မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ချစ်ခြင်းမေတ္တာသည် မည်မျှတာသွားသနည်း

သင့်ချစ်ခြင်းမေတ္တာသည် မည်မျှတာသွားသနည်း

သင့်​ချစ်ခြင်း​မေတ္တာသည် မည်မျှ​တာသွား​သနည်း

“ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်​အမျှ​ချစ်​လော့။”—မဿဲ ၂၂:၃၉၊ က​ဘ။

၁။ ယေဟောဝါ​အား ကျွန်ုပ်​တို့​ချစ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကိုလည်း အဘယ်ကြောင့်​ချစ်​ရမည်​နည်း။

အဘယ်​ပညတ်​သည် အကြီးမြတ်ဆုံး​ဖြစ်သနည်း​ဟု ယေရှု​အမေး​ခံရသော​အခါ ကိုယ်တော်​က ဤသို့​အဖြေပေး​ခဲ့​သည်– “သင်၏​ဘုရားသခင်​ယေဟောဝါ​ကို သင့်​နှလုံး​အကြွင်းမဲ့၊ သင့်​ဝိညာဉ်​စိုးလ်​တစ်ခုလုံး၊ သင့်​စိတ်​ရှိသမျှ​နှင့်​ချစ်​ရမည်။” ထို့နောက် ကိုယ်တော်​က ဒုတိယ​ပညတ်​ကို ပထမ​ကဲ့သို့ အလားတူ​ဤသို့​ကိုးကား​ခဲ့​သည်– “ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်​အမျှ​ချစ်​လော့။” (မဿဲ ၂၂:၃၇၊ ၃၉က​ဘ) မှန်ပါသည်၊ အိမ်နီးချင်း​ကို ချစ်သော​မေတ္တာသည် ခရစ်ယာန်​တစ်ဦး၏​အမှတ်အသား​တစ်ရပ် ဖြစ်သည်။ အမှန်​မှာ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ချစ်​လျှင် ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို ချစ်​ရမည်​ဖြစ်သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဘုရားသခင်​အပေါ်​ထားသော ကျွန်ုပ်​တို့၏​ချစ်ခြင်း​မေတ္တာကို ကိုယ်တော်​၏​နှုတ်မြွက်တော်​ကို နာခံခြင်း​ဖြင့်​ပြသ​ရသည်​ဖြစ်​ရာ ကိုယ်တော်​၏​နှုတ်မြွက်တော်​က ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို ချစ်​ရန်​ပညတ်​ထားသော​ကြောင့်​တည်း။ သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​များ​ကို မချစ်​လျှင် ဘုရားသခင်​အပေါ်​ထား​သည့် ကျွန်ုပ်​တို့၏​ချစ်ခြင်း​မေတ္တာ​မှာ အစစ်အမှန်​မဖြစ်​နိုင်​ချေ။—ရောမ ၁၃:၈; ၁ ယောဟန် ၂:၅; ၄:၂၀၊ ၂၁

၂။ ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို အဘယ်​မေတ္တာ​မျိုး​ဖြင့် ချစ်​သင့်​သနည်း။

ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို ချစ်​သင့်​ကြောင်း ယေရှု​မိန့်တော်မူ​ခဲ့​သောအခါ ကိုယ်တော်​သည် မိတ်ဆွေ​ဖြစ်​ခြင်း​ထက်မက မိန့်မှာ​နေခြင်း​ဖြစ်၏။ ထို့​ပြင် မိသားစု​အတွင်း သို့​မဟုတ် အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး​စပ်ကြား​တည်ရှိ​သော အလိုအလျောက်​မေတ္တာ​မျိုး​နှင့်​မတူ​သော​မေတ္တာ​တစ်မျိုး​ကို ကိုယ်တော်​ရည်ညွှန်း​နေခြင်း​ဖြစ်၏။ ကိုယ်တော်​၏​ဆက်ကပ်​အပ်နှံ​ထားသော​ကျေးကျွန်​များ​အပေါ် ယေဟောဝါ​ထား​ရှိသော​မေတ္တာ​မျိုး​နှင့် ကိုယ်တော့်​အပေါ် သူတို့​ထား​ရှိသော​မေတ္တာ​မျိုးကို ယေရှု​မိန့်တော်မူ​နေခြင်း​ဖြစ်သည်။ (ယောဟန် ၁၇:၂၆; ၁ ယောဟန် ၄:၁၁၊ ၁၉) ဂျူး​လူမျိုး ကျမ်း​ပြု​ဆရာ​တစ်ဦး—ပညာသတိ​နှင့်​ပြန်လျှောက်​ခဲ့​သူ​အဖြစ် ယေရှု​သတိထား​မိ​သူ—က ဘုရားသခင်​ကို “စိတ်နှလုံး၊ အသက်​ဝိညာဉ်၊ ဉာဏ်​သတ္တိ၊ အစွမ်း​သတ္တိ​အကြွင်းမဲ့​ချစ်” သင့်​ကြောင်း ယေရှု​နှင့်​သဘောတူညီ​ခဲ့​သည်။ (မာကု ၁၂:၂၈-၃၄က​ဘ) သူ​မှန်​နေသည်။ ဘုရားသခင်​နှင့် အိမ်နီးချင်း နှစ်ဦးစလုံး​အပေါ်​ထား​ရန် ခရစ်ယာန်​တစ်ဦး​မွေးမြူ​ရသည့် ချစ်ခြင်း​မေတ္တာတွင် ကျွန်ုပ်​တို့၏​စိတ်​လှုပ်ရှားမှုများ​နှင့် ဆင်ခြင်​ဉာဏ်​တို့ ပါဝင်​သည်။ ယင်းကို နှလုံးသား​ဖြင့်​ခံ​စား၍ စိတ်​က​လမ်းညွှန်​ပေး​သည်။

၃။ (က) ယေရှု​က “ကျမ်းတတ်​တစ်ယောက်” အား သူ၏​အိမ်နီးချင်း မည်သူ​ဖြစ်သည်​ကို အမြင်​ကျယ်ကျယ်​ထား​သင့်​ကြောင်း မည်သို့​သွန်သင်​ခဲ့​သနည်း။ (ခ) ယေရှု၏​ပုံ​ဥပမာ​က ယနေ့​ခရစ်ယာန်​များနှင့် မည်သို့​သက်ဆိုင်​သနည်း။

