မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စမ်းသပ်မှုများခံရငြား စိုးလ်အကြွင်းမဲ့ အမှုတော်ထမ်းဆောင်ခြင်း

စမ်းသပ်မှုများခံရငြား စိုးလ်အကြွင်းမဲ့ အမှုတော်ထမ်းဆောင်ခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

စမ်းသပ်မှု​များ​ခံရ​ငြား စိုးလ်​အကြွင်းမဲ့ အမှုတော်ထမ်း​ဆောင်ခြင်း

ရို​ဒေါ​လ်​ဖို လို​ဇာ​နို ပြောပြ​သည်

ကျွန်တော့်​ကို မက္ကဆီကို​နိုင်ငံ၊ ဒျူ​ရန်​ဂို​ပြည်နယ်၊ ဂို​မက်​စ်​ပါ​လာ​စီ​ယို​မြို့မှာ ၁၉၁၇၊ စက်တင်ဘာ ၁၇ ရက်​နေ့မှာ မွေးဖွား​ခဲ့​ပါ​တယ်။ မက္ကဆီကန်​တော်လှန်ရေး ရွက်​စုံ​တက်​စုံ​ဖွင့်​လုပ်နေတဲ့​အချိန်​ပေါ့။ ၁၉၂၀ မှာ​တော်လှန်ရေး​ပြီးဆုံး​သွားပေ​မဲ့လည်း ကျွန်တော်​တို့​နေထိုင်တဲ့​ဒေသမှာ ဆူပူ​နှောင့်ယှက်မှု​တွေ​ဟာ နှစ်​နဲ့​ချီ​ပြီး​ဆက်​ဖြစ်နေ​တာ​ကြောင့် နေထိုင်​ရတာ သိပ်​ကို​ခက်ခဲ​လှပါတယ်။

တစ်ခါ​က အမေ​ဟာ သူပုန်​တပ်​တွေ​နဲ့​စစ်တပ် ထိပ်တိုက်​တွေ့​တော့​မယ်​လို့​သိတဲ့​အခါ ကျွန်တော်​နဲ့ အစ်ကို​သုံးယောက်​ရ​ယ်၊ အစ်မ​နဲ့​ညီမ​တို့ကို ရက်​အတန်ကြာ​အိမ်ထဲမှာ​ထားခဲ့​တယ်။ ကျွန်တော်​တို့​ဆီ​မှာ​စားဖို့​အနည်းငယ်​သာ​ရှိပြီး၊ ကျွန်တော့်​ညီမ​နဲ့​အတူ ခုတင်​အောက်မှာ​ပုန်း​ခဲ့​တာ​ကို​သတိရ​သေး​တယ်။ နောက်တော့ အမေက အမေရိကန်​ပြည်ထောင်စု​ဆီ ကျွန်တော်​တို့​ကလေး​တွေ​ကို​ခေါ်​သွားဖို့ ဆုံးဖြတ်​ခဲ့တယ်၊ နောက်ပိုင်း​ကျ​မှ အဖေက ကျွန်တော်​တို့​ရှိတဲ့​နေရာမှာ အတူ​လာ​နေတယ်။

အမေရိကန်​ပြည်ထောင်စု​မှာ စီးပွားပျက်​ကပ်​ကြီး​မ​ဆိုက်​ခင်​လေး​ဖြစ်​တဲ့ ၁၉၂၆ ခုနှစ်​မှာ ကျွန်တော်​တို့ ကယ်လီဖိုးနီးယား​ပြည်နယ်​ကို​ရောက်ရှိ​ခဲ့တယ်။ ကျွန်တော်​တို့​ဟာ အလုပ်​ရနိုင်တဲ့​ဘယ်​နေရာကို​မဆို ဆန်​ဝါ​ခင်း​ဗယ်လီ၊ ဆန်​တာ​က​လဲ​ရာ၊ ဆာ​လီ​နာ​စ်​နဲ့ ကင်း​စီးတီး​တို့​လို​နေရာများ​ကို ပြောင်းရွှေ့​ခဲ့​ကြတယ်။ လယ်ယာ​စိုက်​ပျိုး​နည်းနဲ့ သစ်သီး​များနဲ့​ဟင်းသီးဟင်းရွက်​မျိုးစုံ ရိတ်သိမ်း​နည်း​တို့ကို ကျွန်တော်​တို့​သင်ယူ​ခဲ့​ကြတယ်။ ကျွန်တော့်​ရဲ့​လူငယ်​ဘဝဟာ ပင်ပင်ပန်းပန်း​ရုန်းကန်​ရတဲ့​ဘဝ​ဖြစ်​ပေမဲ့၊ အဲဒါဟာ ကျွန်တော့်​ဘဝမှာ အင်မတန်​သာယာ​ချမ်းမြေ့​တဲ့​အချိန် ဖြစ်​ခဲ့​ပါ​တယ်။

ကျမ်းစာ​အမှန်တရား​နှင့် တွေ့​ထိ​ခဲ့

၁၉၂၈ ခုနှစ်​မတ်​လမှာ ကျွန်တော်​တို့​ဆီ​ကို ယေဟောဝါသက်သေ​များ​လို့​နောက်ပိုင်း​မှာ​ခေါ်​တဲ့ ကျမ်းစာ​ကျောင်းသား​တစ်ယောက် ရောက်​လာတယ်။ သူ့​နာမည်​က အက်​စ​တေ​ဘ​န်​ရီ​ဗီရာ​ဖြစ်​ပြီး အသက်ကြီး​ကြီး စပိန်​ဘာသာ​စကားပြော​သူ​တစ်ယောက် ဖြစ်တယ်။ သူ​ထားခဲ့​တဲ့ “သေလွန်သူ​များ​အဘယ်​မှာ​ရှိ​သနည်း” ဆို​တဲ့​စာအုပ်​ငယ်​ရဲ့​အမည်​က အထဲမှာ​ပါ​တဲ့​အရာ​တွေ​လို​ပဲ ကျွန်တော့်​ကို​စွဲမှတ်စေ​ခဲ့တယ်။ ကျွန်တော်​ငယ်​သေး​ပေမဲ့လည်း ကျမ်းစာ​သင်​ပြီး ကျမ်းစာ​ကျောင်းသားတွေ​နဲ့​ပူးပေါင်း​တယ်။ တဖြည်းဖြည်း​နဲ့ ကျွန်တော့်​အမေနဲ့ ညီမ​အာ​ရို​ရာ​တို့​လည်း ယေဟောဝါ​ကို စိတ်​ထက်သန်​စွာ ချီးမွမ်း​သူတွေ ဖြစ်လာ​ကြတယ်။

