​ကို စွဲလမ်းမှု​တို့၏ ခံစားမှု​အာရုံ​တစ်ခု​ဖြစ်သည်ဟု ရုပ်လုံးဖော်​ပြ​ထား​သည်။’ ယင်းသည် သူ​တစ်​ထူး​၏​ကောင်းကျိုး​အတွက် လုပ်ဆောင်ရန် လူ​တို့ကို​စေ့ဆော်​ပေး​သည့် အရည်အချင်း​တစ်ရပ်​ဖြစ်​ပြီး ရံဖန်ရံခါ အကြီးအကျယ်​ကိုယ်ကျိုး​စွန့်​ရသည်။ သမ္မာကျမ်းစာ​၌ ရုပ်လုံးဖော်​ထား​သကဲ့သို့ ချစ်ခြင်း​မေတ္တာတွင် စိတ်​နှင့် နှလုံး နှစ်​ပိုင်း​စ​လုံး​ပါဝင်​သည်။ စိတ် သို့​မဟုတ် အသိဉာဏ်​သည် တစ်ခန်း​တစ်​ကဏ္ဍ​မှ ပါဝင်​သည်၊ အကြောင်း​မှာ ချစ်ခြင်း​မေတ္တာ​ရှိသူ​တစ်ဦး​သည် မိမိ​နှင့် မိမိ​ချစ်သော​အခြားသူများ၊ အားလုံး​တို့​၌ အားနည်းချက်များ​ကော နှစ်သက်ဖွယ်ရာ​အရည်အချင်းများ​ပါရှိကြောင်း အသိအမှတ်ပြု​ကာ သိ​လျက်​နှင့်​ချစ်သော​ကြောင့်​တည်း။ အသိဉာဏ်​တွင် ထပ်၍​ပါဝင်​သည့်​အရာရှိ​သည်၊ အဘယ်ကြောင့်​ဟူ​မူ ခရစ်ယာန်​တစ်ဦး​တွင် မေတ္တာထား​ရသော​သူများ ရှိနေခြင်း​ကြောင့်​တည်း—တစ်ခါတစ်ရံ ယင်း​သို့​ပြု​ရန် ပင်ကိုသဘော​နှင့်​ဆန့်ကျင်​ကောင်း​ဆန့်ကျင်​မည်​ဖြစ်သော်လည်း ကျမ်းစာ​ဖတ်ရှု​ရာ​မှ ဘုရားသခင်​သည် မိမိ​အား ထိုသို့​ပြု​စေ​လို​ကြောင်း​သိရှိ​လာ​သည်။ (မဿဲ ၅:၄၄; ၁ ကောရိန္သု ၁၆:၁၄) ချစ်ခြင်း​မေတ္တာသည် အရင်းခံ​အားဖြင့် နှလုံးသား​မှ​ပေါက်ဖွား​လာ​သည်။ သမ္မာကျမ်းစာ​၌ ဖော်ပြ​ထား​သည့်​အတိုင်း စစ်မှန်သော​ချစ်ခြင်း​မေတ္တာ​မှာ အသိဉာဏ်​ပိုင်း​သက်​သက်​မျှ​မဟုတ်​ချေ။ ယင်း​တွင် နက်ရှိုင်း​သော​စိတ်ရင်း​ခံ​နှင့် လုံးလုံး​စိတ်ပိုင်း​အပ်နှံမှု ရှိဖို့လို​သည်။—၁ ပေတရု ၁:၂၃

၄။ မေတ္တာသည် အဘယ်​နည်းဖြင့် အား​ကြီးသော နှောင်ကြိုး​ဖြစ်သနည်း။

နှလုံး​ထဲ​၌ တစ်ကိုယ်ကောင်း​စိတ်​ရှိသူတို့​သည် အမှန်​မေတ္တာပါ​သည့် ပေါင်းသင်း​ဆက်ဆံမှု​မျိုး တည်ဆောက်​နိုင်​ခဲ​သည်၊ အကြောင်း​မှာ ချစ်ခြင်း​မေတ္တာ​ရှိသူ​တစ်ဦး​သည် မိမိ​အကျိုး​ထက် အခြား​သူတို့၏​အကျိုးကို ဦးစား​ထား​ရန်​အသင့်ရှိ​သောကြောင့်​တည်း။ (ဖိလိပ္ပိ ၂:၂-၄) မေတ္တာ​ကြောင့်​ပေးကမ်း​သောအခါ “ခံယူ​ခြင်း​ထက်​ပေးကမ်း​ခြင်း​၌ ပျော်ရွှင်မှု​သာ၍​ရှိ၏” ဟူသော​ယေရှု၏​စကား​များသည် အထူး​မှန်ကန်​၏။ (တမန်​တော် ၂၀:၃၅က​ဘ) ချစ်ခြင်း​မေတ္တာသည် အား​ကြီးသော​နှောင်ကြိုး​ဖြစ်၏။ (ကောလောသဲ ၃:၁၄) ယင်း​တွင် ခင်မင်မှု​ပါ​ဝင်လေ့​ရှိသော်လည်း ချစ်ခြင်း​မေတ္တာ​၏​နှောင်ကြိုး​များသည် ခင်မင်မှု​နှောင်ကြိုး​များ​ထက် သာ၍​ခိုင်​၏။ ဇနီး​မောင်နှံ​တို့၏ ချစ်​ကြည်နူး​ပေါင်းသင်း​ဆက်ဆံမှု​ကို ချစ်ခြင်း​မေတ္တာ​အဖြစ် တစ်ခါတစ်ရံ​ရုပ်လုံးဖော်​ကြ​၏; သို့သော် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့​မွေးမြူရန် တိုက်တွန်း​ထားသော ချစ်ခြင်း​မေတ္တာ​မှာ ကာယ​ရုပ်ရည်​ဆွဲဆောင်မှု​ထက် သာ၍​ကြာရှည်ခံ​သည်။ မောင်နှံစုံ​တစ်စုံ​သည် တစ်ဦး​ကိုတစ်​ဦး အမှန်တကယ်​ချစ်​ကြသောအခါ အသက်​ကြီးရင့်​ခြင်း​၏ အိုမင်းမစွမ်း​ဖြစ်မှု​များ​ကြောင့်​ဖြစ်စေ၊ သူတို့​ထဲ​မှ​တစ်ဦးဦး​က မစွမ်းမသန်​ဖြစ်သော​ကြောင့်​ဖြစ်စေ ကာယ​ပေါင်းသင်း​ဆက်ဆံမှု မပြု​နိုင်​တော့​လျှင်​ပင် အတူ​ဆက်၍​နေထိုင်ကြ​၏။