လုကာ​၏​မှတ်တမ်းအရ ကျွန်ုပ်​တို့သည် မိမိတို့၏​အိမ်နီးချင်း​ကို ချစ်​သင့်​သည်​ဟု ယေရှု​မိန့်တော်မူသော​အခါ “ကျမ်းတတ်​တစ်ယောက်” က “အဘယ်သူ​သည် အကျွန်ုပ်၏​အိမ်နီးချင်း အမှန်​ဖြစ်ပါ​သနည်း” ဟု​မေးမြန်းခဲ့​သည်။ ယေရှု​က ပုံ​ဥပမာ​တစ်ရပ်​ဖြင့် အဖြေပေး​ခဲ့​သည်။ လူတစ်ဦး​သည် ရိုက်နှက်၊ ဓားပြ​တိုက်ခံ​ရ​၍ သေလုမြောပါး​ဖြင့် လမ်းဘေး​တွင် ပစ်ထား​ခြင်း​ခံရ​သည်။ ဦးဆုံး ယဇ်ပုရောဟိတ်​တစ်ဦး၊ ထို့နောက် လေဝိ​လူတစ်ဦး​ဖြတ်သန်း​သွားခဲ့​၏။ နှစ်ဦးစလုံး​က သူ့ကို​လျစ်လျူရှု​သွားခဲ့​ကြသည်။ နောက်ဆုံး​တွင် ရှမာရိ​လူတစ်ဦး​ရောက်လာ​ပြီး ဒဏ်ရာ​ရ​နေသူကို​တွေ့မြင်​ရာ ထို​သူ​အပေါ် ကြင်နာ​မှုများ​စွာ​ဖြင့် လုပ်ဆောင်ပေး​ခဲ့​သည်။ ထို​သူ​သုံးဦး​ထဲ​မှ မည်သူသည် ဒဏ်ရာ​ရ​နေသော​သူ၏ အိမ်နီးချင်း​ဖြစ်​ခဲ့​ပါ​သနည်း။ အဖြေ​မှာ​ရှင်း​ပါ​သည်။ (လုကာ ၁၀:၂၅-၃၇က​ဘ) ရှမာရိ​တစ်ဦး​သည် ယဇ်ပုရောဟိတ်​တစ်ဦး​နှင့် လေဝိ​လူတစ်ဦး​ထက်​စာ​လျှင် သာ၍​ကောင်းသော​အိမ်နီးချင်း​တစ်ဦး ဖြစ်​နိုင်​ကြောင်း ယေရှု​မိန့်မြွက်​တော်​မူ​သည်ကို ကြား​လိုက်ရ​သောအခါ ကျမ်းတတ်​ဖြစ်သူ​မှာ ထိတ်လန့်​သွားခဲ့​ပေမည်။ ထင်ရှား​နေသည်​မှာ မိမိ​အိမ်နီးချင်း​အား သာ၍​တာသွား​သော​နည်းဖြင့် ချစ်ခင်​ရန် ထို​သူကို ယေရှု ကူညီပေး​နေခြင်း​ဖြစ်သည်။ ခရစ်ယာန်​များလည်း ထို​နည်း​အတိုင်း ချစ်​ကြသည်။ သူတို့၏ ချစ်ခြင်း​မေတ္တာ​သက်ရောက်​သူအား​လုံး​ကို သုံးသပ်ကြည့်​ပါ။

မိသားစု​အတွင်း ချစ်ခြင်း​မေတ္တာ

၄။ ခရစ်ယာန်​တစ်ဦး​သည် မေတ္တာကို မည်သည့်​နေရာ၌ ဦးဆုံး​ကျင့်သုံး​သနည်း။

ခရစ်ယာန်​များသည် မိမိတို့၏​မိသားစုဝင်​များ​ကို​ချစ်​ကြသည်—ဇနီးသည်​များ​က ခင်ပွန်း​သည်​များ​ကို ချစ်​၏၊ ခင်ပွန်း​သည်​များ​က ဇနီးသည်​များ​ကို ချစ်​၏၊ မိဘများ​က သားသမီး​များ​ကို ချစ်​သည်။ (ဒေ. ၉:၉; ဧဖက် ၅:၃၃; တိတု ၂:၄) မှန်ပါသည်၊ သဘာဝ​မေတ္တာ​နှောင်ကြိုး​များသည် မိသားစု​အများစု​တွင် ရှိကြသည်။ သို့သော် အိမ်ထောင်​ပြိုကွဲခြင်း၊ အိမ်ထောင်ဖက်​ကို အကြမ်းဖက်​ခြင်း၊ သားသမီး​များ​ကို လျစ်လျူရှု သို့​မဟုတ် ကြမ်းတမ်း​စွာ​ဆက်ဆံခြင်း​မှတ်တမ်းများ​က မိသားစု​များသည် ယနေ့ ဖိစီးမှု​ခံ​နေရ​ကြောင်း​နှင့် ဆက်၍​ပေါင်းစည်း​နေ​ရန် သဘာဝ​မိသားစု​စိတ်ဓာတ်​နှင့် မလုံလောက်​တော့​ကြောင်း ပြ​သည်။ (၂ တိမောသေ ၃:၁-၃) မိမိတို့၏​မိသားစု​ဘဝကို အမှန်တကယ်​အောင်မြင်မှု​ရစေ​ရန် ခရစ်ယာန်​များသည် ယေဟောဝါ​နှင့် ယေရှု​တို့​ထား​ရှိသော​မေတ္တာ​မျိုးကို ကျင့်သုံး​ရန်လို​အပ်​သည်။—ဧဖက် ၅:၂၁-၂၇

၅။ မိဘ​ဖြစ်သူ​တို့သည် မိမိတို့၏​သားသမီး​များ​ကို မွေးမြူ​ရာ​တွင် အကူအညီကို မည်​သူ့​ထံ​မျှော်ကိုး​ကြ​သနည်း၊ များစွာ​တို့​ရရှိခဲ့​သည့် ရလဒ်များ​ကား​အဘယ်နည်း။

ခရစ်ယာန်​မိဘများသည် မိမိတို့၏​ကလေး​များ​ကို ယေဟောဝါ​ထံ​မှ​ပေးအပ်​ထား​ရာ​အဖြစ် ရှုမြင်ကြ​ပြီး သူတို့ကို မွေးမြူ​ပျိုးထောင်​ရာ​၌ အကူအညီ​အတွက် ကိုယ်တော့်​အား မျှော်ကိုး​ကြသည်။ (ဆာလံ ၁၂၇:၃-၅; သု. ၂၂:၆) ဤ​နည်း​အားဖြင့် ခရစ်ယာန်​မေတ္တာကို သူတို့​မွေးမြူ​ပျိုးထောင်​ကြ​ပြီး ယင်းက လူငယ်များ သားကောင်​ဖြစ်သွား​နိုင်​သည့် ဖောက်ပြန်​ယိုယွင်းသော​သြဇာ​၏​လွှမ်းမိုးမှု​မှ သူတို့၏​သားသမီး​များ​ကို ကာကွယ်​စောင့်ရှောက်​ရန် ကူညီပေး​သည်။ ရလဒ်​အနေ​ဖြင့် ခရစ်ယာန်​မိဘ​များစွာ​သည် နယ်သာလန်​နိုင်ငံ​ရှိ မိခင်​တစ်ဦး​ခံစားရ​သည့် ရွှင်လန်းမှု​မျိုးကို ခံစား​ကြ​ရသည်။ လွန်ခဲ့သော​နှစ်​က နယ်သာလန်​တွင် နှစ်ခြင်း​ယူ​သူ ၅၇၅ ဦး​မှ​တစ်ဦး​အဖြစ် သား​ဖြစ်သူ​နှစ်ခြင်း​ခံ​သည်ကို ကြည့်​ပြီး​နောက် အောက်ပါ​အတိုင်း​သူ​ရေးခဲ့​သည်– “ကုန်လွန်​သွားတဲ့ အနှစ် ၂၀ လုံးလုံး ကျွန်မ​ရင်းနှီး​မြှုပ်နှံ​မှု​ရဲ့​အကျိုးအမြတ် ထွက်​လာပြီ။ အချိန်၊ ခွန်အား—စိတ်ထိခိုက်မှု၊ ကြိုးပမ်း​အားထုတ်မှု​နဲ့ ဝမ်းနည်းမှု​တွေ​အပါအဝင်—အားလုံး အခုတော့ မေ့ပျောက်​သွားပြီ။” ယေဟောဝါ​အား ဝတ်ပြု​ရန် သား​ဖြစ်သူ​သည် မိမိ​ဆန္ဒ​အလျောက်​ရွေးချယ်ခြင်း​အတွက် သူ​အလွန်​ဝမ်းမြောက်​လေ​ပြီ။ လွန်ခဲ့သော​နှစ်​က နယ်သာလန်​နိုင်ငံ​တွင် မှတ်တမ်းသွင်း​သည့် အများဆုံး​ကြေညာသူ ၃၁,၀၈၉ ဦး​တွင် ယေဟောဝါ​အား​ချစ်​ရန် သူတို့၏​မိဘများ​ထံ​မှ​သင်ယူ​ခဲ့​ကြ​သူ များစွာ​ပါဝင်​သည်။

၆။ ခရစ်ယာန်​မေတ္တာသည် အိမ်ထောင်ရေး​နှောင်ကြိုး ခိုင်မြဲ​စေရန် မည်သို့​ကူညီပေး​နိုင်​သနည်း။