၁၉၃၀ ပြည့်လွန်​နှစ်များ​အလယ်​လောက်​မှာ အင်္ဂလိပ်​ဘာသာ​စကားပြော​အသင်းတော်​အတွက် ဘုရားသခင်​နိုင်ငံတော်​ခန်းမ​တစ်ခု​ကို ဆန်​ဂျိုး​စ်​မြို့မှာ​ဆောက်​ခဲ့​ကြတယ်။ စပိန်​စကားပြော​သူ​အများ​ဟာ ဒေသ​အတွင်းမှာ​ရှိတဲ့​ခြံ​တွေ​မှာ အလုပ်လုပ်​ကြ​တဲ့​အတွက် သူတို့ကို​စတင်​ဟောပြောခဲ့​ကြ​ပြီး ကင်းမျှော်စင် သင်တန်းကို​ကျင်းပ​ခဲ့​ကြတယ်။ အဲ့​ဒါကို မိုင် ၅၀ လောက်​ဝေး​တဲ့ ဆန်​ဖရန်စ္စကို​မြို့မှ စပိန်​စကားပြော​သက်သေခံ​များ​ရဲ့​အကူအညီ​နဲ့ လုပ်ခဲ့ကြတယ်။ တဖြည်းဖြည်း​နဲ့ ဆန်​ဂျိုး​စ်​နိုင်ငံတော်​ခန်းမ​မှာ​ရှိတဲ့ စပိန်​ဘာသာ​စကားပြော​အစည်းအဝေး​များ​ကို တက်ရောက်သူ ၆၀ လောက်​ရှိ​လာတယ်။

နောက်ဆုံး၊ ၁၉၄၀၊ ဖေဖော်ဝါရီ ၂၈ မှာ ယေဟောဝါ​ထံ ကျွန်တော့်​ရဲ့​ဆက်ကပ်​အပ်နှံခြင်း​ကို ဆန်​ဂျိုး​စ်​မှာ​ကျင်းပ​ခဲ့​တဲ့​စည်းဝေးကြီး​တစ်ခု​မှာ ရေနှစ်ခြင်း​ခံ​ခြင်း​ဖြင့်​ပြသ​ခဲ့တယ်။ နောက်​တစ်နှစ်​မှာ ကျွန်တော့်​ကို ယေဟောဝါသက်သေ​များ​ရဲ့ အချိန်ပြည့်​ဓမ္မ​အမှုတော်​ဆောင်၊ ရှေ့ဆောင်​တစ်ယောက်​အဖြစ် ခန့်အပ်​ခဲ့တယ်။ အဲဒီနောက် ၁၉၄၃ ဧပြီလ​မှာ စပိန်​ဘာသာ​စကားပြော​အသင်းတော် တည်ထောင်​ဖို့​အတွက် မိုင် ၈၀ လောက်​ဝေး​တဲ့​မြို့​တစ်မြို့​ဖြစ်​တဲ့ စ​တော့​ခ်​တန်​မြို့ကို​ပြောင်းရွှေ့​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ အဲဒီ​အချိန်တုန်းက ကျွန်တော်​ဟာ ဆန်​ဂျိုး​စ်​မှာ​ရှိတဲ့​အင်္ဂလိပ်​အသင်းတော်မှာ ဦးစီး​ကြီးကြပ်မှူး​အနေ​နဲ့ အမှုထမ်းဆောင်​နေပြီး၊ အဲဒီမှာ​ရှိတဲ့ စပိန်​ဘာသာ​စကားပြော​သက်သေခံ​များ​ကိုလည်း ကြည့်ရှု​ရတယ်။ ဒီ​တာဝန်​များ​ကို စောင့်ရှောက်​ဖို့ အခြား​သူများကို​စီစဉ်​ပေး​ခဲ့​ပြီး​နောက် စ​တော့​ခ်​တန်​ကို​ပြောင်းရွှေ့​လာခဲ့တယ်။

သမာဓိ စမ်းသပ်ခံ​ရ

၁၉၄၀ ရဲ့​အစပိုင်း​မှာ၊ ကျွန်တော်​ဟာ တပ်သား​စုဆောင်းရေး​ဘုတ်​အဖွဲ့​ရှေ့မှောက် အကြိမ်ကြိမ်​အခေါ်​ခံ​ခဲ့​ရတယ်၊ ဒါပေမဲ့ အခေါ်​ခံရ​တိုင်း ဘာသာရေး​ကြောင့် စစ်မှုထမ်း​ရန်​ငြင်းပယ်​သူ​အဖြစ် ကျွန်တော်​ရဲ့​ရပ်တည်မှု​ကို သက်ညှာ​ပေးခြင်း​ခံ​ခဲ့​ရတယ်။ ၁၉၄၁ ဒီဇင်ဘာ​လမှာ အမေရိကန်​ပြည်ထောင်စု​ဟာ ဒုတိယ​ကမ္ဘာ​စစ်​ထဲ​ဝင်ရောက်​ခဲ့​ပြီး​နောက် မကြာမီ​မှာ​ဘဲ စစ်သား​စုဆောင်းရေး​ဘုတ်​အဖွဲ့က​နေ ပြင်းထန်​တဲ့​ဖိအားပေး​မှု​တွေ​ပေါ်လာ​တယ်။ နောက်ဆုံး ၁၉၄၄ မှာ ကျွန်တော်​အချုပ်ချ​ခံရ​တယ်။ အပြစ်ဒဏ်​ချမှတ်​ဖို့​စောင့်ဆိုင်း​နေစဉ်​မှာ ကျွန်တော့်​ကို မြေအောက်ခန်း​တစ်ခု​ထဲမှာ ရာဇဝတ်သားတွေ​နဲ့​အတူ​ထားခဲ့​တယ်။ ကျွန်တော်​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ဆိုတာ သိလိုက်​ကြ​တော့၊ သူတို့​အထဲ​က​အများ​ဟာ သူတို့​ကျူးလွန်​မိ​ခဲ့​ကြ​တဲ့​ရာဇဝတ်မှု​တွေ ဘုရားသခင်​ရှေ့​သူတို့​ရပ်တည်မှု​ကို ဘယ်လို​ထိခိုက်​မလဲ ဆို​တဲ့​မေးခွန်းတွေ မေးခဲ့​ကြတယ်။

