‘ထိုနည်းအတိုင်း ပြေးကြလော့’
‘ထိုနည်းအတိုင်း ပြေးကြလော့’
စိတ်လှုပ်ရှားနေကြသောလူအုပ်နှင့်ပြည့်ကျပ်နေသည့် အားကစားကွင်းတွင် သင်ရောက်နေသည်ဟု မြင်ယောင်ကြည့်ပါ။ အားကစားသမားများ ကွင်းထဲသို့ ဝင်လာကြပြီ။ လူအုပ်သည် သူတို့၏သူရဲကောင်းများကိုမြင်သောအခါ အော်ဟစ်ကြလေသည်။ စည်းကမ်းအတိုင်းဆောင်ရွက်ရန် ဒိုင်လူကြီးများ အသင့်ရှိနေကြပြီ။ ပြိုင်ပွဲများကျင်းပစဉ်အောင်ပွဲရအော်သံများနှင့်အတူ စိတ်ပျက်သောအော်သံများ ရောနှောလျက်ရှိသည်။ အနိုင်ရရှိသူများကို ကျယ်လောင်စွာလက်ခုပ်သြဘာပေးကြသည်!
သင်သည် မျက်မှောက်ခေတ်အားကစားပွဲတွင်မဟုတ်ဘဲ လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်က ကောရိန္သုကျွန်းဆက်ပေါ်တွင် ကျင်းပသောအားကစားပွဲ၌ ရောက်ရှိနေခြင်းဖြစ်သည်။ ဤတွင် ဘီ.စီ.အီး. ခြောက်ရာစုမှ စီ.အီး. လေးရာစုအထိ နာမည်ကျော်ကျွန်းဆွယ်အားကစားပွဲများကို နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့သည်။ ပြိုင်ပွဲသည် ရက်ပေါင်းများစွာအထိ ဂရိအားလုံး၏စိတ်ဝင်စားမှုကို ဖမ်းစားခဲ့၏။ ထိုအားကစားပွဲများသည် ရိုးရိုးအားကစားပြိုင်ပွဲများထက်မကတော့ချေ။ အားကစားသမားများသည် စစ်ရေးပြင်ဆင်မှု၏ အမှတ်လက္ခဏာများဖြစ်သည်။ သူရဲကောင်းများအဖြစ် အလွန်ကြည်ညိုလေးစားခံရသော အောင်ပန်းဆင်သူများသည် သစ်ရွက်များဖြင့်ပြုလုပ်ထားသော သရဖူများရရှိကြသည်။ သူတို့ကို ဆုများချီးမြှင့်ပြီး မြို့တော်က သူတို့ကို တစ်သက်စာပင်စင်လစာ အမြောက်အမြားပေးခဲ့၏။
တမန်တော်ပေါလုသည် ကောရိန္သုမြို့အနီးရှိ ကျွန်းဆွယ်အားကစားပွဲများနှင့် အကျွမ်းတဝင်ရှိခဲ့သောကြောင့် ခရစ်ယာန်ဘဝလမ်းစဉ်ကို အားကစားပြိုင်ပွဲတစ်ခုနှင့် နှိုင်းယှဉ်ခဲ့သည်။ သူသည် အပြေးသမားများ၊ နပန်းသမားများနှင့် လက်ဝှေ့သမားများကို အစွဲပြု၍ ကောင်းသောလေ့ကျင့်မှု၊ ကောင်းသောညွှန်ကြားမှုအောက်ရှိ ကြိုးစားအားထုတ်မှုများနှင့် ခံနိုင်ရည်ရှိမှုတို့၏အကျိုးကျေးဇူးများကို ဆီလျော်စွာနမူနာပေးခဲ့၏။ အမှန်ဆိုရလျှင် သူစာရေးလိုက်သော