ပေါလု​က ချစ်ခြင်း​မေတ္တာကို “စည်းလုံးခြင်း​၏​စုံလင်သော​အနှောင်အဖွဲ့” ဟု​ခေါ်ဆို​ထားပြီး ယင်းသည် မုန်တိုင်းထန်​သော​ကာလ​ကို ဖြတ်သန်း​ရချိန်တွင်​ပင် အိမ်ထောင်​၏​စည်းလုံးမှု​ကို ဆက်၍​ထိန်းထား​ပေး​နိုင်​သည်။ (ကောလောသဲ ၃:၁၄၊ ၁၈၊ ၁၉က​ဘ; ၁ ပေတရု ၃:၁-၇) တဟီတီ​မှ​မိုင်​ပေါင်း ၄၅၀ ခန့်​ရှိ ကျွန်းငယ်​လေး​ဖြစ်သော ရူရူ​တူ​တွင် လူတစ်ဦး​သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စတင်​လေ့လာ​ခဲ့​ရာ သူ၏​ဇနီး​ဖြစ်သူက ပြင်းထန်​စွာ​ကန့်ကွက်​ခဲ့​သည်။ နောက်ဆုံး သူ့ကို​ထားခဲ့​ကာ ဇနီးသည် မိမိ​ကလေး​များ​ကို​ခေါ်ဆောင်​၍ တဟီတီ​တွင်​နေထိုင်ရန် ထွက်သွား​ခဲ့​သည်။ သို့​တိုင် သူသည် ငွေ​ပုံမှန်​ပို့ပေး​ခဲ့​ပြီး သူ သို့​မဟုတ် ကလေး​များ​အတွက် လိုအပ်ရာ​တစ်စုံတစ်ခု​ရှိ၊ မရှိ​ကို ဖုန်း​ဆက်​မေး​ခြင်း​ဖြင့် မိမိ၏​မေတ္တာကို​ပြသ​ခဲ့​သည်။ ထို​နည်းဖြင့် သူသည် မိမိ၏​ခရစ်ယာန်​တာဝန်​များ​ကို ကျေပွန်​စေရန် အတတ်နိုင်ဆုံး​ပြုလုပ်​ခဲ့​သည်။ (၁ တိမောသေ ၅:၈) မိမိ၏​မိသားစု ပြန်လည်​ပေါင်းစည်း​လာ​စေမည်​အကြောင်း သူ​အမြဲ​ပင်​ဆုတောင်း​ခဲ့​ပြီး နောက်ဆုံး​တွင် သူ၏​ဇနီး​မှာ​ပြန်လာ​ခဲ့​သည်။ ဇနီးသည်​ပြန်ရောက်​လာသော​အခါ သူသည် “ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့” ဖြင့်​ဆက်ဆံ​ခဲ့​သည်။ (၁ တိမောသေ ၆:၁၁) ၁၉၉၈ ခုနှစ်​တွင် သူ​နှစ်ခြင်း​ခံ​လိုက်ပြီး များ​မကြာမီ သူ၏​ဇနီးသည် ကျမ်းစာ​လေ့လာ​ရန်​သဘောတူ​သောအခါ သူ​အလွန်​ဝမ်းမြောက်​ခဲ့​သည်။ ထို​သင်အံမှုသည် လွန်ခဲ့သော​နှစ်​က တဟီတီ​ဌာနခွဲ​လက်အောက်​ရှိ​ရပ်ကွက်တွင်​ပြု​ခဲ့​သည့် သင်အံမှု ၁,၃၅၁ ခု​မှ တစ်ခု​ဖြစ်သည်။

၇။ ဂျာမနီ​နိုင်ငံ​ရှိ လူတစ်ဦး​၏​စာ​အရ သူ၏​အိမ်ထောင်ရေး​ကို အဘယ်အရာက ခိုင်မြဲ​စေ​ခဲ့​သနည်း။

ဂျာမနီ​နိုင်ငံ​တွင် လူတစ်ဦး​သည် သမ္မာကျမ်းစာ​အမှန်တရား​အပေါ် မိမိ​ဇနီးသည်​၏​စိတ်ဝင်စားမှု​ကို ဆန့်ကျင်​ကန့်ကွက်​ခဲ့​ပြီး ယေဟောဝါသက်သေ​များသည် ဇနီးသည်​အား လှည့်ဖြား​လို​ကြ​ခြင်း​ဖြစ်သည်ဟု ယုံကြည်​ထားခဲ့​သည်။ သို့သော် နောက်ပိုင်း​တွင် မိမိ​ဇနီး​နှင့် ဦးဆုံး​ဆက်သွယ်​ခဲ့​သော​သက်သေခံ​ထံ သူ​ဤသို့​စာရေး​ခဲ့​သည်– “ယေဟောဝါသက်သေ​များနှင့် ကျွန်တော့်​ဇနီး​ကို မိတ်ဆက်​ပေး​ခဲ့​သောကြောင့် ကျေးဇူး​တင်​ပါ​သည်။ သူတို့​အကြောင်း မကောင်း​သတင်း​များစွာ​ကြား​ခဲ့​ရသော​ကြောင့် အစ​တွင် ကျွန်တော်​စိတ်ပူ​မိ​ခဲ့​သည်။ သို့သော် ယခု ကျွန်တော့်​ဇနီး​နှင့်အတူ အစည်းအဝေး​များ​တက်ရောက်ခြင်း​ကြောင့် ကျွန်တော်​မှားသွား​ကြောင်းကို သိလာ​ခဲ့​သည်။ အမှန်တရားကို ကျွန်တော်​ကြားနေ​ခြင်း​ဖြစ်​ကြောင်း​နှင့် ယင်းက ကျွန်တော်​တို့၏​အိမ်ထောင်ရေး​ကို ပို​၍​ခိုင်မြဲ​လာ​စေ​ကြောင်း သိလိုက်ပါ​ပြီ။” ဂျာမနီ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ ၁၆၂, ၉၃၂ ဦး—နှင့် တဟီတီ ဌာနခွဲ​အောက်​ရှိ ကျွန်း​များ​မှ ၁,၇၇၃ ဦး​တို့​အပါအဝင် မိသားစု​များစွာ​သည် ဘုရားသခင်​ရေးရာ​မေတ္တာ​၌ စည်းလုံး​လျက်​ရှိကြသည်။

ကျွန်ုပ်​တို့၏ ခရစ်ယာန်​ညီအစ်ကို​များ​အပေါ်​ထား​သည့် မေတ္တာ

၈၊ ၉။ (က) ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို​ချစ်​ရန် မည်သူက ကျွန်ုပ်​တို့ကို​သွန်သင်​သနည်း၊ အဘယ်အရာကို​ပြုလုပ်​ရန် မေတ္တာက ကျွန်ုပ်​တို့ကို လှုံ့ဆော်​သနည်း။ (ခ) အပြန်အလှန်​ထောက်ပံ့​ပေး​ရန် မေတ္တာက ညီအစ်ကို​များ​ကို အဘယ်​သို့​ကူညီပေး​နိုင်​ကြောင်း ဥပမာ​တစ်ရပ်​ပေး​ပါ။