အမှုစစ်ဆေး​စဉ်​ကာလ​အတွင်း အချုပ်​က​လွတ်​နိုင်အောင် ကျွန်တော့်​အတွက် ဆန်​ဂျိုး​စ်​မှာ​ရှိတဲ့​သက်သေခံ​များ​က အာမခံ​ပေး​ခဲ့တယ်။ လော့​စ်​အိ​န်​ဂျ​လစ် က လူ့​အခွင့်အရေး​ဆိုင်ရာ​အမှု​ဖြစ်နေ​တဲ့ တရားခံ​များ​ဘက်က အမှု​လိုက်​ပေး​တဲ့​ရှေ့နေ​တစ်ယောက်​က ကျွန်တော့်​ရဲ့​အမှုကို အခကြေးငွေ​မယူ​ဘဲ​လက်ခံ​လိုက်တယ်။ တရားသူကြီး​က ကျွန်တော့်​ကို​ရှေ့ဆောင်​လုပ်ငန်း​က​ထွက်၊ လောက​အလုပ်ကို​ရှာ​လုပ် ပြီး​တော့ ဖယ်ဒရယ်​လ်​အာဏာပိုင်​များ​ထံ လတိုင်း​အစီရင်ခံ​မယ်​ဆိုရင် လွှတ်​ပေးဖို့​အခြေအနေ​ရှိကြောင်း ဆုံးဖြတ်​ခဲ့တယ်။ အဲဒီ​ဆုံးဖြတ်ချက်​ကို ကျွန်တော်​လက်မခံ​တဲ့​အတွက် ကျွန်တော်​ဟာ ဝါ​ရှင်​တန်​ပြည်နယ် မက်​ခ်​နီး​လ်​ကျွန်း​ရှိ​အကျဉ်းထောင်​မှာ နှစ်နှစ်​ပြစ်ဒဏ်ချ​မှတ်​ခြင်း​ခံ​ခဲ့​ရတယ်။ အဲဒီမှာ ကျွန်တော့်​ရဲ့​အချိန်ကို ကျမ်းစာ​သင်အံမှု​အတွက် အားသွန်ခွန်စိုက်​အသုံးပြု​ခဲ့​ပါ​တယ်။ လက်နှိပ်စက်​ရိုက်​နည်းကို​လည်း​သင်ယူခဲ့တယ်။ အမူအကျင့်ကောင်း​တဲ့​အတွက် နှစ်နှစ်​မပြည့်မီ​မှာ​ဘဲ ကျွန်တော်​လွတ်မြောက်​လာခဲ့တယ်။ ရှေ့ဆောင်​ဓမ္မ​အမှုကို​ဆက်​လုပ်ဖို့​အတွက် အစီအစဉ်တွေ​ချက်ချင်း​လုပ်ခဲ့တယ်။

အမှုဆောင်​လုပ်ငန်း​တိုးချဲ့​ခဲ့

၁၉၄၇ ရဲ့​ဆောင်း​ရာသီမှာ တက္ကဆက်​ပြည်နယ် ကော်လိုရာဒို​မြို့ရှိ စပိန်​ဘာသာ​စကားပြော​တဲ့​လူတွေ​ဆီ ရှေ့ဆောင်​အဖော်​တစ်ယောက်​နဲ့​အတူ အမှုဆောင်ဖို့ တာဝန်ရ​ခဲ့တယ်။ ဒါပေမဲ့ အရမ်း​အေး​လွန်း​တော့ ကျွန်တော်​တို့ နွေး​နွေးထွေး​ထွေး​နေဖို့ ဆန်​အန်တိုနီယို​မြို့ကို ထွက်ခွာ​လာ​ခဲ့​ကြတယ်။ ဒါပေမဲ့​လည်း အဲဒီမှာ မိုး​အရမ်း​ရွာ​တဲ့​အတွက် ကျွန်တော်​တို့​ရဲ့​တစ်အိမ်​မှ​တစ်အိမ်​အမှုဆောင်ခြင်း ပျက်ပြား​သွားခဲ့တယ်။ မကြာမီ​မှာ​ကျွန်တော်​တို့ ငွေ​လည်း​ပြတ်​သွားတယ်။ ကျွန်တော်​တို့​တစ်​တွေ ဂေါ်ဖီ​စိမ်း​ညှပ်​ပေါင်မုန့်​နဲ့ အယ်​လ​ဖာ​ဖာလက်​ဖက်​ရည်​နဲ့ အပတ်​ပေါင်း​များစွာ အသက်ဆက်​ခဲ့​ရတယ်။ ကျွန်တော်​ရဲ့​အဖော်​အိမ်ပြန်​သွားခဲ့​ပေမဲ့ ကျွန်တော်​ကနေ​ခဲ့တယ်။ အင်္ဂလိပ်​စကားပြော​တဲ့​သက်သေခံတွေဟာ ကျွန်တော်​ရဲ့​ကာယရေး​လိုအပ်ရာ​များ​ကို သတိပြုမိ​လာတဲ့အခါ ကျွန်တော့်​ကို​အကူအညီ​စ​ပေး​ခဲ့တယ်။

နောက်​တစ်နှစ်​နွေဦး​ရာသီမှာ၊ ကျွန်တော့်​ရဲ့​တာဝန်​ရှိရာ ကော်လိုရာဒို​မြို့ကို​ပြန်လာ​ခဲ့​ရပြီး နောက်ဆုံး စပိန်​ဘာသာ​စကားပြော​အသင်းတော်​ငယ်​လေး​တစ်ခု​ကို တည်ထောင်​ခဲ့တယ်။ အဲဒီနောက် စပိန်​ဘာသာ​စကားပြော​အသင်းတော် နောက်ထပ်​တစ်ခု တည်ထောင်​ဖို့​ကူညီ​ခဲ့​တဲ့​နေရာ​ဖြစ်​တဲ့ တက္ကဆက်​ပြည်နယ် ဆွစ်​ဝေါ​တာ​မြို့​သို့​ထွက်​လာခဲ့တယ်။ ဆွစ်​ဝေါ​တာ​မြို့မှာ​ရှိနေတုန်း ၁၉၅၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ​လ ၂၂ မှာ စတင်​မယ့် ခရစ်ယာန်​သာသနာပြု​သင်တန်း​အတွက် ၁၅ ကြိမ်​မြောက် ဂိလဒ်​ကင်းမျှော်စင်​သမ္မာကျမ်းစာ​ကျောင်း​သို့ ဖိတ်ခေါ်​တဲ့​စာ​တစ်စောင်​ကို ကျွန်တော်​ရရှိခဲ့တယ်။ နယူးယောက်​စီးတီး​ရဲ့​ရန်ကီး​အားကစားကွင်း​မှာ​ကျင်းပ​တဲ့ နွေ​ရာသီ​အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ရဲ့ ကျောင်းဆင်း​ပွဲ​အပြီးမှာ ဘ​ရွတ်​က​လင်​ရှိ​ယေဟောဝါသက်သေ​များ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ သုံးလ ဆက်နေ​ခဲ့တယ်။ မက္ကဆီကို​ဌာနခွဲရုံး​မှာ​တာဝန်​ထမ်းဆောင်​ဖို့​အတွက် အဲဒီမှာ လေ့ကျင့်မှု​ခံယူ​ခဲ့တယ်။