ခရစ်ယာန်များသည်လည်း ထိုအားကစားပွဲများအကြောင်းသိထားကြသည်။ အချို့သည် အားကစားကွင်း၌ အော်ဟစ်နေကြသောလူအုပ်ကြားတွင် ရှိခဲ့ကြမည်မှာသေချာပါသည်။ သို့ဖြစ်၍ သူတို့သည် ပေါလု၏ဥပမာပေးချက်များကို အလွယ်တကူသဘောပေါက်မည်ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့လည်း ထာဝရအသက်အတွက် ပြိုင်ပွဲဝင်နေကြရသည်။ ပေါလု၏အဆိုပါပြိုင်ပွဲများကိုတင်ပြခြင်းမှ ကျွန်ုပ်တို့ မည်သို့အကျိုးရယူနိုင်သနည်း။
‘စည်းကမ်းအတိုင်းပြိုင်ခြင်း’
ရှေးအားကစားပြိုင်ပွဲဝင် တောင်းဆိုချက်များသည် အလွန်တင်းကျပ်သည်။ သံတော်ဆင့်သူတစ်ဦးက ပွဲကြည့်ပရိသတ်ကို အားကစားသမားအသီးသီးနှင့် မိတ်ဆက်ပေးပြီး ဤသို့ဟစ်ကြော်တတ်သည်– ‘ဒီလူမှာ ပြစ်မှုတစ်ခုခုရှိတယ်လို့ စွပ်စွဲနိုင်တဲ့သူတစ်ဦးဦးရှိသလား။ သူက ဓားပြလား ဒါမှမဟုတ် သူ့ရဲ့ဘဝမှာ ဆိုးသွမ်းပြီးအကျင့်ပျက်သလား။’ အာခီအိုလိုဂျီအား ဂရိုက်စ်ကားအရ “နာမည်ကြီးရာဇဝတ်ကောင်မဟုတ်သူ သို့မဟုတ် ထိုသို့သောသူတို့နှင့် [လုံးလုံး] မပတ်သက်သူဖြစ်လျှင် ဝင်ပြိုင်ခွင့်ရသည်။” ထို့ပြင် အားကစားနည်းများ၏ စည်းကမ်းများကို ချိုးဖောက်လျှင် ချိုးဖောက်သူများအား ပြိုင်ပွဲမှထုတ်ပယ်ခြင်းဖြင့် ပြင်းထန်စွာအပြစ်ပေးခဲ့သည်။
ယင်းအချက်က ပေါလု၏ဤပြောဆိုချက်ကို သဘောပေါက်ရန် ကျွန်ုပ်တို့ကိုကူညီပေး၏– “ပွဲ၌ပြိုင်ဆိုင်သောသူသည် ထုံးတမ်း [“စည်းကမ်း၊” ကဘ] အတိုင်းမပြိုင်လျှင် ပန်းဦးရစ်ကိုမရ။” (၂ တိမောသေ ၂:၅၊ သမ္မာ) အလားတူစွာ၊ အသက်ပြေးပွဲတွင်ပါဝင်နိုင် ရန် ကျမ်းစာတွင်ဖော်ပြထားသော ယေဟောဝါ၏မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းများနှင့်အညီနေထိုင်ပြီး ကိုယ်တော်၏တောင်းဆိုရာများကို ပြည့်မီရမည်ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့သတိပေးသည်– “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။” (ကမ္ဘာဦး ၈:၂၁) ထို့ကြောင့် ပြေးပွဲတွင်ဝင်ပါပြီးနောက်၌ပင် ယေဟောဝါ၏မျက်နှာသာဆက်ရရှိရန်နှင့် ထာဝရအသက်ရရှိရန် စည်းကမ်းများနှင့်အညီ ဆက်လက်ယှဉ်ပြိုင်ဖို့ ဂရုစိုက်ရမည်ဖြစ်သည်။