ချစ်ခြင်း​မေတ္တာ—မရှိမဖြစ်​လိုအပ်သော​အရည်အချင်း

၅။ ခရစ်ယာန်​တစ်ဦး​အတွက် မေတ္တာသည် အဘယ်ကြောင့် မရှိမဖြစ်​လိုအပ်သော​အရည်အချင်း​ဖြစ်​ရသနည်း။

ခရစ်ယာန်​တစ်ဦး​အတွက် ချစ်ခြင်း​မေတ္တာသည် အဘယ်ကြောင့် မရှိမဖြစ်​လိုအပ်သော​အရည်အချင်း​တစ်ရပ် ဖြစ်သနည်း။ ပထမ​အချက်​မှာ ယေရှုသည် မိမိ၏​နောက်လိုက်​များ​ကို အချင်းချင်းချစ်​ရန် မိန့်မှာ​ခဲ့​ခြင်း​ကြောင့်​တည်း။ ကိုယ်တော် ဤသို့​မိန့်တော်မူ၏– “သင်တို့သည် ငါ​ပညတ်​သမျှ​တို့ကို​ကျင့်ဆောင်​လျှင် ငါ​၏​အဆွေ​ဖြစ်​ကြ​၏။ သင်တို့သည် အချင်းချင်းချစ်​စေခြင်း​ငှာ ဤ​ပညတ်​တို့ကို​ငါ​ပေး​၏။” (ယောဟန် ၁၅:၁၄၊ ၁၇) ဒုတိယ​အချက်​မှာ ယေဟောဝါ​သည် ချစ်ခြင်း​မေတ္တာ​၏​ပြယုဂ်​ဖြစ်​ပြီး ကိုယ်တော့်​အား ဝတ်ပြု​ကိုးကွယ်​သူများ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ကိုယ်တော့်​ကို​အတုယူ​သင့်​၍​တည်း။ (ဧဖက် ၅:၁; ၁ ယောဟန် ၄:၁၆) သမ္မာကျမ်းစာ​က ယေဟောဝါ​နှင့် ယေရှုကို​သိကျွမ်းခြင်း​သည် ထာဝရ​အသက်​ဖြစ်၏​ဟု ဆို​ထား​သည်။ ကိုယ်တော်​နှင့်​တူညီ​ရန် ကျွန်ုပ်​တို့​မကြိုးစား​လျှင် ဘုရားသခင်​ကို ကျွန်ုပ်​တို့​သိကျွမ်း​သည်​ဟု မည်သို့​ဆိုနိုင်​မည်​နည်း။ တမန်​တော်​ယောဟန်​က ဤသို့​ကျိုးကြောင်း​ဆင်ခြင်​ပြ​ခဲ့​သည်– “ချစ်ခြင်း​မရှိသော​သူသည် ဘုရားသခင်​ကို​မသိ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။”—၁ ယောဟန် ၄:၈

၆။ ကျွန်ုပ်​တို့​အသက်တာ​၏​ကဏ္ဍအသီးသီး​ကို မေတ္တာက မည်သို့​ဟန်ချက်ညီ​စေနိုင်​သနည်း။

မေတ္တာသည် တတိယ​အကြောင်းရင်း​အတွက် အရေးပါ​သည်– ယင်းက ကျွန်ုပ်​တို့​အသက်တာ​၏ ကဏ္ဍအသီးသီး​ကို ဟန်ချက်ညီ​ရန် ထိန်းပေး​ပြီး ကျွန်ုပ်​တို့​ပြုလုပ်​ရာ​ပေါ်​တွင် ရည်ရွယ်ချက်​ကောင်း​ကို ထပ်ဆင့်​ပေး​၏။ ဥပမာ၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အသိပညာကို အဆက်မပြတ်​ဆည်းပူး​ရန် အရေးကြီး​သည်။ ယင်း​သို့​သော​အသိပညာ​သည် ခရစ်ယာန်​တစ်ဦး​အတွက် အစားအစာ​နှင့်​တူ​သည်။ ယင်းက သူ့​အား ရင့်ကျက်ခြင်း​သို့ ကြီးထွား​လာ​စေရန်​နှင့် ဘုရားသခင်​၏​အလိုတော်အတိုင်း ပြုမူ​စေရန် ကူညီပေး​သည်။ (ဆာလံ ၁၁၉:၁၀၅; မဿဲ ၄:၄; ၂ တိမောသေ ၃:၁၅၊ ၁၆) သို့သော် ပေါလု​က ဤသို့​သတိပေး​သည်– “အသိပညာ​သည် လူ​တို့ကို မာန်​မာန​ထောင်လွှား​စေ​တတ်၏။ မေတ္တာ​မူ​ကား ဆောက်​တည်​မှု​ကို​ပြု​တတ်၏။” (၁ ကောရိန္သု ၈:၁သတင်းကောင်း) မှန်ပါသည်၊ တိကျ​မှန်ကန်သော​အသိပညာ​တွင် ချွတ်ယွင်းချက်​မရှိ​ချေ။ ချွတ်ယွင်း​နေသည်​မှာ ကျွန်ုပ်​တို့—ကျွန်ုပ်​တို့​တွင် အပြစ်ပြု​လို​သော​သဘော​ရှိ​နေသည်။ (ကမ္ဘာဦး ၈:၂၁) ဟန်ချက်ညီ​စေသော ချစ်ခြင်း​မေတ္တာ​၏​သြဇာလွှမ်း​မိုး​မှုမရှိ​ပါ​က အသိပညာ​သည် လူတစ်ဦးကို မာန်​မာန​ထောင်လွှား​စေနိုင်​ပြီး မိမိကိုယ်ကို အခြားသူ​တို့​ထက် သာ​သည်​ဟု ယူဆ​စေ​သည်။ အရင်းခံ​အားဖြင့် ချစ်ခြင်း​မေတ္တာက သူ့ကို​လှုံ့ဆော်​ပါ​က ထိုသို့​ဖြစ်​မည်​မဟုတ်​ချေ။ “မေတ္တာသည် . . . ဝါကြွားခြင်း​မရှိ၊ မာန်​မာန​မရှိ။” (၁ ကောရိန္သု ၁၃:၄) ချစ်ခြင်း​မေတ္တာ​အားဖြင့် လှုံ့ဆော်ခြင်း​ခံရ​သော​ခရစ်ယာန်​တစ်ဦး​သည် နက်နဲ​သော​အသိပညာကို သူ​ဆည်းပူး​ထား​လင့်​ကစား မာန်​မာန​တက်လာ​မည်​မဟုတ်​ချေ။ ချစ်ခြင်း​မေတ္တာက သူ့​အား ဆက်​နှိမ့်ချ​စေပြီး မိမိ​နာမည်​ရ​လို​စိတ်​ကို တားဆီး​ပေး​သည်။—ဆာလံ ၁၃၈:၆; ယာကုပ် ၄:၆