မက္ကဆီကို​၌​အမှုဆောင်ခြင်း

၁၉၅၀ ပြည့်နှစ်၊ အောက်တိုဘာ​လ ၂၀ ရက်​နေ့မှာ မက္ကဆီကို​စီးတီး​ကို​ရောက်ရှိ​ခဲ့တယ်။ နှစ်ပတ်​လောက်​ကြာပြီးနောက် လေးနှစ်​ခွဲ​ကြာ တာဝန်​ယူ​ခဲ့​ရတဲ့ ဌာနခွဲ​ကြီးကြပ်မှူး​တာဝန် ကျွန်တော့်​ကို ခန့်အပ်​ခဲ့တယ်။ ရှေ့ဆောင်​လုပ်ငန်းမှာ၊ အကျဉ်းထောင်​မှာ၊ ဂိလဒ်​မှာ၊ ပြီး​တော့​ဘ​ရွတ်​က​လင်​မှာ ရရှိခဲ့တဲ့​အတွေ့အကြုံ​က အလွန်​အကျိုး​ဖြစ်ထွန်း​စေတယ်​ဆိုတာ​တွေ့ခဲ့​ရတယ်။ မက္ကဆီကို​နိုင်ငံ​ကို​ရောက်ရှိ​နေတဲ့​အချိန်​မှာ ကျွန်တော်​တို့​ရဲ့​မက္ကဆီကန်​ညီအစ်ကို​ညီအစ်မ​များ​ရဲ့ ဝိညာဉ်​ရေး​ကို​တည်ဆောက်​ပေးဖို့​လိုတယ်​ဆိုတာ​ကို ကျွန်တော်​တို့​ချက်ချင်းပဲ​တွေ့မြင်​လိုက်တယ်။ အထူး​လိုအပ်ရာ​တစ်ခု​က​တော့ ဘုရားသခင့်​နှုတ်​မြွတ်​တော်​မှ မြင့်မား​တဲ့​အကျင့်​စံနှုန်း​များ​ကို​ကိုင်စွဲ​ဖို့ သူတို့ကို​ကူညီ​ပေးဖို့​ဖြစ်တယ်။

မက္ကဆီကို​နိုင်ငံ​အပါအဝင် လက်တင်အမေရိက​နိုင်ငံ​များ​က စုံတွဲ​တွေ​ဟာ တရား​ဥပဒေ​အရ​လက်ထပ်​ထားခြင်း​မရှိဘဲ အတူတကွ​နေထိုင်တဲ့​ဓလေ့​ထုံးစံ​ရှိတယ်။ ခရစ်ယာန်ဘောင်​ရဲ့​ဘာသာ​တရား​များ၊ အထူးသဖြင့် . . . ချာ့ခ်ျ​ဟာ​ဆိုရင် ကျမ်းစာ​နဲ့​မကိုက်ညီ​တဲ့ ဒီ​ဓလေ့​ထုံးစံ​ကို လွှမ်းမိုးခွင့်​ပြု​ထား​တယ်။ (ဟေဗြဲ ၁၃:၄) ဒါ​ကြောင့် အချို့​သော​သူတွေဟာ တရားဝင်​လက်ထပ်​မထား​ပေမဲ့လည်း ယေဟောဝါသက်သေ​များ​ရဲ့​အသင်းတော်များ​မှာ အသင်းသားများ​ဖြစ်လာ​ခဲ့​ကြတယ်။ အခု အဲလို​သူတွေ ပြုပြင်​တည့်မတ်​ဖို့ အချိန်​ခြောက်​လ​ပေး​တဲ့​အစီအစဉ်​တစ်ခု ပြုလုပ်​ခဲ့​ရတယ်။ အဲဒီလို​မှ​မတည့်​မတ်​ဘူးဆို​ရင် သူတို့ဟာ ယေဟောဝါသက်သေ​များ​အဖြစ် အသိအမှတ်ပြု​ခံရ​တော့​မှာ​မဟုတ်ဘူး။

အများစု​အတွက် သူတို့ရဲ့​အသက်တာကို ပြုပြင်​တည့်မတ်​ပေးဖို့​ဆိုတာ လွယ်လွယ်လေး​ပါ​ပဲ။ သူတို့​လက်ထပ်​လိုက်ခြင်း​ဖြင့် ပေါင်းသင်းမှု​တရားဝင်​ဖြစ်​ရန်​လုပ်ဖို့​သာ လိုအပ်​ပါ​တယ်။ အခြားသူ​တွေ​မှာ​တော့ ပို​ပြီး​ရှုပ်ထွေး​တဲ့​အခြေအနေ​တွေ​ရှိကြတယ်။ ဥပမာ​အနေ​နဲ့၊ တချို့​ဆိုရင် တစ်ခါ​မှ​တရားဝင်​ကွာရှင်း​ခြင်း​မရှိဘဲ နှစ်ကြိမ်၊ တချို့​ဆိုရင် သုံးကြိမ်​တောင်​လက်ထပ်ခဲ့​ကြတယ်။ ယေဟောဝါ​ရဲ့​လူမျိုးတော်ရဲ့​အိမ်ထောင်ရေး အခြေအနေ​တွေ​ဟာ နောက်ဆုံး​မှာ ဘုရားသခင့်​နှုတ်​မြွတ်​တော်​က သွန်သင်ချက်​များနဲ့​အညီ​ဖြစ်လာတဲ့​အခါ အသင်းတော်များ​အတွင်းမှာ အလွန်​ကောင်း​တဲ့ ဝိညာဉ်​ရေး​ကောင်းချီး​များ ခံစား​လာ​ရ​ပါ​တယ်။—၁ ကောရိန္သု ၆:၉-၁၁

