“စီမံကိန်းတစ်ခုရဲ့ ထူးကဲပြောင်မြောက်တဲ့လက်ရာတစ်ခု”
ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်
“စီမံကိန်းတစ်ခုရဲ့ ထူးကဲပြောင်မြောက်တဲ့လက်ရာတစ်ခု”
ယေဟောဝါသက်သေများသည် သူတို့၏ယနေ့ခေတ်သမိုင်း အစပိုင်းမှစ၍ ယေရှုခရစ်၏ ပရောဖက်ပြုချက်များထဲမှ ဤတစ်ခုကို အလွန်စိတ်ဝင်စားလာခဲ့ကြသည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော [က] နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) ‘နောက်ဆုံးကာလ’ စတင်သည့် ၁၉၁၄ ခုနှစ်သို့ ချဉ်းကပ်လာစဉ် စိတ်ရင်းမှန်သည့် ကျမ်းစာကျောင်းသားများသည် ခိုင်မြဲသောစိတ်ချမှုဖြင့် မည်သည့်ခေတ်တွင်မျှမရှိခဲ့သော ကမ္ဘာချီ သမ္မာကျမ်းစာအခြေပြု ပညာရေးကင်ပိန်းတစ်ရပ်ကို တာဝန်ယူလုပ်ဆောင်ခဲ့ကြသည်။—၂ တိမောသေ ၃:၁။
ကမ္ဘာတစ်ဝန်း သတင်းကောင်းကြေညာခြင်းဆိုင်ရာ မိမိတို့ရည်မှန်းချက်ကို အထမြောက်အောင်မြင်စေရန် ယေဟောဝါ၏ထိုကျေးကျွန်တို့သည် ဆန်းသစ်၍ ပေါ်လွင်ထင်ရှားသောနည်းစနစ်တစ်ရပ်ကို အသုံးပြုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ပိုမိုသိရှိရန် နောက်ကြောင်း ပြန်လှည့်ကြစို့။
သတင်းကောင်းကြေညာရန် နည်းလမ်းသစ်တစ်ခု
အချိန်ကား ၁၉၁၄၊ ဇန်နဝါရီလဖြစ်သည်။ နယူးယောက်မြို့ အမှောင်ချထားသောဇာတ်ရုံတစ်ရုံထဲ၌ အခြားသူ ၅,၀၀၀ အလယ်တွင် သင်ထိုင်နေသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ သင့်ရှေ့မှောက်တွင် ကြီးမားလှသောရုပ်ရှင်ပိတ်ကားတစ်ချပ် ရှိသည်။ ဒူးထိရှည်သည့်ကုတ်အင်္ကျီဝတ်ထားသော ဆံပင်ဖြူနှင့်လူတစ်ဦး ပိတ်ကားတွင်ပေါ်လာသည်။ သင့်အနေနှင့် အသံတိတ်ရုပ်ရှင်များကိုကြည့်ဖူးသည်၊ သို့သော် ဤသူမှာ စကားပြောပြီး သူ၏စကားများကို သင်,ကြားနိုင်သည်။ နည်းပညာဆန်းသစ်တီထွင်မှုတစ်ရပ်၏ ပွဲဦးထွက်တင်ဆက်မှုကို သင်ရှုစားနေခြင်းဖြစ်ပြီး သတင်းစကားမှာလည်း ထူးခြားနေသည်။ မိန့်ခွန်းခြွေသူမှာ ကင်းမျှော်စင်အသင်း၏ ပထမဦးဆုံးဥက္ကဋ္ဌ ချားလ်စ် တေ့ဇ် ရပ်စယ်လ်ဖြစ်ပြီး တင်ဆက်မှုမှာ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ဖြစ်သည်။
