မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီအိုကရက်တစ်နည်းလမ်းအရ ခန့်အပ်ခံရသော ကြီးကြပ်မှူးများနှင့် ဓမ္မအမှုထမ်းများ

သီအိုကရက်တစ်နည်းလမ်းအရ ခန့်အပ်ခံရသော ကြီးကြပ်မှူးများနှင့် ဓမ္မအမှုထမ်းများ

သီအိုကရက်တစ်​နည်းလမ်း​အရ ခန့်အပ်​ခံရ​သော ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ

ကိုယ်ကို​သတိ​နှင့်​ကြည့်ရှု​ကြလော့။ . . . သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့ကို​အ​အုပ်​အချုပ်​ခန့်​ထား​တော်​မူ​သော သိုးစု​တစ်စုလုံး​ကိုလည်း သတိ​နှင့်​ကြည့်ရှု​ကြလော့။”—တမန်​တော် ၂၀:၂၈

၁၊ ၂။ ဟေရှာယ ၆၀:၂၂ သည်​မည်သို့​ပြည့်စုံ​နေသနည်း။

ဆုံးခန်း​ကာလ​၌ ထူးခြားသော​အရာတစ်ခု​ဖြစ်ပျက်​မည်​အကြောင်း ကြာမြင့်စွာ​ကတည်းက ယေဟောဝါ​တင်ကူး​မိန့်မြွက်​ခဲ့​သည်။ ယင်းကို ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ဤသို့​ဆို​ခဲ့​သည်“သူငယ်​တစ်ယောက်​သည် လူ​တစ်ထောင်​ဖြစ်​ရ​လိမ့်​မည်။ အားနည်း​သော​သူ​တစ်ယောက်​သည် အား​ကြီးသော​လူမျိုး​ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာဝရ​ဘုရား​သည် အချိန်​ရောက်​လျှင် ထို​အမှုကို​နှိုးဆော်​မည်။”—ဟေရှာယ ၆၀:၂၂

ဤ​ပရောဖက်ပြုချက်​သည် ယနေ့​ပြည့်စုံ​နေကြောင်း အထောက်အထား​ရှိပါ​သလော။ အမှန်​ရှိပါ​သည်! ၁၈၇၀ ပြည့်လွန်​နှစ်များ​အတွင်း ယေဟောဝါ​လူမျိုးတော်​၏​အသင်းတော်​တစ်ခု​ကို အမေရိကန်​ပြည်ထောင်စု၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ အ​လ​ဂေ​နီ​တွင် ဖွဲ့စည်း​ခဲ့​သည်။ အဆိုပါ သေးငယ်သော​အစပြု​မှု​မှ ထောင်နှင့်ချီ​သော​အသင်းတော်များ​သည် အနှံ့အပြား​ပေါ်ပေါက်​လာ​ခဲ့​ပြီး ကမ္ဘာ​တစ်ဝန်း​တွင် ဖြစ်ထွန်း​အောင်မြင်​လျက်​ရှိသည်။ သန်းနှင့်ချီ​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ—အား​ကြီးသော​လူမျိုး—ကို ယခု​အခါ ကမ္ဘာ​တစ်ဝန်း နိုင်ငံ​ဒေသ ၂၃၅ ကျော်​တွင် အသင်းတော် ၉၁,၀၀၀ ကျော်​ဖြင့်​ပေါင်းသင်း​ဖွဲ့စည်း​လျက်​ရှိ၏။ ယင်းက ယခု​အလွန်​နီးကပ်​နေပြီ​ဖြစ်သော “ကြီးစွာ​သော [ဆင်းရဲခြင်း]” မဖြစ်​ပျက်​မီ ယေဟောဝါ​သည် စစ်မှန်သော​ဝတ်ပြုသူ​များ​ကို အရှိန်အဟုန်​မြှင့်​လျက်​စုသိမ်း​နေကြောင်း အတည်ပြု​ခိုင်မာ​စေ​သည်​မှာ သံသယ​ရှင်း​ပါ​သည်။—မဿဲ ၂၄:၂၁; ဗျာဒိတ် ၇:၉-၁၄

၃။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” နှစ်ခြင်း​ခံ​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

ယေဟောဝါ​ထံ ကိုယ်တိုင်​ကိုယ်​ကျ​ဆက်ကပ်​အပ်နှံ​ပြီး ယေရှု၏​သွန်သင်ချက်​များနှင့်​အညီ​ပြုပြီး​နောက် ဤ​သန်းနှင့်ချီ​သော​လူများ​သည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ (မဿဲ ၂၈:၁၉) ‘ခမည်းတော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​က ဤ​ဆက်ကပ်​အပ်နှံသူ​များသည် ယေဟောဝါ​အား မိမိတို့၏​ကောင်းကင်​ခမည်းတော်​နှင့် အသက်​ပေးရှင်​အဖြစ်​အသိအမှတ်​ပြုပြီး ကိုယ်တော့်​စကြဝဠာ​အချုပ်အခြာ​ပိုင်သ​အုပ်စိုးမှု​ကို လက်အောက်ခံ​ကြောင်းကို ဆိုလို​သည်။ ‘သားတော်​၏​နာမ၌’ နှစ်ခြင်း​ခံ​ခြင်း​က သူတို့သည် ယေရှု​ခရစ်​အား မိမိတို့၏​ရွေးနုတ်ရှင်၊ ခေါင်းဆောင်​နှင့် ဘုရင်​အဖြစ်​ဝန်ခံ​သည်​ဟူသော အဓိပ္ပာယ်​သက်ရောက်​၏။ သူတို့သည် မိမိတို့၏​အသက်တာကို လမ်းညွှန်​ရာ​၌ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် သို့​မဟုတ် တက်ကြွ​လှုပ်ရှား​သည့်​စွမ်းအား​၏​ကဏ္ဍ​ကိုလည်း အသိအမှတ်ပြု​ကြသည်။ ယင်းက သူတို့သည် “သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌” နှစ်ခြင်း​ခံ​ခဲ့​ကြပြီ​ဖြစ်​ကြောင်းကို ဖော်ပြ​သည်။

၄။ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များ မည်သို့​ခန့်အပ်​ခံရ​ကြ​သနည်း။