၇၊ ၈။ မေတ္တာက သာ၍​အရေးကြီးသော​အရာများ​အပေါ် အာရုံစိုက်​စေရန် ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​သနည်း။

ပေါလု​သည် ဖိလိပ္ပိ​သို့ ဤသို့​ရေးသားခဲ့​သည်– “ငါ​ဆုတောင်း​သော​အချက်​ဟူ​မူ​ကား၊ သင်တို့၏​မေတ္တာသည် တိကျ​မှန်ကန်သော​အသိပညာနှင့် ပြည့်ဝ​စုံလင်သော​ပိုင်းခြား​ဝေဖန်​နိုင်စွမ်း​တို့​ဖြင့် တိုး၍​ကုံလုံ​ကြွယ်ဝ​နေ​လျက် . . . သာ၍​အရေးကြီးသော​အရာများ​ကို သင်တို့​သေချာ​စွာ​သိနိုင်​မည်​အကြောင်း​တည်း။” (ဖိလိပ္ပိ ၁:၉၊ ၁၀က​ဘ) ခရစ်ယာန်​ချစ်ခြင်း​မေတ္တာသည် သာ၍​အရေးကြီးသော​အရာများ​ကို သေချာ​စေရန်​ပြု​ပါ​ဟူ​သည့် ဤ​အားပေးချက်​ကို​လိုက်နာ​ရန် ကျွန်ုပ်​တို့ကို ကူညီပေး​လိမ့်​မည်။ ဥပမာ​အနေ​နှင့် တိမောသေ​ထံ ပေါလု​ရေး​သော​စကား​များ​ကို သုံးသပ်ကြည့်​ပါ– “ကြီးကြပ်မှူး​အရာ​ကို လှမ်းယူ​နေသော​သူသည် ကောင်းသော​အမှုအရာ​ကို​တောင့်တ​နေ​၏။” (၁ တိမောသေ ၃:၁က​ဘ) ၂၀၀၀ ပြည့်နှစ်​လုပ်ငန်းတော်နှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း​ရှိ​အသင်းတော်​အရေအတွက် ၁,၅၀၂ ခု​တိုးလာ​ရာ လက်ရှိ​စုစုပေါင်း​မှာ ၉၁,၄၈၇ ခု​ဖြစ်သည်။ သို့​ဖြစ်၍ အကြီးအကဲ​များ အလွန်​ပင်​ထပ်​လိုအပ်​နေရာ အဆိုပါ​အခွင့်အရေး​ကို လက်လှမ်း​ယူ​ကြ​သူတို့သည် ချီးမွမ်း​ခံရ​သင့်​သည်။

သို့သော် ကြီးကြပ်ရေး​ဆိုင်ရာ အခွင့်ထူး​များ​ကို လက်လှမ်း​ယူ​နေသူတို့​သည် ထိုသို့​သော​အခွင့်ထူး​တစ်ခု​၏ ရည်ရွယ်ချက်ကို သူတို့​စိတ်​တွင်​ထား​မည်​ဆိုလျှင် ကောင်းသော​ဟန်ချက်​ကို ထိန်းထား​မည်​ဖြစ်သည်။ အာဏာ​ရရှိ​ခြင်း သို့​မဟုတ် ကျယ်ကျယ်ပြန့်ပြန့်​ထင်ပေါ်​ခြင်း​မှာ အရေးပါသော​အရာ​မဟုတ်​ချေ။ ယေဟောဝါ​စိတ်တော်နှင့်​တွေ့သော​အကြီးအကဲ​များသည် ကိုယ်တော်​နှင့် မိမိ​ညီအစ်ကို​များ​အပေါ်​ထား​သည့်​မေတ္တာ​၏ လှုံ့ဆော်ပေး​ခြင်း​ကို​ခံရ​သည်။ သူတို့သည် ထင်ပေါ်​ကျော်ကြား​မှု​ရ​ရန် သို့​မဟုတ် ဩဇာ​အရှိန်အဝါ​ရှိ​ရန် ရှာကြံ​နေကြ​ခြင်း​မဟုတ်။ တမန်​တော်​ပေတရု​က စိတ်ရင်းကောင်း​ကို​ထိန်းထား​ရန် အသင်းတော်​ရှိ​အကြီးအကဲ​များ​ကို ဆုံးမ​ပြီး​နောက် “နှိမ့်ချ​ခြင်း” လိုအပ်မှု​ကို အလေးပေး​ဖော်ပြ​ခဲ့​၏။ အသင်းတော်​ရှိသူ​အားလုံး​ကို သူ​ဤသို့ ဆုံးမ​ခဲ့​သည်– “တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ​ကြလော့။” (၁ ပေတရု ၅:၁-၆) လက်လှမ်း​ယူ​သူ​မည်သူ​မဆို​သည် အလုပ်ကို ဂရုတစိုက်​ကြိုးစား​လုပ်ကိုင်ပြီး နှိမ့်ချမှု​လည်း​ရှိသောကြောင့် သူတို့၏​အသင်းတော်များ​အတွက် ကောင်းချီး​တစ်ရပ်​ဖြစ်စေ​သော ကမ္ဘာ​တစ်ဝန်း​ရှိ များပြား​လှ​သည့်​အကြီးအကဲ​များ​၏ ပုံသက်သေ​ကို ကောင်းစွာ​သုံးသပ်​သင့်​သည်။—ဟေဗြဲ ၁၃:၇

ကောင်းသော​ရည်ရွယ်ချက်​က ခံနိုင်ရည်​ရှိ​ရန် ကျွန်ုပ်​တို့ကို​ကူညီပေး

၉။ ခရစ်ယာန်​များသည် ယေဟောဝါ​၏​ကတိထားရာ ကောင်းချီး​များ​ကို စိတ်​တွင်​အဘယ်ကြောင့် ထား​ရှိကြ​သနည်း။