ဤနည်းဖြင့်လုပ်ဆောင်ရန် အကြီးမားဆုံးအထောက်အကူမှာ ဘုရားသခင်ကိုချစ်သည့်မေတ္တာပင်ဖြစ်သည်။ (မာကု ၁၂:၂၉-၃၁) ထိုသို့သောမေတ္တာသည် ကျွန်ုပ်တို့၌ ယေဟောဝါ၏စိတ်တော်နှင့်တွေ့လိုစိတ်၊ ကိုယ်တော်၏အလိုတော်နှင့်အညီ လုပ်ဆောင်လိုစိတ် ပေါ်စေမည်။—၁ ယောဟန် ၅:၃။
“ခပ်သိမ်းသောဝန်တို့ကို . . . ပယ်ရှား” လော့
ရှေးခေတ်အားကစားပွဲများတွင် အပြေးသမားများသည် အဝတ်အစားများ သို့မဟုတ် ပစ္စည်းပစ္စယတို့နှင့်လေးမနေချေ။ “ခြေလျင်ပြေးပွဲများတွင် . . . ယှဉ်ပြိုင်သူများသည် ဝတ်လစ်စလစ်ဖြင့်ပြေးလေ့ရှိကြသည်” ဟု ဂရိနှင့်ရောမအတ္ထုပ္ပတ္တိများ စာအုပ်ကဆိုသည်။ အဝတ်အစားများမဝတ်ခြင်းသည် အားကစားသမားများကို လျင်မြန်ပေါ့ပါး ဖျတ်လတ်သွက်လက်စေသည်။ မလိုအပ်သောဝန်ကြောင့် ခွန်အားကို အလဟဿမကုန်ခန်းသွားစေပါ။ “ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို . . . ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့” ဟူ၍ ဟေဗြဲခရစ်ယာန်များထံ စာရေးချိန်က ပေါလုသည် အဆိုပါအချက်ကို စိတ်ထဲထားဖွယ်ရှိသည်။—ဟေဗြဲ ၁၂:၁။
အသက်ပြေးပွဲတွင် ကျွန်ုပ်တို့အတွက် ဆူးငြောင့်ခလုတ်ဖြစ်နိုင်သည့် ဝန်ကားအဘယ်နည်း။ တစ်ခုမှာ မလိုအပ်သောရုပ်ပစ္စည်းများကို စုဆောင်းလိုခြင်း သို့မဟုတ် ငွေကုန်ကြေးကျများသော ဘဝပုံစံထားရှိလိုခြင်းဖြစ်နိုင်သည်။ အချို့ကမူ ဥစ္စာစည်းစိမ်ကို လုံခြုံမှုအဖြစ် သို့မဟုတ် ပျော်ရွှင်မှုရင်းမြစ်အဖြစ် ရှုမြင်ကြပေမည်။ ဤသို့လိုသည်ထက်ပိုနေသော “ဝန်” သည် အပြေးသမားကို နှောင့်နှေးစေရာ နောက်ဆုံး၌ ဘုရားသခင်သည် သူ့အတွက် အရေးမပါလှတော့ချေ။ (လုကာ ၁၂:၁၆-၂၁) ထာဝရအသက်သည် အလှမ်းဝေးသေးသောမျှော်လင့်ချက်ကဲ့သို့ ဖြစ်လာပေမည်။ လူတစ်ဦးက ‘တစ်နေ့နေ့တော့ ကမ္ဘာသစ်လာမှာပါ၊ ဒါပေမဲ့ လောလောဆယ် ဒီလောကမှာရနိုင်တဲ့အခွင့်အရေးကိုလည်း အရယူနိုင်ပါတယ်’ ဟုဆင်ခြင်ပေမည်။ (၁ တိမောသေ ၆:၁၇-၁၉) ဤသို့သောရုပ်ဝါဒဆန်သောစိတ်ထားသည် လူတစ်ဦးကို အသက်ပြေးပွဲမှ အလွယ်တကူ လမ်းကြောင်းပြောင်းသွားစေနိုင်သည် သို့မဟုတ် ဝင်ပြေးချင်စိတ်ပင် ပျောက်သွားစေနိုင်သည်။