၎င်း​တို့​နှစ်ခြင်း​ခံ​ချိန်​တွင် တပည့်​သစ်​များသည် ယေဟောဝါ​ဘုရားသခင်​၏​ဓမ္မ​အမှုဆောင်​များ​အဖြစ် ခန့်အပ်​ခံရ​ကြသည်။ သူတို့ကို မည်သူက ခန့်အပ်​သနည်း။ မူ​အရ ၂ ကောရိန္သု ၃:၅ [က​ဘ] တွင်​မှတ်တမ်း​တင်ထားသော​စကား​များသည် သူတို့နှင့်​သက်ဆိုင်​သည်“[ဓမ္မ​အမှုဆောင်​များ​အဖြစ်] ငါ​တို့​အရည်အချင်း​ပြည့်မီ​ရခြင်း​သည် ဘုရားသခင်​ထံ​တော်​မှ​ဖြစ်၏။” ယေဟောဝါ​ဘုရားသခင်​ကိုယ်တော်တိုင်​၏​ခန့်အပ်​ခံ​ခြင်း​ထက် သာ၍​ကြီးမားသော​ဂုဏ်​ကို သူတို့​မတောင့်တ​တော့​ပြီ! ၎င်း​တို့​နှစ်ခြင်း​ခံယူ​ပြီး​နောက် ဘုရားသခင့်​ဝိညာဉ်​တော်​၏​ဦးဆောင်မှု​များ​ကို သူတို့​လက်ခံ​ကာ ကိုယ်တော့်​စကားတော်​ကို ဆက်လက်​ကျင့်သုံး​နေသရွေ့ “သတင်းကောင်း” ၏​ဓမ္မ​အမှုဆောင်​များ​အဖြစ် ဝိညာဉ်​ရေး​အရ ဆက်လက်​ကြီးထွား​ကြ​ပါ​လိမ့်​မည်။—မဿဲ ၂၄:၁၄က​ဘ; တမန်​တော် ၉:၃၁

သီအိုကရက်တစ်—ဒီမိုကရက်တစ်​မဟုတ်သော—ခန့်အပ်​မှု

၅။ ခရစ်ယာန်​ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​သည် ဒီမိုကရက်တစ်​နည်းလမ်း​အရ ရွေးချယ်​ခံရ​ကြ​သလော။ ရှင်းပြပါ။

အရေအတွက်​တိုးများ​လျက်​ရှိသည့် တက်ကြွ​သော​ဓမ္မ​အမှုဆောင်​များ​၏​ဝိညာဉ်​ရေး​လိုအပ်ချက်​များ​ကို ကြည့်ရှု​ပေး​ရန်​အတွက် အရည်အချင်း​ပြည့်မီ​သော​ကြီးကြပ်မှူး​များနှင့် လုပ်ဆောင်​နိုင်စွမ်းရှိသော လက်ထောက်​ဓမ္မ​အမှုထမ်းများ​၏ ရင့်ကျက်သော​ဦးစီးမှု​လိုအပ်​သည်။ (ဖိလိပ္ပိ ၁:၁) အဆိုပါ​ဝိညာဉ်​ရေးရာ​အမျိုးသားများ​ကို မည်သို့​ခန့်အပ်​ကြ​သနည်း။ ခရစ်ယာန်ဘောင်​မှ ခန့်အပ်​သည့်​နည်း​များ​ကဲ့သို့​မဟုတ်​ချေ။ သာဓက​အနေ​ဖြင့် ခရစ်ယာန်​ကြီးကြပ်မှူး​များသည် အသင်းတော်​တစ်ခု​နှင့် ပေါင်းသင်း​ဖွဲ့စည်းထား​သော​လူအများစု​၏ မဲ​များ​ရရှိ​ခြင်း​အားဖြင့်​ဖြစ်သော ဒီမိုကရက်တစ်​နည်းလမ်း​အရ ရွေးချယ်​ခံရ​ကြ​ခြင်း​မဟုတ်ပါ။ ယင်းအစား ဤ​ခန့်အပ်​မှုများ​ကို သီအိုကရက်တစ်​နည်းလမ်း​အရ ပြုလုပ်​ကြသည်။ ယင်းက အဘယ်အရာကို​ဆိုလို​သနည်း။

၆။ (က) စစ်မှန်သော​သီ​အို​က​ရေ​စီ​ကား အဘယ်နည်း။ (ခ) ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ခန့်အပ်​မှု​သည် အဘယ်ကြောင့် သီအိုကရက်တစ်​ဖြစ်သနည်း။

ရိုးရိုးရှင်းရှင်း​ဆို​ရ​လျှင် စစ်မှန်သော​သီ​အို​က​ရေ​စီ​တစ်ခု​သည် ဘုရားသခင်​အုပ်ချုပ်မှု​ဖြစ်သည်။ ယေဟောဝါသက်သေ​များသည် စိတ်လို​ကိုယ်​လျောက် ကိုယ်တော့်​အုပ်ချုပ်မှု​ကို လက်အောက်ခံ​ကြ​ပြီး ဘုရားသခင့်​အလိုတော်​ဆောင်ရန် အတူတကွ​ပူးပေါင်း​ဆောင်ရွက်​ကြသည်။ (ဆာလံ ၁၄၃:၁၀; မဿဲ ၆:၉၊ ၁၀) ခရစ်ယာန်​ကြီးကြပ်မှူး​များ သို့​မဟုတ် အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်း​ခန့်အပ်​မှုများ​သည် သီအိုကရက်တစ်​ဖြစ်၏၊ အကြောင်း​မှာ အဆိုပါ​တာဝန်​ရှိ​အမျိုးသားများ​ကို ထောက်ခံ​ခြင်း​နှင့် ခန့်အပ်​ခြင်း​ကို သန့်ရှင်းသော​ကျမ်း​စာစောင်​များ​တွင် ဖော်ပြ​ထား​သည့် ဘုရားသခင့်​အစီအစဉ်​နှင့်​အညီ ဆောင်ရွက်​သောကြောင့်​ဖြစ်သည်။ ထို့​အပြင် “ခပ်သိမ်း​သော​သူတို့၏​အထွတ်” အနေ​နှင့် ယေဟောဝါ​သည် မိမိ၏​မျက်မြင်ရ​အဖွဲ့အစည်း​အား မည်သို့​လည်ပတ်​စေမည်​ကို ဆုံးဖြတ်​ပိုင်ခွင့်​ရှိသည်။—၁ ရာဇဝင်ချုပ် ၂၉:၁၁; ဆာလံ ၉၇:၉