ရုပ်ရှင်သည် လူအလုံးအရင်းထံ ပျံ့နှံ့နိုင်သည့်အစွမ်းရှိကြောင်း စီ. တီ. ရပ်စယ်လ်က သိမြင်ခဲ့သည်။ ထို့ကြောင့် ၁၉၁၂ တွင် သူသည် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို စတင်ပြင်ဆင်နေလေသည်။ နောက်ဆုံးတွင် ရောင်စုံ၊ အသံအပြည့်အစုံနှင့်အတူ ရှစ်နာရီကြာရှည်သော ဓာတ်ပုံရုပ်သေနှင့် ရုပ်ရှင်ထုတ်လုပ်တင်ဆက်မှုတစ်ခု ပေါ်ထွက်လာတော့သည်။
အပိုင်းလေးပိုင်းဖြင့် ပြသရန်ရည်ရွယ်ထားသော “ဓာတ်ပုံပြဇာတ်” သည် ကြည့်ရှုသူတို့ကို ဖန်ဆင်းခြင်းမှသည် လူသမိုင်းတစ်လျှောက် ကမ္ဘာမြေကြီးအတွက် ယေဟောဝါဘုရားသခင်၏ရည်ရွယ်တော်မူချက် အထွတ်အထိပ်နှင့် ယေရှု၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးအဆုံး လူသားထုအထိ ဆွဲခေါ်သွားခဲ့သည်။ နှစ်များစွာကြာပြီးမှသာ ထိုနည်းပညာကို အသုံးပြုပြီး စီးပွားရေးလောကတွင်ထုတ်လုပ်လာနိုင်ကြခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ သန်းနှင့်ချီသူတို့သည် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုအခမဲ့ကြည့်ရှုခဲ့ကြသည်။
“ဓာတ်ပုံပြဇာတ်” အတွက် အထူးရွေးချယ်အသံသွင်းထားသောတေးသံများအပြင် ဓာတ်စက်ဖြင့်အသံသွင်းထားသော ဟောပြောချက် ၉၆ ခုတို့ကိုပါ ပြင်ဆင်ခဲ့သည်။ စတီရီယိုအော့ပ်တစ်ကွန်ဆလိုက်ပုံများကို ကမ္ဘာ့သမိုင်းကြောင်း သရုပ်ဖော်ပေးသည့် အနုပညာလက်ရာများဖြင့် ပြုလုပ်ဖန်တီးထားသည်။ ယင်းက ရာနှင့်ချီသောပန်းချီကားသစ်များနှင့် ပုံကြမ်းများ ရေးဆွဲရန်လည်း လိုအပ်ခဲ့သည်။ ရောင်စုံဆလိုက်ပုံအချို့နှင့် ရုပ်ရှင်ကားအချို့ကို ဝီရိယစိုက်လျက် လက်ဖြင့်ရေးဆွဲခဲ့သည်။ နောက်ဆုံးတွင် တစ်ပိုင်းလျှင် ထုတ်လုပ်တင်ဆက်မှု ၂၀ စီပါသော အပိုင်းလေးပိုင်းဖြစ်မြောက်ရေးအတွက် အထပ်ထပ်ပြုလုပ်ခဲ့သည်။ ယင်းကြောင့် “ဓာတ်ပုံပြဇာတ်” အပိုင်းတစ်ပိုင်းကို မည်သည့်သတ်
မှတ်ရက်မဆိုတွင် မြို့ပေါင်း ၈၀ ၌ပြသနိုင်ခဲ့သည်။ပိတ်ကားနောက်တွင်
“ဓာတ်ပုံပြဇာတ်” ကိုပြသနေစဉ်အတွင်း ပိတ်ကားနောက်တွင် အဘယ်အရာဖြစ်ပျက်သနည်း။ ကျမ်းစာကျောင်းသားဖြစ်သော အဲလစ္စ ဟော့ဖ်မန်က “ပြဇာတ်ကို ညီအစ်ကိုရပ်စယ်လ်ရဲ့ ရုပ်အရှင်ပြကွက်နဲ့ စတင်ပါတယ်။ ပိတ်ကားပေါ် သူပေါ်ထွက်လာပြီး သူ့ရဲ့နှုတ်ခမ်းစတင်လှုပ်ရှားစဉ်မှာပဲ ဓာတ်စက်ကို စဖွင့်လိုက်တယ်၊ . . . ဒီနောက် သူ့ရဲ့အသံကို ကျွန်မတို့ နှစ်သက်စွာနားထောင်ခဲ့ကြတယ်” ဟုပြောပြခဲ့သည်။