ချစ်ခြင်း​မေတ္တာဖြင့် လှုံ့ဆော်​ခံရ​ခြင်း​၏ အရေးပါမှု​ကို အခြား​တစ်နည်းဖြင့် တွေ့မြင်​ရသည်။ ချစ်ခြင်း​မေတ္တာ​ကြောင့် ဘုရားဝတ်​၌​မွေ့လျော်ခြင်း​ကို အမီလိုက်​ရန်​ကြိုးစား​သူတို့အား သမ္မာကျမ်းစာ​က ယခု​တွင်​ကြွယ်ဝသော​ကောင်းချီး​များနှင့် နောင်​အနာဂတ်​တွင်​စဉ်းစား၍​မကုန်နိုင်​သော ထူးမြတ်​လှ​သည့်​ကောင်းချီး​များ​ကို ကတိပြု​ထား​သည်။ (၁ တိမောသေ ၄:၈) ဤ​ကတိတော်​များ​ကို ခိုင်မြဲ​စွာ​ယုံကြည်၍ ယေဟောဝါ​သည် “ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ” ကြောင်း စိတ်ချ​ယုံကြည်​သော​ခရစ်ယာန်​တစ်ဦး​သည် ယုံကြည်ခြင်း​အခိုင်အမာ​ဖြင့်​ရပ်တည်​ရန် ကူညီပေး​ခံရ​သည်။ (ဟေဗြဲ ၁၁:၆) ကျွန်ုပ်​တို့​အများစုမှာ ဘုရားသခင်​၏​ကတိတော်​များ ပြည့်စုံခြင်း​ကို​တမ်းတ​ကြ​ပြီး တမန်​တော်​ယောဟန်​၏ ဤ​သဘောထားမျိုး ရှိကြသည်– “အာမင်။ သခင်​ယေရှု​ကြွလာ​တော်​မူ​ပါ။” (ဗျာဒိတ် ၂၂:၂၀-၂၁) မှန်ပါသည်၊ ရရှိ​လု​ဆဲ​ကောင်းချီး​များ​အပေါ် စဉ်းစား​ဆင်ခြင်ခြင်း​သည် စိတ်နှလုံး​ထဲ​တွင် “မိမိ​ရှေ့၌​ထားသော​ဝမ်းမြောက်ခြင်း​အကြောင်းကြောင့်” ယေရှု​အား ခံနိုင်ရည်​ရှိစေ​သကဲ့သို့ ကျွန်ုပ်​တို့​သစ္စာရှိ​မည်​ဆိုလျှင် ခံနိုင်ရည်​ရှိစေဖို့ ခွန်အား​ပေး​သည်။—ဟေဗြဲ ၁၂:၁၊ ၂

၁၀၊ ၁၁။ မေတ္တာ​အားဖြင့် လှုံ့ဆော်​ခံရ​ခြင်း​က ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိစေရန် မည်သို့​ကူညီပေး​သနည်း။

၁၀ သို့သော် မိမိတို့ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရခြင်း​၏​တစ်ခု​တည်း​သော​ရည်ရွယ်ချက်မှာ ကမ္ဘာသစ်​တွင် အသက်ရှင်​နေထိုင်​လို​သည့်​ဆန္ဒ​ကြောင့်​ဖြစ်​နေလျှင်​ကော အသို့နည်း။ ထိုသို့​ဖြစ်​လျှင် အခက်အခဲ​များ​ကြုံ​ရသောအခါ သို့​မဟုတ် အဖြစ်အပျက်​များသည် မိမိတို့​မျှော်လင့်​သလို သို့​မဟုတ် မျှော်လင့်​ချိန်​၌​ဖြစ်​မလာ​သည့်​အခါ ကျွန်ုပ်​တို့သည် အလွယ်တကူ​ပင် စိတ်မရှည်​နိုင်၊ စိတ်​မကျေမနပ်​ဖြစ်လာ​နိုင်၏။ ကျွန်ုပ်​တို့သည် ရွေ့​လျော့​လွင့်မျော​သွား​မည့် အန္တရာယ်ကြီး​နှင့် ရင်ဆိုင်​ရနိုင်​သည်။ (ဟေဗြဲ ၂:၁; ၃:၁၂) ပေါလု​က ဒေ​မ​အမည်​ရှိ မိမိကို​စွန့်​သွားခဲ့​သော အပေါင်းအသင်း​ဟောင်း​တစ်ဦး​အကြောင်း ပြော​ခဲ့​၏။ အဘယ်ကြောင့်​စွန့်​သွား​သနည်း။ သူသည် “ယခု​ဘဝကို​နှစ်သက်သော​စိတ်​ရှိ” သောကြောင့်​တည်း။ (၂ တိမောသေ ၄:၁၀) ကိုယ်ကျိုး​အကြောင်း​များ​အတွက်သာ ဝတ်ပြုသူ​မည်သူ​မဆို အလားတူ​လွင့်မျော​သွား​မည့်​အန္တရာယ် ရှိသည်။ သူတို့သည် လောက​မှ ကမ်း​လှမ်း​သော လက်ငင်း​အခွင့်အလမ်း​များ​ဖြင့် ဆွဲဆောင်​ခံ​ရနိုင်​ပြီး လာ​လတ္တံ့​သော ကောင်းချီး​ဆိုင်ရာ​မျှော်လင့်ချက်​ဖြင့် ယခု အနစ်နာခံ​မှုများ​ပြုလိုစိတ် ပျောက်ကင်း​သွား​နိုင်​သည်။

၁၁ အနာဂတ်​ကောင်းချီး​များ​ရလိုသည့်​ဆန္ဒ​နှင့် စမ်းသပ်မှု​များ​မှ လွတ်ငြိမ်း​ဖို့ မျှော်လင့်ချက်​ထား​ရှိခြင်းမှာ သင့်လျော်​လျောက်ပတ်​၍​သဘာဝ​ကျ​စဉ် ချစ်ခြင်း​မေတ္တာက ကျွန်ုပ်​တို့​ဘဝတွင် အထွတ်အထိပ်​ထား​သင့်​ရာ​အပေါ် ကျွန်ုပ်​တို့၏​တန်ဖိုး​ထား​လေးမြတ်မှု​ကို တည်ဆောက်​ပေး​သည်။ အရေးကြီးသော​အရာ​မှာ ကျွန်ုပ်​တို့၏​ဆန္ဒ​မဟုတ်၊ ယေဟောဝါ​၏​အလိုတော်​ဖြစ်သည်။ (လုကာ ၂၂:၄၁၊ ၄၂) မှန်ပါသည်၊ မေတ္တာက ကျွန်ုပ်​တို့ကို​ဆောက်​တည်​ပေး​သည်။ ယင်းက ကျွန်ုပ်​တို့၏​ဘုရားသခင်​အပေါ် ကျေကျေနပ်နပ်​နှင့် စိတ်ရှည်​စွာ​စောင့်ဆိုင်း​နေ​ရန် ကိုယ်တော်​ပေးသနား​သော မည်သည့်​ကောင်းချီး​မဆို​ဖြင့် ကျေနပ်​ရောင့်ရဲ​နေ​ကာ ကိုယ်တော်​သတ်မှတ်​ထားချိန်​တွင် ကိုယ်တော်​ကတိပေး​တော်​မူ​ခဲ့​သမျှ​သော အရာ​မှန်သမျှ—ထို​ထက်မက​ပင် ကျွန်ုပ်​တို့ ရရှိကြလိမ့်မည်​ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နေ​စေ​၏။ (ဆာလံ ၁၄၅:၁၆; ၂ ကောရိန္သု ၁၂:၈၊ ၉) တစ်ချိန်တည်း​တွင် “မေတ္တာသည် . . . ကိုယ်​အကျိုးကို​မ​ရှာ​တတ်” ခြင်း​ကြောင့် ကိုယ်ကျိုး​ကို​သာ​မကြည့်​ဘဲ ဆက်​အမှုတော်​ဆောင်​သွား​ရန် ချစ်ခြင်း​မေတ္တာက ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​သည်။—၁ ကောရိန္သု ၁၃:၄၊ ၅

