မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ ရင်ပေါင်တန်းလျှောက်လှမ်းနေလော့

ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ ရင်ပေါင်တန်းလျှောက်လှမ်းနေလော့

ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့်အတူ ရင်ပေါင်တန်း​လျှောက်လှမ်း​နေလော့

“ငြိမ်သက်ခြင်း​၏​အရှင်​ဘုရားသခင်​သည်၊ . . . အလိုတော်​သို့​လိုက်​မည်​အကြောင်း၊ ကောင်းသော​အကျင့်​အမျိုးမျိုး​၌ သင်တို့ကို​ပြုပြင်​တော်​မူ​ပါစေ​သော။”—ဟေဗြဲ ၁၃:၂၀၊ ၂၁

၁။ ကမ္ဘာ့​လူဦးရေ​ကား အဘယ်နည်း၊ မည်​ရွေ့​မည်မျှ​သည် တစ်စုံတစ်ရာ​သော​ဘာသာဝင်​များ​အဖြစ် ဖော်ပြ​ခံရ​သနည်း။

၁၉၉၉ ခုနှစ်​တွင် ကမ္ဘာ့​လူဦးရေ​သည် သန်း​ခြောက်​ထောင်​ပြည့်​သွားပေ​ပြီ! ထို​အရေအတွက်​ထဲ​တွင် ၁,၁၆၅,၀၀၀,၀၀၀ သည်​မွတ်​ဆ​လင်; ၁,၀၃၀,၀၀၀,၀၀၀ သည် ရိုမန်ကက်သလစ်; ၇၆၂,၀၀၀,၀၀၀ သည် ဟိန္ဒူ; ၃၅၄,၀၀၀,၀၀၀ သည် ဗုဒ္ဓ​ဘာသာ; ၃၁၆,၀၀၀,၀၀၀ သည် ပရိုတက်စတင့်​များ​ဖြစ်​ပြီး ၂၁၄,၀၀၀,၀၀၀ သည် ဩသ​ဒေါ​က်စ်​များ​ဖြစ်၏​ဟု သည် ဝေါ အယ်​လ်​မနက်​က​ဖော်ပြ​ထား​သည်။

၂။ ယနေ့​တည်ရှိ​သော ဘာသာရေး​အခြေအနေ​များနှင့်​ပတ်သက်​၍ မည်သို့​ဆိုနိုင်​သနည်း။

ယနေ့​တည်ရှိ​နေသော ဘာသာရေး​ကွဲပြားမှု​နှင့် ရှုပ်ထွေးမှု​ကို​ထောက်ရှု​သော် ဤ​သန်းနှင့်ချီ​သော​လူအားလုံး​သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ လုပ်ဆောင်နေ​ကြ​ပါသလော။ မလုပ်ဆောင်​ကြ​ပါ၊ “[အကြောင်း​မှာ] ဘုရားသခင်​သည် ရုန်းရင်းခတ်​သော​အမှုကိုပြု​စု​တော်​မ​မူ။ သန့်ရှင်းသူ​တို့၏ အသင်းတော်​အပေါင်း​တို့​၌​ဖြစ်​သကဲ့သို့ အသင့်အတင့်​ငြိမ်ဝပ်ခြင်း​ကို ပြုစု​တော်​မူ​၏။” (၁ ကောရိန္သု ၁၄:၃၃) အခြား​တစ်ဖက်​တွင် ယေဟောဝါသက်သေ​များ​၏ အပြည်ပြည်ဆိုင်ရာ​ညီအစ်ကို​အသင်းအပင်း​ကော အသို့နည်း။ (၁ ပေတရု ၂:၁၇) ဂရုတစိုက်​လေ့လာ​ဆန်းစစ်မှု​က ‘ငြိမ်သက်ခြင်း​၏​အရှင်​ဘုရားသခင်​သည် ကောင်းသော​အကျင့်​အမျိုးမျိုး​၌ သူတို့ကို​ပြုပြင်​တော်​မူ’ ကြောင်း​သက်သေထူ​သည်။—ဟေဗြဲ ၁၃:၂၀၊ ၂၁

၃။ စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် ယေရုရှလင်​မြို့၌ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။ အဘယ်ကြောင့်​နည်း။

အမှန်​မှာ ဘုရားသခင့်​မျက်နှာသာ​ရ​မရ​ဆုံးဖြတ်​ရန်​အတွက် ယေဟောဝါသက်သေ​များ ပေါင်းသင်း​ဖွဲ့စည်း​သူတို့၏​အရေအတွက်​သည် စံနှုန်း​မဟုတ်; ကိန်း​ဂဏန်း​သည်လည်း ယေဟောဝါ​အတွက် အထင်ကြီး​စ​ရာ မဟုတ်​ချေ။ ဣသရေလ​လူမျိုး​ကို ကိုယ်တော်​ရွေးချယ်​ခဲ့​ချိန်​က သူတို့သည် လူမျိုးများ​တွင် ‘လူဦးရေ​အများဆုံး’ ဖြစ်သော​ကြောင့်​မဟုတ်ပေ။ အမှန်ဆိုလျှင် သူတို့သည် ‘အနည်းဆုံး’ ဖြစ်​ကြသည်။ (တရားဟောရာ ၇:၇) သို့သော် ဣသရေလ​လူမျိုး​သည် ဘုရားသခင်​အပေါ် သစ္စာမဲ့​ခဲ့​ကြသော​ကြောင့် ယေဟောဝါ​သည် စီ.အီး. ၃၃ ပင်တေကုတ္တေ​ပွဲနေ့​တွင် မိမိ၏​မျက်နှာသာ​ကို ယေရှု​ခရစ်​၏​နောက်လိုက်​များ ပါဝင်​ခဲ့​သော အသင်းတော်သစ်​သို့ လွှဲပြောင်း​ခဲ့​သည်။ သူတို့သည် ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဘိသိက်ပေး​ခံ​ခဲ့​ရပြီး ဘုရားသခင်​နှင့်​ခရစ်တော်​အကြောင်း အမှန်တရားကို အခြားသူများ​ထံ ဇွဲ​ဖြင့်​ကြေညာ​ခဲ့​ကြသည်။—တမန်​တော် ၂:၄၁၊ ၄၂

အဆက်မပြတ်​တိုးတက်​နေ

၄။ အစောပိုင်း​ခရစ်ယာန်​အသင်းတော်သည် အဆက်မပြတ်​တိုးတက်​နေခဲ့​သည်​ဟု အဘယ်ကြောင့် သင်​ဆို​ရသနည်း။