တောင်ပေါ်တရားတော်တွင် ယေရှုဤသို့မိန့်ခဲ့သည်– “အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လော[က]စည်းစိမ်အစေကိုလည်းကောင်း မခံနိုင်ကြ။” တိရစ္ဆာန်များနှင့်သစ်ပင်များတို့၏လိုအပ်ရာများကို ယေဟောဝါဂရုစိုက်ပေးကြောင်းပြောပြီးနောက် လူတို့သည် ယင်းတို့ထက်သာ၍မြတ်ကြောင်းပြောပြီး ဤသို့ဆုံးမသည်– “ထို့ကြောင့် ‘အဘယ်သို့စားသောက်ရအံ့နည်း၊’ ‘အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍မစိုးရိမ်ကြနှင့်။ ထိုအရာများကို [ပြင်]လူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။”—မဿဲ ၆:၂၄-၃၃။
“အားမလျော့ဘဲပြေးကြ” လော့
ရှေးခေတ်ခြေလျင်ပြေးပွဲမှန်သမျှသည် တာတိုပြေးပွဲချည်းမဟုတ်ချေ။ ဒေါ့လီဟော့စ် ဟုခေါ်သော ပြေးပွဲတစ်ခုသည် နှစ်မိုင်ခွဲခန့်ပြေးရသည်။ ယင်းသည် ခွန်အားနှင့်ခံနိုင်ရည်မရှိမဖြစ်လိုအပ်သော စမ်းသပ်မှုတစ်ခုဖြစ်၏။ ရှေးလူကြီးသူမတို့၏အဆိုအရ ဘီ.စီ.အီး. ၃၂၈ မှအားယီးစ်ဆိုသူ အားကစားသမားတစ်ဦးသည် ဤပြေးပွဲတွင်အနိုင်ရရှိပြီးနောက် သူ၏အောင်မြင်မှုကိုကြေညာရန် သူနေထိုင်ရာ အာရ်ဂေါ့စ်မြို့သို့တောက်လျှောက်ပြေးခဲ့သည်။ ထိုနေ့တွင် သူသည်မိုင် ၇၀ နီးပါးပြေးခဲ့သည်!
ခရစ်ယာန်ပြေးပွဲသည်လည်း ကျွန်ုပ်တို့၏ခံနိုင်ရည်ကိုစမ်းသပ်သည့် တာဝေးပြေးပွဲဖြစ်သည်။ ယေဟောဝါ၏မျက်နှာသာတော်နှင့် ထာဝရအသက်ဆုရရှိရန် ၎င်းပြေးပွဲတွင် အဆုံးတိုင်အောင်ခံနိုင်ရည်ရှိဖို့လိုအပ်သည်။ ပေါလုသည် ပြေးပွဲတွင် ထိုအတိုင်းပြေးခဲ့သည်။ သူ၂ တိမောသေ ၄:၇၊ ၈၊ သမ္မာ) ပေါလုနည်းတူ ကျွန်ုပ်တို့သည် “အဆုံးတိုင်အောင်” ပြေးရမည်ဖြစ်သည်။ ပြေးပွဲသည် အစတွင် ကျွန်ုပ်တို့မျှော်လင့်ထားသည်ထက် သာ၍ဝေးနေသောကြောင့် ကျွန်ုပ်တို့၏ခံနိုင်ရည်ယုတ်လျော့သွားမည်ဆိုပါက ကျွန်ုပ်တို့ဆုရမည်မဟုတ်ချေ။ (ဟေဗြဲ ၁၁:၆) ကျွန်ုပ်တို့သည် ပန်းဝင်မျဉ်းနှင့်အလွန်နီးနေသည့်အတွက် ထိုသို့ဖြစ်မည်ဆိုလျှင် မည်မျှဝမ်းနည်းဖွယ်ရာပါတကား!