ချိန်တာ-ချုံးဓာတ်ပုံပညာကိုရည်ညွှန်းလျက် ဇိုလာ ဟော့ဖ်မန်က ဤသို့ပြန်ပြောပြသည်– “ကျွန်မဟာ အဲဒီမှာထိုင်ပြီး ဖန်ဆင်းရာနေ့များရဲ့ သရုပ်ဖော်ပြကွက်ကို အံ့အားသင့်ပြီး မျက်လုံးအပြူးသားနဲ့ကြည့်ရှုခဲ့တယ်။ ကျွန်မတို့ရဲ့မျက်စိရှေ့မှာတင် နှင်းပန်းလေးတွေဟာ တဖြည်းဖြည်းပွင့်လာခဲ့တယ်။”
ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့မှ တေးချစ်သူ ကားလ် အက်ဖ်. ကလိန်းက ဤသို့ထပ်ဆင့်ပြောပြသည်– “အဲ့ဒီပုံတွေကိုပြနေတဲ့တစ်ချိန်တည်းမှာပဲ နာစစ်စပ်နဲ့ ဟယူးမာရစ္စကီလိုမျိုး အလွန်ကောင်းတဲ့ သဘာဝအကျဆုံးတေးသံနဲ့ တွဲဖက်တီးမှုတ်ပေးထားတယ်။”
အခြားအမှတ်ရလောက်သောဖြစ်ရပ်များလည်း ရှိခဲ့သည်။ ကလင်တန် ဂျေ. ဝုဒ်ဝေါ့က “တစ်ခါတလေ ဟာသဖြစ်သွားတာတွေလည်း ရှိတတ်တယ်။ တစ်ခါကဆိုရင် ‘ငှက်ကဲ့သို့ ကိုယ်တော်နေရာတောင်ပေါ်သို့သွား’ ပြကွက်အတွက် ဓာတ်ပြားကိုဖွင့်ထားတဲ့အခါ ပိတ်ကားပေါ်မှာတော့ ရေလွှမ်းမိုးခေတ်မတိုင်မီက အရွယ်အစားကြီးမားလှတဲ့ ဧရာမဂျီဂန်တိုဆောရတ်သတ္တဝါကြီးတစ်ကောင်ရဲ့ပုံ ပေါ်လာတယ်!” ဟု ပြန်ပြောင်းပြောပြခဲ့သည်။
ပုံမှန် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” အပြင် မကြာမီ “ယူရစ်ကာပြဇာတ်” အတွဲများကို ထုတ်လုပ်ခဲ့သည်။ (လေးထောင့်ကွက်ရှု) တစ်တွဲမှာ အသံသွင်းထားသောဟောပြောချက်များနှင့် အသံသွင်းထားသောတေးသံများဖြင့် ဖန်တီးထားသည်။ အခြားတစ်တွဲတွင် အသံဓာတ်ပြားနှင့် ဆလိုက်ပုံများပါ နှစ်ခုစလုံးပါဝင်၏။ “ယူရစ်ကာပြဇာတ်” တွင် ရွေ့ရှားသောရုပ်ပုံများ မပါသော်လည်း လူနေကျဲသောဒေသများတွင် ပြသရာ၌ များစွာအောင်မြင်ခဲ့သည်။
အစွမ်းထက်သော သက်သေခံခြင်းကိရိယာ
၁၉၁၄ ခုနှစ်အကုန်တွင် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို မြောက်အမေရိက၊ ဥရောပနှင့် ဩစတြေးလျရှိ ပရိသတ်စုစုပေါင်း ၉,၀၀၀,၀၀၀ ကျော်အား တင်ဆက်ပြသပြီးဖြစ်သည်။ သမ္မာကျမ်းစာကျောင်းသားများမှာ အရေအတွက်နည်းပါးသော်လည်း ဤဆက်သွယ်ရေးကိရိယာသစ်ဖြင့် သတင်းကောင်းကိုကြွေးကြော်ရန် လိုအပ်သည့် ခိုင်မြဲသောစိတ်ချမှုမပျောက်ခဲ့ချေ။ သူတို့သည် ဤပြသမှုများအတွက် အကွက်အကွင်းကျသည့်နေရာများ ငှားရမ်းရန်လိုအပ်သည့်ရန်ပုံငွေများကို ဝမ်းမြောက်စွာထည့်ဝင်လှူဒါန်းခဲ့သည်။ သို့ဖြင့် “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” သည် လေ့လာကြည့်ရှုကြသူများကို ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ရည်ရွယ်တော်မူချက်များ သိရှိစေရာတွင် များစွာစွမ်းဆောင်ပေးခဲ့သည်။