ပေါလု​က သက်သာလောနိတ်​ခရစ်ယာန်​များ​ထံ ဤသို့​ဆို​ခဲ့​သည်– “သင်တို့သည် အချင်းချင်းချစ်​စေခြင်း​ငှာ၊ ဘုရားသခင်​ဆုံးမ​သွန်သင်​တော်​မူ​သော​သူ​ဖြစ်​ကြ​၏။” (၁ သက်သာလောနိတ် ၄:၉) မှန်ပါသည်၊ ‘ယေဟောဝါ​ဆုံးမ​သွန်သင်​တော်​မူ​သော’ သူတို့သည် အချင်းချင်း ချစ်​ကြသည်။ (ဟေရှာယ ၅၄:၁၃) သူတို့၏​ချစ်ခြင်း​မေတ္တာကို လုပ်ရပ်​ဖြင့်​တင်ပြ​ခဲ့​ကြပြီ၊ ပေါလု​ဤသို့​ပြော​ရာ​တွင် ထို​အတိုင်း​သူ​ဖော်ပြ​ပေး​ခဲ့​သည်– “အချင်းချင်း​ချစ်၍ အမှု​ချင်း​ကို​ဆောင်ရွက်​ကြလော့။” (ဂလာတိ ၅:၁၃; ၁ ယောဟန် ၃:၁၈) ဥပမာ၊ ဖျားနာ​နေသော​ညီအစ်ကို​နှင့် ညီအစ်မ​များ​ထံ လည်ပတ်​သောအခါ၊ စိတ်​ငယ်​သူတို့​ထံ အားပေး​ကြသောအခါ၊ အားနည်း​သော​သူတို့ကို မစ​ကြသောအခါ သူတို့ ထိုသို့​ပြုလုပ်​ကြ​၏။ (၁ သက်သာလောနိတ် ၅:၁၄) ကျွန်ုပ်​တို့၏​စစ်မှန်သော​ခရစ်ယာန်​မေတ္တာက ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ပရဒိသု​ကို ကြီးထွား​စေ​သည်။

အာကို​အသင်းတော်—အီကွေဒေါ​ရှိ အသင်းတော်​ပေါင်း ၅၄၄ ခု​မှ​တစ်ခု—တွင် ညီအစ်ကို​များသည် မိမိတို့၏​မေတ္တာကို လက်တွေ့ကျ​သော​နည်းလမ်း​တစ်ခု​ဖြင့် ပြသ​ခဲ့​သည်။ ဘဏ္ဍာရေး​ကျပ်တည်း​မှု​ကြောင့် သူတို့သည် အလုပ်​လက်မဲ့​ဘဝ သို့​မဟုတ် ဝင်ငွေ​မရှိသည့်​ဘဝ​ရောက်​ကြ​ရလေ​သည်၊ သို့​နှင့် ညဘက်​ငါးဖမ်း​ထွက်​ပြီး​နောက် အိမ်သို့ပြန်​လာ​ကြသော ဒေသခံ​တံငါသည်​တို့ကို အစားအသောက်​ရောင်းချခြင်း​ဖြင့် ဝင်ငွေ​ရှာ​ဖို့ ကြေညာ​သူများ​က ဆုံးဖြတ်​လိုက်​ကြ​၏။ ကလေး​များ​အပါအဝင် လူတိုင်း ပူးပေါင်း​ဆောင်ရွက်​ခဲ့​ကြသည်။ သူတို့သည် တံငါသည်​များ​ပြန်လာ​ချိန်​ဖြစ်သည့် နံနက် ၄:၀၀ နာရီ​အချိန်တွင် အစားအသောက်​များ​အသင့်​ဖြစ်နေ​စေရန် နံနက် ၁:၀၀ နာရီ​အချိန်တွင် အလုပ်​စ​ကြ​ရသည်။ ရှာ၍​ရလာ​သော​ငွေ​များ​ကို မိမိတို့​လိုအပ်ရာ​နှင့်​အညီ ညီအစ်ကို​များ မျှ​၍​သုံး​ကြသည်။ ယင်း​သို့​သော အပြန်အလှန်​ကူညီ​မှု​က စစ်မှန်သော​ခရစ်ယာန်​မေတ္တာကို ဖော်ပြ​လေ​သည်။

၁၀၊ ၁၁။ ပုဂ္ဂိုလ်​ချင်း​မသိသော​ညီအစ်ကို​များ​အတွက် ကျွန်ုပ်​တို့၏​မေတ္တာကို မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။

၁၀ သို့သော် ကျွန်ုပ်​တို့၏​မေတ္တာကို ပုဂ္ဂိုလ်​ချင်း​သိ​သော​ခရစ်ယာန်​တို့​ဖြင့်​သာ ကန့်သတ်​ထား​ရန်​မဟုတ်​ချေ။ တမန်​တော်​ပေတရု​က ဤသို့​ဆို​သည်– “ညီအစ်ကို​များ​အသင်းအပင်း​တစ်ခုလုံး​ကို ချစ်​ကြလော့။” (၁ ပေတရု ၂:၁၇က​ဘ) ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​များ​အားလုံး​ကို ချစ်​ကြ​၏၊ အကြောင်း​မှာ သူတို့​အားလုံး​သည် ယေဟောဝါ​ဘုရားသခင်​အား ကိုးကွယ်​သူ​ချင်း​ဖြစ်သော​ကြောင့်​တည်း။ အကျပ်အတည်းကာလ​များ​က ဤ​မေတ္တာကို​ပြသ​ခွင့် ပေါ်​စေနိုင်​သည်။ ဥပမာ၊ ၂၀၀၀ ပြည့်နှစ်၊ လုပ်ငန်းတော်နှစ်​အတွင်း မိုဇမ်ဘစ်​နိုင်ငံ​တွင် အကြီးအကျယ်​ရေလွှမ်းမိုးမှု​ကြောင့် များစွာ​ပျက်စီး​ဆုံးရှုံး​ခဲ့​ပြီး အင်ဂိုလာ​နိုင်ငံ​၌ ဆက်​ဖြစ်နေ​သော​ပြည်တွင်းစစ်​က များစွာ​တို့ကို ချွတ်ခြုံ​ကျစေ​ခဲ့​သည်။ မိုဇမ်ဘစ်​ရှိ ညီအစ်ကို ၃၁,၇၂၅ ဦး​မှ အတော်များများ​နှင့် အင်ဂိုလာ​ရှိ ၄၁,၂၂၂ ဦး​တို့သည် ဤ​ဖြစ်ရပ်​များ​ကြောင့် ထိခိုက်​ခဲ့​သည်။ သို့​နှင့် တောင်​အာဖရိက​ရှိ အိမ်နီးချင်း​သက်သေခံ​တို့သည် ဤ​နိုင်ငံ​များ​ရှိ မိမိတို့​ညီအစ်ကို​များ​၏​အခက်အခဲ​ကို လျော့ပါး​စေရန် စား​နပ်​ရိက္ခာ​အမြောက်အမြား ပေး​ပို့​ခဲ့​ကြသည်။ သူတို့၏ “စည်းစိမ်” ကို မိမိတို့၏​လိုအပ်​နေသော​ညီအစ်ကို​များ​အား စေတနာအလျောက်​ပေး​လို​စိတ်​က သူတို့၏​မေတ္တာကို အထင်အရှား​ဖော်ပြ​လိုက်​သည်။—၂ ကောရိန္သု ၈:၈၊ ၁၃-၁၅၊ ၂၄

