စစ်၏ ဒဏ်ရာ များ
စစ်၏ ဒဏ်ရာ များ
“စစ်ပွဲ၌ အောင်နိုင်သူများမရှိ၊ ရှုံးနိမ့်သူများသာရှိ၏” ဟူ၍ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သူ ရဲဘော်ဟောင်းတစ်ဦးက မှတ်ချက်ချခဲ့သည်။ သူနှင့်သဘောတူသူများပေမည်။ စစ်အတွက်ပေးဆက်ရသည့်အခမှာ ထိတ်လန့်စရာပင်; အောင်နိုင်သူများကော ရှုံးနိမ့်သူများပါ စွန့်လွှတ်ပေးဆပ်ရသောတန်ဖိုးမှာ ကြောက်ခမန်းလိလိပင်။ လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခုပြီးဆုံးသည့်နောက်၌ပင် သန်းချီသောသူတို့သည် စစ်၏ကြောက်မက်ဖွယ်ဒဏ်ရာများကို ဆက်ခံစားနေရကြသည်။
အဘယ်ဒဏ်ရာဒဏ်ချက်များနည်း။ စစ်သည် ပြည်သူအများအပြားကို သေကျေပျက်စီးစေရာ မိဘမဲ့နှင့်မုဆိုးမအမြောက်အမြားမှာ ကျန်ရစ်သူဖြစ်ရလေသည်။ အသက်ရှင်ကျန်ခဲ့သူများစွာတို့မှာ စိတ်ဒဏ်ရာများနှင့်အတူ ခန္ဓာပိုင်းဆိုင်ရာ ကြောက်မက်ဖွယ်ဒဏ်ရာဒဏ်ချက်များရရှိကြသည်။ သန်းပေါင်းများစွာတို့မှာ ခိုကိုးရာမဲ့ဘဝ သို့မဟုတ် မဖြစ်မနေဒုက္ခသည်ဘဝ ရောက်သွားကြပေမည်။ ယင်းသို့သောတိုက်ပွဲများမှ လွတ်မြောက်ခဲ့သူတို့၏နှလုံးသားထဲဝယ် စွဲကျန်နေမည့် မုန်းတီးမှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ကို သင်မှန်းဆကြည့်နိုင်သလော။
ရင်းနေသောဒဏ်ရာဒဏ်ချက်များ
စစ်ကြောင့် လူတို့၏နှလုံးသားများတွင် စွဲကျန်သောဒဏ်ရာများသည် အပစ်အခတ်ရပ်စဲ၊ သေနတ်သံတိတ်သွားကာ စစ်သားများပြန်သွားပြီးနောက် အတော်ကြာကြာအထိ ဆက်၍အနာရင်းနေသည်။ နောက်မျိုးဆက်တို့သည် အမြစ်စွဲနေသော နာကြည်းမှုကို တေးထားပေမည်။ ဤနည်းဖြင့် စစ်တစ်ခုမှရလာသောဒဏ်ရာများက နောက်ထပ်စစ်ဖြစ်ရသည့် အကြောင်းရင်းဖြစ်နိုင်သည်။
ဥပမာ၊ ပထမကမ္ဘာစစ်ကို တရားဝင်အဆုံးတိုင်စေဖို့ ၁၉၁၉ တွင်ရေးထိုးခဲ့ကြသော ဗာဆိုင်းစာချုပ်သည် ဂျာမနီနိုင်ငံအပေါ် နိုင်ထက်စီးနင်းပြုရာကျနေရာ ယင်း၏နိုင်ငံသားများက မခံမရပ်နိုင်ဖြစ်ကာ လက်စားချေလိုစိတ်ဖြစ်ပေါ်နေလေသည်။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းအရ စာချုပ်ပါစည်းကမ်းချက်များသည် “ဂျာမန်လူမျိုးများကို မခံမရပ်နိုင်ဖြစ်စေကာ လက်စားချေလိုစိတ်နိုးကြွရန် ပံ့ပိုးပေးခဲ့သည်။” နှစ်အနည်းငယ်ကြာပြီးနောက် “ငြိမ်းချမ်းရေးစာချုပ်အပေါ် မခံမရပ်နိုင်ဖြစ်မှုက ဟစ်တလာကို စတင်တာထွက်စေ” ခဲ့ပြီး ယင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရသည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်သည် ပိုလန်တွင်စတင်ဖြစ်ပွားပြီး ဘော်လ်ကန်ဒေသအထိပျံ့နှံ့ခဲ့သည်။ ၁၉၄၀ ပြည့်လွန်နှစ်များတွင် ၎င်းဒေသ၌ လူမျိုးစုအချင်းချင်းနာကြည်းစေခဲ့သော ဒဏ်ရာများက ၁၉၉၀ ပြည့်လွန်နှစ်များတွင်ဖြစ်ပွားသည့် ဘော်လ်ကန်စစ်ပွဲကိုလမ်းခင်းပေးခဲ့သည်။ “မုန်းတီးမှုနှင့် လက်စားချေလိုမှုတို့၏ ဆိုးသွမ်းမှုသံသရာသည် အရှိန်ရလာကာ ကျွန်ုပ်တို့ခေတ်တိုင် ဖြစ်ပေါ်လျက်ရှိသည်” ဟုဂျာမန်သတင်းစာဒီဇစ်က မှတ်ချက်ချခဲ့သည်။
လူသားများငြိမ်းချမ်းစွာနေထိုင်ဖို့ဆိုလျှင် စစ်၏ဒဏ်ရာဒဏ်ချက်များကို အမှန်ပင်ကုစားပေးရမည်။ ယင်းကို မည်သို့ပြီးမြောက်အောင်မြင်နိုင်သနည်း။ မုန်းတီးမှုနှင့် ဝမ်းနည်းပူဆွေးမှုတို့ကို ချေဖျက်ပစ်ဖို့ အဘယ်အရာပြုနိုင်သနည်း။ စစ်၏ဒဏ်ရာများကို မည်သူက ကုစားနိုင်သနည်း။
[Picture Credit Line on page 2]
COVER: Fatmir Boshnjaku
[Picture Credit Lines on page 3]
U.S. Coast Guard photo; UN PHOTO 158297/J. Isaac
က