ယေဟောဝါသက်သေများ ခိုင်မြဲသောစိတ်ချမှုဖြင့် ရှေ့သို့ရွေ့လျား!
ယေဟောဝါသက်သေများ ခိုင်မြဲသောစိတ်ချမှုဖြင့် ရှေ့သို့ရွေ့လျား!
နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း
သံသယဝင်သောသဘောထားနှင့် သင်္ကာမကင်းဖြစ်သော ဤနေ့ရက်ကာလတွင် ယေဟောဝါသက်သေများသည် ခိုင်မြဲသောစိတ်ချမှုရှိသည့်ခရစ်ယာန်များအဖြစ် ရပ်တည်ကြသည်။ ယင်းသည် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၇ ရက်၊ စနေနေ့၌ ဂျာစီစီးတီး၊ နယူးဂျာစီရှိ ယေဟောဝါသက်သေများ၏စည်းဝေးကြီးခန်းမတွင် ကျင်းပခဲ့သော ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် ထင်ရှားခဲ့သည်။ *
သဘာပတိဖြစ်သော ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန် အီး. ဘားရ်က သူ၏အဖွင့်မှတ်ချက်တွင် ဤသို့ပြောဆိုခဲ့သည်– “သန်းထောင်နဲ့ချီတဲ့မြေကြီးသားထဲက ကျွန်တော်တို့အနေနဲ့ ယေဟောဝါရဲ့ချစ်မြတ်နိုးတဲ့သားတော် ယေရှုခရစ်ဟာ အခု ကောင်းကင်မှာနန်းတင်ခံခဲ့ရပြီး ကိုယ်တော်ရဲ့ရန်သူများအလယ်မှာ အုပ်စိုးလျက်ရှိတာကို သိရှိယုံကြည်ကြတယ်။” ယင်းသို့ ခိုင်မြဲသောယုံကြည်စိတ်ချမှု၏သာဓကကို ကမ္ဘာတစ်ဝန်းရှိ စိတ်လှုပ်ရှားဖွယ်ရာမှတ်တမ်းခြောက်ခုဖြင့် ဖော်ပြခဲ့သည်။
ဟေတီတွင် သမ္မာကျမ်းစာအမှန်တရားအားဖြင့် နတ်ဝိဇ္ဇာအတတ်ကို အနိုင်ယူလျက်ရှိ
နတ်ဝိဇ္ဇာအတတ်သည် ဟေတီတွင် အတော်လေးပျံ့နှံ့လျက်ရှိ၏။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်သော ဂျွန် နောမန်က “လူတွေဟာ မိမိတို့ကိုယ်ကိုကာကွယ်ဖို့ ဗူးဒူးစုန်းကဝေအတတ်ကို ကျင့်သုံးကြလိမ့်မယ်” ဟူ၍ပြောပြခဲ့သည်။ ပယောဂဆရာတစ်ဦးသည် မတော်တဆမှုတစ်ခုတွင် မိမိ၏ခြေတစ်ဖက်ဆုံးရှုံးသွားသောအခါ သံသယများကြီးထွားလာခဲ့သည်။ ‘နာမ်ဝိညာဉ်တွေက ကျွန်တော့်ကိုကာကွယ်ခဲ့မယ်ဆိုရင် ကျွန်တော့်မှာ ဘာကြောင့် ဒီလိုဖြစ်နိုင်ရတာလဲ’ ဟု သူတွေးတောခဲ့သည်။ အခြားသူများကဲ့သို့ ဤသူသည် ယေဟောဝါသက်သေများအားဖြင့် အမှန်တရားကိုသွန်သင်ခံခဲ့ရပြီး နတ်ဝိဇ္ဇာအတတ်မှလွတ်မြောက်ရန် ကူညီပေးခြင်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် ထိုနိုင်ငံ၌ ခရစ်တော်၏သေခြင်းသတိရအောက်မေ့ပွဲသို့ ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက်၏လေးဆ တက်ရောက်ခဲ့သည်ဟူသောအချက်က ဟေတီတွင် တိုးများလာရန်အတွက် အလားအလာရှိကြောင်းဖော်ပြသည်။