၁၁ ကြီးပွား​ချမ်းသာမှု​နည်းသော နိုင်ငံ​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များနှင့် အစည်းအဝေး​ခန်းမ​ကြီး​များ ဆောက်လုပ်​ခြင်း​တွင် နိုင်ငံ​များစွာ​မှ​ညီအစ်ကို​များ​ပါဝင်​ကြသောအခါ​၌​လည်း မေတ္တာကို​တွေ့ရှိ​ကြ​ရသည်။ ပုံသက်သေ​တစ်ခု​မှာ စော်လမွန်​ကျွန်းစု​တွင်​ဖြစ်သည်။ မငြိမ်သက်မှု​များစွာ​ရှိ​လင့်​ကစား စော်လမွန်​ကျွန်းစု​၌ လွန်ခဲ့သော​နှစ်​က အများဆုံး​ကြေညာသူ​အရေအတွက် ၁,၆၉၇ ဦး​ဖြင့် ၆ ရာခိုင်နှုန်း​တိုးတက်လာ​သည်ကို တွေ့ရှိ​ရသည်။ အစည်းအဝေး​ခန်းမ​ကြီး​တစ်ခု သူတို့​လိုအပ်​ခဲ့​သည်။ ကျွန်းသား​များစွာမှာ အဆိုပါ​နိုင်ငံ​မှ​စွန့်ခွာ​သွား​ကြသော်လည်း ဩစတြေးလျ​ရှိ စေတနာ့​ဝန်ထမ်း​များစွာ​သည် ဆောက်လုပ်ရေး​၌ ကူညီ​ရန်​ရောက်လာ​ကြသည်။ နောက်ဆုံး​၌ စေတနာ့​ဝန်ထမ်း​များ စွန့်ခွာ​ရန်ဖြစ်​လာ​ခဲ့​သည်၊ သို့သော် သူတို့​မထွက်ခွာမီ ဆက်၍​အုတ်မြစ်​အပြီး​အ​စီး​ချ​တတ်​ရန် ဒေသခံ​ညီအစ်ကို​များ​ကို လေ့ကျင့်ပေး​ခဲ့​၏။ အစိတ်အပိုင်း​များ​ကို အသင့်​တပ်ဆင်​ဆောက်လုပ်​ရသော သံမဏိ​အဆောက်အအုံ​အား ဩစတြေးလျ​နိုင်ငံ​မှ သင်္ဘော​ဖြင့်​တင်ပို့​ခဲ့​ပြီး—ဆောက်လုပ်​မှု​လုပ်ငန်းများ​စွာ​ကို ရပ်ဆိုင်း​ထား​ရသည့်​အခြေအနေ​တွင်​ရှိနေစဉ်—ဝတ်ပြု​ကိုးကွယ်​ရန်​အတွက် ထို​ကောင်းမွန်သော​အဆောက်အအုံ​ပြီးစီး​သွားခြင်းက ယေဟောဝါ​၏​နာမတော်​နှင့် ညီအစ်ကို​ချင်း​မေတ္တာ​အတွက် အလွန်​ကောင်းသော​သက်သေခံချက်​တစ်ရပ်​ဖြစ်​ပေမည်။

ဘုရားသခင်​ကဲ့သို့ ကျွန်ုပ်​တို့သည် လောကကို​ချစ်

၁၂။ ယုံကြည်ခြင်း​မတူ​သူတို့​အပေါ် ကျွန်ုပ်​တို့၏​သဘောထား​တွင် ယေဟောဝါ​အား ကျွန်ုပ်​တို့ မည်သို့​အတုယူ​ကြ​မည်​နည်း။

၁၂ ကျွန်ုပ်​တို့၏​ချစ်ခြင်း​မေတ္တာကို မိသားစု​နှင့် ညီအစ်ကို​အသင်းအပင်း​အတွက်သာ ကန့်သတ်​ထား​သလော။ “ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ” ကျွန်ုပ်​တို့​ကျင့်​မည်​ဆိုလျှင် ထိုသို့​မ​ကန့်သတ်​ထား​ပါ။ ယေရှု ဤသို့​မိန့်တော်မူသည်– “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော [က] သားတို့​ကို​ချစ်တော်မူ​၏။” (ဧဖက် ၅:၁; ယောဟန် ၃:၁၆) ယေဟောဝါ​ဘုရားသခင်​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​မတူ​သူတို့​အပါအဝင် လူအပေါင်း​တို့​အပေါ် မေတ္တာဖြင့်​ပြုမူ​ကြသည်။ (လုကာ ၆:၃၅၊ ၃၆; ဂလာတိ ၆:၁၀) အထူးသဖြင့် ယင်း​နှင့်​စပ်လျဉ်း၍ ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်သော သတင်းကောင်းကို ကျွန်ုပ်​တို့​ဟောပြောကြ​ပြီး အခြား​သူတို့အား သူတို့၏​အကျိုးအတွက် ဘုရားသခင့်​ကြီးမား​လှ​သော​မေတ္တာ​၏​လုပ်ရပ်​ကို ပြောပြ​ကြသည်။ ယင်းက နားထောင်သူ​မည်သူ​မဆို​အပေါ် ကယ်တင်ခြင်း​ရရှိ​စေနိုင်​သည်။—မာကု ၁၃:၁၀; ၁ တိမောသေ ၄:၁၆

၁၃၊ ၁၄။ အဆင်မပြေမှု​များစွာ ကြုံတွေ့​ရ​လင့်​ကစား သက်သေခံ​မဟုတ်​သူတို့​အပေါ် မိမိတို့၏​မေတ္တာကို​ပြသ​ပေး​ခဲ့​ကြ​သည့် ညီအစ်ကို​များ​၏​တွေ့ကြုံမှု​အချို့​ကား အဘယ်နည်း။

၁၃ နီ​ပေါလ်​နိုင်ငံ​မှ အထူး​ရှေ့ဆောင်​ဓမ္မ​အမှုဆောင်​လေးဦး​ကို သုံးသပ်ကြည့်​ပါ။ သူတို့သည် အဆိုပါ​နိုင်ငံ​၏​အနောက်​တောင်ဘက် မြို့​တစ်မြို့​တွင် တာဝန်ကျ​ခဲ့​ပြီး လွန်ခဲ့သော​ငါး​နှစ်​တာ​တွင် ၎င်း​မြို့​နှင့် အစွန်အဖျား​ကျေးရွာ​များ​တွင် စိတ်ရှည်​စွာ​သက်သေခံခြင်း​ဖြင့် သူတို့၏​ချစ်ခြင်း​မေတ္တာကို ဖော်ပြ​ခဲ့​ကြသည်။ မိမိတို့၏​ရပ်ကွက်ကို ခြုံငုံမိ​စေရန် သူတို့သည် ၁၀၀ ဒီဂရီ​ဖာရင်ဟိုက်​အထက်​ရှိ အပူ​ထဲ​တွင် စက်ဘီး​ဖြင့် နာရီ​များစွာ​သွား​ကြလေ့​ရှိ၏။ သူတို့၏​မေတ္တာ​နှင့် “ကောင်းသော​အကျင့်ကို​အမြဲ​ကျင့်” ခြင်း​ကြောင့် ရွာ​တစ်ရွာ​၌ စာအုပ်ကြီး​သင်တန်း​အုပ်စု​တစ်စု ပေါ်ထွက်​လာ​ခြင်း​ဖြင့် ရလဒ်ကောင်း​ရရှိခဲ့သည်။ (ရောမ ၂:၇) ၂၀၀၀ ပြည့်နှစ်၊ မတ်​လ​တွင် လည်ပတ်​ရောက်ရှိ​လာသော တိုက်နယ်​ကြီးကြပ်မှူး​၏​လူထု​ဟောပြောချက်ကို ကြားနာရန် လူပေါင်း ၃၂ ဦး​ရောက်ရှိ​လာ​ခဲ့​သည်။ နီ​ပေါလ်​နိုင်ငံ​တွင် လွန်ခဲ့သော​နှစ်​က အများဆုံး​ကြေညာသူ​မှာ ၄၃၀ ဖြစ်​ပြီး ၉ ရာခိုင်နှုန်း​တိုးတက်​သည်။ ထို​နိုင်ငံ​ရှိ ညီအစ်ကို​များ​၏​မေတ္တာပါ​သော​ဇွဲ​ကို ယေဟောဝါ အထင်အရှား​ကောင်းချီး​ပေး​လျက်​ရှိသည်။