အဲဒီ​အချိန်တုန်းက မက္ကဆီကို​နိုင်ငံ​မှာ လောက​ပညာရေး​အဆင့်​က အများအားဖြင့် အဆင့်နိမ့်​တယ်။ ကျွန်တော်​မရောက်ခင် ၁၉၅၀ ပြည့်နှစ်​မှာ​တောင် ဌာနခွဲရုံး​က အသင်းတော်များ​မှာ အရေးအဖတ်​သင်တန်း​တွေ​ကို စပြီး​ဖွဲ့စည်း​ပေး​ခဲ့​ရတယ်။ အခု​အဲဒီ​သင်တန်း​များ​ကို ပြန်လည်​ဖွဲ့စည်း​ခဲ့​ပြီး သူတို့ကို အစိုးရ​ဆီ​မှာ မှတ်ပုံတင်​ဖို့ အစီအစဉ်များ​ပြုလုပ်​ပေး​ခဲ့တယ်။ မှတ်တမ်းများ​စ​ထားခဲ့​တဲ့ ၁၉၄၆ ကတည်းက မက္ကဆီကို​နိုင်ငံ​မှာ လူ​အ​ယောက် ၁၄၃,၀၀၀ ကျော်​တို့​ဟာ သက်သေခံ​များ​ကျင်းပ​တဲ့​သင်တန်း​တွေ​မှာ အရေးအဖတ် သင်ယူ​ခဲ့​ကြ​ပြီး​ဖြစ်ပါ​တယ်!

မက္ကဆီကို​နိုင်ငံ​မှာ တရား​ဥပဒေ​များ​ဟာ ဘာသာရေး​နဲ့​ပတ်သက်​လာ​ရင် အလွန်​တင်းကျပ်​တယ်။ ဒါပေမဲ့ မကြာသေး​ခင်​နှစ်များ​က ဒီ​ကိစ္စ​နဲ့​ပတ်သက်ပြီး အရေးကြီးတဲ့​ပြောင်းလဲမှု​တွေ​ဖြစ်ပေါ်​ခဲ့တယ်။ ၁၉၉၂ မှာ ဘာသာရေးဆိုင်ရာ ဥပဒေ​အသစ်​တစ်ရပ်​ကို ပြဋ္ဌာန်း​လိုက်တဲ့​အတွက် ၁၉၉၃ မှာ မက္ကဆီကို​နိုင်ငံ​ရှိ​ယေဟောဝါသက်သေ​များ​ဟာ ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​အနေ​နဲ့ မှတ်ပုံတင်​ခဲ့​ကြတယ်။

ကျွန်တော့်​အတွက်​က​တော့ အဲဒီ​ပြောင်းလဲမှု​များ​ကြောင့် ကြီးမား​တဲ့​ရွှင်လန်းမှု​ရဲ့​ရင်းမြစ်​တစ်ခု​ဖြစ်​ခဲ့​ရပြီး အစောပိုင်း​အချိန်တွေမှာ မဖြစ်​နိုင်ဘူး​လို့ ကျွန်တော်​ထင်​ခဲ့​တဲ့​အရာ​ပါ​ပဲ။ လွန်ခဲ့တဲ့​နှစ်များ​တစ်လျှောက် ကျွန်တော်​ဟာ အစိုးရရုံး​များ​ဆီ ထပ်ခါတလဲ​လဲသွား​လည်ပတ်​ခဲ့​ပြီး အယုံအကြည်မဲ့​တဲ့​သဘောထား​နဲ့​ပဲ ရင်ဆိုင်ခဲ့​ရတယ်။ ဒါ​ပေမဲ့ အဲ့ဒီ​ကိစ္စ​တွေ​ကို ကျွန်တော်​တို့​ရဲ့​ဌာနခွဲရုံး​မှာ​ရှိတဲ့ တရားရေး​ဌာန​ကနေ ကိုင်တွယ်​တာ​တွေ့ရ​တာ စိတ်​ကျေနပ်စရာ​ကောင်း​ပါ​တယ်၊ ဒါ​ကြောင့် အခု ကျွန်တော်​တို့ ဟောပြောခြင်း​လုပ်ငန်းဟာ အတားအဆီး​မရှိသလောက်​ပါ​ပဲ။

ခရစ်ယာန်​သာသနာပြု​အိမ်ထောင်ဖက်​နှင့်အတူ အမှုဆောင်ခြင်း

ကျွန်တော်​မက္ကဆီကို​နိုင်ငံ​ကို​ရောက်တဲ့​အချိန်​မှာ အစောပိုင်း​ဂိလဒ်​သင်တန်း​များ​က ကျောင်းဆင်း​ပြီးသွား​သူတွေ အဲဒီ​နိုင်ငံ​မှာ အများကြီး​ရှိ​နှင့်​နေပြီ။ အဲဒီ​သူတွေထဲ​က​တစ်ဦး​က ၁၉၄၂ က ကယ်လီဖိုးနီးယား​ပြည်နယ် ဗယ်လီ​ဂျိုး​မြို့မှာ ရှေ့ဆောင်​စ​လုပ်ခဲ့တဲ့ အက်စတာ​ဗာ​တန်း​နီ​ယန်း လို့​ခေါ်​တဲ့ အာမေးနီးယား​လူမျိုး​သက်သေခံ​တစ်ယောက်​ဖြစ်တယ်။ ၁၉၅၅၊ ဇူလိုင် ၃၀ မှာ ကျွန်တော်​တို့​လက်ထပ်ခဲ့​ကြတယ်၊ အဲဒီနောက် မက္ကဆီကို​နိုင်ငံ​မှာပဲ ဆက်​ပြီး​တာဝန်ကျ​တယ်။ အက်စတာ​က​တော့ မက္ကဆီကို​စီးတီး​မှာ ခရစ်ယာန်​သာသနာပြု​လုပ်ငန်းမှာ​ပဲ​ဆက်​ရှိခဲ့​ပြီး ကျွန်တော်​ဆက်​ပြီး​အမှုထမ်း​မယ့်​နေရာ​ဖြစ်​တဲ့​ဌာနခွဲ​မှာ ကျွန်တော်​တို့​နေထိုင်ခဲ့​ကြတယ်။