ကိုးရီးယားနိုင်ငံ၏ ကျယ်ပြန့်သောရပ်ကွက်အတွင်းမှဇွဲ
ကိုးရီးယားနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ၄၀ ရာခိုင်နှုန်းမှာ အချိန်ပြည့်လုပ်ငန်းတွင်ရှိကြသည်။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်သော မီလ်တင် ဟမ်မင်တန်က “ဒီများပြားလှတဲ့တပ်မဟာကြီးနဲ့ လူဦးရေ ၄၇ သန်းကျော်တဲ့ ကျွန်တော်တို့ရဲ့ရပ်ကွက်ကို တစ်လတစ်ကြိမ်ပြီးစီးစေခဲ့ကြတယ်” ဟုပြောခဲ့သည်။ လက်ဟန်ပြစကားပြောအသင်းတော်များ တိုးများခြင်းက အထူးသဖြင့် သတိပြုမှတ်သားထိုက်ပေသည်။ လက်ဟန်ပြစကားပြောတိုက်နယ်တစ်ခုတွင် အိမ်တွင်းကျမ်းစာသင်အံမှု ၈၀၀ ကို ကျင်းပလျက်ရှိ၏။ ယင်းက ပျမ်းမျှကြေညာသူတစ်ဦးလျှင် ကျမ်းစာသင်အံမှုတစ်ခုဖြစ်သည်။ ဝမ်းနည်းစရာမှာ လူငယ်ညီအစ်ကိုများသည် သူတို့၏ကြားနေမှုကြောင့် ထောင်ကျလျက်ရှိဆဲဖြစ်သည်။ သို့ဖြစ်စေကာမူ ဤသစ္စာရှိခရစ်ယာန်များသည် မျက်နှာသာပေးခြင်းခံရကြပြီး သူတို့သည် ယုံကြည်စိတ်ချရမှုလိုအပ်သော အလုပ်အကိုင်များပေးအပ်ခြင်း ခံရလေ့ရှိ၏။
မက္ကစီကိုတွင် ကြီးထွားမှု၏တောင်းဆိုချက်ကို ဖြည့်စွက်ပေးခြင်း
၂၀၀၀ ပြည့်နှစ်၊ ဩဂုတ်လတွင် မက္ကစီကိုရှိလယ်ကွင်းလုပ်ငန်းတော်က ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ အများဆုံး ၅၃၃,၆၆၅ ဦးရရှိကြောင်း မှတ်တမ်းပေးပို့ခဲ့သည်။ သတိရအောက်မေ့ပွဲသို့ ထိုအရေအတွက်ထက် သုံးဆကျော်တက်ရောက်ခဲ့သည်။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်သော ရောဘတ် ထရေစီက “ဒီနှစ် ကျွန်တော်တို့အတွက် ရည်မှန်းချက်ကတော့ နောက်ထပ် ဘုရားသခင့်နိုင်ငံတော်ခန်းမပေါင်း ၂၄၀ ဆောက်လုပ်ဖို့ဖြစ်တယ်” ဟုပြောခဲ့သည်။ ထပ်ဆင့်၍ သူက “ဒါတောင် ကျွန်တော်တို့ နောက်ထပ်အများကြီးလိုနေသေးတယ်” ဟူ၍ပြောခဲ့သည်။
မက္ကစီကိုတွင်ရှိသော ယေဟောဝါသက်သေလူငယ်များမှာ စံထားလောက်ပေသည်။ လူငယ်တစ်ဦးနှင့်ပတ်သက်၍ ချာ့ခ်ျ၏ဘုန်းတော်ကြီးတစ်ပါးက ဤသို့ပြောခဲ့သည်– “ကျွန်တော့်နောက်လိုက်တွေထဲမှာ သူ့လိုလူမျိုးတစ်ယောက်ရှိရင် သိပ်ကောင်းမှာပဲ။ ဒီလူတွေရဲ့သန်စွမ်းတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး ပညာရှိရှိအသုံးပြုပုံကို ကျွန်တော်သဘောကျတယ်။ သူတို့ဟာ သူတို့ရဲ့အသက်ကိုစွန့်ရရင်တောင် ဘုရားသခင်ဘက်ကနေ ခုခံကာကွယ်တတ်ကြတယ်။”