ကွယ်လွန်ခါနီးတွင် ဤသို့ပြောနိုင်ခဲ့၏– “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုခဲ့ပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ခဲ့ပြီ။ ယခုမှစ၍ ဖြောင့်မတ်ခြင်းသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။” (ဆု
ရှေးခေတ်ဂရိအားကစားပြိုင်ပွဲများမှ အောင်ပန်းဆင်သူများအား သစ်ရွက်များဖြင့်ပြုလုပ်ကာ ပန်းများဖြင့်အလှဆင်ထားသော ပန်းဦးရစ်ကို ချီးမြှင့်ခဲ့ကြသည်။ ပေသီယံဂရိပွဲတော်ကြီးများတွင် အောင်ပန်းဆင်သူများသည် အာရဇ်ပင်နှင့်ပြုလုပ်ထားသော သရဖူကိုရရှိခဲ့၏။ ကျွန်းဆွယ်အားကစားပွဲများတွင် သူတို့ကို ထင်းရှူးသားဖြင့်ပြုလုပ်ထားသော သရဖူများကိုချီးမြှင့်ကြပြီး အိုလံပီယာအားကစားပွဲများတွင် သံလွင်ရိုင်းအရွက်သရဖူများကိုပေးခဲ့သည်။ “ယှဉ်ပြိုင်သူများ၏စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးရန်ပြိုင်ပွဲကျင်းပနေစဉ် သရဖူများ၊ အောင်ပန်းဆုများနှင့် စွန်ပလွံခက်များကို အားကစားကွင်းရှိ သူတို့ကောင်းစွာမြင်ရသောနေရာတွင်ထားသည့် သုံးချောင်းထောက်ခုံ သို့မဟုတ် စားပွဲပေါ်တွင် ခင်းပြပေးထားသည်” ဟုကျမ်းပညာရှင်တစ်ဦးကဖော်ပြသည်။ အောင်ပန်းဆင်သူအတွက် သရဖူဆောင်းထားခြင်းသည် ကြီးကျယ်သည့် ဂုဏ်ထူးဆောင်အမှတ်အသားတစ်ခုဖြစ်သည်။ သူသည် အပြန်လမ်းတွင် စစ်မြင်းရထားကို ဝင့်ကြွားစွာစီး၍ မြို့ထဲဝင်လာသည်။
ယင်းကို စိတ်စွဲမှတ်ထားကာ ပေါလုက မိမိ၏ကောရိန္သုမြို့မှစာဖတ်ပရိသတ်အား “မြေတလင်း၌ပြိုင်၍ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော” ဟူ၍မေးကာ “ဆုကိုရမည်အကြောင်းပြေးကြလော့။ . . . ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကိုရခြင်းငှာပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအလိုငှာပြုကြ၏” ဟုဆိုသည်။ (၁ ကောရိန္သု ၉:၂၄၊ ၂၅; ၁ ပေတရု ၁:၃-၅) တကယ်ပင်ကွာခြားလိုက်လေခြင်း! ရှေးအားကစားသမားများ၏ ညှိုးနွမ်းပျက်စီးတတ်သောသရဖူများနှင့်မတူဘဲ အဆုံးတိုင်အောင် အသက်ပြေးပွဲတွင်ပြေးနေကြသူများအတွက် အရန်သင့်ထားသောဆုမှာ ဘယ်တော့မှမပျက်စီးနိုင်သောဆုဖြစ်သည်။
သာ၍ကောင်းသော အဆိုပါသရဖူနှင့်စပ်လျဉ်း၍ တမန်တော်ပေတရုက “သိုးထိန်းအကြီးပေါ်ထွန်းတော်မူသောအခါ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသောပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်” ဟုရေးခဲ့သည်။ (၁ ပေတရု ၅:၄) ဤလောကမှပေးသော မည်သည့်ဆုမဆိုသည် ခရစ်တော်နှင့်အတူ ကောင်းကင်ဘုန်းသရေရှိ မညှိုးနွမ်းမပျက်စီးသောထာဝရအသက်ဆုနှင့် ယှဉ်နိုင်မည်လော။
ယနေ့ ခရစ်ယာန်အပြေးသမားအများစုသည် ဘုရားသခင်၏ဝိညာဉ်တော်ဖွားသားများဖြစ်ရန် ကိုယ်တော် တံဆိပ်ခတ်ထားသူများမဟုတ်သည့်အပြင် ကောင်းကင်မျှော်လင့်ချက်လည်း မရှိကြချေ။ သူတို့သည် မသေနိုင်သောအဖြစ်ဆုအတွက် ပြေးနေကြခြင်းမဟုတ်ပါ။ သို့တိုင် ဘုရားသခင်သည် သူတို့ရှေ့တွင် အနှိုင်းမဲ့ဆုကိုလည်း ချထားပေးသည်။ ၎င်းမှာ ကောင်းကင်နိုင်ငံတော်အောက် ပရဒိသုမြေကြီးပေါ်တွင်ခံစားရမည့် စုံလင်သောထာဝရအသက်ပင်ဖြစ်၏။ ခရစ်ယာန်အပြေးသမားတစ်ဦးသည် မည်သည့်ဆုကိုမဆိုရရှိရန်ကြိုးစားနေစဉ် အားကစားပွဲမှ မည်သည့်အပြေးသမားတစ်ယောက်ထက်မဆို ပို၍ဇွဲရှိရှိအားကြိုးမာန်တက် ပြေးသင့်သည်။ အဘယ်ကြောင့်နည်း။ ဆုသည် မည်သည့်အခါမျှညှိုးနွမ်းမည်မဟုတ်– “ငါတို့အားပေးတော်မူသော ကတိတော်မူကား ထာဝရအသက်ကိုဝန်ခံတော်မူသော ကတိတော်ပေတည်း။”—၁ ယောဟန် ၂:၂၅။
ခရစ်ယာန်အပြေးသမားရှေ့တွင်ရှိသည့် ဤသို့သောပြိုင်ဘက်ကင်းဆုကြောင့် သူသည် ဤလောက၏စွဲမက်စရာများကို မည်သို့ရှုမြင်သင့်သနည်း။ “ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့ငါထင်မှတ်၏။ ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ” ဟူ၍ ပေါလုပြောခဲ့သည်အတိုင်းဖြစ်သင့်သည်။ ယင်းနှင့်အညီ ပေါလုသည် ကြိုးစားပမ်းစားပြေးခဲ့ခြင်းတည်း! “ညီအစ်ကိုတို့ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း ငါပြုသောအမှုတစ်ခုဟူမူကား နောက်ကျသောအရာတို့ကိုမမှတ်ဘဲ ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍ . . . အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။” ဖိလိပ္ပိ ၃:၈-၁၁၊ ၁၃၊ ၁၄) ပေါလုသည် ဆုကိုအခိုင်အမာအာရုံစိုက်ကာ ပြေးခဲ့သည်။ ကျွန်ုပ်တို့လည်း ထိုသို့ပြေးသင့်သည်။
(ကျွန်ုပ်တို့၏အကောင်းဆုံးပုံနမူနာ
ရှေးအားကစားပွဲများတွင် ချန်ပီယံများသည် နေရာအနှံ့မှအံ့သြချီးမွမ်းမှုကို ခံခဲ့ရသည်။ ကဗျာဆရာများက သူတို့အကြောင်းကို ရေးဖွဲ့ကြပြီး ပန်းပုဆရာများက သူတို့အရုပ်များကိုထုလုပ်ခဲ့ကြ၏။ “သူတို့သည် ဂုဏ်အသရေကျော်ကြားမှု၊ လူကြိုက်များမှုတို့ဖြင့် လွှမ်းခြုံထားသည်” ဟုသမိုင်းပညာရှင် ဗယဲအာရ် အိုလီဗိုဗာကဆိုသည်။ သူတို့သည် မျိုးဆက်သစ်ချန်ပီယံများအတွက် စံပြပုံနမူနာများလည်း ဖြစ်ခဲ့ကြသည်။
ခရစ်ယာန်များအတွက် အကောင်းဆုံးပုံနမူနာပြခဲ့သော “ချန်ပီယံ” ကား မည်သူနည်း။ ပေါလုက ဤသို့အဖြေပေးသည်– “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၁၊ ၂) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ထာဝရအသက်ပြေးပွဲတွင် အောင်ပွဲဆင်လိုလျှင် ကျွန်ုပ်တို့၏စံနမူနာရှင်ယေရှုခရစ်ကို စေ့စေ့ကြည့်ရှုဖို့လိုသည်။ ခရစ်ဝင်မှတ်တမ်းများကို မှန်မှန်ဖတ်ရှုခြင်း၊ ကိုယ်တော့်ကိုတုပနိုင်သည့်လမ်းစဉ်များကို ဆင်ခြင်တွေးတောခြင်းတို့အားဖြင့်ယင်းကို ကျွန်ုပ်တို့ပြုလုပ်နိုင်သည်။ ဤလေ့လာမှုက ဘုရားသခင်အားနာခံပြီး ခံနိုင်ရည်ဖြင့်ယုံကြည်ခြင်းကိုထင်ရှားပြခဲ့သော ယေရှုခရစ်ကိုလေးမြတ်ရန် အကူအညီဖြစ်စေလိမ့်မည်။ ကိုယ်တော်၏ခံနိုင်ရည်အတွက် ဆုကျေးဇူးအနေဖြင့် အံ့ချီးဖွယ်အခွင့်အရေးများစွာနှင့်အတူ ယေဟောဝါဘုရားသခင်၏မျက်နှာသာတော်ရရှိခဲ့သည်။—ဖိလိပ္ပိ ၂:၉-၁၁။
ယေရှု၏အထင်ရှားဆုံးအရည်အသွေးမှာ မေတ္တာပင်ဖြစ်၏။ “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၃) ကိုယ်တော်သည် ကျွန်ုပ်တို့၏ရန်သူများကိုပင် ချစ်ရမည်ဟုမိန့်ဆိုခြင်းဖြင့် “မေတ္တာ” စကားလုံးအတွက် သာ၍အဓိပ္ပာယ်လေးနက်စေခဲ့၏။ (မဿဲ ၅:၄၃-၄၈) ယေရှုသည် မိမိ၏ကောင်းကင်ခမည်းတော်ကိုချစ်သောကြောင့် ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ခြင်းတွင် အားရရွှင်လန်းခဲ့သည်။ (ဆာလံ ၄၀:၉၊ ၁၀; သု. ၂၇:၁၁) ကျွန်ုပ်တို့၏စံနမူနာရှင်အဖြစ်သော်လည်းကောင်း၊ အသက်ပြေးပွဲတွင် အားကြိုးမာန်တက်ပြေးရာတွင် ဦးဆောင်လမ်းပြပေးခဲ့သူအဖြစ်သော်လည်းကောင်း ယေရှုကိုအားထားခြင်းသည်လည်း ဘုရားသခင်နှင့်အိမ်နီးချင်းတို့ကိုချစ်ရန်နှင့် မြင့်မြတ်သောလုပ်ငန်းတော်တွင် စစ်မှန်သောရွှင်လန်းမှုကိုရှာတွေ့ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်ဖြစ်သည်။ (မဿဲ ၂၂:၃၇-၃၉; ယောဟန် ၁၃:၃၄; ၁ ပေတရု ၂:၂၁) ယေရှုသည် မဖြစ်နိုင်ရာကို တောင်းဆိုမည်မဟုတ်ကြောင်း စိတ်ထဲမှတ်သားထားပါ။ ကိုယ်တော်က ကျွန်ုပ်တို့ကို ဤသို့အာမခံသည်– “ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။”—မဿဲ ၁၁:၂၈-၃၀။
ယေရှုနည်းတူ ကျွန်ုပ်တို့သည် အဆုံးတိုင်အောင်ခံနိုင်ရည်ရှိသူမှန်သမျှအတွက် သီးသန့်ချထားပေးသောဆုကို ဆက်၍အာရုံစိုက်နေဖို့လိုအပ်သည်။ (မဿဲ ၂၄:၁၃) ကျွန်ုပ်တို့သည် စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်လျှင်လည်းကောင်း၊ ရှိသမျှဝန်ကိုချထားလျှင်လည်းကောင်း၊ ခံနိုင်ရည်ရှိရှိပြေးလျှင်လည်းကောင်း အောင်ပွဲဆင်မည်ဟု ယုံကြည်စိတ်ချနိုင်သည်။ မြင်နေရသောပန်းတိုင်သည် ကျွန်ုပ်တို့ကို ရှေ့ဆက်ပြေးလာရန် လက်ယပ်ခေါ်လျက်ရှိသည်။ ၎င်းသည် ကျွန်ုပ်တို့ကို ရွှင်လန်းမှုရှိစေသောကြောင့် အားသစ်လောင်းစေပြီး ကျွန်ုပ်တို့ရှေ့ရှိလမ်းတွင် ဆက်ပြေးဖို့သာ၍လွယ်ကူစေသည်။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ခရစ်ယာန်ပြေးပွဲသည် တာဝေးပြေးပွဲဖြစ်၏—ယင်းသည် ခံနိုင်ရည်လိုအပ်
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
သရဖူဆောင်းအားကစားသမားများနှင့်မတူဘဲ ခရစ်ယာန်များသည် မဖောက်ပြန်မပျက်စီးသောဆုကို စောင့်မျှော်နိုင်
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဆုသည် အဆုံးတိုင်အောင် ခံနိုင်ရည် ရှိသူအားလုံးအတွက်ဖြစ်
[Picture Credit Line on page 28]
Copyright British Museum