မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မွန်မြတ်သောအကျင့်ကို အဘယ်ကြောင့် ပြုစုပျိုးထောင်ရသနည်း

မွန်မြတ်သောအကျင့်ကို အဘယ်ကြောင့် ပြုစုပျိုးထောင်ရသနည်း

မွန်မြတ်သော​အကျင့်ကို အဘယ်ကြောင့် ပြုစု​ပျိုးထောင်​ရသနည်း

ကူ​နီ​ဟီ​တို​အမည်​ရှိ လူလတ်ပိုင်း​အရွယ် ဂျပန်​အမျိုးသား​တစ်ယောက်​သည် မကြာမီ​က အမေရိကန်​ပြည်ထောင်စု​သို့ ပြောင်းရွှေ့​နေထိုင်ခဲ့​သည်။ * သူ​ရောက်ပြီးနောက် ရက်သတ္တပတ်​အနည်းငယ်​အတွင်း​တွင် သူ၏​အလုပ်အကိုင်​ကို​ထိခိုက်​စေနိုင်​သည့် အခြေအနေ​တစ်ရပ်​နှင့် ရင်ဆိုင်ခဲ့​ရသည်။ ကူ​နီ​ဟီ​တို​က​ပြန်​ပြောပြ​သည်– “ကျွန်တော့်​အထက်​လူကြီး​က ကျွန်တော့်​ကို တာဝန်​တစ်ခု​ယူ​နိုင်​မလားလို့​မေး​တုန်း​က အဲဒါကို​လက်ခံ​လိုက်ခြင်း​နဲ့​ပတ်သက်ပြီး ကိုယ့်​ကိုယ်ကို​လုံးဝ​ယုံကြည်​စိတ်ချ​နေတယ်။ ဒါပေမဲ့ ကျိုးနွံ​ခြင်း​ကို မွန်မြတ်တဲ့​အကျင့်​တစ်ခု​အဖြစ်​ရှုမြင်ဖို့ ပြုစု​ပျိုးထောင်​ခံ​လာ​ရတဲ့​အတွက် ‘အဲဒါကို ကျွန်တော်​လုပ်နိုင်​မယ်၊ မလုပ်နိုင်ဘူး​ဆိုတာ မသေချာ​သေး​ပါ​ဘူး၊ ဒါပေမဲ့ အကောင်းဆုံး​ဖြစ်အောင်​ကြိုးစား​မယ်’ လို့​ပြန်ဖြေ​ခဲ့တယ်။ ကျွန်တော့်​ရဲ့ အမေရိကန်​ကြီးကြပ်ရေးမှူး​အတွက်​တော့ အဲဒါ​က ကျွန်တော်​ဟာ​အရည်အချင်း​မပြည့်​သူနဲ့ ကိုယ့်ကိုယ်ကိုယ်​ယုံကြည်​စိတ်ချမှု​မရှိသူ​အဖြစ် ယူမှတ်​ခဲ့တယ်။ ဒါကို​ကျွန်တော်​သိရတဲ့အခါ ပြုပြင်​ပြောင်းလဲမှု​တချို့​လုပ်ဖို့​လိုတယ်​ဆိုတာ သိလာ​ခဲ့တယ်။”

နယူးယောက်​မြို့တွင်​နေထိုင်သူ မာ​ရီ​အာ​သည် ထူးချွန်​သော​ကျောင်းသူ​တစ်ဦး​ဖြစ်​ပြီး အတန်းဖော်​များ​ကို​ကူညီ​ရန် အမြဲ​အသင့်ရှိ​သူ​ဖြစ်သည်။ ဝှမ်​သည် အခါ​အား​လျော်​စွာ မာ​ရီ​အာ​၏​ကူညီ​မှု​ကို​ရရှိခဲ့​သည့် အတန်းဖော်​တစ်ဦး​ဖြစ်သည်။ သို့သော် သူသည် မာ​ရီ​အာကို​စွဲလမ်း​နေပြီး အထင်ကြီး​ခံရ​ရန်​ကြိုးစား​ခဲ့​သည်။ မာ​ရီ​အာ​သည် ကိုယ်ကျင့်တရား​သန့်ရှင်း​ဖြူစင်​စွာ​နေ​ရန် ဆန္ဒရှိ​သော်လည်း ဝှမ်​၏​တောင်းဆိုမှု​များ​ကို လိုက်လျော​ကာ လိင်ဆိုင်ရာ​အကျင့်ပျက်​သည့်​အခြေအနေ​ထိ အရောက်​ခံ​ခဲ့​သည်။

မျက်မှောက်ခေတ်​၏ ယဉ်ကျေးမှု​အရ ကွဲပြား​ခြားနား​ပြီး ကိုယ်ကျင့်တရား​အရ ဖောက်ပြန်​ယိုယွင်း​နေသည့်​လောကတွင် မွန်မြတ်သော​အကျင့်ကို​တင်ပြခြင်း​သည် အမှန်ပင်​စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်သည်။ သို့​ဖြစ်​လျှင် မွန်မြတ်သော​အကျင့်ကို အဘယ်ကြောင့်​ပြုစု​ပျိုးထောင်​ရသနည်း။ အကြောင်း​မှာ မွန်မြတ်သော​အကျင့်အကြံ​အပြု​အမူ​သည် ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​စေပြီး ကျွန်ုပ်​တို့​အများစု​သည် ကိုယ်တော်​၏​မျက်နှာသာ​ကို အမှန်​ရရှိ​လို​သောကြောင့်​ဖြစ်သည်။

ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​က ၎င်းကို​ဖတ်ရှု​သူများ​အား မွန်မြတ်သော​အကျင့်ကို ပြုစု​ပျိုးထောင်​ရန် တိုက်တွန်း​ထား​သည်။ ဥပမာ၊ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “မွန်မြတ်သော​အကျင့်​ရှိသမျှ၊ ချီးမွမ်းဖွယ်​သော​အရာရှိသမျှ​တို့ကို ဆက်လက်​ဆင်ခြင်​သုံးသပ်ကြ​လော့။” (ဖိလိပ္ပိ ၄:၈က​ဘ) ထို့​ပြင် တမန်​တော်​ပေတရု​က ‘ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို မွန်မြတ်သော​အကျင့်​ဖြင့် ထပ်လောင်း​ဖြည့်စွက်​ခြင်း​၌ အလွန်​ကြိုးစား​အားထုတ်’ ကြ​ရန်​တိုက်တွန်း​နှိုးဆော်​ထား​သည်။ (၂ ပေတရု ၁:၅) သို့သော် မွန်မြတ်သော​အကျင့်​ကား​အဘယ်နည်း။ စာသင်​ခန်း​တွင် ယင်းကို​ပို့ချ​ပေး​နိုင်​သလော။ ယင်းကို ကျွန်ုပ်​တို့​မည်သို့ ပြုစု​ပျိုးထောင်​နိုင်​မည်​နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်​အချို့​ကို​ပြောင်း​ထား​သည်။