ပထမ​ရာစု​ရှိ ခရစ်ယာန်​အသင်းတော်သည် အဆက်မပြတ်​တိုးတက်လာ​ခဲ့​ပြီး ရပ်ကွက်​အသစ်များ​ဖွင့်​ကာ တပည့်​များ​ဖြစ်စေ​ကြ​ပြီး ဘုရားသခင့်​အလိုတော်နှင့် ရည်ရွယ်ချက်​ကို ပို​ပြီး​နားလည်​သဘောပေါက်​လာအောင် ကြိုးစား​ခဲ့​ကြသည်။ အစောပိုင်း​ခရစ်ယာန်​များသည် ဘုရားသခင့်​မှုတ်သွင်းခံ​စာစောင်​များ​မှ​တစ်ဆင့် သိရှိ​ခဲ့​ရသော ပို​ထွန်းလင်း​လာ​သည့်​အလင်း​နှင့် ရင်ပေါင်တန်း​လိုက်လျှောက်​ခဲ့​ကြသည်။ တမန်​တော်​များနှင့် အခြားသူများ လည်ပတ်​ရောက်ရှိ​လာ​ကြ​၍ အားပေး​တိုက်တွန်း​ခံ​ခဲ့​ကြ​ရပြီး သူတို့၏​ဓမ္မ​အမှုကို အပြည့်အဝ​ထမ်းဆောင်​ခဲ့​ကြသည်။ ယင်းကို ခရစ်ယာန်​ဂရိ​ကျမ်းစာ​ထဲ​တွင် ကောင်းစွာ​မှတ်တမ်း​တင်ထား​ပါ​သည်။—တမန်​တော် ၁၀:၂၁၊ ၂၂; ၁၃:၄၆၊ ၄၇; ၂ တိမောသေ ၁:၁၃; ၄:၅; ဟေဗြဲ ၆:၁-၃; ၂ ပေတရု ၃:၁၇၊ ၁၈

၅။ ယနေ့ ဘုရားသခင့်​အဖွဲ့အစည်း​သည် အဘယ်ကြောင့် တိုးတက်​နေသနည်း၊ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် ယင်း​နှင့်​ရင်ပေါင်တန်း လျှောက်လှမ်း​နေ​သင့်​သနည်း။

အစောပိုင်း​ခရစ်ယာန်​များ​ကဲ့သို့ မျက်မှောက်ခေတ် ယေဟောဝါသက်သေ​များသည် သေးငယ်​သည့်​အစပြု​မှု​မှ တိုးပွား​များပြား​လာ​ခဲ့​ကြသည်။ (ဇာခရိ ၄:၈-၁၀) ၁၉ ရာစု​နှောင်းပိုင်း​မှ​စ၍ ယေဟောဝါ​၏​ဝိညာဉ်တော်သည် ကိုယ်တော့်​အဖွဲ့အစည်း​အပေါ်​တွင်​ရှိကြောင်း ထင်ရှား​ခဲ့​သည်။ ကျွန်ုပ်​တို့သည် လူ့​အစွမ်း​ကို​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်​တော်​လမ်းညွှန်မှုကို အားထား​ခဲ့​ကြသော​ကြောင့် ကျမ်းစာ​ကို​ပို​နားလည်​လာပြီး ဘုရားသခင်​အလိုတော်​ဆောင်ရွက်​ရာ​၌​လည်း ဆက်လက်​တိုးတက်လာ​ခဲ့​ကြသည်။ (ဇာခရိ ၄:၆) ယခု​အခါ ကျွန်ုပ်​တို့သည် “နောက်ဆုံး​ကာလ” တွင်​ရှိနေကြ​ရာ ယေဟောဝါ​၏​တိုးတက်​နေသော​အဖွဲ့အစည်း​နှင့် ရင်ပေါင်တန်း​လျှောက်လှမ်း​နေ​ရန် အရေးကြီး​သည်။ (၂ တိမောသေ ၃:၁-၅) ဤသို့​လုပ်ဆောင်ခြင်းက ကျွန်ုပ်​တို့၏​မျှော်လင့်ချက်ကို ရှင်သန်​နေ​စေပြီး ဤ​အစီအစဉ်​စနစ်​အဆုံး​မတိုင်မီ တည်ထောင်​ပြီး​ဖြစ်သော ဘုရားသခင့်​နိုင်ငံတော်​အကြောင်း သက်သေခံ​စေရန် စွမ်းဆောင်​စေနိုင်​မည်​ဖြစ်သည်။—မဿဲ ၂၄:၃-၁၄

၆၊ ၇။ ယေဟောဝါ​၏​အဖွဲ့အစည်း တိုးတက်​နေသည့် အဘယ်​ကဏ္ဍ​သုံးခု​ကို ကျွန်ုပ်​တို့​သုံးသပ်​မည်​နည်း။

ကျွန်ုပ်​တို့​အုပ်စု​ထဲ​တွင် ၁၉၂၀၊ ၃၀၊ ၄၀ ပြည့်လွန်​နှစ်များ​ကတည်းက ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် စတင်​ပူးပေါင်း​လာ​ခဲ့​ကြ​သူများ ပါဝင်​ကြသည်။ ထို​အစောပိုင်း​နှစ်များ​အတွင်း ကျွန်ုပ်​တို့​ထဲ​မှ မည်သူက အဖွဲ့အစည်း​သည် ယနေ့​အချိန်တိုင်​အောင် ကြီးထွား​လာ​မည်၊ အဆင့်ဆင့်​တိုးတက်လာ​မည်​ကို မျှော်လင့်​ခဲ့​ပါ​သနည်း။ မျက်မှောက်ခေတ်​သမိုင်း​တွင် ဖြစ်ပျက်​တွေ့ကြုံ​ခဲ့​ကြ​ရသည့် ထူးခြားသော​အဖြစ်အပျက်​များ​ကို စဉ်းစား​ကြည့်​ပါ! သီအိုကရက်တစ်​နည်းလမ်း​အရ​ဖွဲ့စည်းထား​သော မိမိလူ​မျိုး​တော်​အားဖြင့် ယေဟောဝါ​၏​ပြီးမြောက်​အောင်မြင်မှု​များ​ကို စဉ်းစား​ဆင်ခြင်​သုံးသပ်ခြင်း​သည် ဝိညာဉ်​ရေး​ဆုကျေးဇူး​ရရှိစေ​ပါ​သည်။

ရှေးခေတ်​က​ဒါဝိဒ်​သည် ယေဟောဝါ​၏​အံ့သြဖွယ်ရာ​အမှု​များ​ကို စေ့စေ့​စဉ်းစား​ဆင်ခြင်​ပြီး​သောအခါ အမှန်ပင်​စွဲမှတ်​သွားခဲ့သည်။ သူက ဤသို့​ဆို​ခဲ့​သည်“အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား၊ အကျွန်ုပ်​အဖို့​ပြု​တော်​မူ​သော အံ့သြဖွယ်​အမှုတို့​နှင့် ကြံစည်​တော်​မူ​သော​အကြံအစည်​တို့သည် များ​လှ​ပါ​၏။ ရှေ့တော်၌ အစဉ်​အတိုင်း လျှောက်​၍​မကုန်နိုင်​ပါ။ အကျွန်ုပ်​ထုတ်ဖော်​ကြား​ပြော​မည်​ဟု​ဆို​သော်၊ ရေတွက်​၍​မကုန်နိုင်​အောင် များ​လှ​ပါ​၏။” (ဆာလံ ၄၀:၅) ကျွန်ုပ်​တို့သည် ထပ်တူ​ကန့်သတ်မှု​ကို ရင်ဆိုင်​ကြ​ရာ ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​၏​ကြီးကျယ်​ခမ်းနား​ပြီး ချီးမွမ်း​ထိုက်သည့်​ပြီးမြောက်​အောင်မြင်မှု​များစွာကို မဖော်​ပြ​နိုင်​ဘဲ​ဖြစ်နေ​ကြ​၏။ သို့ရာတွင် ယေဟောဝါ​၏​အဖွဲ့အစည်း တိုးတက်​ခဲ့​သည့် ကဏ္ဍ​သုံးခု (၁) အဆင့်ဆင့်​တိုးတက်လာ​သော​ဝိညာဉ်​ရေး​ထွန်းလင်း​မှု၊ (၂) ပိုမို​တိုးတက်​ပြီး​ကျယ်ပြန့်​လာ​သည့် [ခရစ်ယာန်] ဓမ္မ​အမှု​နှင့် (၃) အဖွဲ့အစည်း​ဆိုင်ရာ​လုပ်ထုံး​လုပ်​နည်း​များ​ကို အခန့်သင့် ပြုပြင်​ပြောင်းလဲမှု​တို့ကို သုံးသပ်ကြည့်​ကြ​စို့။

ဝိညာဉ်​ရေး​ထွန်းလင်း​မှု​အတွက် ကျေးဇူး​တင်

၈။ နယပုံပြင် ၄:၁၈ နှင့်​အညီ ဘုရားသခင့်​နိုင်ငံတော်​နှင့်​စပ်လျဉ်း၍ ပိုင်းခြား​သိမြင်​စေရန် အဘယ်​ဝိညာဉ်​ရေး​ထွန်းလင်း​မှု​က ထောက်ကူ​သနည်း။

တိုးတက်​နေသော ဝိညာဉ်​ရေး​ထွန်းလင်း​မှု​နှင့်​စပ်လျဉ်း၍ နယပုံပြင် ၄:၁၈ သည်​မှန်ကန်ကြောင်း​သက်သေထူ​ခဲ့ပြီ။ ယင်းက​ဤသို့​ဆို​သည်“ဖြောင့်မတ်​သော​သူတို့၏​လမ်း​သည် တက်​သော​အရုဏ်​ကဲ့သို့​ဖြစ်၍ နေ​ထွက်​သည်​တိုင်အောင် တိုးပွား​ထွန်းလင်း​တတ်၏။” တိုးပွား​နေသော​ဝိညာဉ်​ရေး​ထွန်းလင်း​မှု​ကို ကျွန်ုပ်​တို့​ကြုံတွေ့​ရခြင်း​အတွက် မည်မျှ​ကျေးဇူး​တင်စရာ​ပါ​တကား! ၁၉၁၉ ခုနှစ် စီ​ဒါ​ပွိုင့်၊ အိုဟိုင်အို​တွင်​ကျင်းပ​ခဲ့​သော စည်းဝေးကြီး​၌ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ပေါ်လွင်​ခဲ့​သည်။ ယေဟောဝါ​သည် မိမိ၏​နာမတော် သန့်ရှင်း​မြင့်မြတ်​စေရန်​နှင့် မိမိ၏​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်း​စေရန် ဤ​နိုင်ငံတော်​ကို​အသုံးပြု​သည်။ အမှန်ပင်၊ ကိုယ်တော့်​သားတော်​အုပ်ချုပ်​မည့် နိုင်ငံတော်​အားဖြင့် ကိုယ်တော်​၏​နာမတော် သန့်ရှင်း​မြင့်မြတ်စေရန် ယေဟောဝါ​၏ ရည်ရွယ်ချက်ကို အတိအလင်း​ဖော်ပြ​ပေး​သော ကျမ်းစာ၊ ကမ္ဘာဦး​မှ ဗျာဒိတ်ကျမ်း​အထိ ပိုင်းခြား​သိမြင်​စေရန် ကျွန်ုပ်​တို့ကို​ကူညီပေး​ခဲ့ပြီ။ ၎င်း​တွင် ဖြောင့်မတ်ခြင်း​ကို​ချစ်​မြတ်နိုးသူ​အားလုံး​အတွက် ဘုန်း​ကျက်သရေ​ရှိသော​မျှော်လင့်ချက် ပါရှိ​သည်။—မဿဲ ၁၂:၁၈၊ ၂၁

၉၊ ၁၀။ ၁၉၂၀ ပြည့်လွန်​နှစ်များ​တွင် ဘုရားသခင့်​နိုင်ငံတော်၊ ဆန့်ကျင်ဘက်​ဖြစ်သော​အဖွဲ့အစည်း​နှစ်ခု​နှင့်​ပတ်သက်​၍ အဘယ်အရာ​သိရှိ​ရသနည်း၊ ယင်းသည် မည်သို့​အထောက်အကူ​ပြု​သနည်း။

၁၉၂၂ ခုနှစ်၊ စီ​ဒါ​ပွိုင့်​စည်းဝေးကြီး​တွင် အဓိက​ဟောပြောသူ ညီအစ်ကို​ရပ်သဖော့ဒ်​က “ဘုရင်​နှင့် သူ၏​နိုင်ငံတော်​ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ” ဟူ၍ ဘုရားသခင့်​လူမျိုးတော်ကို တိုက်တွန်း​ခဲ့​သည်။ မတ်​လ ၁၊ ၁၉၂၅ ကင်းမျှော်စင်​တွင်​ထုတ်ဝေ​ခဲ့​သော “နိုင်ငံတော်​မွေးဖွားခြင်း” ဆောင်းပါး​၌ ၁၉၁၄ ခုနှစ်​တွင် ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​မည့်​ကိစ္စ​နှင့်​ပတ်သက်သော ပရောဖက်ပြုချက်​များ​ကို ဝိညာဉ်​ရေး​အရ ပို​ထိုးထွင်း​သိမြင်​လာနိုင်​ရန် ညီအစ်ကို​အသင်းအပင်း​ကို အာရုံပြု​စေ​ခဲ့​သည်။ ၁၉၂၀ ပြည့်လွန်​နှစ်များ​တွင် ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် စာတန်​၏​အဖွဲ့အစည်း​ဟူသော ဆန့်ကျင်ဘက်​အဖွဲ့​နှစ်​ဖွဲ့​ရှိကြောင်းကိုလည်း ခွဲခြား​သိလာ​ခဲ့​ကြသည်။ ၎င်း​တို့​ကြား​တွင် တိုက်ပွဲ​ဖြစ်ပွား​လျက်​ရှိရာ ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် ရင်ပေါင်တန်း​လျှောက်လှမ်း​နေ​မှ​သာ​လျှင် အောင်မြင်​သည့်​ဘက်တွင် ရှိ​နေပါ​လိမ့်​မည်။

၁၀ အဆိုပါ​ဝိညာဉ်​ရေး​ထွန်းလင်း​မှု​က ကျွန်ုပ်​တို့ကို မည်သို့​အကူအညီ​ပေး​ပါ​သနည်း။ ဘုရားသခင့်​နိုင်ငံတော်​နှင့် ဘုရင်​ယေရှု​ခရစ်​သည် ဤ​လောက​နှင့်​မဆိုင်​သည့်​အတွက် ကျွန်ုပ်​တို့​လည်း လောက​နှင့်​မဆိုင်​နိုင်​ကြ​ပေ။ လောက​နှင့်​သီးခြားနေ​ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် အမှန်တရား​ဘက်၌​ရှိကြောင်းကို ပြသ​ကြ​ပါ​သည်။ (ယောဟန် ၁၇:၁၆; ၁၈:၃၇) ဤ​အစီအစဉ်​စနစ်ဆိုး​၏ ရှုပ်ထွေး​ပွေလီ​သော​ပြဿနာ​များ တိုးများ​လာ​ခြင်း​ကို သတိပြုမိ​သောအခါ စာတန့်​အဖွဲ့အစည်း​တွင် ကျွန်ုပ်​တို့​မပါဝင်​သည့်​အတွက် တကယ်​ကျေးဇူး​တင်စရာ​ပင်! ယေဟောဝါ​၏​အဖွဲ့အစည်း​အတွင်း ဝိညာဉ်​ရေး​လုံခြုံမှု​ရရှိ​နေခြင်း​သည် မည်မျှ​အခွင့်ထူးပါ​တကား!

၁၁။ ၁၉၃၁ ခုနှစ်​တွင် ဘုရားသခင့်​လူမျိုးတော်သည် ကျမ်းစာ​ဆိုင်ရာ အဘယ်​နာမည်​ကို ခံယူ​ခဲ့​ကြ​သနည်း။

၁၁ ၁၉၃၁ ခုနှစ် အိုဟိုင်အို၊ ကိုလမ်ဘတ်စ်​မြို့ စည်းဝေးကြီး​တွင် ဟေရှာယ ၄၃:၁၀-၁၂ ၏​သက်ဆိုင်ပုံ​ကို လျော်​ကန်​စွာ​ရှင်းပြ​ခဲ့​သည်။ ကျမ်းစာ​ကျောင်းသား​များသည် ယေဟောဝါသက်သေ​များ​ဟူသော ခွဲခြား​သိမှတ်​စေသော​နာမည်​ကို ခံယူ​ခဲ့​ကြသည်။ အခြားသူများ​ပါ ကယ်တင်​ခံရ​ဖို့​အလို​ငှာ ဘုရားသခင့်​နာမတော်​ကို လူသိရှင်ကြား​သိရှိ​စေ​ခွင့်​ရခြင်း​သည် တကယ်​ထူးမြတ်​သော​အခွင့်အရေး​ပင်!—ဆာလံ ၈၃:၁၈; ရောမ ၁၀:၁၃

၁၂။ ၁၉၃၅ ခုနှစ်​တွင် ကြီးစွာ​သော​လူအုပ်ကြီး​နှင့်​ပတ်သက်သော အဘယ်​ဝိညာဉ်​ရေး​ထွန်းလင်း​မှု​ကို ပေး​ခဲ့​သနည်း။

၁၂ ၁၉၃၀ ပြည့်လွန်​နှစ်များ​မတိုင်မီ​က ယေဟောဝါ​၏​လူမျိုးများ​စွာ​သည် ၎င်းတို့၏​အနာဂတ်​အသက်တာ​မျှော်လင့်ချက်​နှင့်​ပတ်သက်​၍ မသေ​မ​ချာ​ဖြစ်​ခဲ့​ကြသည်။ အချို့​က ကောင်းကင်​အသက်တာကို တွေးတော​ခဲ့​ကြသော်လည်း မြေကြီး​ပရဒိသု​နှင့်​ပတ်သက်သော ကျမ်းစာ​သွန်သင်ချက်​များ​ကို စိတ်ဝင်စား​ခဲ့​ကြသည်။ ၁၉၃၅ ခုနှစ် ဝါ​ရှင်​တန်၊ ဒီ.စီ. စည်းဝေးကြီး​တွင် ကြားသိ​ရသော စိတ်​လှုပ်ရှား​စ​ရာ​သတင်းမှာ ဗျာဒိတ်ကျမ်း​အခန်းကြီး ၇ ပါ​မြောက်မြားစွာ​သော​လူများ၊ သို့​မဟုတ် လူအုပ်ကြီးသည် မြေကြီး​မျှော်လင့်ချက်​ရှိသော မြေကြီး​အတန်းအစား​ဖြစ်သည်​ဆို​သော​အချက်​ပင်။ ထို​အချိန်​ကတည်းက လူအုပ်ကြီးသည် အကြီးအကျယ်​စုသိမ်း​ခံ​နေရ​၏။ လူအုပ်ကြီးသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့အတွက် နက်နဲရာ​မဟုတ်သောကြောင့် တကယ်​ကျေးဇူး​တင်စရာ​မဟုတ်ပေ​လော။ လူ​အမျိုးအနွယ်​ခပ်သိမ်း​မှ ဘာသာ​စကား​အမျိုးမျိုး​ပြော​သော လူများ​ကို အကြီးအကျယ်​စုသိမ်း​နေသည့် အဖြစ်မှန်​က ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့် ရင်ပေါင်တန်း​လိုက်လျှောက်​နေဖို့ ကျွန်ုပ်​တို့၏​ခြေလှမ်း​ကို ပို​မြန်​စေရန် လှုံ့ဆော်ပေး​ပါ​သည်။

၁၃။ ၁၉၄၁ ခုနှစ် စိန့်​လူး​ဝ​စ္စ​တွင်​ကျင်းပ​သော စည်းဝေးကြီး​၌ အဘယ်​အရေးကိစ္စ​ကြီး​တစ်ခု​ကို ပေါ်လွင်​စေ​ခဲ့​သနည်း။

၁၃ ၁၉၄၁ ခုနှစ်၊ မစ်ဆူရီ​ပြည်နယ် စိန့်​လူး​ဝ​စ္စ​မြို့တွင်​ကျင်းပ​ခဲ့​သော စည်းဝေးကြီး​၌ လူ့​အဖွဲ့အစည်း အာရုံစိုက်​သင့်​သော အရေးကိစ္စ​ကြီး​တစ်ခု​ကို ပေါ်လွင်​စေ​ခဲ့​သည်။ စကြဝဠာ​အုပ်စိုးမှု သို့​မဟုတ် ပိုင်သ​အုပ်ချုပ်မှု အရေးကိစ္စ​တည်း။ ဤ​အရေးကိစ္စကို မကြာမီ​ဖြေရှင်း​ရတော့မည်​ဖြစ်​ပြီး ယင်းကို​ဖြေရှင်းဖို့ ကြောက်မက်​ဖွယ်​ရာ​နေ့ကြီး​သည် အလျင်အမြန်​ရောက်လာ​မည်​ဖြစ်သည်! ၁၉၄၁ ခုနှစ်​တွင် ဘုရားသခင့်​ပိုင်သ​အုပ်စိုးမှု​နှင့်​ပတ်သက်ပြီး ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ မည်သည့်​အနေအထား​ရှိကြောင်းကို ဖော်ပြ​ခွင့်​ပေး​သော သမာဓိ​စောင့်သိမှု အရေးကိစ္စကို​လည်း ပေါ်လွင်​စေ​ခဲ့​သည်။

၁၄။ ၁၉၅၀ ပြည့်နှစ်​အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီး​တွင် ဟေရှာယ ၃၂:၁၊ ၂ တွင်​ဖော်ပြ​ထားသော မင်းသားများ​နှင့်​ပတ်သက်​၍ အဘယ်အရာ​သိရှိ​ရသနည်း။

၁၄ ၁၉၅၀ ပြည့်နှစ်၊ နယူးယောက်​မြို့တွင်​ကျင်းပ​သော အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​၌​မူ ဆာလံ ၄၅:၁၆ ပါ မင်းသား​မှူးမတ်များ​ကို တိတိကျကျ​ခွဲခြား​သိမြင်​စေ​ခဲ့​သည်။ ညီအစ်ကို ဖရက်ဒရစ်​ခ် ဖရန့်​ဇ်​က ယင်း​အကြောင်း​နှင့် မြေကြီး​သစ်​ဆိုင်ရာ​မင်းသား​မှူးမတ်များ​သည် ကျွန်ုပ်​တို့​အလယ်တွင်​ရှိကြောင်း ရှင်းပြ​သောအခါ အမှန်ပင်​စိတ်​တက်ကြွ​ခဲ့​ကြသည်။ ထို​စည်းဝေးကြီး​နှင့် နောက်ပိုင်း​ကျင်းပ​သော​စည်းဝေးများ​တွင် ဝိညာဉ်​ရေး​အလင်း အကြီးအကျယ်​ထွန်းလင်း​ခဲ့​သည်။ (ဆာလံ ၉၇:၁၁) ကျွန်ုပ်​တို့၏​လမ်း​သည် “တက်​သော​အရုဏ်​ကဲ့သို့​ဖြစ်၍ နေ​ထွက်​သည်​တိုင်အောင် တိုးပွား​ထွန်းလင်း” နေသည်​ဖြစ်​ရာ မည်မျှ​ကျေးဇူး​တင်စရာ​ပါ​တကား!

ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် တိုးပွားခြင်း

၁၅၊ ၁၆။ (က) ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​မည်သို့​ရှေ့ကို​တိုးတက်​ခဲ့​သနည်း။ (ခ) မကြာသေးမီ ဆယ်စုနှစ်​များ​၌ အဘယ်​စာအုပ်စာတမ်း​များသည် ခရစ်ယာန်​ဓမ္မ​အမှု​အတွက် တွန်းအား​ပေး​မှု​ဖြစ်​ခဲ့​သနည်း။

၁၅ ယေဟောဝါ​၏​အဖွဲ့အစည်း​တိုးတက်​ခဲ့​သော ဒုတိယ​နည်း​မှာ ကျွန်ုပ်​တို့၏​အဓိက​လုပ်ငန်း​ဖြစ်သော နိုင်ငံတော်​သတင်း​ဟောပြောခြင်း၊ တပည့်​ဖြစ်စေ​ခြင်း​နှင့် ပတ်သက်​သည်။ (မဿဲ ၂၈:၁၉၊ ၂၀; မာကု ၁၃:၁၀) ဤ​လုပ်ငန်း​ပြီးမြောက်​အောင်မြင်​ရန်​အတွက် အဖွဲ့အစည်း​သည် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို​တိုးချဲ့​ဖို့ အရေးကြီးကြောင်း ကျွန်ုပ်​တို့အား အမြဲ​သတိပေး​ခဲ့​သည်။ ၁၉၂၂ ခုနှစ်​တွင် ခရစ်ယာန်​တိုင်း ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ကြ​ရန် တိုက်တွန်း​ခံ​ခဲ့​ကြ​ရသည်။ တစ်ဦးစီ​အနေ​နှင့် အလင်း​ကို​ထွန်းလင်း​ဖို့​တာဝန်​ရှိပြီး ယင်း​သို့​အားဖြင့် အမှန်တရားကို​သက်သေခံခြင်း​တွင် ကိုယ်တိုင်​ကိုယ်​ကျ​ပါဝင်​ကြဖို့​ဖြစ်သည်။ (မဿဲ ၅:၁၄-၁၆) တနင်္ဂနွေ​နေ့ကို လယ်ကွင်း​နေ့​အဖြစ်​သတ်မှတ်​ရန် ၁၉၂၇ ခုနှစ်​တွင် စီစဉ်​ခဲ့​ကြသည်။ ၁၉၄၀ ဖေဖော်ဝါရီ​လ​မှ​စ၍ စီးပွားရေး​ရပ်ကွက်​လမ်းများ​ပေါ်​တွင် ကင်းမျှော်စင်​နှင့် နှစ်သိမ့်မှု (ယခု နိုးလော့!) စာစောင်​များ​ကို​ဝေငှ​သက်သေခံခြင်း​သည် ပုံမှန်​ဖြစ်လာ​ခဲ့​သည်။

၁၆ ၁၉၃၇ ခုနှစ်​တွင် စံပြ​သင်အံမှု​စာအုပ်​ငယ်​ကို​ထုတ်ဝေ​ခဲ့​ပြီး အခြားသူများ​အား ကျမ်းစာ​သမ္မာတရား​သင်ပေး​ရန်​အ​လို့​ငှာ ပြန်လည်ပတ်မှု​များ​လုပ်ဖို့​လို​ကြောင်း အလေးပေး​ဖော်ပြ​ခဲ့​သည်။ ယင်း​နှစ်များ​နောက်ပိုင်း​တွင် ကျမ်းစာ​သင်အံမှု​လုပ်ငန်း​ကို အကြီးအကျယ်​အလေးပေး​ဖော်ပြ​ခဲ့​သည်။ ၁၉၄၆ ခုနှစ်​တွင် “ဘုရားသခင်​သစ္စာတော်​တည်စေ​သတည်း” စာအုပ်​နှင့် ၁၉၆၈ ခုနှစ်​တွင် ထာဝရ​အသက်​သို့​ပို့ဆောင်သော သမ္မာတရား​စာအုပ်​များ​ကို ထုတ်ဝေ​ပေး​ခဲ့​ရာ ခရစ်ယာန်​ဓမ္မ​အမှု​၏ ဤ​ကဏ္ဍ​အတွက် တွန်းအား​ရလာ​ခဲ့​သည်။ လောလောဆယ်တွင် ထာဝရ​အသက်ကို​ရစေသော​အသိပညာ​စာအုပ်​ကို ကျွန်ုပ်​တို့​အသုံးပြု​နေကြပါ​သည်။ ထို​တွင်​ပါ​သော​အကြောင်းအရာများ​သည် တပည့်​ဖြစ်စေ​ခြင်း​အတွက် ကျမ်းစာ​ဆိုင်ရာ​အုတ်မြစ်​ကောင်း​ချပေး​ပါ​သည်။

အဖွဲ့အစည်း​ဆိုင်ရာ ပြုပြင်​ပြောင်းလဲချက်​များနှင့်​အတူ တိုးတက်ခြင်း

၁၇။ ဟေရှာယ ၆၀:၁၇ နှင့်​အညီ ယေဟောဝါ​၏​အဖွဲ့အစည်း​သည် မည်သို့​ရှေ့ကို​တိုး​ခဲ့ပြီ​နည်း။

၁၇ ယေဟောဝါ​၏​အဖွဲ့အစည်း​တိုးတက်မှု တတိယ​ကဏ္ဍ​ကား အဖွဲ့အစည်း​ဆိုင်ရာ ပြုပြင်​ပြောင်းလဲချက်​များနှင့် သက်ဆိုင်​ပါ​သည်။ ဟေရှာယ ၆၀:၁၇ အရ ယေဟောဝါ ဤသို့​ကတိပြု​ထား​သည်– “ကြေးဝါ​အရာ​၌​ရွှေ​ကိုလည်း​ကောင်း၊ သံ​အရာ​၌ ငွေ​ကိုလည်း​ကောင်း၊ သစ်သား​အရာ​၌ ကြေးဝါ​ကိုလည်း​ကောင်း၊ ကျောက်​အရာ​၌ သံ​ကိုလည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အရာရှိ​တို့ကို ငြိမ်သက်​သော​သဘော၊ အခွန်ခံတို့​ကို ဖြောင့်မတ်​သော​သဘော​နှင့်​ပြည့်စုံ​စေမည်။” ဤ​ပရောဖက်ပြုချက်​နှင့်​အညီ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​နှင့် သိုးတော်စု​ထိန်းကျောင်း​ခြင်း​ကို ပို​၍​ကောင်းစွာ​ကြီးကြပ်​ဖို့ စီစဉ်​ခဲ့​ကြသည်။

၁၈၊ ၁၉။ နှစ်များ​တစ်လျှောက် အဖွဲ့အစည်း​ဆိုင်ရာ အဘယ်​ပြုပြင်​ပြောင်းလဲမှု​များ​ရှိခဲ့​သနည်း။

၁၈ ၁၉၁၉ ခုနှစ်​တွင် လယ်ကွင်း​လုပ်ငန်း​ကို​ကြီးကြပ်​ကွပ်ကဲ​ရန် အသင်းတော်​တစ်ခုစီ​အတွက် လုပ်ငန်းတော်​ဒါရိုက်တာ​တစ်ယောက်ကို ခန့်အပ်​ခဲ့​သည်။ ယင်းက လယ်ကွင်းတွင် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​အတွက် တွန်းအား​ပေး​မှု​ဖြစ်​ခဲ့​သည်။ ၁၉၃၂ ခုနှစ်​တွင် အကြီးအကဲ​များနှင့် သင်းထောက်​များ​ကို မဲ​စနစ်​ဖြင့်​ရွေးကောက်​ခြင်း​အား ရပ်ဆိုင်း​လိုက်​ကာ ဒီမိုကရက်တစ်​နည်းလမ်းများ​မှ ခွဲထွက်​ခြင်း​ကို​မှတ်သား​သည့်​နှစ်​ဖြစ်သည်။ အသင်းတော်​အမှုထမ်း​အားလုံး​ကို အသင်းမ​က စတင်​ခန့်အပ်​ခဲ့​သော ၁၉၃၈ ခုနှစ်​တွင် နောက်ထပ်​သမိုင်း​မှတ်တိုင်​တစ်ခု​စိုက်ထူ​ခဲ့​ရာ အစောပိုင်း​ခရစ်ယာန်​အသင်းတော်​ရှိ သီအိုကရက်တစ်​ခန့်အပ်​မှု​အစီအစဉ်များ​နှင့် ပို​ပြီး​စေ့စေ့စပ်စပ်​ကိုက်ညီ​လာ​သည်။ (တမန်​တော် ၁၄:၂၃; ၁ တိမောသေ ၄:၁၄) ၁၉၇၂ ခုနှစ်​တွင် ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ကို အစောပိုင်း​ခရစ်ယာန်​များ​အလယ်​ရှိ အမျိုးသားများ​ကဲ့သို့ အမှုထမ်း​ရန် ခန့်အပ်​ခံ​ခဲ့​ကြ​ရသည်။ အသင်းတော်​တစ်ခု​တွင် ကြီးကြပ်မှူး​တစ်ဦးတည်း အမှုထမ်း​မည့်​အစား ကြီးကြပ်မှူး​များ​အတွက် ကျမ်းစာ​တောင်းဆိုချက်​များ​ကို ပြည့်မီ​သူများ​သည် အကြီးအကဲအဖွဲ့​ဖြစ်​ကြောင်း ဖိလိပ္ပိ ၁:၁၊ ၂ နှင့်အတူ အခြား​ကျမ်းချက်​များ​က ဖော်ပြ​သည်။—တမန်​တော် ၂၀:၂၈; ဧဖက် ၄:၁၁၊ ၁၂

၁၉ ၁၉၇၅ ခုနှစ်​တွင် ဘုရားသခင့်​အဖွဲ့အစည်း​၏ ကမ္ဘာချီ​လုပ်ငန်းဆောင်တာ​များ​ကို အုပ်ချုပ်ရေး​အဖွဲ့​ကော်မတီ​များ​က ကြီးကြပ်​ရန် အစီအစဉ်​တစ်ခု​စတင်​ခဲ့​သည်။ နယ်မြေ​ဒေသ​အသီးသီး​ရှိ လုပ်ငန်း​ကို​ကြီးကြပ်​ဖို့ ဌာနခွဲ​ကော်မတီ​များ​ကို ခန့်အပ်​ခဲ့​သည်။ ထို​အချိန်​ကတည်းက “သာ၍​အရေးကြီးသော​အရာများ​ကို . . . သေချာ​စွာ​သိ” နိုင်​ရန်​အတွက် ကင်းမျှော်စင်​ဌာနချုပ်​နှင့် ဌာနခွဲ​များ​တွင် အလုပ်များ​ကို ပို​လွယ်ကူ​စေရန် ဂရုတစိုက်​စီစဉ်​ခဲ့​ကြသည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀က​ဘ) ခရစ်တော်​၏ လက်ထောက်​သိုးထိန်း​များ​ထမ်း​ရသော တာဝန်​များ​တွင် ဧဝံဂေလိ​လုပ်ငန်း​ကို ဦးဆောင်​ခြင်း၊ အသင်းတော်တွင် သင်ကြား​ပေးခြင်း​နှင့် ဘုရားသခင့်​သိုးတော်စု​ကို ကောင်းစွာ​ထိန်းကျောင်း​ပေးခြင်း ပါဝင်​သည်။—၁ တိမောသေ ၄:၁၆; ဟေဗြဲ ၁၃:၇၊ ၁၇; ၁ ပေတရု ၅:၂၊ ၃

ယေရှု၏​တက်ကြွ​သော​ဦးဆောင်မှု

၂၀။ ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့်အတူ ရင်ပေါင်တန်း​လျှောက်လှမ်း​နေ​ရန် ယေရှု၏​အနေအထား​နှင့်​ပတ်သက်​၍ အဘယ်အရာကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ရန် လို​သနည်း။

၂၀ ယေဟောဝါ​၏​တိုးတက်​နေသော​အဖွဲ့အစည်း​နှင့်အတူ ရင်ပေါင်တန်း​လျှောက်လှမ်း​နေဖို့ ‘အသင်းတော်​၏​ဦးခေါင်း’ အဖြစ် ယေရှုခရစ်​၏ ဘုရားသခင်​ပေး​အခန်းကဏ္ဍကို ကျွန်ုပ်​တို့ အသိအမှတ်ပြု​ဖို့​လို​ပါ​သည်။ (ဧဖက် ၅:၂၂၊ ၂၃) ဟေရှာယ ၅၅:၄ ကိုလည်း​သတိပြု​ထိုက်​ရာ၊ ယင်း​တွင်​ကျွန်ုပ်​တို့အား ဤသို့​ဆို​ထား​သည်– “ကြည့်ရှု​လော့။ ထို​သူကို . . . ဆရာ​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ စီရင်​အုပ်စိုး​သော​အရှင်ဖြစ်​စေခြင်း​ငှာ​လည်းကောင်း လူမျိုး​တို့အား​ငါ [ယေဟောဝါ] ပေး​ပြီ။” မည်သို့​ဦးဆောင်​ရမည်ကို ယေရှု​အသေအချာ​သိထား​၏။ ကိုယ်တော်​သည် သူ၏​သိုးများ​နှင့် သူတို့၏​ဆောင်ရွက်ချက်​များ​ကိုလည်း​သိ​၏။ အာရှမိုင်းနား​ရှိ အသင်းတော်​ခု​နစ်​ခု​ကို ကိုယ်တော်​စစ်ဆေး​သောအခါ ငါး​ကြိမ် ဤသို့​ဆို​ခဲ့​သည်– “သင်​အကျင့်​ကျင့်​ခြင်း . . . ကို​ငါ​သိ​၏။” (ဗျာဒိတ် ၂:၁၊ ၁၉; ၃:၁၊ ၈၊ ၁၅) ယေရှုသည်​လည်း ခမည်းတော်​ယေဟောဝါ​ကဲ့သို့ ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ​ကို​သိပါ​သည်။ စံ​ပြု​ဆုတောင်းချက်​ကို မဖော်​ပြ​မီ ယေရှု​ဤသို့​ပြော​ခဲ့​သည်– “သင်တို့​အလိုရှိ​သမျှ​တို့ကို သင်တို့​မ​တောင်း​မီ သင်တို့​အဘ​သိတော်မူ၏။”—မဿဲ ၆:၈-၁၃

၂၁။ ခရစ်ယာန်​အသင်းတော်တွင် ယေရှု၏​ဦးဆောင်မှု မည်သို့​ထင်ရှား​သနည်း။

၂၁ ယေရှု​ဦးဆောင်​နေကြောင်း မည်သို့​ထင်ရှား​သနည်း။ တစ်နည်း​မှာ “လူ့​အသွင်​ဆုလာဘ်များ” ဖြစ်သော ခရစ်ယာန်​ကြီးကြပ်မှူး​များ​အားဖြင့် ဖြစ်သည်။ (ဧဖက် ၄:၈က​ဘ) ဘိသိက်ခံ​ကြီးကြပ်မှူး​များသည် ခရစ်တော်​၏​လက်ယာလက်၊ ကိုယ်တော်​၏​ထိန်းချုပ်မှု​အောက်တွင်​ရှိကြောင်း ဗျာဒိတ် ၁:၁၆ က​ဖော်ပြ​သည်။ ယနေ့ အဆိုပါ​အမျိုးသားများသည် ကောင်းကင်​ဆိုင်ရာ​မျှော်လင့်ချက်​ရှိသည်​ဖြစ်စေ၊ မြေကြီးဆိုင်ရာ​မျှော်လင့်ချက်​ရှိသည်​ဖြစ်စေ အကြီးအကဲ​များ​အတွက်​အစီအစဉ်ကို ယေရှု​ညွှန်ကြား​လျက်​ရှိသည်။ ရှေ့​ဆောင်းပါး​တွင် ရှင်းပြ​ထား​သကဲ့သို့ သူတို့သည် ကျမ်းစာ​တောင်းဆိုချက်​များနှင့်​အညီ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​ခန့်အပ်​ခြင်း​ကို ခံရ​ကြသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ပထမ​ရာစု​တွင် ယေရုရှလင်​မြို့ရှိ အသက်ကြီးသူ​အုပ်စု​ကို အသင်းတော်များ​နှင့် ယေဘုယျ​အားဖြင့် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို​ကြီးကြပ်​သည့် အုပ်ချုပ်ရေး​အဖွဲ့​တစ်ဖွဲ့​အဖြစ် ဖွဲ့စည်း​ခဲ့​သည်။ ယနေ့ ယေဟောဝါ​၏​အဖွဲ့အစည်း​သည် ထပ်တူ​ပုံစံ​ကို​လိုက်လျှောက်ပါ​သည်။

ရင်ပေါင်တန်း​လျှောက်လှမ်း​နေလော့!

၂၂။ အုပ်ချုပ်ရေး​အဖွဲ့​သည် အဘယ်​အကူအညီကို ပြင်ဆင်​ပေး​သနည်း။

၂၂ မြေကြီးပေါ် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​သည် ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ကို​ယ်​စား​ပြုသော ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ ကို​အပ်နှင်း​ထား​ပါ​သည်။ (မဿဲ ၂၄:၄၅-၄၇) အုပ်ချုပ်ရေး​အဖွဲ့​သည် ခရစ်ယာန်​အသင်းတော်​အတွက် ဝိညာဉ်​ရေး​သွန်သင်မှု​နှင့် ညွှန်ကြားမှု​ပေးခြင်း​ကို အဓိက​အလေးထား​ခဲ့​သည်။ (တမန်​တော် ၆:၁-၆) သို့ရာတွင် သဘာဝဘေးဒဏ်​များ​ကို ဝတ်ပြုသူချင်း​များ​ကြုံ​ရသောအခါ အုပ်ချုပ်ရေး​အဖွဲ့​သည် ကယ်ဆယ်​ရေး​ဆောင်ရွက်ရန်​နှင့် ပျက်စီး​သွားသော​အိမ်များ၊ ဘုရားသခင်​နိုင်ငံတော်​ခန်းမ​များ​ကို​ပြုပြင်​ဆောက်လုပ်​ပေး​ရန် တရားဝင်​အသုံးခံ​ကိရိယာ​တစ်ခု သို့​မဟုတ် ထို​ထက်မက​ကို တောင်းဆို​သည်။ တစ်စုံတစ်ရာ​သော​ခရစ်ယာန်​များသည် ကြမ်းတမ်း​ခက်ထန်​စွာ​ပြုမူ​ခံရ​လျှင် သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်း​ခံရ​လျှင် သူတို့ကို​ဝိညာဉ်​ရေး​အရ တည်ဆောက်​ပေး​ရန် စီစဉ်​ကြသည်။ သို့​နှင့် ‘ခဲယဉ်း​ကျပ်တည်း​သော​ကာလ​၌’ ဟောပြောခြင်း​လုပ်ငန်း​ဆက်လက်​တိုးတက်​နေ​ရန် အ​ဘက်​ဘက်​မှ​ကြိုးစား​ကြသည်။—၂ တိမောသေ ၄:၁၊ ၂

၂၃၊ ၂၄။ မိမိ​လူမျိုးတော်အပေါ် မည်သည့်​အခြေအနေ​မဆို​ကျရောက်​ပါစေ အဘယ်အရာကို ယေဟောဝါ​အဆက်မပြတ်​ပြင်ဆင်​ပေး​သနည်း၊ ကျွန်ုပ်​တို့၏​သန္နိ​ဋ္ဌာန်​ကား မည်သို့​ဖြစ်​သင့်​သနည်း။

၂၃ ကိုယ်တော်​၏​လူမျိုးအပေါ် မည်သည့်​အခြေအနေ​မျိုး​မဆို​ကျရောက်​ပါစေ ယေဟောဝါ​သည် ဝိညာဉ်​ရေး​အစာ​နှင့် လိုအပ်သော​ညွှန်ကြားမှု​ကို အဆက်မပြတ်​စီစဉ်​ပေး​လျက်​ရှိသည်။ သီအိုကရက်တစ်​အဖွဲ့အစည်း​တွင် နောက်ထပ်​တိုးတက်မှု​နှင့် ပြုပြင်​ပြောင်းလဲမှု​များ​ကို​ပြင်ဆင်​ပေး​ရန် တာဝန်​ရှိ​ညီအစ်ကို​များ​ကို ပိုင်းခြား​သိမြင်မှု​နှင့် ထိုးထွင်း​မှုများ​ကိုလည်း ယေဟောဝါ​ပေး​ပါ​သည်။ (တရားဟောရာ ၃၄:၉; ဧဖက် ၁:၁၆၊ ၁၇) ကျွန်ုပ်​တို့၏​တပည့်​ဖြစ်စေ​ခြင်း​တာဝန်​ကို ကျေ​ပြွန်​ဖို့​နှင့် ကမ္ဘာချီ​ခရစ်ယာန်​ဓမ္မ​အမှုကို​ပြီးမြောက်​စေရန် ယေဟောဝါ​မပျက်​မ​ကွက်​စီစဉ်​ပေး​ပါ​သည်။—၂ တိမောသေ ၄:၅

၂၄ ယေဟောဝါ​သည် မိမိ၏​သစ္စာရှိ​လူမျိုးတော်ကို ဘယ်တော့​မျှ​စွန့်ပစ်​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​အကြွင်းမဲ့​စိတ်ချ​ကြ​ပါ​သည်; ကိုယ်တော်​သည် လာ​မည့် “ကြီးစွာ​သော [ဆင်းရဲခြင်း]” မှ သူတို့ကို​ကယ်နုတ်​ပါ​လိမ့်​မည်။ (ဗျာဒိတ် ၇:၉-၁၄; ဆာလံ ၉၄:၁၄; ၂ ပေတရု ၂:၉) ကနဦး​က ကျွန်ုပ်​တို့​၌​ရှိခဲ့​သော ယုံကြည်​စိတ်ချမှု​ကို အဆုံး​ထိ​ဆက်​ရှိစေဖို့ အကြောင်း​ခိုင်လုံ​ပါ​သည်။ (ဟေဗြဲ ၃:၁၄) ထို့​ကြောင့် ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့်​တူ ရင်ပေါင်တန်း​လျှောက်လှမ်း​နေဖို့ စိတ်ပိုင်းဖြတ်​ထား​ကြ​စို့​လေ။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​၏​အဖွဲ့အစည်း​သည် ရှေ့သို့​ဆက်လက်​တိုး​နေသည်​ဟု ကျွန်ုပ်​တို့​အဘယ်ကြောင့် ဆိုနိုင်​သနည်း။

• ဘုရားသခင့်​လူမျိုးတော်သည် အဆင့်ဆင့်​တိုးတက်​နေသော​ဝိညာဉ်​ရေး​ထွန်းလင်း​မှု​ကို ခံစား​လျက်​ရှိကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

• ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပိုမို​တိုးတက်မှု​များ မည်သို့ ရှိခဲ့​ပြီ​နည်း။

• ယေဟောဝါ​၏​ကျေးကျွန်​များ​အလယ်တွင် အဖွဲ့အစည်း​ဆိုင်ရာ​လုပ်ထုံး​လုပ်​နည်း​များ​၌ အဘယ်​အခန့်သင့်​ပြုပြင်​ပြောင်းလဲမှု​များ ပြု​ခဲ့ပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဒါဝိဒ်​ကဲ့သို့ ယေဟောဝါ​၏​အံ့ဖွယ်အမှု​အားလုံး​ကို ကျွန်ုပ်​တို့​မရေတွက်​နိုင်​ပါ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘုရားသခင့်​သိုးတော်စု​သည် အဖွဲ့အစည်း​ဆိုင်ရာ​လုပ်ထုံး​လုပ်​နည်း​များ​တွင် အခန့်သင့်​ပြုပြင်​ပြောင်းလဲမှု​များ​မှ အကျိုး​ရရှိခဲ့