ခရစ်ယာန်​တို့သည် မည်သူ​တို့ကို မေတ္တာထား​သင့်​သနည်း

၁၂။ ယေရှု၏​စကား​အရ မည်သူ​တို့ကို ကျွန်ုပ်​တို့​ချစ်​သင့်​သနည်း။

၁၂ ကျွန်ုပ်​တို့သည် မည်သူ​တို့ကို​ချစ်​သင့်​ကြောင်း​နှင့်​ပတ်သက်​၍ ယေရှု​က မောရှေ၏​ပညတ်​မှ​တင်ပြချက်​နှစ်ရပ် ကိုးကား​သောအခါ ယေဘုယျ​စည်းမျဉ်း​မူ​တစ်ရပ်​ကို ကိုယ်တော်​ချပေး​ခဲ့​၏။ ကိုယ်တော် ဤသို့​မိန့်တော်မူသည်– “သင်၏​ဘုရားသခင်​ယေဟောဝါ​ကို သင့်​နှလုံး​အကြွင်းမဲ့၊ သင့် ဝိညာဉ်​စိုးလ်​တစ်ခုလုံး၊ သင့်​စိတ်​ရှိသမျှ​နှင့်​ချစ်​လော့” နှင့် “ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်​အမျှ​ချစ်​လော့။”—မဿဲ ၂၂:၃၇-၃၉က​ဘ။

၁၃။ ယေဟောဝါ​အား မမြင်နိုင်​သော်လည်း ကိုယ်တော့်​ကို ချစ်​မြတ်နိုး​ရန် ကျွန်ုပ်​တို့​မည်သို့​သင်ယူ​နိုင်​သနည်း။

၁၃ ယေရှု၏​စကား​မှ ပထမ​ဆုံး​နှင့် ဦးဆုံး​ကျွန်ုပ်​တို့​ချစ်​သင့်​သူ​မှာ ယေဟောဝါ​ဖြစ်​ကြောင်း ထင်ရှား​ပါ​၏။ သို့သော် ကျွန်ုပ်​တို့သည် ယေဟောဝါ​အပေါ် ချစ်ခြင်း​မေတ္တာ​အပြည့်​ဖြင့် မွေးဖွား​လာ​ကြသည်​မဟုတ်။ ယင်းက ကျွန်ုပ်​တို့​မွေးမြူ​ပျိုးထောင်​ယူရ​မည့်​အရာတစ်ခု ဖြစ်သည်။ ကိုယ်တော့်​အကြောင်း ကျွန်ုပ်​တို့ စ​ကြား​ချိန်​တွင် ကျွန်ုပ်​တို့​ကြား​ရသည့်​အရာ​ကြောင့် ကိုယ်တော်​ထံ ဆွဲဆောင်ခြင်း​ခံ​ခဲ့​ရသည်။ တဖြည်းဖြည်း​နှင့် လူသားတို့​အတွက် မြေကြီးကို ကိုယ်တော်​မည်သို့​ပြင်ဆင်​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိလာ​ခဲ့​ကြ​၏။ (ကမ္ဘာဦး ၂:၅-၂၃) လူသား​တို့​နှင့် ကိုယ်တော်​မည်သို့​ဆက်ဆံပုံ၊ လူ့​မိသားစု​သို့ ဦးဆုံး​အပြစ်​ဝင်ရောက်​ခဲ့​သောအခါ ကျွန်ုပ်​တို့ကို မစွန့်ပစ်​ဘဲ ရွေးနုတ်​ရန် အဆင့်ဆင့်​လုပ်ဆောင်ပုံ​တို့ကို ကျွန်ုပ်​တို့ သိလာ​ခဲ့​ကြသည်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၅) သစ္စာရှိ​သူတို့ကို သနား​ကြင်နာ​စွာ​ဖြင့် ကိုယ်တော်​ဆက်ဆံ​ခဲ့​ပြီး နောက်ဆုံး​၌ ကျွန်ုပ်​တို့၏​အပြစ်​မှ ခွင့်လွှတ်​မှု​ရ​ရန် မိမိ၏​တစ်ပါး​တည်း​သော​သားတော်ကို ကျွန်ုပ်​တို့အား ပေး​ခဲ့​သည်။ (ယောဟန် ၃:၁၆၊ ၃၆) တိုး၍​သိလာ​သော ဤ​အသိပညာက ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့၏ ကျေးဇူး​တင်​လေးမြတ်မှု​ကို တိုးများ​လာ​စေ​သည်။ (ဟေရှာယ ၂၅:၁) ဘုရင်​ဒါဝိဒ်က ယေဟောဝါ​၏​မေတ္တာပါ​သော​ဂရုစိုက်​မှု​ကြောင့် ကိုယ်တော်​အား သူ​ချစ်​မြတ်နိုး​ကြောင်း​ဆို​ခဲ့​သည်။ (ဆာလံ ၁၁၆:၁-၉) ယနေ့ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဂရုစိုက်​ပြီး လမ်းညွှန်​၍ ခွန်အား​ပေး​ကာ အားတက်စေ​သည်။ ကိုယ်တော့်​အကြောင်း သာ၍​သိလာ​လေ​လေ ကျွန်ုပ်​တို့၏​ချစ်ခြင်း​မေတ္တာ​မှာ ပိုမို​နက်ရှိုင်း​လာ​လေ​လေ​ဖြစ်သည်။—ဆာလံ ၃၁:၂၃; ဇေဖနိ ၃:၁၇; ရောမ ၈:၂၈

ကျွန်ုပ်​တို့၏​မေတ္တာကို မည်သို့​ပြ​နိုင်​သနည်း

၁၄။ ဘုရားသခင်​အပေါ်​ထား​သည့် ကျွန်ုပ်​တို့၏​မေတ္တာ​မှာ​စစ်မှန်​ကြောင်း အဘယ်​နည်းဖြင့် ပြ​နိုင်​သနည်း။