စီအဲရာလေယွန်တွင် မငြိမ်သက်မှုအကြား သစ္စာစောင့်သိခြင်း
၁၉၉၁ ခုနှစ်၊ ဧပြီလကတည်းက စီအဲရာလေယွန်တွင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ ထောင်နှင့်ချီသောသူများ သေဆုံးခဲ့ကြ၊ ဒဏ်ရာရရှိခဲ့ကြ သို့မဟုတ် ဒုက္ခိတဘဝရောက်ခဲ့ကြသည်။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်သော ဘီးလ် ခရောင်းက “စစ်နဲ့ ခက်ခဲမှုတွေက လူတို့အပေါ် အတိုင်းထက်အလွန် အကျိုးသက်ရောက်ခဲ့တယ်” ဟုမှတ်တမ်းပေးပို့ခဲ့သည်။ “ကျွန်တော်တို့ရဲ့သတင်းကို လျစ်လျူရှုခဲ့ကြသူများစွာဟာ အခုဆိုရင် စိတ်ဝင်တစားနဲ့နားထောင်လာကြပြီ။ လူတွေဟာ သူတို့ရဲ့ဦးဆုံးအကြိမ်အနေနဲ့ အစည်းအဝေးကိုတက်ရောက်ကြဖို့ ကျွန်တော်တို့ရဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမထဲကို လာရောက်ကြတာဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ညီအစ်ကိုတွေဟာ လမ်းသွားနေတဲ့အခါ ကျမ်းစာသင်အံမှုတစ်ခုကျင်းပပေးဖို့ တောင်းဆိုခံရလေ့ရှိခဲ့ကြတယ်။” စီအဲရာလေယွန်တွင် မငြိမ်သက်မှုဆက်ဖြစ်သည့်ကြားမှ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် သီးပွင့်နေဆဲဖြစ်၏။
တောင်အာဖရိကတွင် ကျယ်ပြောလှသော ဆောက်လုပ်ရေးအစီအစဉ်
ယခုလောလောဆယ်တွင် တောင်အာဖရိကရှိ ဌာနခွဲရုံးမှကြီးကြပ်ပေးရသည့်နယ်မြေအတွင်း ထောင်နှင့်ချီသောနိုင်ငံတော်ခန်းမများ လိုအပ်လာသည်။ ရာနှင့်ချီသောခန်းမများမှာ ဆောက်လုပ်ပြီးစီးသွားပေပြီ။ ဌာနခွဲကော်မတီဝင်ဖြစ်သော ဂျွန် ကီကော့က “အရင်ကပြုလုပ်ခဲ့သလို တဲကုပ်ငယ် ဒါမှမဟုတ် သစ်ပင်အောက်မှာ စုဝေးကြမယ့်အစား ကျွန်တော်တို့ညီအစ်ကိုတွေဟာ သင့်လျော်တဲ့နေရာမှာ လျောက်ပတ်တဲ့ထိုင်ခုံတွေနဲ့ စုဝေးနိုင်ကြပြီ” ဟူ၍ပြောခဲ့သည်။ “ဘုရားသခင့်နိုင်ငံတော်ခန်းမအများစုဟာ တော်သင့်ရုံဒီဇိုင်းပုံစံဖြစ်ပေမဲ့ အဲဒီအဆောက်အအုံတွေရှိတဲ့ဒေသမှာတော့ အများအားဖြင့် အခံ့ညားအထည်ဝါဆုံးအဖြစ်ရှိနေကြတယ်။ အချို့နယ်မြေတွေမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို ဆောက်လုပ်ပြီးတဲ့နောက် နောက်တစ်နှစ်အတွင်းမှာ အသင်းတော်ဟာ နှစ်ဆကျော်ဖြစ်လာမှာကို တွေ့မြင်ရပါတယ်။”
ယူကရိန်းတွင် သက်သေခံမျိုးဆက်သစ်