၇။ ယေဟောဝါသက်သေ​များ​ကို မည်သို့​ကွပ်ကဲ​အုပ်ချုပ်​သနည်း။

ခရစ်ယာန်ဘောင်​ရှိ ဘာသာရေး​အုပ်စု​များစွာ​နှင့်​မတူဘဲ ယေဟောဝါသက်သေ​များသည် သူတို့​လုပ်ဆောင်မှု​အောက်​ရှိ ဝိညာဉ်​ရေး​အုပ်ချုပ်မှု​ပုံစံ​ကို မိမိတို့​ဘာသာ​မဆုံးဖြတ်​ကြ​ပါ။ ဤ​ရိုး​ဖြောင့်သော​ခရစ်ယာန်​များသည် ယေဟောဝါ​၏​စံနှုန်း​များနှင့် စွဲကပ်​နေ​ရန်​ကြိုးပမ်း​ကြသည်။ သူတို့တွင်​ရှိသော ကြီးကြပ်မှူး​များသည် တချို့သော အဆင့်ဆင့်​ဖွဲ့စည်း​သည့် အကြီးအမှူး​အဖွဲ့၊ အသင်းတော်​၏ အသက်ကြီးသူ​လူစု နှင့် အသင်းတော်​၏​ကိုယ့်​မှု​ရေး​ကိုယ်စီ​မံ​နည်း​စနစ်​ကျင့်သုံး​သည့် ချာ့ခ်ျ​အုပ်ချုပ်ရေး​ပုံစံ​ဖြင့် ရာထူး​ပေးအပ်​ခြင်း​မခံရ​ကြ​ပါ။ ဤ​ခန့်အပ်​မှုများ​ကို လောက​အစိတ်အပိုင်း​များ​က ကြားဝင်​စွက်ဖက်​ရန်​ကြိုးစား​ခဲ့​မည်​ဆိုလျှင် ယေဟောဝါ​၏​လူမျိုးတော်သည် လိုက်လျော​ရန်​ငြင်းဆို​ကြသည်။ စွဲစွဲမြဲမြဲ​ဖြင့် “လူ​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို​နားထောင်​သင့်​ပါ​၏” ဟု​ပြော​ခဲ့​ကြ​ချိန်​က ပထမ​ရာစု​ရှိ​တမန်​တော်​များ ဖော်ပြ​ခဲ့​ကြသော အနေအထား​ကို သူတို့​ထိန်းသိမ်း​ကြသည်။ (တမန်​တော် ၅:၂၉) သို့ဖြင့် သက်သေခံ​များသည် အရာရာ၌ မိမိတို့​ကိုယ်ကို ဘုရားသခင်​ထံ လက်အောက်ခံ​ကြသည်။ (ဟေဗြဲ ၁၂:၉; ယာကုပ် ၄:၇) သီအိုကရက်တစ်​လုပ်ထုံး​လုပ်​နည်းကို လိုက်လျှောက်ခြင်းက ဘုရားသခင့်​မျက်နှာသာ ရရှိစေ​သည်။

၈။ ဒီမိုကရက်တစ်​နှင့် သီအိုကရက်တစ်​လုပ်ထုံး​လုပ်​နည်း​များသည် မည်သို့​ခြားနား​သနည်း။

ကြီးမြတ်သော​သီ​အို​က​ရက် ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဒီမိုကရက်တစ်​နှင့် သီအိုကရက်တစ်​လုပ်ထုံး​လုပ်​နည်း​ကြား ခြားနား​ချက်​များ​ကို စိတ်ထဲ​ကောင်းစွာ​စွဲမှတ်​ထား​ကြသည်။ ဒီမိုကရက်တစ်​ဖြစ်​စဉ်​များသည် တန်းတူ​ညီမျှ​သော​ကိုယ်စားလှယ်​များ​လိုအပ်​ပြီး ရာထူး​အတွက် မဲ​ဆွယ်​ကင်ပိန်း​ပြုလုပ်ခြင်း​ဖြင့် လုပ်ဆောင်​လေ့​ရှိပြီး အများစု​၏​မဲ​ပေးခြင်း​ဖြင့် ရွေးချယ်​ကြသည်။ ထိုသို့​သော​လုပ်ထုံး​လုပ်​နည်း​များသည် သီအိုကရက်တစ်​ခန့်အပ်​ချက်​များ​တွင် မပါဝင်​ချေ။ ယင်းသည် လူ​တို့​ထံ​မှ​မဟုတ်; တရားဝင်​အသုံးခံ​ကိရိယာ​တစ်ခု​ထံ​မှ​လည်း မဟုတ်​ချေ။ သူ​ကိုယ်နှိုက်​ကို ယေရှု​နှင့် ယေဟောဝါ​တို့​က “တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော​တမန်​တော်” အဖြစ် ခန့်အပ်​ကြောင်း အထင်အရှား​ရည်​စောင်​၍ “လူ​နှင့်​မစပ်ဆိုင်၊ လူ​၏​အခွင့်​မရှိဘဲ​လျက်၊ ယေရှု​ခရစ်​၏​အခွင့်​နှင့်​လည်းကောင်း၊ ထို​သခင်​ကို သေခြင်း​မှ​ထမြောက်​စေတော်မူ​သော ခမည်းတော်​ဘုရားသခင်​၏​အခွင့်​နှင့်​လည်းကောင်း” ခန့်အပ်​ခံ​ခဲ့​ရ​ကြောင်း ဂလာတိ​မြို့သား​များ​ကို ပေါလု​ပြောဆို​ခဲ့​သည်။—ရောမ ၁၁:၃၃; ဂလာတိ ၁:၁

သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ခန့်အပ်​ချက်

၉။ ခရစ်ယာန်​ကြီးကြပ်မှူး​ခန့်အပ်​မှု​နှင့်​ပတ်သက်​၍ တမန်​တော် ၂၀:၂၈ က​မည်သို့​ဆို​ထား​သနည်း။