၁၄ မှန်ပါသည်၊ ကမ္ဘာ​တစ်ဝန်း​ရှိသူတို့​က မိမိတို့သည် ဘုရားသခင်​ကို​ချစ်​သည်​ဟု​ဆို​ကြသော်လည်း သူတို့၏​အပြော​နှင့် အလုပ်မှာ​တခြား​စီ​ဖြစ်သည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့ အမှန်တကယ်​ချစ်​မြတ်နိုး​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိနိုင်​ကြ​မည်​နည်း။ ကိုယ်တော်​ထံ ဆုတောင်း​ပြီး ကျွန်ုပ်​တို့၏​ခံစားချက်​ကို ကိုယ်တော့်​အား ပြောပြ​နိုင်​သည်။ ထို့​ပြင် ကျွန်ုပ်​တို့၏​မေတ္တာကို ဖော်ပြ​သော​နည်းလမ်း​တစ်ရပ်​ဖြင့် ကျွန်ုပ်​တို့​ပြုမူ​နိုင်​ကြ​၏။ တမန်​တော်​ယောဟန်​က ဤသို့​ဆို​သည်– “ကိုယ်တော် [ဘုရားသခင်] ၏​နှုတ် [မြွက်] တော်​ကို စောင့်ရှောက်သော​သူ​မည်​သည်​ကား ဘုရားသခင်​ကို ချစ်ခြင်း​မေတ္တာသည် ထို​သူ၌​အမှန်​စုံလင်​၏။ ငါ​တို့သည် ကိုယ်တော်၌​ရှိကြောင်းကို ထိုသို့​အားဖြင့်​သိရ​ကြ​၏။ (၁ ယောဟန် ၂:၅; ၅:၃သမ္မာ) အခြား​အရာများ​တွင် ဘုရားသခင့်​နှုတ်မြွက်တော်​က အတူတကွ​ပေါင်းသင်း​ရန်​နှင့် သန့်ရှင်း၍ ကောင်းသော​အသက်တာဖြင့် အသက်ရှင်​ရန် ကျွန်ုပ်​တို့ကို မိန့်မှာ​ထား​သည်။ ဟန်ဆောင်ခြင်း​ကို​ရှောင်​၍ အမှန်တရားကို​ပြော​ပြီး ကျွန်ုပ်​တို့၏​စဉ်းစား​တွေးတောမှု​ကို သန့်ရှင်း​နေစေပါ။ (၂ ကောရိန္သု ၇:၁; ဧဖက် ၄:၁၅; ၁ တိမောသေ ၁:၅; ဟေဗြဲ ၁၀:၂၃-၂၅) ချို့ငဲ့​နေသူတို့​အား ရုပ်ပစ္စည်း​အကူအညီ​ပေးခြင်း​ဖြင့် မေတ္တာကို ကျွန်ုပ်​တို့​ပြသ​ကြ​၏။ (၁ ယောဟန် ၃:၁၇၊ ၁၈) ထို့​ပြင် ကျွန်ုပ်​တို့သည် ယေဟောဝါ​အကြောင်း အခြား​သူတို့ကို မပြော​ဘဲ​မနေကြ​ပါ။ ယင်း​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကမ္ဘာ​တစ်ဝန်း ဟောပြောခြင်း​၌​ပါဝင်​နေခြင်းလည်း အကျုံးဝင်​၏။ (မဿဲ ၂၄:၁၄; ရောမ ၁၀:၁၀) ယင်း​သို့​သော​အရာများ​တွင် ဘုရားသခင့်​နှုတ်မြွက်​စကား​ကို နာခံခြင်း​က ယေဟောဝါ​အပေါ်​ထား​သည့် ကျွန်ုပ်​တို့၏​ချစ်ခြင်း​မေတ္တာ​မှာ စစ်မှန်​ကြောင်း သာဓက​ဖြစ်သည်။

၁၅၊ ၁၆။ ယေဟောဝါ​အား​ချစ်သော​မေတ္တာက လွန်ခဲ့သော​နှစ်​တွင် လူများစွာ​၏​အသက်တာအပေါ် မည်သို့​သြဇာ​သက်ရောက်​ခဲ့​သနည်း။

၁၅ ယေဟောဝါ​အား ချစ်သော​မေတ္တာက လူ​တို့ကို ဆုံးဖြတ်ချက်​ကောင်း​များ​ချရန်​ဖြစ်စေ​၏။ လွန်ခဲ့သော​နှစ်​က ယင်း​သို့​သော​မေတ္တာသည် ၂၈၈,၉၀၇ ဦး​အား မိမိတို့၏​ဘဝကို ကိုယ်တော်​ထံ​ဆက်ကပ်​အပ်နှံ​ကာ ရေ​တွင်​နှစ်ခြင်း​ခံယူ​ခြင်း​ဖြင့် ထို​ဆုံးဖြတ်ချက်​ကို အမှတ်အသား​ပြု​ဖော်ပြ​ရန် စေ့ဆော်​ပေး​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတို့​ဆက်ကပ်​အပ်နှံခြင်း​မှာ အဓိပ္ပာယ်​ရှိသည်။ ယင်းက သူတို့​ဘဝ​အသက်တာ​၌ အပြောင်းအလဲ​တစ်ခု​ကို မှတ်သား​ပြ​ခဲ့​သည်။ ဥပမာ၊ ဂေ​ဇ်​မ​န်​သည် အယ်လ်ဘေးနီးယား​နိုင်ငံ​ရှိ ထိပ်​တန်း​ဘတ်စကက်ဘော​အားကစား​အကျော်အမော် တစ်ဦး​ဖြစ်သည်။ သူနှင့် သူ၏​ဇနီးသည် နှစ်​အနည်းငယ်​ကြာကြာ ကျမ်းစာ​သင်အံမှု​ပြု​ခဲ့​ပြီး အခက်အခဲ​များ​ကြား​မှ နောက်ဆုံး​တွင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာ​သူများ​အဖြစ် အရည်အချင်း​ပြည့်မီ​လာ​ခဲ့​သည်။ လွန်ခဲ့သော​နှစ်​က ဂေ​ဇ်​မ​န်​သည် နှစ်ခြင်း​ယူ​ခဲ့​ပြီး ၂၀၀၀ ပြည့်နှစ်​လုပ်ငန်းတော်နှစ်​တွင် အယ်လ်ဘေးနီးယား​၌​နှစ်ခြင်း​ခံ​သူ ၃၆၆ ဦး​ထဲ​မှ တစ်ဦး​ဖြစ်သည်။ သတင်းစာ​တစ်စောင်​ရှိ ဆောင်းပါး​တစ်ခု​က သူနှင့်​ပတ်သက်​၍ ဤသို့​ဆို​သည်– “သူ၏​ဘဝတွင် ရည်ရွယ်ချက်​တစ်ခု​ရှိပြီး ယင်း​အတွက်​ကြောင့် သူနှင့် သူ့​မိသားစု​သည် မိမိတို့၏​ဘဝတွင် အပျော်ရွှင်ဆုံး​နေ့ရက်​များ​ကို ခံစား​နေကြ​သည်။ သူ့​အတွက်​ဆိုလျှင် ဘဝ​မှ အကျိုးအမြတ်​မည်မျှ​ထုတ်ယူ​နိုင်​ခြင်း​မှာ အရေးမပါ​တော့​ဘဲ ယင်းအစား အခြား​သူတို့ကို မည်မျှ​အထိ အကူအညီ​ပေး​နိုင်​ခြင်း​သည်​သာ အရေးပါ​၏။”