၁၉၄၇ ခုနှစ်​မှာ အက်စတာ​ဟာ သူ့ရဲ့​ပထမ​ဆုံးသော ခရစ်ယာန်​သာသနာပြု​တာဝန်ကျ​ရာ မက္ကဆီကို​နိုင်ငံ နူဗို​လာ​အွန်​ပြည်နယ် မ​န်​တာ​ရာ​မြို့ကို ရောက်ရှိ​ခဲ့တယ်။ မ​န်​တာ​ရာ​မြို့မှာ သက်သေခံ​အ​ယောက် ၄၀ ရှိတဲ့​အသင်းတော်​တစ်ခု​သာ​ရှိတယ်၊ ဒါပေမဲ့ ၁၉၅၀၊ မက္ကဆီကို​စီးတီး​ကို သူ​ပြောင်း​သွားတဲ့​အချိန်​ကျ​တော့ အသင်းတော်​လေးခု​ရှိနေပြီ။ မက္ကဆီကို​စီးတီး​နားက ကျွန်တော်​တို့​ရဲ့​ဌာနခွဲ​မှာ အက်စတာ မ​န်​တာ​ရာ​မှာ​အမှုဆောင်ခဲ့​စဉ်​တုန်း​က သူနဲ့​ကျမ်းစာ​လေ့လာ​ခဲ့​တဲ့ မိသားစု​တွေ​ထဲ​က အမျိုး​တော်စပ်​တဲ့ လူငယ်​နှစ်ယောက်​ရှိနေတယ်။

လွန်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်​က မက္ကဆီကို​စီးတီး​မှာ​ရှိတဲ့ ခရစ်ယာန်​သာသနာပြု​များ​ရဲ့ ဟောပြောခြင်း​နယ်မြေ​ဟာ တစ်မြို့လုံး​နီးပါး ပါဝင်​ခဲ့တယ်။ သူတို့တွေဟာ မိမိတို့ရဲ့​တာဝန်ကျ​ရာ​နေရာကို ခြေကျင် ဒါမှ​မဟုတ် လူတွေနဲ့​ပြည့်ကျပ်​ညှပ်​နေတဲ့ ဘတ်စကား​အို​ကြီး​တွေ​နဲ့ သွားလာ​ခဲ့​ကြတယ်။ ၁၉၅၀ နှောင်းပိုင်း​အချိန်​မှာ ကျွန်တော်​ရောက်ရှိ​သွားတဲ့အခါ အသင်းတော်​ခု​နစ်​ခု ရှိနေပြီ။ အခု​ဆိုရင် မက္ကဆီကို​စီးတီး​မှာ နိုင်ငံတော်​ကြေညာသူ​ပေါင်း ၉၀,၀၀၀ကျော်​နဲ့ အသင်းတော် ၁,၆၀၀ လောက်​အထိ တိုးများ​လာ​ခဲ့ပြီ၊ ပြီး​တော့​မ​နှစ်​က အဲဒီမှာ ခရစ်တော်​ရဲ့​သေခြင်း​သတိရအောက်မေ့ပွဲကို လူပေါင်း ၂၅၀,၀၀၀ ကျော်​တက်ရောက်​ခဲ့​ကြတယ်​လေ! နှစ်ပေါင်း​များစွာ ကျွန်တော်​နဲ့​အက်စတာ​ဟာ အဲဒီ​အသင်းတော် အတော်များများမှာ အမှုဆောင်​ရတဲ့​အခွင့်ထူး​ကို ရရှိခဲ့ကြ​ပါ​တယ်။

ကျွန်တော်​နဲ့​အက်စတာ ကျမ်းစာ​သင်အံမှု​စတဲ့​အခါ မိသားစုရဲ့​ဖခင်​ကို စိတ်ဝင်စားမှု​ရှိ​လာအောင် အမြဲတမ်း​ကြိုးစား​တယ်၊ ဒါမှ တစ်​မိသားစု​လုံး​ပါဝင်​လာ​ကြ​မှာ။ အဲဒီလို​နည်းနဲ့ ကြီးမား​တဲ့​မိသားစု​တော်တော်​များများ​ဟာ ယေဟောဝါ​ကို ဝတ်ပြု​လာကြတာ​ကို ကျွန်တော်​တို့ တွေ့မြင်​ခဲ့​ရတယ်။ မက္ကဆီကို​နိုင်ငံ​မှာ စစ်မှန်​တဲ့​ဝတ်ပြုရေး အလျင်အမြန်​ကြီးထွားမှု​ရဲ့​အကြောင်းရင်း​များ​မှ တစ်ခု​က​တော့ စစ်မှန်​တဲ့​ဝတ်ပြုရေးမှာ မိသားစု​လိုက် စည်းစည်းလုံးလုံး​ပါ​ဝင်လေ့​ရှိ​ခြင်း​ကြောင့်​လို့ ကျွန်တော်​ယုံကြည်တယ်။

အမှုဆောင်​လုပ်ငန်း​ကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့

အဖွဲ့အစည်း​မှာ တိုးများ​လာတဲ့​အရေအတွက်​နဲ့ ပြောင်းလဲမှု​များ​နှစ်ရပ်​စ​လုံး​နဲ့​ပတ်သက်ပြီး ၁၉၅၀ ကတည်းက မက္ကဆီကို​နိုင်ငံ​မှာ လုပ်ငန်း​တိုးတက်မှု​ဟာ မှတ်သား​လောက်​စ​ရာ​ပါ​ပဲ။ ဧည့်ဝတ်​ကျေ​ပြွန်​ပြီး ပျော်ရွှင်​တဲ့​လူတွေနဲ့​အတူ​အမှုတော်​ဆောင်​ရင်း၊ တိုးများ​လာဖို့ သေးငယ်​တဲ့​နည်းလမ်း​နဲ့ ပါဝင်ခွင့်​ရခဲ့တာဟာ တကယ့်​စစ်မှန်​တဲ့​ပျော်ရွှင်မှု​ပဲ။

လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​က ယေဟောဝါသက်သေ​များ​ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ယောက်​အဖြစ် အမှုထမ်း​နေတဲ့ ကားလ်​က​လိ​န်း​နဲ့ သူ့​ဇနီး မာဂရက်​တို့​ဟာ သူတို့​အားလပ်ချိန်​ယူ​ရင်း ကျွန်တော်​တို့​ဆီ​လာ​လည်ပတ်​ခဲ့​ကြတယ်။ ညီအစ်ကို က​လိ​န်း​ဟာ ကျွန်တော်​တို့​ရဲ့​မက္ကဆီကန်​ရပ်ကွက်မှာ​အမှုဆောင်​လုပ်ငန်း​ကို လေ့လာ​ကြည့်​ချင်​တယ်၊ ဒါ​ကြောင့် သူနဲ့​မာဂရက်​တို့​ဟာ အဲဒီအချိန်မှာ ကျွန်တော်​တို့​အစည်းအဝေး​တက်​နေတဲ့​နေရာ​ဖြစ်​တဲ့ မက္ကဆီကို​စီးတီး​အနား​က ဆန်​ဝ​မ်​တာ​စ​န်​တ​လာ​အသင်းတော်ကို ရောက်လာ​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ခန်းမ​က​သေး​တယ်၊ ၁၅ ပေ​လောက်​ကျယ်​ပြီး ၁၈ ပေ​ရှည်တယ်။ ကျွန်တော်​တို့​ရောက်လာ​တော့ လူ ၇၀ လောက်​က ရောက်​နှင့်​နေပြီး မတ်တတ်ရပ်​ဖို့​နေရာ​တောင်​မကျန်​တော့​ဘူး။ အသက်ကြီး​သူတွေက ကုလားထိုင်​မှာ​ထိုင်​ကြတယ်၊ ငယ်ရွယ်​တဲ့​သူတွေက ခုံတန်း​ရှည်​တွေ​မှာ​ထိုင်​ကြ​ပြီး ကလေး​တွေ​က​တော့ အုတ်​ခဲ​တွေ​ပေါ် ဒါမှ​မဟုတ် ကြမ်းပြင်​ပေါ်မှာ ထိုင်​ကြတယ်။

ညီအစ်ကို က​လိ​န်း​ဟာ အတော့်​ကို​စွဲမှတ်​သွားခဲ့တယ်။ ဘာကြောင့်လဲ​ဆိုတော့ ကလေး​တွေ​အားလုံး​မှာ သူတို့ရဲ့​ကျမ်းစာ​အုပ်​တွေ အဆင်သင့်​ရှိနေကြ​ပြီး ဟောပြောသူ​နဲ့​အတူ ကျမ်းချက်​တွေ​ကို လိုက်ကြည့်​နေကြ​လို့​ပဲ။ လူထု​ဟောပြောချက်​လည်း​ပြီး​ရော ညီအစ်ကို​က​လိ​န်း​က မဿဲ ၁၃:၁၉-၂၃ ကို​ပြောပြ​ပြီး၊ သူက မက္ကဆီကို​နိုင်ငံ​မှာ ယေရှု​တင်ပြ​ထား​တဲ့ “ကောင်းသော​မြေ” အများကြီး​ရှိတယ်လို့ ဆိုတယ်။ အဲဒီ​နေ့မှာ​တက်ရောက်​ခဲ့​ကြ​တဲ့ ကလေး​တွေ​ထဲ​က ခု​နစ်​ယောက်ဟာ အခု​ဆိုရင် မက္ကဆီကို​စီးတီး​အနား​က ကျွန်တော်​တို့​ရဲ့​ဌာနခွဲရုံး​သစ်​တိုးချဲ့မှု​စီမံကိန်း​ကြီး​မှာ လုပ်ကိုင်​နေကြ​တယ်။ နောက်​တစ်ယောက်​က ဌာနခွဲ​မှာ​အမှုထမ်း​နေပြီး တော်​တော်​များများ​က​တော့ ရှေ့ဆောင်​တွေ​ဖြစ်နေ​ကြပြီ!

ကျွန်တော်​မက္ကဆီကို​စီးတီး​ကို​ရောက်ချိန်​တုန်း​က ကျွန်တော်​တို့​ရဲ့​ဌာနခွဲ​မှာ ၁၁ ယောက်​ပဲ​ရှိတယ်။ အခုတော့ ကျွန်တော်​တို့​ဆီ​မှာ အ​ယောက် ၁၃၅၀ အလုပ်လုပ်​ကိုင်​နေကြ​ပြီး အဲ့ဒီ​ထဲ​က ၂၅၀ လောက်​ဟာ ဌာနခွဲ​အဆောက်အအုံ​သစ်​တွေ တည်ဆောက်ရေး​လုပ်ငန်းမှာ လုပ်​နေကြ​တယ်။ ဒီ​လုပ်ငန်း​ပြီးဆုံး​သွားတဲ့​အခါမှာ ကျွန်တော်​တို့​ရဲ့​တိုးချဲ့​ဌာနခွဲ​အသစ်​မှာ လူ​အ​ယောက် ၁,၃၀၀ လောက်​ကို ကျွန်တော်​တို့ နေရာ​ထိုင်​ခင်း​ပေး​လို့​ရနိုင်​ပြီ၊ ၂၀၀၂ နှစ်မှာ​ပြီး​မယ်​ထင်​တယ်။ ၁၉၅၀ မှာ တစ်နိုင်ငံ​လုံး​မှ နိုင်ငံတော်​ကြေညာသူ အ​ယောက် ၇,၀၀၀ မပြည့်​တဲ့​အရေအတွက်​ကနေ အခုတော့ ၅၀၀,၀၀၀ ကို ကောင်းကောင်း​ကြီး​ကျော်သွား​ပြီ​ဆိုတော့ စဉ်းစား​ကြည့်​ပါ​ဦး! ယေဟောဝါ​ဟာ ကိုယ်တော့်​ကို​ချီးမွမ်း​ဖို့​အရမ်း​ကြိုးစား​တဲ့ ကျွန်တော်​တို့​ရဲ့ နှိမ့်ချတဲ့​မက္ကဆီကန်​ညီအစ်ကို​များ​ရဲ့ ကြိုးပမ်းမှု​များ​ကို ကောင်းချီး​ပေး​ခဲ့​တာ​ကို​မြင်ရ​တော့ ကျွန်တော့်​နှလုံးသား​မှာ ရွှင်လန်းမှု​တွေ​နဲ့​ပြည့်လျှံ​နေတာပဲ။