စီ. တီ. ရပ်စယ်လ်သို့ပေးပို့သောစာတစ်စောင်တွင် လူတစ်ဦး ဤသို့ရေးသားခဲ့သည်– “သင်၏ပြဇာတ်ကို ပထမဆုံးအကြိမ်ကြည့်ရှုခြင်းက ကျွန်တော့်ဘဝ၏အလှည့်အပြောင်း ဖြစ်ခဲ့ပါသည်; သို့မဟုတ် သမ္မာကျမ်းဆိုင်ရာ ကျွန်တော့်အသိပညာ၌ အလှည့်အပြောင်းဟု ဆိုနိုင်ပါသည်။” နောက်တစ်ဦးက ဤသို့ပြောခဲ့သည်– “ကျွန်မသည် ဘာသာရေးကိုအယုံအကြည်မရှိသောသဲဗွက်အိုင်ထဲ ကျသေလုနီးပါးဖြစ်ခဲ့ပြီး ဤဒေသမှာ လွန်ခဲ့သည့်နွေရာသီ၌ ပြသခဲ့သော ‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်’ က ကျွန်မကိုကယ်ဆယ်လိုက်သည်ဟု ခံစားရပါသည်။ . . . အခု ကျွန်မသည် ဤလောကမှမပေးနိုင်သော ထိုငြိမ်သက်မှုကိုရရှိနေပြီး ယင်း၏ကြွယ်ဝမှုအားလုံးကို စွန့်လွှတ်မည်မဟုတ်ချေ။”
ကြာမြင့်စွာကပင် အဖွဲ့အစည်း၏ဌာနချုပ်အမှုထမ်းအဖွဲ့ဝင်တစ်ဦးဖြစ်သော ဒမီဒရက်စ် ပါပါဂျော့ခ်ျက ဤသို့ပြောဆိုခဲ့သည်– “သမ္မာကျမ်းစာကျောင်းသား အရေအတွက်က အနည်းငယ်၊ အချိုးအစားအရ သုံးနိုင်တဲ့ငွေပမာဏအနည်းငယ်တို့ကို ကျွန်တော်တို့ထောက်ချင့်ကြည့်ရင် ‘ဓာတ်ပုံပြဇာတ်’ ဟာ စီမံကိန်းတစ်ခုရဲ့ ထူးကဲပြောင်မြောက်တဲ့ လက်ရာတစ်ခုပါပဲ။ ယေဟောဝါရဲ့ဝိညာဉ်တော်ဟာ အမှန်ပဲ ကျောထောက်နောက်ခံပေးခဲ့ပါတယ်!”
[စာမျက်နှာ ၈, ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“ယူရစ်ကာပြဇာတ်”
“ဓာတ်ပုံပြဇာတ်” ၏ ပွဲဦးထွက်တင်ဆက်မှုပြီးနောက် ရှစ်လအကြာတွင် အသင်းမသည် “ယူရစ်ကာပြဇာတ်” ဟုခေါ်ဆိုသည့် နောက်ထပ်ပြဇာတ်တစ်ခုကိုစီစဉ်ရန်လိုအပ်ကြောင်း တွေ့မြင်ခဲ့သည်။ မြို့ကြီးပြကြီးများတွင် “ဓာတ်ပုံပြဇာတ်” အပြည့်အစုံကို ဆက်လက်၍ပြသရန်ရှိနေစဉ် အလားတူသတင်းစကားကိုအခြေခံ၍ “ယူရစ်ကာပြဇာတ်” အတွဲများကို ကျေးလက်တောရွာများတွင် တင်ဆက်ခဲ့သည်။ “ယူရစ်ကာပြဇာတ်” ၏ပြကွက်တစ်ခုတွင် ဟောပြောရန် “ညီအစ်မများသည် ထူးခြားသောအခွင့်အလမ်း” ပေးအပ်ခံရခြင်းအဖြစ်ကို ရုပ်လုံးဖော်ထားသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဓာတ်စက်ထည့်ထားသည့်သေတ္တာသည် ပေါင် ၃၀ မျှသာရှိသောကြောင့်တည်း။ မှန်ပါသည်၊ ပြပွဲတစ်ခုအတွက် ဓာတ်စက်တစ်ခုကို သယ်ဆောင်သွားရန်လည်း လိုအပ်ပေမည်။