၁၄ ကိုလံဘီယာ​နိုင်ငံ​တွင် ယာယီ​အထူး​ရှေ့ဆောင်​များသည် ဝိုင်း​အားအင်​ဒီး​ယန်း​များ​ကြား သွားရောက်​ဟောပြောခဲ့​ကြ​၏။ ထိုသို့​ပြု​ရန် သူတို့သည် ဘာသာ​စကား​အသစ်​ကို သင်ယူ​ခဲ့​ကြသည်၊ မိုး​သည်း​နေသည့်​ကြား​မှ လူထု​ဟောပြောချက်​တစ်ခု​ကို ၂၇ ဦး​တက်ရောက်​ခဲ့​သောအခါ သူတို့၏​မေတ္တာပါ​စိတ်ဝင်စားမှု​မှာ ကောင်းချီး​ရခဲ့​သည်။ အဆိုပါ​ရှေ့ဆောင်​များ​ပြသ​ခဲ့​ကြသော ဇွဲ​နှင့် မေတ္တာ​ကြောင့် ကိုလံဘီယာ​၌ ၅ ရာခိုင်နှုန်း​တိုးတက်​ခဲ့​ပြီး အများဆုံး​ကြေညာသူ ၁၀၇,၆၁၃ ဦး​ဖြစ်လာ​ခဲ့​သည်။ ဒိန်းမတ်​နိုင်ငံ​တွင် သက်ကြီး​ညီအစ်မ​တစ်ဦး​သည် အခြားသူ​တို့​ထံ သတင်းကောင်း​ဝေမျှပေး​လို​သည်၊ သို့သော် သူသည် မသန်စွမ်း​သူ​တစ်ဦး​ဖြစ်နေ​သည်။ ဇွဲ​မလျှော့​ဘဲ သူသည် စာရေး​ခြင်း​ဖြင့် စိတ်ဝင်စားသူ​တို့ကို ဆက်သွယ်​ခဲ့​သည်။ လက်ရှိ​တွင် သူသည် ၄၂ ဦး​ကို စာ​ဖြင့်​ဆက်သွယ်​နေပြီး ကျမ်းစာ​သင်အံမှု ၁၁ ခု​ကျင်းပ​လျက်​ရှိသည်။ သူသည် လွန်ခဲ့သော​နှစ်​က ဒိန်းမတ်​နိုင်ငံ​မှ မှတ်တမ်း​ပေး​ပို့​ခဲ့​သော အများဆုံး​ကြေညာသူ ၁၄,၈၈၅ ဦး​တွင် တစ်ဦး​ဖြစ်သည်။

သင်၏​ရန်သူ​တို့ကို ချစ်ပါ

၁၅၊ ၁၆။ (က) ကျွန်ုပ်​တို့၏​မေတ္တာကို မည်သည့်​အတိုင်းအတာ​အထိ ထား​သင့်​ကြောင်း ယေရှု​မိန့်တော်မူ​ခဲ့​သနည်း။ (ခ) ယေဟောဝါသက်သေ​များ​အား မှားယွင်းသော​စွပ်စွဲမှု​ပြု​ခဲ့​သူ​တစ်ဦး​ကို တာဝန်​ရှိ​ညီအစ်ကို​များ​က မေတ္တာပါ​သော​နည်းလမ်း​တစ်ရပ်​ဖြင့် မည်သို့ ကိုင်တွယ်​ဖြေရှင်း​ခဲ့​သနည်း။

၁၅ ရှမာရိ​လူတစ်ဦးကို အိမ်နီးချင်း​တစ်ဦး​အဖြစ် ရှုမြင်​နိုင်​ကြောင်း ကျမ်းတတ်​ဖြစ်သူ​အား ယေရှု​မိန့်တော်မူ​ခဲ့​သည်။ ကိုယ်တော်​၏​တောင်ပေါ်​တရားတော်​တွင် ယေရှု ဤသို့​မိန့်တော်မူရာ​၌ ထို​မျှ​မ​က​တာသွား​ခဲ့​သည်– “‘မိတ်ဆွေ [“အိမ်နီးချင်း၊” က​ဘ] ကို ချစ်​လော့။ ရန်သူကို​မုန်း​လော့’ ဟူသော​ပညတ်​ကို သင်တို့​ကြားသိ​ရလေ​ပြီ။ သို့ရာတွင် ရန်သူများ​ကို ချစ်​ကြလော့​ဟု သင်တို့အား ငါ​ဆို​၏။ သင်တို့ကို နှိပ်စက်​ညှဉ်းဆဲ​သူတို့​အတွက် မေတ္တာ​ပို့​ကြလော့။ သို့​မှ​သာ သင်တို့သည် ကောင်းကင်ဘုံ​ရှင် သင်တို့​အဘ​၏​သားများ ဖြစ်​ကြလိမ့်မည်။” (မဿဲ ၅:၄၃-၄၅သတင်းကောင်း) တစ်ဦး​တစ်ယောက်​က ကျွန်ုပ်​တို့ကို​ဆန့်ကျင်​လင့်​ကစား ကျွန်ုပ်​တို့သည် “အကောင်း​အားဖြင့် အဆိုးကို​နိုင်” ရန်​ကြိုးစား​ကြသည်။ (ရောမ ၁၂:၁၉-၂၁) ဖြစ်​နိုင်​လျှင် ကျွန်ုပ်​တို့၏​တန်ဖိုး​အရှိဆုံး​ပိုင်ဆိုင်ရာ​ဖြစ်သည့် အမှန်တရားကို သူ့​အား ကျွန်ုပ်​တို့​ဝေမျှ​ကြသည်။

၁၆ ယူကရိန်း​နိုင်ငံ​ရှိ ခရစ်မစ်ချာ့ခ်​သံတော်ဆင့်​သတင်းစာ​၏ ဆောင်းပါး​တစ်ခု​တွင် ယေဟောဝါသက်သေ​များ​ကို အန္တရာယ်​ရှိသော​ဂိုဏ်း​အဖြစ် ဖော်ပြ​ထား​သည်။ ယင်းသည် အရေးကြီး​၏၊ အကြောင်း​မှာ ဥရောပ​တွင် အချို့​သူတို့သည် ယေဟောဝါသက်သေ​များ​၏ ဆောင်ရွက်မှု​များ​ကို ကန့်သတ်​တားဆီး သို့​မဟုတ် ပိတ်ပင်​မှု​ပြုသင့်​ကြောင်း လူ​တို့ကို​ဖြားယောင်း​နိုင်​ရန် ယေဟောဝါသက်သေ​များ​၏​အကြောင်းကို ယင်း​သို့​ပြောဆို​ကြသည်။ ထို့​ကြောင့် အယ်ဒီတာ​ထံ​ချဉ်းကပ်​ခဲ့​ပြီး ထို​ဆောင်းပါး​ကို အမှား​ပြင်ဆင်​၍​ပုံနှိပ်​ထုတ်ဝေ​ရန် တောင်းဆို​ခဲ့​သည်။ သူက သဘောတူညီ​ခဲ့​၏၊ သို့သော် ထုတ်ဝေ​ရာ​တွင် မူလ​ဆောင်းပါး​သည် အမှန်တရား​များ​အပေါ် အခြေခံ​ထား​ကြောင်း ရှင်းလင်း​ဖော်ပြချက်​တစ်ရပ်​ကို သူ​ပုံနှိပ်​ခဲ့​သည်။ သို့​နှင့် တာဝန်​ရှိ​ညီအစ်ကို​များသည် ထပ်ဆင့်​အချက်အလက်​တို့​ဖြင့် သူ​ထံ တစ်ဖန်​ချဉ်းကပ်​ခဲ့​ပြန်​သည်။ နောက်ဆုံး မူလ​ဆောင်းပါး​မှာ သတင်း​မှား​ဖြစ်​ခဲ့​ကြောင်းကို ထို​အယ်ဒီတာ​သိမြင်​လာ​ခဲ့​ပြီး ရုပ်သိမ်း​ချက်​တစ်ရပ် ထုတ်ပြန်​ပေး​ခဲ့​သည်။ သူနှင့် ပွင့်လင်း​စွာ၊ ကြင်နာ​စွာ​ဖြင့်​ဆက်ဆံခြင်း​သည် ဤ​အခြေအနေ​ကို ကိုင်တွယ်​ဖြေရှင်းရန် မေတ္တာပါ​သော​နည်းလမ်း​ဖြစ်​ခဲ့​ပြီး ရလဒ်ကောင်း​ကို ဖြစ်စေ​ခဲ့​သည်။

ချစ်ခြင်း​မေတ္တာကို ကျွန်ုပ်​တို့ မည်သို့​မွေးမြူ​ပျိုးထောင်​နိုင်​သနည်း

၁၇။ အခြားသူ​တို့​အပေါ် မေတ္တာဖြင့်​ပြုမူ​ရန် အမြဲ​လွယ်ကူ​မည်​မဟုတ်​ကြောင်း အဘယ်အရာက​ပြသ​နည်း။