စိန်ခေါ်မှု​ကြီး​တစ်ခု​ကို​ရင်ဆိုင်​ခြင်း

ကျွန်တော့်​ရဲ့​အကြီးမားဆုံး​စိန်ခေါ်ချက်​တွေ​ထဲ​က တစ်ခု​က​တော့ မကြာမီ​က နာမကျန်း​ဖြစ်လာ​ခြင်း​ပါ​ပဲ။ အများအားဖြင့် ကျွန်တော်​ဟာ ကျန်းမာ​တဲ့​သူ​တစ်ယောက်​ဖြစ်တယ်။ ဒါပေမဲ့ ၁၉၈၈၊ နိုဝင်ဘာ​လမှာ လေသင်တုန်း​ဖြတ်သွား​လို့ ကျွန်တော့်​ရဲ့ ကိုယ်​အင်္ဂါ​လုပ်ဆောင်​နိုင်စွမ်း​တွေ အကြီးအကျယ်​ထိခိုက်​သွားပါ​တယ်။ ယေဟောဝါ​ရဲ့​ကျေးဇူး​ကြောင့် လေ့ကျင့်ခန်း​နဲ့ တခြား​ကုထုံး​များ​ဖြင့် အတော်လေး​ထူထူ​ထောင်​ထောင်​ပြန်​ဖြစ်လာ​ပါ​တယ်၊ ဒါပေမဲ့ ကျွန်တော့်​ရဲ့​ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တွေ​ဟာ ကျွန်တော်​တုံ့ပြန်​စေ​ချင်​သလို မတုံ့ပြန်​ဘူး။ ပြင်းထန်​တဲ့​ခေါင်းကိုက်​ရောဂါ​နဲ့ ကျန်ရှိ​နေ​သေး​တဲ့ တခြား​အကျိုးဆက်​ပျောက်ကင်း​စေဖို့ ဆေးဝါး​ကုသမှု​တွေ​ကို ဆက်လက်​ခံယူ​ရတယ်။

ကျွန်တော်​လုပ်ချင်​သလော​က် မ​လုပ်နိုင်​တော့​ပေမဲ့လည်း ကျွန်တော်​ဟာ လူအများ ယေဟောဝါ​ရဲ့​ရည်ရွယ်ချက်များ​အကြောင်းကို သင်ယူပြီး ကိုယ်တော်​ရဲ့​ဆက်ကပ်​အပ်နှံ​ကျေးကျွန်​များ​ဖြစ်လာ​ဖို့ ကူညီပေး​နိုင်​ခဲ့တယ်​ဆို​တဲ့​အသိ​က စိတ်​ကျေနပ်မှု​ခံစား​ရတယ်။ ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​များ ကျွန်တော်​တို့​ရဲ့​ဌာနခွဲ​ကိုလာ​လည်ပတ်​တဲ့​အခါ တတ်နိုင်​သလော​က် သူတို့နဲ့​စကားပြော​ဆို​ရတာကို​လည်း ကျွန်တော်​နှစ်သက်တယ်; ကျွန်တော်​တို့​အပြန်အလှန်​အားပေးမှု​ဖြစ်တယ်​လို့ ကျွန်တော်​ခံစား​ရတယ်။

ယေဟောဝါ​ဟာ သူ့​အပေါ်​ကျွန်တော်​တို့​ရဲ့​အမှုဆောင်ခြင်းကို တန်ဖိုး​ထား​တယ်၊ ကျွန်တော်​တို့​လုပ်ခဲ့သမျှ​တွေ​ဟာ အချည်းနှီး​ဖြစ်​မသွား​ဘူးဆို​တဲ့​အသိ​က ကျွန်တော့်​ကို အလွန်​ပဲ​ခွန်အား​ရစေ​ခဲ့​ပါ​တယ်။ (၁ ကောရိန္သု ၁၅:၅၈) ကျွန်တော့်​ရဲ့ အကန့်အသတ်​ဖြစ်မှု​တွေ​နဲ့ နာမကျန်း​မှု​တွေ​ရှိနေပေမဲ့ ကောလောသဲ ၃:၂၃၊ ၂၄ ပါ​စကား​များ​ကို ကျွန်တော်​နှလုံး​သွင်း​ခဲ့တယ်– “လူ​၏​အမှုကို​သာ​ဆောင်ရွက်​သကဲ့သို့​မဟုတ်။ သခင်​ဘုရား [“ယေဟောဝါ၊” က​ဘ] ၏​အမှုတော်ကို​ဆောင်ရွက်​သကဲ့သို့၊ ပြု​လေ​သမျှ​တို့​၌ စေတနာ​စိတ် [“စိုးလ်​အကြွင်းမဲ့၊” က​ဘ] နှင့်​ပြု​ကြလော့။ သင်တို့သည် . . . အမွေတော်​တည်း​ဟူသော​အကျိုးကို၊ ထို​သခင်​ဘုရား ၏​လက်တော်​မှ​ခံရ​လိမ့်​မည်​ဟု သိမှတ်​ကြလော့။” ဒီ​ဆုံးမ​စကား​နဲ့​အညီ စုံစမ်းမှု​များ​ခံရ​ငြား ယေဟောဝါ​ကို စိုးလ်​အကြွင်းမဲ့​အမှုဆောင်ဖို့ ကျွန်တော်​သင်ယူ​ခဲ့​ရ​ပါ​တယ်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၄၂ တွင် ကျွန်တော် ရှေ့ဆောင်​လုပ်​စဉ်​က

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၄၇ မက္ကဆီကို​နိုင်ငံ​တွင် ကျွန်တော့်​ဇနီး သူ၏ ခရစ်ယာန်​သာသနာပြု တာဝန်​ကို​စတင်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယနေ့​အက်စတာ​နှင့်အတူ​၂

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အပေါ်​ဘယ်ဘက်– ၁၉၅၂ တွင် အရှေ့​တွင်ရှိသော​ကျွန်တော်​နှင့်အတူ မက္ကဆီကို​ဗေသလ​မိသားစု

အပေါ်– ၁၉၉၉ ခရိုင်​စည်းဝေးကြီး​အတွက် ဒီ​မက္ကဆီကို​စီးတီး အားကစားကွင်း​တွင် လူ​အ​ယောက် ၁၀၉,၀၀၀ ကျော်​စုဝေး​ခဲ့

အောက်​ဘယ်ဘက်– ကျွန်တော်​တို့၏​ဌာနခွဲသစ် အခု​ပြီး​လု​ဖြစ်