အနှစ် ၂၀၀၀ လုပ်ငန်းတော်နှစ်အတွင်း ဤနိုင်ငံတွင် အများဆုံးကြေညာသူ ၁၁၂,၇၂၀ ဦးကိုရရှိခဲ့သည်။ သူတို့ထဲမှ ၅၀,၀၀၀ ကျော်မှာ လွန်ခဲ့သောငါးနှစ်တာကာလအတွင်း သမ္မာကျမ်းစာအမှန်တရားကို သင်ယူလာခဲ့ကြသည်။ ဌာနခွဲကော်မတီညှိနှိုင်းရေးမှူးဖြစ်သော ဂျွန် ဒီတာက “ယေဟောဝါဟာ မိမိရဲ့နာမတော်ကိုကြွေးကြော်ဖို့ ငယ်ရွယ်တဲ့သက်သေခံမျိုးဆက်သစ်ကို အမှန်ပဲပေါ်ထွက်စေခဲ့တယ်!” ဟူ၍ပြောခဲ့သည်။ “လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကျွန်တော်တို့ဟာ ဒီနိုင်ငံရဲ့လူဦးရေနဲ့ညီမျှတဲ့ မဂ္ဂဇင်းပေါင်းသန်း ၅၀ ကျော်ကို ဝေငှခဲ့ကြတယ်” ဟူ၍သူကဆက်ပြောသည်။ “စိတ်ဝင်စားသူတို့ထံမှ နောက်ထပ်သတင်းအချက်အလက်ကို မေးမြန်းတဲ့စာပေါင်း လစဉ် ပျမ်းမျှတစ်ထောင် ကျွန်တော်တို့ရရှိကြတယ်။”
အစီအစဉ်၏ အခြားစိတ်လှုပ်ရှားဖွယ်အသွင်အပြင်များ
အုပ်ချုပ်ရေးအဖွဲ့ဝင် ဒယ်နီယယ် ဆစ်ဒလစ်ခ်က အာရုံစွဲငြိစေသောဟောပြောချက်တစ်ခု ပေးခဲ့သည်။ ဤမဂ္ဂဇင်းတွင်ဖော်ပြထားသော “အုပ်ချုပ်ရေးအဖွဲ့နှင့် တရားဝင်ကော်ပိုရေးရှင်း ခြားနားပုံ” ဆောင်းပါးသည် ထိုတင်ဆက်မှုမှသိကောင်းစရာများကို အခြေခံထားခြင်းဖြစ်သည်။
အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ်ဂျဲရက်စ်က “သီအိုကရက်တစ်နည်းလမ်းအရ ခန့်အပ်ခံရသော ကြီးကြပ်မှူးများနှင့် ဓမ္မအမှုထမ်းများ” ခေါင်းစဉ်တပ်ထားသည့် စဉ်းစားစရာဖြစ်စေသောဟောပြောချက်ကို ပေးခဲ့သည်။ ဤမဂ္ဂဇင်းတွင်ဖော်ပြထားသော ဆောင်းပါးများထဲမှတစ်ခုသည် ထိုအကြောင်းအရာအပေါ် အခြေခံထားခြင်းဖြစ်သည်။
နှစ်ပတ်လည်အစည်းအဝေးတွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေးဗစ် စပလန်ပေးခဲ့သည့် ၂၀၀၁ ခုနှစ် နှစ်ချုပ်ကျမ်းချက်အပေါ်အခြေခံထားသော စိတ်လှုပ်ရှားစေသည့်ဟောပြောချက်လည်း ပါဝင်ခဲ့သည်။ တမန်တော်ပေါလု၏ ဤစကားများပေါ် အခြေခံခဲ့သည်– “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်လော့။” (ကောလောသဲ ၄:၁၂၊ ကဘ) ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် မြေကြီးတစ်ပြင်လုံးတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သစ္စာရှိရှိဟောပြောကြစဉ် ထိုသို့ပြုသွားရန် စိတ်ပိုင်းဖြတ်ထားကြပါသည်။—မဿဲ ၂၄:၁၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 အစီအစဉ်အား အီလက်ထရွန်နစ်စနစ်ဖြင့် နေရာအတော်များများကို ဆက်သွယ်ထားခြင်းက စုစုပေါင်းတက်ရောက်သူ ၁၃,၀၈၂ ဦးကိုဖြစ်စေသည်။