၁၆ အလားတူ ဂူ​အန် ရေနံ​ကုမ္ပဏီ​တစ်ခု​တွင်​လုပ်ကိုင်​နေသော နှစ်ခြင်း​ခံ​ပြီး​ခါ​စ​ညီအစ်မ​တစ်ဦး​သည် မက်​လောက်​စ​ရာ​ကမ်းလှမ်းချက်​တစ်ခု​ကို ရရှိခဲ့သည်။ နှစ်ချီ​ပြီး ရာထူး​အဆင့်ဆင့်​တက်လာ​ပြီး​နောက် နောက်ဆုံး​တွင် သူသည် ထို​ကုမ္ပဏီ​၏​သမိုင်း​တွင် ဦးဆုံး​အမျိုးသမီး​ဒု-ဥက္ကဋ္ဌ​ဖြစ်ခွင့်​ကို ကမ်း​လှမ်း​ခြင်း​ခံ​ခဲ့​ရ၏။ သို့သော် ယခု သူသည် မိမိ၏​ဘဝ​အသက်တာကို ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ထားပြီးပြီ။ သို့ဖြင့် ကိစ္စရပ်​များ​ကို မိမိ၏​ခင်ပွန်း​သည်​နှင့် တိုင်ပင်​ဆွေးနွေး​ပြီး​နောက် ဤ​ညီအစ်မ​သစ်​သည် အဆိုပါ​ကမ်းလှမ်းချက်​ကို ငြင်း​လိုက်​ကာ ယင်းအစား အချိန်ပြည့်​အမှုတော်​ဆောင်၊ ရှေ့ဆောင်​တစ်ဦး​အဖြစ်သို့ တိုးတက်လာ​နိုင်​ရန် အချိန်ပိုင်း​အလုပ်ကို​စီစဉ်​ခဲ့​သည်။ ယေဟောဝါ​အား ချစ်သော​မေတ္တာက ဤ​လောက​ရှိ ငွေကြေး​အကျိုး​စီးပွား​တိုးများ​ရန် မကြိုးစား​ဘဲ ကိုယ်တော့်​အတွက် ရှေ့ဆောင်​တစ်ဦး​အဖြစ် အမှုဆောင်​လို​စိတ်​ရှိ​ရန် သူ့ကို လှုံ့ဆော်ပေး​ခဲ့​သည်။ အမှန်​မှာ ထို​မေတ္တာသည် ၂၀၀၀ ပြည့်နှစ်​လုပ်ငန်းတော်နှစ်​အတွင်း ရှေ့ဆောင်​ဓမ္မ​အမှု​လုပ်ငန်း​၏ ခြားနား​သော​အသွင်အမျိုးမျိုး​၌ ပါဝင်​ကြ​ရန် ကမ္ဘာ​တစ်ဝန်း​ရှိ ၈၀၅,၂၀၅ ဦး​တို့ကို​လှုံ့ဆော်ပေး​ခဲ့​သည်။ ထို​ရှေ့ဆောင်​များ​ပြသ​ခဲ့​ကြ​သည့် မေတ္တာ​နှင့် ယုံကြည်ခြင်း​တို့၏ သရုပ်သကန်​တစ်ရပ်​ပင်​တည်း!

ယေရှု​အား​ချစ်​ရန် လှုံ့ဆော်ပေး​ခဲ့

၁၇။ ယေရှု​၌ မေတ္တာ​နှင့်​ပတ်သက်​သည့် အဘယ်​ကောင်းမွန်သော​စံနမူနာ​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသနည်း။

၁၇ မေတ္တာ​အားဖြင့်​လှုံ့ဆော်​ခံရ​ခြင်း​၌ အလွန်​ကောင်းမွန်သော​စံနမူနာရှင်​မှာ ယေရှု​ဖြစ်သည်။ မိမိ၏​လူသား​ဘဝ​မတိုင်မီ​က ကိုယ်တော်​သည် ခမည်းတော်​နှင့် လူသား​အပေါင်း​ကို ချစ်ခင်​ခဲ့​သည်။ ဉာဏ်ပညာ​မြင့်မား​သူ​အနေ​နှင့် ကိုယ်တော်​က ဤသို့​ဆို​သည်– “ငါသည်​လုပ်သား​ချုပ်​တစ်ဦး​ကဲ့သို့ [ယေဟောဝါ] အထံတော်ပါး​တွင်​ရှိ၏။ တစ်နေ့​ထက်​တစ်နေ့​ငါသည် ကိုယ်တော်​အထူးသဖြင့်​ချစ်ခင်​သော​သူ​ဖြစ်လာ​၏။ ရှေ့တော်၌​အစဉ်မပြတ်​ရွှင်လန်း​ဝမ်းမြောက်​လျက်၊ ဖန်ဆင်း​တော်​မူ​သော​မြေကြီး​တစ်ပြင်လုံး​ကြောင့်​လည်း ဝမ်းမြောက်​ရွှင်လန်း​နေ​၏။ ငါ​နှစ်ခြိုက်​သော​အကြောင်းအရာများ​သည် လူသား​တို့​နှင့်​ပေါင်းဖော်​၍​ပျော်ပါး​လျက်​နေခြင်း​ဖြစ်​သတည်း။” (သု. ၈:၃၀၊ ၃၁က​ဘ) ယေရှု၏​မေတ္တာက ကိုယ်တော်​အား ကောင်းကင်​၌​ကျိန်းဝပ်​ရာ​နေရာကို စွန့်​၍ ခိုကိုးရာ​မဲ့​ကလေးငယ်​တစ်ဦး​အဖြစ် မွေးဖွား​လာရန်​လှုံ့ဆော်ပေး​ခဲ့​သည်။ နှိမ့်ချ၍ နိမ့်ကျ​နေသူတို့​ကို ကိုယ်တော်​သည် စိတ်ရှည်​စွာ​နှင့် သနား​ကြင်နာ​စွာ ဆက်ဆံ​ခဲ့​ပြီး ယေဟောဝါ​၏​ရန်သူများ​လက်ထဲ​တွင် ဝေဒနာ​ခံ​ခဲ့​သည်။ နောက်ဆုံး​တွင် လူသား​အားလုံး​အတွက် ညှဉ်းဆဲ​ရာ​နှက်တိုင်​၌ အသေ​သတ်​ခြင်း​ခံ​ခဲ့​သည်။ (ယောဟန် ၃:၃၅; ၁၄:၃၀၊ ၃၁; ၁၅:၁၂၊ ၁၃; ဖိလိပ္ပိ ၂:၅-၁၁) မှန်ကန်သော​စိတ်​လှုံ့ဆော်မှု​ဆိုင်ရာ ကောင်းမွန်သော​ပုံသက်သေ​တစ်ရပ်​ပါ​တကား!