ဧဖက်​မြို့တွင် နေထိုင်​သော​ကြီးကြပ်မှူး​များသည် သန့်ရှင်းသော​ဝိညာဉ်​တော်​မှ​တစ်ဆင့် ဘုရားသခင်​ခန့်အပ်​ခြင်း​ဖြစ်​ကြောင်း သူတို့ကို ပေါလု​သတိပေး​ခဲ့​၏။ သူက ဤသို့​ပြော​ခဲ့​သည်“သင်တို့သည် ကိုယ်ကို​သတိ​နှင့်​ကြည့်ရှု​ကြလော့။ ဘုရားသခင်​သည် မိမိ [သားတော်] အသွေး​နှင့်​ဝယ်​တော်​မူ​သော​အသင်းတော်ကို လုပ်ကျွေး​စေခြင်း​ငှာ၊ သန့်ရှင်းသော​ဝိညာဉ်တော်သည် သင်တို့ကို​အ​အုပ်​အချုပ်​ခန့်​ထား​တော်​မူ​သော သိုးစု​တစ်စုလုံး​ကိုလည်း သတိ​နှင့်​ကြည့်ရှု​ကြလော့။။” (တမန်​တော် ၂၀:၂၈) သန့်ရှင်းသော​ဝိညာဉ်​တော်​၏​ဦးဆောင်မှု​ကို ဆက်လက်​ခံယူ​ရန်လို​အပ်သော ခရစ်ယာန်​ကြီးကြပ်မှူး​များသည် ဘုရားသခင့်​သိုးတော်စု​၏​သိုးထိန်း​များ​အဖြစ် ၎င်းတို့၏​တာဝန်​များ​ကို ဆောင်ရွက်​ကြသည်။ ခန့်အပ်​ခံ​တာဝန်ရ​ရှိ​ထား​သူ​တစ်ဦး​သည် ဘုရားသခင့်​စံနှုန်း​ကို မပြည့်မီ​တော့​ပါ​က အချိန်တန်လျှင် သူ၏​အနေအထား​မှ​ဖယ်ရှား​ရန် သန့်ရှင်းသော​ဝိညာဉ်​တော်​က လုပ်ဆောင်ပါ​လိမ့်​မည်။

၁၀။ သန့်ရှင်းသော​ဝိညာဉ်တော်သည် သီအိုကရက်တစ်​ခန့်အပ်​မှုများ​တွင် အရေးပါသည့်​အခန်းကဏ္ဍ​မှ မည်သို့​ပါဝင်​သနည်း။

၁၀ သန့်ရှင်းသော​ဝိညာဉ်တော်သည် အရေးပါသော​ကဏ္ဍ​တွင် မည်သို့​ပါဝင်​သနည်း။ ဦးဆုံး​အနေ​နှင့် ဝိညာဉ်​ရေး​ကြီးကြပ်မှု​အတွက် တောင်းဆိုချက်​များ​ကို​ဖော်ပြ​ထား​သည့်​မှတ်တမ်း​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် မှုတ်သွင်းခံ​ရ၏။ တိမောသေ​နှင့် တိတု​တို့​ထံ​ရေး​သော ပေါလု​၏​စာ​တွင် ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ပြည့်မီ​ရမည့် စံနှုန်း​များ​ကို ဖော်ပြ​ထား​သည်။ တောင်းဆိုချက်​ပေါင်း ၁၆ ခု​ခန့်​ကို​သူ​ဖော်ပြ​ခဲ့​သည်။ သာဓက​အနေ​ဖြင့် ကြီးကြပ်မှူး​များသည် အပြစ်တင်​ခွင့်​နှင့်​ကင်းလွတ်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ၊ ကောင်းသော​သတိရှိ​သော​သူ၊ လျောက်ပတ်​စွာ​ကျင့်​သော​သူ၊ ဧည့်သည်​ဝတ်​ကို​ပြု​တတ်သော​သူ၊ ဆုံးမ​သွန်သင်​တတ်သော​သူနှင့် အိမ်ထောင်ဦးစီး​များ​အဖြစ် ပုံသက်သေ​ကောင်း​သူ​ဖြစ်​ရမည်။ သူတို့သည် အရက်ယမကာ​သောက်သုံး​ရာ​၌ ချင့်ချိန်​တတ်​သူများ​ဖြစ်​ရမည်၊ ငွေ​ကို​တပ်မက်သော​သူ​မဖြစ်ရ၊ ကိုယ့်​ကိုယ်ကို​ချုပ်တည်း​နိုင်သော​သူ​ဖြစ်​ရမည်။ အလားတူ​စွာ ဓမ္မ​အမှုထမ်းများ​အဖြစ် ခန့်အပ်​ခံရ​ရန် တက်လှမ်း​သူတို့​အတွက်​လည်း မြင့်မားသော​စံနှုန်း​များ​ကို ချမှတ်​ထား​သည်။—၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၅-၉

၁၁။ အသင်းတော်​ဆိုင်ရာ​တာဝန်​ကို တက်လှမ်း​နေ​သူ​အမျိုးသားများ ပြည့်မီ​ရမည့် အရည်အချင်း​အချို့​ကား အဘယ်နည်း။

၁၁ ယေဟောဝါ​ဝတ်ပြုမှု​တွင် ဦးဆောင်​သူတို့သည် ခရစ်ယာန်​ပြုမူ​နေထိုင်ပုံ​တွင် ပုံသက်သေ​ဖြစ်​ရမည်​ဖြစ်​ကြောင်း ဤ​အရည်အချင်းများ​သုံးသပ်ချက်​က ဖော်ပြ​သည်။ အသင်းတော်​ဆိုင်ရာ​တာဝန်​များ​အတွက် တက်လှမ်း​သူများ​သည် သူတို့​အပေါ်​တွင် သန့်ရှင်းသော​ဝိညာဉ်​တော် လှုပ်ရှား​လုပ်ဆောင်​နေကြောင်း ထင်ရှား​ရမည်။ (၂ တိမောသေ ၁:၁၄) ဘုရားသခင့်​ဝိညာဉ်တော်သည် ဤ​သူများ​၌ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်းမြတ်​ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း” တို့ကို သီးပွင့်​စေခြင်း​အားဖြင့် ထင်ရှား​ရမည်။ (ဂလာတိ ၅:၂၂၊ ၂၃က​ဘ) ထိုသို့​သော​အသီးအပွင့်​သည် ယုံကြည်သူချင်း​များ၊ အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် ပေါ်လွင်​ပါ​လိမ့်​မည်။ တချို့​သည် ဝိညာဉ်​အသီး​တချို့​ကို​ဖော်ပြ​ရာ​၌ အထူး​ကောင်းမွန်​မည်​ဖြစ်သော်လည်း အခြားသူများ​မူ ကြီးကြပ်မှူး​များ​အတွက် အခြား​အရည်အချင်းများ​ကို သာလွန်​ကောင်းမွန်သော အတိုင်းအတာ​အထိ ပြည့်မီ​ကောင်း​ပြည့်မီ​ကြ​ပေမည်။ သို့ရာတွင် ကြီးကြပ်မှူး​များ သို့​မဟုတ် ဓမ္မ​အမှုထမ်းများ​အဖြစ် ခန့်အပ်​ခံရ​ရန် မျှော်လင့်​သူအား​လုံး​သည် သူတို့၏​ဘဝ​ပုံစံ​တစ်ခုလုံး​၌ ဝိညာဉ်​ရေး​အမျိုးသားများ​ဖြစ်​ကြောင်း၊ ဘုရားသခင့်​စကားတော်​တောင်းဆိုချက်​များ​ကို ပြည့်မီ​ကြောင်း ဖော်ပြ​သင့်​သည်။

၁၂။ မည်သူ​များသည် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​ခန့်အပ်​ခြင်း​ခံရ​သည်​ဟု ဆိုနိုင်​သနည်း။

၁၂ ပေါလု​က သူ့​အား​တုပ​ကြ​ရန် အခြား​သူများကို​တိုက်တွန်း​သောအခါ ‘ခြေရာ​ကို အနီးကပ်​လျှောက်လိုက်​စေရန် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ထား​တော်​မူ’ သော​ယေရှုကို သူ​ကိုယ်နှိုက်​တုပ​ခဲ့​သောကြောင့် လွတ်လပ်​စွာ​ပြောဆို​နိုင်​ခဲ့​သည်။ (၁ ပေတရု ၂:၂၁; ၁ ကောရိန္သု ၁၁:၁) ထို့​ကြောင့် ကြီးကြပ်မှူး​များ သို့​မဟုတ် ဓမ္မ​အမှုထမ်းများ​အဖြစ် ၎င်း​တို့​ခန့်အပ်​ခံရ​ချိန်​တွင် ကျမ်းစာ​ဆိုင်ရာ​တောင်းဆိုချက်​များ​ကို ပြည့်မီ​သူတို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​မှ ခန့်အပ်​ခံရ​သည်​ဟု​ဆို​ရခြင်း​ဖြစ်သည်။

၁၃။ အသင်းတော်တွင် အမှုထမ်း​ရန် အမျိုးသားများ​အား ထောက်ခံမှု​များ​ပြုသူ​တို့ကို သန့်ရှင်းသော​ဝိညာဉ်​တော်​က မည်သို့​ကူညီ​သနည်း။

၁၃ ကြီးကြပ်မှူး​များ​ဆိုင်ရာ ထောက်ခံ​ခြင်း​နှင့် ခန့်အပ်​မှု​တို့​တွင် သန့်ရှင်းသော​ဝိညာဉ်​တော် မည်သို့​လုပ်ဆောင်​ကြောင်းကို​ဖော်ပြ​သော နောက်ထပ်​အကြောင်း​တစ်ခု​ရှိသည်။ ‘ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​သည်’ ဟု​ယေရှု​မိန့်ဆိုခဲ့​၏။ (လုကာ ၁၁:၁၃) ထို့​ကြောင့် ဒေသခံ​အသင်းတော်​ရှိ​အကြီးအကဲ​များသည် အသင်းတော်​ဆိုင်ရာ​တာဝန်​အတွက် အမျိုးသားများ​ကို​ထောက်ခံ​ရန် တွေ့ဆုံ​သောအခါ သူတို့ကို​လမ်းညွှန်​ရန် ဘုရားသခင့်​ဝိညာဉ်​တော်​အတွက် သူတို့​ဆုတောင်း​ကြသည်။ သူတို့သည် သူတို့၏​ထောက်ခံချက်​များ​ကို ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​တွင် ဖော်ပြ​ထား​သည့်​အချက်​ပေါ် အခြေခံ​ကြ​ပြီး ခန့်အပ်​မှု​အတွက် သုံးသပ်​ခံရ​သူ​တစ်ဦး​သည် ကျမ်းစာ​ဆိုင်ရာ​တောင်းဆိုချက်​များ​ကို ပြည့်မီ​မမီ သန့်ရှင်းသော​ဝိညာဉ်​တော်​က ပိုင်းခြား​သိမြင်​စေ​၏။ ထောက်ခံချက်​များ​ပြုသူ​တို့သည် အပြင်ပန်း​အသွင်အပြင်၊ ပညာရေး​ဆိုင်ရာ​တတ်ကျွမ်း​အောင်မြင်မှု​များ သို့​မဟုတ် ပင်ကို​အရည်အသွေးများ​၏ မ​အပ်​မ​ရာ​သြဇာ​လွှမ်းမိုးမှုကို မခံကြ​ချေ။ သူတို့​အဓိက​အာရုံစိုက်​သည့်​အရာ​မှာ ထို​သူသည် ဝိညာဉ်​ရေး​လူ​ဟုတ်မဟုတ်၊ အသင်းတော်​သား​တစ်ဦး​သည် ဝိညာဉ်​ရေး​အကြံဉာဏ်​အတွက် ချဉ်းကပ်​ရန်​မတွန့်​ဆုတ်​မည့်​သူ ဟုတ်မဟုတ်​ဖြစ်သည်။

၁၄။ တမန်​တော် ၆:၁-၃ မှ​အဘယ်အရာ​သိရှိ​ရသနည်း။

၁၄ အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​အဖြစ် ထမ်းဆောင်​ရန် ညီအစ်ကို​များ​ကို​ထောက်ခံ​ရာ​၌ နယ်လှည့်​ကြီးကြပ်မှူး​များနှင့်​အတူ အကြီးအကဲအဖွဲ့​များ​ပါဝင်​သော်လည်း အမှန်တကယ်​ခန့်အပ်​မှုများ​ကို ပထမ​ရာစု​တွင် ချမှတ်​ထားသော​ပုံစံ​နှင့်​အညီ ပြုလုပ်​ကြသည်။ တစ်ကြိမ်​တွင် အရေးကြီးသော​တာဝန်​တစ်ခု​ကို ထမ်းဆောင်​ရန် ဝိညာဉ်​ရေး​အရ​အရည်အချင်း​ပြည့်မီ​သော​အမျိုးသားများ လိုအပ်​ခဲ့​သည်။ အုပ်ချုပ်ရေး​အဖွဲ့က အောက်ပါ​ညွှန်ကြားချက်​ကို ပေး​ခဲ့​သည်“ညီအစ်ကို​တို့၊ ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ပညာ​နှင့်​လည်းကောင်း​ပြည့်စုံ​လျက် အသရေရှိသော​လူ​ခု​နစ်​ယောက်​တို့ကို သင်တို့တွင်​ရှာ​ကြလော့။ ဤ​အမှုကို​ဆောင်ရွက်​စေခြင်း​ငှာ ထို​သူတို့ကို ငါ​တို့သည်​ခန့်​ထား​ကြ​မည်။” (တမန်​တော် ၆:၁-၃) တာဝန်​ရှိသော​အမျိုးသားများ​က ထောက်ခံမှု​များ​ပြုလုပ်​ကြသော်လည်း ခန့်အပ်​မှုများ​ကို​မူ ယေရုရှလင်​မြို့ရှိ တာဝန်​ရှိ​အမျိုးသားများ​က ပြုလုပ်​ကြသည်။ အလားတူ​ပုံစံ​ကို ယနေ့​လိုက်လျှောက်​ကြသည်။

၁၅။ အုပ်ချုပ်ရေး​အဖွဲ့​သည် အမျိုးသားများ​ခန့်အပ်​ခြင်း​ကိစ္စ​တွင် မည်သို့​ပါဝင်​ပတ်သက်​သနည်း။

၁၅ ယေဟောဝါသက်သေ​များ​၏​အုပ်ချုပ်ရေး​အဖွဲ့​သည် ဌာနခွဲ​ကော်မတီဝင်​အားလုံး​ကို တိုက်ရိုက်​ခန့်အပ်​ကြသည်။ ထိုသို့​သော​ကြီး​လေး​သည့်​တာဝန်​ကို မည်သူ​အား​ထမ်းဆောင်​စေမည်​ကို ဆုံးဖြတ်​သောအခါ အုပ်ချုပ်ရေး​အဖွဲ့​သည် ယေရှု၏ ဤ​ဖော်ပြချက်​ကို သတိရ​ကြသည်“အကြင်သူသည် များစွာသော​ကျေးဇူး​ကို​ခံ​၏၊ ထို​သူသည်​အများ​ကို​ဆပ်​ရ၏။ အ​ကြင်​သူ၌ များစွာသော​ဥစ္စာ​ကို​အပ်နှင်း​၏၊ ထို​သူကို​များစွာ​တောင်း​လိမ့်​မည်။” (လုကာ ၁၂:၄၈) ဌာနခွဲ​ကော်မတီဝင်​များ​ခန့်အပ်​ခြင်း​အပြင် အုပ်ချုပ်ရေး​အဖွဲ့​သည် ဗေသလ​အကြီးအကဲ​များနှင့် နယ်လှည့်​ကြီးကြပ်မှူး​များ​ကိုလည်း ခန့်အပ်​ကြသည်။ သို့ရာတွင် တချို့သော​ခန့်အပ်​ချက်​များ​ပြု​ရာ​၌ သူတို့​အစား​လုပ်ဆောင်ပေး​ရန် ယုံကြည်​စိတ်ချ​ထိုက်​သော​ညီအစ်ကို​များ​ကို တာဝန်​ပေးအပ်​ကြသည်။ ဤ​အတွက်​လည်း ကျမ်းစာ​ဆိုင်ရာ​ထုံးတမ်း​စဉ်​လာ​ရှိပါ​သည်။

‘သင့်ကို​မှာ​ထား​နှင့်​ခဲ့​သည်​အတိုင်း ခန့်အပ်​မှုများ​ပြု​လော့’

၁၆။ ပေါလု​သည် ကရေတေ​ကျွန်း​၌ တိတု​ကို အဘယ်ကြောင့် ထားခဲ့​သနည်း၊ ယင်းက ယနေ့​သီအိုကရက်တစ်​ခန့်အပ်​မှုများ​နှင့်​စပ်လျဉ်း၍ အဘယ်အရာကို ဖော်ပြ​သနည်း။

၁၆ ပေါလု​က သူ၏​လုပ်ဖော်ဆောင်ဖက် တိတု​ကို ဤသို့​ပြော​ခဲ့​သည်“ငါသည် သင့်ကို​မှာ​ထား​နှင့်​ခဲ့​သည်​အတိုင်း၊ ကရေတေ​ကျွန်း​၌ မစုံလင်​သမျှ​တို့ကို​ပြင်ဆင်​၍၊ မြို့ရွာ​များ​၌ သင်း​အုပ်​တို့ကို​ခန့်​ထား​စေခြင်း​ငှာ၊ ထို​ကျွန်း​၌ သင့်ကို​ငါ​ထားခဲ့​သတည်း။” (တိတု ၁:၅) ထို့နောက် ပေါလု​သည် ထိုသို့​သော​ခန့်အပ်​မှုများ​အတွက် အရည်အချင်း​ပြည့်မီ​မည့်​အမျိုးသားများ​၌ တိတု​ကြည့်ရှု​ရမည့် အရည်အချင်းများ​ကို ဖော်ပြ​ခဲ့​သည်။ ထို့​ကြောင့် ယနေ့​အုပ်ချုပ်ရေး​အဖွဲ့​သည် အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​ကို ခန့်အပ်​ချက်​များ​ပြု​ရာ​၌ ၎င်းကို​ကိုယ်စား​ပြု​ရန် ဌာနခွဲ​များ​တွင် အရည်အချင်း​ပြည့်မီ​သော​ညီအစ်ကို​များ​ကို ခန့်အပ်​သည်။ အုပ်ချုပ်ရေး​အဖွဲ့​အစား ကိုယ်စား​ပြု​ဆောင်ရွက်​ရသူ​တို့သည် ထိုသို့​သော​ခန့်အပ်​မှုများ​ပြုခြင်း​အတွက် ကျမ်းစာ​ဆိုင်ရာ လမ်းညွှန်ချက်များ​ကို ရှင်းရှင်းလင်းလင်း​နားလည်​ပြီး လိုက်လျှောက်​ကြောင်း ဂရုစိုက်​ကြ​ရသည်။ ထို့​ကြောင့် ယင်းသည် အရည်အချင်း​ပြည့်မီ​သော​အမျိုးသားများ​ကို ကမ္ဘာချီ​ယေဟောဝါသက်သေ​များ​၏​အသင်းတော်များ​၌ အမှုထမ်း​ရန်​ခန့်အပ်​ခြင်း​သည် အုပ်ချုပ်ရေး​အဖွဲ့​၏​ညွှန်ကြားမှု​အောက်တွင်​ဖြစ်သည်။

၁၇။ ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ခန့်အပ်​မှု​အတွက် ထောက်ခံမှု​များ​ကို ဌာနခွဲရုံး​က မည်သို့​ကိုင်တွယ်​သနည်း။

၁၇ ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ခန့်အပ်​မှုများ​အတွက် ထောက်ခံချက်​များ​ကို ကင်းမျှော်စင်​အသင်း​၏​ဌာနခွဲရုံး​တစ်ခု​သို့ အဆို​တင်သွင်း​သောအခါ အတွေ့အကြုံ​ရှိသော​အမျိုးသားများသည် ခန့်အပ်​မှုများ​ပြု​ရာ​၌ လမ်းညွှန်မှု​အတွက် ဘုရားသခင့်​ဝိညာဉ်​တော်​ကို အားထားကြ​သည်။ ဤ​အမျိုးသားများသည် စာရင်း​ရှင်း​ရမည်ကို​သိရှိ​ကြ​ကာ မည်သည့်​အမျိုးသား​တစ်ဦး​အပေါ်​တွင်​မှ အလျင်အမြန်​လက်တင်​ခြင်း​ကို မပြု​ကြ​ရ​ကြောင်းကို သိရှိ​ကြသည်၊ သို့​မဟုတ်လျှင် သူ၏​အပြစ်​၌​ပါဝင်​သွား​မည်။—၁ တိမောသေ ၅:၂၂။’

၁၈၊ ၁၉။ (က) တစ်စုံတစ်ရာ​သော​ခန့်အပ်​မှုများ​ကို မည်သို့​ပို့ပေး​သနည်း။ (ခ) ထောက်ခံမှု​နှင့် ခန့်အပ်​မှု​ဖြစ်​စဉ်​တစ်ခုလုံး​ကို မည်သို့​ဆောင်ရွက်​သနည်း။

၁၈ တစ်စုံတစ်ရာ​သော​ခန့်အပ်​မှုများ​ကို တရားဝင်​အသုံးခံ​ကိရိယာ​မှ ရုံး​တံဆိပ်​ပါ​သော​စာ​တစ်စောင်​ဖြင့် ပို့ပေး​ပေမည်။ ထိုသို့​သော​စာ​တစ်စောင်​ကို အသင်းတော်​ရှိ ညီအစ်ကို​တစ်ဦး​ထက်မက ခန့်အပ်​ရန် အသုံးပြု​ပေမည်။

၁၉ သီအိုကရက်တစ်​ခန့်အပ်​မှုများ​သည် ကိုယ်တော့်​သားတော်​နှင့် ဘုရားသခင့်​မျက်မြင်ရ မြေကြီးဆိုင်ရာ​လမ်းကြောင်း​ဖြစ်သော ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ နှင့် ယင်း​၏​အုပ်ချုပ်ရေး​အဖွဲ့​ထံ​မှ လာ​သည်။ (မဿဲ ၂၄:၄၅-၄၇) ထိုသို့​သော​ထောက်ခံမှု​နှင့် ခန့်အပ်​မှု​တစ်ခုလုံး​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​က ညွှန်ကြား သို့​မဟုတ် လမ်းညွှန်​သည်။ ယင်း​သို့​ဖြစ်​ရခြင်း​အကြောင်း​မှာ အရည်အချင်းများ​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် မှုတ်သွင်းခံ​ရသော ဘုရားသခင့်​စကားတော်​တွင် ဖော်ပြ​ထား​၍​လည်းကောင်း၊ ခန့်အပ်​ခံရ​သူသည် ထို​ဝိညာဉ်​တော်​၏​သီးပွင့်​မှု​ကို​ခံရ​ကြောင်း အထောက်အထား​ရှိသောကြောင့်​ဖြစ်သည်။ ထို့​ကြောင့် ခန့်အပ်​မှုများ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ပြုလုပ်ခြင်း​ဖြစ်သည်ဟု ယူမှတ်​ရ၏။ ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ကို ပထမ​ရာစု​တွင် သီအိုကရက်တစ်​နည်းလမ်း​အရ ခန့်အပ်​ခဲ့​သကဲ့သို့ ယနေ့လည်း အလားတူ​ပြုလုပ်​ကြသည်။

ယေဟောဝါ​၏​လမ်းညွှန်မှု​အတွက် ကျေးဇူး​တင်​ရှိ​ခြင်း

၂၀။ ဆာလံ ၁၃၃:၁ တွင်​မှတ်တမ်း​တင်ထားသော ဒါဝိဒ်​၏​ခံစားချက်​တွင် ကျွန်ုပ်​တို့​အဘယ်ကြောင့် ပါဝင်​ကြ​သနည်း။

၂၀ ဝိညာဉ်​ရေး​ကြွယ်ဝ​ကာ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​တွင် သီအိုကရက်တစ်​တိုးပွား​သည့် ဤ​ကာလ​တွင် ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ခန့်အပ်​မှု​အတွက် ယေဟောဝါ​သည် အဓိက​တာဝန်​ရှိသည့်​အရှင်ဖြစ်​သည့်​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြသည်။ ဤ​ကျမ်းစာ​ဆိုင်ရာ​အစီအစဉ်​က ယေဟောဝါသက်သေ​များ​အဖြစ် ဘုရားသခင်​၏ မြင့်မားသော​ဖြောင့်မတ်ခြင်း​စံနှုန်း​များ​ကို ထိန်းသိမ်း​ရန် ကူညီပေး​သည်။ ထို့​အပြင် ဤ​အမျိုးသားများ​၏ ခရစ်ယာန်​စိတ်ဓာတ်​နှင့် ထက်သန်​သော​ကြိုးပမ်းမှု​များသည် ယေဟောဝါ​၏​ကျေးကျွန်​များ​အဖြစ် ကျွန်ုပ်​တို့၏​ထူးမြတ်​သော ငြိမ်သက်မှု​နှင့် စည်းလုံးမှု​ကို အကြီးအကျယ်​ဖြစ်ထွန်း​စေ​ကြသည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဆာလံဆရာ​ဒါဝိဒ်​နည်းတူ ဤသို့​ကြွေးကြော်​ရန် လှုံ့ဆော်​ခံရ​သည်“ညီအစ်ကို​တို့သည် သဘောတူ​လျက် ပေါင်းဖော်​ကြသည်​အရာ​မှာ အလွန်​ကောင်း​ပေ​၏။ အလွန်​တင့်တယ်​လျောက်ပတ်​ပေ​၏။”—ဆာလံ ၁၃၃:၁

၂၁။ ဟေရှာယ ၆၀:၁၇ သည် ယနေ့​မည်သို့​ပြည့်စုံ​နေသနည်း။

၂၁ ကိုယ်တော့်​စကားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့်​ပေး​သော ယေဟောဝါ​၏​ညွှန်ကြားမှု​အတွက် ကျွန်ုပ်​တို့​မည်မျှ​ကျေးဇူး​တင်​ကြသည်​တကား! အမှန်ပင် ဟေရှာယ ၆၀:၁၇ တွင်​မှတ်တမ်း​တင်ထားသော ဤ​စကား​များသည် အဓိပ္ပာယ်​ပြည့်ဝ​လှ​ပေ​၏“ကြေးဝါ​အရာ​၌​ရွှေ​ကိုလည်း​ကောင်း၊ သံ​အရာ​၌​ငွေ​ကိုလည်း​ကောင်း၊ သစ်သား​အရာ​၌​ကြေးဝါ​ကိုလည်း​ကောင်း၊ ကျောက်​အရာ​၌​သံ​ကိုလည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အရာရှိ​တို့ကို ငြိမ်သက်​သော​သဘော၊ အခွန်ခံတို့​ကို ဖြောင့်မတ်​သော​သဘော​နှင့် ပြည့်စုံ​စေမည်။” သီအိုကရက်တစ်​လုပ်ထုံး​လုပ်​နည်း​များသည် ယေဟောဝါသက်သေ​များ​အလယ်တွင် သာ၍​ပြည့်ဝ​စွာ တိုးတက်​ပေါ်လွင်​လျက်​ရှိသည်​နှင့်​အမျှ ဘုရားသခင့်​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​တစ်ရပ်လုံး​တွင် ဤ​ကောင်းချီး​ရသော​အခြေအနေ​များ​ကို တွေ့ကြုံ​ခံစား​ခဲ့​ကြသည်။

၂၂။ အဘယ်အရာ​အတွက် ကျွန်ုပ်​တို့​အမှန်ပင်​ကျေးဇူး​တင်​ကြ​သနည်း၊ အဘယ်အရာ​လုပ်ဆောင်ရန် ကျွန်ုပ်​တို့​သန္နိ​ဋ္ဌာန်​ချ​သင့်​သနည်း။

၂၂ ကျွန်ုပ်​တို့​အလယ်​၌​ချထား​သော သီအိုကရက်တစ်​အစီအစဉ်များ​အတွက် ကျွန်ုပ်​တို့​အလွန်​ကျေးဇူး​တင်​ကြ​၏။ ထို့​ပြင် သီအိုကရက်တစ်​နည်းလမ်း​အရ ခန့်အပ်​ခံရ​သော ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​၏ ခက်ခဲ​သော်လည်း ကျေနပ်ဖွယ်​ကောင်းသော​လုပ်ဆောင်မှုများ​ကို ကျွန်ုပ်​တို့​အလွန်​လေးမြတ်​ကြသည်။ ကျွန်ုပ်​တို့အား ဝိညာဉ်​ရေး​ကြွယ်ဝမှု​ကို​ပေး​ပြီး ကြွယ်ဝ​စွာ​ကောင်းချီး​ပေး​သည့် မေတ္တာပြည့်​ဝ​သော​ကောင်းကင်​ခမည်းတော်​ကို စိတ်နှလုံး​အပြည့် ချီးမွမ်း​ထောမနာပြု​ကြသည်။ (သု. ၁၀:၂၂) ထို့​ကြောင့် ယေဟောဝါ​၏​အဖွဲ့အစည်း​နှင့်အတူ ဆက်လက်​လျှောက်လှမ်း​ရန် စိတ်ပိုင်းဖြတ်​ထား​ကြ​စို့။ ထို့​ထက်​ကား ယေဟောဝါ​၏​ကြီးမြတ်မှု​နှင့် သန့်ရှင်းသော​နာမတော်​ကို ဂုဏ်တင်​ချီးမွမ်း​ရန် အတူတကွ​စည်းလုံးစွာ ဆက်လက်​အမှုဆောင်​ကြ​စို့။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်း​ခန့်အပ်​မှုများ​သည် ဒီမိုကရက်တစ်​မဟုတ်ဘဲ သီအိုကရက်တစ်​ဖြစ်သည်ဟု ကျွန်ုပ်​တို့​အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

• တာဝန်​ရှိ​ခရစ်ယာန်​အမျိုးသားများ​ကို သန့်ရှင်းသော​ဝိညာဉ်​တော်​က မည်သို့​ခန့်အပ်​သနည်း။

• ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ ခန့်အပ်​မှု​တွင် အုပ်ချုပ်ရေး​အဖွဲ့ မည်သို့​ပါဝင်​ပတ်သက်​သနည်း။

• သီအိုကရက်တစ်​ခန့်အပ်​မှုများ​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် ကျေးဇူး​တင်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​သည် သီအိုကရက်တစ်​ခန့်အပ်​မှု​အားဖြင့် အမှုထမ်း​ရန် အခွင့်အရေး​ရရှိကြ