၁၇ ကလေးငယ်​တစ်ဦး မွေးဖွား​လာသော​အခါ သူ၏​မိဘများသည် သူ့ကို​လျင်မြန်​စွာ​မေတ္တာ​သက်ဝင်​သွား​ကြ​၏။ လူကြီး​များ​ကို မေတ္တာပါ​စွာ​ဆက်ဆံ​ရခြင်း​မှာ အမြဲ​ပင် ထို​အတိုင်း​အလိုအလျောက်​ပေါ်ထွက်​မလာ​ချေ။ ထို​ကြောင့်​ပင် သမ္မာကျမ်းစာ​က တစ်ဦး​နှင့်​တစ်ဦး​ချစ်​ရန် ကျွန်ုပ်​တို့ကို အထပ်ထပ်​ပြော​ရခြင်း​ဖြစ်​နိုင်​သည်—ယင်းသည် ကျွန်ုပ်​တို့ မွေးမြူ​ပျိုးထောင်​ရမည့်​အရာတစ်ခု ဖြစ်၏။ (၁ ပေတရု ၁:၂၂၊ ၂၃; ၄:၈; ၁ ယောဟန် ၃:၁၁၊ ၁၂) ကျွန်ုပ်​တို့၏​ညီအစ်ကို​အား “အကြိမ်​ခု​နစ်​ဆယ်ခု​နစ်​လီ​မြောက်​အောင်” ခွင့်လွှတ်​သင့်​ကြောင်း ယေရှု​မိန့်တော်မူရာ​တွင် ကျွန်ုပ်​တို့၏​မေတ္တာ​မှာ စမ်းသပ်ခံ​ရမည်​ဖြစ်​ကြောင်း ကိုယ်တော်​သိတော်မူ​သည်။ (မဿဲ ၁၈:၂၁၊ ၂၂) ပေါလု​က ကျွန်ုပ်​တို့ကို “အချင်းချင်း​သည်းခံ” ရန်​လည်း တိုက်တွန်း​ခဲ့​သည်။ (ကောလောသဲ ၃:၁၂၊ ၁၃) ကျွန်ုပ်​တို့ ဤသို့​မှာကြား​ခံရ​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မလို​ချေ– “ချစ်ခြင်း​မေတ္တာကို မီအောင်လိုက်​ကြလော့”! (၁ ကောရိန္သု ၁၄:၁) ယင်းကို ကျွန်ုပ်​တို့ မည်သို့​ပြု​နိုင်​သနည်း။

၁၈။ အခြား​တို့​အပေါ် မေတ္တာ​စိတ်​မွေးမြူရန် အဘယ်အရာက ကျွန်ုပ်​တို့ကို​ကူညီပေး​မည်​နည်း။

၁၈ ဦးဆုံး​အနေ​နှင့် ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​ထား​ရှိသော​မေတ္တာကို အမြဲ​ပင်​စိတ်​တွင် ထား​နိုင်​ကြသည်။ ဤ​မေတ္တာသည် ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို​ချစ်​ရန် အခိုင်အမာ​တိုက်တွန်း​နှိုးဆော်​မှု​တစ်ရပ်​ဖြစ်သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့​ထိုသို့​ပြုလုပ်​သောအခါ ယင်းက ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ကို ကောင်းစွာ​ထင်ဟပ်ပြ​ပြီး ကိုယ်တော်​အား ဘုန်းထင်ရှား​စေ​၍ ချီးမွမ်း​ခြင်း​ဖြစ်စေ​သောကြောင့်​တည်း။ (ယောဟန် ၁၅:၈-၁၀; ဖိလိပ္ပိ ၁:၉-၁၁) ဒုတိယ​မှာ ကိစ္စရပ်​များ​အပေါ်​ယေဟောဝါ​ရှုမြင်​သကဲ့သို့ ကျွန်ုပ်​တို့​ရှုမြင်​တတ်​ရန် ကြိုးစား​နိုင်​သည်။ ကျွန်ုပ်​တို့​အပြစ်ပြု​သည့်​အခါတိုင်း ယေဟောဝါ​အား ကျွန်ုပ်​တို့​ပြစ်မှား​ကြသည်; သို့​တိုင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို အ​ဖန်​ဖန်​အ​လီလီ ခွင့်လွှတ်​တော်​မူ​၍ ကျွန်ုပ်​တို့​အပေါ် မေတ္တာထား​မြဲ​ထား​သည်။ (ဆာလံ ၈၆:၅; ၁၀၃:၂၊ ၃; ၁ ယောဟန် ၁:၉; ၄:၁၈) ယေဟောဝါ​၏​ရှုမြင်ပုံကို ကျွန်ုပ်​တို့​မွေးမြူ​ပျိုးထောင်​ပါ​က အခြားသူ​တို့​အပေါ် မေတ္တာ​စိတ်ဝင်​လာ​ကာ ကျွန်ုပ်​တို့​အပေါ် သူတို့၏​ပြစ်မှားမှု​များ​ကို ခွင့်လွှတ်​လိမ့်​မည်။ (မဿဲ ၆:၁၂) တတိယ​အနေ​နှင့် ကျွန်ုပ်​တို့ကို ပြုမူ​ဆက်ဆံ​စေ​လို​သကဲ့သို့ အခြား​သူတို့ကို ကျွန်ုပ်​တို့​ပြုမူ​ဆက်ဆံ​နိုင်​ကြသည်။ (မဿဲ ၇:၁၂) ကျွန်ုပ်​တို့သည် မစုံလင်​သည့်​အလျောက် အခါ​အား​လျော်​စွာ ခွင့်လွှတ်​ခံရ​ရန်လို​သည်။ ဥပမာ၊ အခြား​သူတို့အား စိတ်ထိခိုက်​စေသော​စကား​များ​ကို ကျွန်ုပ်​တို့​ပြော​မိ​သောအခါ တစ်ချိန်​မဟုတ်​တစ်ချိန် လျှာ​ဖြင့် လူတိုင်း​မှား​တတ်​ကြောင်း သူတို့​သတိရ​ကြ​လိမ့်​ဟု ကျွန်ုပ်​တို့​မျှော်လင့်​တတ်ကြ​၏။ (ယာကုပ် ၃:၂) အခြားသူ​တို့သည် ကျွန်ုပ်​တို့ကို​မေတ္တာပါ​စွာ ပြုမူ​ဆက်ဆံ​စေ​လိုလျှင် သူတို့​အပေါ် ကျွန်ုပ်​တို့သည် မေတ္တာပါ​စွာ​ပြုမူ​ဆက်ဆံ​သင့်​သည်။

၁၉။ မေတ္တာ​စိတ်​ကို မွေးမြူ​ပျိုးထောင်​ရာ​၌ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီကို ကျွန်ုပ်​တို့ မည်သို့​ရှာဖွေ​နိုင်​သနည်း။

၁၉ စတုတ္ထ​အနေ​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီကို ကျွန်ုပ်​တို့​ရှာဖွေ​နိုင်​သည်၊ အကြောင်း​မှာ ချစ်ခြင်း​မေတ္တာသည် ဝိညာဉ်​တော်​၏​အသီး​တွင် ပါဝင်သော​ကြောင့်​တည်း။ (ဂလာတိ ၅:၂၂၊ ၂၃) ခင်မင်​ရင်းနှီးမှု​များ၊ မိသားစု​စိတ်ဓာတ်​များနှင့် စိတ်​ယူးယ​ဉ်​မေတ္တာ​တို့​မှာ အလိုအလျောက်​ပေါ်​လာလေ့​ရှိ၏။ သို့သော် ယေဟောဝါ​၌​ရှိသော​မေတ္တာ​မျိုး၊ စည်းလုံးမှု​၏​စုံလင်ခြင်း​အနှောင်အဖွဲ့​တည်း​ဟူသော​မေတ္တာ​မျိုးကို ကျွန်ုပ်​တို့​မွေးမြူ​ပျိုးထောင်​ရန် ယေဟောဝါ​၏​ဝိညာဉ်​တော်​အကူအညီ လိုအပ်​သည်။ မှုတ်သွင်းခံ​သမ္မာကျမ်းစာ​ကို ဖတ်ရှုခြင်း​ဖြင့် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီကို ကျွန်ုပ်​တို့​ရှာဖွေ​နိုင်​ကြသည်။ ဥပမာ၊ ယေရှု၏​ဘဝကို ကျွန်ုပ်​တို့​လေ့လာ​ကြည့်​ပါ​က လူ​တို့​နှင့် ကိုယ်တော် မည်သို့​ပြုမူ​ဆက်ဆံပုံ​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရမည်​ဖြစ်​ပြီ ကိုယ်တော့်​အား​အတုယူ​ရန် ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၂) ထို့​အပြင် အထူးသဖြင့် မေတ္တာပါ​သော​နည်းလမ်း​တစ်ရပ်​ဖြင့်​လုပ်ဆောင်ရန် ကျွန်ုပ်​တို့အတွက် အခက်အခဲ​ဖြစ်သော​အခြေအနေ​များ​၌ ယေဟောဝါ​ထံ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့​တောင်းခံ​နိုင်​ကြ​၏။ (လုကာ ၁၁:၁၃) နောက်ဆုံး​တွင် ကျွန်ုပ်​တို့သည် ခရစ်ယာန်​အသင်းတော်​နှင့် အနီးကပ်​ရှိနေခြင်း​အားဖြင့် မေတ္တာကို​အမီလိုက်​နိုင်​ကြသည်။ မေတ္တာ​ရှိသော ညီအစ်ကို၊ ညီအစ်မ​များနှင့်​အတူ​ရှိနေခြင်းက မေတ္တာကို​မွေးမြူ​ပျိုးထောင်​ရန် ကျွန်ုပ်​တို့အား ကူညီပေး​သည်။—သု. ၁၃:၂၀

၂၀၊ ၂၁။ ၂၀၀၀ ပြည့်နှစ်၊ လုပ်ငန်းတော်နှစ်​အတွင်း ယေဟောဝါသက်သေ​တို့သည် အဘယ်​ထူးခြားသော​မေတ္တာ​၏​သရုပ်သကန်​ကို ဖော်ပြ​ခဲ့​ကြပြီ​နည်း။

၂၀ လွန်ခဲ့သော​နှစ်​က ကမ္ဘာ​တစ်ဝန်း​တွင် သတင်းကောင်း​ကြေညာသူ အများဆုံး​မှာ ၆,၀၃၅,၅၆၄ ဦး​ဖြစ်​ခဲ့​သည်။ တစ်ဦးချင်း​စီ​ကို​ရှာ၍ သူတို့အား သတင်းကောင်းကို​ပြောပြ​ရန် ယေဟောဝါသက်သေ​များ အသုံးပြု​ခဲ့​သည့် စုစုပေါင်း​နာရီ​မှာ ၁,၁၇၁,၂၇၀,၄၂၅ နာရီ​ဖြစ်သည်။ ဤ​လုပ်ငန်း​ကို သူတို့​လုပ်ဆောင်​ရာ​၌ နေ​ပူ၊ မိုးရွာ၊ အအေးဒဏ်​မရှောင် သူတို့အား ခံနိုင်ရည်​ရှိ​ရှိ​လုပ်ဆောင်​စေသည့်​အရာ​မှာ မေတ္တာ​ပင်​ဖြစ်သည်။ ကျောင်းနေ​ဖက်​များနှင့် လုပ်ဖော်ကိုင်ဖက်​များ၊ လမ်းများ​ပေါ်​နှင့် အခြား​နေရာများ​၌ လုံးဝ​မသိသော​သူစိမ်း​တစ်ရံ​ဆံ​များ​ထံ ချဉ်းကပ်​၍​စကားပြော​ဆို​ရန် သူတို့ကို လှုံ့ဆော်ပေး​သည့်​အရာ​မှာ မေတ္တာ​ပင်​ဖြစ်သည်။ သက်သေခံ​များ သွားရောက်​လည်ပတ်​ခဲ့​ကြ​သူများစွာ​တို့​မှာ စိတ်ပါ​ဝင်စား​မှုမရှိ၊ အချို့​တို့​ကား ဆန့်ကျင်​ကန့်ကွက်​ခဲ့​ကြ​၏။ သို့သော် အချို့​သည် စိတ်ဝင်စားမှု​ပြသ​ခဲ့​ကြပြီ၊ သို့ဖြင့် ပြန်လည်ပတ်မှု ၄၃၃,၄၅၄,၀၄၉ ခု​နှင့် ကျမ်းစာ​သင်အံမှု ၄,၇၆၆,၆၃၁ ကို ကျင်းပ​ခဲ့​ကြသည်။ *

၂၁ ဤ​အရာအားလုံးမှာ မိမိတို့၏​ဘုရားသခင်​အပေါ်​နှင့် အိမ်နီးချင်း​တို့​အပေါ် ယေဟောဝါသက်သေ​များ​ထား​ရှိခဲ့​ကြ​သည့် မေတ္တာ​၏​သရုပ်သကန်​တစ်ရပ်​ပါ​တကား! ထို​မေတ္တာသည် ဘယ်​သောအခါ​မျှ အေးစက်​သွား​မည်​မဟုတ်။ ၂၀၀၁ ခု လုပ်ငန်းတော်နှစ်​တွင် လူသား​အပေါင်း​အား သာ၍​သက်သေခံ​ဖြစ်​မည်​ကို တွေ့မြင်​ရမည်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ပါ​သည်။ သူတို့သည် “ခပ်သိမ်း​သော​အမှုတို့​ကို ချစ်ခြင်း​မေတ္တာ​စိတ်​နှင့်​ဆောင်ရွက်​ကြ​စဉ်” ယေဟောဝါ​သည် မိမိ၏​သစ္စာ​ရှိ၍ ဇွဲရှိ​သော​ဝတ်ပြု​ကိုးကွယ်​သူတို့​အပေါ် ဆက်လက်​ကောင်းချီး​ပေး​ပါ​လေ​စေ။—၁ ကောရိန္သု ၁၆:၁၄

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 20 ၂၀၀၀ ပြည့်နှစ်၊ လုပ်ငန်းတော်နှစ်​မှတ်တမ်း​၏ ပြည့်စုံသော​အသေးစိတ်​အချက်အလက်​များ​အတွက် စာမျက်နှာ ၁၈-၂၁ ရှိ​ဇယား​ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

• ကျွန်ုပ်​တို့၏​အိမ်နီးချင်း​ကို ချစ်သော​အခါ ကျွန်ုပ်​တို့သည် မည်သူ​ကို​အတုယူ​ခြင်း​ဖြစ်သနည်း။

• ကျွန်ုပ်​တို့၏​မေတ္တာသည် မည်မျှ​အထိ တာသွား​သင့်​သနည်း။

• ခရစ်ယာန်​မေတ္တာကို ဖော်ပြ​နေသည့် တွေ့ကြုံမှု​အချို့​ကား​အဘယ်နည်း။

• ခရစ်ယာန်​မေတ္တာကို ကျွန်ုပ်​တို့​မည်သို့ မွေးမြူ​ပျိုးထောင်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈–၂၁ ပါ ဇယား]

ကမ္ဘာချီ​ယေဟောဝါသက်သေ​များ​၏ ၂၀၀၀ ပြည့်နှစ်​လုပ်ငန်းတော်​မှတ်တမ်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရစ်ယာန်​မေတ္တာသည် မိသားစုကို တစည်းတလုံး​ရှိစေ​နိုင်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

မေတ္တာက ကျွန်ုပ်​တို့၏​မျှော်လင့်ချက်ကို အခြားသူ​တို့​ထံ​ဝေမျှ​ရန် လှုံ့ဆော်ပေး