၁၈။ (က) ယေရှု၏​မေတ္တာကို ကျွန်ုပ်​တို့ မည်သို့​မွေးမြူ​ကြ​သနည်း။ (ခ) ယေရှု​အား ကျွန်ုပ်​တို့​ချစ်​ကြောင်း အဘယ်​နည်းဖြင့် ကျွန်ုပ်​တို့​ပြ​ကြ​သနည်း။

၁၈ စိတ်ရင်းမှန်​ရှိသူတို့​သည် ခရစ်ဝင်​ကျမ်း​များ​ရှိ ယေရှု​ဘဝ၏​မှတ်တမ်းများ​ကို ဖတ်ရှု​ကြည့်​၍ ကိုယ်တော်​၏​သစ္စာရှိ​လမ်းစဉ်​က များစွာသော​ကောင်းချီး​များ ရရှိစေ​ပုံ​ကို ဆင်ခြင်​သုံးသပ်ကြည့်​သောအခါ ယင်းက သူတို့​ထဲ​၌ ကိုယ်တော့်​အပေါ် နက်ရှိုင်း​သော​မေတ္တာ​တိုးပွား​လာ​စေ​သည်။ ယနေ့ ကျွန်ုပ်​တို့သည် ဤသို့​ပေတရု​လိပ်မူ​ရေးသားခဲ့​သူများ​ကဲ့သို့​ပင် ဖြစ်သည်– “ထို​သခင်​ကို သင်တို့သည်​မမြင်ဖူး​သော်လည်း ချစ်​ကြ​၏။” (၁ ပေတရု ၁:၈) ကျွန်ုပ်​တို့သည် ကိုယ်တော့်​အား ယုံကြည်​ကြောင်း​တင်ပြ​၍ ကိုယ်တော်​၏​ကိုယ်ကျိုး​စွန့်​သော​ဘဝ​အသက်တာကို အတုယူ​သောအခါ ကျွန်ုပ်​တို့၏​မေတ္တာကို ဖော်ပြ​သည်။ (၁ ကောရိန္သု ၁၁:၁; ၁ သက်သာ​လောနိတ် ၁:၆; ၁ ပေတရု ၂:၂၁-၂၅) ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်​တွင် စုစုပေါင်း ၁၄,၈၇၂,၀၈၆ ဦး​တို့သည် ကိုယ်တော်​၏​သေခြင်း နှစ်ပတ်လည်​သတိရအောက်မေ့ပွဲ​သို့​တက်ရောက်​ကြသောအခါ ယေရှု​အား ကျွန်ုပ်​တို့​ချစ်​ရသည့်​အကြောင်းရင်း​များ​ကို သိရှိ​ရန်​နှိုးဆော်​ပေးခြင်း​ခံ​ခဲ့​ရသည်။ အလွန်​များပြား​သော အရေအတွက်​ပင်​တည်း! ယေရှု၏​ယဇ်​သကာ​အားဖြင့် ကယ်တင်ခြင်း​ကို များစွာ​တို့​စိတ်ဝင်စား​ကြ​ကြောင်း သိရှိ​ရခြင်း​က အလွန်​ခွန်အား​ဖြစ်စေ​သည်​တကား! မှန်ပါသည်၊ ယေဟောဝါ​နှင့် ယေရှု​တို့၏ ကျွန်ုပ်​တို့​အပေါ်​ထား​သည့်​မေတ္တာ​နှင့် သူတို့​အပေါ်​ထား​သည့် ကျွန်ုပ်​တို့၏​မေတ္တာ​တို့​ဖြင့် ကျွန်ုပ်​တို့​တည်ဆောက်​ခြင်း​ခံရ​သည်။

၁၉။ နောက်​ဆောင်းပါး​တွင် မေတ္တာ​နှင့်​ပတ်သက်သော အဘယ်​မေးခွန်းများကို ဆွေးနွေး​သွား​ကြ​မည်​နည်း။

၁၉ ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ကျွန်ုပ်​တို့​နှလုံး၊ စိုးလ်၊ စိတ်​နှင့် ခွန်အား​ရှိသမျှ​ဖြင့်​ချစ်​သင့်​ကြောင်း ယေရှု​မိန့်မှာ​တော်​မူ​ခဲ့​သည်။ ထို့​အပြင် ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို ကိုယ်​နှင့်​အမျှ​ချစ်​သင့်​ကြောင်း​လည်း ကိုယ်တော်​မိန့်မှာ​တော်​မူ​ခဲ့​၏။ (မာကု ၁၂:၂၉-၃၁) ထို​သူတို့တွင် မည်သူ​များ​ပါဝင်​သနည်း။ အိမ်နီးချင်း​ကို ချစ်သော​မေတ္တာက ကောင်းမွန်သော​ဟန်ချက်​နှင့် မှန်ကန်သော​ရည်ရွယ်ချက်ကို ကျွန်ုပ်​တို့ ဆက်​ထိန်းထား​ရန် မည်သို့​ကူညီပေး​သနည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​သွား​ကြ​မည်။

သင်​မှတ်မိ​သလော

• မေတ္တာသည် အဘယ်ကြောင့် အရေးပါသော​အရည်အချင်း​တစ်ရပ် ဖြစ်သနည်း။

• ယေဟောဝါ​ကို​ချစ်​ရန် ကျွန်ုပ်​တို့ မည်သို့​သင်ယူ​နိုင်​သနည်း။

• ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို​ချစ်​ကြောင်း ကျွန်ုပ်​တို့၏​အပြုအမူက မည်သို့​သက်သေထူ​သနည်း။

• ယေရှု​အပေါ်​ထား​သည့် ကျွန်ုပ်​တို့၏​မေတ္တာကို မည်သို့​ပြ​ကြ​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀, ၁၁ ပါ ရုပ်ပုံ]

မေတ္တာက သက်သာရာ​အတွက် စိတ်ရှည်​စွာ​စောင့်ဆိုင်း​ရန် ကျွန်ုပ်​တို့ကို ကူညီပေး

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရှု၏​ကြီးမား​လှ​သော​ကိုယ်ကျိုး​စွန့်​ခြင်း​က ကိုယ်တော်​အား ချစ်​မြတ်နိုး​ရန် ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး